ကံကောင်းလွန်းတဲ့ည

မြသဲ ( 17082011 )January 2, 20141min13514

ကျွန်မရဲ့ ရာပြည့်ပိုစ့်ကိုတော့ မှတ်မှတ်ရရလေးရေးချင်တာကြောင့် အခုမှစောင့်ပြီး တင်ရတာပါ။ တကယ်တန်းတော့တင်ချင်တာကြာပါပြီ။ ကျွန်မတို့မိသားတစ်စုလုံး သေဘေးကနေလွတ်လာတာလေးတင်ချင်တာပါ။ တခြားသူတွေလဲ သတိထားလို့ရ အောင်လဲရည်ရွယ်ပါတယ်။ မေ့ထားချင်တဲ့ဖြစ် ရပ်ပြန်မတွေး ချင်တဲ့ဖြစ်ရပ်မို့ မေ့ထား ဖို့ကြိုးစားခဲ့ပေမဲ့ ဟိုတလောက Wholesale မီးလောင်လို့ ဝန်ထမ်းခုနစ်ယောက်ဆုံး ပါးသွားတာကို ကြားလိုက်ရတော့ ပြန်မတွေး ချင်ပေမဲ့ပြန်သတိယလာပါတယ်။ ဒါကြောင့်လဲ မှတ်မှတ်ရရဖြစ်အောင် ရာပြည့်ပိုစ့်အနေနဲ့ ကိုယ့်ရဲ့ဒုတိယအသက်ကို ဂုဏ်ပြုပြီးတင်လိုက်တာပါ။
လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်လောက်ကပေါ့။ ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်မှာပေါ့။
ကျွန်မတို့မိသားစုဟာ တိုက်ခန်းကျဉ်းလေးမှာနေပါတယ်။ ကံကောင်းတာက ဘေး ကလမ်းဖြစ်နေတော့ ခေါင်းရင်းဘက်အခြမ်းက ပြတင်းပေါက်အပြည့်ရပါတယ်။ လေ ဝင်လေထွက်ကောင်းတယ်ပေါ့။ ကျွန်မသားကလေးကလဲ အဲတုန်းက ၁ နှစ်ခွဲ ကျော် နှစ်နှစ် မပြည့်သေးဘူးပေါ့။ အဖေကလဲ အလည်ရောက်နေပါတယ်။ ကျွန်မတို့မိသား စုကအခန်းထဲမှာအိပ်ပြီး အဖေကတော့ အိမ်ရှေ့ဘုရားစင်ရှေ့မှာအိပ်ပါတယ်။ အဲ တုန်းက ကလေးကငယ်သေးသလို အမျိုးသားကလဲခရီးမကြာခဏထွက်နေတော့ အိမ်အကူခေါ်ထားပါတယ်။ တနေ့မှာတော့ ကျွန်မက မနက်ကိုပဲကုလားဟင်းချက်ဖို့ စီစဉ်ပါတယ်။ ပဲကုလားဟင်းကလဲ ကုလားပဲကပြုတ်ရတာကြာတော့ ညကတဲက ပဲပြုတ်ထားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အလုပ်ရှုပ်ပြီး ပဲပြုတ်ဖို့မေ့သွားပါတယ်။ ညအိပ်ခါနီးမှပဲမပြုတ်ရသေးတာသတိယပါတယ်။ ဒါပေမဲ့လဲ ညဉ့်နက်ပြီမို့မနက်မှပဲ ပြုတ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ အဲတုန်းကမှတ်မှတ်ယယ မိုးတွင်းကြီးပါ။ မိုးမရွာပေမဲ့ ပြတင်းပေါက်များလို့ ကျွန်မတို့အိမ်က သာမာန်တိုက်ခန်းတွေထက် နဲနဲ ပိုအေးပါတယ်။ ပထမတော့ကျွန်မက အိပ်ခါနီးပြတင်းပေါက်တွေပိတ်ပြီး Air con ဖွင့်ဖို့လုပ်ပါတယ်။ နောက်တော့မှ စိတ်ပြောင်းပြီး ( ကိုယ်စောင့်နတ်နှိုးစော်တယ်ထင် ပါတယ်၊ သေနေ့မစေ့တာလဲဖြစ်နိုင်ပါတယ် ) ပြတင်းပေါက်တွေပြန်ဖွင့်၊ Air con ပြန်ပိတ်ပြီးအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာအိမ်အကူက ပဲအိုးကိုမီးဖိုပေါ် တင်ထားပါတယ်။ ကျွန်မကမီးဖိုထဲသွားကြည့်လိုက်ပြီးတော့ မိုးချုပ်နေပြီ၊ မနက်မှပြုတ်တော့မယ် ထားလိုက်တော့ဆိုပြီး ပဲအိုးကိုမီးဖိုပေါ်ကချ ပလပ်ဖြုတ်၊ သူ့ကိုလဲအိပ်ဖို့ပြောလိုက်ပါတယ်။ အိမ်အကူကိုလဲသေချာမှာပါတယ်။ မတည်နဲ့ တော့ရတယ်လို့။ အဲလိုနဲ့ညအိပ်ပျော်သွားလိုက်တာ အသက်ရှုကြပ်ပြီး မီးခိုး တွေမွှန်ပြီး အိပ်မက်ထဲမှာလိုလို ဘာလိုလိုခံစားရပြီးနိုးလာပါတယ်။ အဲအချိန်မှာ တအိမ်လုံးဘာမှမမြင်ရတော့ပါဘူး။ မီးခိုးလုံးမဲမဲကြီးတွေပဲမြင်နေရပါတယ်။ အသက် လဲရှုလို့မရတော့ဘူး။ ကျွန်မခေါင်းထဲမှာဖြတ်ကနဲ့ ပဲအိုးနဲ့အိမ်အကူကို သတိယသွား ပြီး မီးဖိုချောင်ပြေးကြည့်လိုက်တော့ လားလား မီးဖိုပေါ်မှာပဲအိုးကြီးကမဲတူး မီးခိုး မည်းကြီးတွေထွက်ပြီး မီးဖိုကြီးကနီရဲပြီး မီးထတောက်တော့မယ်။ ကံကောင်းလို့။ ကျွန်မလဲ ပလပ်ဆွဲဖြုတ်၊ အိုးကိုဗေဇင်ထဲထည့်ရေဖွင့်ချ မီးဖွင့်ပြီးမှ အိပ်ပျော်နေတဲ့ ( မီးခိုးမွှန်ပြီးမျောနေတာလားတောင်မသိတဲ့ ) အိမ်အကူကို တော်တော်နဲ့နှိုးမရလို့ ဝုန်းဝုန်းဝုန်းနဲ့ရိုက်ပြီး နှိုးရပါတယ်။ ပြီးမှအိမ်ရှေ့ပြန်ပြေး အဖေနဲ့ အမျိုးသားကိုအ တင်းလှုပ်နှိုး၊ ကလေးကိုလဲ သေချာအောင်စစ်ရပါတယ်။ အဖေတို့ကလဲ မူးဝေပြီး ထလာကြတယ်။ အဲကျမှကျေးဇူးရှင်ကလဲ ကောင်းကောင်းနိုးတော်မူတယ်။ ကျွန်မ လဲဒေါသထွက်ပြီး ဘာလုပ်တာလဲ ဘာလုပ်တာလဲလို့ အော်အော်ပြီးမေးမှ ပဲအိုးတည် ပြီးခဏမှေးအုံးမယ်ဆိုပြီး အိပ်ယာထဲခဏလှဲလိုက်တာ အိပ်ပျော်သွားတာမနိုးတော့ တာတဲ့။ ကျွန်မတို့စအိပ်တာ ၁၁ နာရီပါ။ အဲအချိန်မှာသူစတည်တာပါတဲ့။ ကျွန်မနိုး တော့ မနက် ၃ နာရီပါ။ ပဲအိုးကရေများလို့ အစောကြီးမခန်းသွားတာ အရမ်းကံ ကောင်းပါတယ်။ နောက် Air con မဖွင့်ပဲ ပြတင်းပေါက်ဖွင့်အိပ်မိတာလဲ အတော်ကို ကံကောင်းသွားပါတယ်။ မဟုတ်လို့ကတော့ မနက်မိုးလင်းရင် ကျွန်မတို့မိသားစု ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးတောင်မှမတွေးရဲတော့ပါဘူး။ ကျွန်မအထပ်ထပ်မှာ ပြီး မတည်နဲ့နော် မတည်နဲ့နော်လို့ ပြောတာတောင် လုပ်ဖြစ်အောင်လုပ်တာ။ သူကတော့ စေတနာနဲ့ဆိုပေမဲ့ ကံကြီးလွန်းလို့ တအိမ်လုံးမသေတာပါ။ အသိပညာ နုံနဲ့သူတွေကို ဘယ်ဟာမှစိတ်မချရဘူးဆိုတာကျွန်မ သင်ခန်းစာရလိုက်ပါတယ်။ နောက်ဆို သူတို့အိပ်ပြီးမှကျွန်မအိပ်ရဲပါတော့တယ်။ အဲဒီအိမ်အကူကိုတော့ နေ့ချင်း ပဲပြန်ပို့လိုက်ရပါတယ်။ တပါတ်လောက် အိမ်ထဲမှာ မီးခိုးနံ့တွေနဲ့ ဘယ်လိုမှနေလို့မ ရအောင်ကိုဖြစ်ခဲ့ပါတယ်။ ဘာမှမဖြစ်ခဲ့လို့သာ အခုလိုပြန်ပြောနိုင်ပေမဲ့ တစုံတခုများ ဖြစ်သွားခဲ့မယ်ဆို ရင် တွေးတောင်မတွေးရဲပါဘူးရှင်။ ပြန်ပြောတိုင်းအရမ်းကို ကြောက်မိတာပါ။ အခုနှစ်နဲနဲကြာလို့ အေးအေးသက်သာပြန်ပြောနိုင်ပေမဲ့ ဖြစ်ခါ စတုန်းကတော့ ပြန်တောင်မှမပြောရဲ မတွေးရဲလောက်အောင်ကို အကြောက်ကြီး ကြောက်သွားခဲ့ရပါတယ်။ မီးဖို၊ မီးခလုပ်တွေနဲ့ပါတ်သက်ပြီးတော့ ဆိုက်ကိုဝင်သွား တာကတော့ ယနေ့ထိပါပဲ။ အိမ်ကထွက်ရင်မီးဖိုမီး၊ မီးခလုပ်တွေကိုအားလုံးပိတ်၊ သေချာအောင်တအိမ်လုံးကြားအောင် ကိုယ်ပိတ်တဲ့ခလုပ်ကိုအော်တာတောင် တခါ တရံ စိတ်မချလို့လမ်းတဝက် ကနေပြန်လှည့်ပြီးကြည့်မိတဲ့အထိ ခံစားနေရဆဲပါ။ သေရွာပြန်လို့ပဲခေါ်ရမလား သေတွင်းထွက်လို့ပဲပြောရမလားမသိလောက်အောင် ကံကောင်းခဲ့တယ်လို့တော့ ကျွန်မယနေ့ထိခံစားမိနေဆဲပါ။

14 comments

  • alinsett

    January 2, 2014 at 6:10 pm

    အကြောက်တရားးး
    နည်းနည်းတော့ ခါးတယ် တီသဲရယ်

    • TNA

      January 3, 2014 at 6:33 pm

      အတော်ခါးတာပါ။ ဘယ်တော့မှမမေ့တော့ဘူးအေရယ်။

  • ကထူးဆန်း

    January 3, 2014 at 10:09 am

    ပြူတင်းပေါက်ဖွင့် အိပ်လိုက်တာ ကံကောင်းတယ်ပြောရမှာ အမှန်ဘဲ ..
    မီးလောင်မှုတစ်ခုမှာ အဓိက က မီးခိုးရှုမိပြီး ရှော ကြတာများပါတယ်။
    ဒါကြောင့် မီးလောင်လို့ ပိတ်မိရင် ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက် နေကြပါလို့ ပြောကြတာပေါ့..
    ဖြစ်နိုင်ရင် smoke detector လေးဝယ်တပ်ထားတာ မမှားပါ ။ ဓါတ်ခဲလဲဖို့ နဲ့ စမ်း စမ်းကြည့်ထားဖို့တော့ လိုတာပေါ့ ..

    • TNA

      January 3, 2014 at 6:38 pm

      Long time no see မင်္ဂလာပါ။ ဟုတ်တယ် ကထူးဆန်းရေ။ ပြတင်းပေါက်ဖွင့်လိုက်မိလို့ကံကောင်း သွားတာပါ။ smoke detector လေးကို သတိပေးလို့ကျေးဇူးပါ။ ဝယ်တပ်ထားလိုက်ပါ့မယ်။

    • Foreign Resident

      January 4, 2014 at 6:51 am

      ပြောရအုံးမယ် ။
      အဘ အိမ်မှာလည်း Smoke Detector တပ်ထားတယ်လေ ။

      အဘ ခွေးလေး ဆိုရင် ၊ အိမ်မှာ ဟင်းချက်လို့ ၊
      အနံ့ အငွေ့ ခပ်များများ ထွက်လာရင်ကို ၊ သူ က တဆတ်ဆတ် တုန်နေပြီ ၊
      သူ သိတယ်လေ ၊ အဲဒီလို အနံ့ အငွေ့ ခပ်များများ ထွက်ပြီးတာနှင့် ၊
      ဟို အကောင်ကြီး ( Smoke Detector ) က အကျယ်ကြီး ထအော်တော့မယ် ဆိုတာ ။

  • KZ

    January 3, 2014 at 11:31 am

    ကံကောင်းလွန်းလို့ပါလားးးး မက်မှန်လေးရယ်။
    အဲလေ
    ယောက်ခမွရယ်။
    မရှိတာထက် မသိတာက ခက်ကြတယ်။
    :hint:

    • TNA

      January 3, 2014 at 6:40 pm

      ကံအတော်ကောင်းတာချွေးမွလေးရေ။ မဟုတ်လို့ကတော့ 😥

  • kai

    January 3, 2014 at 2:48 pm

    ဂျပန်မှာနေတုံး..ဖြစ်တာလေးသတိရမိတယ်..
    အခန်းကျဉ်းလေးတွေနဲ့နေတုံးကပေါ့..။
    အိမ်အပြင်ထွက်.. ၂နာရီလောက်ကြာမှ.. အိမ်ကမီးဖို.. ရေနွေးအိုတည်ပြီးဖွင့်ခဲ့သလား.. ပိတ်ခဲ့သလား.. မသေမချာဖြစ်မိတယ်…
    ဆိုတော့..
    ဘာလုပ်သလည်းဆိုတော့..
    အိ်မ်ကိုလှမ်းဖုံးဆက်တယ်.. (အိမ်ခန်းကတယောက်ထဲနေတာပါ..)
    ဖုံးက.. မက်ခ်ဆေ့ချ်ထားလို့ရတာမို့.. မက်ခ်ဆေ့ချ်ထားခဲ့ဖို့ပြောသံထွက်လာတော့…
    အင်း.. အိ်မ်ခန်းမီးမလောင်သေးဖူးပဲ..။ ရတယ်ဆိုပြီး.. စိတ်ချလက်ချ.. ခရီးဆက်သွားတယ်…

    အဲလိုလေးလည်းရှိပါကြောင်း…။ :mrgreen:

    • TNA

      January 3, 2014 at 6:46 pm

      အော်ဖစ်မှဖစ်ရလေဒယ် ဒဂျီးရယ်။ မတ်စိကပြန်ဖြေလို့ပေါ့။ ပြန်မဖြေရင် ဒဂျီးဘာလုပ်မဲဟင် တိချင်လို့ :mrgreen:

      • kai

        January 4, 2014 at 6:53 am

        ပြန်မဖြေရင်..” အင်း. ကုန်ပဟ”ပေါ့..
        ခရီးဆက်သွားမှာပါပဲ..
        ပြီးမှ.. အာမခံကိစ္စ..ဘာညာနဲ့ဘယ်လိုဘယ်လောက်ကုန်/ရ ရှိသလည်း… လုပ်မှာပေါ့… :kwi:

        • မဟာရာဇာ အံစာတုံး

          January 6, 2014 at 10:13 am

          ဟာဟ …
          သဂျီး အတွေးကို ကြိုက်သဗျ …
          ဒါပေမယ့် မေးပါရစေဦး …
          ကိုယ့်အခန်း မီးလောင်တော့ သူများ အခန်းကို ကူးပီး မလောင်ဘူးလားဟင်င်
          ဒီမှာလို မီးပေါ့ဆမှုနဲ့ ငွေညှစ်၊ တရားစွဲ၊ ထောင်ချ တာတွေရော လုပ်ဘူးလားဟင်င်

          ===========

          တီသဲရေ ….

          ကံကောင်းလို့ပေါ့ဗျာ ….
          အန္တရာယ် ကြီးလွန်းလှပါတယ် …
          တံခါးပေါက် ဖွင့်လိုက်မိတာ အတော်ကြီး နေရာကျသွားတဲ့ အချက်တစ်ခုပါပဲ …

          ဒဂယ်လို့ ဟိုဒင်း ဟိုဟာသာ ဖစ်ခဲ့ယင် တီသဲနဲ့ တွေ့ဂဲ့မှာတောင် ဟုတ်ဘူးနော် .. ခွိ
          (ဟီးးဟီးး နောက်တာ … စိတ်ဆိုးနဲ့)
          :mrgreen:

        • TNA

          January 6, 2014 at 2:43 pm

          ဟုတ်ပါ့အံချာဒုံးရယ်။ တကယ်လို့သာ ပြတင်းပေါက်မဖွင့်မိရင် ဂုလောက်ဆို နောက်ဘွ လူပြန်ဖြစ်နေလောက်ပပေါ့အေ။

  • ကြုံဖူးတယ်တီသဲရေ…ရနွေးအိုးတင်ထားတုန်းမီးပျက်သွားတော့ မေ့ပြီးမပိတ်မိတာ မီးလာတော့တစ်ညလုံး မနက်၈နာရီအိပ်ရာကနိုးမှ ဒန်အိုးထဲက ရေတွေအကုန်ခန်းပြီး၊အိုးကအိုးမဲတွေတစ်စိမှမရှိတော့ပဲပြောင်လက်သွားတယ်။လျှပ်စစ်မီးဖိုကတော့ရဲလို့ပေါ့။
    အိုးကောင်းလို့ဘာမှမဖြစ်တာနဲ့တူရဲ့။
    အဲ့တုန်းက ကလေးတွေမရှိသေးတဲ့ကာလမို့တော်သေးတယ်။

    • TNA

      January 6, 2014 at 2:58 pm

      ကံကောင်းလို့ပါလား။ အဲဒါအရမ်းဆိုးတာနော် ကလေးတွေနဲ့ဆို နောင်ကိုသတိထားပါလေ့နော်။

Leave a Reply