လူမှန်နေရာမှန်

ဘိုးေလးနီNovember 19, 20131min43215

အခုတလော အမြဲလိုလို ကြားနေရတဲ့ စာသားတစ်ခုကို ပြောပါဆိုရင် ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ စကားပဲ ဖြစ်လိမ့်မယ်။ ဟုတ်တယ်ဗျ။ ကျုပ်လည်းကြားနေရတာ အတော်ကြာပြီ။ ဟိုနေရာလည်း ပြုပြင်ပြောင်းလဲရေး၊ ဒီနေရာလည်း ပြုပြင်ပြောင်းလဲရေး။ ကျုပ်တို့နိုင်ငံကြီး တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မှရမယ်။ သမ္မတကြီးကတောင် ပြောခဲ့သေး။ အပြောင်းအလဲတဲ့ပါမလာတဲ့သူတွေကို ထားခဲ့မယ်ဆိုလား။ အခုလည်း ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေကြပြန်ပြီ။ ဒီလိုဗျ။ ကျုပ်အထင်တော့ အဲဒီပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျတာက လူမှန်နေရာမှန်ဖြစ်ဖို့လို့ ထင်တာပဲ။ ကျုပ်တို့နိုင်ငံမှာက လူနဲ့နေရာနဲ့ လွဲနေတာတွေ အတော်များနေတယ်။ အဲဒီလို လွဲနေသေးသ၍ တိုးတက်ဖို့က အဝေးကြီးမှာပါပဲဗျာ။

 

လွဲတယ်ဆိုတဲ့နေရာမှာလည်း (၂)မျိုးရှိတယ်ဗျ။ တစ်မျိုးက နေရာပေးတာလွဲတာ။ နောက်တစ်ခုက နေရာကို မပေးတာ။ ဒါနဲ့ ဒါက ကျုပ်အထင်ပါ။ ထင်သလောက်လေး ဆက်ပြောကြည့်တာပေါ့။ မဟုတ်ရင်လည်း ကွန်မန့်ထဲမှာ ပြောကြပေါ့ဗျာ။ နေရာပေးလွဲတာကတော့ ကလေးတွေက စပြောရမယ်။ ကျုပ် လူငယ်တစ်ယောက်ကို မေးဖူးတယ်။ ဘာအလုပ်လုပ်နေလဲဆိုတော့ စာရင်းကိုင်တဲ့။ ဘာနဲ့ဘွဲ့ရသလဲဆိုတော့ ဓာတုဗေဒတဲ့။ ဘာဝါသနာပါသလဲဆိုတော့ ဆရာမလုပ်ချင်တယ်တဲ့။ ကဲ ကျုပ်တို့နိုင်ငံ လွဲနေတယ်ဆိုတာ အဲဒါပဲ။ အချိန်တွေကုန်တယ်ဗျာ။ ကိုးတန်း၊ ဆယ်တန်း၊ တက္ကသိုလ် (၃) နှစ်၊ အားလုုံးပေါင်း (၅) နှစ်တောင် သင်ခဲ့ရတဲ့ ဓာတုဗေဒ။ ကျောင်းပြီးတာနဲ့ မေ့ပစ်ပြီး စာရင်းကိုင်သင်တန်းတက်၊ အလုပ်ဝင်လုပ်။ ကုန်ခဲ့တဲ့အချိန်တွေ နှမြောစရာဗျာ။ ကလေးတွေ မပြောနဲ့ဦး၊ မိဘတွေလည်း ကြည့်ဦး။ ငယ်ငယ်ကတည်းက နှုတ်ကျိုးလာတာ။ ကလေးတွေကို ကြီးလာရင် ဘာလုပ်မလဲမေးကြည့်၊ ဆရာဝန် နဲ့ အင်ဂျင်နီယာက လွဲပြီး မဖြေတတ်ဘူး။ ကိုယ့်သားသမီး ဘာဝါသနာပါမှန်းမသိဘူး။ ဆရာဝန် နဲ့ အင်ဂျင်နီယာကိုပဲ ခေါင်းထဲကို ရိုက်သွင်းထားတာ။ သူတို့စိတ်ထဲမှာ ဝါသနာပါတာရှိရင်တောင် အဲဒီဝါသနာနဲ့ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာ ယုံကြည်ချက်မရှိတော့ဘူး။ ဒါနဲ့ပဲ ကျုပ်တို့နိုင်ငံမှာ ဆေးကျောင်းဆင်းတွေ၊ အင်ဂျင်နီယာကျောင်းဆင်းတွေ ရိုက်သတ်လို့မကုန်အောင် ဖြစ်လာတာ။ ကျောင်းဆင်းလို့ ပြောတာနော်။ ဘာလို့လည်းဆိုတော့ ကျောင်းပဲဆင်းပြီး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်မလာကြတာ တစ်ပုံကြီး။ ဒီကြားထဲ မိဘတက်ခိုင်းလို့ တက်ရပြီး ကျောင်းတစ်ဝက်မှာတင် ထွက်လာတာတွေ ကျန်သေးတယ်။ ဘယ့်နှယ်ဗျာ။ မိအေးအခါခါနာဆိုတာ ဒါမျိုးပဲ။ ဆရာဝန်မလုပ်ချင်ပဲ ဆေးကျောင်းလာတက်တဲ့ ကျောင်းသားက ဝါသနာမပါတဲ့အလုပ်မို့လို့ ဆရာဝန်ကောင်းဖြစ်မလာဘူး၊ သူဝါသနာပါတဲ့ အလုပ်မှာလည်း ထူးချွန်ကျောင်းသားတစ်ယောက် ဆုံးရှုံးသွားတယ်။ ဒီလိုပဲ မတက်ချင်တဲ့သူတွေက အမှတ်ကောင်းကောင်းတွေနဲ့ တိုးတက်တော့ ချို့ချို့တဲ့တဲ့နဲ့ ဆယ်တန်းအောင်လာပြီး ဆရာဝန်ဖြစ်ချင်တဲ့သူက ဆေးမှတ်ကပ်ပြုတ်တွေဖြစ်ရော။ ဆရာဝန်ကောင်းတစ်ယောက် ဆုံးရှုံးတယ်။ နောက် မီတဲ့အမှတ်မှာ မတတ်မသာသွားတက်တော့ အဲဒီမှာလည်း ထူးချွန်တဲ့သူဖြစ်မလာတော့ဘူး။ ဟိုတလောကလေးတင် ဆေးကျောင်းပြီးကာစ ကျုပ်သူငယ်ချင်းရဲ့သမီးကို မေးကြည့်တယ်။ ဘာဆက်လုပ်မှာလဲဆိုတော့ မသိသေးဘူးတဲ့။ ပိုစတင်ဝင်ရမလား၊ အပြင်ဆေးခန်းမှာဝင်လုပ်ရင် ကောင်းမလားမသိဘူးတဲ့။ ကျုပ်က အကြံပေးကြည့်တယ်။ ပိုစတင်ဝင်လိုက်ပါလား၊ မိဘကလည်း ကျောင်းဆက်ထားဖို့ တက်နိုင်နေတာပဲ။ ပြီးရင် မာစတာဆက်တက်ပေါ့ ဆိုတော့ နယ်ဝေးတွေရောက်မှာ စိုးလို့တဲ့။ ဆရာဝန်လုပ်တာ လူ့အသက်ကယ်ဖို့မဟုတ်ဘဲ ဂုဏ်ရှိဖို့၊ ပိုက်ဆံရှိဖို့ တက်မှတော့ ဒီနိုင်ငံမှာ ဆေးကျောင်းဆင်းတွေများပြီး ဆရာဝန်ရှားတာ မဆန်းပါဘူး။ ကဲပါ။ ကျုပ်လည်း လမ်းကြောင်းလွဲနေပြီလား မသိဘူး။ ပြောချင်တာက နေရာပေးတာလွဲနေတာတွေ။ တကယ်လုပ်ချင်တဲ့သူက မလုပ်ရဘဲ မလုပ်ချင်တဲ့သူတွေက လုပ်နေရတဲ့အဖြစ်။

 

အုပ်ချုပ်ရေးပိုင်းတွေမှာလည်း ဒီလိုပဲဗျ။ ပြာသလောက်ဖွဲမထွက်တာတွေ အများကြီး။ ကိုယ်ဦးဆောင်နေရတဲ့ဌာနက ဘယ်လိုဌာနလဲ။ ဟိုးအောက်ခြေမှာ ဘာတွေလုပ်နေလဲ။ ဒီလုပ်ငန်း ဘယ်လိုလည်ပတ်နေလဲ။ အကုန်သိတဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ။ ဘယ့်နှယ်ဗျာ၊ လယ်/ဆည် ဝန်ကြီးတဲ့။ စပါးကို ဘယ်လိုစစိုက်ရပြီး နောက်ဆုံးဆန်ဘယ်လိုရလာလဲ ကျုပ်သွားမေးကြည့်ချင်တယ်။ ဘယ်လိုများဖြေမလဲလို့။ ဟိုတယ်/ခရီးဝန်ကြီးတဲ့။ ဟိုတယ်တစ်ခုရဲ့ အဓိကအကျဆုံးဝန်ဆောင်မှုတွေက ဘာတွေဖြစ်မလဲဆိုတာ ချက်ချင်းဖြေပေးပါလု့ိ။ တကယ်ပါဗျာ။ ကျွမ်းကျင်သူတွေ ဘေးဖယ်ခံရပြီး မသိတဲ့သူတွေ နေရာရနေတဲ့ခေတ်။

 

ဟော ပြောရင်းနဲ့ ဒုတိအချက်ကို ရောက်လာပြီ။ နေရာမပေးတာ။ ဟုတ်တယ်ဗျ။ တကယ်သိတဲ့လူတွေ နေရာပေးမခံရတာလည်း ကျုပ်တို့နိုင်ငံပဲ။ ဟိုးတုန်းက ပဒေသရာဇ်ခေတ်မှာ လူတော်ဆိုရင် ဘုရင့်အတွက် အန္တရာယ်ရှိလို့ သတ်ပစ်ကြတယ်။ ကျုပ်က ပဒေသရာဇ်ခေတ်ကုန်ပြီမှတ်တာ။ မကုန်သေးဘူးဗျာ။ အခုက ပိုဆိုးနေသေး။ ဒီကြားထဲဗျာ။ စီနီယာ၊ ဂျုနီယာ ဆိုတာတွေနဲ့လည်း လမ်းပိတ်တတ်ကြသေး။ စစ်တပ်ကအစ ကြည့်ပါလား။ ဂျူနီယာဆို ရောက်တာနဲ့ အသေသမတာ။ မော်တောင်မကြည့်ရဲအောင် လုပ်ထားတာ။ အဲဒီလို ကြောက်ရတာဗျ။ အပြင်လောကမှာလည်း ဒီလိုပဲ။ အရင်ရောက်နေတဲ့သူက နောက်မှလာတဲ့သူဆို နေရာပေးရမှာသိပ်ကြောက်တာ။ ကျုပ် ငယ်ငယ်က ကြုံရတုန်းကဆို အတော်လေးခံခဲ့ရတာလား။ အခုတော့ ကျုပ်ဝန်ထမ်းတွေကို ပြောထားတယ်။ လုပ်ငန်းတစ်ခုဆိုတာ ရှေ့ဆက်ပြီး ပိုတိုးတက်နေရမယ်။ ပိုတိုးတက်ဖို့အတွက် ပိုတော်တဲ့သူတွေ ဖြစ်နေရမယ်။ အဲဒီတော့ မင်းတို့ စီနီယာတွေ အကုန်ပြေးထား။ အေး..မင်းတို့ မပြေးနိုင်ရင်တော့ နောက်ကလူ ကျော်တက်သွားမှာပဲ။ အဲဒါကို မကျေမနပ်မဖြစ်နဲ့။ ညစ်ပတ်ပြီးတော့လည်း ခြေထိုးမခံနဲ့။ စိတ်ဓာတ်နိမ့်ကျတဲ့သူက ကိုယ့်ရဲ့ရှိပြီးသား အရည်အချင်းတွေတောင် ပျောက်သွားတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် သက်လုံကောင်းအောင် လုပ်ပြီး ရှေ့ကသာ ပြေးထားနှင့်ကြလို့။ ဟုတ်တယ်ဗျ။ ကျုပ်ငယ်ငယ်ကဆို နေရာမပေးတာတွေကို အသည်းနာအောင် ခံခဲ့ရတာ။ ခြေထိုးခံရတာလည်း ခဏခဏ။ ယုတ်စွအဆုံး ကျုပ်အထက်က အစ်ကိုကတောင် တစ်ခါတစ်ခါလာလုပ်သေး။ ဘာတဲ့။ ငါ မင်းထက် လူ့လောကကို အရင်ရောက်တာ၊ မင်းထက် ထမင်းအရင်စားတာ ဆိုပဲ။ လောကထဲအရင်ရောက်တိုင်း၊ ထမင်းအရင်စားတိုင်း သူက ပိုသိရောတဲ့လားဗျာ။ လူတွေက ရယ်ရပါတယ်ဆို။ ကျုပ်ကတော့ မမှုပါဘူး။ လဲရင်ပြန်ထ၊ အဲဒါဘဝပဲ။ ဒါပေမယ့်ဗျာ၊ ကျုပ်တို့က လုပ်ငန်းနယ်ပယ်သေးသေးလေးကိုဗျ။ တစ်နေရာမကောင်း၊ တစ်နေရာပြောင်း၊ ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ပေါ့။ ဟော နိုင်ငံနဲ့ချီလာတော့ နိုင်ငံပဲ နစ်နာတာပေါ့။ မသိတဲ့ မတတ်တဲ့သူတွေကို နေရာပေး။ သိတဲ့ တတ်တဲ့ သူတွေကို မသိချင်ယောင်ဆောင်နေ။ ရောက်နေပြီးသားသူကလည်း ကိုယ်ထက်တော်တဲ့သူကို နေရာပေးလိုက်ရမှာစိုးလို့ နည်းမျိုးစုံသုံး။ နောက်ဆုံးတော့ ကျုပ်တို့နိုင်ငံ LDC ထဲကကို မထွက်နိုင်သေးတာ ခုချိန်ထိပါပဲဗျာ။

 

ကဲ ဒါကတော့ ကျုပ်သိတဲ့ (၂) ချက်ပဲ။ လိုတာတွေကို ကွန်မန့်တွေမှာ ဖြည့်ပြောပေးကြဗျာ။ ဒီဆိုက်က ကွန်မန့်နဲ့ နာမည်ကြီးတယ်။ ကျုပ်တောင် ဒါတွေကို စောင့်ဖတ်ဖြစ်နေတာသာကြည့်တော့။ ဖတ်တာကြာတော့လည်း ရေးချင်စိတ်ပေါက်လာတာ မဆန်းပါဘူး။ ကဲ ရေးလိုက်ပြီဗျာ။ ကျုပ်နာမည် ဘိုးလေးနီပါ။ အားလုံးကို လေးစားပါတယ်။

 

15 comments

  • KZ

    November 19, 2013 at 12:34 pm

    ဪ။
    အဘိုးးးးး
    စာ စရေးပြီကိုးးးး
    အဟိ။
    နေရာပေးတယ်၊ နေရာမပေးဘူး ဆိုတာ ကလေးကွက်တွေပါ။
    ပညာရဲရင့်ရင် ပွဲလယ်တင့်သလို ပတ္တမြားမှန်ရင်လည်း နွံမနစ်ပါဘူးးး :mrgreenn:
    လမင်းကို ခွေးဟောင်လို့လည်း မရပါဘူးးးး :mrgreenn:
    _င် (အဲ) ထင်ပေါ် ရင် စင်တော်က ကောက်ပါတယ်။ :mrgreenn:

    ဟီးးးး
    ဘာစကားပုံကျန်သေးတုန်းဟမ်?
    ဆိုတော့ အရည်အချင်းသာမှန်ရင် သူ့ အလိုလို နေရာပေးကြနဲ့ နေရာ ရဖို့ မခဲယဉ်းပါဘူးးး
    ခွိခွိ။ :mrgreenn:

    ပထမဆုံး ကော်မန့်ပေးလို့ အနော့ကို…

    “အဘိုးးး မ စ ပါ”

    😀

    • TNA

      November 21, 2013 at 3:02 pm

      ဒီခေတ်ကထင်ပေါ်ရင်ဖိထောင်းခံရတယ်ခေတ်ကွဲ့ချွေးမွလေးရဲ့။ တော်လေလေ နေရယူသွားမှာစိုးလို့ နှိပ် ကွတ်လေပဲ။ ဘိုးလေးနီပြောတာတွေ အခုလက်ရှိဖြစ်နေတာတွေပဲမို့ အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးလို့သာသက်ပြင်းရှည်ချရုံကလွဲလို့ ဘာဆိုဘာမှမတတ်နိုင်ဘာဘူးကွယ် 😥

  • ဘိုးလေးနီ

    November 19, 2013 at 12:47 pm

    ကျုပ်ကို အဘိုးလို့ခေါ်စရာမလိုပါဘူး မခိုင်ဇာရယ်.. ကျုပ်နာမည် ဘိုးလေးနီ ဆိုတော့ ဘိုးလေးနီပဲခေါ်ပေါ့..ကျုပ်ပြောထားသားပဲ… အသက်ကြီးတိုင်း အရင်ရောက်တိုင်း လူကြီးမှမဟုတ်တာ…

    မခိုင်ဇာရဲ့ စကားပုံတွေက လူ့လောကကြီးအတွက်မှန်ပေမယ့် ပဒေသရာဇ်ခေတ်ကြီးမှာတော့ ထင်ပေါ်ရင်စင်တော်က သတ်ပါတယ်ဗျာ…
    အဲဒီအထဲ ဒီဆိုက်ကြီး မပါဘူးလို့ ထင်ပါတယ်…

    (မခိုင်ဇာကတော့ ထုံးစံအတိုင်း ပထမဆုံးမန့်သူပါပဲ..ကျေးဇူးတင်ပါတယ်)

  • လုံမလေးမွန်မွန်

    November 19, 2013 at 1:43 pm

    အမှန်​ပါပဲ ဘိုး​လေးနီ​ရေ…. လူများပြီးပွဲမစည်​တာ လုံမတို့နိုင်​ငံပဲဖြစ်​မလား မသိဘူး… နိုင်​ငံကို တကယ်​တိုးတက်​​စေချင်​တယ်​ဆိုရင်​ စိတ်​ဓာတ်​​တွေပြင်​ဖို့ သင်​့ပါပြီ.. စနစ်​နဲ့လူနဲ့ ဟန်​ချက်​ညီ​နေသင်​့တယ်​ ထင်​တယ်​

  • kyeemite

    November 19, 2013 at 2:03 pm

    “လူမှန်နေရာမှန်” ဖြစ်ဖို့အရေးကြီးတာကိုလက်ခံပါတယ်
    ဒါပေမဲ့ ကျုပ်တို့နိုင်ငံမှာက စံနစ်တွေ၊ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း
    “မိုးကျရွှေကို” ဆိုတဲ့လူတန်းစား နေရာတစ်ခုကတော့ခုထိမပြောင်းသေးတာခက်တယ်
    အောက်အဆင့်ကကျွမ်းကျင်ပြီးတက်လာတဲ့သူက တစ်နေရာရောက်ရင်ရပ်သွားရော.. ဆက်မတက်နိုင်တော့ဘူး..ခုနင်ကပြောတဲ့ “မိုးကျရွှေကို” တွေအတွက် ခေါင်သူကြီးနေရာကိုအမြဲချန်ထားရတယ်… 😀

    အခုလိုအကြောင်းအရာကောင်းလေးနဲ့ စာစရေးလာတာကို လှိုက်လှဲစွာကြိုဆိုပါဂျောင်းးးး

  • Mr. MarGa

    November 19, 2013 at 2:19 pm

    နေစမ်းပါဦး ဘိုးလေးနီ ရဲ့
    လူမှန်နေရာမှန် လူမှန်နေရာမှန် နဲ့ ပြောနေတာတော့ ဟုတ်ပါပြီ
    ဘိုးလေးနီရော လူမှန်နေရာမှန် ရောက်ခဲ့ရဲ့လား???
    တကယ် ဖြစ်နေတာက
    အရှေ့က ဦးဆောင်ကြသူ၊ အရှေ့က သွားနေကြသူတွေ (ဘိုးလေးနိတို့လိုပေါ့နော)
    သူတို့ကိုယ်တိုင်က အလှည့်ကျ မနွဲ့စတမ်း ဆိုပြီး နေရာမှန်တွေ ဖျောက်နေကြတာလေ။
    ဒီကြားထဲမှာဗျာ…
    အသံကျယ်ပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်တွေကလည်း ရှိသေးသဗျ။
    ပြောတော့ပြောတယ်ဗျာ။ အပြောနဲ့ အလုပ်က တခြားစီ လူမျိုးတွေပေါ့ (ဘိုးလေးနီတော့ မပါလောက်ဘူးလို့ ထင်ပါတယ် ငိငိ)
    ဆိုတော့ ဘ်ိုးလေးရေ (အဖျားဆွတ်ခြင်း)
    ပတ္တမြားမှန် နွံမနစ် လို့ ဆိုရိုးရှိပေမယ့်
    ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ ဖြစ်မနော
    မဟုတ်ရင်
    နွံမနစ်တဲ့ ပတ္တမြားတွေကို မသိသူ ကျော်သွားပြီး သိတဲ့ အိမ်နီးချင်းတွေ ဖော်စားတာနဲ့ ကုန်လိမ့်မယ်။

    အပျင်းပြေ ငြင်းတတ်တဲ့
    ဦးမာဃ (ခေတ္တ လူ့ပြည်)

    • ဘိုးလေးနီ

      November 21, 2013 at 11:20 am

      အပျင်းပြေငြင်းတတ်တဲ့ ဦးမာဃရေ
      ကျုပ်ကို လူမှန်နေရာမှန်ရောက်ရဲ့လား မေးရင်တော့ ကျုပ်အနေနဲ့ အခုလက်ရှိနေရာကို ကျေနပ်တယ်လို့ပဲ ဖြေရမှာပဲ။ ကျုပ်အခြေအနေနဲ့ ကျုပ်အလုပ်နဲ့က ကျုပ်အတွက်အဆင်ပြေပါတယ်။ တစ်ခုက ကျုပ်က ကိုယ်ချင်းစာတယ်ဗျာ။ ဒါကြောင့် ကျုပ်အနေနဲ့ မိုးကောင်းတုန်းဆိုတာတွေ၊ မိုးကြိုးပစ်တာတွေမရှိဘူး။ ကျုပ်ကိုကျုပ်တော့ လိပ်ပြာလုံပါတယ်။

      တကယ်တော့ တိုင်းပြည်ကိုဦးဆောင်တဲ့သူတွေဆိုတာ တိုင်းပြည်ကို တကယ်တိုးတက်ချင်စိတ်ရှိသူတွေပဲ ဖြစ်သင့်ပါတယ်။ စေတနာသာမှန်ဖို့ အဓိကပါ။ စေတနာလည်းမှန်တဲ့၊ ကိုယ်တိုင်လည်း ထက်မြက်တဲ့ The Lady က ကမ္ဘာတန်းဝင်နေတာ လူတိုင်းအသိပါဗျာ။

      လေးစားတဲ့
      ဘိုးလေးနီ

  • ဘိုးလေးနီ

    November 19, 2013 at 2:20 pm

    လုံမလေး
    လူများပြီး ပွဲမစည်တာလား။ မစည်သင့်တဲ့ပွဲတွေ စည်နေတာလားတော့ ကျုပ်လည်း မသိတော့ဘူး။ စနစ် နဲ့ လူ။ အင်း .. ဒီဆိုက်ထဲမလဲ စနစ်နဲ့ လူက ငြင်းနေကျဆိုတော့ ကျုပ်လည်း အထွေအထူး မပြောလိုတော့ပါဘူး။

    kyeemite
    အဲဒီ မိုးကျရွှေကို တွေကို ပြောချင်တာပါဗျာ။ ဘာမှမတက်တဲ့ မိုးကျရွှေကိုတွေက ခေါင်သူကြီးဆိုတော့ ဒီအသင်းတော့ ရှုံးတာ မဆန်းပါဘူး။ ကိုယ်လည်း မလုပ်တတ်။ လုပ်တတ်သူကိုလည်း နေရာမပေး။ တယ်ဆိုးတယ်ဗျ။ ခင်ဗျားပြောသလိုပဲ ဒီလူတန်းစာရှိနေသ၍ ဘာစီမံကိန်းမှမလုပ်နဲ့ ။ ဘယ်လောက်လုပ်လုပ် ဒီနေရာကကို တက်မှာမဟုတ်ဘူး။

    ကြိုဆိုတာအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

  • alinsett

    November 19, 2013 at 3:56 pm

    နေရာမှန်ဆီ…. လူမှန်တွေ..ရောက်ဖို ့…..

    သွားကြဦးစို ့…..
    ဘယ်သူလိုက်မလဲ….
    :kwi:

  • ကထူးဆန်း

    November 19, 2013 at 9:59 pm

    ဟိုး အပေါ်ဆုံးက လူ က ဟိုး အောက်ခြေ ဘာတွေ လုပ်နေလဲ သိဖို့ မလွယ်ပါဘူး .
    အဆင့်ဆင့် တာဝန်ခံ သွားရမှာပါ ..
    အဲ့ဒီ့ အဆင့် ဆင့် တာဝန်ခံသွားနိုင်ဖို့ အဆင့်ဆင့် တာဝန်ခံတတ်သူများ သာ လိုပါတယ် ..
    အိုဘားမား ကြီးလည်း သူ့အောက် ကလူ ဘာလုပ်လဲ အကုန်မသိနိုင်ပါဘူး ..

    အဆင့် ဆင့် တစ်ဦး နဲ့ တစ်ဦး ကျီးကို ဘုတ် ရိုသေ ။ ဘုတ်ကို ကျီးရိုသေ ဆိုသလို ရှိသွားဖို့လိုပါတယ် ..
    ကျွန်တော် ကတော့ မြန်မာပြည် အဲ့ဒါ အား နည်း နေ တယ် လို့ဘဲ မြင်ပါတယ ်။။
    အောက် ကလူ ကလည်း အထက်လူပြောရင် ဘာလို့ ခံရမလဲ .. မဟုတ် မခံ ဆိုတဲ့စိတ်ကို အသားပေးလွန်းပါတယ် .. စာရေး ဆရာများ အနုပညာ သမားများကလည်း ကောင်းကောင်းဘေးတီးပါတယ် ။ မယုံရင် ကိုရီးယား ကားတွေ နဲ့ မြန်မာကားတွေ ယှဉ်ကြည့်ပါ ။ ကိုရီးယား ကားတွေ ဆို စီနီယာ ကို ဘယ်လောက် သည်းခံ ကြလဲ ဆိုတာ တွေ့နိုင်ပါတယ် ။ မြန်မာကားတွေက တော့ အမြဲတန်း အထက်လူ က မဟုတ်ဖြစ်ပြီး မင်းသား အောက်လူ က မဟုတ်မခံ ဆိုပြီး အားပေး လိုက်တာ အောက်လူတွေက ငါမှ ငါတွေ ဖြစ်ကုန်ကြတာ လည်း အများကြီးပါ ..

    • ဘိုးလေးနီ

      November 21, 2013 at 11:30 am

      လာဆွေးနွေးပေးတဲ့အတွက် ကထူးဆန်းကို ကျေးဇူးတင်ပါတယ်။

      ကျုပ်ကတော့ management လို့ပဲ မြင်မိတယ်။ ကိုယ့်အတွက် ယုံကြည်နိုင်လောက်တဲ့သူကို ကိုယ်တိုင်ရွေးရမှာဗျ။ ကိုယ့်ကို သတင်းပေးတဲ့သူက ဘယ်လိုစိတ်ဓာတ်မျိုးရှိလဲ။ သူ့အောက်ကလူနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲ ဆိုတာ ကိုယ်က ကြည့်နေရမှာဗျ။ ကိုယ့်အတွက်ကတော့ ယုံကြည်ရပါရဲ့။ ဒါပေမယ့်သူ့အောက်က လူနဲ့ သူနဲ့ အဆင်မပြေဘူးဆိုရင် တစ်ခုခုတော့ ဆုံးဖြတ်ရမယ်ဗျာ။ သူ့ကြောင့်နဲ့တော့ ဟိုးအောက်က ဝန်ထမ်းကောင်းတစ်ယောက်ကို မဆုံးရှုံးချင်ဘူး။ ကျုပ်မြင်ရသမျှကတော့ သူဌေးတွေက သူ့အတွက်က ယုံကြည်ရတဲ့သူဆို ဟိုးအောက်က လူနဲ့ ဘာဖြစ်ဖြစ် မသိချင်ယောင်ဆောင်နေကြတယ်။ ဒီတော့ စီနီယာ၊ ဂျူနီယာပြဿနာတွေဖြစ်တယ်။ တကယ်တော်တဲ့ ဝန်ထမ်းတွေ ထွက်ကုန်ကြတယ်။ အထက်က လူကြီးအပေါ်လည်း သစ္စာရှိ၊ အောက်က ဝန်ထမ်းကိုလည်း အကြီးပီပီ ကောင်းကောင်းထိန်းသိမ်းနိုင်တဲ့ အလယ်အလတ်တန်းက လူတွေများ လိုနေသလားလိုု့။

      လေးစားတဲ့
      ဘိုးလေးနီ

  • မဟာရာဇာ အံစာတုံး

    November 20, 2013 at 2:22 pm

    ကျန်ဒါဒေါ့ မတိဘာဘူး ဘဘဂျီးရယ် …
    ကျုပ်ဒေါ့ ဂနေ့အဖို့ဘဲ လူမှန်နေရာမှန် ပျံရောက်လာဘီ …
    လွမ်းခဲ့ရသမျှ သည်းခလေးနဲ့ ပြန်တွေ့ရဒေါ့မှာမို့
    ကြိတ်လို့ပျော်နေဘာတီ ဘဘနီ …

  • Wow

    November 20, 2013 at 2:40 pm

    အဘပြီးတော့ အဘိုးပေါ့နော်… :mrgreen:

  • surmi

    November 26, 2013 at 9:56 am

    အဘိုး​တွေအဘ​တွေ ​ခေတ်​စား​နေပါလား
    ကိုယ်​့ကိုကိုယ်​ ဘို​း​တော်​ဆာမိ မလုပ်​ခဲ့ရတာပဲ ​နောင်​တရ ရမလို
    ထားပါ​တော့…
    လူမှန်​ ​နေရာမှန်​ ဆိုတာထက်​
    ဝါသနာနဲ့ လက်​ရှိအလုပ်​ ကိုက်​ညီဖို့ အ​တော်​မလွယ်​ပါဘူး
    ထို့အတူပဲ
    ချစ်​​သောသူနဲ့ လက်​ထပ်​​သောသူဆိုတာကလည်​း…….

  • Paing Lay

    November 26, 2013 at 3:30 pm

    ကိုရင် ဆာမိရေ ချစ်သောသူနဲ့ လက်ထပ်သောသူလို့ပြောမှ ဗျူဟာ သီဆိုထားတဲ့ “သမီးရှင်” သီချင်းကို ပြေးမြင်ယောင် မိပါရဲ့ဗျာ 🙂 :'(

Leave a Reply