“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်းသုံးနဲ့လေး
“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်)
အပိုင်း သုံး နေရာဟောင်းဆီသို့အပြန်
ထမင်းဆိုင်ရောက်တော့ ဒေသထွက်ပင်လယ်စာရော တရုပ်အစားအစာရတဲ့ဆိုင်လေးဖြစ်နေပါတယ်။
မီးနူးကြည့်ပြီး အငယ်လေးမှာ မမ မှာ ဆိုပြီးလုပ်နေတော့ အနားမှာရပ်နေတဲ့ ကောင်မလေးကရီပါတယ်။
နောက်တော့ ပုစွန်မီးဖုတ်သုတ်တာကောင်းတယ်လို့ ကောင်မလေးကပြောပါတယ်။
ကျမက ပုစွန်သုပ်ရယ် အစိမ်းကြော် ရယ်တစ်ပွဲမှာလိုက်ပါတယ်။
နောက်ပင်လယ်စာ စားမယ်လုပ်တော့ အများကြီးဆိုကုန်မှာမဟုတ်ဘူးနော်လို့ ကျမက ပြောတော့ ဆိုင်က ကလေးမလေးက နှစ်ယောက်ထဲဆို ပွဲဝက်လုပ်ပေးမယ်ပြောတာနဲ့
ပြည်ကြီးငါး တစ်ပွဲ ကင်းမွန် သုတ်တစ်ပွဲမှာလိုက်ပါတယ်။
အဲဒီမှာ အငယ်လေးက “ မမ ကျနော်ဘီယာတစ်လုံးလောက်သောက်မယ်နော်”လို့ပြောတော့
ကျမက ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ဆိုင်က ကလေးမလေးကို သူက “ကျားစီးမယ်”လို့ပြောလိုက် ပါတယ်။
ထိုင်နေရင်း ကျမတို့နှစ်ယောက်သူ့အကြောင်းကိုယ်အကြောင်းပြောကြ
ခေတ္တဝေးကွာနေတဲ့ကိုယ့်မြို့အကြောင်းပြောကြ၊
အစောက ဓါတ်ပုံရိုက်တုံးက ဖီလင်တွေပြောလို့မှ မဝခင် ထမင်းတွေဟင်းတွေရောက်လာပါတယ်။
ထမင်းမစားခင်မှာ ကျမအတွက်တစ်သျှူးလေးတွေခေါက်ပေး၊
တူတွေကို ခွာပေး။
ကျမအတွက် သောက်ရေကို အဆင်သင့်ထည့်ပေး။
ထမင်းဟင်းတွေရောက်လာပြန်တော့လဲ ကျမကို ဂရုတစိုက်ထည့်ပေးနဲ့ ကြည်နူးပျော်ရွှင်စရာ
ထမင်းပွဲလေးဖြစ်ခဲ့ပါတယ်။
သူကတော့ ဘီယာလေးသောက်လိုက်အမြည်းစားလိုက်။
ဘီယာတစ်လုံးကုန်သွားတဲ့အခါ ထပ်ယူအုံးမလားလို့ကျမက မေးတဲ့အခါ
သူက ခေါင်းခါပြပါတယ်။
ထမင်းစားပြိး ပိုက်ဆံရှင်းတဲ့အခါ ဇွတ်လုပြီးရှင်းနေတော့
“လူမြင်မကောင်းဘူးနော်”ဆိုတဲ့ပုံစံနဲ့ မျက်မှောင်ကုတ်ပြမှ သူရပ်သွားပါတယ်။
ပိုက်ဆံရှင်းပြီးမှ “ညစာ မမ ကျွေးမယ် မနက်စာ ဘရိတ်ဖတ်စ်မင်းတာဝန်”လို့
ပြောမှ ပြုံးတော်မူပါတယ်။
ကျမတို့နှစ်ယောက်ထမင်းစားပြီးလို့ပြန်အထွက်မှာ သူ့သူငယ်ချင်းတွေဆီက ဖုန်းလာပါတယ်။
သူတို့ကမ်းခြေရောက်နေပြီ။
ကမ်းခြေက ဘုရားနားမှာရှိမယ်။ မီးပုံပွဲလုပ်မယ်။
မီးရှုးပန်းဖောက်မယ်။ စားစရာသောက်စရာလဲအပြည့်အစုံ။
အဲဒီကိုလာခဲ့ဘို့ပေါ့။
ကျမတို့နှစ်ယောက်လဲ မှောင်မဲမဲ ထဲမှာ စကားတပြောပြောနဲ့ လမ်းလျောက်လာခဲ့ကြပါတယ်။
ကမ်းခြေရောက်တော့ သူတို့ အဖွဲတွေက မီးရှုးပန်းတွေလွှတ်နေကြပါပြီ။
ကျမတို့လဲရောက်ရော ဝိုင်းနူတ်ဆက်ကြတာ ဆူညံလို့သွားပါတယ်။
နောက်တော့ အငယ်လေးက ကျမကို သူတို့အဖွဲတွေနဲ့ မိတ်ဆက်ပေးပါတယ်။
သူကတော့ မီးပန်းကို ဓါတ်ပုံရိုက်ဘို့ ထရိုင်ပေါ့ထောင်ပြီး အသင့်ပြင်နေပါတယ်။
ကျမကိုလဲ မီးရှူးပန်းတစ်ချောင်းလာပေးပါတယ်။ ပြီးတော့ သူလိုချင်တဲ့ပုံစံရအောင်ကျမကို ဟိုနားရပ်ပေး ဒီနားရပ်ပေးနဲ့မော်ဒယ်လုပ်ခို်င်းပါတော့တယ်။
မီးလုံးတစ်လုံးတက်သွားတို်င်းကလေးတွေလိုအော်ဟစ် လွတ်လပ်ပေါ့ပါးစွာပျော်ခဲ့ကြတဲ့ညပါဘဲ။
ညဉ့်နက်လေ ကမ်းခြေမှာ လူနည်းလေပါဘဲ။
ကျမတို့အဖွဲ့လဲ မီးပန်းတွေဖောက်လို်က်ကြ သောက်လိုက်စားလိုက်ကြစကားတွေပြောလိုက်ကြ အော်လိုက်ဟစ်လိုက်ကြနဲ့ လွတ်လပ်မူ့ကိုအပြည့်အဝခံစားခဲ့ကြရပါတယ်။
ကိုးနာရီခွဲခါနီးလောက်မှာတော့ မိုးလေးတဖွဲဖွဲကျလာပါတယ်။
ကျမတို့အဖွဲလဲ ဖိနပ်တွေချွတ်ပြီး ရေစပ်စပ်သောင်ပြင်မှာလမ်းလျောက်ပြန်လာခဲ့ကြပါတယ်။
အငယ်လေးက ကျမထီးရိပ်အောက်မှာ ခိုပြီး လိုက်လာပါတယ်။
သူတို့ထဲက ကောင်မလေးတစ်ယောက်က
“ ကြည့်စမ်း လင်းမြွေ တို့များကောင်းစားနေလိုက်တာ “ လို့ အငယ်လေးနဲ့ ကျမကို ကြည့်ပြီး
ပြောသံကြားတော့ ရှက်သွေးတွေဖျန်းကနဲထသွားပါတယ်။
ခက်ပါ့ ရင်ခုန်ရမယ့် အရွယ်မှ မဟုတ်တော့တာဘဲကွယ်။
ကမ်းခြေတစ်ခုလုံးကတော့ မှောင်မဲမဲ။
လပြည့်ခါနီးရက်ဖြစ်ပေမယ့် မိုးသားတွေကြောင့် ပင်လယ်ပြင်ကြီးကလဲ မှောင်မဲ။
နေ့လည်ကထက်ပိုပြီး ပြင်းထန်တဲ့ပင်လယ်လှိုင်းသံက တိတ်ဆိတ်တဲ့ညမှာ
တဝုန်းဝုန်းနဲ့ဆူညံနေပါတယ်။
ချောင်းသာ က လျှပ်စစ်မီး အချိန်ပြည့်မရ။
ညနေ(၇)နာရီကနေ(၉)နာရီထိဘဲပေးပါတယ်။
ဟိုတယ်ကြီးတွေကတော့ မီးစက်တွေနဲ့ မီးပေးပါတယ်။
ချောင်းသာရွာတစ်ရွာလုံးကတော့ မှောင်မဲမဲ။
ကျမတို့ကမ်းခြေကပြန်လာချိန်မှာတော့လမ်းပေါ်မှာ ကျမတို့ အဖွဲ့ဘဲရှိပါတော့တယ်၊
တည်းခိုခန်းပိုင်ရှင်ဦးလေးကြီးက” ပြန်လာကြပြီလား”လိို့နုတ်ဆက်ရင်း
ကျမတို့အတွက် LED မီးအိမ်လေးရယ် ခြင်ဆေးခွေတွေရယ်လာပေးပါတယ်။
မန်းလေးကလာတဲ့လူအဖို့ ချောင်းသာမှာခြင်ကိုက်တယ်ဆိုတာ
စာမဖွဲ့လောက်ပါဘူး။
အခန်းထဲမဝင်ခင် မနက်အာရုံတက်ဓါတ်ပုံသွားရိုက်မယ်လို့ ပြောတော့
ကျမက သွားမယ်လေ လို့ ပြောလိုက်ပါတယ်။
ဒါနဲ့ဘဲ ကျမလဲရေချိုးဘို့ပြင်ဆင်။
အဝတ်အစားလဲ ပြီးအိပ်မယ်လုပ်တော့ ည ဆယ့်တစ်နာရီထိုးနေပါပြီ၊။
နာရီကို မနက်လေးနာရီခွဲနိုးစက်ပေးထားပါတယ်။
အဲဒီအချိန် မိုးတွေက တဝေါဝေါနဲ့ရွာလာပြန်ပါတယ်။
ကျမကုတင်ပေါ်လဲရင်း အိပ်ပျော်ခါနီးအချိန်မှာ အခန်းတံခါးခေါက်သံလိုလိုကြားမိပေမယ့်
ကျမ မထတော့ပါဘူး။ အိပ်လဲအရမ်းအိပ်ချင်နေသလို ဘယ်သူနဲ့မှလဲ မတွေ့ချင်တော့တာအမှန်ပါဘဲ။
အပူတောက လာတဲ့ ကျမအဘို့ မိုးတွေရွာနေတဲ့ ချောင်းသာညက ချမ်းစိမ့်စိ်မ့်။
ခြုံစရာစောင်လဲမရှိ။
အဲတော့ တစ်ဘက်တစ်ထည်ကို ဘဲ ခြုံထားလိုက်ရပါတယ်။
ပင်ပန်းလွန်းတော့ ခဏအတွင်းမှာအိပ်ပျော်လို့သွားပါတယ်။
***************************************************
“ကတော် ကတော် ကတော် “
ကြက်အော်သံကြားလိုက်လို့ ကျမနိုးသွားပါတယ်။
ကျမဟန်းဖုန်းရဲ့ နိူးစက်က မြည်တဲ့အသံပါ။
မျက်နှာသစ် ကိုယ်လက်သန့်ရှင်း အဝတ်အစားလဲပြီး အခန်းတံခါးဖွင့်ချိန်မှာတော့
အငယ်လေး တစ်ယောက် ဝရန်တာကနေထွက်စောင့်လို့နေပါတယ်။
နာရီကြည့်လိုက်တော့ မနက်ငါးနာရီထိုးဘို့ မိနစ် ၂ဝ လိုပါသေးတယ်။
ကျမတို့နှစ်ယောက်တည်းခိုခန်းကနေထွက်ပြီး ကမ်းခြေကိုသွားကြပါတယ်။
မနေ့ကဓါတ်ပုံရိုက်ခဲ့တဲ့ ဘုရားနားဘဲသွားမယ်ဆိုသွားကြပါတယ်။
“ မမ မနေ့ညက မချမ်းဘူးလား ၊
မိုးအေးအေးနဲ့ချမ်းနေမှာဘဲလို့တွေးမိတာနဲ့
ဦးလေးကြီးဆီကနေ စောင်တောင်းပြီး မမ ကိုလာပေးသေးတယ်
အခန်း တံခါးခေါက်ကြည့်တော့ အသံမကြားတာနဲ့ အိပ် နေပြီဆိုပြီး
ဆက်မခေါ်တော့တာ”လို့ ပြောသံအကြား လေမတိုက်ပါဘဲ ရင်ထဲမှာစိမ့်အေးလို့သွားပါတယ်။ ကျမကိုအဲလိုဂရုတစိုက်နဲ့ စောင့်ရှောက်မယ့်သူနဲ့ဝေးနေတာကြာပြီလေ။
တည်းခိုခန်းဝရန်တာက ကြည့်တုံးက ကောင်းကင်မှာ လပြည့်ဝန်းကြီးကပြည့်ပြည့်ဝ၀။
ကျမတို့လဲကမ်းခြေရောက်ရော လမင်းက မိုးတိမ်အောက်ကို ပုန်းကွယ်လို့သွားပါတယ်။
ကမ်းခြေတစ်ခုလုံး မှာအမှောင်လွမ်းနေသလိုလိုရှိနေပေမယ့် အပြာရောင်နုရောင်လေးတော့ သမ်းနေပါတယ်။
ကျမတိုု့ရိုက်ချင်တဲ့ ပင်လယ်နဲ့လမင်းကတော့ မရနို်င်တော့ပါဘူး။
မနက်ခင်းရဲ့လှိုင်းပုတ်သံက ညကထက်စာရင်နည်းနည်းပျော့သလို ရေလည်းနည်းနေသလိုပါဘဲ။
ဘုရားအရှေ့ဘက်တည့်တည့်မှာကျောက်ဆောင်ကြီးတွေကို မြင်နေရပါတယ်။
မနေ့ညနေကတော့ ဒီကျောက်ဆောင်တွေကို ရေတွေကလွှမ်းထားလို့ မမြင်ခဲ့ရ။
အခုမှ တကယ့်ကျောက်ဆောင်အကြီးကြီးဆိုတာသိရတော့တယ်။
ကျမက အဲဒီကျောက်ဆောင်ပေါ်တက်မယ်အလုပ်
“ မတက်နဲ့ ချော်ကျလိမ့်မယ်”ဆိုပြီး ကျမလက်ကို ဆွဲထားပါတယ်။
ဒါနဲ့ဘဲ ကမ်းခြေအတိုင်းလမ်းလျောက်လာခဲ့ကြပါတယ်။
ကျမလက်ကလေးကို သူလွှတ်မပေးဘဲ ဆက်ကိုင်ထားပေမယ့် ကျမလဲမရုန်းမိ။ ဒါပေမယ့် ပူလောင်သောတပ်မက်စိတ်မရှိ အေးငြိမ်းနေတာကတော့အမှန်ပါဘဲ။
လိူင်းပုတ်သံရယ် ငါးဖမ်းထွက်တော့မယ့်စက်လှေတွေရဲ့စက်သံရယ်
ကလွဲရင် ကမ်းခြေတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။
ကျမတို့လမ်းလျောက်နေတုန်းမှာဘဲ ကောင်းကင်ကအရောင်စုံပြောင်းလို့လာပြန်ပါတယ်။
လှပစုံလင်တဲ့ အရောင်တွေကပင်လယ်ပြင်ပေါ်မှာရောင်စုံဖြန်းပက်ထားပုံက လှပသော အရောင်စုံကော်ဇောတစ်ချပ်ကို ခင်းထားသလိုပါဘဲ။ အဲတော့ ကျမတို့ နှစ်ယောက် ကင်မရာကိုယ်စီနဲ့အလုပ်တွေရှုပ်ကြပါတော့တယ်။
ကျမတို့နှစ်ယောက်ကမ်းခြေမှာလမ်းလျောက်ပြီးဓါတ်ပုံရိုက်နေတုန်းမှာဘဲ ကမ်းခြေမှာ
တစထက်တစ လူစည်ကားလို့လာပါတယ်။
ကျမတို့နှစ်ယောက်လဲ ဓါတ်ပုံရိုက်လို့ ဝတော့ မှ ဗိုက်ဆာရကောင်းမှန်းသိလာပါတယ်၊
ကျမတို့ရောက်နေတာ ကမ်းခြေရဲ့ ညာဘက်ခြမ်း စားသောက်ဆိုင်တွေရှိတာက ကမ်းခြေရဲ့ဘယ်ဘက်ခြမ်း။
အဲဒါနဲ့ ကျမတို့ရောက်တဲ့နေရာနဲ့ နီးတဲ့ လက်ဖက်ရည်ဆိုင်လေးထဲကိုဝင်လိုက်ကြပါတယ်။
ဧည့်သည်ပါးတဲ့ရာသီမို့ ဆိုင်လေးမှာစားစရာဘာမှမရှိ။
ယမ်ယမ်ခေါက်ဆွဲခြောက်နဲ့ ကော်ဖီမစ်ဘဲရပါတယ်။
ဗိုက်ဆာနေတော့လဲ ဘာဘာညာညာမရွေးနို်င်ရှိတာဘဲစားကြရပါတယ်။
ကျမတို့စားသောက်နေတုန်း သူ့သူငယ်ချင်းတွေဆီက ဖုန်းလာပါတယ်။
သူတို့ကျောက်မောင်နှမကို သွားမယ် ကျမတို့ လိုက် မလိုက်ပေါ့။
သူက မမ လိုက်မှာလား မေးတော့ ခေါင်းခါပြလိုက်ပါတယ်။
ကျမ ဆယ်နာရီကားနဲ့ပြန်မှာဆိုတော့ သိပ်အဝေးကြီး မသွားချင်တော့ပါဘူး။
ကျမ ကင်မရာဓါတ်ခဲကုန်ခါနီးနေပါပြီ။
ကျမက ဈေးသည်လေးတွေကို ဓါတ်ပုံရိုက်ချင်ပါသေးတယ်။
ကျောက်မောင်နှမသွားမယ်ဆိုရင် အနည်းဆုံးအချိန်တစ်နာရီလောက်တော့ကုန်မှာပါ။
အခုကို ခုနှစ်နာရီခွဲနေပါပြီ။
အဲတော့ အခုစားသောက်ပြီးရင်ကမ်းခြေမှာ ဓါတ်ပုံရိုက်။
ကိုးနာရီထိုးရင် တည်းခိုခန်းပြန် ရေချုးိပြီး ပြန်ဘို့ ပြင်ရမှာပါ။
ဒါကြောင့် မလိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်တာပါ။
အငယ်လေးတို့က နေ့လည် (၁၂)နာရီကားနဲ့ပြန်မှာဆိုတော့ အချိန်ရပါသေးတယ်။
ကျမက ပုသိမ်ပြန်ပြီး ကိုတင့်နဲ့ ဘုရားဖူးရအုံးမှာဆိုတော့စောပြန်မှ ဖြစ်မှာပါ။
“အငယ်လေး လိုက်ချင် လိုက်သွားလေ သူငယ်ချင်းတွေနဲ့ အတူလာပြီး မမ နားဘဲကပ်နေလို့
ပြောစရာဖြစ်နေအုံးမယ်”
“မလိုက်တော့ပါဘူး မမရာ။ မမနဲ့ကျနော်က ဝါသနာတူချင်းဆိုတော့
မမနဲ့ကမှ ကျနော်အဖော်ရသေးတယ် သူတို့ စုံတွဲတွေကြားထဲမှာ
ကျနော်က လွတ်ပြီး ငေါင်နေတာ”လို့ပြောပါတယ်။
သူက ကျောက်မောင်နှမ မလိုက်တော့ဘူး၊
ပြန်လာရင်သူကမ်းခြေမှာရှိနေမယ်လို့ ပြန်ပြောလိုက်ပါတယ်။
“သူတို့ကလဲ ကျနော်ပါရင် မလွတ်လပ်ဘူး ဖြစ်နေမှာ”လို့ပြောပါတယ်။
အငယ်လေးနဲ့ ကောင်လေးတွေက သိပ်မခင်ဘူး။
ကောင်မလေးနှစ်ယောက်က အငယ်လေးနဲ့ကျောင်းနေဘက်တွေ
ကုမ္မဏီတစ်ခုထဲမှာ အလုပ်လုပ်တော့မှပြန်ဆုံတာ။
အခုအငယ်လေးက ချောင်းသာသွားမယ်ဆိုတော့သူတို့စုံတွဲတွေကလဲ
လိုက်မယ်ဆို ပါလာကြတယ်လို့ ရှင်းပြနေပါတယ်။
အငယ်လေး မပြောဘဲသိလိုက်တာကတော့သူတို့စုံတွဲတွေက
လက်မထပ်ရသေးဘူးဆိုတာကိုပါ။
ဒါနဲ့ဘဲစားသောက်ပြီး ကမ်းခြေကိုပြန်ဆင်း ဈေးသည်လေးတွေကို
ဓါတ်ပုံလိုက်ရိုက်ကြပါတယ်။
ဂဏန်းကောင်အရှင်လွှတ်ဘို့လိုက်ရောင်းတဲ့ကလေးတွေကတော့အများကြီး။
ခရုပုတီးနဲ့ အုန်းလက်ခမောက်ရောင်းတဲ့ ကောင်မလေးတွေကလဲ နေရာအနှံ့မှာတွေ့ရပါတယ်။
ဓါတ်ပုံဆရာသုံးလေးယောက်လဲ ကမ်းခြေမှာလမ်းလျောက်နေတာကိုတွေ့ရပါတယ်။ စိတ်မကောင်းစရာတစ်ခုက အခုခေတ်မှာ ဟန်းဖုန်းကလဲ ဓါတ်ပုံရိုက်လု့ိရ တက်ဘလက်ကလဲ ဓါတ်ပုံရိုက်လို့ရ အိမ်သုံးကင်မရာလေးတွေကလဲဈေး ပေါမှပေါ ဆိုတော့ ဓါတ်ပုံဆရာတွေဆီမှာဓါတ်ပုံရိုက်သူနည်းသွားပါတယ်။
ဇွဲအရမ်း ကောင်းတဲ့သူတွေကတော့ ပုစွန် တို့ ပြည်ကြီးငါးတို့ ကင်းမွန်တို့ ကို ကင်ရောင်းတဲ့အသယ်တွေပါ.။
သွားလေရာကို တကောက်ကောက်လိုက်ပြီး မဝယ်မချင်းလိုက်ရောင်းနေတာပါ။
နောက်မှဝယ်မယ်အခုဓါတ်ပုံရိုက်အုံးမယ်ဆိုတာတောင်မှ ပြီးရင်ဝယ်နော်ဆိုပြီး စာချု့ပ်သွားပါသေးတယ်။
ဒါနဲ့ဘဲ ကမ်းခြေကို နောက်တစ်ခေါက်ထပ်ဆင်း ပြီး အစုန်အဆန်ဓါတ်ပုံရို်က်ကြပါတယ်။
ကျမဓါတ်ပုံရိုက်နေတုန်းမှာဘဲ အငယ်လေးပျောက်သွားပါတယ်။
ခဏနေတော့ “မမရေ………………..” လို့အော်သံကြားလိုက်ကြည့်လိုက်တော့
အငယ်လေးက ပုစွန်ကင်တွေထည့်ထားတဲ့ ပုဂံပြားကိုမြှောက်ပြနေပါတယ်။
သူ့အနားသွားလိုက်တော့ သောင်ပြင်မှာချထားတဲ့ ရေဇလုံထဲမှာ ကင်းမွန်တွေ ပုစွန်တွေ။
မီးတရဲရဲနဲ့ဖိုပေါ်မှာတော့ ပုစွန်တွေကင်လက်စ။
သူ့လက်ထဲက ပုဂံပြားထဲမှာတော့ ကင်ပြီးသား ပုစွန်တွေ။
သူက ပုစွန်အခွံတွေခွာပြီး ကျမစားဘို့ လုပ်နေပါတယ်။
“အကောင်၂ဝ ပါတဲ့ တစ်ဗန်းလုံး ရှစ်ထောင်တဲ့ မမရာ။
အဲဒါ ကျနော်တို့ နှစ်ယောက်စားဘို့ ဆယ်ကောင်ကို လေးထောင်နဲ့ကင်ခိုင်းတာ။
မမ ကြိုက်တယ်မလား တစ်ယောက်ငါးကောင်စီစားမယ်နော်”လို့ အသေးစိတ်ရှင်းပြနေပါသေးတယ်။
လတ်လတ်ဆတ်ဆတ်ကိုမီးကင်စားတော့ ချိုပါတယ်။
ဒါပေမယ့် ဆီမပါ ဆားမပါ အချဉ်ရည်မပါ ဆိုတော့ စားရတာ သိပ့်တော့ မပြည့်စုံသလို။
ပုစွန်ကင်တွေကျမတို့စားနေတာမြင်တော့ အစောက ကျမဝယ်မယ်လို့ပြောတဲ့ဈေးသယ် လေးတွေက ဝိုင်းလာပါတယ်၊
သူတို့ဆီက ဝယ်ဘို့ဇွတ်ပြောနေပါတယ်။
ကျမလဲအားနာနာနဲ့ဇွတ်ငြင်းရပါတယ်။
နောက်တော့ ပုစွန်ကင်ကို အုန်းသီးစိမ်းရေနဲ့ မျောချပြီး ကမ်းစပ်မှာခုံလေးတွေနဲ့ထိုင်ကြပါတယ်။
မနက်ခင်းရေကအစောကထက်စာရင် တစ်စထက်တစ်စ များ များလာပါတယ်။
ကျမတို့ ထိုင်နေတဲ့ ခုံပေါ်ထိပင်လယ်ရေတွေက တက်လာတော့ ကျမရဲ့ဘောင်းဘီအောက်ခြေထိ စိုရွှဲလို့သွားပါတယ်။
“လပြည့်ရက်က ရေများ တယ် ကလေးမရဲ့။
လပြည့်ကျော်သုံးလေးရက်ဆို အခု ကျုပ်တို့ထိုင်နေတဲ့ နေရာထိရေအပြည့်။
ကမ်းခြေပျောက်သွားအောင်ရေတက်တာ”လို့ အုန်းသီးသည်အဒေါ်ကြီးကရှင်းပြနေပါတယ်။
ကိုးနာရီထိုးခါနီးတော့ ကျမတို့ကမ်းခြေကနေတည်းခိုခန်း ကိုပြန်ခဲ့ပါတယ်။
လမ်းတစ်လျောက်မှာရှိတဲ့ အမှတ်တရဆိုင်လေးတွေက ပိတ်ထားပါတယ်။
တည်းခိုးခန်းအဝင်လမ်းမှာရှိတဲ့ အမှတ်တရဆိုင်ကိုခဏဝင်။
သူ့အတွက်ရယ် ကျမအတွက်ရယ် ချောင်းသာရောက်အမှတ်တရတီရှပ်လေးနှစ်ထည်ဝယ်လိုက်ပါတယ်။
အဖြုရောင်ဆင်တူလေးပါ.။
နောက်မှ သတိရလို့ ကိုတင့်အတွက်သူကြိုက်တဲ့ အဝါရောင်လေး တစ်ထည်ထပ်ဝယ်ရပါတယ်။
ပြီးတော့မှာ တည်းခိုခန်းကိုပြန်ခဲ့ကြပါတယ်။
“ မမ ကို ကျနော်ကားဂိတ်လိုက်ပို့ပေးမယ်”လို့ပြောပြီးအခန်းထဲဝင်သွားပါတယ်။
ကျမလဲ ပစ္စည်းတွေသိမ်း ရေချိုး အပြီးမှာတော့ ဂျင်းဘောင်းဘီအပြာနုနဲ့ အစောကဝယ်ခဲ့တဲ့
တီရှပ်ကလေးကို ဝတ်ပြီး အပြင်ထွက်လိုက်တဲ့အခါ
အခန်းပေါက်ဝမှာရပ်စောင့်နေတဲ့ အငယ်လေးကလဲ ကျမနဲ့ဆင်တူ ဝတ်ထားတာကို တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတော့ နှစ်ယောက်သားပြိုင်တူပြုံးမိပါတယ်။
ဒါနဲ့ဘဲ တည်းခိုးခန်း သော့အပ် အခန်းခနဲ့လက်မှတ်ဘိုးရှင်းပြီး အတူထွက်ခဲ့ကြပါတယ်။
သူကတော့ ကျမအထုပ်တွေ ဇွတ်ဆွဲမယ်လုပ်ပေမယ့် ကျမကငြင်းလိုက်ပါတယ်။
ကားက ဆယ်နာရီမှလာမယ်ဆိုတာနဲ့ နာရီဝက်လောက်အချိန်ရတာနဲ့ အင်တာနက်ဆိုင်
ရှိမရှိမေးတော့ ရွှေချောင်းသာ ဟုိုတယ်မှာသုံးလို့ရတယ်လို့ ပြောတာနဲ့ အဲဒီကိုသွားကြပါတယ်။ အသုံးပြုခကတော့ တစ်နာရီကို ငါးရာကျပ်။ ဘာဘဲပြောပြောတန်ပါတယ်။
ကော်နက်ရှင်မဆိုးတာနဲ့ ချောင်းသာမှာရို်က်ထားတဲ့ပုံတွေကို တင်ကြပါတယ်။
ဆယ်နာရီထိုးခါနီးတော့ ထွက်ခဲ့ပါတယ်။
ကားမလာခင်လေးမှာ အငယ်လေးက “မန်းလေးရောက်ရင် တွေ့ကြမယ်နော် ကျနော်ဖုန်းဆက်လိုက်မယ်”လို့ဆိုပါတယ်။
ကျမလဲသူ့ကိုခေါင်းဘဲငြိမ့်ပြလိုက်ပါတယ်။
သူကို့ ဖုန်းနံပါတ် အီးမေးလ်အကောင့် တွေပေးထားပေမယ့် ရုံးလိပ်စာနဲ့ အိမ်လိပ်စာ တော့ ပေးမထားပါဘူး ။ ဒါနဲ့ဘဲကားဆိုက်လာတော့ ကျမကားပေါ်ထိုင်ပြီးလို့ ကားအထွက်မှာသူ လက်ပြ လို့ကျန်ခဲ့ပါတယ်.။
ကျမနဲ့သူ အင်တာနက်ဆိုင်ထိုင်နေတုံးက “မမ မှာလက်ထပ်မယ့်သူရှိတယ် “ဆိုတဲ့ စာပို့ထားခဲ့တာကို မြင်ရင် ဒေါများပွနေမလားလို့တွေးပြီး ပြုံးမိပါတယ်။
ခဏလေးတွေ့ဘူးသူနဲ့ ထပ်ပြီး မနွယ်ချင်တော့တာလဲအမှန်ပါဘဲ။ မန်းလေးပြန်ရောက်တဲ့အခါကြလဲ သူနဲ့ထပ်တွေ့မယ်လို့ မထင်သလို ထပ်တွေ့ဘို့ စိတ်ကူးထဲမှာသိပ်မရှိတာတော့အမှန်ပါဘဲ။ တိုးတက်တဲ့ခေတ်ကြီးမှာ လေထဲမှာလွင့်နေတဲ့အသံတွေ စကားလုံးတွေနဲ့ တွေ့ရတယ်ဆိုရင် လုံလောက်ပြီထင်ပါတယ်နော်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ချောင်းသာကနေပုသိမ်အပြန်လမ်းကတော့ အသွားတုံးကလောက်မကြာသလိုပါဘဲ။
ကားထွက်လာလာခြင်းကို ကိုတင့်ဆီဖုန်းဆက်လိုက်ပါတယ်။
ပြန်လာပြီဆိုတဲ့အကြောင်းကို။
အသွားတုန်းကတော့ မသိမမြင်ဘူးတာတွေကို သိချင်မြင်ချင်တော့ ငေးမောလို့မဆုံး။
အပြန်လမ်းမှာတော့ စိတ်ထဲမှာထူးဆန်းတာမရှိတော့သလို။
ကျမရှေ့မျက်စောင်းထိုးက ခုံမှာထို်င်နေတဲ့ အတွဲကလဲ ကဲလွန်းပါတယ်။
လောကကြီးမှာသူတို့နှစ်ယောက်ထဲဘဲရှိနေသလိုလို။
အဲတော့ ကျမလဲ မျက်စေ့မှိတ်ပြီး လိုက်လာလိုက်တာ အိပ်ပျော်လို့သွားပါတယ်။
စပယ်ယာလေးရဲ့ အော်သံကြားမှ ကျမနို်းသွားပါတယ်။
အလာတုန်းက ကားပျက် တဲ့ နေရာမှာကားရပ်ပြီး လူတွေကုန်တွေတင်တာပါ။
သိပ်မကြာခင်ကားပြန်ထွက်ပါတယ်။
လမ်းမှာတော့ မိုးက မတိတ်ဘဲတအိအိရွာလို့နေပါတယ်။
ကျမလဲအစတော့ ဟိုငေးဒီငေး နောက်တော့လဲ ပြန်အိပ်ပျော်လို့သွားပါတယ်။
ကြိုးတံတားနားအရောက် ကားဆီထည့်ဘို့ရပ်တော့ ကျမလဲအိပ်ယာကပြန်နိုးလာပါတယ်။
ပုသိမ်မြို့ထဲဝင်ခါနီးတော့ မိုးကတိတ်သွားပါတယ်။
ကိုတင့်ဖုန်းကိုဆက်တော့ လူကြီးမင်း နဲ့တွေ့နေပါတယ်။
သိပ်မကြာခင်မှာဘဲ ကားက ချောင်းသာကားဂိတ်ဆိုတဲ့နားမှာကားအရပ်
စပယ်ယာလေးက ဂိတ်ဆုံးပြီ လို့အော်နေပေမယ့် ကိုတင့်ကိုအခုထိခေါ်လို့မရသေး။
လိုင်းဝင်ပြီး ပြုတ်ပြုတ်ကျသွားပါတယ်။
သေချာကြည့်မှ ကျမဖုန်းက ဘက်ထရီကုန်နေတာပါ။
စိတ်တော့ အတော်လေးညစ်သွားပါတယ်။
ကိုတင့် ဖုန်းနံပါတ်သာ သိတာ သူဘယ်မှာနေတယ်ဆိုတာ ကျမ လုံးဝမသိ။
ထမင်းကလဲဆာနေတော့ ဆိုက်ကားတစီးငှားပြီး ခခကြီး ထမင်းဆိုင်ကို ဘဲ ရောက်အောင်သွားလိုက်ပါတယ်။
ဆိုင်က ကောင်လေးတွေကို ဖုန်းဘက်ထရီအားသွင်းချင်တယ်ပြောတော့ ပလပ်ပေါက်နဲ့နီးတဲ့
ခုံမှာစီစဉ်ပေးပါတယ်။
အဲတော့မှ အထုပ်အပိုးတွေချပြီး စိတ်အေးလက်အေးထမင်းစားရပါတော့တယ်။
ထမင်းစားနေတုန်းဖုန်းမြည်သံကြားလို့ ကိုတင့်ဆိုပြီးဝမ်းသာသွားပေမယ်
တကယ်ဖုန်းပိုင်ရှင်က အငယ်လေးဖြစ်နေပါတယ။်
သူတို့ကားလဲထွက်လာပြီဆိုတဲ့အကြောင်း ပုသိမ်ကနေမန်းလေးကို(၃)နာရီမှာထွက်မယ့်ကား
နဲ့ပြန်မယ့်အကြောင်း
ကားတစ်စီး တည်းဖြစ်ချင်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒီကလဲထမင်းအားရပါးရ စားရင်း တအင်းအင်းဘဲဖြေနို်င်ပါတယ်။
သူဖုန်းပြောနေတုန်း မိုးတွေတဝုန်းဝုန်းရွာပြန်ပါတယ်။
မိုးသံနဲ့ ဆိုတော့သိပ်မကြားရ သူလဲဖုန်းချသွားပါတယ်။
မိုးလေးက တအေးအေးနဲ့ဆိုတော့ ကော်ဖီသောက်ချင်လာပြန်ရော။
အပြင်မှာလဲမိုးတွေကရွာဘယ်မှသွားမရတဲ့အတူူတူကော်ဖီတစ်ခွက်မှာသောက်ရင်း
ရိုက်လာတဲ့ဓါတ်ပုံတွေကိုပြန်ကြည့်နေလိုက်ပါတယ်။
ခုံရွှေ့သံကြားလို့မော့ကြည့်လိုက်တော့ ကိုတင့်ဖြစ်နေပါတယ်။
ကျမအရမ်းကိုဝမ်းသာသွားပါတယ်။
“မိနဒီရယ် ဖုန်းဆက်လို့မရတော့ စိတ်တွေပူသွားတာ။
တစ်နာရီကျော်လို့ကားဂိတ်လိုက်သွားတော့ ကားဆိုက်သွားပြီ။
အဲဒါနဲ့နင့်ပုံသဏ္ဍာန်မေးတော့ ဆိုက်ကားနဲ့ထွက်သွားတယ်လို့ပြောတာ။
အဲတော့ သေချာတာကတော့ နင် ခခကြိးဘဲသွားမှာဘဲတွေးမိတာနဲ့
အဲဒီကို လိုက်မလို့လုပ်တုန်းအလုပ်ကဖုန်းလှမ်းဆက်လို့ခဏပြန်သွားရပြန်ရော။
ပြီးလို့လာမယ်လုပ်တော့မိုးကရွာပြန်ရောမောတာဟာ” လို့ပြောတော့
ကျမက လက်ကိုင်ပုဝါလေးနဲ့သူ့ကိုယပ်ခပ်ပေးသလိုလုပ်တော့ ပြုံးနေပါတယ်။
အပြင်မှာလဲမိုးကမတိတ်သေးတာနဲ့ ကိုတင့်နဲ့ထိုင်ပြီးရှေးဟောင်းနှောင်းဖြစ်တွေ
ပြောနေကြပါတယ်။
(၂)နာရီထိုးခါနီးလောက်တော့မိုးတိတ်သွားပါတယ်။
ဒါနဲ့ဘဲ သွားကြဘို့ပြင်ပါတယ်။
ဓါတ်ပုံရိုက်လို့လဲမရ ဘယ်ဘုရားမှလဲသွားဖူးလို့မရနို်င်တော့ပါဘူး။
အဲဒါနဲ့အမှတ်တရလက်ဆောင်ဝယ်မယ်ဆိုတာနဲ့ ကိုတင့် က သူ့အသိဆိုင်လိုက်ပို့မယ်ဆိုတာနဲ့ ထွက်ခဲ့ကြပါတယ်။
အဲဒါနဲ့ဘဲ မြို့ပြင်ဘက်ကို ကားမောင်းထွက်လာခဲ့ပါတယ်။
အိမ်အတွက်ပုစွန်ခြောက် ဟာလဝါအကျွတ်တွေဝယ်ပါတယ်။
ပိုက်ဆံရှင်းမယ်လဲလုပ်ရော ကိုတင့်ရှင်ပြီးသားပါတဲ့။
နာရီကြည့်တော့ နှစ်ချက်ခွဲနေတာနဲ့ ကားဂိတ်ဘက်ကို သွားခဲ့ကြပါတယ်။
ဖြတ်သန်းရာလမ်းမှာတော့ ဆားကွင်းတွေလဲမြင်ရ စိမ်းစိုစိုလယ်ကွင်းတွေလဲတွေ့ရနဲ့
သာယာအေးချမ်းလှပါတယ်။
ကိုတင့်က ကားကိုဖြည်းဖြည်းမောင်းနေရင်းက
“နဒီ ငါတို့အသက်တွေကြီးပြီနော်။
ငါဘယ်လောက်ကြာအောင်စောင့်ရအုံးမှာလဲ”လို့မေးလာပါတယ်။
ဒီမေးခွန်းကိုဖြေရမှာကျမအကြောက်ဆုံးပါဘဲ။
“ငါစိတ်ထဲမှာရှိနေတဲ့စိုးရိမ်စိတ်တွေမပျောက်သေးဘူးဟာ”
“နင်နဲ့ငါက အကြောင်းသိသူငယ်ချင်းတွေတွေဘဲဟာ”
“ အဲလို့ သိနေလို့ ပိုတွေးနေရ တာပေါ့။အခုအဆင်ပြေပေမယ့် နောက်
တစ်ချိန်ကျရင် ဆိုတဲ့ အတွေးက ငါ့ကို ပိုခြောက်လှန့်တယ် ကိုတင့် ရာ“
နှစ်ယောက်သားကြားမှာ ခဏတော့တိတ်ဆိတ်လို့သွားပါတယ်။
ဒါနဲ့ဘဲကျမတို့ ကားဝင်း ထဲကိုရောက်လာပါတယ်။
ပုသိမ်ကားဝင်းထဲက ဆောက်လက်စအဆောက်အဦးကြီးက ခန့်ခန့်ထည်ထည်။
ဒါနဲ့ဘဲ အထုပ်အပိုးတွေအောက်ချပြီးကားပေါ်တင်ပြီးပြန်ဆင်းလာပါတယ်။
“ကိုတင့်ရာ ငါလဲခဲမှန်ဘူးတဲ့စာသူငယ်လို့ ထပ်အမှန်ခံရမှာကြောက်နေတာကို
တော့ နားလည်ပေးစေချင်ပါတယ်”
“မိနဒီရာ နားလည်ပေးနိုင်လွန်းလို့ဒီလောက်ထိစောင့်နေတာ နင်မပေါက်တာခက်တယ်”
ကျမတို့နှစ်ယောက်ကြားမှာ ပြောစရာစကားတွေ ရုတ်တရက်ပျောက်ဆုံးသွားသလိုတိတ်ဆိတ်။
သုံးနာရီထိုးဘို့ ဆယ်ငါ့မိနစ်အလိုမှာ ခရီးသည်တွေတက်ခိုင်းပါတော့တယ်။
ကျမက ကားပေါ်တက်ခါနီး
“သွားမယ်နော်”လို့ပြောတဲ့အခါ ကိုတင့်ကခေါင်းငြိမ့်လို့ပြပါတယ်။
ကားပေါ်ရောက်တဲ့အခါမှာတော့ စိတ်ထဲမှာငိုချင်သလိုလို။
ကျမအပေါ်အလိုက်သိလွန်းခွင့်လွှတ်တတ်လွန်းတဲ့ကိုတင့်ကြောင့်ပါ။ ကားပေါ်အတက်မှာမျက်လုံးဝေ့ကြည့်လိုက်တော့ အငယ်လေးတို့ အုပ်စုကိုမမြင်မိပါဘူး။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
24-10-2013
***************************************************************
“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်)
အပိုင်းလေး အတိတ်သု့ိ လညြ်ပန်
ကားဘီးစလှိမ့်လို့ထွက်ချိန်မှာတော့ ပြုံးပြလို့နေပေမယ့် မျက်ဝန်းတွေကရီဝေနေသလိုရှိနေတဲ့ ကိုတင့်ကိုလှမ်းလက်ပြလိုက်ပါတယ်။ အပြန်လမ်းမှာတော့ ဟိုတွေးဒီတွေးနဲ့ငယ်ဘဝကို ရောက်သွားပါတယ်။
ကျမငယ်ဘဝက အဒေါ်အပျိုကြီးတွေနဲ့ အတူနေရတာပါ။ မျိူးရိုးဂုဏ်စောင့်ထိန်းသော ဗိုင်းကောင်းကျောက်ဖိဆိုသောစကားလုံးများအောက်မှာ မလူးသာမလွန့်သာနဲ့နေခဲ့ရတယ်ဆိုလဲမမှားပါဘူး.။ ကျယ်ဝန်းသောခြံဝန်းကြီးထဲမှာ အဒေါ်တွေနဲ့ အိမ်မှာ ကူတဲ့ ကလေးမလေးကလွဲပြီး ခေါ်ပြောဆက်ဆံစရာလူမရှိ။ အတူဆော့ကစားစရာ သူငယ်ချင်းမရှိ။ ကျောင်းဖွင့်ချိန်မှာတော့အတန်းတူ သူငယ်ချင်းများရှိပေမယ့် သူတို့နဲ့အပြိုင်မဆော့နိုင် မကစားနိုင်တဲ့ ကျမကို ကစားဖက်အဖြစ်မသတ်မှတ်ကြပါဘူး။ အဲတော့ စာအုပ်တစ်အုပ်ကိုမျက်နှာနဲ့မခွာဘဲ နေတတ်တဲ့ စာဂျပိုးလေးအဖြစ်ကို ရောက်မှန်းမသိရောက်ခဲ့ပါတယ်။ အပူအပင်မဲ့သော အပြောင်းအလဲနည်းပါးသော ထူးခြားစွာပျော်ရွှင်စရာမရှိသော စိတ်ဆင်းရဲစရာမရှိသော သော ပြည့်စုံသော ဘဝမှာ ကျင်လည်နေထိုင်ခဲ့ရပါတယ်။ ထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခုကိုထပ်ဖြည့်ရင်တော့ လောကကြီးအကြောင်း ဘာမှ မသိသောလို့ ထည့်မှပြည့်စုံမှာပါ။ အိမ်မှာကောင်းတဲ့တစ်ချက်က အပြင်စာဖတ်တာကို ခွင့်ပြုထားသလို တစ်ပါတ်တစ်ခါရုပ်ရှင်လိုက်ပြတယ်ဆိုတဲ့အချက်ကတော့ ကျမအဖို့ အင်မတန်စိတ်ကျေနပ်စရာကောင်းတဲ့ ခွင့်ပြုမူ့တစ်ရပ်ပါဘဲ။ အဲတော့လည်း ကျမဘဝက စာလေးဖတ်လိုက် သီချင်းလေးနားထောင်လိုက် စိတ်ကူးလေးယဉ်လိုက်ဆိုတဲ့ ဘဝထဲမှာပျော်မောရင်း ဆယ်တန်းလွန်မြောက်ပြီး တက္ကသိုလ်ကိုရောက်လာခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသူဘဝမှာတော့ အရင်က မရဘူးတဲ့လွတ်လပ်မူ့ အနည်းအကျဉ်းရလို့လာခဲပါတယ်။ အိမ်ကလူမပါဘဲ သူငယ်ချင်းများနဲ့လည်ပါတ်ခွင့် ရုပ်ရှင်ကြည့်ခွင့်ရလာခဲ့တာပါ။ ဒါပေမယ့် ယောက်ျားလေးသူငယ်ချင်းများနဲ့သွားလာခွင့်ကိုတော့လုံးဝပိတ်ပင်ထားခဲ့ပါတယ်။ တက္ကသိုလ်ဆိုတဲ့နယ်မြေမှာ မိန်းခလေး ယောက်ျားလေးများအတွက် သူငယ်ချင်းဖြစ်ဘို့လွယ်ကူလွတ်လပ်တဲ့နေရာဆိုပြန်တော့ ယောက်ျားလေး သူငယ်ချင်းကတော့ ရှိတာအမှန်ပါဘဲ။ ဒါပေမယ့် ကျမအိမ်က မကြိုက်မှန်းသိတော့ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ သိပ်ရင်းရင်းနှီးနှီးတော့မရှိပါဘူး။ သူငယ်ချင်းတွေဆိုပြန်တော့လဲ ကျောင်းရောက်တာနဲ့ လည်ကြပါတ်ကြ အတူသွားကြဆိုတာတွေရှိလာတာပါဘဲ။ ကျောင်းအားချိန်တွေမှာ တောင်သမန်အင်းမှာအကြော်စား ဦးပိန်တံတားပေါ်လမ်းလျောက် မယ်ဇယ်ပင်တွေအောက်မှာထိုင် တစ်ယောက်နဲ့တစ်ယောက်စနောက်နေရင်းက ချစ်သူတွေဖြစ်သွားကြတာကို အပြစ်လို့ပြောမရတာလဲအမှန်ပါဘဲ။ ဒီလိုသွားလာနေရင်းကမောင်နဲ့ကျမရဲ့ အိမ်က အသိမခံရဲတဲ့ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပါတယ်။ မောင်နဲ့ကျမက မေဂျာမတူပါဘူး။ သူ့ညီမဝမ်းကွဲ “ကေသီ”နဲ့ကျမက ခုံနံပါတ်ခြင်းကပ်နေတော့ အတူတွဲဖြစ်ရာကနေ ကျမတို့အုပ်စုထဲကို “ဝင်းအောင်” ဆိုတဲ့ကေသီ့ အကို အလိုလိုရောက်လာခဲ့ပါတယ်။ ကျမတို့သွားလေရာကို အဖော်အဖြစ်လိုက်နေရင်းကနေ သူက ကျမရဲ့ သီးသန့်ကိုယ်ရံတော်လေးဖြစ်သွားခဲ့တာပါ၊ ယောက်ျားလေးတွေနဲ့သိပ်ရင်းရင်းနှီးနှီးမနေဘူးတဲ့ ကျမအတွက် မောင်က ပထမဆုံးသောနီးကပ်စွာရှိနေသူဖြစ်သလို ပထမဦးဆုံးသောချစ်သူလဲဖြစ်ခဲ့ပြန်ပါတယ်။ အမျိုးနည်းပါးပြီး သီးသန့်ဆန်လွန်းတဲ့ ကျမတို့အသိုင်းအဝိုင်းမှာ ရှားရှားပါးပါးမောင်နှမဆိုလို့ အစိုးရဝန်ထမ်းမိဘသွားရာနောက်ကို အမြဲလိုက်ပြောင်းနေရတဲ့ ကျမနဲ့ တစ်နှစ်လောက်ဘဲကွာတဲ့ မောင်ဝမ်းကွဲလေး တစ်ယောက်ဘဲရှိပါတယ်။ မောင်နဲ့ကျမ ချစ်သူဖြစ်ပေမယ့် အိမ်ကသိအောင်တော့ မနေရဲပါဘူး။ ကျောင်းထဲမှာအမြဲတွေ့ဖြစ်နေတော့ အပြင်မှာတွေ့တယ်ဆိုတာမရှိသလောက်။ ကျောင်းပိတ်ရက်မှာရုပ်ရှင်သွားမယ်ဆိုရင်လဲ ကေသီက အိမ်လာခေါ်။ မောင်က ရုပ်ရှင်ရုံကစောင့်ဆိုတော့ အိမ်က မရိပ်မိကြပါဘူး။ ကံဆိုးတဲ့နေ့ကတော့ ဒုတိယနှစ်နောက်ဆုံးစာမေးပွဲဖြေတဲ့နေ့ပါဘဲ။ စာမေးပွဲအပြီး ကျောင်းသူကျောင်းသားများထုံးစံအတိုင်းရုပ်ရှင်သွားကြပါတယ် ။ ရုပ်ရှင်ရုံကအထွက်မှာ ဒေါ်လေးငယ်တို့ကလဲရုပ်ရှင်ကြည့်ဘို့အလာနဲ့ တည့်တည့်တိုးပါတော့တယ်။ ကျမကလဲ မောင့် လက်မောင်းကို တွဲခိုပြီးလိုက်လာတာကို မြင်သွားပါတယ်။ ကျမကိုလှမ်းကြည့်နေတဲ့ဒေါ်လေးငယ်ရဲ့ဒေါသတွေအပြည့်နဲ့မျက်ဝန်းတွေ ကို ကျမအတော်လေးကြောက်သွားပါတယ်။ ဒေါ်လေးက ရုပ်ရုင်ရုံထဲကနေ ပြန်ထွက်သွားပါတယ်။ ကျမကို ဘာမှ မပြောပေမယ့် သူ့အကြည့်ထဲမှာ အိမ်ရောက်ရင်သိမယ်ဆိုတဲ့ အသံတိတ်စကားလုံးတွေကို ကျမမြင်နေရပါတယ်။ ဒါနဲ့ဘဲ အနီးဆုံးမှာရှိတဲ့ အအေးဆို်င်ထဲကို ဝင်ထိုင်လိုက်ပါတော့တယ်။ ကျမအဒေါ်ငယ်ရဲ့ ရှက်ဒေါသကို ရင်မဆိုင်ရဲတော့ တာအမှန်ပါဘဲ။ အဲတော့ မောင်နဲ့နှစ်ယောက်ထွက်ပြေးကြဘို့ပြောရင်ကောင်းမှာလို့တွေးမိနေတဲ့အချိန် “နဒီ အိမ်မပြန်ရဲရင် မောင်တို့ ခိုးပြေးကြစို့” လို့ဆိုလာတဲ့စကားကိုအလိုလို ခေါင်းငြိမ့်ပြီးသားဖြစ်သွားပါတယ်။ “နင်တို့သွားရင် ငါလဲ တစ်ယောက်ထဲ မနေရဲဘူး လိုက်ခဲ့မယ်” လိိုကေသီက ငိုမဲ့မဲ့နဲ့ပြောလာပါတယ်။ ဒါနဲ့ဘဲ မောင်တို့ ဦးလေးတွေအဒေါ်တွေရှိတဲ့” မကွေးမြို့“ကို ညနေကားနဲ့ သုံးယောက်သား ထွက်ပြေးဖြစ်ကြပါတယ်။ လူကြီးတွေစိတ်ပူနေမှာစိုးလို့ ကေသီအိမ်ကိုတော့ ကားထွက်ခါနီးမှာ အကျိုးအကြောင်းဖုန်းဆက်ပြီးလှမ်းပြောဖြစ်ပါတယ်။ နောက်မှသိရတာကတော့ ကျမအဒေါ်တွေက ကေသီအိမ်ကိုဖုန်းဆက်မေးပါတယ် ကျမအိမ်ပြန်မလာသေးလို့ကေသီတို့အိမ်မှာရှိမလားပေ့ါ။ ညနေက ကျမတို့နဲ့အတူ ကေသီလဲရုပ်ရှင်ရုံကထွက်လာတာတွေ့လိုက်လိို့ပါ ဆိုပြီးမေးတော့ ကေသီတို့အိမ်ကလဲ ညာမပြောချင်တော့ အမှန်အတိုင်း ပြောပြလိုက်တဲ့အခါ “ကျမတို့ဘက်ကတော့ နဒီ နဲ့ပါတ်သက်တာအားလုံးပြီးသွားပြီလို့ မှတ်ထားလိုက်ပြီ ဘာအကြောင်းနဲ့ မှ ဆက်သွယ်မလာနဲ့တော့လို့ ပြောလိုက်ပါဆိုပြီး” ဖုန်းချသွားပါသတဲ့။
ကျမတို့မကွေးရောက်ပြီး နောက်တစ်ရက် မနက်မှာတော့ ကေသီတို့အိမ်ကရော မောင့်အိမ်ကပါလိုက်လာပါတယ်။ မောင့်မေမေ က” မိုက်လိုက်တဲ့ကလေးတွေ”ဆိုပြီးငိုပါတယ်။ မောင့်ဖေဖေက တော့ “ဖြစ်ပြီးမှပြောမနေနဲ့ ကလေးမလေးကို မိဘလက်ပြန်အပ် လက်ထပ်ပေးဘို့ စီစဉ်ရမယ်” မောင့် ကိုတော့ တစ်ခွန်းထဲဘဲမေးပါတယ်။ “ပညာတစ်ပိုင်းတစ်နဲ့ ဘာလုပ်စားမှာလဲ”လို့။ မောင်လဲ ဘာမှပြန်မဖြေနိုင်တော့ မကွေးမှာနေတဲ့ ဦးလေးက “ဘာသိမှာလဲကွာ သူတို့လက်ထပ်ပေးပြီးရင် ငါ့ဆီမှာလာနေခိုင်း ငါ့ ဆီစက်ထဲမှာဝင်လုပ် ငါလခပေးထားမယ်” လို့ဆိုပါတယ်။ သူတို့လူကြီးတွေကျမတို့ကိစ္စကို ဆက်တိုင်ပင်နေကြတာကိုသိပေမယ့် ကျမကတော့ အခန်းထဲက မထွက်ရဲပါဘူး ။ အားလုံးကိုကြောက်တော့ မျက်စေ့သူငယ်နားသူငယ်နဲ့နေရတာပါ။ မဆင်မခြင်ဘဲ လုပ်မိတာကိုတော့ နောင်တရပေမယ့် အင်မတန်တင်းကျပ်တဲ့စည်းကမ်းအောက်မှာနေရတာထက်စာရင် စိတ်ထဲမှာလွတ်လပ်ပေါ့ပါးနေသလိုလိုပါဘဲ။ မကွေးကမောင့်အဒေါ်က ကျမအပေါ်သဘောကောင်းလွန်းတာလဲ ပါမယ်ထင်ပါတယ်။ ကျမကိုတွေ့ကတည်းက “သမီးလေး သမီးလေး”ဆိုတာ ပါးစပ်ဖျားကမချတော့တာလဲကျမစိတ်ကို ကြည်နူးစေတာအမှန်ပါဘဲ။
ကျမဇာတ်ကြောင်းပြန်ရရင် တစ်ဦးတည်းသောသမီး (တကောင်ကြွက်ဆိုရင်ပိုမှန်ပါမယ်) ဖေဖေရဲ့ အမအပျိုကြီးတွေနဲ့နေရတာပါ။ မေမေကတော့ အိမ်မှာအတူနေပေမယ့် တကယ့်ကို စက်ရုပ်လိုနေသူပါ။ မနက်အစောကြီးအိပ်ယာထမယ်။ ဆွမ်းချက်မယ် ဆွမ်းလောင်းမယ်။ ပြီးရင်ဒေါ်လေးငယ်ဝယ်လာတဲ့ ဟင်းချက်စရာတွေကို တစ်အိမ်လုံးအတွက်ချက်မယ်..။ နောက်နေ့လည်စာစားသောက်ပြီးရင် ဘုရားခန်းထဲမှာ စိတ်ပုတီးတချောက်ချောက်စိပ်မယ်။ နေ့လည်ခင်းတစ်ရေးတမောအိပ်။ နောက်အိမ်ယာထရင် ညနေစာအတွက်ချက်မယ်ပြုတ်မယ်။ ည(၇)နာရီလောက်ရင်ရင် ဘုရားခန်းဝင် ဘုရားဝတ်ပြု ပုတီးစိပ်မယ်။ ည(၈)နာရီအိပ်မယ်။ နောက်နေ့မနက်အစောကြီးအိပ်ယာထမယ်။ ဆွမ်းချက်မယ်။ ဒါကတော့ ကျမသိတတ်စအရွယ်ကတည်းက မြင်တွေ့နေရတဲ့ ပုံရိပ်ပါဘဲ။ ကျမကိုလဲ သမီးရယ်လို့ သိပ်ပြီး ယုယုယယမနေပါဘူး။ ကျမသိတတ်စ ငယ်ငယ်လေးကတည်းက ကျမကို အမြဲပြုစုယုယနေတာ ကြီးမေပါဘဲ။ မနက်ရေချိုးပြီးရင် သနပ်ခါးလိမ်းပေးမယ်။ အဝတ်အစားဆင်မယ် ။ ကျောင်းလိုက်ပို့မယ်ကြိုမယ်။ မနက်မုန့်စားကျောင်းဆင်းချိန်မှာ ကျမစားဘို့ မုန့်ဘူးလေးကိုင်ပြီး ကျောင်းတံခါးဝနားကစောင့်နေမယ်။ ညအိပ်ခါနီးရင် အိပ်ယာဝင်ပုံပြင်တွေပြောပြမယ်။ နွေညပူပူများမှာကျမမအိပ်မခြင်းယပ်ခပ်ပေးနေမယ်။ အဲဒါတွေအားလုံးကြီးမေရဲ့အလုပ်တွေပါဘဲ။ ဒါပေမယ့် ကျမကိုခေါ်ပြောဆက်ဆံတဲ့အသံကမာဆတ်ဆတ်။ ဒါကလဲ အပြစ်လို့ပြောလို့မရပါဘူး ကျမတို့ အဖေဘက်က အမျုးိတွေ အကျင့်လို့ပြောရပါမယ်။ မောင်နှမ တစ်တွေ တုန်နေအောင်ချစ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုပုံတွေက ခပ်မာမာခပ်စိမ်းစိမ်း။ မောင်အငယ်ဆုံးဖြစ်တဲ့ကျမရဲ့အဖေကတော့ အားလုံးနဲ့ဆန့်ကျင်စွာ ပျော်ပျော်နေတတ်သူ အပေါင်းအသင်းများသူဖြစ်ပါသတဲ့။ ကျမချစ်တဲ့အဖေက ကျမတို့မိသားစုကြီးကို ကျမကျောင်းမနေသေးခင်အရွယ်ကတည်းက ခွဲခွာသွားခဲ့တာပါ။ အခုအချိန်မှာတော့ ဘယ်ဆီမှာမှန်း မသိတဲ့ နေရာကိုရောက်နေပါတယ်။ အရင်ကအဖေ့သူငယ်ချင်းတွေအိမ်လာရင် ပြောကြတဲ့ “ယုံကြည်ချက်” ဆိုတဲ့စကားလုံးနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားသူထဲက တစ်ဦးပေါ့။ အဖေ့ အခုလိုဖြစ်ရတာ အပေါင်းအသင်းများလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ငယ်ငယ်လေးကတည်းက ကျမကိုလူများများနဲ့ ပေါ်င်းသင်းတာကို မကြိုက်လို့ အခုလို သီးသန့်ဖြစ်အောင်ထားခဲ့တာပေါ့။ အဲလိုနေခဲ့ရခြင်းရဲ့ ရလာဒ်ကတော့ အဖော်မက်ရုံမကဘူး ကိုယ့်ကိုပစ်သွားမှာထားခဲ့မှာ ကို အရမ်းစိုးရိမ်တဲ့သူတစ်ယောက်အဖြစ်ဘဝကို ရပ်တည်ခဲ့ရတာပါဘဲ။ အဲတော့ ကျမရဲ့စိတ်တွေက မောင့်ဆီမှာအမြဲရှိနေတာ မောင်နဲ့ အတူူတူနေချင်မိတာ ကျမမမှားဘူးလို့ထင်မိပါတယ်။ နောက်မောင်က ကျမဘဝမှာ အနီးကပ်တွေ့ဆုံဘူးတဲ့ ပထမဦးဆုံးသော တစိမ်းယောက်ျားလေးလဲဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျမ မောင့်နောက်ကို လိုက်သွားရဲတဲ့သတ္တိတွေရှိနေတာလို့ ထင်မိပါတယ် ။ နောက်နေ့ မနက်မှာတော့ မကွေးအိမ်က ဦးလေးတွေရယ် ကျမတို့ မန်းလေးကလူတွေရယ်မန်းလေးကိုပြန်လာခဲ့ကြပါတယ်။ ကျမတို့အိမ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့လူတွေကတစ်ဆင့် ကျမကိုပြန်အပ်ဘို့ လက်ထပ်ပေးဘို့ကမ်းလှမ်းတဲ့ အခါ လုံးဝ ခါးခါးသီးသီးငြင်းပယ်ရုံတင်မကဘဲ “နဒီကိစ္စနဲ့ဆိုရင် ကျမတို့ိအိမ်ကိုနောက်မလာပါနဲ့”လို့တင်းမာစွာပြောခဲ့ပါသတဲ့။ အဲတော့ မောင်တို့အိမ်နဲ့သိပ်မဝေးတဲ့ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကပ်တာနဲ့လက်ထပ်တာ တစ်ခါထဲပေါင်းပြီးကျင်းပပေးပါတယ်။ ကျမတို့မင်္ဂလာပွဲမှာ ဝေဖန်သံတွေကတော့ အမျိုးမျိုးပါဘဲ။ ကျမဘက်က လုံးဝမလာခဲ့ကြတာလဲလူတွေစိတ်ဝင်စားစရာတစ်ခုပါဘဲ။ ဒါပေမယ့် မင်္ဂလာလက်ဖွဲဆိုပြီးတော့ ငွေနှစ်သိန်းကိုလူကြုံနဲ့ပို့ပေးလိုက်ပါတယ်။ တနည်းပြောရင်တော့ အမွေပြတ်တယ်လို့ အသံတိတ်ကြေညာလိုက်သလိုပါဘဲ။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
28-10-2013
16 comments
KZ
October 28, 2013 at 12:51 pm
“ မမ ကျနော်ဘီယာတစ်လုံးလောက်သောက်မယ်နော်”လို့ပြောတော့
ကျမက ခေါင်းငြိမ့်ပြလိုက်ပြီး “မမလည်း တစ်လုံးလောက် မှာပေးပါ” လို့ပြောလိုက်မှာပဲ။
😀
ရေးနိုင်လိုက်တာ လေးပေါက်ရေ။
စာကြောင်းလေးတွေ နည်းနည်းချဲရင် ကောင်းမလားးးးး
ဘာပဲ ပြောပြော တဒင်္ဂ အချစ်မှာ မသာယာပဲ ခိုင်မြဲတဲ့ ကြင်ဖော်ကို ရွေးနိုင်ပါစေလို့သာ။
🙂
ကိုပေါက်(မန္တလေး)
October 28, 2013 at 1:09 pm
စာကြောင်းတွေက page setup မှားကုန်တာ မပြင်တတ်လို့အေ့ အက်ဒမင်တွေကြည့်ကောင်းအောင်ပြန်ပေးမယ်
Mr. MarGa
October 28, 2013 at 2:59 pm
နောက်ခံ ဇာတ်ကြောင်းကို ဖတ်ပြီးတော့
ကျွန်တော် ဒီဇာတ်လမ်းကို ပို စိတ်ဝင်စားသွားပြီဗျာ
ဆက်မျှော်နေမယ် လေးပေါက်
ကိုပေါက်(မန္တလေး)
October 28, 2013 at 4:06 pm
သိကြားမင်း ဘယ်လိုထင်ထားလဲ အောက်လိုင်းလေး မပေးချင်ဘူးလား
Mr. MarGa
October 28, 2013 at 4:15 pm
စ ကတည်းက အစမကောင်းခဲ့တာပဲ ခွဲကြရဦးမှာပေါ့။
ဒီကြားမှာ မိဘအိမ် ပြန်ရောက်မလား
ကိုယ်တိုင်ပဲ တစ်ကိုယ်တည်း နေမလား ဆိုတာကတော့ မြှုပ်ကွက်။
တစ်ကိုယ်တည်းကနေ များမကြာမီ ကိုတင့်နဲ့ တွေ့မယ်ဗျာ။
သို့သော်…..သဲသဲကွဲကွဲ အဖြေမထွက်
ကြားထဲမှာ မဝေးမနီး နေကြရင်း ချောင်းသာ သွားပါလေရော….။
နောက်ခံကိုတော့ အဲလောက်ပဲ မှန်းနိုင်တယ်
ရှေ့ကိုကတော့ နည်းနည်း ဆက် ဖတ်ပြီးမှ သိလိမ့်မယ်ဗျ
ကိုပေါက်(မန္တလေး)
October 28, 2013 at 5:02 pm
အခန်းခြောက်ခန်းစလုံးပြီးရင် တော့ သိပါမည်
•*¨နန်းတော်ရာသူ •*¨
October 28, 2013 at 7:58 pm
ဒါကိုတော့ပါဆယ်ဆွဲသွားတယ်ဖေပေါက်ေ၇
ဒီတိုင်းထိုင်ဖတ်ရင်မွဲရတော့မှာမို့ပါ။
ပြီးမှ0ffline ကနေအေးဆေးဖတ်မယ်
😀
ကိုပေါက်(မန္တလေး)
October 28, 2013 at 10:35 pm
ဟုတ် အစက အပိုင်းသုံးဘဲ တင်မယ်ကြံတာကော်ပီကုူးတော့ လေးပါ ပါ သွားတော့ ရှည်သွားပါသည်
Foreign Resident
October 29, 2013 at 4:44 am
ကိုပေါက်က ဝထ္ထု / ဆောင်းပါး တို အဆင့်ကနေ ၊
ဝထ္ထု / ဆောင်းပါး ရှည် အဆင့်အထိပါ သဘာရင့်လာပြီပဲ ။
အားပေးနေပါတယ် ။ ဆက်လုပ် ။
ကိုပေါက်(မန္တလေး)
October 29, 2013 at 1:31 pm
ကြုးိစားဆဲအဆင့်ပါ ကိုဖောရေ
kyeemite
October 29, 2013 at 11:44 am
ကိုပေါက်ရေ..ဘာလို့မှန်းမသိ
ကိုပေါက်ဝတ္ထု ထဲက ကျမ ကျမ လို့ပြောနေတာဖတ်ရင်းကို
ကိုပေါက်မျက်နှာကြီးမြင်မြင်နေမိတယ်..
😀
ကိုပေါက်(မန္တလေး)
October 29, 2013 at 1:43 pm
အဲလို ကိုမိုက်မြင်နေသေးရင် ကျနော့်ညံ့သေးတယ်လို့ သတ်မှတ်ရမည်။
ကျနော် ဆွဲခေါ်ရာသို့ ဖတ်သူကို လိုက်အောင်မလုပ်နိုင်သေးလို့ပေါ့။
Ma Ma
October 29, 2013 at 4:25 pm
ကိုမိုက် နောက်ကလိုက်ပါတယ်။
ကိုပေါက် ဆွဲခေါ်တာညံ့လို့ လို့ ပြောမရဘူး။
ကင်မရာသေးသေးလေးကိုင်တာလိုမျိ ုး ဇာတ်ကောင်စရိုက်မှာ ကိုပေါက်စရိုက်တွေ ထင်ဟပ်နေတာကို ကိုယ့်ချင်းကိုယ့်ချင်းသိနေတော့……….. 😀
ကိုပေါက်(မန္တလေး)
October 29, 2013 at 10:23 pm
တော်ဘီ နောက်ဆို ကိုပေါက် ကင်မရာအသေးမကိုင်တော့ဘူး။
အကြီးဘဲကိုင်တော့မယ်
မဟာရာဇာ အံစာတုံး
November 1, 2013 at 2:31 pm
အော် …
အစပိုင်းလေးပဲ ကြွနေပြီး …
နောက်ပိုင်းမှာ ဆွေးးး ဆွေးးးဆွေးးးးး
အတိတ်က ဇာတ်ကြောင်းကို ဖတ်လိုက်ရတော့ …
အင်းးး ဖီလင်က မြှားဦးအောက်သို့ စိုက်ကျသွားတယ် …
နဒီရဲ့ ဂျီးဒေါ်တွေက အတော်ဆိုးကြတာပဲ …
ကိုပေါက်(မန္တလေး)
November 1, 2013 at 3:44 pm
အေးပါ မောင်အံဇာ မင်းလဲ အဲလို ဂျီးဒေါ်ကြီး ရှိမရှိ စုံစမ်းထားလိုက်ပါအုံး