သူခိုးဖမ်းတဲ့ ည
ဟိုးတုန်းကပေါ့…ကျနော့်ဆရာနဲ ့အတူ ပျဉ်းမနား နှစ်ကျိတ်ရှစ်ဆူ တပေါင်းပွဲကပြီးတော့ ကျနော်တို ့ဇာတ်အဖွဲ ့ပျဉ်းမနားတောင်ညိုဘက်မှာ ရုံပွဲတွေ လှည့်ကခဲ့ဘူးပါရဲ ့…။
ကျနော့်ဆရာက BSC ဘွဲ ့ရပြီးသား၊ ဝါသနာပါလွန်းလို ့ဇာတ်ကနေတာ…။ စိတ်ထားကောင်းတယ်…ယဉ်ကျေးတယ်…။
ဆရာတပည့်အတွဲလဲညီခဲ ့ကြတယ်…ဘယ်လောက်အတွဲညီလဲဆို ဆရာ နှစ်ပါးကနေရင်း အရက်ခိုးမော့တာကအစ သူ ့အဖေမမြင်အောင် ကျနော်က တောင်ရှည်ပုဆိုး ဝတ်သလိုလိုနဲ ့ကာပေးတတ်တယ်…။
နေ ့ခင်းအိပ်ယာကနိုးရင် ထန်းတောထဲမှာ ထန်းရည် သွားသောက်ပြီး…ဇာတ်ရုံရှိရာကို လေးဘက်ထောက်ပြီး လာခဲ ့ကြတာလဲ အတူတူ…။ အဲ…နောက်ပိုင်းမကချင်တာလဲတူတယ်…
ဆရာက ခွန်းထောက်တောင်မဆိုနိုင်အောင်ကို အသံအားနည်းတယ်…။
ကျနော့်ကို တော်တော်ချစ်တယ်…ခေါ်ရင် သားလို ့ခေါ်တတ်တယ်…ဆရာနဲ ့ကျနော်ကြားမှာ ထူးထူးခြားခြားဆိုလို ့သူနဲ ့အတူကဘို ့စာချုပ်တုန်းကတော့ နှစ်ပါးသွား့ရင် ဂျွမ်းမထိုးရလို ့စာချုပ်ထဲမှာ ထည့်ရေးဘူးတယ်…။
သူက ဂျွမ်းလုံးဝမထိုးတတ်ဘူး….အနုပညာစစ်စစ်အကပိုင်းကတော့ သွားမစမ်းနဲ ့၊ ပါတ်မချက် ၁၀ဝ ကလိုက်ရုံနဲ ့တော်ရုံလူ လန်ထွက်သွားမယ်…ဆရာ့ဆီက အကပညာကို အကုန်နီးပါးရခဲ ့လို ့ဘဲ ကျနော်သူများထက် ပွဲလည်တင့်ခဲ့တာ..။
ပျော်စရာတွေနဲ ့ဆရာတပည့်အတူကရင်း ပျဉ်းမနားတောင်ညိုဘက်မှာ ကဘို ့ဖြစ်လာတာလေ…ကျနော်တို ့က နောက်ပိုင်းမကဘူး…နှစ်ပါးမိုးလင်းအမြဲကတယ်…။ဒီအဖြစ်လေးဖြစ်ခဲ့တာက အဲဒီနယ်ဘက်မှာဘဲ ယိုးဒယား ဦးအောင်မြိုင်ရဲ ့ဇာတ်က ခါးပြတ်ပြီး ဇာတ်အဖွဲ ့ပျက်သလိုဖြစ်နေတာ..သူကဘဲနည်းမျိုးစုံနဲ ့သူ ့အဖွဲ ့သားတွေကိုရှာကျွေးနေတာ….။
ကျနော်တို ့အဖွဲ ့ဆီရောက်လာပြီး ထိုက်သင့်တဲ ့ညကြေးပေးပါ…သူနောက်ပိုင်းကပါရစေလို ့တောင်းဆိုလာတယ်..သူရတဲ ့ညကြေးနဲ ့သူ ့ဇာတ်အဖွဲ ့အတွက်စားစရိတ် ဖန်တီးရမှာမို ့ဘဝတူခြင်း နားလည်ကူညီမှုနဲ ့ ကျနော်တို ့ဆီမှာ နောက်ပိုင်းကပြပေးဘို ့သဘောတူခဲ့တယ်…။
ဟိုးတုန်းကတော့ယိုးဒယားအောင်မြိုင်ဆိုတာ နာမည်ကြီးပါ…ဖြူဖြူနွဲ ့နွဲ ့နဲ ့။ သူနာမည်ကြီးတာက ကိုးမြို ့ရှင်နဲ ့ပုလဲယဉ် နောက်ပိုင်း။
နောက်ဆုံး ဇာတ်တော်ပေါင်းသော်………နတ်ပင့်…နတ်က ဒဝါချက်( ပိုက်ဆံရှာ)ပေါ့…။
နှစ်ပါးမိုးအလင်းဘဲအမြဲ အမြဲကနေရလို့ သူရောက်လာတာ သက်သာပြီ အိပ်ရေးဝပြီ ထင်နေခဲ့တာ နတ်မြှားဦးက ကျနော်တို ့ဘက်လှဲ ့လာပါရော..။
ကိုးမြို ့ရှင် ဇာတ်ထုပ်မှာ ပုလဲယဉ်ရဲ ့သား၂ယောက်ဖြစ်တဲ ့ခွန်ချို ၊ခွန်သာ နေရာက ကပေးရမတဲ ့…။
မကချင်ပါဘူးပြောလဲမရဘူး…ဇွတ်။ ကြေညာထားပြီးပြီဆိုဘဲ…။ နောက်ပိုင်းမကချင်ပါဘူးဆိုမှ…။ ဆရာဆိုပွစိပွစိနဲ ့ပြောမဆုံးဘူး…။
“ ကွာ…ဒါကြောင့်လူကြီးတွေပြောတာသားရ…ခြေနှစ်ချောင်းလဲ မကယ်နဲ ့ မင်းလှေမျောလဲ မဆယ်နဲ ့တဲ ့…အခုကြည့်ပါဦး…”
“ ဟားဟား….အခုနတ်လှေကြီးကို ကျနော်တို ့ဆယ်မိသွားတာလေ”
“ အေးကွာ…ငိုချင်းမချတတ်ပါဘူးဆိုနေမှ…”
“ ဖော်လိုဘဲ လိုက်ကြတာပေါ့ အကိုရာ…”
ဒီလိုနဲ ့ကဘို ့ဇာတ်ကွက်ချတာပေါ့…ကိုးမြို ့ရှင်က သားနှစ်ပါးကို ခွန်ချိုခွန်သာရေ…လို ့အော်ခေါ်မှ ရှမ်းဝတ်စုံတွေနဲ ့ထွက်ရမှာ…။
ကြားမှာ အချိန်တွေ ဟ နေသေးတော့ နှစ်ပါးဝတ်စုံတွေကို အေးဆေး ချွတ်လို ့ရတာပေါ့…။
ကပြရတာကရုံပွဲပါ.။
နှစ်ပါးသွားပြီးတော့ဆရာတပည့်အေးဆေးပေါ့…ထွက်ရမယ့်အခန်းက နည်းနည်း အချိန်ရသေးတယ်။ဆရာက နှစ်ပါးပြီးတော့ ရုံပြင်ကို အပေါ့အပါးသွားဘို ့အဖော်ခေါ်တယ်..သူက သရဲ အားကြီးကြောက်တာ…။ နှစ်ပါးဝတ်စုံတွေနဲ ့ရုံပြင်ထွက်လိုက်တာနဲ ့ဆောင်းလေအေးကို တွေ ့ရတာဘဲ ၊ မြူနှင်းတွေနဲ ့ဖုံးပြီး ခပ်ဝေးဝေးကို ဘာမှတောင်မမြင်ရပါဘူး…။
အပေါ့သွားနေတုန်းဘဲ…
“ သူခိုးတော့်..သူခိုး…ကယ်ကြပါ…ကျမပိုက်ဆံသေတ္တာလူုသွားလို ့ပါ…သူခိုးသူခိုး” ဆိုတဲ ့အော်သံတိုးတိုးကို ကြားရတာဘဲ…။
အော်ဟစ်ပြီး အကူအညီတောင်းနေတဲ့ အသံက ဇာတ်ပွဲကအသံတွေကို ဖောက်မထွက်နိုင်ပါဘူး။ ကျနော်တို ့ကဇာတ်ရုံနောက်ဘက်နားရောက်နေလို ့သာ ကြားလိုက်ရတာ..။
နားစွင့်ပြီး ရပ်ကြည့်နေတုန်း နှင်းမြူတွေကြားကနေ လူတစ်ယောက် ဇာတ်ရုံရဲ ့ဟိုးနောက်ထန်းတောဘက်ကို ပြေးသွားတယ်.
ကျနော်တို ့ကလဲ ကြည့်နေတယ်ဆိုတာက သူခိုးလား၊ သူခိုးလိုက်သူလား ဘာမှ မသိသေးဘူး…။
ခဏဘဲကြာတယ်..အသက် ၆ဝကျော် အဒေါ်ကြီးတစ်ယောက် “ သူခိုးတော့…သူခိုး” ဆိုပြီး အော်ရင်းလိုက်လာတာကို တွေ ့ရတာ…။ အဲဒီကျမှ လရောင်ရေးရေး လေးထဲမှာ ရမ်းစမ်းပြီး အဒေါ်ကြီးနားကို ဆရာတပည့်ပြိုင်တူ ပြေးသွားကြတာ..။
“ အဒေါ် ဘယ်လိုဖြစ်တာလဲ”
“ အမလေး….ပြောင်ပြောင်လက်လက်နဲ ့ဘာတွေတုန်း”
“ ဇာတ်မင်းသားတွေ…ခုနကပြေးသွားတာ သူခိုးလား..”
“ ဟုတ်ပါ့တော်..ကျူပ် ပိုက်ဆံသေတ္တာလေးကို လုပြေးသွားတာ..”
“ သေချာတယ်နော်..”
“ သေချာပါတယ်ကွယ်…ကျူပ်အော်နေတာ ဘယ်သူမှ မကြားလို ့ပါ”
အဒေါ်ကြီး စကားဆုံးတာနဲ ့ဆရာတပည့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး..တိုင်ပင်ကိုက်ဘဲ တော်တော်ဝေးနေတဲ ့သူခိုးနောက် ကိုလိုက်တာပေါ့…။
“ ဟေ့ကောင်…မပြေးနဲ ့..ငါတို ့လာပြီကွ”
“ ခွန်ချိုခွန်သာတဲ ့ဟေ့…”
“ ဟာ…အရေးထဲ ဘာတွေအော်နေလဲ…”
“ ဟီးးးးး”
ရှေ ့ကသူခိုးကပြေး…နောက်က မင်းသားဝတ်စုံကြီးတွေနဲ ့ လိုက်..။
လယ်ကွင်းတွေထဲမှာ ခလုတ်ကလဲတိုက်…တခါတခါ လဲကျပေမယ့် ဆက်လိုက်တာဘဲ…။
လယ်ကွင်း ၄..၅ကွင်းလောက်ပြေးလိုက်ပြီးတာနဲ ့သူခိုးကိုမှီလာပြီး…နှစ်ယောက်သား ခုန်အုပ်လိုက်တာဘဲ..။
သူခိုးကလဲ ပိုက်ဆံသေတ္တာကို ပိုက်ထားရင်း ရုန်းတယ်..ကိုယ်ကချူပ်၊ သူကရုန်း။
တောင်ရှည်ပုဆိုးတွေလဲ ကျွတ်ကျရင်းနောက်ဆုံး သူခိုးခြေထောက်ကို အဓိက ထားဖြုတ်တော့ သူလဲကျသွားမှ ဆရာက သူခိုးကိုဖက်ထားရင်း တက်ဖိထားတယ်…၊ ကျနော်က ဆရာ့အပေါ်ကတစ်ဆင့်တက်ဖိထားတာပေါ့..။
အဲလို ၃ယောက်ထပ်ရက် လှုပ်လှုပ်လှုပ်လှုပ် ရုန်းနေတုန်း…
“ ခွန်ချို သားတော်ကြီး…ခွန်သာရေ…”
“ အို…သားတော်တို ့ ဦးရီးတော်ဆီ လာကြပါဦး သားတော်တို့”
ယိုးဒယားဦးအောင်မြိုင် အသံက ဟိန်းထွက်လာတာ…သွားပြီ။
“အကိုရေ…ခေါ်နေပြီ…ဘယ်လိုလုပ်မလဲ”
“ ကြိုက်သလောက်ခေါ်ဟေ့…ဒီမှာလွှတ်လို ့မှ မရတာ…သား…အော်ကွာ..သူခိုးလို့”
“ ဟုတ်ကဲ့…သူခိုးဖမ်းနေတယ်…ဒီမှာမိထားပြီ”
“ ဟာ…မင်းသားလေနဲ ့အော်မနေနဲ့…လူလို ကျယ်ကျယ်အော်..”
“ ဟမ်… သူခိုးဟေ့….သူခိုး…ဒီမှာမိထားတယ်ကွ”
သူခိုးကရုန်း ကိုယ်ကအော်နဲ ့…
“ ခွန်ချို..သားတော်ကြီး…ခွန်သာရေ”
“ သူခိုးဟေ့…သူခိုး”
အဲလို အော်ဟစ်ရုန်းကန်နေတုန်း စမ်းစမ်း.စမ်းစမ်းနဲ ့ အဒေါ်ကြီး ရောက်လာတယ်..။
“ ဟင်..သားတို ့သူခိုးမိထားတာလား…”
“ ဟုတ်တယ် မိထားတယ်…အဘွား…လူတွေ ခေါ်မလာဘူးလား”
“ အို…ခွန်ချိုရို ့..ခွန်သာရို ့….”
“ အဘွားလဲ နောက်ကဘဲ လိုက်လာတာကွယ်..မမြင်မစမ်းနဲ ့…နေဦး အခုပြေးခေါ်လိုက်မယ်”
“ မြန်မြန်နော်…အဘွား…ဒီမှာ အော်တာ အာခေါင်တွေတောင်နာနေပြီ”
“ ခွန်ချိုတို ့…ခွန်သာတို ့…”
ဟိုမှာလဲ သားတော်တွေ ခေါ်ထုတ်နေတာ ဆက်တိုက်ဘဲ…နည်းနည်းပါးပါး…အပြင်လေးဘာလေး ထွက်မကြည့်ကြဘူး…။
အဘွားကြီး လူတွေသွားခေါ်နေပြီဆိုတော့ ကျနော်လဲ ဆက်မအော်တော့ဘူးပေါ့…။
ကျနော်တို ့အောက်မှာလဲ သူခိုးက တရှုးရှုးနဲ ့ဒေါသတကြီး ရုန်းနေတုန်း..။
အဲဒီအချိန်ကျမှ နှင်းမှုန်တွေကြားမှာ ဇာတ်ရုံအပြင်ကိုထုတ်ထားတဲ့ လော်စပီကာကြီးကနေ…
“ ပွဲခင်းတာဝန်ရှိသူများနဲ ့လုံခြုံရေးများခင်မြားးးးးကျနော်တို ့ဇာတ်မင်းသား၂ယောက်ပျောက်နေပါတယ်၊ ဘယ်လိုမှ ခေါ်မရမှတော့ မင်းသားတွေကို ပြန်ပေးဆွဲသွားပြီလို ့ ထင်ပါတယ်…တာဝန်ရှိသူများ ကူညီပေးကြပါ”
“ ဟာ…ဘာတွေ အော်နေတာလဲဟ…”
“ လွဲကုန်ပြီ ထင်တယ်အကို”
အဲဒီကျမှ တချိန်လုံး ဒေါသကြီးနေတဲ ့သူခိုးက သနားစရာ အသံလေးနဲ ့…
“ အကိုတို ့ရယ်…ကျနော် ပိုက်ဆံသေတ္တာဘဲ ခိုးတာပါဗျာ..အကိုတို ့ကို ပြန်ပေးဆွဲတာမဟုတ်ပါဘူး…လူတွေလာရင် ကျုပ်တော့ သေပါပြီဗျာ”
“ အေး…တိတ်တိတ်နေ…..တို ့သိတယ်…မင်းသာထွက်မပြေးနဲ ့”
“ ပိုက်ဆံကို ပြန်ယူထားပြီး ကျုပ်ကိုလွှတ်ပေးပါလားဗျာ..နောက်မို ့ဆို ပြန်ပေးသမားဆိုပြိီး လူတွေက
ဝိုင်းချတော့မှာ…”
“ ဪ..တိတ်တိတ်နေဆို..ငါတို ့ရှင်းပေးမယ်..”
သနားရအခက် လွှတ်ရအခက်နဲ ့ ကျနော်လဲ အပေါ်ဆုံးကနေပြီး တခွိခွိ ရယ်တာဘဲ…။
ခဏနေတော့ ဇာတ်ရုံထဲကလဲ ဓါတ်မီးတွေတဝင်းဝင်းနဲ ့တစ်အုပ်ကြီး ထွက်လာကြသလို…ဈေးတန်းတွေဘက်ကလဲ မီးခွက်လေးတွေနဲ ့
လူတစ်အုပ်ထွက်လာတာတွေ ့ရတယ်..
“ သူခိုးဟေ့…သူခိုး”
“ ပြန်ပေးဗျို ့…ပြန်ပေးသမား”
“ ဒီမှာဗျို ့….ဒီမှာ”
လိုက်လာသူတွေ ၂အုပ်စုံမှ မီးရောင်ထွေအောက်မှာ ဖုန်အလူးလူး သဲအလူးလူးနဲ ့ကျနော်တို ့ကို တွေ ့တာ။
“တွေ ့ပြိီဟေ့…ဒီမှာဒီမှာ”
လူတွေစုံကာမှ အကျိုးအကြောင်းပြောပြပြီး သူခိုးကို အပ်လိုက်ရတာ…
ကိုယ်တွေကတောင် သက်သေလိုက်ပြီး ပြောပေးရသေးတယ်..
ဒီလူက သူခိုး စစ်စစ်ပါ..ပြန်ပေးသမား မဟုတ်ကြောင်းပေါ့။
မီးရောင်အောက်မှာကြည့်မှ ဆရာ့မှာ အောက်ခံ မင်းသားဘောင်းဘီဘဲ ရှိတယ်။ တောင်ရှည်ပုဆိုးနဲ ့ခေါင်းပေါင်းအရွက်က ဘယ်မှာ ကျန်ခဲ ့မှန်းတောင်မသိဘူး…ကျနော့်မှာလဲ ဖိနပ်မရှိတော့ဘူး…။
နောက်သူခိုးဖမ်းပွဲကြီးပြီးသွားမှ ပရိတ်သတ်ကိုလဲ ရှင်းပြရတယ်…။
ဈေးသည် အဘွားနဲ ့ ရွာလူကြီးတွေကလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြတယ်…။
နောက်…မနက်မှာတော့ အဲဒီပျဉ်းမနား တောင်ညို ရွာလေးတစ်ဝိုက်မှာ သူခိုးဖမ်းတဲ့ ခွန်ချို ခွန်သာဆိုပြီး နာမည်ကြီးနေတာ။
======
ဟိုတုန်းကတော့ တက်ညီလက်ညီကို သူခိုးဖမ်းခဲ့ကြတာ…။
ကျနော်တို ့ကိုယ်တိုင်ဖမ်းခဲ့ပေမယ့် ခွန်ချိုခွန်သာက ကြားထဲက နာမည်ကြီးသွားတာ…။
တစ်ကယ်လို ့သာ အခုအချိန်မှာ ခွန်ချို ခွန်သာ သူခိုးဖမ်းနိုင်သေးလားမေးရင်တော့….။
အစိမ်းသေနဲ ့သေဆုံးခဲ့တဲ့ ခွန်ချို ခွန်သာ နတ်ညိနောင်တောင် လန့်ဖျတ်ပြီး အစိမ်းသေဘဝကို ၂ပြန်သေပြီး ၊နတ်သက်ကြွေသွားနိုင်တယ်။ ပြောလို ့တော့ ရဘူးရယ်..။
သရဲကြီးတော့ သဘက်၊ နတ်ကြီးတော့ ဗြဟ္မာ ၊ သူခိုးကြီးတော့ ဓါးပြ …တဲ့။
ခေတ်တွေက ပြောင်းသွားပြီလေ…။ ဟိုတုန်းက ဖမ်းခဲ့ကြတာ သူခိုးက တစ်ယောက်ထဲ..။
အခု ပျဉ်းမနားတစ်ဝိုက်မှာ သူခိုးကြီးတွေ ဓါးပြကြီးတွေပေါပုံများ…အစိမ်းရောင်လှိုင်းကြီး ထနေသလိုဘဲ…အုပ်စုလိုက်ကြီး…။
နန်းတော်ကြီးတောင် ဆောက်ထားတယ်ဆိုဘဲ…။
ခေါင်
11 comments
KZ
November 4, 2013 at 6:44 am
Catch them if you can..!
😉
Thieves with green uniformss..!
😀
MAUNG
November 4, 2013 at 7:29 am
အစိမ်း ရောင်သူခိုးများ ပေါ့ဗျာ 😀
Foreign Resident
November 4, 2013 at 7:51 am
ဟဲ ဟဲ ဟဲ ၊ လူဇိုး ။ 😛
” အခု ပျဉ်းမနား တစ်ဝိုက်မှာ သူခိုးကြီးတွေ ဓါးပြကြီးတွေပေါပုံများ…
အစိမ်းရောင် လှိုင်းကြီး ထနေသလိုဘဲ…အုပ်စုလိုက်ကြီး…။
နန်းတော်ကြီးတောင် ဆောက်ထားတယ်ဆိုဘဲ…။ “
kyeemite
November 4, 2013 at 8:59 am
ကိုကျော်စွာခေါင် ပြောမှပဲ ရှင်းသွားတယ်..ဟီး 😀
ဗုံဗုံ
November 4, 2013 at 9:49 am
အူးလေးခွန်…အဲ့…အူးလေးခေါင်..
လယ်ကွင်းထဲမှာ မင်းသားဝတ်စုံဂျီးနဲ့
ပြေးနေတဲ့ပုံမြင်ယောင်သေး…
ပွဲဆိုတော့..ဟိုဟာတွေ တက်မနင်းမိရင်ကံကောင်း…
မဟာရာဇာ အံစာတုံး
November 4, 2013 at 9:53 am
နှစ်ယောက်တောင် တက်ဖိထားရတယ်ဆိုတော့
သူခိုးက အတော် တောင့်မယ့် သူခိုးပဲ နေမှာ …
alinsett
November 4, 2013 at 11:46 am
ဆိုလိုရင်းကို စကားလုံးလှလှလေးတွေနဲ ့
လှစ်ခနဲ ပြသလိုက်ပုံက ပညာပါတယ်
သူခိုးဖမ်းပုံ ဖတ်ပြီး
တခွိခွိလည်း ရီရတယ်
ဦးခေါင်ရည် တော်ချက်
🙂
Mr. MarGa
November 4, 2013 at 8:15 pm
သူခိုးကြီးတော့ ဓါးပြ တဲ့
ဓါးပြထက် ကြီးတာကျ ဘာခေါ်မလဲ ဗျာ
သေချာတာက ဒါတွေ ဓါးပြထက် ကြီးတယ် ဆိုတာပဲ ဟီဟိ
ဒါနဲ့ ဒါနဲ့ လေ
ကိုကြီးကျော် ဆရာက
တောင်ရှည်ပုဆိုး ပြန် တွေ့ရဲ့လား ဟင်
နောက်ပြီး
အဲဒီ နောက်ပို်င်းရော အဆင်ပြေပြေ က ဖြစ်ရဲ့လား လို့
ဖားသဂျိုး
TNA
November 4, 2013 at 9:29 pm
အားရပါးရရီလိုက်ရတာ။ အစောပိုင်းငိုချင်းတွေပြီးတော့ အခုလူပျက်အလှည့်ထင်ဘာ့။ 😀
lele kyi
November 5, 2013 at 11:11 am
မီးမီး မခိုးတတ်ဘူး ဦးဦးခေါင်။ မီးမီး အကြွေစေ့ဘူးလေးလည်းမပြည့်သေးပါဘူး။ အဲ့ဒီ ပန်းဂေါ်ဖီပွင့် တွေကို ပွဲခင်းထဲက ဦးဦးခေါင် ကောင်မလေးတွေကိုပေးဖို့ယူသွားတာပါ။ ဥစ်စာရင်း မှန်ရင် ဦးဦးခေါင်ဆီပြန်ရောက်မှာပါ။ ဦးဦးခေါင် ဆီမှာအမွေတောင်းထားတာလည်းမရသေးပါဘူး။ (ပညာအမွေ)။ ခိုးယူလို့လည်းမရ။ မီးမီး အဖြူအစိမ်း အထက်တန်းကျောင်းပြီကတည်းက မဝတ်တော့ပါဘူး။ ပျဉ်းမနားလည်း တစ်ခါတည်းရောက်ဖူးတာပါ။ း(ဟိုဘက်ပို့စ်မှာ အားနာလို့ ဒီမှာပြန်ရေးတာ) 🙂
sorrow weaver
November 5, 2013 at 11:19 am
နယ်ဘက်က လူတွေ မင်းသားဆိုချစ်ကြတာများ သဲသဲလှုပ်…
မင်းသားကိုပြန်ပေးဆွဲတယ်များလုပ်ကြည့်ပါလား…
အသားစင်းကောဘဝကမှ ရစရာကျန်အုံးမယ်….
ကိုမင်းသားသာဟုတ်ပါတယ်..ပြန်ပေးဆွဲပါတယ်လို့ပြောလိုက်လို့ကတော့ …အဟိဟိ …စကားမစပ်.ကိုမင်းသား….သူခိုးဖမ်းတာ တည်တည်တံ့တံ့ဖမ်းလို့ရဘူးရားဟင်…..အဟီးဟီး…ရီရလို့သေတော့မယ်…