“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း(၆)ဇာတ်သိမ်း

“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း(၆)ဇာတ်သိမ်း

အပိုင်းခြောက် လွန့်လူးလွင့်လွင့်
ဒါနဲ့ဘဲကျမတစ်ယောက်တည်း မွေးရပ်မြေကိုပြန်ခဲ့ပါတော့တယ်။မန္တလေးရောက်တော့ကျမအိမ်ကိုပြန်မသွားပါဘူူး။ (ပြန်သွားရင်လဲ လက်ခံမှာမဟုတ်ပါဘူး) အပြင်အဆောင်တစ်ခုမှငှားနေရင်း အလုပ်ရှာရပါတယ်။ ပါလာတဲ့ ငွေလေးကို ချွေတာပြီးသုံးစွဲရင်းပေါ့။ ပြင်ပလုပ်ငန်းပေါများတဲ့မန္တလေးမှာ ကောက်ပဲသီးနှံရောင်းတဲ့ပွဲရုံတစ်ခုမှာ စာရေးမအလုပ်ကိုရပါတယ်။ အဲဒီမှာနေရင်း ကျမ ရဲ့မပြီးဆုံးသောပညာရေးကို ဆက်ဘို့ကြိုးစားရပါတော့တယ်။ အခုခေတ်မှာ တတ်တာမတတ်တာအပထား ဘွဲ့လေးတစ်ခုမှ ရမထားဘူးဆိုရင် ဘဝတိုးတက်လမ်းအတွက်ခက်ခဲ့တဲ့အပြင် အများရဲ့အထင်အမြင်သေးတာပါခံရပါတယ်။ ဒါနဲ့ဘဲအဝေးသင်တက် နေ့စဉ်အလုပ်မှန်မှန်သွား ဖြစ်သလိုစား စက်ဘီးလေးနဲ့ တစ်ကိုယ်တော်ပေါ့။ ကျမ မန်းလေးပြန်ရောက်နေတာကိုသိတဲ့ ကေသီက ကျမဆီကိုလာပေမယ့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မတွေ့ချင်တော့ပါဘူး။ ဒါပေမယ့်လဲ သူငယ်ချင်းကောင်း ယောက်မကောင်း ပီသတဲ့ ကေသီက အလုပ်အားပြီဆိုတာနဲ့ ကျမကို လာလာခေါ်ပါတယ်။ သူ့နဲ့ အပြင်ကို သွားရင်လိုက်ပေမယ့် သူတို့အိမ်ကိုတော့ ဘာကိစ္စနဲ့မှ မသွားပါဘူး။ အနေအထိုင်ဆင်းရဲတာခံနိုင်ပေမယ့် သူများက ကိုယ့်ကို ကြည့်ပြီး သနားနေမယ့် ဘဝကိုတော့ ကျမ မလိုချင်တော့တာအမှန်ပါဘဲ။ ဘူးတစ်ရာအပေါက်ထက်ပိတ်ဘို့ခဲယဉ်းတဲ့ မကောင်းသတင်းတွေကိုသာလျင်မြန်စွာပျံ့နှံ့စေတတ်တဲ့ လောကသဘာဝကြီးကြောင့် ကျမဟာ ယောက်ျားတစ်ယောက်ရဲ့စွန့်ပယ်ခြင်းခံထားရတဲ့ မိန်းမဆိုတာကိုသိသွားကြပါတော့တယ်။
အဲဒီအချိန်ကစပြီး ကျမမှာ မျက်ဝန်းပေါင်းများစွာရဲ့အောက်မှ နုတ်ခမ်းပေါင်းများစွာရဲ့အောက်မှာ သိမ်ငယ်နိမ့်ကျသွားသလိုခံစားရပါတယ်။ တကယ့်ရင်ထဲကလာတဲ့စေတနာအစစ်နဲ့ကိုယ်ချင်းစာတတ်သူ လူသား အချင်းချင်း ညှာတာနားလည်သူ ၊ “ယောကျာ်းကပစ်သွားမှာပေါ့ ကောင်မကိုက…………………”ဆိုပြီး ရေရာစွာမသိဘဲ ရမ်းသမ်းဝေဖန်တတ်သူတို့ရဲ့ အသံများ၊ “ ဆာလောင်မွတ်သိပ်နေသူ”လို့သတ်မှတ်ပြီး ကျွေးမွေးစောင့်ရှောက်လိုသောယောကျာ်းများ၊ “ငါးမရရေချိုးပြန် အထင်ခံရနဲလား………………..” ဆိုသော ခပ်နုံနုံအတွေးနဲ့ဇွတ်ဝင်လာတတ်သူများ၊ “ သနားစရာကွာ………………” ဆိုသောစကားလုံးကို အရင်းအနှီးပြု၍ စောင်မကြည့်ရူ့လိုသူများ အစရှိသောလူပေါင်းစုံရဲ့ ဘေးအန္တရာယ်က နေ့စဉ်လွတ်အောင် ရှောင်ရတဲ့အရွယ်ရှိသော အသက်နှစ်ဆယ် ကျော်စ မိန်းကလေးတစ်ယောက်ရဲ စိတ် ဒုက္ခတွေကို အများကတော့ နားလည်နိုင်မယ်မထင်ပါဘူး။ မနက်အိ်ပ်ယာထ ပေါင်းအိုးလေးနဲ့ ညမနက်ချက်။ ထမင်းအိုးထဲကို ကြက်ဥလေးထဲ့ပြုတ်ပြီး ညမနက်စားတဲ့အခါစား။ ရုံးနား ကထမင်းဆိုင်က ဟင်း သုံးရာဘိုးနဲ့ ချဉ်ရေဟင်းတစ်ရာဘိုးဝယ် ညမနက်ခွဲစား ဆိုတဲ့ဘဝနဲ့စခန်းသွားခဲ့ရတာပေါ့။ ကျန်နေသေးတဲ့ ပိုက်ဆံလေးကို ပျောက်ပျက်မှာစိုးတော့ ဘဏ်မှာအပ်ထားရပါတယ် ။ မနက်အလုပ်သွား ညနေအဆောင်ပြန် ရေမိုးချိုးပြီးရင် အိပ်ယာပေါ်မှာစာအုပ်တစ်အုပ်နဲ့နေ။ အဆောင်သူတွေနဲ့ မေးထူးခေါ်ပြောအဆင့်ထက်မပိုတဲ့ ကျမကို နားမလည်နိုင်သူအများသား။ မာနခံတယ် ကြီးကျယ်တယ် ထင်သူတွေလဲ ရှိပါတယ်။ ရင်းနှီးသွားရင် သူအကြောင်းကိုယ့်အကြောင်းအပြန်အလှန်ပြောပြရတာ ထုံးစံပါဘဲ။ ကျမရဲ့ မလှပခဲ့တဲ့ အတိတ်ကို နားထောင်တဲ့သူ သနားအောင်ဖြစ်စေ ပြစ်တင်မေးငေါ့ဘို့ဖြစ်စေ ကျမပြောမပြချင်တာတော့ အမှန်ပါဘဲ။ ဒီအဆောင်မှာ နေခဲ့တာ တစ်နှစ်ကျော်ကျော်လောက်အကြာမှတော့ ကျမအကြောင်းကို သိသွားတဲ့ အဆောင်ပိုင်ရှင် အန်တီကြီးက ကျမကို အခန်းသေးသေးလေးတစ်ခု သီးသန့် ပေးထားတဲ့အခါကျမစိတ်မှာ မျက်ရည်ကျလောက်အောင်ပျော်ရွှင်ဝမ်းသာမိပါတယ်။ ကိုယ်မပိုင်မှန်းသိပေမယ့် ကိုယ်ပိုင်သီးသန့်အခန်းလေးနဲ့ နေရတဲ့ဘဝကို ကျမအင်မတန်မှကျေနပ်မိပါတယ်။ သူ့ရဲ့တစ်ခွန်းထဲသောစကားကလည်း ကျမကို ခွန်အားတွေဖြစ်စေသလို လောကကြီးထဲကို ပြန်လည်တွန်းပို့ခဲ့တယ်လို့ထင်မိပါတယ်။
“ သမီးရေ နိမ့်ခြင်းမြင့်ခြင်းဆိုတာတွေက လောကမှာ လူတိုင်းကြုံရတာပါ။ သူလဲကိုယ့်လို ကိုယ်လဲ သူ့လိုပါဘဲ။ ဘာမှမထူးဘူး။ သမီးက အားလုံးနဲ့ ကင်းကင်းပြတ်ပြတ်ကြီး သီးသီးသန့်သန့်ကြီး နေ နေတာက သမီးကို သူများတွေအာရုံစိုက်လာအောင်လုပ်နေတာနဲ့အတူတူပါဘဲ။ လူရယ်လို့ဖြစ်လာမှတော့ ကိုယ်မလိုချင်တာတွေလက်ခံဘို့မွေးဖွားလာရတာနဲ့ အတူတူပါဘဲ။ အဲတော့ သမီးအခုကစပြီး အားလုံးနဲ့လိုက်လျောညီထွေနေနိုင်အောင် ကြိုးစားပေတော့။ ကိုယ့်ဘဝကိုယ် မြင့်တက်လာအောင်တော့ ကိုယ်တိုင်ကြိုးစားရမှာဘဲလေ။ အပေါင်းရယ်အသင်းရယ်နဲ့ သိုက်သိုက်ဝန်းဝန်းနေတော့ ပူရတဲ့ အချိန်တွေနည်းသွားတာပေါ့ သမီးရယ်။ တိုတိုထွာထွာတိုင်ပင်စရာရှိရင် အန်တီ့ကိုပြောနော်”
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
အဲဒီအချိန်ကစလို့ ကျမလဲ လူသစ်စိတ်သစ်ပြောင်းပြီး နေပါတော့တယ်။ အလုပ်ကပြန်လာရေမိုးချိုးပြီးရင် အဆောင်သူတွေနဲ့ ဗောဓိကုန်းဘုရားကိုသွားကြတယ်။ ပြန်လာရင်ထမင်းစား ပြီးရင် အဆောင်က တီဗွီရှေ့မှာ ရုပ်ရှင်ကြည့်ကြတယ်။ အလုပ်ပိတ်ရက်မှာ ဈေးသွားရုပ်ရှင်သွား။ တစ်ခါတစ်ရံမှာ အဆောင်ပိုင်ရှင်အန်တီကြီးကိုခွင့်တောင်းပြီး ကိုယ်စားချင်တာလေးတွေချက်ပြုတ်စားကြ။ အေးအေးဆေးဆေးစကားစမြည်ပြောကြတဲ့ အချိန်များမှာတော့ ကျမရဲ့မှားယွင်းခဲ့တဲ့ ဘဝအကြောင်းကို သက်တောင့်သက်သာ ပြောပြရင်း ငယ်ရွယ်တဲ့ ကလေးမလေးတွေကျမလိုအဖြစ်ဆိုးနဲ့ မကြုံကြရအောင် ရှောင်ရှားနိုင်အောင် မျှဝေပေးနိုင်ခဲ့ပါတယ်။
ဒီတော့ ကုတင်ပေါ်မှာတစ်ယောက်ထဲလှဲပြီး ဝမ်းနည်းပူဆွေးနေရတဲ့ ဘဝက လွတ်မြောက်လာပြီး အခုမှကျမဘဝက အဓိပ္ပါယ်ရှိလာသလိုပါဘဲ။ စိတ်လက်ကြည်လင်တယ်ဆိုတော့ လုပ်ငန်းခွင်မှာလဲ ပျော်ရွှင်စွာလုပ်ကိုင်နို်င်လာတဲ့အတွက်အားလုံးနဲ့ အဆင်ပြေသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ကံကြမ္မာအလှည့်သင့်ချင်ပြန်တော့ ကျမကျောင်းပြီးတဲ့ နှစ်မှာဘဲ ကေသီက LCCI စာရင်းကိုင်သင်တန်းတက်ဘို့ လာပြောတော့ ကျမတို့ နှစ်ယောက် အတူပြန်တွဲဖြစ်သွားပါတယ်။ ကျမတို့ တက္ကသိုလ်တက်တုန်းက အတန်းတူ နှစ်တူပေမယ့် ပေမယ့် မေဂျာမတူပေမယ့် မျက်နှာမစိမ်းတဲ့ ကိုတင့်ကလဲ ကျမတို့လိုဘဲ စာရင်းကိုင်သင်တန်း လာတက်တော့ရင်းနှီးသွားပါတယ်။ ဒီတော့လဲ သင်တန်းပြီးတဲ့ အချိန်တွေမှာ သုံးယောက်သား စားကြသွားကြနဲ့ ရှိလာပါတယ်။ ကျမအတွက် ဝေခွဲဆုံးဖြတ်ဘို့ခက်တဲ့ အချိန်က ရောက်လာခဲ့ပြန်ပါတယ်။ level 2အောင်လို့ level 3 တက်ရတဲ့ အချိန်မှာတော့ တစ်နေကုန်နီးပါးတက်ရတဲ့အခါ အလုပ်ကထွက်ရဘို့ဖြစ်လာပါတယ်။ ကျမ ဆက်မတက်ဘဲ လက်ရှိအလုပ်ကိုဘဲ ဆက်လုံးရင်း မပြောင်းလဲတဲ့ ဘဝမှာနေမလား။ အလုပ်ထွက်ကျောင်းဆက်တက်ပြီး ဒီထက်မြင့်တဲ့ဘဝကို ခုန်ကူးမလား လို့ တွေးမိချိန်မှာတော့ ဘဏ်ထဲမှာအပ်ထားတဲ့ငွေကိုအသုံးချပြီး ဘဝကိုအပြောင်းအလဲလုပ်ဘို့ဆုံးဖြတ်လိုက်ပါတယ်။ ကျမ level 3တက်တဲ့အခါ ကေသီက ဆက်မတက်တော့တဲ့အခါ ကိုတင့်နဲ့ကျမ နှစ်ယောက်ထဲ ဘဲ တက်ရပါတော့တယ်။ အဲတော့ သူနဲ့ကျမတွေ့ကြတဲ့အချိန်က ပိုများလာတော့ ဟုးိကျောင်းသားဘဝကထက်စာရင်ပိုရင်းနှီးသွားသလိုပါဘဲ။ ကျမကျောင်းတက်တဲ့အချိန်မှာတော့ ညနေစာကို အပြင်မှာစားတာများပါတယ်။ ချက်ဘို့ပြုတ်ဘို့ အချိန်မရှိတာလဲ ပါ ပါတယ်။ အဲတော့ ကိုတင့်နဲ့အတူတူစားဖြစ်ကြပါတယ်။နေ့စဉ်တွေ့နေကြပေမယ့်လဲ ကျမတို့နှစ်ယောက်ကြားမှာပြောစရာစကားတွေကတော့ မကုန်နို်င်အောင်ပါဘဲ။ စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ကိုတင့် ကိုသံယောဇဉ်ရှိလာသလို သူ့ နဲ့နေရတဲ့ အချိန်လေးတွေကလည်း ကျမကို စိတ်ချမ်းသာစေခဲ့တာအမှန်ပါဘဲ။ ဒါပေမယ့် ကျမက သူနဲ့သွားတာလာတာကို သတိထားပြီးတော့ဆက်ဆံပါတယ်။ သူက လူပျိုလူလွတ်ကျမက အိမ်ထောင်ပျက်ထားတဲ့သူ။
ကိုတင့် နဲ့ မိတ်ဆွေတွေလူအတူသွားလာနေချိန်မှာတော့ ကျမရဲ့မှားယွင်းနေတဲ့အသိတစ်ခုကိုပြင်နိုင်ခဲ့ပါတယ်။ ကျမက ခဲမှန်ဘူးတဲ့စာသူငယ်လို့ အရာရာကို စိုးရိမ်တကြီးနဲ့ နေခဲ့ဘူးပါတယ်။ အထူးသဖြင့်ယောက်ျားများနဲ့ပါတ်သက်ရင်ပေါ့။ “နဒီရေ လောကမှာမကောင်းတဲ့ယောကျာ်းတွေရှိတာလဲအမှန်ပါဘဲ၊ မိန်းကလေးတွေအပေါ်မှာညှာတာစိတ်ထားနိုင်တဲ့ယောက်ျားတွေလဲရှိတယ်လေ။ အဲတော့နဒီကတွေ့သမျှယောက်ျားတိုင်းကို ငါ့ကို ဒုက္ခပေးမယ်လူတွေလို့ ထင်ထားတာတော့မှားတယ်လို့ ထင်တယ်ဟာ”လို့ပြောအပြီးမှာတော့ ကိုယ့် ကိုကိုယ် ပြန်လည်သုံးသပ်မိပါတယ်။ ငါက လောကကြီးအပြင်ဘက်ရောက်နေသူဖြစ်နေပြီလားပေါ့။ လောကအပြင်ဘက်ထိတော့မရောက်ပေမယ့်ယောက်ျားတွေနဲ့ပါတ်သက်ရင် လိုအပ်တာထက်ပိုပြီး မာမာတင်းတင်းဖြစ်နေတတ်တာတော့အမှန်ပါဘဲ။ အဲဒီကစပြီး ကျမကိုယ် ကျမ တစိမ်းယောကျာ်းတွေနဲ့ပုံမှန်ဆက်ဆံနိုင် ပြောနိုင်ဆိုနိုင်အောင် လေ့ကျင့်ယူခဲ့ရပါတယ်။
ကို်တင့်နဲ့သွားအတူလာအတူစာကျက်အတူဆိုပြီးနေတာကြာလာတော့သူ့အပေါ်မှာ သံယောဇဉ်ရှိလာတာအမှန်ပါဘဲ။ ချစ်နေမိပြီလားဆိုတဲ့ မေးခွန်းကိုဖြေမကြည့်မိသလိုဖြေလဲမဖြေရဲမိတာအမှန်ပါဘဲ။ ချစ်ခဲ့မိရင်တောင်မှ ဘဝကိုလက်တွဲကြမယ်ဆိုရင် သူမိဘအသိုင်းအဝိုင်းကသဘောတူနိုင်မယ်မထင်ပါဘူး။ “ငါ့သားနုနုထွဋ်ထွဋ်ကလေးကို………”ကိုဆိုတဲ့စကားလုံးနောက်မှာပါလာမယ့်စကားသံတွေကို ကျမနားမထောင်ရဲတာအမှန်ပါဘဲ။ ကိုတင့်ရဲ့မျက်ဝန်းတွေမှာတော့ ကျမကိုချစ်နေပြီဆိုတဲ့ အရိပ်တွေစွန်းထင်းနေတာအမှန်ပါဘဲ။
တစ်ရက်မှာတော့ ကျမမျှော်လင့်ထားသလိုပါဘဲ ကိုတင့်ကချစ်ရေးဆိုလှာပါတယ်။ ကျမစိတ်ထဲမှာတော့ ကျေနပ်မိပေမယ့် မယုံရဲပါဘူး။ မယုံဘူးဆိုတာကလူတွေရဲ့စိတ်ကိုမယုံတာပါ၊ ကျမကိုချစ်နေချိန်ချစ်စိတ်တွေဝေနေချိန်မှာတော့ ကျမအရင်ကအိမ်ထောင်ရှိခဲ့ဘူးတာ ကိုခွင့်လွှတ်နို်င်ပေမယ့် နောင်တစ်ချိန် အဆင်မပြေတဲ့အခါ အချစ်တွေပေါ့သွားတဲ့အခါမှာတော့ ဒီဒဏ်ရာဟောင်းကို ပြန်မတူးဖော်ဘူးလို့မပြောနိုင်ဘူးလေ။ လူဆိုတာကိုယ်လိုချင်နေတဲ့အချိန်များမှာတော့ ဘာမဆိုစွန့်လွှတ်ရဲ လိုက်လျောရဲတဲ့သတိ္တကအပြည့်ရှိနေတတ်တာကိုး။ ဒီတော့လဲ ကိုတင့်ကို “ငါသေချာစဉ်းစားပါရစေအုံးဟာ ငါက အပျိုစင်မဟုတ်ဘူးလေ ကိုတင့်လဲ ပြန်စဉ်းစားပါအုံး သူများနဲ့ရပြီးသားမိန်းမနဲ့ရေရှည်လက်တွဲနို်င်မလားဆိုတာကို” လို့ဘဲအဖြေပေးနိုင်ပါတယ်။ ကိုတင့်ကတော့ “မိနဒီ ငါနင့်ကိုချစ်တယ်လို့ပြောတာ လက်ထပ်မယ်လို့ပြောတာနဲ့အတူတူဘဲ၊ စိတ်ရူးပေါက်ပြိးပြောတာလဲမဟုတ်ဘူး။ အနေနီးလို့တပ်မက်လာတာလဲမဟုတ်ဘူး။ နင့်အရင်ကအကြောင်းတွေလဲ ငါက ခရေစေ့တွင်းကျအကုန်သိပြီးသား။ ငါကိုယ့်ငါအပြန်အလှန်မေးခွန်းတွေထုတ်ပြီးမှနင့်ကို ငါဖွင့်ပြောတာ။ တစ်ခုတော့ရှိတယ် ငါ့နင့်ကို သနားရာကနေ ချစ်လာမိတာအမှန်ဘဲ”
သိပ်မကြာခင်မှာဘဲ ကျမတို့ စာမေးပွဲဖြေလို့ပြီးသွားပါတယ်။ ကံကောင်းချင်တော့ ကေသီတို့ ရုံးမှာလူခေါ်လို့အလုပ်ဝင်လျောက်တော့ အလုပ်ရခဲ့ပါတယ်။ ကိုတင့်နဲ့က ရုံးမတူပေမယ်လဲ ကေသီရယ် ကျမရယ် ကိုတင့်ရယ်က တော့ အလုပ်ပိတ်ရက်တွေမှာဆုံဖြစ်ကြပါတယ်။ ကေသီကိုတော့ ကျမ ဖုံးကွယ်မထားချင်ပါဘူး။ ယောင်းမဟောင်းလဲဖြစ်နေတာကိုး။ ကေသီကတော့ “နဒီရယ် နင်မကောင်းလို့ဖြစ်တဲ့ကိစ္စမှမဟုတ်တာ။ ကိုအောင်တစ်ဖက်သတ်လုပ်လို့ဖြစ်ကုန်တာလေ။နောက်သူနဲ့လဲကွာရှင်းကြပြီးသားဘဲဟာ။ တကယ်လို့နင်ကိုတင့်နဲ့လပ်ထပ်မယ်ဆိုရင်လဲ ငါတို့ဘက်က ဘာမှကန့်ကွက်စရာမလိုဘူး။ ကိုတင့်ကလဲ သင့်တော်တဲ့လူတစ်ယောက်ပါဘဲ” အမှန်တုိုင်းပြောရရင် ကို်ယ့်မှာ မိသားစုရှိပါ လျက်နဲ့ အဆောင်မှာ တကောင်ကြွက်လိုနေရတဲ့ဘဝကို စိတ်ကုန်နေတာလဲအမှန်ပါဘဲ။ တစ်ယောက်ထဲ မဆုံးနိုင်တဲ့ခရီးရှည်ကြီးကို သွားနေချိန်မှာ ကိုယ်နံဘေးနားမှာ အားပေးမယ့်အဖော် အားကိုးစရာအဖော်ကို တမ်းတမိတာလဲအမှန်ပါဘဲ။ ဒါပေမယ့် ပျက်ယွင်းခဲ့ဘူးတဲ့ အိမ်ထောင်သည်ဘဝကိုကြုံခဲ့ဘူးသူဆိုတော့ နောက်တစ်ခါများ ထပ်ပျက်ရင်ဆိုတဲ့အတွေးကခြောက်လှန့်ပြန်တော့ နောက်တစ်လှမ်းလှမ်းဘို့စိုးရွှံ့မိတာအမှန်ပါဘဲ။ ဒါကြောင့်လဲ သံယောဇဉ်နွယ်လာသမျှကို ဖယ်ချထားခဲ့တာပါဘဲ။
ကိုတင့်က ကျမကို ချစ်ရေးဆိုပြီးတဲ့အခါ သူ့တို့အိမ်ကဝါဆိုသင်္ကန်းကပ်တဲ့ရက်မှာသူတို့အိမ်ကိုဖိတ်ပါတယ်။ကိုတင့်က သားအလတ်။သူ့အထက်မှာအမတစ်ယောက် သူ့အောက်မှာနှမတစ်ယောက်။ အိမ်မှာစက်ချုပ်ဆိုင်လေးဖွင့်ထားပါတယ်.။ အဖေရောအမေပါ အငြိမ်းစားဝန်ထမ်းတွေပေါ့။ စကားပြောတာ ငြင်ငြင်သာသာ နဲ့ အေးဆေးတဲ့မိသားတစ်စုပါဘဲ။ ကိုတင့်အိမ်ကို ကေသီက မကြာခဏရောက်ဘူးပေမယ့် ကျမကတော့ ပထမဆုံးအကြိမ်။ အဲဒီနေ့က အေးအေးဆေးဆေး စကားစမြည်ပြောဖြစ်ကြပါတယ်။ ပြောနေရင်း ကိုတင့် နှမလေးက အမှတ်တမဲ့ “ယောင်းမကချောတယ်နော်”လို့ပြောလိုက်တဲ့အချိန် ကျမစိတ်ထဲမှာထိတ်ကနဲဖြစ်သွားတာအမှန်ပါဘဲ။ နောက်ရက် ကိုတင့် နဲ့တွေ့တော့ ကျမတို့ အကြောင်းတွေအိမ်ကိုပြောထားသလားမေးတော့ “ပြောထားတယ် နဒီရေ အစအဆုံးမချွင်းမချန်ပြောထားတယ် ငါတို့မိသားစုက ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ပြောလို့ရတယ်လေ” “အဲ့တော့ အိမ်ကဘာပြောသလဲ”လို့ကျမကမေးတော့ အဖေကတော့ ရှင်းတယ် “ အိမ်ထောင်ပျက်ထားတဲ့ မိန်းခလေးကိုယူရင် သူများဝေဖန်တာခံနို်င်ဘို့သတ္တိကတော့ မွေးထားမှဖြစ်မယ်”လို့ပြောပြီး အမေကတော့ “သေချာစဉ်းစား ကိုယ့်စိတ်ကိုယ်နို်င်တယ်ဆိုမှလက်ထပ်”လို့ပြောပါသတဲ့။ အမကြီးကတော့ “ဟိုတစ်ဘက်နဲ့တော့ ကိစ္စပြတ်မပြတ်သေချာမေးနော်” လို့မှာပါသတဲ့။ အဓိကအချက်က ကျမနဲ့ယူမယ်ဆိုရင် ခါးခါးသီးသီးကန့်ကွက်တဲ့လူ မရှိဘူးပေါ့နော်။ ဒါပေမယ့် ကျမကိုယ်တိုင်ကလဲ ကိုတင့်ကို သံယောဇဉ်ရှိပေမယ့် လက်ထပ်ဘို့ကတော့ ကျမကြောက်တာအမှန်ပါဘဲ။ ဒါကြောင့်လဲ စဉ်းစားတဲ့အဆင့်မှာတင်ရပ်နေပြန်ပါတယ်။

ကံတရားကဖယ်ချင်တော့ ကိုတင့် တို့ရုံးက ဧရာဝတီ တိုင်းဘက်မှာရုံးအသစ်ဖွင့်မယ်လဲလုပ်ရော လူပျိုလူလွတ်ဖြစ်တဲ့ ကိုတင့်ကိုတာဝန်ပေးတာနဲ့ ပုသိမ်ကိုရောက်သွားပါတယ်။ ကိုတင့် နဲ့ဝေးနေပေမယ့် လိုင်းကောင်းရင်အင်တာနက်မှာဆုံကြပါတယ်။ တစ်ခါတစ်ခါမှာလဲဖုန်းနဲ့အကြာကြီးပြောကြတတ်ပါတယ်။ ဒီတော့လဲ သံယောဇဉ်ကြိုးတွေ ပိုပိုလို့တိုးလာသပေါ့။ ကျမတို့ရဲ့ဇာတ်မျောကြိးကို ကေသီကလဲ ဘေးကနေပြီး အားမလိုအားမရ။ လက်တွေ့မှာတော့ ကျမအတွက်ရှေ့ဆက်တိုးဘို့ဆိုတာ ခက်ခဲတဲ့ပြဿနာပါဘဲ။ ဒါပေမယ့်လဲ ဒီအတိုင်းကြီးနေလို့တော့ မရနို်င်ပါဘူး ကိုတင့်ဘက်လဲထည့်စဉ်းစားရပါမယ်။ လေးငါးနှစ်ဆိုတဲ့ကာလဆိုတာ နည်းတဲ့အချိန်ကာလမဟုတ်ပါဘူး။ အဲလောက်ထိစောင့်နိုင်တဲ့ယောကျာ်းလဲခုခေတ်မှာရှိနို်င်မယ်မထင်ပါဘူး။ ကျမလဲဘဝခရီးရှည်ကြီးကိုဖြတ်လာရတာမောလှပါပြီ။ သင့်တင့်တဲ့အေးရိပ်မှာခိုနားချင်ပါပြီ။ အသက်လေးဆယ်မှာ ဘဝအသစ်စတယ်ဆိုပေမယ့် ကျမကတော့ ဘဝအသစ်ကို အသက်သုံးဆယ်မှာပြန်စချင်ပါပြီ။ ကျမတွေးကောင်းကောင်းနဲ့တွေးနေလိုက်တာ ကားနားလေးမှာဈေးသည်တွေဝိုင်းအုံလို့အော်နေတဲ့အသံကိုကြားတော့မှ ပန်းတနော်နဲ့ပုသိမ်လမ်းခွဲကိုရောက်နေပြီဆိုတာသိလိုက်ပါတယ်။ လမ်းခွဲဆိုတာ တစ်ဘက်ဘက်ကို အတိအကျ သတ်မှတ်လို့ သွားရမှာအမှန်ပါဘဲ။ ကျမလဲ ဘဝလမ်းခွဲရောက်နေတာအမှန်ပါဘဲ။
လောကကြီးမှာ နားခိုစရာသောင်မဲ့တဲ့ လှိုင်းဆိုပြန်ရင် လှိုင်းဖြစ်ရတာ အဓိပ္ပါယ်မရှိ။ ပင်လယ်ပြင်ကို အကာအကွယ်ပေးမယ့် တောင်တန်းများမရှိဘူးဆိုပြန်ရင်လဲ ပင်လယ်ဖြစ်တည်မူ့ဟာအနှစ်သာရမရှိ။ ကျမအတွက်ကတော့ သေချာတဲ့ ဆုံးဖြတ်ချက်ကိုချနိုင်လိုက်ပါပြီ။ မသေချာမရေရာတဲ့စိုးရိမ်မူ့တွေနဲ့ဘဝကိုဆက်လျောက်မယ့်အစား သေချာရေရာတဲ့ဆုံးဖြတ်ချက်နဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းကို လျောက်ဘို့ဆုံးဖြတ်လိုက်ပါတယ်။ ဘဝမှာတစ်ယောက်ထဲပြေးရ ရုန်းကန်ရတာ မောလှပါပြီ။ တစ်ခါတစ်ခါတစ်လေတော့မောလွန်းရင်မှီစရာရင်ခွင်လေးကို တမ်းတမိတာအမှန်ပါဘဲ။ တွေးလို့ကြောက်မိပေမယ့် ခိုနားရာအရိပ်ကိုတမ်းတမိရှာမိတာကိုတော့ နားလည်ပေးကြမယ်ထင်မိပါတယ်။
ဒါနဲ့ဘဲ ဖုန်းထုတ်ပြီး ကိုတင့်ဆီကိုဆက်လိုက်ပါတယ်။ ကိုတင့်ဆီက ဟယ်လို လို့ကြားလိုက်ရတဲ့အချိန်မှာတော့ “ကိုတင့်ရေ နဒီနဲ့ ကိုတင့်တို့ ¬¬++++++++*******%%%%%%######”။ ကျမပြောချင်တာတွေပြောပြီးလို့ ဖုန်းပိတ်ပြီးချိန်မှာတော့ ကျမတို့စီးလာတဲ့ကားကြီးက လမ်းခွဲကိုလွန်မြောက်လို့ မဟာရန်ကုန်ဘက်ကိုဦးတည်လို့ တရွှေ့ရွှေ့တိုးဝင်။ ကိုတင့်တစ်ယောက်ဘယ်လောက်များပျော်နေမလဲဆိုတာ ကားကိုနောက်ပြန်လှည့်ခို်င်းပြီး သွားကြည့်ချင်လိုက်တာနော်။ …………………………………… …………………………………………………………………………… ကိုပေါက်(မန္တလေး)
1-11-2013

13 comments

  • KZ

    November 1, 2013 at 10:46 am

    ဪ။
    နောက်ဆုံး မင်းရဲ့ ရင်ခွင်ဆီ ပေါ့လေ။
    အေးချမ်းပါစေ။
    🙂

  • Myo Thant

    November 1, 2013 at 11:30 am

    ထင်တော့ထင်သားဗျ ၊

    ဒီအရွယ်က စိတ်ကစားရမယ့်အရွယ်မဟုတ်လို့

    အသင့်တော်ဆုံးကို ရွေးချယ်မိမှာပဲ လို့ ၊

    ဂွတ် ကိုပေါက် 🙂

    • ဟုတ်တယ်ကိုမျုးိ
      ဒီအရွယ်ရောက်မှ ဦးနောက်က နှလုံးသားကိုနိုင်တာပါဗျာ
      ဒီအရွယ်မှ မနို်င်ရင် သေပြီ ဆရာ ဘဲ

  • kyeemite

    November 1, 2013 at 11:37 am

    အင်မတန်ကြည်နူးစရာကောင်းတဲ့ ဇာတ်သိမ်းခန်းလေးပါဗျာ…
    ကိုပေါက်အနုစိတ်ဖွဲ့နိုင်တာကို မချီးကျူးပဲမနေနိုင်ဘူးဗျာ…
    သတိထားမိတာလေးတစ်ခုက…ကိုတင့် မိသားစုတွေတစ်ဦးစီက နဒီနဲ့ပါတ်သက်ပြီး
    ကိုတင့်ကိုပြောတဲ့ စကားလေးတွေပဲ…သဘာဝကျတယ်
    သမာသမတ်လည်းကျပါတယ်….
    ခြုံပြောရရင်တော့ အလွန်ရသ မြောက်သောဇာတ်လမ်းတစ်ပုဒ်ပါ..ကိုပေါက်ရေ 🙂

  • ကိုမိုက်ရေ
    ဒီတစ်ပုဒ်ရေးတာ ကျနော်ခါတိုင်းထက်ပင်ပန်းခဲ့ပါတယ်။
    အရင်တုံးက တစ်ပုဒ်ပြီးတစ်ပုဒ်ဆက်တိုက်ရေးတော့ အဆက်မပြတ်ဘူး။
    ဒီတစ်ခါတော့ စာမရေးဘဲ အကြာကြီးပစ်ထားတာကနေ ရေးတော့ ပိုပင်ပန်းပါတယ်။
    ခြောက်ကြီမ်လောက် ပြန်ပြင်ရေးရင်း အနုစိတ်ဖြစ်သွားတာ။
    အားလုံးကို ကျေးကျေးပါဗျို့

  • Mr. MarGa

    November 1, 2013 at 2:31 pm

    ဟဲဟဲ
    မောင်မာဃ အတော် တော်သဟ
    ဇာတ်လမ်းကို ရအောင် မှန်းနိုင်တယ် ဟီဟိ
    ဒီနေရာမှာ
    အောက်က အပေါ်ကို အမိန့်ပေးတာ မဟုတ်ဘဲ
    အထက်က အောက်ကို အမိန့်ပြန်ပေးတာမို့
    ပျော်ရွှင်စွာ ပေါင်းဖက်ကြမှာပါ။
    တစ်ခါ ကြုံဖူးပြီမို့
    နောက်တစ်ခါ မကြုံဖို့လဲ သတိထားတော့မှာပေါ့။
    ရိုးမြေကျ ပေါင်းကြရပါစေ……..

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 2:54 pm

    ဇာတ်သိမ်းလေးက ကြည်နူးစရာပဲဗျ …
    မိုက်တယ် ….
    ကိုတင့်တို့က တကယ် နားလည်မှုအပြည့်ရှိတဲ့ မိသားစု အသိုင်းအဝိုင်းပဲ ..

    ကဲ .. ဖေပေါက်ဂျီးရေ …
    အစကနေ အဆုံး ဖတ်ပြီးသွားဘီ ….
    ရေးထားတာ ရေလည် မိုက်ကြောင်းပါဗျို့ ….
    ဤသို့ပြုရ ကုသလကြောင့် ကျုပ် မင်ဂါဆောင်ဒဲ့အခါ တိုက်ကြီးတစ်လုံး လက်ဖွဲ့နိုင်ဘာစေဂျောင်းးး
    သာဒု … သာဒု … သာဒု ….

  • အရီးခင်

    November 1, 2013 at 3:55 pm

    ကပေါက်ကြီး။ ပြန်လာပြီး အစအဆုံး ဖတ်မယ်နော်။
    စကားမပြောရတာ ကြာလို့ အိမ်ဝက အသံပေးသွားတာ။
    ဒီနေ့ ဘာဟင်းချက်တုန်း 😛

  • ကိုပေါက်ရွာထဲတွင်ရှိပါ၏
    ဒီနေ့ညနေ လေးနာရီမှာ တိမ်တွေကိုချက်ထားတာ လာစားလှဲ့အုံး ကိုလတ်ကြီး

  • Ma Ma

    November 1, 2013 at 5:02 pm

    အပိုင်းတိုင်းကို ဖတ်ဖြစ်တယ် ကိုပေါက်ရေ။
    ဟာကွက်မရှိအောင် ရေးနိုင်ပါပေတယ်။
    ဘရာသာမိုက်ပြောသလိုပဲ ကိုတင့်မိသားစုတွေရဲ့ သဘောထားကို ရေးပြတာက ဇာတ်ရဲ့အဓိကအကွက်ပဲမို့ သဘောကျတယ်။ 🙂

Leave a Reply