ရေစိုလက်- သော်ဇင်(လွိုင်ကော်)
“ဒီနေ့ဘယ်လောက်ရခဲ့သလဲ သမီး”
“ခြောက်ထောင်ရခဲ့တယ် အဖေ…။ ဒီလောက်နဲ့တော့ မရသေးဘူးအဖေ။ ဒီတစ်ပတ်တော့ပိုရအောင် ပိုကောက်မှရမယ် အဖေရဲ့”
ပိုရအောင် ပိုကောက်ရမယ်တဲ့။ ဒီခြောက်ထောင်ရအောင် ဘယ်လောက် အချိန်တွေပေးရတယ် ဆိုတာ မသိကြဘူး။ မနက်စောစောလေးကတင်ပဲ တဲထောင့်မှာထောင်ထားတဲ့ လေးပုံးဝင်ဆာလာအိတ် သုံးအိတ်ကိုထုတ်ပေးလိုက်တဲ့ မပွေးကိုပဲ သူကတော့ အပြစ်တွေတင်နေမိတော့တယ်။
“ငါ့သမီးက အဲဒီခြောက်ထောင်ရအောင် ဖေဖေတို့ဘယ်လိုလုပ်နေခဲ့ရသလဲဆိုတာ မသိဘူးမို့လား။ အဲဒီပိုက်ဆံတွေကိုလွယ်လွယ်ရလို့ ငါ့သမီးတို့ကို လွယ်လွယ်ပေးနေတယ်လို့တော့ မထင်လိုက်နဲ့။ မကြည့်ရက်လို့ပေးနေတယ်ဆိုတာ သဘောပေါက်ရတယ်။ “
“ကိုစိန်”
“အသာနေ မပွေး..။ ဒီနေ့တော့ပြောမှရတော့မှာမို့ ငါပြောတော့မယ်။ ငါ့လာမတားနဲ့”
မပွေးက စိတ်ပျက်လက်ပျက်အမူအရာနဲ့ မျက်စောင်းတွေပိတ်ထိုးနေတယ်။ ထိုးလည်းမတတ်နိုင်ဘူး။ တဆိတ်ရှိ ဒီအမေ ဒီအဖေကိုတ ၊ ပြီးတော့လည်း အပြစ်တင်ချင်တဲ့ သားသမီးတွေကို သူကြည့်မရတော့တာတော့ သူ့အလွန်မဟုတ်ဘူးလို့ သူထင်တယ်။
စားစရာရှိစားမယ်။ လုပ်စရှာရှိတော့ အစရှာမရတဲ့ ဒီသား၊ဒီသမီးတွေရဲ့အမူအကျင့်တွေကို သူမကြိုက်တာ။ ပြောရရင် မပွေးလက်ချက်တွေလည်း ပါတယ်။ မပွေးက သမီးတွေ၊သားတွေထိလို့ကတော့ မရရေးချ မရတာ။ မျက်ရည်ကလည်း လွယ်၊ လက်ကလည်းလွယ် ဆိုတော့ မပွေးပျော့ကွက်ကို သမီးသားတွေ သိနေကြတယ်။ ဘာလေးပဲဖြစ်လိုက် ဖြစ်လိုက် အမေဆိုတာနဲ့ ရှိတာရော မရှိတာရော ဘာမှကိုမသိတော့ဘူး။ ပေါင်နှံချွတ်ပေးရမလား၊ ရှာကြံပေးရမလား ကုန်ကုန်ပြောရရင် သူ မသိအောင်ကိုလုပ်တယ်..။
ခုသမီးလတ် လာလာနေတာ သုံးရက်ရှိပြီ။ လာတိုင်းလည်း တဲထောင့်မှာ ထောင်ထောင်ထားတဲ့ လေးပုံးဝင် ဆာလာအိတ်တွေကိုချည်း အကြည့်က မပြတ်ဘူး။ မပွေးကို တိုးတိုး တိုးတိုးပြောပြီး ပထမရက် သုံးအိတ်မ သွားတယ်။ ဒုတိယနေ့က နှစ်အိတ်၊ ဟော တတိယနေကျတော့ ဒီထက်ပိုရအောင် လုပ်ပါတဲ့။
ဒါ ဘာသဘောလဲ။ သူက ခိုင်းနွားလား။ အဖေလားဆိုတာ သိအောင်တော့ ပြောမှရတော့မယ်ဆိုတာ သူ သိလိုက်တယ်..။
(၁)
သူ့ကိုမြင်တော့ ခြံထဲက သုတ်သုတ်နဲ့ခပ်မြန်မြန်ထွက်သွားတဲ့ သားငယ်ကို သူမသင်္ကာချင်ဘူး။ ပေါက်ပြားကို မီးဖိုးထောင့်မှာထောင်ပြီး မသိသလိုနဲ့မပွေးကို အကဲခတ်ကြည့်တယ်။
မပွေးက သူကြည့်နေတာ သိလို့လား မသိဘူး။ မျက်စောင်းကို ဒိုင်းခနဲနေအောင်ကို ပြန်ထိုးတယ်။ ခုတလော မပွေး မျက်စောင်းတွေ အားအားရှိ သူ့ကိုကြည့်ပြီးထိုးနေတယ်။ သူ ဘေးနားမှာရှိတဲ့ ရေနွေးခရားကို ကောက်ကိုင်ပြီး ငှဲ့တော့ မပွေးက လက်ဖက်သုပ်ပန်းကန်ကို လာပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ချပေးတယ်။ မပွေးက သူ့ကိုဘယ်လောက်ပင် စိတ်ဆိုးဆိုး၊ ကြည့်မရရ သူ သိပ်ကြိုက်တဲ့ လက်ဖက်သုပ်ကိုတော့ ဝတ္တရားမပြတ် သုပ်ပေးတတ်တယ်။
“ပြောပါဦး ဟိုကောင်ဘာလာလုပ်တာလဲ”
“ဘာလာလုပ်ရမှာလဲ အမေဆီလာတာပဲ ရေးကြီးကိစ္စရှိမှ လာရမှာလား။ တော်က တစ်မျိုး”
“အဲဒီကောင် ကိစ္စမရှိရင် ဘယ်တုန်းကလာလို့လဲ မပွေးရဲ။ အပူအပင်ရှိမှ အူယားဖားယားပြေးလာတတ်တဲ့ ဒီကောင့်အကျင့်ကို ငါသိပ်ကြိုက်တာမဟုတ်ဘူးနော်။ အလကားကောင်။ကဲ ဘာလာလုပ်တာလဲလို့ ငါမေးနေတယ် မပွေး။”
“ဆိုင်ကယ်လာပေါင်တာ”
“ဘာ ဘယ်မှာလာပေါင်တာလဲ၊ ဘာလုပ်ဖို့လဲ အဲကောင်က”
“ငွေလိုလို့တဲ့….။ သားမိန်းမ ဒီနေ့မွေးတယ်လေ။ သူလည်း ငွေလိုမှာပေါ့ မိန်းမ မီးနေစရိတ်က အနည်းဆုံး သုံးသိန်းလောက်ရှိမှ၊ မီးထွက်ကလည်း လုပ်ရဦးမှာ”
“မင်းကိုမေးနေတာ ဘယ်မှာ လာပေါင်တာလဲဆိုတာကအရင်နော် မပွေး”
မျက်လုံးကလေးတွေကို တောင်ထောင့်ကပ် မြောက်ထောင့်ကပ်လုပ်နေကတည်းက မပွေး မူမမှန်တော့ဘူး။ ပြတ်သားလက်စနဲ့ ပြတ်သားလိုက်ပါတော့လား။
“ကျုပ်ဆီမှာ လာပေါင်သွားတာပေါ့”
“ဘာ….မင်းမှာ ဘယ်လောက်ရှိလို့အပေါင်ခံရတာလဲ။ နေပါဦး အပေါင်ပစ္စည်းဆိုင်ကယ် ဘယ်မှာလဲ။ မင်းလုပ်နေတာတွေမဟုတ်သေးဘူးနော်။ မင်းသားသမီးတွေလုပ်နေကြတာတွေလည်းမဟုတ်သေးဘူး။”
သူပြောတော့ မပွေး ဘာမှမပြောဘူး။ မပွေးလည်ပင်းက ဆွဲကြိုးလေးမရှိတော့ဘူး။ မပွေး မပွေး ။ သားသမီးတွေ လူလည်ကျသမျှ မင်းကခံပေမယ့် ငါကတော့ မခံဘူးဟေ့…။
(၃)
သူ့မျက်စိကလည်း လျှင်ကိုလျှင်တယ်လို့ပြောရမယ်။ မပွေး လစ်ခနဲ မောင်လူ အိတ်ကပ်ထဲကို ပိုက်ဆံထည့်ပေးလိုက်တာကို မြင်ဖြစ်အောင်ကိုမြင်လိုက်တယ်..။ ဒါလား အဖေတို့အမေတို့ကို ကူတာဆိုတာ။ ခြံထွက်သီးနှံကလေးထွက်တော့မယ်ဆို လာကြပြီ။
ရေလေး တစ်ထမ်းနှစ်ထမ်းလောက်ကို စာဖွဲ့ပြီး မောသလိုလို ပန်းသလိုလိုလုပ်ပြ၊ မပွေးက မနေနိုင်မထိုင်နိုင် ဟင်းကောင်းထမင်းတွေချက်ကျွေးရ၊ သူ့မျက်စိထဲမတော့ သမီးသားသမက်တွေ ခုမှ ခွေးဘုရားပွဲတွေ့နေတယ်လို့ကို ထင်နေမိတယ်။ ထမင်းဟင်းကျွေးရုံမက ခု ပိုက်ဆံပါ သူမသိအောင် မပွေးကပေးနေပြီ။
အဖေအမေ အသက်ကြီးပြီ ဆိုပြီး ခြံစိုက်တဲ့အချိန်ဆိုရင် ဘယ်သား ဘယ်သမီးမှ ပေါ်မလာကြဘူး။ သမီးနေမကောင်းလို့ပါအမေ၊ ယောကျာ်း ခရီးထွက်နေလို့ပါ အဖေနဲ့အကြောင်းပြချက်ပေါင်း ဒါဇင်ထက်မနည်းတဲ့ ဆင်ခြေ ဆင်လက်တွေပေးကြတယ်။ ဟော် ခု သီးနှံလည်းထွက်ရော လာလိုက်ကြတဲ့ သမီးသားသမက်မြေးတွေဆိုတာ ဘာအလုပ်မှမလုပ်ပဲ အချိန်တိုင်းအားလျားနေလိုက်ကြတာ။ သူကြည့်မရတာ ဒါပဲ။
ကိုယ့်သားကိုယ်သမီး ကိုယ့်မြေး ကျွေးချင်ပေးချင်တာပေါ့။ အဖေအမေကို တက်ညီလက်ညီဝင်ကူ၊ ထွက်လာတဲ့ သီးနှံကို အတူရောင်းပြီး ထမင်းတစ်အိုးတည်း ထမင်းလက်ဆုံစားချင်တာပေါ့။ အသုံးမကျတာတွေကိုကြည့်မရတာနဲ့ပဲ သူ့မျက်နှာဟာ ပုပ်သိုးနေတော့တာ။ ခုလည်း မောင်လူ ထမင်းစားပြီး ပြန်သွားတော့မှ သူက မပွေးကိုမေးရတော့တယ်။
“မင်း မောင်လူ့ကို ပိုက်ဆံ ဘယ်လောက်ပေးလိုက်သလဲ”
“ဟို ဟို “
“ဟိုဟိုတွေ ဟယ်ဟယ်တွေလုပ်မနေနဲ့ ငါမြင်တယ်။ နေပါဦး။ မင့် သမက်က ငါတို့ကိုလာကူတာရော ဟုတ်ရဲ့လား။ ရေလာလောင်းတာ နေ့စားနဲ့လာလောင်းတာလား။ ဘာလဲ မင်းက ထမင်းကျွေး ရေလောင်း ဘယ်လောက်ပေးမယ်လို့ အကြီးမကိုပြောထားတာလဲ”
“အိုး မပြောထားပါဘူး။ ခုလည်း မောင်လူ အလကားလာလောင်းပေးတာပါ”
“ဒါဆို မင်းက ဘာကြောင့်ပိုက်ဆံပေးတာလဲ”
“ဪ လက်ဖက်ရည်ဖိုးလောက်ပေးတာပေါ့ ရှင်ကလည်း သူစိမ်းကိုပေးနေတာလည်းမဟုတ်ပဲနဲ့ နေရာတကာ လိုက်လိုက်တိုနေတော့တာပဲ”
“ဟ သူစိမ်းကို ပက်ခနဲပေးပြီး နေ့ကုန်အောင် ခိုင်းလို့ရတယ်။ မင်းသမက်က မနက်ပိုင်းတောင် မကုန်သေးဘူးပြန်သွားတာ။ အလကားဆိုရင် ထမင်းကျွေးလိုက်ရရင်ကို ငါကျေနပ်တယ်။ ခုဟာက မင်းပိုက်ဆံပေးတာကို ငါက ဒီနေ့မှမြင်လို့။ ဘာလဲ စတော်ဘယ်ရီတွေက တော်တော်ကိုထွက်နေလို့ မင်းကပေးနိုင်နေတာပေါ့လေ။ ငါတောင် လက်ဖက်ရည်မသောက်ဘူး။ ဒီမှာ ဒီမှာကြည့်”
မပွေးက ယောင်ယောင်ကန်းကန်းနဲ့ သူပြတာကိုကြည့်တယ်။
“ငါ့အကျီဂုတ်ပိုးပြဲနေတာတောင် အကျီတစ်ထည်ဝယ်မဝတ်ဘူးကွ နားလည်လား။ နောက်ဆို ဆင်ခြင် မင်းလုပ်လို့ မင်းသားသမီးတွေ စည်းပျက် ကမ်းပျက် မထီမဲ့မြင်တွေ လုပ်နေတာ။ ငါ ကြည့်မရတဲ့နေ မင်းရော မင်းသားသမီးတွေရော အကုန်လုံး မလွယ်ဘူးနော”
သူအဲလိုကျိမ်းတော့ မပွေးက ဆောင့်ကြီးအောင့်ကြီးနဲ့
“ရှင်နဲ့ရပြီး မွေးထားတဲ့ သားသမီးတွေမဟုတ်တဲ့အတိုင်းပဲ”တဲ့။
သူကတော့ စိတ်ထဲက
“ငါနဲ့ရတဲ့ကလေးတွေမို့လို့ပေါ့ ငါ ဒီလိုပဲကြည့်နေတာပေါ့ မပွေးရဲ့“လို့ ပြောလိုက်မိသေးတယ်။
(၄)
ရုတ်တရက် ဘီလူးချောင်းရေ ရေကြီးလိုက်တော့ သူတို့ အခြေပျက်သွားတယ်။ နဂိုက စုထားဆောင်းထားတာ မရှိရတဲ့အထဲ စိုက်ထားတဲ့ စတော်ဘယ်ရီပင်တွေ ရက်သားလောက်မှာပဲ ရေမြုပ်သွားတော့ ကူကယ်ရာမဲ့သွားတော့တာပဲ။ ရေကလည်း မိုးဗြဲဆည် ရေထိန်းတံခါးတွေ လျှံတက်လာမှာဆိုးလို့ တစ်နေ့ကို လေးပေဖောက်ချမယ်၊ ခြောက်ပေဖောက်ချမယ်နဲ့ တအိအိ တက်လာလိုက်တာ တစ်ခါမှ မကြုံဖူးတဲ့သူတို့ခြံလေး ရေမြုပ်သွားပါရော။
အပင်လေးတွေရေပြင်ဖွေးဖွေးအောက်မှ မြုပ်နေတော့ သူ ညည အိပ်မပျော်ဘူး။ စတော်ဘယ်ရီဆိုတာကလည်း အချိန်နဲ့အခါနဲ့စိုက်ရပျိုးရတာ။ စိုက်ချိန်နောက်ကျလို့ကတော့ အသီးကမဖြစ် ဈေးကမရတာနဲ့ အရင်းဘယ်ဆီ အမြတ်ဘယ်ဆီကို ခွဲခြားလို့ကိုမရတော့ဘူး။ ခုလည်း ရေမြုပ်နေတာ တစ်လကျော်သွားပြီ။
ရက်ကွက်ထဲမှာတော့ ရေဘေးဒုက္ခသယ်တွေအတွက် ဆန်တွေ၊ ရေတွေ၊လာလှူနေကြတယ်။ မပွေးက နာမည်စာရင်းသွင်းပြီး သွားသွားယူထားတယ်။ သူကမေးတော့
“အခြေအနေက ယူထားမှရှင့်။ လက်ထဲမှ စိုက်စရိတ်လောက်ချန်ထားတာ။ ခုရေကြီးတာနဲ့ပဲ ထုတ်ထုတ်သုံးရင်း ကုန်တော့မယ်။ ခုလို အလှူရှင်တွေ လာလာလှူတဲ့ ဆန်တွေ တစ်နေ့တစ်ပြည်ရရ၊ နှစ်ပြည်ရရ ယူထားမှ ထမင်းတစ်လုပ်အတွက်ရင်အေးရမှာ” တဲ့။
ဟုတ်တယ်။ ခုကို သူတို့ရပ်ကွက်အပြင် နမ့်ကွတ်ရပ်ကွက် ၊မင်းစု ရပ်ကွက်တွေပါ ရေမြုပ်နေတယ်ဆိုတော့ ဒုက္ခသယ် အိမ်ထောင်စုတွေကများတယ်။ သူနေတဲ့ ဒေါနိုးကူးရပ်ကွက်က အလယ်တန်းကျောင်းလေးမှာ ဒုက္ခသယ်စခန်းယာယီဖွင့်ထားတယ်။
သူ့အိမ်က ရေဒူးခေါင်းမကျော်သေးတော့ သွားမနေသေးဘူး။ မပွေးကလည်း ဆန္ဒမရှိဘူး။ ဘာကြောင့်ရယ်မှန်းမသိပေမယ့် သူလည်းမမေးမိဘူး။
အရင်လို ပေါက်ပြားထမ်း ခြံထဲမဆင်းရတော့ သူလည်း ရေဒူးခေါင်းလောက်ထဲဆင်းပြီး ဟိုကမြောလာ၊ ဒီကမြောလာတဲ့ ပလက်စတစ်ဗူးလေးတွေ၊ ရေသန့်ဗူးခွံလေးတွေ၊ ဘီယာ ဗူးခွံလေးတွေကို ဘာရယ်မဟုတ် လိုက်ကောက်နေမိတယ်။
မပွေးလည်း အိမ်ပေါ်မှာ ထိုင်နေရတာ ပျင်းတော့ သူနဲ့အတူ ဘာညာသာရကာဗူးခွံတွေကို လိုက်လိုက်ကောက်နေတာနဲ့ လေးပုံးဝင် ဆာလာအိတ်အဟောင်းတွေနဲ့ ခုနှစ်အိတ်လောက်ကို စုမိ ဆောင်းမိသွားတယ်..။
ဒီလိုနဲ့တစ်နေ့တစ်နေ့ အလှူရှင်ပေးတဲ့ဆန်ယူလိုက်၊ ရေထဲက မြောလာတဲ့ ဗူးခွံတွေကောက်လိုက်နဲ့ မပွေးက ခြံဝကို လည်တမျှော် တဆန့်ဆန့် လုပ်နေတော့တာ။ သူလည်း မပွေးကိုကြည့်မရတော့တာနဲ့…။
“ဘာလဲ မင့်သမီး မင့်သားတွေကိုမမျှော်နေတာမလား”
“မဟုတ်ပါဘူး”
“ငါ့ကိုမလိမ်ချင်စမ်းပါနဲ့ မပွေးရာ၊ ဒါပဲကြည့် အဖေအမေတို့အိမ်လေး ရေနစ်နေတယ်၊ ဒုက္ခရောက်နေတယ်ဆိုတာ မင်းသမီးတွေ သားတွေ မသိပဲနေမှာမဟုတ်ဘူး။ ဒီလောက်တစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ် ညံနေတာ။ ဘယ်မလဲ အကြီးမ၊ အလတ်မ၊ အငယ်ကောင်၊ ဆန်တစ်ပြည်လာပေးလား၊ ဆီအစိတ်သားလာပေးသလား၊ ။ ငါတော့ အလှူရှင်တွေမရှိရင် ထမင်းငတ်မယ်လို့ကိုထင်တယ်။ “
သူအဲလိုပြောတော့မပွေးက
“ရပ်ကွက်ထဲ ဝင်လို့မရလို့မှန်းမှမသိတာ။ ဟိုဘက်ထိပ်ဆိုရင် လူ့တစ်ရပ်မြုပ်နေတာ။ အပြစ်ချည်းတင်မနေပါနဲ့။ နေပါဦးမေးပါရစေဦး။ တော်က တစ်စိတ်ရှိ အဲဒီသားသမီးတွေဆီကပဲ ဘာမှမျှော်လင့်လို့မရတော့တဲ့ ပုံမျိုးပြောနေတယ်။ ကျုပ်ရှင်းရှင်းပဲပြောမယ်။ ကျုပ် လက်ကပေးသော လက်၊ ယူသောလက်မဟုတ်ဘူး။ တကယ်ပဲ။ အဖေတဲ့ မိဘဆိုတာကိုမေ့မေ့နေသလားကို မသိဘူး”
ပြောပြောဆိုုဆိုနဲ့ မျက်စောင်းကို ဒိုင်းခနဲထိုးပြီးတဲထဲဝင်သွားတော့တယ်။
ကျုပ်မျက်စိကတော့ တဲအပေါ်ထုတ်တန်းနဲ့ ရေလွတ်ရုံ ကပ်ရိုက်ထားတဲ့ သစ်သားစင်ထက်က လေးပုံးဝင်ဆာလာအိတ်တွေကို ကြည့်ပြီး
“ရေကျရင် မင်းသား မင်းသမီးတွေ မင်းဆီကို ဆက်ဆက်လာမှာပါကွာ”
လို့ လှမ်းပြောလိုက်ပါသေးတယ်..။
10 comments
Mr. MarGa
October 28, 2013 at 4:10 pm
ရေစိုလက်…..
စိုသော လက် မခြောက်စေနဲ့ ဆိုတဲ့ စကားလေးကို သွား သတိရမိတယ်ဗျာ
မိဘ တွေက မိဘဝတ္တရား ကျေပေမယ့်
သားသမီးတွေ မသိသား ဆိုးဝါးတာကိုမြင်တိုင်း ရင်မှာ မချိဘူး။
စကားမစပ်ဗျာ
ဒါ ဘယ်မဂ္ဂဇင်းမှာ ပါတာလဲ ကိုရင်ရေ
သော်ဇင် (လွိုင်ကော်)
October 29, 2013 at 9:16 am
မဟေသီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၃ မှာပါ ဦးမာဃ ကျေးကျေး
KZ
October 28, 2013 at 5:15 pm
စုန်ရေ ဆိုမှ တော့ စုန် စီး နေရတာပါပဲဗျာ။
သရုပ်ဖော် ကောင်းလှချည့်!
အရိပ်စစ်
October 29, 2013 at 6:19 am
ထိထိ မိမိ လေး…
ခံစားရေးဖွဲ့တတ်လိုက်တာနော်…
MAUNG
October 29, 2013 at 12:08 pm
ရေးတတ်လိုက် တာဗျာ
အိမ် မှာ ကျန်ခဲ့တဲ့ မိဘ တွေ ကိုကွက်ကနဲ ပြေး မြင်မိတယ်
ရွှေမိုးတိမ်
October 29, 2013 at 1:59 pm
ကိုသော်ဇင်ရေ …
ရေစိုလက် လေး အားပေးသွားပါတယ် ။
ရေးတတ်လိုက်တာဗျာ ။
alinsett
October 29, 2013 at 2:26 pm
ကိုသော်ဇင်ရေ..
ထွေထွေထူးထူး… ဝေဖန်ရေးမလုပ်ရဲလောက်အောင်…
ရသမြောက်တဲ ့.. စာမူလေးပါလား..ဗျာ..။
စောင့်မျှော်အားပေးလျက်ပါ..။
kyeemite
October 29, 2013 at 3:16 pm
မဟေသီမဂ္ဂဇင်း၊လို နာမည်ကြီးမဂ္ဂဇင်းကတောင်ဖေါ်ပြခံနေရပြီဆိုတော့
ချီးကျူးပါတယ်ဗျာ…ကိုသော်ဇင်ရဲ့ ဘဝသရုပ်ဖေါ်အရေးအဖွဲ့ကိုလည်းကြိုက်ပါတယ် 🙂
ကျော်စွာခေါင်
October 31, 2013 at 1:02 am
ကိုသော်
တစ်ကယ်ကို ရင်ထဲရောက်အောင် ရေးနိုင်တဲ့ ရေးချက်ပါ..
ဒီပို ့စ်ကို တစ်ကယ် ကြိုက်တယ်..။
ကိုသော်အတွက် ဂုဏ်ယူပါတယ်..။ မဟေသီမှာတောင် ဖော်ပြနေပြီဆိုတော့ ဆက်ရေးပါ..။ အားပေးနေမှာပါ..။
ရေးအားလည်း မကျပါစေနဲ ့..။ ခုပို ့စ်လိုအရေးအသားမျိုးပိုကြိုက်မိတယ်..။
သော်ဇင် (လွိုင်ကော်)
October 31, 2013 at 5:51 pm
ဟုတ်ကိုကျော်
ဆက်ကြိုးစားမယ်ဗျ ကိုကျော့်ကိုလည်း ဘရာဗိုပါလို့ ဂေဇင်စာပေဆုကိုထိုက်ထိုက်တန်တန်ရသွားတာ ဂုဏ်ယူတယ်ဗျာ