အိုဘယ့်ရန်ကုန် လှမ်းလို့ဝင်ချေပြီကော

စဆရ ႀကီးNovember 5, 20131min3178

ခကျွန်တော်သည် ရင်ဘတ်ကြီးအဟောင်းသားဖြင့်။ အဲကွန်းမရှိသည့် မဟာရန်ကုန်ဟု ရန်ကုန်သူ ရန်ကုန်သားများမှ ကျွန်ုပ်တို့လို့ တောင်ပေါ်သားများကို မှိုချိုး၊ မြှစ်ချိုးပြောသည်ကို လွန်ခဲ့သည် ဆယ်စုနှစ် နှစ်စုကျော်ခန့်က ခံစားခဲ့ရသည့် ခံစားရင်းများကလဲ ရှိနေသည်ကတစ်ကြောင်း၊ ရန်ကုန်သားဆိုတာ ဘောင်းဘီလေထိုးကြီးများကို အထဲမှ အရိုးဂေါက်ဂက်များဖြင့် တန်ဆာဆင်ရင်း ကျွန်ုပ်တို့နားမလည်သည့် မြန်မာစကားပြော အမြန်စကားများကို ပြောဆိုသူများ အနေနှင့်လည်းကောင်း၊ ရန်ကုန်သူဆိုသူများမှာ ကျွန်ုပ်တို့နယ်သူများ မဝတ်ရဲသည်များ ဝတ်ကြပြီး ကျွန်ုပ်တို့ နယ်သူများ မပြောရဲသည်များ တစ်နင့်တစ်ပိုးကြီး ပြောဆိုတတ်သူများ အနေနှင့် လည်းကောင်း၊ ရန်ကုန်သားများ လေတိုက်လျင် လဲကျတော့မည့် အခြေအနေတွင်တောင်မှ လေမလျှော့ပဲ ရန်ကုန်တွင် ထိုသို့သော ကိုယ်ခန္ဒာ အလှပိုင်ရှင်များမှာ အဘယ်မျှ ကောင်မလေးများ ကြိတ်ကြွေကြောင်းကို ကြားရပြီးနောက် ကိုရင်စိုင်းတို့လို တောင်ပေါ်သားများမှာ လက်မောင်းအိုးတုတ်တုတ်ကြီးများပေါ်တွင် မျက်ရည်ပေါက်များအား ကြမ်းရှရှသုတ်ရင်း မျက်ရည် မဆည်နိုင် ဖြစ်ကြရသေးသည်။ ရပ်ကွက် အပျော်ဘောလုံးချိန်းပွဲများတွင် ကိုယ်လုံးအလှ ထုတ်ပြသည့် အနေဖြင့် ဘောင်းဘီတိုလေးဖြင့် ကိုယ်အပေါ်ပိုင်းရှိ ကြွက်သားကြီးများကို အများသူငှာ မြင်စေလိုခြင်း အလို့ငှာ အကျီင်္ချွတ်ကန်လေ့ရှိသော ဘရန်မိုင်ဆိုသော ကိုရင်စိုင်းသူငယ်ချင်း ကချင်တစ်ယောက်မှာတော့ သူ သိပ်ကြိုက်သောကောင်မလေးတစ်ယောက်ကို ရန်ကုန်သား ဘဲကင် ဆိုသော နံရိုးကောင်လေးမှ အပိုင်ချုပ်သွားသဖြင့် အသီးဟက်တက်ကြီးကွဲပြီးနောက်များတွင်မတော့ လက်ရှည်ဆွယ်တာကြီးကို ဇစ်အပြည့်ဆွဲပြီး အောက်တွင်တော့ ဘောင်းဘီတိုလေးဖြင့် ဘောလုံးတော့ ကန်လျက်သား…။

ခံစားရသည်တော့ ခံစားရသည်ပေါ့၊ ဝါသနာကတော့ တားနိုင်သည်မှ မဟုတ်တာ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

” ငါ့သား… အဖေတို့ မိသားစု ရန်ကုန်ပြောင်းတော့မယ် “

ကိုရင်စိုင်းဖင်တွင် တီဆားနှင့် တွန့်လိုက်သလိုပင်။

ရန်ကုန်… ရန်.. ကုန်.. ဟု တီးတိုးရေရွတ်မိသည်။

ထိုမြို့ကြီးသည်ကား ထူးဆန်းအံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေသည်။ တစ်မြို့လုံး အနှံ့ရှိ ကတ္တရာလမ်းမများထက်တွင် ကိုရင်စိုင်းတို့မြို့မှ အတော်လေးချမ်းသာသည်ဟုဆိုသောသူများ အံဆွဲလေးများအတွင်းနေထိုင်ရင်း ကိုရင်စိုင်းတို့ သွားရည်တစ်များများ ကြည့်နေရသော နောက်ဆုံးပေါ် (၁၉၈၉) ခုနှစ်ထုတ် ကားအကောင်းစားကြီးများကို ပါတ်ပါတ်လည်မောင်းနှင်နေချိန်လဲဖြစ်၏။ ထိုစဉ်က ဆယ်လူလာဖုန်းကြီးများကို ခါးများတွင် မနိုင့်တစ်နိုင်ချိတ်ရင်း ကားသော့ကို စားပွဲပေါ်ပြစ်တင်လိုက်သည့် ရန်ကုန်သား ငကြွားဇာတ်ကားကြီးများကို ကြည့်ရင်းဖြင့်လည်းကောင်း၊

တောင်ပေါ်သူများကြားတွင် ရန်ကုန်သား ငါးဖောင်ရိုးများသည် လူစွမ်းကောင်းကြီးများဖြစ်သကဲ့သို့ ရန်ကုန်သူများသည်လည်း အတော်လေးကို ကြီးကျယ်မြင့်မြတ်သူများ အနေနှင့် မြင်ကြလေ၏။ ကိုယ့်ဒေသခံ အချောအလှလေးတစ်ယောက်ကို ပိုင်ဆိုင်ရသည်ထက် ရန်ကုန်သူကြီးကို ရည်းစားတော်ရသည်တောင်မှ အဟောသုခံ၊ ချမ်းသာလေစွ။ (မယုံမရှိပါနှင့်၊ ယခုတိုင်အောင် ကိုရင်စိုင်းပြန်သွားသည်သော်မျှ လူစွမ်းကောင်းကြီးအလားပင်) ကျွန်တော်တို့ တောင်ပေါ်မြို့လေးတစ်မြို့သည်ကား သာယာ အေးချမ်းလွန်းလှပေစွ။ မိန်းမတစ်ယောက်အတွက် ဖြစ်တည်ခြင်းတစ်ခုသည် တက်နေဝန်းတစ်ခုအလား လွန်စွာမှပင် တန်ဖိုးရှိခြင်းလဲ ဖြစ်ရပေ၏။

ကိုရင်စိုင်းလဲ သစ်တောကျောင်းထောင့်မှ ၈ ကျပ်ခွဲတန် Tea တစ်ခွက်ကို သောက်လိုက်ရင်း အနီးအနားမှ EPC လိုင်းခန်းတွင်နေသော ဒီးဒုတ်ခေါ် သူရစိုး လေရွှီးသမျှ ရန်ကုန်သား ဘဲကင် ဘယ်လောက်စွံကြောင်းကို နားကြားပြင်းကပ်လာသည့်အလျောက် ရန်ကုန်သူ ကရင်မများအကြောင်းသာ တွေးမိသည်။ ဘဲကင်မှတစ်ဆင့်သိရသည်များမှာ ကြောက်ခမန်းလိလိပင်။ ရန်ကုန်သူဆိုသည်များမှာ အဘယ်မျှပင် ကြောက်စရာကောင်းကြောင်း၊ ယောကျာ်းကျမ်းများကို မျိုချထားသည့်အလား သူတို့်မျက်ဝန်းတစ်ဝေ့ခန့်မျှဖြင့်ပင် ပုရိသတို့ နှလုံးသည်းပွတ်ကို စွဲယူညှို့ငင်နိုင်သူများဖြစ်ကြောင်း (ဒါလဲ ဖြစ်နိုင်ပြန်သေးသည်) ကိုရင်စိုင်းတို့ ငယ်သူငယ်ချင်း တောင်ပေါ်သူမလေးများမှာတော့ ငယ်စဉ်ပိစိကွေးလေးကထဲက မြင်ခဲ့မိလို့လားမသိ၊ သူတို့လုပ်ချင်ရာလုပ်၊ အထူးသဖြင့် အပျိုပေါက်အရွယ် ညုတုတုများ လုပ်လာလျင်တော့ လက်ညှိုထိုး ဝိုင်းဟားကြသည်သာတည့်။ သူမသည် သူမသာဖြစ်ပြီး ရန်ကုန်သူမှာတော့ ရန်ကုန်သူသာဖြစ်၏။

တစ်ကိုယ်လုံး ဘာမျှ မထူးသော်လည်း မျက်လုံးများမှာတော့ အတော်လေးညှို့ငင်ဖမ်းစားနိုင်လေ၏။

တောင်ပေါ်သားတွေ အသီးတွေ ဗျမ်းဗျမ်းကွဲကြလေ၏။ စာသင်နှစ်ကုန်သောအခါ ရန်ကုန်သူများ သူ့နေရာ သူပြန်သွားလေ၏။ တောင်ပေါ်သားများအဖို့တော့ ပြောစရာ ယုံတမ်းစကားများ ကိုယ်ပိုင်စီနှင့်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုရင်စိုင်း ခါးခါးသီးသီးငြင်း၏။ ကော်ဖီခြံတွင်ပဲ လုပ်ရ၊ လုပ်ရ၊ ကြက်ခြံတွင်ပဲ လုပ်ရ၊ လုပ်ရဆိုပြီး ထိုမြေနီလမ်းမထက်ကြီးထက်တွင် ခြေစုံကုပ်ပြီး နေခဲ့၏။ ထိုမဟာရန်ကုန်ကြီးကိုလည်း ကြောက်သည်လည်းပါသည်ပေါ့။

ဖခမည်းတော်ကြီးမှ မင်းကို ဂျာပွန်မရောက် ရောက်အောင်ပို့ပေးမယ်ဟု ပြောလိုက်သည့်တစ်ခဏ ကိုရင်စိုင်းတစ်ယောက် ဟတ်ထိုးကြီးလဲကျတော့မလိုဖြစ်သွား၏။ ရန်ကုန်သူတွေများ ဘာမှုစရာလိုသေးလဲဟူသည့် မခံချင်စိတ်ကြီးဖြင့် အံကြီးကိုကြိတ်ပြီး ခြံထဲမှ ဂေါ်ရခါးသီးများကို အကင်းရော၊ အရင့်ရော၊ ပုံမှန်ရောမချန် တစ်ခုမကျန်ခူး၏။ ဆာလာအိတ် ၃ အိတ်ပြည့်လုနီးပါးမျှပင်။ အားလုံးထုပ်ပိုးပြီးနောက် ကိုရင်စိုင်းလဲ အိမ်တွင်းဝင်ပြီး ဘောင်းဘီလက်ပြတ်ကြီး၊ စွပ်ကျယ် လယ်ဟိုက်ကြီးကိုဝတ်၊ ဦးထုပ်ကို နောက်ပြန်ဆောင်းပြီး ဟီးနိုးအမျိုးအစား ကားကြီးပေါ်သို့တက်လိုက်ရင်း ကားနောက်ဆုံးမှ ခြေထောက်နှစ်ချောင်းကို ချပြီး ဂျာပွန်ဆိုသည့်နေရာကြီးကို စိတ်ကူးယဉ်ရင်းဖြင့် လေတစ်ချွန်ချွန်နှင့်…။

” ဝုတ် ဝုတ်.. ဝုတ် ဝုတ် ဝုတ် ”

အသံကြောင့် ကိုရင်စိုင်း အတွေးတွေကြားမှ နိုးထလာရ၏။ မျက်လုံးကို ပွတ်သပ်ပြီး ကြည့်လိုက်သည့်နောက် ကားနောက်တွင် မမှီ့တစ်မှီဖြင့် အပြေးအလွှားလိုက်လာသော၊ ကိုရင်စိုင်း သူမငယ်စဉ်ကပင် တစ်ယုတစ်ယပြုစုပြီးမွေးလာရသော “ဂျက်မ…”

သူမသည် အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သခင်များ ထိုနေရပ်မှ စွန့်ခွာသွားသည်ကို သိသည့်အလား၊ နက်ပြောင်နေသော ကိုယ်ကြီးကို နေရောင်အောက်တွင် ပြောင်လက်တောက်ပနေအောင် ပြေးလိုက်လာရင်း၊ နှုတ်မှလည်း ကိုရင်စိုင်းတို့မကြားမည်ကို စိုးသည့်အလားနှင့် ကိုရင်စိုင်းငယ်စဉ်က သူငယ်ချင်းများကြားတွင် ဂုဏ်ယူဝင့်ကြွားခဲ့သည့် ခြေအိတ်ဟု ပြောဆိုခဲ့သော ခြေထောက်ဝါဝါများမှာ မနေမနား လှုပ်ရှားရင်းနှင့် အင်ဂျင်၏ ပြေးအားကို လိုက်မမှီသည်ထင့်၊ တစ်ဖြေးဖြေး ဝေးပြီး.. ဝေးသွားပြီး.. နောက်ဆုံးတွင်မတော့ ဆွဲဆွဲငင်ငင် အူလိုက်သံသာ ကြားရတော့သည်။

ကိုရင်စိုင်းတစ်ယောက်တော့ ထိုမြေနီလမ်းမြို့လေးမှ ဝေးရာသို့ တစ်ရွေ့ ရွေ့ ထွက်ခွာရင်းနှင့်။

ထိုစဉ်အခါများကတော့ လွမ်းတိုင်းပြန်လာမှာပေါ့ဟု ခပ်ပေါ့ပေါ့လေး စိတ်ထဲမှ မသိမသာနှုတ်ဆက်လက်ပြခဲ့လေ၏။

တစ်ကယ့်တစ်ကယ်တွင်မတော့ ကိုရင်စိုင်း ၁၅ နှစ်အကြာတွင်မှသာ ပြန်လည်ခြေချမိတော့သည်။ ငယ်သူငယ်ချင်းအတော်များများမှာတော့ နေမြဲ နေလျက်သား။ သူတို့မှာ တစ်လ လစာတစ်သိန်းခန့်မျှဖြင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိ်လျက်သားနှင့်။ ကိုရင်စိုင်းတစ်ယောက် လစာ ဆယ်ဆမျှနှင့် တစ်ကိုယ်လုံး ကျွမ်း.. လောင်မြိုက်လျက်သား။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

8 comments

  • ဖြူစိုင်း လူ

    November 5, 2013 at 9:01 am

    ကျန်တာတွေ ဆက်တော့ရေးပါဦးမည်..။

    အဲလိုပြောပြီး တန်းလန်းကြီးတွေများတော့လည်း ရှက်မိသား။ ခုတော့ကျုပ်လဲ ပထွေးနဲ့ညားနေတာသိပေမယ့် အမေ့ကို စိတ်မကုန်သေးတော့ အားရှိအောင် နည်းနည်း ဝိုင်းအားဖြည့်သည့်သဘောနှင့်သာ ယခင်ရေးလက်စလေးအတိုင်း ရေးလိုက်ပါကြောင်း။

    ပုံ/

    မယားပါသား

    • KZ

      November 5, 2013 at 9:30 am

      ဘယ်ဒူ နဲ့ ဘယ်ဒူ ရပြီး
      ဘယ်ဒူက လင် ဘယ်ဒူက မယားတုန်းးးးး
      😀

      တစ်ခု လိုချင် နောက်တစ်ခုတော့ ပေးဆပ်ရစမြဲပေါ့ဟ။
      ရုပ်ဝတ်ထုနောက်လိုက်တဲ့နေရာရောက်ရင်တော့ စိတ်ချမ်းသာမှုဆိုတာ ရှားသပေါ့။
      ရောင့်ရဲတတ်တဲ့ နေရာတွေမှာတော့ ရုပ်ပိုင်းဆိုင်ရာ ဘယ်တိုးတက်မတုန်းးးး
      ကိုယ်ပိုင် စိတ်ဓာတ်လေးရယ် လိုအင် အနိမ့်အမြင့်လေးရယ်နဲ့ပဲ ချိန်ရတာပေါ့ဟာ။

      ဂလိုပဲ ရောက်ရာအရပ် ရှိတာနဲ့ စိတ်ချမ်းသာစရာရှာရတာပေါ့။
      ပိုက်ဆံပေါ ရင် ပိုက်ဆံသုံးပြီး ပျော်စရာရှာ။
      မိသားစုရှိရာအရပ်မှာဆို မိသားစုစိတ်/ဘဝနဲ့ စိတ်ချမ်းသာအောင်နေ။
      သူငယ်ချင်းများရာအရပ်မှာဆို သူတို့နဲ့ ပျော်အောင်နေ။
      တစ်ယောက်တည်း ဆိုရင်ရော ဘာဖြစ်တုန်းးးးး စာအုပ် တစ်နေ့တစ်အုပ်ဖတ်ရရင်ကို ကိုယ့်အချိန်ကို ကိုယ်ပိုင်တဲ့ ဘဝရှိသေးဟလို့ ဝမ်းသာရသေးတယ်။

      ဟောဟဲ။
      ဟဲဟော။
      သူများ ဆရာလုပ်ရတာ မောတာအေ။ :mrgreenn:

  • kyeemite

    November 5, 2013 at 1:44 pm

    ခေါင်းစဉ်ကိုကြည့်မိတော့ “အိုဘယ့်ရန်ကုန် လှမ်းလို့ဝင်ချေပြီကော”
    ဆိုတော့ ကိုရင်စိုင်းတစ်ယောက် မိန်းမ လွမ်းလို့ ပြည်တော်ပြန်လာတယ်မှတ်သွားတာ…
    အော်..ဟော်..ဟော် ဂလိုကိုး 😀

  • ဦးကျောက်ခဲ

    November 5, 2013 at 1:50 pm

    ရန်ကုန်သူလေးတွေက လေတိုက်ရင်ခါးကျိုးမည့်…
    ဖြူဖြူချောချော နံပိန်လေးတွေကို ကြိုက်ကြတာဆိုတော့…
    မဲမဲသဲသဲ ကျောက်စ်လည်း ဂေါ်မစွံခဲ့ပါဘူးဗျာ…
    ရုပ်ကိုက… ဆိပ်ကမ်းက ကူလီထမ်းတဲ့ရုပ် ဆိုပဲ…
    😀

  • TNA

    November 5, 2013 at 3:17 pm

    ပျော်ရာမှာမနေတော်ရာမှာနေပေါ့အေ။ ဒလိုဘာဘဲ။ နာဆိုလဲ နယ်မှာပဲနေချင်တာအေ့။ ခြံလေးဝန်းလေးနဲ့ စိတ်အေးချမ်းသာ ဒါပေမဲ့မဖြစ်ဘူးလေအေ။

  • sorrow weaver

    November 5, 2013 at 5:53 pm

    အဟီး…ကိုရီးယားအဆင်လေးတွေပေါ့ဂျာ…ရန်ကုန်သူတွေသဘောကျတတ်တာ..ဖြူဖြူနွဲ့နွဲ့လေးတွေမှ …
    အဟိဟိ….ပြင်ဦးလွင်သူတွေကတော့ ကျားကျားယားယား…ဗလတောင့်တောင့်မှယောက်ျားထင်တာကလား….
    ကျော့်သူငယ်ချင်း ပြင်ဦးလွင်သား အထွားကြီးခင်ဗျာ ..ဘယ်လိုပြောခံထိတယ်ထင်သလဲ…လက်မောင်းကြွက်သားအဖုဖုကြီးတွေက ရွံစရာကြီးတဲ့….ခုခွိခုခွိ..ပြင်ဦးလွင်သားတွေခဗျာ….
    ပြင်ဦးလွင်သူတွေရှေ့ ..ကျတစ်မျိုး..ရန်ကုန်သူတွေရှေ့ကျတစ်မျိုးနဲ့ ….
    မာတဝက်..ပျော့တဝက်နဲ့…မနပ်တဲ့ထမင်းအိုးပျက်ကြီးကိုဖြစ်လို့…အဟိဟိ…ကျော်တော့မပါ…ကျော်ကြိုက်ထားတာ မြစ်ကြီးနာသူ..အထွားကြီး…အဟိဟိ

  • padonmar

    November 6, 2013 at 12:41 am

    ဟင် မျက်စိလည်သွားပြီ၊
    ဘယ်သူက ပထွေးလဲ၊

    ဘောင်းဘီလက်ပြတ်ကြီးနဲ့ စွပ်ကျယ်လည်ဟိုက်ကြီးကို ယောကျင်္ားလေးသုံးရေမွှေးစွတ်လိုက်သေးလား ကိုရှုံး။

  • alinsett

    November 6, 2013 at 5:46 pm

    အော် ရန်ကုန် ရန်ကုန်

    :kwi:

Leave a Reply