ပုလဲတစ်လုံး (အပိုင်း ၆)

သာယာတဲ့ မနက်ခင်း ….

ဒီနေ့ဟာ ကီနို သူ့ရဲ့ပုလဲကို မြို့ထဲမှာ သွားရောင်းမယ့် နေ့ဆိုတာကို ငါးဖမ်းသမားတွေ ၊  ပုလဲငုပ်သူတွေ စသည်ဖြင့် တစ်ရွာလုံး တင်မကဘူး ပုလဲဝယ်တဲ့ တရုတ်ကုန်သည်တွေ၊ ဘုရားကျောင်းရှေ့မှာ တောင်းတဲ့ သူဖုန်းစားတွေပါ  သိကြတယ်။ ပုလဲဝယ်မယ့်ကုန်သည်တွေဟာ ကီနိုလာရောင်းမယ့်အချိန်မှာ ဟိတ်ဟန်ထုတ်ပြီး ဘယ်လိုအမူအရာလုပ်နေရမလဲ ဆိုတာကို စဉ်းစားတွေးတောနေကြတယ်။ အမှန်တကယ်တော့ အဲဒီ ပုလဲဝယ်တဲ့ကုန်သည်တွေဟာ တစ်ဦးချင်းစီ သီးသန့်ပုံစံမျိုး ဟန်ဆောင်ကြပြီး ပုလဲတွေကို မတန်တဆဈေးချိုချိုနဲ့ရအောင် ကြံဖန်ေလေ့ရှိကြတယ်။ တကယ်တော့ သူတို့ရဲ့အထက်မှာ ကုန်သည်တစ်ဦးထဲသာရှိပြီး သူကသာ ကုန်သည်အားလုံးရဲ့အနောက်ကွယ်ကနေ ချုပ်ကိုင်နေတာဖြစ်တယ်။ သူတို့ဟာ ကီနို့ရဲ့ပုလဲအတွက် ဈေးနှုန်းဘယ်လောက်ပေးသင့်သလဲ၊ ဘယ်လို အကြံအဖန်မျိုးလုပ်ရမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စဉ်းစားနေကြတယ်။ အဲဒီမနက်ခင်းမှာ နေဟာ ပူပြင်းတောက် ပနေတယ်။ ကနူးလေတွေဟာ ပင်လယ်ပြင်ကို မထွက်ခွာပဲ ကမ်းခြေမှာပဲ ရှိနေကြတယ်။ သူတို့ဟာ  ဒီကနေ့ ပုလဲငုပ်ဖို့မသွားကြပဲနဲ့ ကီနိုပုလဲသွားရောင်းမှာကို အတူလိုက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်စိတ်နဲ့ အတူလိုက်ဖို့ စောင့်ကြည့်နေကြတယ်။ တဲထဲမှာ မနက်စာ စားနေကြရင်းကနေ သူတို့သာ ကီနိုလို ပုလဲတစ်လုံးရခဲ့မယ်ဆိုရင် ဘာတွေလုပ်မလဲဆို ပြောဆိုနေကြတယ်။ တစ်ယောက်က ..သူသာ ပုလဲရခဲ့မယ်ဆိုရင် ရောမမြို့ကြီးမှာရှိတဲ့ ဘုန်းတော်ကြီးကို လှူဒါန်းလိုက်မယ်တဲ့.. အခြားတစ်ယောက်ကတော့ သူသာဆိုရင်တော့ ဆင်းရဲသူ ဆင်းရဲသားတွေကို ဝေမျှပေးပြီး အလှူအတန်းတွေလုပ်ပစ်လိုက်မယ်တဲ့ …အိမ်နီးချင်းတွေဟာ ကီနိုတစ်ယောက် ပုလဲရောင်းပြီးလို့ ချမ်းသာသွားခဲ့ရင် အရင်လိုပဲ မပြောင်းလဲဖို့ မျှော်လင့်နေကြတယ်။ ကီနိုဟာ သဘောကောင်းတဲ့ လူကောင်းတစ်ယောက်အဖြစ်ကနေ ပုလဲကြောင့် ပြောင်းလဲသွားမှာကို စိုးရိမ်နေကြတယ်။ ကီနိုနဲ့ဂျူနာအတွက်ကတော့ ဒီနေ့ မနက်ခင်းဟာ ကိုရိုတီတိုလေး မွေးလာတဲ့နေ့ပြီးရင် နောက်ထပ် ဘဝနဲ့ချီပြီးအရေးပါတဲ့နေ့တစ်နေ့ပဲ။ ဂျူနာဟာ ကိုရိုတီတိုလေးကို အကောင်းဆုံးဆိုတဲ့ အဝတ်အစားတစ်စုံဝတ်ပေးလိုက်တယ်။ သူမကိုယ်တိုင်လည်း ဆံပင်ကို ဖြီးသင်လိုက်ပြီး အနီရောင်ဖဲပြားနဲ့ချည်လိုက်တယ်။ သူမ လက်ထပ်တုန်းက ဝတ်ဆင်ခဲ့တဲ့ စကပ်ကိုဝတ်ဆင်လိုက်တယ်။ ကီနိုဝတ်ဆင်ထားတဲ့အဖြူရောင်ဝတ်စုံကတော့ ဟောင်းနွမ်းပေမယ့် သန့်ရှင်းနေတယ်။ ကီနိုဟာ စိတ်ထဲကနေတွေးလိုက်တာ.. ဒီကနေ့ဟာ ငါ အဝတ်အစားအဟောင်းတွေဝတ်ဆင်တဲ့နေ့ပဲ။ မနက်ဖြန် ဒါမှမဟုတ် ဒီကနေ့ နေ့ခင်းတောင်မှ အဝတ်အစားအသစ်တွေပဲ ဝတ်ရတော့မယ်…

အိမ်နီးချင်းတွေဟာ သူတို့ရဲ့ အိမ်ပေါက်ကနေ ..ကီနို့အိမ်ဘက်ကို စောင့်ကြည့်နေကြတယ်။ သူတို့ဟာလည်း ကီနိုတို့နဲ့အတူ သွားဖို့ ဝတ်စားပြင်ဆင်ထားပြီးနေကြပြီ။ ဒီလို ကြီးကျယ်တဲ့ အခိုက်အတန့်ကို အတူလိုက်ပါမသွားခြင်းဟာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဂရုမစိုက် မပြသ သလိုဖြစ်မယ်လို့ ယူဆကြတယ်။

ဂျူနာဟာ သူမရဲ့ ပဝါနဲ့ ကိုရိုတီတိုလေးကိုပါ ပါတ်ထားဖို့ သေချာ ပြင်ဆင်ပြီး ခြုံလိုက်တယ်။ ကိုရိုတီတိုလေးရဲ့ ခေါင်းကို အပြင်ဘက်လှမ်းကြည့်လို့ရအောင် ဖော်ထားပေးလိုက်တယ်။ ကီနိုလည်း သူ့ရဲ့ ဦးထုပ်ကို သေချာ ဆောင်းပြီးနောက် ဖိနပ်ပါ စီးလိုက်တယ်။ ပုလဲလုံးကိုတော့ သမင်ရေနဲ့သေချာပါတ်ပြီး သားရေအိတ်ထဲကိုထည့်ပြီး သူ့ရှပ်အကျီရဲ့ အတွင်းအိတ်ထဲကို ထည့်လိုက်တယ်။ သူတို့အားလုံးဟာ သွားဖို့ အဆင်သင့်ဖြစ်နေကြပြီ။

ကီနိုဟာ မျှော်လင့်ချက်အပြည့်အဝနဲ့ အိမ်ကနေခွာဖို့ပြင်ဆင်လိုက်တယ်။ သူ့နောက်မှာတော့ ကိုရိုတီတိုလေးကို ချီပြီး ဂျူနာတစ်ယောက်လိုက်ပါလာတယ်။ မြို့ဆီကို ဦးတည် သွားကြပြီး သူတို့ရဲ့ အိမ်နီးချင်းတွေဟာလည်း သူတို့နဲ့အတူလိုက်ပါလာကြတယ်။ ကီနိုနဲ့အတူ ယှဉ်ပြီးလျှောက်နေတာကတော့ ကီနိုရဲ့ အစ်ကိုဖြစ်တဲ့ ဂျူရန်သောမတ်စ် ပါ …ဂျူရန်ဟာ သူ့ညီဖြစ်တဲ့ ကီနိုကို သတိပေးလိုက်တယ်။

“သူတို့လိမ်တာ မခံရအောင် မင်းသေချာဂရုစိုက်ရမယ်”

“ဟုတ်တယ် ဂရုစိုက်ရမယ်” လို့ ကီနို ပြန်ပြောလိုက်တယ်။

“အခြားနေရာမှာ သွားရောင်းရင် ဘယ်လောက်ရမယ်ဆိုတာ ငါတို့ မသိဘူး ၊ ဒါကြောင့် ပုလဲရဲ့ တန်ကြေးအစစ်အမှန်ကို မသိနိုင်ဘူး။ ဝယ်တဲ့ကုန်သည်တွေ အခြားမှာသွားရောင်းရင် ရမယ့်ဈေးကို ငါတို့မသိဘဲနဲ့ ပုလဲရဲ့တန်ကြေးကို ဘယ်လိုမှ ငါတို့မသိဘူး”

“ဟုတ်တယ် …အဲဒါမှန်တယ် .. ဒါပေမယ့် ..ငါတို့ဘယ်လိုလုပ်သိနိုင်မလဲ .. ငါတို့မှာ အခြားနေရာကို မသွားတတ်ကြပဲ”

ဂျူရန်ဟာ သူ့စကားကို ဆက်လိုက်တယ် …

“မင်းမမွေးခင်တုန်းကပေါ့ ၊ အရှေ့က လူတစ်ယောက်ဟာ ပုလဲရောင်းတဲ့ပိုက်ဆံပိုရဖို့ ကြံစည်စိတ်ကူးတယ်။ တစ်ယောက်ယောက်ကို မြို့တော်ကြီးဆီကို တိုက်ရိုက်လွှတ်ပြီးရောင်းခိုင်းမယ်..နောက် သူ့ကို ရောင်းရတဲ့အမြတ်ထဲက ဝေစုခွဲပေးမယ်လို့ ကြံစည်ကြတယ်။

ကီနိုဟာ ခေါင်းငြိမ့်ပြပြီး ပြောလိုက်တယ်။

“ဟုတ်တယ် ၊ အဲဒါ အကြံကောင်းပဲ”

ဂျူရန် ဆက်ပြောတယ်..

“သူတို့ စေလွှတ်မယ့် လူရှာတွေ့ကြတယ် ။ သူတို့အားလုံးဟာ ရှာလို့ရတဲ့ပုလဲတွေအားလုံးကို အတူစုပြီး အဲဒီလူကို မြို့ကိုသွားရောင်းဖို့ လွှတ်လိုက်ကြတယ်။ ဒါပေမယ့် အဲလူဟာ သတင်းအစအနမရတော့ပဲ ပုလဲတွေနဲ့အတူ ပျောက်ကွယ်သွားတော့တယ်။ ဒါနဲ့ နောက်ထပ် တစ်ယောက်ကို ထပ်လွှတ်လိုက်တယ်။ ဒါပေမယ့် ရှေ့တစ်ယောက်နဲ့နည်းတူ အစအနပျောက်ကွယ်သွားတယ်။ ဒါကြောင့် သူတို့ဟာ နောက်ထပ်ဘယ်သူ့ကိုမှ ထပ်မလွှတ်ရဲတော့ပဲ လမ်းဟောင်းအတိုင်းပဲ ဒီ မြို့လေးမှာပဲ ရသမျှနဲ့ရောင်းနေကြရတော့တယ်။

“ငါသိတယ်.. အဖေပြောပြဖူးတယ်။ တကယ်တော့ အဲဒါဟာ ဘာသာတရားနဲ့ဆန့်ကျင်ပေမယ့် သိပ်ကောင်းတဲ့အကြံပဲ။ နောက် အဖေပြောတာကတော့ ပျောက်ဆုံးသွားတဲ့ပုလဲတွေရဲ့ ပိုင်ရှင်တွေဟာ ရွာကိုစွန့်ခွာဖို့ ကြံစည်တဲ့အတွက် အပြစ်ပေး ဒဏ်ခတ်ခံရတာလို့ ပြောတယ်။ တကယ်တော့ ငါတို့လူသားတွေဟာ စစ်သားများလိုပဲ ..ဘုရားသခင်က ကမ္ဘာလောကကြီးရဲ့ သက်ဆိုင်ရာ နေရာတွေမှာ စောင့်ရှောက်ဖို့ ဖန်ဆင်းပေးခံထားရတာ။ ။တချို့က ကောင်းမွန်တဲ့နေရာမှာဖြစ်ချင်ဖြစ်မယ် ၊ တစ်ချို့က ဆိုးဝါးတဲ့နေရာမှာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် လူတိုင်းဟာ ကိုယ်ကျရာနေရာမှာနေထိုင်ပြီး ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ရမယ်။ မဟုတ်ရင်တော့ ..အပြစ်ပေးခြင်းကို ခံရမယ်လို့ အဖေက ပြောဖူးတယ်။

“အဖေ အဲလို ကြေငြာဖူးတာကို ငါသိတယ်၊ သူဟာ နှစ်စဉ်နှစ်တိုင်း အဲဒီလိုပြောနေကြပဲ”

ညီအစ်ကိုနှစ်ယောက် လမ်းလျှောက်ရင်းနဲ့ပဲ မျက်လုံးကို အနည်းငယ် စောင်းမြောင်း ထားကြတယ်။ အဲဒီအမူအရာ ဘယ်ကစသလဲဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း လေးရာကျော်ကထဲက သူတို့ ဘိုးဘေးဘီဘင်တွေလက်ထက် လူစိမ်းတွေနဲ့ တိုက်ခိုက်ကြလို့ နောက်ဆုံး အစိုးရအဖွဲ့မှ သေနတ်ကိုင်ပြီး နှစ်ဖက်လုံးကို ဖြန်ဖြေပေးကြရတယ်။ ဒီ နှစ်ပေါင်းလေးရာကျော်အတွင်းမှာ ကီနိုတို့လူမျိုးစုဟာ ခုခံကာကွယ်မှုတစ်မျိုးထဲပဲ တတ်မြောက်ကြတယ်။ အဲဒါကတော့ မျက်စိကိုစွေ ၊ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ငြိမ်သက်နေတာပဲ။ ယခုလက်ရှိ အဖြစ်အပျက်ဟာ အားလုံးအတွက် တကယ့်ကို အရေးကြီးပြီး ကြီးကျယ်ခမ်းနားတဲ့ နေ့ပဲဖြစ်တယ်။ အငြင်းပွားရန်ဖြစ်နေတဲ့ကလေးတွေ ၊ အော်ဟစ်နေတဲ့ကလေးတွေ၊ ငိုနေတဲ့ကလေးတွေ အားလုံးဟာ လူကြီးတွေက အော်ငေါက်ပြီး ငြိမ်သက်စေ ကြတယ်။ အဖိုးကြီးတစ်ယောက်ဟာလည်း ဒီလိုနေ့ထူးကို စောင့်ကြည့်ဖို့အတွက် သူ့တူရဲ့ ပုခုံးထက်မှာ ထိုင်ပြီး ရောက်လာကြတယ်။ လူအုပ်စုကြီးဟာ တဲလေးတွေကိုကျော်လာပြီး ကျောက်ခင်းလမ်းတွေရှိတဲ့ မြို့ အစကိုရောက်ရှိလာကြတယ်။ ဘုရားကျောင်းကို ဖြတ်တဲ့အချိန်မှာတော့ သူဖုန်းစားအုပ်စုဟာလည်း သူတို့နဲ့အတူလိုက်ပါလာကြတယ်။ လမ်းဘေးက ဈေးသည်တွေဟာလည်း လူအုပ်စုကို စိတ်ဝင်တစားနဲ့ လှမ်းကြည့်နေကြတယ်။ ဆံပင်ညှပ်ဆိုင်ရှင်တစ်ချို့ဟာလည်း ဆိုင်ကိုပိတ်ပြီး သူတို့နဲ့အတူ လိုက်လာကြတယ်။ လူအုပ်စုဟာ တဖြေးဖြေးနဲ့ မြို့ထဲကိုရောက်ရှိလာကြတယ်။ ပုလဲဝယ်သူတွေဟာလည်း သူတို့ရဲ့ မှောင်မည်းတဲ့ အခန်းကျဉ်းလေးထဲမှာ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြတယ်။ သူတို့ဟာ စာရွက်စာတမ်းတွေ စားပွဲအရှေ့မှာထားထားပြီး ကီနိုရောက်လာချိန်မှာ အလုပ်လုပ်နေတဲ့ဟန်မျိုး ဖမ်းထားကြတယ်။ သူတို့ဟာ သူတို့ရဲ့ ခပ်ညံ့ညံ့ပုလဲတွေကိုတော့ စားပွဲခုံထဲကို ထည့်သိမ်းထားကြတယ်။ ဘာလို့လည်းဆိုတော့ ဒါမှသာလျှင် ကီနိုရဲ့ပုလဲဟာ ပုလဲညံ့တွေအလည်မှာ သိပ်ပြီးထင်ရှားတောက်ပ မနေမှာဖြစ်တယ်။ ပုလဲဝယ်သူတွေရဲ့ ရုံးဟာ ကျဉ်းမြောင်းတဲ့ လမ်းကျဉ်းလေးထဲမှာပဲ တန်းစီရှိကြပြီး ပြတင်းပေါက်တွေကို ကာရံထားကြတဲ့အတွက် နေရောင်ဖျော့ဖျော့လေးသာ အခန်းထဲကို ကျရောက်နေတယ်။

ခပ်တောင့်တောင့်လူတစ်ယောက်ဟာ ရုံးခန်းထဲမှာ ထိုင်စောင့်နေတယ်။ သူ့မျက်နှာဟာ ကြင်နာတတ်တဲ့အနေအထားမျိုးရှိပြီး မျက်ဝန်းအစုံကတော့ ရင်းနှီးဖော်ရွှေတဲ့ပုံစံနဲ့ တောက်ပနေကြတယ်။ တကယ်တော့သူဟာ လူရည်လည်တစ်ယောက်ဖြစ်ပြီး ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြစ်တယ်။ ဝမ်းနည်းစိတ်မကောင်းဖြစ်နေသူကို ရယ်စရာဟာသတွေပြောပြီး နှစ်သိမ့်နိုင်သလို ရယ်ရင်းတန်းလန်းမှာပဲ ဆုံးသွားတဲ့ အဒေါ် အကြောင်းစကား စလို့ မျက်ရည်ကျနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်တယ်။ ဒီနေ့မနက်ခင်းမှာ သူဟာ စားပွဲပေါ်မှာ ပန်းအိုးတစ်အိုးကို ထိုးထားလိုက်တယ်။ ပန်းအိုးရဲ့နံဘေးမှာတော့ ကတ္တီပါအခင်းတစ်ခု ချထားတယ်။ သူရဲ့ မုတ်ဆိတ်မွှေးရိတ်ထားတဲ့ မေးစေ့ဟာ စိမ်းမြမြ အရောင် သန်းနေပြီး လက်တွေဟာ သန့်ရှင်းနေတဲ့အပြင် လက်သည်းအစုံဟာလည်း တောက်ပနေအောင် သန့်စင်ထားတယ်။ မနက်စောစောမှာ သူဟာ သီချင်းညည်းရင်း ဆိုင်ဖွင့်လေ့ရှိတယ်။ သူဟာ အကြွေစေ့ကို လက်ထဲမှာဖမ်းလိုက်ပစ်လိုက်နဲ့ မြှောက်ကစားလေ့

ရှိတယ်။ ကြည့်စရာတောင်မလိုဘဲ လက်တွေဟာ အလိုအလျောက်ဖမ်းဆုပ်နိုင်တယ်။ သူဟာ တံခါးပေါက်ကနေ မျှော်ကြည့်နေရင်းကနေ နီးကပ်လာတဲ့ လူအုပ်စုရဲ့ခြေသံကိုကြားရတယ်။ ဆော့ကစားနေတဲ့ သူ့ရဲ့ ညာဘက်လက်ဟာ မြန်သထက် ပိုမြန်လာပြီး ကီနိုတံခါးပေါက်ရောက်လာတဲ့ အချိန်မှာတော့ အကြွေစေ့ကို ကစားနေရာကနေ သိမ်းလို်က်တယ်။

“မင်္ဂလာနံနက်ခင်းပါ သူငယ်ချင်း, ငါဘာများ ကူညီရမလဲ” လို့ မေးလိုက်တယ်။

ကီနိုဟာ မှောင်မဲမဲ ရုံးခန်းထဲကိုလမ်းကြည့်လိုက်တယ်။ သူ့ရဲ့မျက်လုံးအစုံဟာ အပြင်က အလင်းရောင်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့် ပုလဲဝယ်သူရဲ့မျက်လုံးအစုံကတော့ ကောက်ကျစ်စဉ်းလဲနေပြီး မျက်နှာတစ်ခုလုံးကတော့ ပြုံးရယ်နေတယ်။ စားပွဲခုံအောက်က သူ့ရဲ့လက်အစုံကတော့ လျို့ဝှက်စွာနဲ့ အကြွေစေ့ကိုလှည့်ပတ်ကစားနေတယ်။

“ငါ့မှာ ပုလဲတစ်လုံး ရောင်းစရာရှိတယ်”

ဂျူရန်ဟာ ကီနိုရဲ့ဘေးနားမှာရပ်နေပြီး အိမ်နီးချင်းတွေကတော့ တံခါးပေါက်ကနေ လှမ်းမျှော်နားစွင့်နေကြတယ်။ ကလေးတစ်ချို့ဟာ ပြတင်းပေါက်ကနေ တန်းစီပြီး လှမ်းကြည့်နေကြသလိုပဲ ကီနိုရဲ့ အနောက်ကနေ ခြေထောက်ကြားကနေ လှမ်းချောင်းကြည့်နေတဲ့ ကလေးတွေလည်း မနည်းဘူး။

“မင်းမှာ ပုလဲတစ်လုံးရှိတယ် ..ဟုတ်လား..တချို့ဆိုရင် တစ်ဒါဇင်မက လာရောင်းကြတယ်။ ကောင်းပြီလေ.. မင်းရဲ့ပုလဲကို အရင်ကြည့်ရအောင်၊ တန်ဖိုးဖြတ်ပြီး မင်းကို ဈေးအမြင့်ဆုံးပေးမယ်” လို့ပြောလိုက်တယ်။ စားပွဲအောက်က ဆော့ကစားနေတဲ့လက်ကတော့ စိတ်လှုပ်ရှားမှုနဲ့ပိုပြီးမြန်ဆန်လာတယ်။ ကီနိုဟာ သူ့ရဲ့ သားမင်သရေအိတ်ထဲက အိတ်ကလေးကို သေချာဂရုတစိုက်ထုတ်ယူလိုက်ပြီး ပုလဲဝယ်သူရဲ့ ကတ္တီပါ ဗန်းထဲကိုထည့်လိုက်ရင်းကနေ ဝယ်သူရဲ့မျက်နှာကို လှမ်းအကဲခတ်လိုက်တယ်။ ဒါပေမယ့် ဝယ်သူရဲ့မျက်နှာမှာတော့ ဘာလှုပ်ရှားမှု ပြောင်းလဲမှုမှ မတွေ့ရပဲ နဂိုအတိုင်းပဲရှိနေတယ်။ ဒါပေမယ့် ကီနိုမမြင်နိုင်တဲ့ စားပွဲအောက်က သူ့ရဲ့လက်အစုံကတော့ ဖြန့်လျက်သားဖြစ်သွားပြီး အကြွေစေ့ဟာ လက်ထဲက လွှတ်ကျသွားတယ်။ အကြွေစေ့ဟာ တိတ်တဆိတ်လှိမ့်သွားပြီး ကြမ်းကြားထဲကိုကျပြီး ပျောက်ကွယ်သွားတယ်။ နောက် ပြန့်နေတဲ့လက်အစုံဟာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးဆုပ် အဖြစ် ပြောင်းသွားတယ်။ ဖွက်ထားတဲ့ ညဘက်လက်ကို ထုတ်လိုက်ပြီး လက်ချောင်းထိပ်တွေနဲ့ ပုလဲကို လှည့်ပတ်ထိကစားလိုက်တယ်။ နောက် ..ပုလဲကို လက်နှစ်ချောင်းနဲ့ညှပ်ယူလိုက်ပြီး မျက်လုံးအနားထိ တိုးကပ်ကြည့်လိုက်တယ်။ ကီနိုတင်မက အိမ်နီးချင်းတွေပါ အသက်ရှူဖို့ မေ့နေကြတယ်။ နောက် တီးတိုးတီးတိုးသံတွေပေါ်ထွက်လာတယ်။

“ပုလဲကို စစ်ဆေးနေပြီ။ ဘယ်လောက်တန်လဲဆိုတာမပြောသေးဘူး၊ ဈေးမခေါ်သေးဘူး”

ဝယ်သူရဲ့လက်အစုံဟာ ပုံမှန်အနေအထားကို ပြန်ရောက်ရှိလာတယ်။ လက်အစုံဟာ ပုလဲကို ဗန်းထဲကိုပြန်ထည့်လိုက်ပြီး လက်ထိပ်နဲ့ တို့လိုက်တယ်။ သူ့ရဲ့မျက်နှာမှာတော့ ဝမ်းနည်းတဲ့ပုံစံနဲ့ အထင်သေးတဲ့ မဲ့ပြုံးပြုံးထားတယ်။

“စိတ်မကောင်းပါဘူးကွာ ..” လို့ပြောပြီး ဒီလို ဖြစ်သွားရတာ သူ့အမှားမပါပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပုခုံးကို တွန့်ပြလိုက်တယ်။

“အဲဒီပုလဲဟာ အရည်အသွေးကောင်းမွန်တဲ့ပုလဲ” လို့ ကီနိုက ပြန်ပြောတယ်။

ဝယ်သူဟာ ဗန်းထဲက ပုလဲကို ရှေ့တိုးနောက်ငင် လက်နဲ့ထိကစားလိုက်ပြီး

“မင်း ရွှေတုံးအတုဆိုတာ သိတယ်မဟုတ်လား၊ ဒီပုလဲဟာ တကယ်တော့ အဲလိုပဲ။ အရမ်းကြီးပေမယ့် ဘယ်သူမှ မဝယ်ဘူး။ ဈေးကွက်မှာ ဒါမျိုးတွေအတွက် ဈေးကွက်မရှိဘူး”

ကီနိုရဲ့မျက်နှာဟာ ဒေါသနဲ့ခက်ထန်လာပြီး စိုးရိမ်စိတ်နဲ့ပါ ဖုံးလွှမ်းနေတယ်။

“ဒီပုလဲဟာ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးပုလဲ ၊ ဘယ်သူမှ ဒါမျိုးပုလဲကို မမြင်ဖူးဘူး”

“ဆန့်ကျင်ဘယ်အနေနဲ့ကတော့ ပုလဲဟာ ကြီးမားတာကလွဲလို့ ညံ့ဖျင်းတဲ့ပုလဲသာဖြစ်တယ်။ ဒါပေမယ့် တစ်ချို့ ပြတိုက်တွေကတော့ ပြတိုက်မှာထားဖို့ ဝယ်ချင်ဝယ်ကြလိမ့်မယ်။  ဒီတော့ ငါမင်းကို ငွေ တစ်ထောင် ပေးနိုင်တယ်”

ကီနိုရဲ့မျက်နှာတစ်ခုလုံးဟာ မည်းမှောင်သွားပြီး ရန်လိုတဲ့အရိပ်အယောင်တွေပြည့်နှက်သွားတယ်။

“အဲဒီပုလဲဟာ ငါးသောင်း မက တန်တယ်ဆိုတာ မင်းသိတယ်။ မင်းငါ့ကိုလိမ်တာ”

ပုလဲဝယ်သူဟာ လူအုပ်ကြီးစီက သူပေးတဲ့ဈေးကြားတဲ့အခါမှာ ထွက်လာတဲ့ ကန့်ကွက်သံတွေကိုကြားတဲ့အခါမှာတော့ သူဟာ အနည်းငယ်ကြောက်လန့် တုန်လှုပ် သွားတယ်။

“ငါ့ကိုအပြစ်မတင်နဲ့၊ ငါက တကယ်တော့ ရာဖြတ် တစ်ယောက်ပဲ။ မင်းအခြားဝယ်သူတွေကို သွားပြလို့ရတယ်။ သူတို့ကို ဒီလာခိုင်းလိုက်တာပဲကောင်းပါတယ်။ ဒါဆို မင်း သံသယမဖြစ်တော့ဘူးပေါ့။”

“ကောင်လေး ..လာဦး” လို့ သူလှမ်းခေါ်လိုက်တယ်။ သူ့ရဲ့အစေခံဝင်လာတဲ့အခါမှာတော့ သူဟာ အပေါက်ဝကိုလှမ်းကြည့်လိုက်ပြီး

“အရှေ့က ကုန်သည်တွေရဲ့ ရုံးကိုသွား၊ ငါကခေါ်ခိုင်းတယ်လို့ ၊ ငါ့ရုံးကိုခဏလာခဲ့ပါလို့ပြော၊ ဘာကြောင့်လဲဆိုတာကို သူတို့ကိုမပြောနဲ့၊ ငါက တွေ့ချင်လို့ ခေါ်ခိုင်းတာလို့ပဲပြော” လို့ဆိုပြီးလွှတ်လိုက်တယ်။ သူ့ရဲ့ညာဘက်လက်ဟာ စားပွဲခုံအောက်ကိုပြန်လည်ရောက်သွားပြီး အိမ်ထောင်ထဲက နောက်ထပ်အကြွေစေ့တစ်စေ့ကိုထုတ်ပြီး ရှေ့နောက်လှည့်ပတ်ကစားနေတယ်။

ကီနို့ရဲ့ အိမ်နီးချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်တီးတိုးပြောဆိုနေကြတယ်။ သူတို့ကြောက်ရွံခဲ့ကြတဲ့အဖြစ်အပျက်ဟာတကယ်ဖြစ်လာပြီ။ အဲဒီပုလဲဟာ ကြီးမားပေမယ့် ထူးဆန်းတဲ့အရောင်တွေသန်းနေတယ်။ အဲဒါကို ပထမမြင်ကထဲက ပုလဲရဲ့တန်ဖိုးကို သူတို့သံသယဖြစ်နေကြတယ်။ သူတို့လို ဆင်းရဲသားတွေအတွက်တော့ တစ်ထောင်ဆိုတဲ့ပိုက်ဆံဟာ တော်တော်များနေပြီ။ကီနိုကို ပေးတဲ့တစ်ထောင်ကို ယူစေချင်ကြတယ်။ ဒါပေမယ့် ကီနိုဟာ စိတ်မာပြီး ခက်ထန်လာတယ်။ သူဟာ ကံတရားရဲ့လျို့ဝှက်မှုကို ကြက်သီးထလာမိတယ်။ သူဟာ မကောင်းဆိုးဝါးတစ်ကောင်သူ့ကို နှောင့်ယှက်နေပြီး သူဟာ သူ့ကိုယ်သူအကာအကွယ်မဲ့နေသလိုခံစားနေရတယ်။ မကောင်းတဲ့အငွေ့အသက်တွေကိုလည်း သူဟာခံစားနေရတယ်။ တံခါးပေါက်မှာ ပိတ်နေတဲ့လူအုပ်ကြီးဟာ အနည်းငယ်ရှဲသွားပြီး သူတို့ကြားထဲကနေ အခြားပုလဲဝယ်သူသုံးဦးဟာ လှမ်းဝင်လာကြတယ်။ လူအုပ်ကြီးရဲ့အသံတွေဟာ တိတ်ဆိတ်သွားပြီး စကားလုံးတိုင်းကို နားစွင့်နေကြပြီး အမူအရာတွေကို အကဲခတ်နေကြတယ်။ ကီနိုဟာလည်း တိတ်ဆိတ်သွားပြီး စောင့်ကြည့်နေတယ်။ သူဟာ ရုတ်တရက်မောပန်းမှုကိုခံစားလာရပြီး ဂျူနာ့ဘက်ကိုလှမ်းကြည့်လိုက်တယ်။ နောက် အဝေးကိုမျှော်ကြည့်လိုက်ပြီး ပြန်လှည့်လာတဲ့အချိန်မှာတော့ သူ့မျက်နှာတော့ သူ့မျက်နှာဟာ အားအင်အသစ်နဲ့ တောက်ပနေတယ်။ ဝယ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက်တင်မက ပုလဲကိုယောင်လို့တောင်မှ လှမ်းမကြည့်ကြဘူး။ စားပွဲခုံအနောက်က ဝယ်သူက အခြားဝယ်သူတွေကိုလှမ်းပြောလိုက်တယ်။

“ငါ ဒီပုလဲကို ဈေးဖြတ်လိုက်တာကို ..ပိုင်ရှင်က ငါပေးတဲ့ဈေးဟာ မတရားဘူး မတန်ဘူးလို့ထင်နေတယ်။ ဒါကြောင့် မင်းတို့ကို ဈေးပေးကြည့်ဖို့ ခေါ်လိုက်တာ။ ဒီဟာပဲ..အဲဒီပုလဲပဲ ..ဈေးပေးကြည့်ကြပါဦး”

“မြင်လား၊ ငါဘယ်လောက်ပေးသလဲဆိုတာ ငါသူတို့ကိုမပြောဘူးနော်” လို့ ကီနိုကိုလှမ်းပြောလိုက်တယ်။

ပထမဆုံးဝယ်သူဟာ ခုမှ ပုလဲကိုမြင်ပုံနဲ့ ကောက်ယူလိုက်ပြီး လက်ကြားထဲမှာ လှည့်ပတ်ပြီးကြည့်လိုက်တယ်။ နောက် စိတ်ပျက်လက်ပျက်အမူအရာနဲ့ ဗန်းထဲကိုပြန်ထည့်လိုက်တယ်။

“ငါ့ကို ဈေးဖြတ်ရမယ့် အုပ်စုထဲ မထည့်နဲ့၊ ငါ ဒီပုလဲအတွက် တပြားမှ မပေးနိုင်ဘူး။ အဲဒါကိုငါမလိုချင်ဘူး၊ ဒါက ပုလဲမှ မဟုတ်ဘဲ၊ ကြည့်ရတာ မသတီဘူး” လို့ သူ့ရဲ့ ပါးလှပ်တဲ့ နှုတ်ခမ်းကို တွန့်ပြပြီးပြောလိုက်တယ်။

နောက်ထပ် ဒုတိယဝယ်သူခပ်ငယ်ငယ် တိုးသဲ့သဲ့အသံနဲ့လူဟာ ပုလဲကိုယူလိုက်ပြီး သေချာဂရုတစိုက်ကြည့်လိုက်တယ်။ နောက် အိတ်ထဲက မှန်ဘီလူးကိုထုတ်ယူလိုက်ပြီး သေသေချာချာ ထပ်ကြည့်လိုက်တယ်။ နောက် တိုးတိုးရယ်လိုက်တယ်။

“အရည်အသွေးကောင်းတဲ့ပုလဲဆိုတာ ဒါမျိုးမဟုတ်ဘူး။ ဒီဟာက ပျော့စိစိနဲ့ ဖြူရော်ရော်နဲ့။ လအနည်းငယ်ကြာရင် သူ့ရဲ့အရောင်ဟာ လွင့်သွားမှာ။ သူဟာ မှန်ဘီလူးကို ကီနို့ကိုပေးလိုက်ပြီး ဘယ်လိုကြည့်ရတယ်ဆိုတာ ပြလိုက်တယ်။ ကီနိုဟာ တစ်ခါမှ မမြင်ဖူးတဲ့ ပုလဲရဲ့ မျက်နှာပြင်အရည်အသွေးကိုကြည့်ပြီး အံ့ဩနေတယ်။ တတိယမြောက်ဝယ်သူဟာ ကီနို့ရဲ့လက်ထဲကပုလဲကိုယူလိုက်တယ်။

“ငါ့ ကုန်သည်တစ်ယောက်က ဒါမျိုးကြိုက်တတ်တယ်။ ငါ ၅၀ဝ ပေးမယ်၊ ဒါဆို ငါသူ့ကို ၆၀ဝလောက်နဲ့ပြန်ရောင်းလို့ရမှာပါ” လို့ပြောလိုက်တယ်။

ကီနိုဟာ တတိယကုန်သည်အနားကို အမြန်ရောက်သွားပြီး သူ့လက်ထဲက ပုလဲကိုလုယူလိုက်ပြီး သမင်ရေနဲ့ပတ်ပြီး သူ့ရဲ့အိတ်ထဲကိုပြန်ထည့်လိုက်တယ်။ နောက် စိတ်ချရတဲ့ သူ့အကျီရဲ့ အိတ်ထောင်အတွင်းထဲကိုထည့်သိမ်းလိုက်တယ်။

“ငါက အရူးပဲ၊ ငါသိပါတယ်၊ ဒါပေမယ့် ဒါက ဈေးဦးပေါက်မို့လို့ ငါက ၁၀၀ဝ ပေးတာ။ မင်းဘာလုပ်နေတာလဲ” လို့ ပုလဲကို ပြန်သိမ်းနေတဲ့ ကီနိုကို ခုံအနောက်က လူက လှမ်းမေးလိုက်တယ်။

“ငါ လိမ်ခံနေရတာ” လို့ ကြောက်မက်ဖွယ်အသံနဲ့ ကီနိုအော်လိုက်တယ်။

“ငါ့ပုလဲကို ဒီနေရာမှာမရောင်းတော့ဘူး၊ ငါဟာငါ မြို့ကို တက်ရောင်းမယ်”

ဝယ်သူတွေဟာ အချင်းချင်း လှမ်းကြည့်လိုက်ကြတယ်။ သူတို့လုပ်တာ အရမ်းလွန်တယ်ဆိုတာသူတို့သိတယ်။ သူတို့ရဲ့ မအောင်မြင်မှုအတွက်သူတို့အပြစ်ပေးခံရမှာကိုစိုးရိမ်လာကြတယ်။ စားပွဲခုံအနောက်က လူက အမြန်ပြောလိုက်တယ်။

“ငါ တစ်သောင်းခွဲတော့ ပေးနိုင်တယ်”

သို့သော်လည်း ကီနိုဟာ လူစုလူဝေးကြားထဲကနေ ရောက်နေပြီ။ ကီနိုဟာ ဒေါသထွက်လွန်းလို့ သွေးတွေဆူပွက်နေပြီး ထွက်သွားသလို ဂျူနာဟာလည်း သူ့အနောက်ကနေခြေလှမ်းစိပ်စိပ်နဲ့ လိုက်ပါသွားတယ်။ ညနေရောက်တဲ့အချိန်မှာတော့ အိမ်နီးချင်းတွေဟာ တဲအိမ်လေးထဲမှာ စားသောက်နေကြရင်းနဲ့ မနက်ကအဖြစ်အပျက်အကြောင်းကို စကားစမြည်ပြောဆိုနေကြတယ်။ အဲဒီပုလဲဟာ တကယ်ကောင်းမကောင်းဆိုတာ သူတို့ မသိပေမယ့် အဲဒီလိုပုလဲမျိုး သူတို့ တစ်ခါမှမမြင်ဘူးတာအမှန်ပဲ။ နောက် .. ပုလဲရဲ့ တန်ကြေးကို ပုလဲဝယ်သူတွေက ပိုသိမှာပဲတဲ့..

“ဝယ်သူတွေဟာ ဒီပုလဲရဲ့အကြောင်းကို မပြောကြဘူး၊ သုံးယောက်လုံး ဟာ ဒီပုလဲ ဟာ တန်ဖိုးမရှိဘူးဆိုတာသိကြတယ်၊ ဒါမှမဟုတ် ..ကြိုတင်ကြံစည်ထားကြသလား၊ ဒါဆိုရင်တော့ ငါတို့တွေဟာ တစ်ဘဝလုံးစာ အလိမ်ခံနေကြရတာပဲ”

သူတို့အချင်းချင်းဟာ ပုလဲရဲ့အကြောင်းကိုပြောနေကြရင်း အချို့ကတော့ ကီနိုဟာ ပေးတဲ့ ပိုက်ဆံ ထောင် အနည်းငယ်ကိုယူသင့်တယ်လို့ ဆိုကြတယ်။ ဒီလောက်များများပိုက်ဆံကို သူ့တစ်ဘဝလုံး တစ်ခါမှ မကိုင်ဖူးဘူး။ မြို့တော်ကိုသွားပြီး ပုလဲဝယ်သူရှာမယ်ဆိုတာ တကယ်တော့ ကီနိုအတွက် မိုက်မဲလွန်းရာကျတယ်။ သူဟာ ဒီရွာကလွဲပြီး ဘယ်ကိုမှ သွားဖူးတာမဟုတ်ဘူး။ တချို့ကကျတော့လည်း ခုဆိုရင် ကီနိုဟာ ပုလဲဝယ်သူတွေကို ဒေါသထွက်စိတ်ပျက်အောင်လုပ်လိုက်မိပြီ။ သူတို့ဟာ ကီနို့ဆီက ပစ္စည်းဆို ဘယ်တော့မှ ဝယ်ချင်မှာမဟုတ်တော့ဘူး။ တကယ်တော့ ကီနိုဟာ ကိုယ့်သေတွင်းကိုယ်တူးတာပဲတဲ့…

တချို့ကျတော့လည်း ကီနိုဟာ တကယ်ကို သတ္တိရှိ ရဲရင့်ပြီး ကြောက်စရာကောင်းတယ်။ သူလုပ်တာမှန်တယ်။ သူခုလိုလုပ်လိုက်တာ နောင်ဆို သူတို့ရွာသားတွေအတွက် အကျိုးအမြတ်ဖြစ်လာဖို့ချည့်ပဲ။ ဒီလူတွေကတော့ ကီနို့အတွက် ဂုဏ်ယူကြတယ်။ အိမ်ထဲမှာတော့ ကီနိုဟာ မြက်ဖျာပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အပြင်ကို ငေးကြည့်ပြီးတွေးတောနေတယ်။ သူဟာ သူ့ရဲ့ ပုလဲကို အိမ်ထဲက မီးဖိုနားက ကျောက်တုံးအောက်မှာ မြုပ်ပြီးဖွက်ထားလိုက်ပြီးပီ။ သူ့ရဲ့ မျှော်လင့်ချက်ကမ္ဘာဟာ ပြိုကွဲပျက်စီးသွားပြီး သူဟာ နောက်ထပ် ဆက်လုပ်ရမယ့် အရာကို မတွေးတောနိုင်ဖြစ်နေတယ်။ နောက်ပြီး သူဟာ ကြောက်ရွံ့မှုကို ခံစားနေရတယ်။ သူ တစ်ခါမှ အိမ်နဲ့ဝေးဝေးကို မသွားဖူးဘူး။ နောက်ပြီး သူဟာ တစ်ခါမှ မရောက်ဖူးတဲ့နေရာတွေအပြင် သူစိမ်းတွေကိုပါ ကြောက်တယ်။ အဲဒီ သူတို့ခေါ်ကြတဲ့ မြို့ ဆိုတာကို သူမသွားရဲဘူး။ ဒါပေမယ့် သူ ကြံစည်ထားတဲ့ဟာ ပျက်စီးသွားပြီ။ အဲဒီတော့ သူ့မှာ ရွေးစရာလမ်းမရှိတော့ဘူး။ သူ့ရည်မှန်းချက် အကြံအစည်အတိုင်းသူ ဖြစ်အောင်လုပ်မယ်။ သူ့ရဲ့ အနာဂတ်အိပ်မက်ဟာ ဘယ်လိုမှ ဖျက်စီးလို့ မရနိုင်ဘူး။ ဒီတော့ ငါ သွားမယ်…

ကီနို ပုလဲကို ဖွက်နေတာကို ဂျူနာဟာ ကိုရိုတီတိုလေးကို ပြုစုပေးရင်းကနေ ကြည့်နေတယ်။ နောက်သူမဟာ ညစာအတွက်ပြင်ဆင်လိုက်တယ်။ ကီနိုရဲ့အစ်ကို ဂျူရန်ဟာ ကီနို့ဆီကိုရောက်လာပြီး ကီနို့ဘေးက မြက်ဖျာပေါ်မှာ သူနဲ့အတူတူဆောင့်ကြောင့်ထိုင်လိုက်တယ်။ နှစ်ယောက်လုံးဟာ ဘာမှ မပြောဘဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေကြတယ်။ နောက်ဆုံးမှာတော့ ကီနိုဟာ သူ့အစ်ကိုကို မေးလိုက်တယ်။ “ငါဘာလုပ်ရမလဲ ..ဘာဆက်လုပ်သင့်သလဲ၊ သူတို့ဟာ လူလိမ်တွေ”

ဂျူရန်ဟာ ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်တယ်။ သူဟာ အကြီးဖြစ်တဲ့အတွက် ကီနိုဟာ သူ့ဆီက အကြံဉာဏ်ကိုတောင်းခံတာဖြစ်တယ်။

“တကယ်တော့ ငါတို့ဟာ တစ်သက်လုံး သူတို့အလိမ်ကိုခံနေရတယ်။ ဒါပေမယ့် ငါတို့ ဆက်လက်ရှင်သန်နိုင်တုန်းပဲ။ မင်းဟာ တကယ်တော့ ပုလဲဝယ်သူတွေကို ဆန့်ကျင်ခဲ့တာမဟုတ်ဘူး ..သူတို့ရဲ့ လမ်းစဉ်ကိုပါဆန့်ကျင်ခဲ့တာ ..ငါလည်း မင်းဒီလိုလုပ်တာကို လန့်တယ်”

“ငတ်တာထက် ဘာကိုများ ငါကြောက်ရဦးမှာလဲ” လို့ ကီနိုပြန်မေးလိုက်တယ်။

ဂျူရန်ဟာ ခေါင်းကို အသာခါရမ်းလိုက်တယ်။

“ဒါဟာ ငါတို့အားလုံးစိုးရိမ်ရမယ့် အကြောင်းအရာပဲ။ ဒီပုလဲဟာ တန်ဖိုးရှိတယ်ဆိုတာ မှန်တယ်။ မင်းလုပ်တာမှန်တယ်ဆိုပေမယ့် ဒီကိစ္စက ဒီလောက်နဲ့ပဲရပ်သွားမယ်လို့မင်းထင်သလား”

“ဘာကိုဆိုလိုတာလဲ” ကီနိုပြန်မေးလိုက်တယ်။

“ငါလည်း သေချာမသိဘူး .. ဒါပေမယ့် ငါမင်းအတွက် စိုးရိမ်မိတယ်။ ခုမင်းလျှောက်လမ်းနေတဲ့ လမ်းဟာ မင်းကိုယ်တိုင်မသိတဲ့လမ်းဖြစ်နေတယ်။”

“ငါသွားမယ် .. မကြာခင် ငါသွားမှာပဲ” လို့ ကီနိုပြန်ပြောတယ်။

“ဟုတ်တယ်.. မင်းလုပ်ရမှာပါ .. ဒါပေမယ့် မင်း မြို့ကိုသွားလို့ ဘာတွေထူးခြားမလဲဆိုတာ စဉ်းစားစရာပဲ။ ခုဒီမှာဆိုရင် မင်းသူငယ်ချင်းတွေ၊ နောက် မင်းအစ်ကို ငါလည်းရှိတယ်။ ဟိုမှာ မင်းသိသူ ဘယ်သူမှ မရှိဘူး”

“ဒါဆို ဘယ်လိုလုပ်ရမလဲ ၊ ဒီကလူတွေဟာ ရက်စက်ကြတယ်။ ငါ့သားအတွက် အခွင့်အရေးကောင်းကောင်းရှိရမယ်။ ငါ့ရဲ့အပေါင်းအသင်းတွေ ငါ့ကို ကာကွယ်ကြလိမ့်မယ်” လို့ကီနို ပြန်ပြောတယ်။

“သူတို့ကာကွယ်ပေးမယ်ဆိုတာ သူတို့အတွက် အန္တရာယ်မရှိမှ ကာကွယ်မှာ”

“ဘုရားသခင်ကိုသာ ရည်မှန်းပြီး သွားပေတော့”

“နောက်လှည့်မကြည့်ပဲ  ဘုရားသခင်ကို ရည်မှန်းပြီးသွားရမယ်” လို့ကီနို လို်က်လံရေရွတ်လိုက်တယ်။ အဲဒီစကားကြောင့် သူ့မှာ ထူးဆန်းတဲ့ အားအင်တွေပြည့်လာတယ်။

ဂျူရန်ပြန်သွားသည်အထိ ကီနိုတစ်ယောက် မြက်ဖျာပေါ်မှာ အတော်ကြာကြာ ဆက်လက်ထိုင်နေဆဲပဲ။ သူစဉ်းစားမိသမျှ မျှော်လင့်ချက်လမ်းဟာ မှောင်မည်းနေတယ်။ နောက် နားထဲမှာလည်း အန္တရာယ်ရဲ့အသံတွေကိုပဲ သူကြားနေမိတယ်။ သူရဲ့ စိတ်အစဉ်ကတော့ ဟိုအရင်က သူ့လူမျိုးစုနဲ့အတူပျော်ရွှင်ခဲ့ဖူးတဲ့အကြောင်းအရာတွေ၊ သူ့နေရပ်ရဲ့လှပတဲ့ သဘာဝဝန်းကျင်တွေအကြောင်းကိုတွေးတောနေမိတယ်။

ဂျူနာဟာ ကီနိုဖြစ်ပျက်နေတာကို စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေပေမယ့် သူမ တိတ်ဆိတ်နေတာနဲ့ သူ့အနားမှာရှိနေတာကပဲ သူ့အတွက် အကြီးမားဆုံးသောကူညီမှုပဲဆိုတာသူမသိတယ်။ ကီနိုနည်းတူပဲ သူမဟာလည်း အန္တရာယ်အချက်ပေးသံကိုကြားနေရတယ်။ သူမဟာ အန္တရာယ်အသံကို တိုက်ခိုက်တဲ့အနေနဲ့ သီချင်းသံ တိုးတိုးကို သူမရဲ့မိသားစုအတွက်သီဆိုလိုက်တယ်။ သူမဟာ ကိုရိုတီတာလေးကို ချီထားရင်းကနေ အန္တရာယ်မှ ကင်းလွတ်စေကြောင်း ဆိုနေတဲ့ သူမရဲ့သီချင်းသံဟာ ရဲရင့်မှုနဲ့တည်ငြိမ်နေတယ်။ ကီနိုဟာ တုတ်တုတ်မှ မလှုပ်ရှားတဲ့အပြင် ညစာကိုလည်း မတောင်းဘူး။ ဒါပေမယ့် သူစားချင်တဲ့အချိန်ကျရင် သူမကို ပြောလိမ့်မယ်ဆိုတာ ဂျူနာသိတယ်။ သူရဲ့ မျက်လုံးအစုံဟာ ဂနာမငြိမ်ဘဲ တဲ အပြင်က ကျရောက်မယ့် အန္တရာယ်အတွက် စိုးရိမ်နေတယ်။ နောက် မှောင်မဲနေတဲ့ အိမ်အပြင်က တစ်စုံတစ်ရာဟာ သူ တဲထဲက ထွက်လာမယ့်အချိန်ကို စောင့်နေတယ်ဆိုတာကို သူခံစားမိနေတယ်. အပြင်မှာ မှောင်မည်းပြီး ကြောက်စရာကောင်းနေပေမယ့် အဲလိုတိတ်ဆိတ်နေတာဟာ သူ့ကို ခြောက်လန့်နေပြီး စိန်ခေါ်နေတယ်။ သူ့ရဲ့ ညာဘက်လက်ဟာ အိတ်ထဲကိုနှိုက်လိုက်ပြီး ဓါးကို စမ်းလိုက်တယ်။ သူရဲ့မျက်လုံးအစုံဟာ ပြူးလာပြီး သူဟာ မတ်တပ်ရပ်လို့ တံခါးပေါက်ကိုလျှောက်သွားလိုက်တယ်။ ဂျူနာဟာ သူမရဲ့လက်ကို မြှောက်ပြီး ကီနိုကိုတားဖို့ကြံစည်လိုက်ပေမယ့် သူမရဲ့ နှုတ်ခမ်းအစုံဟာ ကြောက်လန့်မှုကြောင့် ဘာသံမှမထွက်နိုင်ဘူး။ အချိန်အနည်းငယ်ကြာအောင် ကီနိုဟာ အမှောင်ထဲကိုစိုက်ကြည့်နေပြီးနောက် အပြင်ကိုလှမ်းထွက်လိုက်တယ်။ အဲချိန်မှာပဲ ဂျူနာဟာ အပြင်က ခွပ် ကနဲ့ တစ်ခုခုကိုရိုက်သံလိုကြာလိုက်ရတယ်။ သူမဟာ ကြောက်ရွံ့မှုကြောင်း တောင့်တောင့်ကြီးဖြစ်နေပြီး မကြာခင်မှာပဲ သူမရဲ့နှုတ်ခမ်းအစုံကို တင်းတင်းစေ့လိုက်တယ်။ နောက် သူမဟာ ကိုရိုတီတာလေးကို မြေပေါ်ချထားလိုက်ပြီး မီးဖိုးနားက ကျောက်တုံးတစ်တုံးကိုကောက်ယူပြီး အပြင်ကိုပြေးထွက်လိုက်ပေမယ့် အပြင်က အဖြစ်အပျက်ကတော့ ပြီးဆုံးသွားပြီ။ ကီနိုဟာ မြေပေါ်မှာလဲကျနေပြီး သူ့အနားမှာဘယ်သူမှမရှိဘူး။ အရိပ်မည်းတွေ နဲ့ ခပ်ဝေးဝေးက လှိုင်းပုတ်သံသဲ့သဲ့ကိုပဲ မြင်နေကြားနေရတော့တယ်။ ဒါပေမယ့် ခြုံပုတ်တွေအနောက်မှာ အန္တရာယ်ဟာ ပုန်းကွယ်နေတယ်ဆိုတာကို သူမသိတယ်။ ဂျူနာဟာ ကျောက်တုံးကိုချလိုက်ပြီး ကီနို့ကိုဆွဲပြီး အိမ်ထဲကို သွင်းဖို့ကြိုးစားတယ်။ ကီနို့မှာ ပါးပြင်ကနေ နားရွက်ကိုဖြတ်ပြီး မေးစေ့အထိ ခပ်နက်နက် ဓါးဒဏ်ရာတစ်ခုရှိနေပြီး အဲဒီကနေ သွေးတစက်စက်ကျနေတယ်။ နောက် ကီနိုဟာ ဒဏ်ရာကြောင့် သတိတစ်ဝက်ပဲရှိတော့တယ်။ သူဟာ ခေါင်းကို ဟိုဘက်ဒီဘက်ခါရမ်းနေတယ်။ သူ့ရဲ့ရှပ်အကျီဟာလည်း ပွင့်ဟပြီး စုတ်ပြတ်နေပြီ။ ဂျူနာဟာ ကီနို့ကို မြက်ဖျာပေါ်မှာထိုင်ခိုင်းလိုက်ပြီး သူ့ခေါင်းက ဒဏ်ရာကထွက်တဲ့သွေးတွေကို သူမရဲ့အကျီနဲ့ သုတ်ပေးနေတယ်။ သူမဟာ ရေတစ်ခွက်ယူလာပြီး ကီနိုကိုတိုက်လိုက်တယ်။

“ဘယ်သူလုပ်တာလဲ” ဂျူနာ မေးလိုက်တယ်။

“မသိဘူး ..ငါ မမြင်ရဘူး” လို့ ကီနို ပြန်ဖြေတယ်။

ဂျူနာဟာ ဒဏ်ရာကို ရေနဲ့ ပေးနေချိန်မှာတော့ ကီနိုဟာ အပြင်ဘက်ကိုကြည့်ပြီး ငေးငိုင်နေတယ်။

“ကီနို”

“ကီနို ၊ ခေါ်တာ ကြားရဲ့လား” သူမရဲ့ဟာ စိုးရိမ်တကြီးနဲ့အော်လိုက်တယ်။

“ငါ ကြားပါတယ်” လို့ ကီနိုတစ်ယောက် အူကြောင်ကြောင်အသံနဲ့ပြန်ပြောတယ်။

“ကီနို ၊ တကယ်တော့ ဒီပုလဲဟာ ဂြိုလ်မွှေတဲ့အရာပဲ။ ငါတို့ ပုလဲကိုဖျက်စီးပစ်ရအောင် မဟုတ်ရင် ပုလဲက ငါတို့ကိုဖျက်စီးလိမ့်မယ်။ အဲဒီပုလဲကို ငါတို့ ကျောက်ခဲနဲ့ ထုခြေပစ်ရအောင်၊ ဒါမှမဟုတ်လည်း ပင်လယ်ထဲကိုပြန်သွားလွှင့်ပစ်ကြမယ်။ အဲဒါဟာ တကယ့်ကို ဂြိုလ်မွှေတဲ့ပုလဲ”

သူမ ပြောအပြီးမှာပဲ ကီနိုရဲ့မျက်လုံးအစုံဟာ တောက်ပလာပြီး ကြွက်သားတွေပါ တောင့်တင်းလာပြီး သူဟာ ခက်ထန်စွာနဲ့ ပြန်ပြောတယ်။

“မလုပ်နိုင်ဘူး၊ ငါ အကုန်လုံးကို တိုက်ခိုက်ပစ်မယ်။ ငါနိုင်ရမယ်။ ငါတို့တွေဟာ ငါတို့အတွက် အခွင့်အရေးကို ရ ရမယ်။ ဘယ်သူမှ ငါတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးလို့မရဘူး” လို့ သူဟာ ဖျာပေါ် လက်သီးနဲ့ထိုးရင်း ဒေါသတကြီးပြောတယ်။ နောက်သူ့ရဲ့အသံဟာပျော့ပြောင်းသွားပြီး ဂျူနာ့ရဲ့ပုခုံးကို လက်တစ်ဖက်နဲ့လှမ်းဖက်ရင်းပြောလိုက်တယ်။

“ငါ့ကိုယုံစမ်းပါ ၊ ငါယောကျင်္ားပါ” ပြောရင်း သူ့မျက်နှာမှာ အကြံသစ်နဲ့လင်းလက်လာတယ်။

“မနက်စောစောကျရင် ငါတို့လှေနဲ့ပင်လယ်ထဲကိုသွားမယ်၊ တောင်တွေကိုဖြတ်ပြီး မြို့ကိုသွားကြမယ်။ မင်းနဲ့ငါ …ငါတို့ အလိမ်မခံစေရဘူး၊ ငါယောကျင်္ားပါ”

“ကီနို ၊ ကျွန်မကြောက်တယ်။ ငါတို့ အသက်အန္တရာယ်ရှိနိုင်တယ်။ ပုလဲကို ပင်လယ်ထဲပဲ ပြန်သွားလွှင့်ပစ်ကြမယ်” လို့ ဂျူနာဟာ အသံခပ်အက်အက်နဲ့ပြောလိုက်တယ်။

“တိတ်စမ်း … ငါယောကျင်္ားပါကွ ..” လို့ ကြောက်စရာအသံနဲ့ အော်လိုက်တယ်။

သူမဟာ ကီနိုရဲ့ အမိန့်အတိုင်း အသံတိတ်သွားတယ်။

“ခုလောလောဆယ် ငါတို့ ခဏ အနားယူမယ်၊ နောက် မနက်စောစောအလင်းရောင်ပြူလာတာနဲ့ ငါတို့ လုပ်ငန်းစမယ်။ မင်း ငါနဲ့အတူသွားဖို့ မကြောက်ဘူး မဟုတ်လား” လို့ ကီနိုမေးလိုက်တယ်။

“မကြောက်ပါဘူး”

သူ့ရဲ့ မျက်လုံးအစုံဟာ နွေးထွေးကြင်နာမှုနဲ့ဖုံးလွှမ်းသွားပြီးနောက် သူမရဲ့ပါးကိုပွတ်သတ်လိုက်ပြီး ..

“ခဏ အိပ်ကြမယ်” လို့ ပြောလိုက်တယ်။

အာရုံတက်ခါနီးအချိန်လောက်မှာ ကီနိုရဲ့မျက်လုံးဟာ ပွင့်လာတယ်။ သူဟာ တစ်စုံတစ်ခု သူ့အနားမှာ ရွေ့လျားနေတာကို ခံစားမိတယ်။ ဒါပေမယ့် သူဟာ တုတ်တုတ်မှ မလှုပ်ရှားပဲ ငြိမ်နေလိုက်တယ်။ မျက်လုံးအစုံကသာ အမှောင်ထဲမှာ ရွှေ့လျားနေတယ်။ တဲထရံကြား အပေါက်သေးသေးလေးက ဝင်လာတဲ့ လရောင်ကြောင့် သူဟာ ဂျူနာဟာ တိတ်တဆိတ် ထသွားပြီး မီးဖိုဘေးကို သွားတာကိုတွေ့လိုက်တယ်။ သူမဟာ တိုးနို်င်သမျှတိုးတိတ်အောင်လှုပ်ရှားနေပြီး နောက် တံခါးပေါက်ဝဆီကိုလှမ်းသွားတယ်။ သူမဟာ ကိုရိုတီတိုလေးကိုထည့်ထားတဲ့ ပုခက်အနားမှာ ခဏရပ်လိုက်ပြီး တံခါးဆီကို သွားလိုက်တယ်။ နောက်..စက္ကန့်အနည်းငယ်မျှ အပေါက်ဝကနေ အတွင်းဘက်ကိုလှမ်းကြည့်ပြီးနောက် သူမဟာ အမှောင်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားတယ်။

 

6 comments

  • kyeemite

    October 29, 2013 at 2:28 pm

    ဖတ်လို့ကောင်းတယ်ဗျို့..ဖတ်ရင်းနဲ့ ရိုးသားတဲ့ လူဆင်းရဲတွေဆီက အနိုင်ကျင့်
    ဂုတ်သွေးစုတ်သူ လူတန်းစားတွေကို ရွံရှာမုန်းတီးစိတ်ဖြစ်မိတယ်ဗျာ..
    နောက်ပိုင်း ဆက်မျှော်နေပါမယ်။ 🙁

  • Mr. MarGa

    October 29, 2013 at 7:08 pm

    ဂြိုလ်မွှေတယ်ပဲ ပြောချင်ပြောပေါ့
    သိလိုက်ရတာ တစ်ခုတော့ ရှိတယ်။
    ဒီပုလဲဟာ
    သူတို့ကို အသိ နည်းနည်းဖွင့်ပေးလိုက်တယ်။
    နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ အနှိမ်ခံနေရရာကနေ
    ရုန်းထွက်ဖို့ လမ်းစ တစ်ခုကို ပြနေတယ်။
    ဒီလမ်းစကို ဆက် ဖောက်ဖို့အတွက်
    ကီနို့ရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတယ်
    ဘယ်လို ဆက်ဖြစ်မယ် ဆိုတာ သိဖို့
    နောက်တစ်ပိုင်း ဆက်လိုက်ဦးမယ်

  • Ma Ma

    October 30, 2013 at 9:10 am

    သူတို့ရွာသူားတွေအတွက် ကီနိုဟာ စွန့်ဦးတီထွင်သူပေ့ါ။ 🙂
    တကယ့်လက်တွေ့အဖြစ်အပျက်တွေနဲ့ ပုံစံတူလို့ အတွေ့အကြုံဗဟုသုတရစေတဲ့ ပိုစ့်ကောင်းလေးတစ်ပုဒ်ပါပဲ။ 🙂

Leave a Reply