အရိပ်တို့ရဲ့ အစည်းအဝေး
(၁)
လကွယ်ညလည်း ဖြစ်၊ ညဉ့်ကလည်း သန်းခေါက်ထက် နက်နေတဲ့အချိန်။ ညကြီးက ဆင်တစ်ကောင်လုံး ဝင်လာရင်တောင် မမြင်ရအောင် မှောင်မဲပြီး ပုရွက်ဆိတ် ချောင်းဆိုးသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ ခါတိုင်းအော်နေကျ တောက်တဲ့တွေ၊ အိမ်မြှောင်တွေ၊ ပုရစ်တွေ ဒီည ခွင့်ယူထားသလား အောက်မေ့ရရဲ့။ တစ်ရွာလုံးမှာ ဘာဆိုဘာသံမှ မကြားရ။
တစ်ရွာလုံးက ရှိသမျှလူတွေ ပိုးစိုးပက်စက် အိပ်မောကျနေချိန် သူမှာတော့ မအိပ်နိုင် မမောနိုင်သေး၊ ရွာလယ်လမ်းမပေါ်မှာ ခပ်သုတ်သုတ် လျှောက်လိုက်၊ မကျီးပင်တွေအောက် ဝင်ပုန်းလိုက်၊ တစ်ခါ ထပြေးလိုက်၊ တစ်ယောက်တည်း တူပုန်းတမ်း ကစားနေသလိုမျိုး ပြေးလိုက်ပုန်းလိုက် ဖြစ်နေတယ်။
အမှန်တော့ သူ ကစားနေတာ မဟုတ်။ သူ့ရှေ့က သွားနေတဲ့ အရာဝတ္ထုတစ်ခုနောက် တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတာ။
သူ့ရှေ့က အရာဝတ္ထုဆိုလို့ တကယ်တော့ ဒါဟာ အရာဝတ္ထုလား၊ သတ္တဝါလား ကွဲကွဲပြားပြား သူ မသိ၊ အရောင်က မဲမှောင်မှောင်၊ ခန္ဓာကိုယ်၊ ခြေ၊ လက် အားလုံး လူ့ပုံပန်းသဏ္ဌာန်၊ ဒါပေမယ့် အလုံးအထည်မရှိ၊ ရှည်လျှားလျှား၊ ပြားချပ်ချပ်။ နာမည်ဘယ်လို တပ်ရမယ်မှန်းတောင် သူမသိ။
သူ သိတာဆိုလို့ အဲဒီ့ပြားချပ်ချပ်အရာဟာ စောစောကမှ သူ့ခန္ဓာကိုယ်ထဲက တိတ်တဆိတ် ထထွက်သွားတဲ့အရာ။
သူ အိပ်ပျော်ခါစရှိသေး၊ သူ့ခန္ဓာကိုယ်ထဲက တစ်စုံတစ်ရာ ရုတ်တရက် ထထိုင်လိုက်တာ သတိထားမိတယ်။ သူ ပျော်ချင်ယောင်ဆောင် အကဲခတ်နေတုန်း အဲဒီ့အရာဟာ သူ့ခန္ဓာကိုယ်ထဲက ကျွတ်လွတ် ထွက်သွားပြီး ကုတင်အစွန်းကနေ ကြမ်းပြင်ပေါ် ခြေထောက်ချတယ်၊ ပြီးတော့ မတ်တပ်ရပ်ရင်းက လှဲနေတဲ့သူ့ဘက် တစ်ချက်လှည့်ပြီး ငုံ့ ကြည့်နေသေးရဲ့။
နာက်တော့ အဲဒီ့အရာဟာ ခြေဖွဖွနင်းရင်း အခန်းထဲက ထွက်သွားတယ်၊ လှေကားထစ်တွေအတိုင်း အောက်ဆင်းပြီး လမ်းမပေါ် ရောက်သွားမှန်း သူ ခန့်မှန်းသိလိုက်ရတော့ရဲ့။
အဲဒီမှာတင် သူလည်း အိပ်ယာက ကပျာကယာ ထ၊ အိမ်အောက် ဒရောသောပါး လိုက်ဆင်းပြီး ဒီကောင် ဘာလဲဘယ်လဲ သိရဖို့ နောက်ကနေ ခြေရာခံ လိုက်ကြည်နေမိတော့တာပါပဲ။
အရာဝတ္ထုလား၊ အကောင်ဗလောင်လား အတိအကျ မသိရတဲ့ အဲဒီ့အကောင်ဟာ ပထမ ရွာလယ်လမ်းအတိုင်း ရွာအနောက်ဘက်ထိပ်အထိ ခပ်မှန်မှန် လျှောက်နေတယ်။ ပြီး ရွာ့အပြင်ဘက်ရောက်တာနဲ့ ဘယ်ဘက်ချိုးပြီး ရွာနဲ့ မနီးမဝေးက လယ်ကွင်းတွေဆီ အပြေးတစ်ပိုင်း ခရီးနှင်နေပါတော့တယ်။
(၂)
“အို…”
လယ်ကွင်းထဲမှာ မြင်လိုက်ရတဲ့ ရှုခင်းကြောင့် သူ အံ့ဩတုန်လှုပ်သွားတော့ရဲ့။ ကြယ်ရောင် ဖြိုးတိုးဖျောက်တောက် အောက်မှာ တရွရွတစိစိ စုရုံးနေတဲ့ ရှည်ရှည်ပြားပြား အကောင်တွေလေ။ အကြမ်းဖျင်း ခန့်မှန်းခြေ ရွာထဲက လူဦးရေလောက်ရှိမယ် ထင်တယ်။
အများစုက လယ်ကွက်ထဲမှာ ငိုးတိုးငုတ်တုတ် ထိုင်ရင်း စကားခပ်တိုးတိုး ပြောနေကြတယ်၊ တစ်ချို့ကတော့လည်း ကန်သင်းဘောင်တွေပေါ်မှာ မတ်တပ်ရပ်လို့။
သူ ခြေရာခံလိုက်လာတဲ့ကောင်ကတော့ လယ်ကွင်းထဲ နောက်ဆုံးမှ ရောက်တာ ဖြစ်ပုံရရဲ့။ ရောက်တာနဲ့ အနီးအပါးက ဟိုတစ်ကောင် ဒီတစ်ကောင်နဲ့ ဝတ္တရားကျေ နှုတ်ဆက်ပြီး ပရိသတ်ထောင့်စွန်း တစ်နေရာမှာ ခပ်ကုတ်ကုတ် သွားထိုင်နေတာ တွေ့ရတယ်။ သူလည်း မလှမ်းမကမ်းက ခြုံပုတ်တစ်ခုအကွယ်မှာ ပုန်းပြီး အခြေအနေကို အကဲခတ်နေမိရဲ့။
ဒီကောင်တွေ ဘာကောင်တွေလဲ၊ ဘာလုပ်ကြတာလဲ၊ နာနာဘာဝတွေလား၊ ဝိနာဘာဝတွေလား၊ ဒါမှမဟုတ် ကိုယ်စောင့်နတ်ဆိုတာတွေလား၊ သေချာတာကတော့ ဒီကောင်တွေ လူခြေတိတ်ချိန် တမင်ရွေးပြီး အခုလို စုဝေးနေကြတာပဲ။
သူ စဉ်းစားနေတုန်း ပထမဆုံး ကြားရတာက နာမည်စာရင်းခေါ်သံ။
“မြောက်ပိုင်းက ဖိုးပြား”
“ရှိပါတယ်”
“မောင်လုံး”
“ဟုတ်”
“ငအုံး”
“ရောက်ပါပြီ”
အဲဒီမှာ သူ ထပ်အံ့ဩရပြန်ရဲ့။ နာမည်စာရင်း ခေါ်တဲ့သူအသံက ရွာတောင်ပိုင်းက ဆယ်အိမ်ခေါင်း မောင်ကြည်ဆိုတဲ့လူရဲ့အသံ။ ပြီး ပြန်ထူးတဲ့အကောင်တွေကလည်း ကြည့်။ တစ်ရွာတည်းသား သူ့အသိတွေရဲ့ အသံတွေချည်းပဲ။ တစ်ချို့ကောင်တွေဆို ညဉ့်ဦးပိုင်းကမှ သူနဲ့ လမ်းခွဲပြီး အိပ်ယာ အသီးသီးဝင်ခဲ့ကြတာ။ အခု ဘယ်လိုကဘယ်လို ဒီကောင်တွေအသံ ဒီမှာ ရောက်နေရတာလဲ။
“ဘသစ်”
“ရောက်ပါပြီခင်ဗျာ”
“ဗျာ……!”
ဗျာခနဲ အာမေဍိတ်တစ်ခု သူ့ပါးစပ်က ထွက်ကျလာလို့ ပါးစပ်ကို လက်နဲ့ မနည်း ပြန်ပိတ်ထားလိုက်ရတယ်။
ဘသစ်ဆိုတာ သူ့နာမည်၊ ပြန်ထူးနေတာကလည်း သူ့အသံ။ သူ့နာမည်နဲ့ သူ့အသံကို သူ့ခွင့်ပြုချက်မယူဘဲ သုံးနေတာက စောစောကပဲ သူ့ကိုယ်ထဲက ထွက်သွားလို့ ရွာထဲကနေ ဒီနေရာအရောက် သူကိုယ်တိုင် နောက်ယောင်ခံ လိုက်လာခဲ့တဲ့ကောင်။
အခု အဲဒီကောင်က ပရိသတ်ထောင့်စွန်းကနေ ခပ်တည်တည် ထထူးလိုက်တာလေ။ ဒီငပြားချပ် ဘသစ်အစစ်ကို ဘေးထားပြီး ဘသစ်အတု ထုတ်လုပ်နေပါပေါ့လား။
သူ့အတုကို သူ စိတ်ဝင်စားနေတုန်း ကြားဖြတ်ကြေငြာလိုက်တဲ့ အသံကြောင့် သူ့အာရုံလည်း တစ်ကွင်းလုံးက ပြားချပ်ချပ်အရာ အားလုံးဆီ ရောထွေးရောက်ရှိသွားပြန်တယ်။
ကြေငြာတဲ့အသံက ရွာသူကြီးဦးရွှေသောင်းရဲ့အသံ။
“ကိုင်း… အရိပ်တွေလည်း စုံပြီပဲ၊ ငါတို့ နှစ်စဉ်လုပ်နေကျ ရွာလုံးကျွတ် အရိပ်အစည်းအဝေးကြီးကို အခုပဲ စလိုက်ကြရအောင်၊ ပထမဆုံး ရွာက စာရေးလေးမောင်ပုရဲ့အရိပ်က အဖွင့်စကားလေး ပြောပေးလိုက်ပါ”
“ဪ..
လက်စသတ်တော့ ဒီကောင်တွေဟာ ရွာသားတွေရဲ့ အရိပ်တွေကိုး”
သူ ကောက်ချက်သာ ချလိုက်ရတယ်၊ အမှန်တော့ သူ့ကောက်ချက်သူ ကောင်းကောင်း နားလည်တာ မဟုတ်။
အရိပ်ဆိုတာ အရာဝတ္ထုတစ်ခုပေါ် အလင်းရောင်ထိုးမှ တစ်ဆင့်ခံ ထင်လာတဲ့အရာ၊ မူလအရာဝတ္ထု လှုပ်ရှားတဲ့အတိုင်း အရိပ်က လိုက်လှုပ်ရှားရတာ၊ အခု ဒီအရိပ်ဆိုတဲ့ဟာတွေက ဘယ့်နှာကြောင့် သူတို့ကိုယ်တိုင် လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်တာလဲ၊ သူ့မှာ ခြုံထဲကချောင်းရင်း ခေါင်းအကြီးအကျယ် စားနေတယ်။
(၃)
“ကျွန်တော်တို့ဟာ အရိပ်တွေ ဖြစ်ပါတယ်။ အရိပ်တွေဆိုပေမယ့် လူတွေလှုပ်သလို လိုက်လှုပ်တဲ့ တစ်ဆင့်ခံ အရိပ်တွေ မဟုတ်ပါဘူး။ လူတွေအပေါ် အုပ်မိုးထားတဲ့ မမြင်ရတဲ့အရိပ်တွေ ဖြစ်ပါတယ်၊ တစ်နည်းပြောရရင် လူတွေရဲ့ ဦးနှောက်၊ ခန္ဓာကိုယ်၊ ခြေ၊ လက်၊ သွေးသား၊ အကြောအမျှင်တွေ လှုပ်ရှားသမျှ အားလုံးနီးပါးကို ကြိုးကိုင်ထားတဲ့ ထိန်းချုပ်ရေးအရိပ်တွေ ဖြစ်ပါတယ်”
ဒီအသံဟာ ရွာထဲက စာရေးမောင်ပုရဲ့ အသံအစစ်ဆိုတာ သူ သေသေချာချာသိတယ်။ သူ လုံးလုံးမသိဖြစ်နေတာက မောင်ပုအသံနဲ့ ထွက်လာတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်။ အရိပ်တွေက ဒီလိုမျိုး လုပ်နိုင်သတဲ့လား။ ယုတ္တိမရှိလိုက်တာ။ သူ တစ်ခါမှ မကြားဖူးဘူး။
“လူတစ်ယောက်မှာ တစ်နည်းနည်းနဲ့ သန္ဓေတည်လာတဲ့ အပြုအမူတွေ ရှိပါတယ်၊ ကျွန်တော်တို့တာဝန်က အဲဒီ့အပြုအမူ မျိုးစေ့လေးတွေကို နေ့တစ်ဓူဝ လှုပ်ရှားနေတဲ့ စားတာသောက်တာ၊ ဝတ်တာဆင်တာ၊ လမ်းလျှောက်တာ၊ စကားပြောတာ၊ အလုပ်လုပ်တာ၊ ရွေးချယ်တာ၊ ဆုံးဖြတ်တာ၊ ဆင်ခြင်တွေးတောတာ အားလုံးမှာ အော်တိုမက်တစ် လည်ပတ်နေအောင် လုပ်ပြီး အဲဒီ့လူတွေဆီမှာ ထုနဲ့ထည်နဲ့ ရှင်သန်ကြီးထွားနေအောင် လုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်”
ပုံမှန်ဆို မောင်ပုပါးစပ်က ဒီလောက်ရှည်တဲ့စကားလုံးတွေ ထွက်လာစရာအကြောင်း မရှိ။ (စာရေးဆိုပေမယ့် စာရင်းလောက်ပဲ ရေးတတ်တဲ့ကောင်လေ။) အခုတော့ ဘယ်လိုဖြစ်ပြီး ဒီအရိပ်က သူ့အရပ်ထက် ရှည်တဲ့ စကားလုံးတွေ ပြောတတ်နေရတာလဲ။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ သူ ဆက်နားထောင်နေလိုက်မိတယ်။
“အခုအစည်းအဝေးရဲ့ ရည်ရွယ်ချက်က အရိပ်တစ်ခုချင်းစီရဲ့ တစ်နှစ်တာအတွင်း လုပ်နိုင်စွမ်းအားကို အစီအရင်ခံ တင်ပြကြဖို့ပါပဲ၊ အဲဒီကတစ်ဆင့် တစ်ဦးအတွေ့အကြုံတစ်ဦး နမူနာယူပြီး နောင်နှစ်တွေမှာ လုပ်ဆောင်မှုတွေ ပိုမိုမြှင့်တင်သွားကြဖို့ ဖြစ်ပါတယ်”
လယ်ကွင်းထဲရောက်နေတဲ့ မောင်ပုအရိပ်ဟာ စကားတတ်ရုံတင်မက သူ့အသံကပါ အားတွေမာန်တွေ ပါနေတယ်။ ရွာထဲ ဝင်သိမ်းဖို့ ဗျူဟာချမှတ်နေတဲ့ ဂျပန်ဗိုလ်တစ်ယောက် မိန့်ခွန်းခြွေနေသလိုမျိုး။
“ကဲ… အခုအချိန်က စ ကိုယ့်အတွေ့အကြုံကိုယ် မျှဝေကြဖို့ အချိန်ရောက်ပါပြီ။ ရွာအနောက်ပိုင်းက အရိပ်တွေက အရင် စလိုက်ကြပါ”
ပြားချပ်ချပ်သဏ္ဌာန်၊ ဂျပန်မောင်ပု၊ အတုအပဟာ သူ့မိန့်ခွန်းကုို အဆုံးသတ်ပြီး သူ နဂိုထိုင်ခဲ့တဲ့ လယ်ကန်သင်းဘောင်ပေါ် သွားထိုင်တယ်။
အဲဒီ့နောက် လယ်ကွက်ထဲ ငုတ်တုတ်ထိုင်နေတဲ့ အရိပ်တွေထဲက ခပ်သေးသေး အရိပ်တစ်ရိပ် ပရိသတ်ရှေ့ ထလာပြီး အောက်ပါအတိုင်း အစီရင်ခံ တင်ပြပါတော့တယ်။
(၄)
“ကျွန်တော်ကတော့ ဂျစ်တူးရဲ့ အရိပ်ပါပဲ”
သူ အနောက်ပိုင်းက ဂျစ်တူးကို ကောင်းကောင်း သိတယ်၊ ရွာလယ်ခေါင်လျှောက် လူတကာနဲ့ ရန်သတ်တဲ့ ဒေါ်အေးဘုံရဲ့ ရင်နှစ်သည်းချာ၊ တစ်နေကုန် မူးနေတဲ့ သူ့အဖေအရက်သမား ဖိုးတုတ်ရဲ့ ချစ်လှစွာသောသား။ (၁၀) နှစ်သားအရွယ် ခပ်ကုတ်ကုတ် ချာတိတ်လေးတစ်ယောက်။ အခုပြောနေတာဟာ အဲဒီ့ဂျစ်တူး ချာတိတ်ရဲ့ အရိပ်တဲ့။
“ကျွန်တော်ဟာ ဂျစ်တူး နို့စို့အရွယ်တည်းက အရိပ်မိုးလာခဲ့တဲ့သူပါ။ သူ သိတတ်စအချိန်က စပြီး ကျွန်တော် သူ့ခေါင်းထဲမှာ “lost esteem” လို့ခေါ်တဲ့ ကြိယာတစ်ခု တပ်ဆင် ပေးခဲ့တယ်။ သူ တစ်ခုခုလုပ်တာနဲ့ သူ့အမေက ဘယ်လိုငေါက်မလဲ၊ သူ့အဖေက ဘယ်လို ခြောက်မလဲ၊ သူ့ပတ်ဝန်းကျင်က ဘယ်လိုလျှောက်ပြောမလဲ သူ တွေးကြောက် နေတတ်စေဖို့ပါ။ အဲဒီ့ကြိယာကြောင့် သူ လှုပ်တာ၊ ရှားတာ၊ တွေးတာ၊ ကြံတာ အားလုံးမှာ တွန့်ဆုတ်တဲ့ အမူအရာတွေ ပြနေပါတယ်။
တွန့်ဆုတ်ဆုတ် မောင်ဂျစ်တူးကလေးဟာ ကျောင်းနေတဲ့အရွယ် ရောက်လာတော့ ပိုပြီးတွန့်ဆုတ်လာပါတယ်။ သူများကလေးတွေလို သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက် မရှိ၊ မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ။ လူတကာ နိုင်ကျင့်တာလည်း သူပဲ ဒိုင်ခံ ခံရ။ အားလုံး သိကြတဲ့အတိုင်းပါပဲ၊ သူ ဒီပုံစံဖြစ်လာဖို့မှာ ကျွန်တော် တစ်ယောက်တည်းရဲ့ အစွမ်းအစချည်းပဲ မဟုတ်ပါဘူး။ သူ့မိဘတွေဆီကရော ပတ်ဝန်းကျင်က အရိပ်တွေနဲ့ပါ ပူပေါင်း ဆောင်ရွက်ခဲ့ရပါတယ်။
ဒီကနေတစ်ဆင့် ကျွန်တော်ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ လူတကာ မတရား အနိုင်ကျင့်ခံရမယ့် လူညွှန့်ကျိုးလေးတစ်ယောက် ဖြစ်အောင် ပျိုးထောင်သွားဖို့ ကြိုးစားနေပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား”
“ဖြောင်း ဖြောင်း ဖြောင်း”
ကျန်တဲ့အရိပ်တွေ လက်ခုပ် တဖြောင်းဖြောင်း တီးပြီး ဂျစ်တူးအရိပ်ကို အားပေးလိုက်ကြတယ်။ သူ့မှာတော့ ဘုရားတလို့။
ဒီကောင်တွေ ဘယ်လိုကောင်တွေလဲ။ ကလေးတစ်ယောက် ပျက်ဆီးရာပျက်ဆီးကြောင်း လုပ်တာကို ဝိုင်းပြီး လက်ခုပ်တီးနေကြသတဲ့၊ လူတွေအပေါ် သနားစိတ်၊ ကြင်နာစိတ် နည်းနည်းမှ မရှိကြတော့ဘူးလား၊ ဒီအရိပ်တွေ မိစ္ဆာဒိဌိတွေလား။
တစ်ဘက်မှာလည်း ဂျစ်တူးရဲ့ ဖြစ်ရပ်မှန်ကို စဉ်းစားမိပြန်တယ်၊ ဒီအရိပ်ပြောပြတဲ့ပုံစံနဲ့ ဂျစ်တူးလက်ရှိဖြစ်နေတဲ့ အခြေအနေဟာ တစ်ထေရာတည်း သွားတူနေရဲ့လေ။
အရိပ်တွေ လက်ခုပ်ဩဘာပေးအပြီးမှာ တစ်ဦးတည်းသော အမှတ်ပေးဒိုင်လူကြီး ဖြစ်ပုံရတဲ့ ရွာသူကြီးအသံ ထွက်လာတယ်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်းလုပ်တာ သိပ်ထိရောက်တယ်၊ ကလေးတစ်ယောက်ကို အခုလို ငယ်ငယ်ရွယ်ရွယ်တည်းက စနစ်တကျ အညွန့်ချိုးထားတာဟာ အရမ်းကောင်းတဲ့ လက္ခဏာပါပဲ။ ခဏနေရင် သူ့ဘေးနား လူတွေ ဝိုင်းလာပြီး သူ့ကို မတရားတာမှန်သမျှ အကုန် လုပ်ကြလိမ့်မယ်။ သိတဲ့အတိုင်းပဲ၊ လောကကြီးကလည်း လူတစ်ဝက်လောက်က မတရားတာ မြင်ရင် ဒီအတိုင်း လက်ပိုက် ကြည့်နေကြတာ မဟုတ်ဘူး၊ သူတို့ပါ ဝင်ပြီး မတရား ပစ်လိုက် ကြတာကလား။ အေး.. အေး..ကောင်းတယ်၊ ကြက်ဆူပင် တစ်သောင်းစိုက်လည်း ရေမလောင်းရင် အမှိုက်တောင်းထဲ ရောက်တာပဲ။ ကဲ.. ကဲ.. နောက်တစ်ရိပ်..လာ”
(၅)
“ကျုပ်ကတော့ ကိုသန်းထွဋ်ရဲ့ အရိပ်ပါပဲခင်ဗျ၊ ကိုသန်းထွဋ်ဟာ ဟိုတုန်းကတော့ သွက်လက်တက်ကြွပြီး ခေတ်မီသူတစ်ယောက်ပါ၊ သူ အဲဒီလို သွက်နေအောင်လည်း သူ့နဂိုအရိပ်ဟောင်းက စွမ်းဆောင် ပေးထားတယ်လေ၊ တစ်နေ့တော့ ကျွန်တော် လမ်းကြုံတုန်း သန်းထွဋ်ခေါင်းမှာ “self-pity” ဆိုတဲ့အရာလေး ထည့်ပေးပစ်ခဲ့တယ်။ သူ့ကိုယ်သူ သနားတတ်လာတယ်၊ လောကကြီးတစ်ခုလုံးမှာ သူတစ်ယောက်ပဲ ကွက်ပြီး လူဖြစ်ရတဲ့ဒုက္ခ ခံစားနေရသလိုမျိုး၊ သူ့ကို တစ်ခြားလူတွေက ဒီအတိုင်း ပစ်ထားကြတယ်ဆိုတာမျိုး သူတွေးလာတယ်။ အဲဒီမှာတင် ကျုပ်က နဂို သူ့အရိပ်ဟောင်းကို ကန်ထုတ်ပြီး သူ့နေရာမှာ အစားဝင် လိုက်တော့တာပါပဲ။
ကျုပ်တာဝန်ယူပြီး နောက်မှာ သူ့အတွေးအခေါ်၊ အမူအရာတွေကို ပုံမှန်လေး လေ့ကျင့်ပေးလိုက်တယ်၊ အဆွေးသမား၊ အတွေးသမား၊ အငေးသမားအပြင် အရက်သမားပါ ဖြစ်အောင် ထူထောင် ပေးလိုက်တယ်။ အခုဆိုရင် သူတင်မက သူ့အနားကလူ သုံးလေးယောက်ပါ စိတ်ကျရောဂါ ဝင်လာနေပါပြီ။ ဒါကြောင့် ကျုပ်ဟာ ပြီးခဲ့တဲ့ လေးငါးနှစ် အတွင်းမှာ ခဲတစ်လုံးနဲ့ ငှက်သုံးေလေးကောင် ကျအောင် ပစ်နိုင်ခဲ့တာပါပဲခင်ဗျာ”
“ဖြောင်း ဖြောင်း ဖြောင်း”
“တော်တယ်၊ သိပ် တော်တယ်၊ မင်းပစ်ချက်လည်း ချက်ကောင်းထိတယ်။ ငါတို့ အရိပ်လောကမှာ ကောင်းတယ် ဆိုးတယ်ဆိုတဲ့ ပညတ်တွေ မရှိဘူး။ အကောင်းအဆိုးကို လူတွေ သူတို့ဟာသူတို့ သတ်မှတ်ကြလိမ့်မယ်။ အရိပ်တွေရဲ့ တစ်ခုတည်းသောတာဝန်က ကြုံလာတဲ့ အခြေအနေနဲ့ ရလာတဲ့မျိုးစေ့ကို ကြီးမားထွားကြိုင်းအောင် လုပ်ဖို့ပဲ၊ လောလောဆယ်တော့ သန်းထွဋ်တို့အုပ်စုပေါ့၊ ခဏကြာရင် နောက်မျိုးဆက်တွေပါ ကူးစက်သွားကြမှာ။ မင်းလုပ်တာ ခဲတစ်လုံးနဲ့ ငှက်သုံးလေးကောင် ကျရုံတင် မကဘူး၊ ဂွတစ်ချောင်းနဲ့ လဒတစ်သောင်းကို ထိအောင် ပစ်လိုက်တာပဲ။ ကောင်းတယ်..။ ကိုင်း…ကိုင်း … နောက် တစ်ရိပ်..”
(၆)
“ကျုပ်က ရွာလယ်က တရားသမားကြီး ဦးဖိုးပွင့်ရဲ့ အရိပ်ပါပဲ၊ သူ့မှာ အိန္ဒြေ၊ သိက္ခာ၊ သမာဓိ တရားအနှစ်တွေ အပြည့်ရှိအောင် ကျုပ်ပဲ နှစ်ပေါင်းများစွာ အချိန်ယူပြီး ပြုစုပျိုးထောင်ခဲ့တာလေ။ သူဆိုရင် နေ့စဉ် ပုံမှန် ဘုရားရှိခိုးတယ်၊ ပုံမှန် တရားထိုင်တယ်၊ ပုတီးစိပ်တယ်၊ မေတ္တာပို့တယ်။ သူ့ကို တစ်ချို့ကဆို အလိုလောဘကင်းစင်တဲ့ သူတော်စင်တစ်ယောက်လေလားတောင် ယုံကြည်နေကြတယ်။ သူတို့ ယုံတဲ့အတိုင်းလည်း ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။
ဒီအဖိုးကြီး လောဘ ဘယ်လောက်နည်းသလဲဆိုရင် သူပိုင်ဆိုင်ချင်တာ လောကမှာ တစ်ခုပဲ ရှိုပါသတဲ့၊ “အမှန်တရား”တဲ့။ သူက အမှန်တရားကိုတော့ အပိုင်သိမ်းထားချင်တယ်။ သူကလွဲပြီး ဘယ်သူ့ကိုမှ ပေးမမှန်စေချင်ဘူး။ လောကရေး၊ ဓမ္မရေး၊ အရေးရေးတိုင်းမှာ သူပြောသမျှကို “အကုန် ကောင်းပါတယ်၊ အကုန် မှန်ပါတယ်” လို့ ပြန်ပြောတာကိုပဲ သူ သဘောကျတယ်။
အင်း… ခင်ဗျားတို့ သိကြတဲ့အတိုင်းပါပဲ။ ဒီလို ဖြစ်နေဖို့ကိုလည်း ကျုပ်ကိုယ်တိုင်ပဲ သူ့ဦးနှောက်ထဲ သူမသိခင် ဝင်ပြီး “Nacissism” ဆိုတဲ့ အင်ဂျင်တပ်ပေးထားတာလေ”
“ဖြောင်း ဖြောင်း ဖြောင်း”
“ကောင်လှောင့်တေး၊ ကောင်လှောင့်တေး၊ ခင်ဗျားနည်းပညာ အရမ်း မြင့်တယ်၊ ဒီလို ဝိတ်ကြီးကြီးကို အရိပ်ကြီးကြီး ဆင်ပေးဖို့ဆိုတာဟာ အင်မတန် နည်းပညာသုံးရတယ်။ အောင်မြင်ပြီ ဆိုရင်တော့လည်း (၃၁) ဘုံမှာ ဓာတ်လှေကား ဆင်ပေးလိုက်သလိုပဲ၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေ သူ ပြောတာ အကုန် ‘အင်း’လိုက်ကြပေတော့။ အေး..အေး… ခင်ဗျား လုပ်တာ အရမ်းပီပြင်တယ်၊ ကောင်းပြီ… နောက်တစ်ရိပ် ထပါ”
(၇)
နောက်တစ်ရိပ် ထပြန်တယ်၊ အတွေ့အကြုံ တင်ပြတယ်၊ ပရိသတ်က လက်ခုပ်တီး၊ ဦးရွှေသောင်းအရိပ်ကြီးက ချီးမွမ်း။ ပြီးတော့ နောက်တစ်ရိပ်..။
အရိပ်တစ်ခုက လူတစ်ယောက်ကို ဟိုက်ဒရိုဂျင်ထိုးပေးပြီး သူ့ဘဝင် မြေမကျအောင် စွမ်းဆောင်ပေးခဲ့သတဲ့၊
နောက်တစ်ရိပ်ကတော့ လူသုံးယောက်ကို အဆင်းမှာ ဘီးတပ်ပေးပြီး ချောက်အနက်ကြီးထဲ တွန်းချပစ်ခဲ့သတဲ့၊
တစ်ချို့အရိပ်က လူတစ်ယောက်ကို အသည်းကွဲတတ်အောင်၊
တစ်ချို့က လူတစ်ယောက်ကို ဆဲတတ်အောင်၊
တစ်ချို့က လူတစ်ယောက်ကို အပြေးမြန်အောင်၊
တစ်ချို့က လူတစ်ယောက်ကို တုန့်ဆိုင်းနွေးကွေးအောင်၊
တစ်ချို့က လူတစ်ယောက်ကို လက်ကြောတင်းအောင်၊
တစ်ချို့က လူတစ်ယောက်ကို ညံ့ဖျင်းသေးသိမ်အောင်၊
တစ်ချို့က လူတစ်ယောက်ကို ထူးသွားအောင်၊
တစ်ချို့က လူတစ်ယောက်ကို ရူးသွားအောင်၊
တစ်ချို့က လူတစ်ယောက်ကို လုပ်တတ်၊ ကိုင်တတ်၊
ရှာတတ်၊ ဖွေတတ်၊ နေထိုင်တတ်သွားအောင်၊
တစ်ချို့က လူတစ်ယောက်ကို သုံးတတ်၊ ဖြုံးတတ်၊ ဘုံးတတ်၊ ကတုံးပေါ် ထိပ်ကွက်တတ်သွားအောင်၊
တစ်ချို့ကို လောကဓံကို တွန်းဖြိုတတ်အောင်၊
တစ်ချို့ကို လောကဓံအောက် ပြားပြားမှောက်သွားအောင်၊
တစ်ချို့ကို ငိုတတ်အောင်၊ တစ်ချို့ကို ပြုံးတတ်အောင်၊
တစ်ချို့ကို ပူလောင်လှုပ်ခတ်နေအောင်၊
တစ်ချို့ကို အေးချမ်းလွတ်မြောက်သွားအောင်…
……………………………………..။
“ဖြောင်း… ဖြောင်း… ဖြောင်း”
“ကောင်းပါတယ်… ကောင်းပါတယ်”
ဒီလိုနဲ့ အရိပ်မျိုးစုံဟာ အတွေ့အကြုံမျိုးစုံ အစီအရင်ခံကြတယ်။
ဒီလိုနဲ့ ကျောင်းဆရာလေး ကိုမြသန်းရဲ့အရိပ်က နောက်ဆုံးက ဝင်လာတယ်။
“ကျွန်တော့်အဖြစ်က တစ်ခြားအရိပ်တွေနဲ့ အခြေအနေချင်း နည်းနည်းတော့ ကွာတယ်ခင်ဗျ။ ကျွန်တော် ရှင်းပြပါရစေ။ ဒီဆရာလေးဟာ လူတွေအပေါ် အရိပ်တွေ တိတ်တဆိတ် ခွစီးထားတယ်ဆိုတာ သူ့ “awareness” နဲ့ သိနေပါတယ်။ အရိပ်တစ်ခုကို ကိုယ်မကြိုက်ရင် ဖြုတ်ပစ်ပြီး အရိပ်သစ်တစ်ခုနဲ့ လဲတပ်လို့ ရတယ်ဆိုတာလည်း သူ နားလည်နေတယ်။ ကျွန်တော့်ကိုတောင် ရေရှည်သုံးလို့ အဆင်ပြေတယ်ဆိုပြီး သူကိုယ်တိုင် စနစ်တကျ ရွေးပြီး မွေးထားခဲ့တာပါ။
ဒါကြောင့် ကျွန်တော့်အဖြစ်က သူ့အပေါ် မိုးထားတဲ့ အရိပ်ဆိုတာထက် သူ့လက်ကိုင်တုတ် အရိပ်တစ်ရိပ် ဖြစ်နေပါတယ်။ အရိပ်ရယ်လို့ ဖြစ်နေမှတော့ ကျွန်တော်လည်း အရိပ်ပီပီ သူ ဖြစ်ချင်တာတွေ ပိုမိုကြီးထွားလာအောင် လုပ်ပေးရတော့တာပေါ့။ ဒီတာဝန်အပြင် ကျွန်တော့်မှာ အရိပ်တွေအကြောင်း လေ့လာရတယ်၊ ရှာဖွေ စုဆောင်းရတယ်၊ ပြီးရင် သူ့ကို တင်ပြရတယ်၊ အခုဆိုရင် သူတင် အရိပ်တွေကို စုံစုံစေ့စေ့ နားလည်ရုံမက ကျောင်းက သူ့တပည့် တစ်ချို့တောင် အရိပ်ကောင်းတွေ ရွေးချယ်ပြီး စမ်းသပ်သုံးစွဲ ကုန်ကြပါပြီ”
“ဖြောင်း ဖြောင်း ဖြောင်း”
“အင်း… အရမ်းကောင်းတယ်… အရမ်းကောင်းပါတယ်။ ဘုမသိ၊ ဘမသိ အလေ့ကျပေါက်နေတဲ့ အရိပ်ထက်စာရင် ကာယကံရှင် ကိုယ်တိုင်က လိုလိုချင်ချင် စိုက်ပျိုးယူတဲ့ အရိပ်ဆိုတော့ ပိုပြီး ကြီးထွားရှင်သန်နိုင်တာပေါ့။ အဲဒီကနေ မျိုးစေ့တွေ ကျပြီး အရိပ်တွေ ထပ်ပြီး တိုးပွားလာလိမ့်မယ်။ ကောင်းတယ်၊ ကောင်းတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားတဲ့၊ မင်းလုပ်တာ.. အနုပညာ အရမ်းမြောက်တယ်.. ဆက်ကြိုးစားပါ… ကဲ..”
သူ အရိပ်တွေ တင်ပြသမျှကို လိုက်နားထောင်နေတယ်၊ ပြီး သူကြီးဆီက အသီးသီး ချီးမွမ်းစကားတွေ။ တစ်ချို့အရာတွေကို သူ နားလည်ပြီး တစ်ချို့ဟာတွေတော့ သူ့မှာ ခေါင်းစားရ။ တစ်ချို့ အရိပ်တွေ လုပ်ပုံကိုင်ပုံက လူသာဓုခေါ်၊ နတ်သာဓုခေါ်ချင်စရာ၊ တစ်ချို့အရိပ်တွေ လုပ်ရပ်ကတော့ ကြာရင် တစ်ရွာလုံး ငါးပါးမှောက်မယ့် ကိန်း။
ဒါတွေဟာ တကယ်လား၊ ဖြစ်ရပ်မှန်တွေလား။ လူတွေကို အရိပ်တွေက ကြိုးကိုင်ထားတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ သူ ကြားဖူးတာတော့ လူဆိုတာ လွတ်လပ်သူ၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်သူ။ စဉ်းစားတုန့်ပြန်တတ်သူ၊ အခုသူတို့ပြောတာကျတော့ လူဟာ ရုပ်သေးရုပ်သက်သက်။ ဒါမှမဟုတ် ဆရာလေးအရိပ်ပြောသလို အရိပ်တွေကို လိုသလို ဖြုတ်လို့တပ်လို့ ရနိုင်လား။ သူ ခြုံပုတ်ထဲမှာ ပက်လက်လှန်ရင်း စဉ်းစားနေမိတယ်။
(၈)
ကောင်းကင်မှာ ခုနှစ်စင်ကြယ်ဟာ အမြီးထောင်ရုံမက ခေါင်းပါ စိုက်နေပြီ။ အရှေ့ပြုဗ္ဗာဆီက ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ သူရိယနေမင်းကြီးကတော့ အရှေ့ပေါက်က ဝင်လာရင်း တံခါးဝမှာ ဂျပန်အလံတစ်ခုနဲ့ ခလုတ်တိုက်မိပုံပေါ်ရဲ့။ လယ်ကွင်းထဲ အလင်း တစ်စက် ဖတ်ခနဲ မှောက်လျှားထိုး လဲကျလာတယ်။ အမှောင်တွေ ရှဲခနဲ ခြေတစ်လှမ်း ဆုတ်လိုက်ကြရဲ့။
လယ်ကွင်းထဲမှာ အရိပ်တွေ အချင်းချင်း တီးတိုးတီးတိုးတွေ ပြောနေတယ်၊ ခပ်အုပ်အုပ် ရယ်တဲ့သူက ရယ်၊ စကားကို လက်ဟန်ခြေဟန်လုပ် ပြောတဲ့သူက ပြော။ ဘယ်သူ့ကို ဘယ်လိုကိုင်လိုက်ရ၊ ဘယ်လိုယိုင်သွားမယ် တိုင်ပင်တဲ့သူ တိုင်ပင်။
ခဏနေတော့ သူကြီးအရိပ်က ပြောလာတယ်။
“ကိုင်း.. အရိပ်အားလုံး.. တင်ပြပြီးကြပြီနဲ့ တူပါတယ်… အရုဏ်လည်း တက်လုနီးပြီ။ လူတွေ အိပ်ယာနိုးတော့မယ်။ အခု အရိပ်တွေ လူစုခွဲဖို့ အချိန်နီးပြီဆိုတော့ လမ်းမခွဲခင် စာရေးလေးမောင်ပုကပဲ အပိတ်အမှာစကားလေး ပြောကြားပေးလိုက်ပါဦး”
ပုရတဲ့အထဲ ပြားပါချပ်နေတဲ့ မောင်ပုအတုဟာ သူ နဂိုထိုင်နေတဲ့ လယ်ကန်သင်းဘောင်ပေါ်က ထလာပြီး ပရိသတ်ကို မိန့်ခွန်းခြွေတယ်။
“ဒီနှစ် အရိပ်တွေအားလုံးပဲ တစ်ရိပ်နဲ့ တစ်ရိပ် အချိတ်အဆက်မိမိ လှုပ်ရှားကြတာ အလွန် အားရစရာ ကောင်းပါတယ်။ အရိပ်တွေ စုပေါင်းအားနဲ့ လူတစ်ဦးချင်းစီမှာ အကျင့်တွေ၊ စရိုက်တွေ ထုံမွှမ်းနေစေရုံမက အဲဒီလို တစ်ဦးချင်းကတစ်ဆင့် တစ်ရွာလုံးရဲ့ ယဉ်ကျေးမှုတွေ၊ အတွေးလမ်းကြောင်းတွေမှာပါ အုပ်မိုး ရစ်ဖွဲ့နေအောင် ချည်နှောင်ထားနိုင်တာဟာ အရိပ်တွေအတွက် အလွန် ဂုဏ်ယူစရာဖြစ်ပါတယ်။
လာမယ့်နှစ်တွေမှာလည်း ဒီ့ထက်မနည်း ဆက်ပြီးလုပ်ဆောင် သွားနိုင်ကြပါစေကြောင်း ဆုတောင်းပါတယ်၊ လာမယ့်နှစ် ဒီညမှာ တစ်ခါ ပြန်ဆုံကြပါစို့လို့ ပြောကြားရင်း ဒီနှစ်အရိပ်တွေရဲ့ အစည်းအဝေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးပဲ ပြန်နိုင်ကြပါပြီ”
“ဖြောင်း… ဖြောင်း… ဖြောင်း”
မောင်ပု မိန့်ခွန်းအဆုံးမှာ ရှည်မျောမျော ပြားချပ်ချပ်အရာတွေ ထိုင်ရာက ထကြ၊ အညောင်းဆန့်ကြ၊ ဖင်မှာကပ်နေတဲ့ ဖုန်တွေခါကြ၊ ပြန်ဖို့ လုပ်တဲ့သူက လုပ်နေကြတယ်။
အဲဒီ့အချိန်မှာပဲ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့အရိပ်တစ်ရိပ် ထလာပြီး သူကြီးအရိပ်နား တိုးကပ်သွားတာ သူ တွေ့လိုက်ရရဲ့။ သူ့ကုိုယ်ထဲက ထွက်လာ၊ သူ့နာမည် ယူထားတဲ့ အရိပ်လေ။
(၉)
“သူကြီး.. ကျွန်တော် ဘာမှ မပြောရသေးဘူး”
“အော်.. စောစောက မင်းအလှည့် ကျော်သွားလို့လား”
“မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့တာဝန်ပေါ့ဆမှုကို တစ်ခြားအရိပ်တွေရှေ့ ထုတ်ပြရမှာ ရှက်လို့၊ အဲဒါနဲ့ အသာလေး ချောင်မှာ ကပ်နေတာပါ၊ အခုတော့လည်း တာဝန်အရ သူကြီးတစ်ယောက်တည်းကို တိုးတိုးတိတ်တိတ် ပြောပြမလို့ပါ”
“မင်းက ဘယ်သူ့အရိပ်လဲ”
“အရှေ့ပိုင်းက ဘသစ်အရိပ်ပါ”
“အေး… ပြောပါကွာ၊ ပြောပါ၊ အရိပ်ဆိုတာ ဒီလိုပါပဲ၊ ကြုံသလို လှုပ်ရှားကြရတယ်ဆိုတာ ငါလည်း နားလည်ပါတယ်ကွ။ ကဲ.. ပြော မင်းလူအကြောင်းကို”
“ဟုတ်ကဲ့”
လို့ ပြောပြီး အဲဒီပြားချပ်ချပ်ကောင်က ကျောမလုံသလိုလို ဘာလိုလို ဘေးဘီဝဲယာ ပတ်ပြီး ဝေ့ကြည်နေတယ်။ သူလည်း သူ့အကြောင်းသူ ကြားရတော့မှာမို့ စိတ် အကြီးအကျယ် ဝင်စားရင်း ခြုံထဲကနေ နားကို အသားကုန် စွင့်ထားလိုက်တယ်။ သူ့အရိပ်က စပြီး ပြောတော့ရဲ့။
“ကျွန်တော့်လူက အူတူတူ၊ ဂေါက်တောက်တောက်ပါ သူကြီးရာ”
“ဘာ!”
သူကြီးအရိပ်ဆီက ထွက်လာတဲ့အသံမဟုတ်၊ ခြုံကွယ်မှာ ပုန်းရင်း သူ့စိတ်ထဲမှာ တိတ်တဆိတ် ပိတ်လှောင်ပေါက်ကွဲ သွားတဲ့အသံ။
သူ့အရိပ်ဆိုတဲ့ကောင်ဟာ သူ့ဖြစ်တည်မှုကို မိတ်ဆက်တာကိုက အချိုးမပြေဘူး။ တော်တော်ပိန်းတဲ့အရိပ်လို့ သူ တွေးနေတုန်း ဟိုကောင်ကတော့ မျက်နှာသေလေးနဲ့ သူကြီးရိပ်ကို ဆက်ပြီးပြောနေတယ်။
“ဒီလူက ဟိုမရောက် ဒီမရောက်၊ ကိုင်ရတွယ်ရ အတော် လက်ပေါက်ကပ်တဲ့ကောင်”
“အောင်မလေး.. လေး..လေး” (သူ တွေးနေတယ်)
“အရိပ်သုံးပါးလည်း နားမလည်၊ ဟိုဝေဖန်ဒီဝေဖန်ကလည်း လုပ်ချင်သေးတယ်”
“လုပ်တော့ ဘာဖြစ်လဲကွာ”
“လမ်းဟောင်းအတိုင်းလိုက်ဆိုတော့ နှေးတယ်တဲ့၊ ဒါဆို လမ်းသစ်က သွားလေဆိုပြန်တော့ မင်း ငါ့ကို ချောက်တွန်းနေတာလားတဲ့”
“မင်း ငါ့ကို ချောက်တွန်းနေတာလား.. ဟင်”
“သီအိုရီတွေကိုလည်း မယုံကြည်၊ လက်တွေ့လုပ်ဆိုတော့လည်း ဘောပင်တစ်ချောင်းနဲ့ တောင်ကုတ်မြောက်ကုတ်”
“ဒါ.. မင်းအလုပ်လားကွ”
“ပြီးတော့ သူသိသူတတ်က လုပ်ချင်သေး”
“အေး.. ငါသိငါတတ်တာ မင်းမသိဘူးမဟုတ်လား ငပြားချပ်ရဲ့”
“တစ်နေ့တစ်နေ့ သူ ပြောနေတာ ‘ဒါက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတယ်’ အဲဒီနှစ်ဝါကျပဲ ရှိတယ်”
“ပညာဆိုတာ လက်ဆင့်ကမ်းဖို့ ထားတာ၊ မင်း ဘာနားလည်လို့လဲ”
“ဒါနဲ့ပဲ အခု သူက မဖြစ်သလောက် သူ့ဦးနှောက်လေးနဲ့ စာကောက်ရေးဦးမတဲ့”
“ရေးတယ်ကွာ… မင်းအချောင်း ငှားရေးတာ မဟုတ်ဘူး၊ ငါ့ ဘောပင်နဲ့ ငါ ရေးတာ… ဘာဖြစ်လဲ”
“သူ့ကိုကြည့်ပြီး ကျွန်တော့်လိုအရိပ်တောင် စိတ်ဓာတ်ကျချင်လာတယ် သူကြီးရယ်…”
“သေလိုက်”
သူ ခြုံထဲကနေ ခြေတွေလက်တွေ တုန်နေတယ်။ အံ့လည်း ဩ၊ ဒေါလည်း သ။ နေမရ ထိုင်မရ ဖြစ်နေတယ်။ သူကြီးအရိပ်ကတော့ ထုံးစံအတိုင်း ဟိုကောင်ကို ချီးမွမ်းခန်းတွေ ဖွင့်လို့။
“အေး.. ကောင်းတယ်ကွာ… မင်းဟာက အထူးစပါယ်ရှယ်ကို ကောင်းတာ။ အဲဒီလို တောင်မရောက်၊ မြောက်မရောက်၊ ဂေါက်တောက်တောက် ဖြစ်နေအောင် လုပ်ထားနိုင်တာကိုက မင်းအရည်အချင်းပဲ။ ဒါမျိုးက ဘက်တီးရီးယားနဲ့ syndrome ပေါင်းစုံ ရောမွှေထားသလိုပဲ၊ လေထဲမှာလည်း ပျံ့တယ်၊ ရေထဲမှာလည်း ပွားတယ်၊ စာအုပ်တွေ ကြားကနေလည်း အလွယ်တကူ ကူးစက် နိုင်သေးတာကလား။ အခု သူက စာရေးပြီးတောင် ဖြန့်ဦးမှာဆိုတော့ အင်း.. ဒါဟာ ဇီဝဗုံးတစ်လုံးနဲ့ တစ်ရွာလုံးကို ဝုန်းခနဲ ကြဲချလိုက်တာပဲ၊ ဆက်လုပ်.. ငါ့လူ… အားပေးတယ်.. ကဲ.. ကဲ… အချိန်စေ့ပြီ။ မင်းလည်း မင်းလူဆီ အချိန်မီ ပြန်ဖို့ လုပ်၊ သွား.. သွား…”
သူကြီးအသံနဲ့ အရိပ် ချီးမွမ်းတော့မှ သူ့မှာ ပိုဆိုးသွားတော့ရဲ့။
“တောက်.. သောက်ကျိုးနဲအရိပ်တွေ”
တစ်ချက်ဆဲပြီး ခြုံထဲက ကုန်းကွထတယ်၊ ပြီး ဇက်ကိုပု၊ ခပ်ကုတ်ကုတ် ထွက်လာ၊ အရိပ်တွေ မရိပ်မိခင် လာလမ်းအတိုင်း တစ်ချိုးတည်း လစ်လာခဲ့တော့တယ်။
(၁၀)
လမ်းမပေါ် ပြေးရင်းလွှားရင်း သူ တွေးလာတယ်။ သူ့အရိပ်ဆိုတဲ့အကောင် သူ့အပေါ် ဒီလောက်အဆိုးမြင်ဝါဒ ရှိနေတာ ဘာကြောင့်မှန်း သူ စဉ်းစားမရ။ တစ်ခြားအရိပ်တွေ သူတို့လူတွေအကြောင်း တင်ပြသွားတာများ အားလုံး အမှန်တရားတွေချည်းပဲ၊ သူ့အရိပ်ကျမှ ဘာလို့ မုသားပြောရတာလဲ။ သူလို ခေတ်မီမီ တွေးတတ်ခေါ်တတ်၊ အသိဉာဏ်ဗဟုသုတ၊ တစ်လုံးတစ်ဝကြီး ပြည့်စုံတဲ့လူကို ဘာလို့ နာမည်ဖျက်ရတာလဲ။
ခွေးမသား၊ အိမ်ရောက်တာနဲ့ တံခါးအလုံ ပိတ်ထားလိုက်မယ်၊ မင်းနဲ့ငါနဲ့ ဒီနေရာမှာပဲ သေခန်းပြတ်၊ တကယ်လို့ မင်းခန္ဓာကိုယ် ပြားချပ်ချပ်နဲ့ တံခါးကြို တံခါးကြားက ကပ်သပ်ပြီး ဝင်နိုင်တယ်ဆိုရင်လည်း မပူပါနဲ့။ မင်းရဲ့ပြားချပ်ချပ်ကိုယ်ပေါ် အပေါက်ဗလပွ ဖြစ်သွားအောင် ဆေးလိပ်မီးဖွားတွေ ဖွားခနဲ ခါချပစ်လိုက်မယ်။
အဲဒါနဲ့ ပြီးသွားမယ် မထင်နဲ့ဦး၊ မင်းကို လည်ပင်းက ဆွဲကိုင်၊ စားပွဲပေါ် အလျှားလိုက်တင် မီးပူထိုး၊ ပြီးရင် (၁၂) ခေါက် ခေါက်ပြီး ဘီရိုထဲ ထည့်၊ တစ်သက်လုံး သော့ခတ်ချောင်ပိတ် ပစ်လိုက်မယ်။ မင်းအတွက် အခုလို ခိုးကြောင်ခိုးဝှက် အစည်းအဝေးတွေ တက်ဖို့ဆိုတာ နောက်ကို သေတဲ့အထိ မမျှော်လင့်နဲ့တော့။
သူ လက်သီးကို ဆုပ်ရင်း၊ အံကို ကြိတ်ရင်း၊ သူ့အရိပ်ဆိုတဲ့ကောင်ကို စိတ်ကူးနဲ့ ဆုတ်ဖြဲချေမွှရင်း ရွာအဝင်တံခါးဘက် ပြေးလာတယ်။
ပြေးရင်းပြေးရင်း ရွာတံခါးဝရောက်ဖို့ ခြေတစ်လှမ်း အလို၊
ဘယ်လိုလုပ် ဘယ်လို သူ့ကို လိုက်မီလာမှန်းမသိ၊
ရှည်လျှားလျှား ပြားချပ်ချပ်အရာဝတ္ထု…
သူ့နောက်ကျောကို ဘတ်ခနဲ ခုန်အုပ်လိုက်တော့ရဲ့။ ။
………………………………………………
(ဟိုတစ်ခါတင်ခဲ့ဖူးတဲ့ “သက်ရောက်မှုများ” ရေးလို့ မပြီးနိုင်သေးတာနဲ့ အပြီးပြီးသား ဝတ္ထုတိုတစ်ပုဒ် တင်လိုက်တာပါ။ ဆုံးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ…)
ကျော်ဘသစ်
11 comments
KZ
November 21, 2013 at 10:58 am
မိုက်တယ်။
ကြိုက်တယ်။
ခုတော့ ဒီလောက်ပဲ ပြောနိုင်ဦးမယ်။ ပြန်ဖတ်ရဦးမှာမို့။
ြ
မဟာရာဇာ အံစာတုံး
November 21, 2013 at 11:09 am
ရေးထားတာ မိုက်သဗျာ …
မတူသော အတွေးနဲ့ ရေးဟန်ကို ကြိုက်မိပါသဗျို့ …
စာနဲ့ ပတ်သက်ပြီး တွေးမိသလောက် ပြောရရင်
လူတစ်ယောက်ချင်းစီရဲ့ မမြင်နိုင်တဲ့ စွမ်းအင်တွေ ရှိနေတယ်
ဒီစွမ်းအင်တွေက အကောင်းရော အဆိုးရောပေါ့
အကောင်းက အကောင်းဆုံးထိ တွန်းပို့နိုင်သလို
အဆိုးဆုံးကလည်း အဆိုးဆုံးထိ တွန်းပို့နိုင်တယ်
ဒီစွမ်းအင်တွေကို ကိုယ်ကိုယ်တိုင် သေချာစူးစမ်းရှာဖွေပြီးတော့
စနစ်တကျ အသုံးချဖို့ လိုအပ်တယ်တယ်လို့
ဒီစာအပေါ်မှာ ကျနော့်အမြင်နဲ့ မြင်လိုက်ပါတယ်ဗျို့ ….။
ကျန်ဒါဒေါ့ မတိဘူးးးး
ဒါဘာဗျဲစ် ..
kyeemite
November 21, 2013 at 4:18 pm
…အတွေးစ စရတာကိုတော့ အံ့ဩမဆုံးပါဘူးဗျာ…
…အရေးအသားကလည်းညက်ပြီးဆွဲဆောင်မှုအပြည့်ရှိတယ်…
…နောက်မှပြန်လာပါအုံးမယ်
ကျော်ဘသစ်
November 21, 2013 at 4:32 pm
အားလုံးပဲ ဖတ်ပေးဖော်ရတဲ့အတွက် ကျေးဇူးပါခင်ဗျာ..
ဒီဝတ္ထုတို ပြီးခဲ့တဲ့ (၂)လောက်တည်းက ရေးပြီး Idea မဂ္ဂဇင်းကို ပို့ထားတာ…
အခု December Issue မှာ ပါမယ်လို့ အကြောင်းကြားပါတယ်…။
မဂ္ဂဇင်းစာအုပ် ဆိုင်တွေပေါ် မရောက်သေးခင် မန်းဂေဇက်ကမိတ်ဆွေများအတွက် ကြိုတင်မျှဝေလိုက်ခြင်းပါ…။
အားပေးသူအပေါင်းအား… ကျေးဇူး…။
ကျော်ဘသစ်
kai
November 21, 2013 at 4:45 pm
ထပ်လာပြန်ပြီ…။ တော်တော်ဆန်းတဲ့အတွေးနဲ့အရေးပဲ..
ဘာပြောရမှန်းတောင်မသိဘူး…။
ရုပ်ရှင်ရိုက်ရင်တော်တော်ကောင်းမယ်…။ :kwi:
ဆိုတော့.. နေ့လည်ကတင်.. သမ္မတအိုဘားမားရဲ့.. ဒေါသတွေကို.. ဖွင့်ပြောတဲ့.. ဒေါသလည်ပြန် Obama’s Anger Translator အကြောင်းနဲ့.. အဲဒီလူအင်တာဗျုးနားထောင်လိုက်ရသေးတယ်…။
အဲဒါမျီုးလေးရေးပါဦးလား…။
https://www.youtube.com/playlist?list=PLD7nPL1U-R5q1FaNZlXWbRJdummbcksUd
alinsett
November 21, 2013 at 6:13 pm
ဟုတ်တယ်
အတွေးဆန်းဆန်း
အရေးဆန်းဆန်းတွေနဲ့
လှလှပပ ရေးဖွဲ့ပြတတ်တာလေးကို
အားကျတာဗျ
ရေးပါဦးဗျာ
အဆက်မပြတ်
ဆရာ့စာတွေ ဖတ်နေချင်တယ်
လေးစားစွာဖြင့်
အလင်းဆက်
yiwai
November 21, 2013 at 9:53 pm
ကြိုက်တယ်ဗျာ အတွေးကော အရေးကော း)
ကလေးတွေ အညွန့်ချိုးခံရတယ်ဆိုတဲ့ သတင်း
အရိပ်ရဲ့ လောင်းရိပ်မိနေတဲ့လူ
padonmar
November 22, 2013 at 8:52 am
အပေါ်ကပြောသွားကြတဲ့အတိုင်း အတွေးရောအရေးရော သဘောကျပါတယ်။
အင်း ကိုယ့်အရိပ်ကလည်း ကိုယ့်ကို အူတူတူအတတ ကြောင်တောင်တောင် လို့ပြောနေမှာ မြင်ယောင်မိသေး။
ကျော်ဘသစ်
November 22, 2013 at 12:35 pm
သဂျီးနဲ့တကွ…
မြှောက်ပေးဖော်ရသူအားလုံးအား ကျေးဇူးတင်လျှက်…
(နောက်မှ မျက်စိမနောက်ကြပါနဲ့.. 😀 )
sorrow weaver
November 22, 2013 at 1:44 pm
စာပေတော်လှန်ရေးသမားတစ်ယောက် ရွာထဲရောက်လာပါလားဗျ…သမားစဉ်တွေကို တော်လှန်ထားပုံပဲ …ရေးဟန်တွေ က အသစ်ကြီးနော်…
•*¨နန်းတော်ရာသူ •*¨
December 9, 2013 at 7:43 pm
အရမ်းကိုကောင်းတဲ့အတွေးသစ်ပဲ
ဘီလ်တက်မှာဆိုးလို့အမြန်ဖတ်လိုက်ရပေမယ့်
သေသေချာချာဖတ်ဖို့သိမ်းထားလိုက်ပါသေးတယ်။
ဆုနဲ့ထိုက်တန်တဲ့ပို့စ်ကောင်းတစ်ပုဒ်ဖြစ်မှာပါ။