ကြိုတွေးပြင်ဆင်
– ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားပါနဲ့။
– အသီးအနှံများကို အခွံထူထူခွာပစ်ပြီးမှစားပါ။
– အချဉ်ဖောက်ထားသောအစာ ၊ လက်လုပ်ချဉ်များ မစားပါနဲ့။
– ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အစာတွေပဲစားပါ။
– ကီမိုဆေးအားလုံးသွင်းပြီးသွားချိန်အထိ သက်သက်လွတ်မစားပါနဲ့။
– လူထူထပ်ရာ မသွားပါနဲ့။…………………
ကင်ဆာဆေး ကီမိုသွင်းပြီးတဲ့အမ မရွှေပုအတွက် ဆောင်ရန်ရှောင်ရန်တွေကို သူ့ပတ်ဝန်းကျင်က သူတွေပါ သိရအောင် ရည်ရွယ်ပြီး ကျမသိသလောက် ကွန်ပျူတာနဲ့စာစီပေးလိုက်ပါတယ်။ ဒီစာလေးရေးပေးနေရင်း ဝမ်းချုပ် တတ်လို့ အသီးအရွက်တွေကို ကြိတ်ပြီး Smoothies လုပ်သောက်နေကျဖြစ်တဲ့ အမရဲ့ညည်းသံကြားယောင်မိပါတယ်။ လူမမာစာလို့ခေါ်တဲ့ ကြက်သားစွပ်ပြုတ် ၊ ဆန်ပြုတ်နဲ့ အသားတွေချည်းစားရတဲ့အခါ ရှောက်သီးသုပ် ၊ မြင်းခွာရွက်သုပ် လိုမျိုးလေးတွေ သံပုရာရည်လတ်လတ်ဆတ်ဆတ်ညှပ်ပြီး စားချင်လိုက်တာလို့ တောင့်တနေရှာပါတယ်။
အစားအစာ ၁ခုဟာ စားနေရချိန်မှာ မသိသာလှပေမယ့် ဒီအစာကို မစားရတော့ဘူးလို့ သိတဲ့အချိန်မှာ စိတ်က တောင့်တမှုပိုကြီးလာသလိုပါပဲ။
…………………………
၁နှစ်သမီးမပြည့်ခင်ကတည်းက ဆေးလိပ်ကို မက်မက်မောမောသောက်လာခဲ့တဲ့ ကျမအမေဟာ အသက် ၅ဝ ကျော်မှာ အဆုပ်ပွတဲ့ရောဂါကို စပြီးခံစားရပါတယ်။ ဆေးလိပ်ကိုလည်း မဖြတ်နိုင်တော့ရောဂါဟာ တနှစ်ထက် တနှစ်ပိုဆိုးလာတာ အသက် ၆ဝ မှာ Cor Pulmomale ခေါ်တဲ့ အဆုပ်ပွကြောင့် နောက်ဆက်တွဲ နှလုံးရောဂါပါ ဖြစ်လာပါတယ်။ အဲဒီအချိန်ကျမှ ကျမတို့ ညီအမတွေ ဆေးကျောင်းတက်နေပြီဆိုတော့ အမေကို ဆေးလိပ်မသောက်ရ ဗီတိုအာဏာထုတ်ရပါတယ်။ အမေကလည်း ကျမတို့လစ်ရင်လစ်သလို ခိုးရှုတာပါပဲ။ ဆေးလိပ် သောက်ဖော်သောက်ဖက် အဖေက အမေကို ဆေးလိပ်တို ခိုးခိုးပေးပါတယ်။ တနေ့တော့ အခန်း တံခါးရွက် ပုဏ္ဏားကွယ်ကြားမှာ ဆေးလိပ်ခိုးသောက် နေတဲ့ အမေကိုအတွေ့ ကျမကစိတ်ဆိုးဆိုးနဲ့ “မာမား” လို့ ကုန်းအော်လိုက်တာ အမေဆိုတာ တုန်သွားတာပါပဲ။ ဆေးလိပ်တခါခိုးသောက်တိုင်း သူ့ရဲ့ရောဂါဟာ တထစ် တိုးတိုးလာတာမို့ ကျမတို့သမီးတွေက နည်းနည်းမှ မသောက် စေချင်ပါဘူး။အမေကတော့ ဟောဟဲဟောဟဲကြားက လစ်တာနဲ့ ခိုးသောက်တာ ဆုံးခါနီးထိပါပဲ။ စွဲလန်းမှုဆိုတာ အသက်အန္တရာယ်ရှိမှန်း သိရင်တောင် ဖျောက်ရခက်ပါတယ်။
……………..
စွဲတယ်ဆိုရင် ဆေးစွဲတာ၊အရက်စွဲတာ၊ကွမ်းစွဲတာ၊ဆေးလိပ်စွဲတာမှ မကောင်းဘူး၊အန္တရာယ်လို့ မြင်တတ်ကြပါတယ်။တကယ်ဆိုရင် မကောင်းဘူးဆိုတဲ့ အရက်၊ကွမ်း၊ဆေးတွေကို စွဲသလိုပဲ ကောင်းတယ်လို့ မြင်တဲ့ အစားအသောက်တွေဟာလည်း စွဲလန်းစေတတ်တဲ့ ဖြတ်တောက်ရခက်တဲ့ အရာတွေပါပဲ။
…………..
ဆီးချိုရောဂါသည် ကျမဦးလေးတယောက်ဟာ ကျမဆရာဝန်ဖြစ်ချိန်မှာ Insulin ထိုးနေရပါပြီ။ မနက် ၁ ခါ ညနေ ၁ခါ ကျမတို့အိမ်မှာ ဆေးထိုးပြီးမှ သူအစာစားရရှာပါတယ်။ အိမ်မှာထန်းလျက်၊သကြားလုံးနဲ့ ရေခဲမုန့် တွေများထားရင် ကြည့်ပြီး “ဒါကြီး စားလိုက်ရလို့ကတော့ကွာ” ဆိုပြီး မချင့်မရဲ ရွတ်တတ်ပါတယ်။ ကျမတို့က “မစားရဘူးနော်” လို့တားရင် “အေးပါဟာ ၊ စိတ်အဆာပြေပြောကြည့်တာပါ” တဲ့။ နေကောင်းစဉ်က အချိုတော်တော်ကြိုက်ခဲ့တယ်ဆိုတော့ စားချင်စိတ်ကိုတော်တော် ချုပ်တည်းနေရရှာပါတယ်။
……………….
သွေးတိုးသမားတွေဆိုရင်လည်း အချိုမှုန့်၊ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည်နဲ့အငန်မှန်သမျှ ရှောင်ပေရော့ ၊ အဆီအဆိမ့် အုန်းထမင်း ၊ ငါးသလောက်နှပ်ဆိုတာလည်း အနံ့မှမခံလေနဲ့ ဆိုလေ စားချင်စိတ်တွေ တဖွားဖွားပေါ်လေနဲ့ ဒုက္ခရောက်ကြရရှာပါတယ်။
……………………………
Gout ဂေါက်ရောဂါရှိတဲ့ အကိုကလည်း မကြိုက်တဲ့ မျှစ်ကို ရှောင်နိုင်ပေမယ့် သူ အင်မတန်ကြိုက်တဲ့ ပဲပြုတ်၊ဝက်ကလီစာ၊ငါးသလောက်ဥ၊ငါးရံ့အူတွေ တွေ့ရင် `ဆေးသောက်နေတာပ၊ဲ ကြိုက်တယ် တည့်တယ်၊များများစား။ မကြိုက်ဘူးတည့်တယ်၊နည်းနည်းစား။၊ကြိုက်တယ် မတည့်ဘူး၊နည်းနည်းစား´လို့ သူ့ဖာသာ ဥပဒေသတွေ ထုတ်ပြီး စားတတ်လွန်းလို့ ကျမတို့မှာ ပြိတ္တာတွေကို ဖြစ်လို့။
…………………..
ကျမတို့ဆရာဝန်ဖြစ်ခါစ အချိန်တွေတုံးက ကျောက်ကပ်ဆေးတယ်ဆိုတာ ပေါ်ကာစပဲရှိပါသေးတယ်။ ကျောက်ကပ်ပျက်ပြီဆို လူပြည်မှာ ကြာကြာမနေရတော့ပါဘူး။ အခုတော့ ကျောက်ကပ်ဆေးတဲ့နည်းပညာနဲ့ စက်တွေ ပေါများလာတော့ Renal Failure ခေါ်တဲ့ကျောက်ကပ် ပျက်တဲ့ရောဂါရှင်တွေကို သက်တမ်းဆွဲဆန့်ခွင့်ရလာပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ဆောင်ရန်ရှောင်ရန်တွေ ပေါ်လာတော့တာပါပဲ။ မူရင်းရောဂါဖြစ်တဲ့ ဆီးချို ၊ သွေးတိုးတွေအတွက် ရှောင်ရန် တွေအပြင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ သံပုရာသီးတို့ ၊ ငှက်ပျောသီးတို့ ရှောင်ရမယ်ဆိုတာလည်း ပါလာပါတယ်။ အရင်က ဆီးချိုသွေးတိုးသမားတွေကို သနားစရာအဖြစ် ကြည့်ခဲ့ရရာကနေ ကျောက်ကပ်ရောဂါရှင်ခမျာ သနားစရာအကောင်းဆုံး ဖြစ်သွားတာပါပဲ။ သူများတွေအတွက် ဆေးဖြစ်တယ် ဓာတ်စာဖြစ်တယ်ဆိုတဲ့ အစာတွေဟာ သူတို့အတွက် ရှောင်ရန်တွေဖြစ်နေရပါတယ်။ ပိုဆိုးတာက ရေ တောင်အတိုင်းအတာနဲ့ ချင့်ချိန်ပြီး သောက်ရတဲ့ဘဝပါ။ တနေ့တာ ထွက်သမျှ Output ထက်မလွန်အောင် စားသမျှ သောက်သမျှကို ခွက်ခြင်လေးနဲ့ မှတ်ပြီးသောက်နေရတဲ့ လူနာတွေပါ။ ပိုသွားတာနဲ့ ဖောမယ်ယောင်မယ် ၊ မောကြပ်လာမယ်ဆိုတဲ့ ဝေဒနာတွေ ခံစားရမယ်ဆိုတော့ ဆေးတပါးပါ လို့ဆိုတဲ့ ရေကိုတောင် ဝအောင် အာသာပြေအောင် သောက်ခွင့်မရရှာတော့ပါဘူး။ ဒီအရေးတွေကို ကြိုမြင်လို့ ဆီးချိုသွေးတိုးသမားတွေဆိုရင် ` ရောဂါနုတုံး ထိန်းနိုင်အောင် ထိန်းကြပါ။ စိတ်အလိုလိုက်ပြီး မစားကြပါနဲ့။ ကျောက်ကပ် ပျက်ရင်အခုရှောင်ပါ ပြောတာတွေထက် ပိုရှောင်ရပါမယ်´ လို့ ပိတ်တာလုပ်ရပြန်ပါတယ်။
………………………..
ကိုယ်ကဆရာဝန်အနေနဲ့ ဘေးလူတယောက်အနေနဲ့ သူတပါးကို သူနှစ်သက်စွဲလန်းတာတွေ ရပ်ဖို့ အပြောလွယ်ပေမယ့် ကိုယ်ကိုတိုင်ဆိုရင် ဆင်ခြင်ဖို့ လွယ်ပါ့မလားလို့ တွေးမိတဲ့အခါ တော်တော်တုန်လှုပ်မိပါတယ်။
………………
အစာစားခါနီးတိုင်း ပစ္စဝေက္ခဏာဆင်ခြင် ၊ ဤစားဖွယ်နှင့်စပ်သမျှကို မေတ္တာပို့ စတဲ့ အလေ့အကျင့်လေး မွေးယူနေဆဲမို့ စားခါနီး ဆင်ခြင်နေဆဲမှာ ငါခုထိ ကြိုက်တာတွေ ရှောင်စရာမလိုသေးပါလားလို့ လှစ်ကနဲ တွေးမိပြီး မာနလေး ဖြစ်မိပါတယ်။ “ငါကျန်းမာရေးကောင်းနေပါသေးတကား” လို့ပေါ့။ တလက်စတည်း လွန်ခဲ့တဲ့ ၂လ လောက်ကမှ လူကောင်းပကတိဖြစ်တဲ့ ကျမအမ အခုချိန်မှာ ရောဂါနဲ့ ကုသမှုရဲ့လိုအပ်ချက်အရ ဆင်ဆင်ခြင်ခြင်စားနေရတဲ့ဘဝ ရောက်သွားပြီဆိုတာ သတိရမိတော့ `ငါ့ရဲ့ကောင်းနေသေးတယ်ဆိုတဲ့ ကျန်းမာရေးကော ဘယ်လောက်ခံမှာလဲ´လို့ ထိတ်လန့်သံဝေဂ ရမိပါတယ်။
ခုကတည်းက ရသတဏှာကို ဖြတ်နိုင်ခွာနိုင်ဖို့ ကြိုးစားလေ့ကျင့်ရမယ်လို့ တွေးမိပါတယ်။ ရသတဏှာ ဆိုတာမျိုးက ကောင်းပေ့ဆိုတဲ့ အဆီအဆိမ့် အရသာတွေပေါ်မှာမှ ရှိတာမဟုတ်ပဲ ထင်မိထင်ရာ စွဲမိစွဲရာ စွဲတတ်တာမျိုး ဆိုတော့ ခက်သားကလား၊ ကျမဆို ကြက်သား ဝက်သား ငါးသလောက်ဆိုတာတွေထက် ငါးပိထောင်းလေး ၊ လက်ဖက်သုတ်လေးကို ပိုကြိုက် ပိုစွဲလန်းတတ်တာ။ ဒါလည်း ရသတဏှာပါပဲ။ အာသီသဆိုတာ မစားရမချင်း မပြီးပါဘူး။စားရတော့လည်း ထပ်ထပ်ပြီး စားချင်မိပြန်ရော။
ပုံပြင်လေးတခုကြားဖူးပါတယ်။ အသားဟင်းကောင်းတွေချည်း ဘုဉ်းပေးနေရတဲ့ အညာသားဆရာတော်ကြီး ဆွမ်းခံမကြွစဖူး အိမ်ရှေ့ဆွမ်းလာအရပ်၊ ဝက်သားဟင်းနဲ့ ဆွမ်းလောင်းပြီးလည်း မကြွပဲ ပေရပ်နေတော့ ဒကာက `အရှင်ဘုရားဘာလိုပါသေးလဲ´လို့မေးပါတယ်။အဲတော့မှ ဆရာတော်ကြီးက `ငရုပ်သီးဆားထောင်း´လို့ ခပ်ပြတ်ပြတ်မိန့်တယ်တဲ့။အိမ်ရှင်လည်း့ သူ့ဒကာမကို ခပ်မြန်မြန် ထောင်းခိုင်းပြီး အိမ်ရှေ့ ဆွမ်းရပ်နေဆဲ ဆရာတော်ကြီးသပိတ်ထဲကို လောင်းတော့ ` နေ့တိုင်း၊နေ့တိုင်း´ လို့ မိန့်ပါသတဲ့။
အသက်ကြီးလို့ အရိုးရင့်လာလေ ရသတဏှာနောက်က ကပ်ပါလာတဲ့ ဥပါဒါန်ဟာ ခိုင်မာလာလေဆိုတာ သတိပြုမိပါတယ်။ ကျန်းမာရေးအတွက်ကောင်းမယ်ထင်လို့ ကျင့်စားတဲ့အစားအသောက်တွေဟာလည်း ကြာလာရင် စွဲလန်းမှုနဲ့ မရှိမဖြစ်ထင်လာမိတာပါပဲ။ လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းသောက်တတ်တဲ့ အကျင့်လုပ်ထားလို့ ရေနွေးကြမ်းမသောက်ရရင် အာသာမပြေတဲ့သူငယ်ချင်းကို တွေ့ဖူးပါတယ်။
ကျမကိုယ်တိုင်လည်း ထမင်းစားပြီးရင် အသီးအနှံ တခုခုစားတဲ့အကျင့်ကို ငယ်စဉ်ထဲက မွေးယူမိတော့ ထမင်းစားပြီး သီးနှံတခုခု မစားရရင် စိတ်ထဲ ဟာတိဟာတာဖြစ်မိနေဆဲပါ။
အစားအသောက်ပေါ် စွဲလန်းတဲ့တဏှာကမှ ဖြတ်ရခက်တာ မဟုတ်သေးပါဘူး။ အခြားအာရုံတွေပေါ် စွဲမိရင်လည်း ဥပါဒါန်ဖြတ်ရခက်တာပါပဲ။ မကြည့်ရရင် မနေနိုင်တဲ့ အင်တာနက် ၊ မကြားရရင်မနေနိုင်တဲ့ ပရိတ် ပဋ္ဌာန်း တရားသံ ၊ ဒီအမွှေးနံ့လေးမရရင် မနေနိုင်တဲ့ အမွှေးနံ့သာတိုင် ၊ အနံ့အသက်ပျောက်ဆေး ၊ ဆပ်ပြာမွှေး စတဲ့ အနံ့အာရုံမျိုးစုံ ၊ ဒီဖျာလေး ဒီအခင်းလေးမှ မပါရင် တရားထိုင်ရတာ ကြမ်းပေါ်အေးမယ် အကြောတက် မယ်ဆိုတဲ့ အတွေ့အထိအာရုံတွေပေါ် စွဲလန်းသမျှ လောဘစိတ်တွေချည်းပဲလို့ သိလိုက်ရတော့ တရားလုပ်ရင်း မတရားတာတွေဖြစ်ဖြစ်နေမိတဲ့ ကိုယ့်အကြောင်းသုံးသပ်မိပါတယ်။
အထူးသဖြင့် စာရွက်ပေါ်ကဖြစ်ဖြစ် ၊ ကွန်ပျူတာမျက်နှာပြင်ပေါ်ကဖြစ်ဖြစ် တွေ့သမျှ စာမဖတ်ရရင် အစာငတ်တာထက်ဆိုးတယ်လို့ ခံယူမိတဲ့ကျမ ၊
မျက်စိများ မမြင်ရင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုတာကတော့ ကိုယ့်ကို ကိုင်လှုပ်လိုက်တဲ့အတွေးပါပဲ။ ဟိုတလောက စာဖတ်ရတာ ၊ အဝေးကြည့်ရတာ အားမရလွန်းလို့ သူငယ်ချင်း မျက်စိ ဆရာဝန်ဆီသွားစမ်းတော့ အရင်စစ်ထားတဲ့ ဒီဂရီထက် အဝေး ၁၀ဝ အနီး ၂၅ဝ လောက် ပိုခုန်တက်သွားတာ တွေ့ရ ပါတယ်။ `ဒီလိုသာ မျက်စိသုံးလို့ ဒီ့ထက်ဒီ ပိုမှုန်မှုန်လာရင် မမြင်ရတော့တဲ့အချိန်ဆို ဘယ်လိုလုပ်ရပါ့မလဲ´လို့လည်း သောကဝင်လာမိပါတယ်။ ဆရာကြီးဦးသုခ မျက်စိတွေမှုန်လို့ စာဖတ်မရတော့တဲ့အကြောင်း ၊ မှန်ဘီလူးအကြီးကြီးနဲ့ စာဖတ်ဖို့ စီစဉ်တဲ့အကြောင်းတွေ ဖတ်ထားဘူးတော့ ကိုယ်ထက် အများကြီးပိုပြီး စာကိုချစ်တဲ့ဆရာကြီးကို ခုမှပဲစာနာမိပါ တော့တယ်။ နောက်ဆုံးတော့ မျက်စိမမြင်တဲ့အချိန်ကျရင် နားက တရားခွေ စီဒီမျိုးစုံနာလို့ ရမှာဘဲ။
`အဲဒီအချိန်ကျရင် အခုအချိန်မပေးနိုင်လို့ မနာရတဲ့ တရားတွေ စာပေဟောပြောပွဲတွေ အတိုးချပြီး နားထောင်ရုံပေါ့´ လို့ စိတ်ကို ပြင်ဆင် လိုက်မိပါတယ်။
နားကပါ အသံတွေ နားထောင်လို့ ့မရအောင် လေးသွားပြီဆိုရင်လည်း ကိုယ့်ခန္ဓာမှာပေါ်သမျှ ဝင်လေ ထွက်လေ ၊ ဖောင်းပိန်စတဲ့ ပင်တိုင်အာရုံတွေကို ရှုတတ် မှတ်တတ်အောင် ကြိုးစားလေ့ကျင့်ရတော့မယ်။ ဒါမှမဟုတ် လည်း မေတ္တာဘာဝနာ ၊ ဗုဒ္ဓါ နုဿတိ စသည်ဖြင့် မနောကံ အလုပ်လုပ်တတ်အောင် ကြိုးစားလေ့ကျင့်ထားပါမှ မသေခင် အိုဘေး နာဘေးကို ရင်ဆိုင်နိုင်တော့မယ်လို့ တွေးကြံမိပါတယ်။
အိုဘေး၊နာဘေး၊ကြိုတွေးပြင်ဆင်ထားကြပါစို့။
မမျှော်လင့်ဘဲ၊ဗြုန်းကနဲ၊အိုလည်းအိုတတ်သည်။
မမျှော်လင့်ဘဲ၊ဗြုန်းကနဲ၊နာလည်းနာတတ်သည်။
မမျှော်လင့်ဘဲ၊ဗြုန်းကနဲ၊သေလည်းသေတတ်သည်။
မအိုသေးခင် ၊အိုဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ၊
မနာသေးခင် ၊နာဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ။
မသေသေးခင်၊သေဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ။
36 comments
ကထူးဆန်း
December 8, 2013 at 7:00 am
ဂေါက် အတွက် ငါးသလောက်ဥ ၊ပဲပြုတ် တို့ ရှောင်ရမယ်ဆိုတာ မသိဘူး။ ကျွန်တော်က ဂေါက်တော့ ဂေါက်ချင်နေပြီ … :hee: ယူရစ်အက်ဆစ်များနေတတ်တယ် .. ကလီစာတို့ မျှစ် တို့လောက်ဘဲ သိတာ..
မအိုသေးခင် ၊အိုဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ၊
မနာသေးခင် ၊နာဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ။
မသေသေးခင်၊သေဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ။
အိုနေတဲ့ ဦးပါတော့ သတိပေးဦးမှ နော့် … ဘယ်ပျောက်နေလဲ မသိဘူး
padonmar
December 8, 2013 at 10:18 am
ကထူးဆန်းရဲ့
ယူရစ်အက်ဆစ်များစေတဲ့ အစာတွေထဲမှာ ပဲပင်ပေါက်က ထိပ်ဆုံးက၊ဘီယာလည်းပါတယ်၊အရက်လည်းပါတယ်၊ကလီစာနဲ့ ဥတွေလည်းပါတယ်။ငါးသလောက်ဥသာမက အခြားဘာဥမဆိုပါတယ်။ရှောင်နိုင်သမျှရှောင်ပါ။
ယူရစ်အက်ဆစ်တွေ ခြေဆစ်တွေမှာ စုတော့ အဆစ်တွေနာတယ်။ကျောက်ကပ်မှာ စုမိရင် ကြာတော့ ကျောက်ကပ်ပျက်တတ်တယ်
kai
December 8, 2013 at 7:05 am
ဒီလောက်ကောင်းတဲ့.. စာ.. ဈေးဦးဖောက်စရေးလိုက်မယ်…။
တကမ္ဘာလုံးသိစေသတည်း..သိစေသတည်း…။
ဆိုတော့…
ယူအက်စ်မှာ.. ရေဘုံဘိုင်ရေက…တော်တော်သန့်ပါတယ်..။
သန့်ဆို..ပိုးသတ်ထားပြီးသားမို့.. ကလိုရင်းအနံ့တောင်ပါတယ်လေ…။
ဒါပေမယ့်… တိုက်ရိုက်သောက်နေသူတွေအတွက်..ပိုသန့်အောင်.. အမြန်သုံးရေသန့်ဖစ်လတာလေးတွေရောင်းပါတယ်..
တော်တော်ကိုရောင်းကောင်းပါတယ်..။
မြန်မာပြည်မယ်.. အဲဒါမျိုးလေးတွေထီထွင်သုံးသင့်ပါတယ်..။
ရေနဲ့ဆေးရင်.. ဘာကောင်းသလည်းဆိုတော့…
အသီးအရွက်တွေမှာ..ပိုးသတ်ဆေးတွေစွန်းထင်းနေတာကို.. ရေနဲ့အကြိမ်ကြာကြာဆေးရမယ်..
ဆေးတဲ့ရေဟာ..ပိုးသတ်ပြီးသား..သန့်တဲ့ရေဖြစ်ရမယ်..
ဆိုတော့…
အသီးအရွက်..အစိမ်းစားမယ်ဆိုရင်.. ရေသန့်နဲ့နောက်ဆုံးပိတ်ဆေးပါဦးရယ်လို့.. :kwi:
kai
December 8, 2013 at 7:13 am
အရင်ဆုံးဖြစ်အောင်ရေးပါတယ်ဆိုမှ.. ကထူးဆန်းကဦးသွားတယ်…
တလက်စထဲ.. ကထူးဆန်းရေ…
ညီတော်မောင်ပြန်လာပြီမို့.. လက်ခံရရှိပြီးဖြစ်ပါကြောင်းရယ်ကို.. သတင်းပို့တာပါ..
ကျေးကျေးကမ္ဘာ…။
padonmar
December 8, 2013 at 10:26 am
သူကြီးရေ
အကြံပေးတာကျေးဇူးပါ။
သူကြီးရဲ့ ရေသန့်ကိရိယာတွေက ဈေးအပေါဆုံး ကျပ် 18000-ဈေးအကြီးဆုံး ကျပ် 50000 လောက်ဆိုတော့ ခြေနိုင်လက်နိုင် သုံးနိုင်ကြမယ်ထင်ပါတယ်။စိတ်ဝင်စားစရာပါ။
ဒီမှာ ပိုးသတ်ဆေးက တအားသုံးနေကြဆဲမို့ ကျန်းမာရေးတွက် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားလည်း သူတို့ ဘေးက ပြေးမလွတ်၊
ရေသန့်တွေကလည်း မသန့်သော ဘူးသွတ်တွေများတော့ မထူးတော့ပါဘူး။
ရောဂါပိုးတွေကတော့ အင်မျူနတီရနေကြပြီ။
•*¨နန်းတော်ရာသူ •*¨
December 8, 2013 at 9:58 am
ကျန်းမာရေးဗဟုသုတအများကြီးရတယ်အန်တီ
သေသေချာာာကိုမှတ်သွားပါတယ်
padonmar
December 8, 2013 at 10:29 am
နန်းတော်ရာသူရေ
အားပေးတာကျေးကျေး။
ဦးကျောက်ခဲ
December 8, 2013 at 10:28 am
အန်တီဒုံရေ…
မအိုခင် နာမှာတော့အကြောက်သား…
အဲ… စားတာတော့ မလျှော့နိုင်သူမို့၊ ဖြစ်လာရင် အသေခံမယ်…
လူဖြစ်တုံး လူလိုနေမယ်ဗျို့…..,,
-D
padonmar
December 8, 2013 at 10:33 am
ဦးကျောက်ရေ
ဘာရောဂါမှ မတွေ့သေးလို့ ဒီလိုပြောသေးတာပါ။
လူတိုင်း အသက်ရှည်ရှည်နေချင်ကြပါတယ်။
တကယ်ဖြစ်တော့လည်း ၁ဝခါစားချင် ၁ခါလောက်စားပြီး လျှော့ကြရပါတယ်။
အဲသလို အားမတန် မာန်လျှော့ရတဲ့အခါ စိတ်မဆင်းရဲအောင် စားတော့စား မစွဲနဲ့လို့ ပြောချင်တာပါ။ဖြတ်နိုင်ဖို့ စိတ်ကို ကြိုပြင်ထားဖို့ပါ။
lele kyi
December 8, 2013 at 11:53 am
သူကြီးရဲ့ရေသန့်စက်လေးတွေရှာဝယ်ဦးမယ်။ ကျမရဲ့ ဆို်က်ကို က သူတို့ပြောနေတဲ့ရေသန့်ကို သောက်ရတာ ကြောက်နေတယ်။ စီးပွားရေသမားတွေကိုမယုံကြည်ရဲဘူး။အဲ့တော့ရေနွေးပိုသောက်ဖြစ်တယ်။ တီဒုံရဲ့မှတ်သားစရာလေးတွေကိုမှတ်ထားပါတယ်။ အသီးအရွက်ကိုအစိမ်းစားတတ်လွန်းလို့။ မေမေလည်းဆေးလိပ်စွဲခဲ့ဖူးတယ်။ ကျန်းမာရေးနဲ့ဘယ်လိုခြောက်ခြောက်မမှူဘူး။ မြေးတွေကြောင့်သာပြတ်သွားတာ။ ကျမတို့က သူ့ကျန်းမားရေးအတွက်လို့ပြောမရမှန်းသိတော့ “မေကြီး က ဆေးလိပ်ငွေ့တွေရှူထုတ်ရင် ကလေးတွေရှူမိပြီးရောဂါရလိမ့်မယ်လို့။” တစ်သက်လုံးသောက်လာတဲ့မေမေ ဆေးလိပ်ပြတ်ရော။
padonmar
December 8, 2013 at 8:56 pm
လီလီရေ
မိဘမေတ္တာဆိုတာ အဲဒါပဲနော်။ကိုယ်သိပ်ကြိုက်တာတောင် သားသမီးမြေးတွေတွက် စွန့်နိုင်ကြတယ်။
alinsett
December 8, 2013 at 5:39 pm
ဗဟုသုတ ရစရာ ယူစရာတွေ တပုံကြီးမို ့
ပို့စ့်လေး ဖန်တီးပေးတဲ့ အန်တီဒုံကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်လည်း
အသီးအရွက်ကို အစိမ်းစားတဲ့အကျင့် ရှိနေတယ်။
အများဆုံးစားဖြစ်တာတော့
ရုံးပတီသီး
ခရမ်းချဉ်သီးနဲ့
မြင်းခွါရွက် တို့ ဆလပ်ရွက်တို ့
နောက်ဆို ဆင်ခြင်ရမယ်
padonmar
December 8, 2013 at 9:01 pm
အလက်ဆင်းနဲ့ လီလီ
အသီးအရွက် အစိမ်းမစားရလို့ မပြောချင်ပါဘူး။
အစိမ်းစားမှ ရတဲ့ အာဟာရဓာတ်တွေ ရှိပါတယ်။
ဒါပေမယ့် ပိုးသတ်ဆေးနဲ့ မသန့်ရှင်းတဲ့ အညစ်အကြေးများ ကင်းစင်သည်ထိ ရေနဲ့ အထပ်ထပ်ဆေးပေးပြီး မှ စားရင် အကောင်းဆုံးပါ။
ကိုယ်ခံအားကျနေတဲ့သူတွေ(ကင်ဆာဆေး၊အသည်းရောင် စီပိုးသတ်တဲ့ဆေး၊သုံးနေရတဲ့သူတွေနဲ့ HIV ပိုးကူးစက်ခံရသူတွေ)ကျတော့ သူများစားလို့ ဘာမှ မဖြစ်ပေမယ့် သူတို့တွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်သွားရာက အသက်အန္တရာယ်ပြုနိုင်လို့ပါ။
padonmar
December 8, 2013 at 9:08 pm
ရောဂါတခုစီတွက် ရှောင်ရန်တွေက ဆေးစာကြီးလိုဖြစ်မှာစိုးလို့ အပြည့်အစုံမထည့်ပါဘူး။ဒီရောဂါတွေတွက် ဒီလောက်ရှောင်ရင်ရပြီလို့ မထင်ကြစေလိုပါ။
(အသေးစိပ်သိလိုသူများကို ကိုခင်ခဆီ ညွှန်းပါမယ်။သူက ကျမထက် ပိုပြီး စိတ်ဝင်တစား သေချာမှတ်သားထားတတ်ပါတယ်။)
(ကိုခင်ခပျောက်နေသဖြင့် ဆွဲခေါ်သည်ဟုထင်ကြလျှင် မှားပါသည်ဟု မပြောလိုပါသည်မှာ မဟုတ်ပါကြောင်း)
အောင်မလေး…သဂျီးလို ဝေ့ဝိုက်ရေးကြည့်တာ ခက်ခဲလိုက်တာ။
ဦးကြောင်ကြီး
December 9, 2013 at 9:46 am
မှန်အိ မှန်အိ.. မြန်တျန့်တို့တတွေ မအို မနာခင် ကြက်မဂျီးကောင်းနေစဉ်ထဲက အချို အငန် အစပ် ဆင်ခြင်သင့်၏။ အချိုမှုန့်၊ ငံပြာရည်၊ ဆား၊ သကြား၊ အခြားပေါက်ကရ တိုလီမုတ်စ ဆေးလိပ်၊ကွမ်း၊ အရက်၊ ဘီယာ ဘာညာကွိကွ လျော့ချဂျ။ pain killer၊ အိပ်ဆေး သောက်မှ အိပ်ရနေလို့ရတာမျိုးလည်း ရှောင်ကြဉ်ဂျ။ အထူးမှာလိုဒါ အမ်တီဒုံ တူမတယောက် ရအောင်ဖန်နိုင်လျင် ယခုပေါဒါတွေ လိုက်လုပ်စရာ မလို၊ ဆရာဝံရှိ ဆေးသိအိ၊ ကြိုက်ရာလုပ်စေသဒီ။။။ ညောင်…………………….
padonmar
December 10, 2013 at 7:57 pm
ဦးကြောင် မန့်မှ ဆင်ခြင်စရာတွေ ပိုစုံသွားပြီ။
အန်တီဒုံ့တူမတွေ ဖွက်ထားမှ ၊ကြောင်ကြီးမမြင်အောင်။
KZ
December 9, 2013 at 10:58 am
An Apple a day keeps a doctor away ဆိုလို့ ဆရာဝန်ကတော်ဖြစ်ချင်တုန်းက ပန်းသီးကို မစားဘူးး အာတီဒုံ။
ဟေးဟေးဟေးးး
နောက်တာ။
ခုတော့ ညဘက်အိပ်မပျော်ရင် သေခြင်းတရားကို တွေးတောမိလွန်းလို့ မသေခင်လေး းးး
စားမယ် သောက်မယ် ဆိုပြီး (အဲလေ) ဆင်ခြင်မယ်ဆိုပြီး စားသောက်မှုပုံ ကို ပြင်တော့မလားလို့။
အာတီဒုံ ဒီစာလေးက ကျနော့ အတွက်တော့ အတော်အဖိုးတန်ပါတယ်။
ကျနော်တွေးထားတဲ့ တစ်ချို့တစ်ဝက်နဲ့နည်းနည်းတူတယ်။
ဒါမဲ့ ကျနော့ အတွေးက တစ်ဝက်တစ်ပျက်များတယ်။
အဖြေရအောင်ထိ ဆက်မတွေးဖြစ်ဘူးးးး
ကျေးဇူးတင်ပါတယ် အာတီဒုံ။
🙂
padonmar
December 10, 2013 at 8:21 pm
ကေဇီလေးတော့ အခုမှ ပန်းသီးစားရတော့တယ်ထင်ပါ့။
မယ်ဆွိရဲ့ တဝက်တပျက်က ဘယ်ထိရောက်ပါလိမ့်၊သိချင်လိုက်ထှာ။
kyeemite
December 9, 2013 at 11:22 am
မအိုသေးခင် ၊အိုဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ၊
မနာသေးခင် ၊နာဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ။
မသေသေးခင်၊သေဘေးမြင်၊ကြိုတင်လေ့ကျင့်ပါ။
ကောင်းပါလေစွ အာတီဒုံရေ…အာတီဒုံစာဖတ်ပြီး ကြီးမိုက်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရပါတယ်…
အခုထိတော့ သိသာထင်ရှားရောဂါ မရှိသေးတာကံကောင်းနေသေးတာ…
ဒါပေမဲ့ အကြိုက်တော်တော်များများကို လုံးဝ မဖြတ်နိုင်တောင် တတ်နိုင်သင၏၍ လျှော့ချသွားရမယ်လို့
ကိုယ့်ကိုကိုယ်ပြေနေမိပါတယ်..အဖိုးတန် အကျိုးပြု ဆောင်းပါးလေးအတွက် အားလုံးကိုယ်စား ကျေးဇူးပါဗျာ။
:kwi:
padonmar
December 10, 2013 at 8:32 pm
ဦးမိုက်
မဒမ်မိုက်က သူချက်ကျွေးတာတွေ အားရပါးရမစားလို့ အပြစ်တင်ရင်တော့ ကျမမပါဘူးနော်။
TNA
December 9, 2013 at 4:01 pm
မှတ်သားစရာတွေမို့မှတ်သားသွားပါတယ်အန်တီဒုံရေ။ ကျွန်မကတော့ အခုကတဲ့က ကြိုတွေးပြင်ဆင်ထား သမို့ အငံ အဆီ အချို ဘာဆိုဘာမှကိုမစားဘူး။ အိမ်ကိုလဲဧည့်သည်ဖိတ်ရဲဘူး
padonmar
December 10, 2013 at 8:42 pm
လိမ်မာတဲ့မွသဲ။
ဒါဆို မုန့်လုပ်နည်းသင်တန်းတက်ထားတာ အသုံးမချရတော့ဘူးပေါ့နော်။
TNA
January 9, 2014 at 5:24 pm
အာဟိ မုန့်ကတော့ အချိုလျှော့လုပ်တယ် သူကအငန်မပါတော့ ပတ်တနာမချိ
Ma Ma
December 10, 2013 at 6:55 pm
တခါက အကောင်းကြီးကနေ ရုတ်တရက်ကြီး ခါးနာ(အရွတ်ထွက်)လို့ ချက်ခြင်းပဲ အိပ်ယာပေါ်ကမထနိုင်ဖြစ်သွားတဲ့အချိန်မှာ တွေးလိုက်မိတာ သေခြင်းတရားဆိုတာ တကယ့်ကို အနီးလေးပါလားလို့။ 🙁
ဒီပိုစ့်ကိုဖတ်ရတာ တရားတွေအများကြီးနာလိုက်ရသလိုပဲ။
padonmar
December 10, 2013 at 8:47 pm
အမွှာညီအမမို့ အမြဲတရားနာနေရတာ မငြီးငွေ့ဘူးလား။
Mr. MarGa
December 11, 2013 at 11:15 am
ဒေါ်လေးရေ
ဒီလို ကြိုတွေးမိပြန်တော့
အခုကတည်းက ချင့်ချိန်မှ လို့ တွေးမိပါရဲ့
ဒါပေမင့်
အဲဒီ တဏှာက အတော် ဖြတ်ရခက်တယ် ဗျ။
အစွဲအလမ်း မရှိအောင်တော့ ကြိုးစား နေကြည့်ပါဦးမယ်လေ
padonmar
December 12, 2013 at 8:10 pm
သကြားရေ
သုံးတော့သုံး မစွဲနဲ့ ဆိုတာလိုပေါ့။
တခုခုကို စွဲမိပြီလို့ ထင်ရင် ကြိုးစားပြီး လျှော့ပေါ့နော။
(နတ်သမီးတွေလည်းပါတယ်)
Mr. MarGa
December 12, 2013 at 8:56 pm
နတ်သမီးတွေကိုတော့ မစွဲပါဘူးဗျာ
(ကျန်တဲ့နတ်သမီးတွေ စိတ်ဆိုးမှာစိုးလို့) :kwi:
Crystalline
December 12, 2013 at 1:53 pm
အန်တီရယ်.. တွေးတောဆင်ခြင်စရာတွေ ဗဟုသုတအများကြီးရတယ်.. အဖေက ဆေးလိပ်အရမ်းကြိုက်.. အဆီအဆိမ့်အချိုကြိုက်.. နောက်ပိုင်းတီဘီတွေ ဘာတွေဖြစ်ပြီး ဆေးတွေထိုးရတယ်.. ငယ်ကတည်းက မှတ်မိသလောက်တော့ အဖေနားမနေဖူးဘူး.. စားတာသောက်တာသီးသန့်ပဲနေခဲ့ တယ်.. နောက်ပိုင်းကျတော့ ဆီးချိုထပ်လာပြန်ရော.. အခုလောက် ကုသမှုပိုင်းအဆင့်မမြင့်သေးပေမယ့်.. ရန်ကုန်မှာဆေးတက်ကုတယ်.. ဆရာဝန်တွေ ရှောင်ခိုင်းသမျှ တစ်ခုမှမဆင်ခြင်ဘူးတဲ့.. သူက နေဝဝသေဝဝပဲတဲ့.. တော်တော်ခေါင်းမာတယ်ပြောရမယ်.. အမျိုးတွေထဲတော့ ပြောစမှတ်တွင်တယ်.. အဖေလိုပဲ အကောင်းကြိုက်တတ်တဲ့ကျမကိုလည်း တခုခုဆို ဆီးချိုမျိုးရိုးရှိတယ်နော်.. ဆင်ခြင်ဖို့ပြောကြတာပေါ့.. မကြိုက်တာတွေကိုတော့ အထူးအထွေရှောင်စရာမလိုပဲဆင်ခြင်မိပေမယ့် လုပ်ချင်တာမှန်သမျှတော့ အဖေ့လိုအကြောင်းပြချက်နဲ့ လုပ်နေမိတုန်းပဲ.. အဖေတူသမီးလေ :))
padonmar
December 12, 2013 at 8:49 pm
ခရစ်ကလေးရေ
နေဝဝသေဝဝ ဆိုပေမယ့် မသေခင်စပ်ကြား ဘေးက ပြုစုသူတွေ မငြိုငြင်ရင် ကောင်းတာပေါ့နော်.
မတည့်ပါဘူးဆိုတာတွေ စားလို့ သုံးလို့ ရောဂါတိုးတော့ သားသမီးတွေတောင် ငြူစူတတ်ကြတယ်။
ခေါင်းမမာသင့်တဲ့နေရာမှာ မမာပါနဲ့ကွယ်။
လုံမလေးမွန်မွန်
January 10, 2014 at 2:55 pm
ပြောရရင် မူကြိုလောက်ကတည်းက အကြောတက် တတ်တာ… ခုဆို ပေပေတေတေ နဲ့ လေးဘက်နာ သွားမစစ်ရသေးဘူး… အရင်ကဆို ဘာစားစား အိုခေပေမယ့် အခုချိန်မှာတော့ သေလုမျောပါး ခံစားရတာ…
ငါးပါးသီလထဲမယ် တစ်ပါးထည့်မလို့ ကြံစီနေတယ်..
ကြက်ဟင်းခါးသီးစားတာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ..
ဒေါ်လေးရဲ့ ကြိုတွေးပြင်ဆင်ဆိုတာကို သဘောကျမိတယ်.. မျက်စိမမြင်ရတော့ရင် နားနဲ့ နားထောင်မယ်..နားမကြားရတော့ရင် ဝင်လေထွက်လေမှတ်မယ်… ဘုရားတရားနဲ့ ဝေးကွာနေတာ အတော်ကြာပြီ ဒေါ်လေးရေ… အသိလေးပြန်ဝင်လာမိလို့ ကျေးဇူးအများကြီးတင်ပါတယ်…
မဟာရာဇာ အံစာတုံး
January 10, 2014 at 3:34 pm
ကျော်ဂဒေါ့လေ …
သူလေးနဲ့ နီးဖို့တွက်ကိုပဲ
ကြိုတွေးပြင်ဆင်နေရဒါ … ဟူးးး .. ဟီးးး
ဗဟုသုတ အားဂျီးရဘာဒယ် တီဒုံရေ ..
သန်းခရု ရှဲရှဲပါ ..
kai
February 13, 2014 at 3:36 pm
ပဒုမ္မာအမတော်ရဲ့ဒီစာကို ဒီလထုတ်သတင်းစာအတွက် ကျမ်းမာရေးကဏ္ဍမှာရွေးထားကြောင်း.. သတင်းပို့တာပါခင်ဗျ..။
လူကြိုက်များနေလို့ပါ..။
padonmar
February 13, 2014 at 8:35 pm
့ ဒီသတင်းလေးဖတ်ရတာ ဒီနေ့အတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။ ခုလို အားပေးတာကျေးဇူးပါ သူကြီး။
ကျန်းမာရေးလို့တော့ ပေါင်းပေးပါနော်.
(သတ်ပုံ မပြင်ရရင် မနေနိုင်လို့ပါ)
snow smile
March 14, 2014 at 7:29 am
တန် ဘိုး ရှိ လှ သော post တ ခု စော စော စီး စီး ဖတ် လိုက် ရ ပါ တယ်
ကိုယ် ကို တိုင် တ ရား တွေ ုလုပ် နေ ရင်း
မ တ ရား တာ တွေ
ဘယ် လောက် ရှိ နေ လဲ
ဖြစ် နေ လဲ ဆို တာ
မ ကြာ ခ ဏ စဉ်း စား မိ ဘူး တာ ပါ
သိ အောင် လုပ် ရင်း
ဆင် ခြင် ရင်း နဲ့
မ ကြာ ခင် လာ တော့ မယ်
ဆို တာ ကို လက် ခံ ရင်း ဖြင့် သာ
အရီးခင်
June 14, 2014 at 4:17 pm
အဟင့်။
သများက အခု ကိတ်မော့စ် နဲ့ ပြိုင်ပြီး မော်ဒယ်လျှောက်ဖို့ ပြင်နေတာ ကို။
“အို” စကားလာပြောနေတယ်။
ချစ်လို့ စတာ ပါ အစ်မဒုံ။
ဟိုဘက်က သဲနုဆီကလို ဝမ်းတစ်လုံးကောင်းခေါင်းမခဲ မို့ အစာကို လွန်ကျူးးတဏှာမစားသင့် တာအမှန်ပါ။
လျှာတဖျားအရသာ ထက် ရေရှည် ကျန်းမာဖို့ ကို ကြည့်သင့်ပါတယ်။
သေဖို့ ကြောက်တာထက် မသေခင် ရေရှည်ခံစားရမှာ ပိုကြောက်မိတာ။
သို့ပေသည့် အနာဂါတ် ကို ကိုယ်မသိနိုင်တာ မို့ ဘာဘဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ဟယ် ပြောရင်း ကိုယ့်ဘက်ကလုပ် နိုင်သလောက် ဉာဏ်လေးယှဉ်ပြီး နေသင့်ပါတယ်။
တန်ဖိုးရှိ အသိလေးတွေ မျှပေးလို့ ကျေးဇူးကြီးပါ။
ဆုရ တာ တန်ပါတယ်။
Many Congratulations .. :-)))