လွိုင်ကော်မြို့သို့ အလည်တစ်ခေါက် (၂)
လွိုင်ကော်မြို့ထဲဝင်လာတဲ့အချိန်မှာ နေ့လည် ၁၁ နာရီခွဲ ရှိနေပြီ။ ၅ နာရီကျော်လောက်ကားစီးထားတဲ့အရှိန်နဲ့ ပင်ပန်းနေပေမယ့် ပါတ်ဝန်ကျင်ကို စူးစမ်းလေ့လာရင်း မျက်စိဖွင့် နားစွင့်နေခဲ့ပါတယ်။ နေ့လည်စာ ထမင်းအတွက် လမ်းတစ်လျှောက် ထမင်းဆိုင်ကြည့်ရင်း မြို့ပါတ်လိုက်ကြတယ်။ ထမင်းဆိုင်ပဲ ရှားတာလား ကျွန်မတို့ပဲ မျက်စိမှောက်လားမသိပါဘူး။ ရှာမတွေ့တဲ့အဆုံး ဈေးနားမှာရပ်ပြီး ဒေသခံတစ်ဦးကို မေးကြည့်လိုက်မှ သူညွှန်ကြားပေးလိုက်တဲ့အတိုင်းရှာလိုက်တာ မြန်မာထမင်းဟင်းနဲ့ တရုတ်အစားအစာပါရတဲ့ ထမင်းဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့တယ်။ ရာသီဥတုက ကလောနဲ့တခြားစီဖြစ်ပြီး အေးမြမြလေးမို့ အနေတော်ပါပဲ။ ထမင်းစားရင်း ထမင်းဆိုင်မှာ တည်းခိုဖို့အတွက် စုံစမ်းလိုက်တော့ မြို့ထဲမှာရှိတဲ့ နဝရတ်မိုတယ်ကို လမ်းညွှန်ပေးပါတယ်။
တည်းခိုခန်းရောက်ပြီးမှ ဘယ်တွေကို သွားလည်ရမလဲဆိုတာ ထပ်မံစုံစမ်းကြပါတယ်။ တောင်ကွဲစေတီကတော့ မြို့ထဲမှာတင်ရှိတဲ့အတွက် အချိန်သိပ်ပေးစရာမလိုပါဘူး။ ကျွန်မက နေဝင်ချိန်လောက်နဲ့တိုက်ပြီး သွားချင်တဲ့အတွက် အဲဒိကို အရင်မသွားချင်လို့ ကယန်းရွာကို သွားဖို့ မေးခဲ့ပါတယ်။ တည်းခိုခန်းမန်နေဂျာက ပြောပြတာ မရှင်းမရှင်း၊ ကျွန်မတို့ကလဲ မရောက်ဖူးလို့ မလည်မဝယ်ဖြစ်တာနဲ့ ကယန်းရွာသွားဖို့ကိစ္စ အဆင်မပြေဖြစ်သွားကြတယ်။ လွိုင်ကော်ကနေ ၁ဝ မိုင်ဝေးတဲ့နေရာမှာ ဒီမော့ဆိုမြို့ရှိပြီး အဲဒီနားမှာလဲ ကယန်းတွေရှိတယ်လို့ပြောပြီး အဲဒီကိုသွားခိုင်းပါတယ်။
တည်းခိုခန်းမှာ တစ်နာရီလောက်နားပြီး ဒီမော့ဆိုကို ထွက်ခဲ့ကြတယ်။ လမ်းတစ်လျှောက် မေးမြန်းပြီးသွားရင်း ကယန်းအမျိုးသမီးတစ်ယောက်ကို ရှာလိုက်တာ ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာလိုက်ရသလို ခက်ခဲသွားခဲ့ပါတယ်။ တကယ်တမ်းမေးတော့ ဘယ်သူမှ မပြောနိုင်ပဲ ဟိုနေရာ ဒီနေရာညွှန်ရင်း စိတ်မရှည်ဖြစ်ခဲ့ရတယ်။ ငွေတောင်ဆည်ကိုလဲ ရောက်ခဲ့တယ်။ ကန်ဘောင်ပေါ်မှာ ကားမောင်းရင်း ရှုခင်းကြည့်ရတာ တော်တော်လှပါတယ်။
ကယန်းလူမျိုးရှာရင်း အဖေက ကျွန်မကို တော်တော်စိတ်တိုလာပါတော့တယ်။ သူ့အတွက် အဲဒီကယန်းလူမျိုးကို မတွေ့ရလဲ ကိစ္စမရှိပေမယ့် ကျွန်မက ခေါင်းမာနေတော့ အခက်တွေ့နေတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ဓါတ်ပုံထဲမှာပါတဲ့ ကယန်းအမျိုးသမီးကြီးတစ်ယောက်ကို ရှာတွေ့သွားပါတယ်။ ဒီမော့ဆိုမြို့ထဲမှာ ကယန်းအမျိုးသမီး ၂ ဦးသာ ရှိတော့ကြောင်းနဲ့ တစ်ဦးက နေမကောင်းလို့ အိပ်ယာထဲလဲနေတယ်လို့ သိခဲ့ရပါတယ်။ အဖွားကြီးအိမ်ထဲရောက်သွားတော့ မီးဖိုချောင်ထဲမှာ ဟင်းချက်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ ဗမာစကားမပြောတတ်တဲ့အတွက် ဘေးနားကအိမ်က ကောင်မလေးတစ်ယောက်က စကားပြန်လုပ်ပေးပါတယ်။ ရန်ကုန်ကလာပြီး အဖွားကိုလာကြည့်တာလို့ ပြောလိုက်တော့ အဖွားကြီးက ပျော်သွားတယ်။ အဲလိုပဲ ရန်ကုန်ကလူတွေလာလာပြီး ဓါတ်ပုံရိုက်လေ့ရှိတဲ့အတွက် အထွေအထူးရှင်းပြစရာမလိုပဲ ဓါတ်ပုံရိုက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အိမ်ထဲမှာ မှောင်နေလို့ အိမ်အပြင်ဘက်မှာ ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။
အဲဒီအဖွားက အသက် ၇ဝ ကျော်ရှိပြီး သားသမီးမရှိဘူးလို့ သိခဲ့ရပါတယ်။
ဓါတ်ပုံရိုက်ပြီး လွိုင်ကော်ကို ပြန်ခဲ့ကြတယ်။ တောင်ကွဲစေတီကိုရောက်တော့ ညနေခင်း ၄ နာရီအချိန်လောက်ရှိပါပြီ။ ဓါတ်လှေကားနဲ့ တောင်ပေါ်တက်ခဲ့ပြီးမှ ရိုးရိုးလှေကားကနေ အောက်ပြန်ဆင်းခဲ့ပါတယ်။ တောင်ကွဲစေတီကို ဓါတ်ပုံထဲမှာကြည့်လိုက်ရင် ထူးထူးခြားခြား ခံစားလို့မရပေမယ့် တကယ်မြင်လိုက်ရတဲ့အခါ ထူးခြားတယ်လို့ ခံစားရပါတယ်။ သဘာဝတရားရဲ့ ဆန်းကျယ်မှုတွေနဲ့ လွိုင်ကော်မြို့ရဲ့အလှအပတွေကို မျက်စိထဲမြင်ခဲ့သလောက် ဓါတ်ပုံနဲ့ပြန်လည်ဖော်ပြဖို့ တော်တော်ခက်ပါတယ်။ နေပြောင်းပြန်ဖြစ်နေတဲ့အတွက်ရယ် အနီးကပ်ရိုက်ရတဲ့အတွက်ရယ် သိပ်အဆင်မပြေခဲ့ဘူး။ ဖုန်းနဲ့ရိုက်တာကြောင့်လဲ အားမရဘူး။
တောင်ကွဲစေတီကနေ လှမ်းကြည့်လိုက်ရင် တောင်လေးတွေနဲ့ စေတီလေးတွေ အများကြီး ရှိပါသေးတယ်။ အဲဒီဘက်ကိုလဲ သွားလည်ခဲ့ပါသေးတယ်။ ရွှေလက်ဝါးစေတီရှိတဲ့ တောင်ပေါ်ကို သွားခဲ့ကြတယ်။ စေတီတွေ၊ ဆင်းတုတော်တွေအောက်မှာ လက်ဝါးပုံတွေခံထားပါတယ်။ လှပတဲ့ ရှုခင်းတဲ့ အေးမြတဲ့ရာသီဥတုကြောင့် စိတ်ကြည်နူးစရာကောင်းပါတယ်။
ရွှေလက်ဝါးတောင်က ဆင်းလာခဲ့ချိန်မှာ ညနေ ၅ နာရီကျော်လောက်ပဲ ရှိသေးလို့ တည်းခိုခန်းပြန်ပြီး ရေပူနဲ့ ရေချိုး အဝတ်အစားလဲကြပြီး အနီးအနားမှာတွေ့တဲ့ ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲကြော် ထမင်းပေါင်းလိုမျိုး ခပ်လွယ်လွယ်ပဲ မှာစားရင်း ညနေစာပြီးလိုက်ကြပါတယ်။ တည်းခိုခန်းပြန်အိပ်ပြီး မနက်စောစော ကလောကို ပြန်ထွက်ကြမယ်ဆိုတဲ့ အဖေ့အစီအစဉ်ကြောင့် လွိုင်ကော်မြို့ကို နေ့တစ်ဝက်နဲ့အပြီးလည်ပါတ်ခဲ့ရပါတယ်။
မနက် ရ နာရီလောက်မှာ မနက်စာစားအပြီး ကလောကို ပြန်ထွက်ခဲ့တာ ၁၁ နာရီမှာ ကလောကို ပြန်ရောက်တယ်။ ကလောဈေးထဲဝင်ပြီး ရှမ်းအစားအစာတွေဝယ်ခဲ့တယ်။ သုမောင်ထမင်းဆိုင်မှာ ထမင်းစားပြီး နေ့လည် ၁၂ နာရီအကျော်မှာ ကလောကနေ ထွက်လာပြီး တောက်လျှောက်ရန်ကုန်ကို ပြန်ခဲ့လိုက်တာ ည ၉ နာရီလောက် ပြန်ရောက်ပါတယ်။
အတူလိုက်ခဲ့ရတာ မောသွားသလားမသိဘူး ..
မမောသေးဘူးဆိုရင် ဘားအံဘက်ကို ခရီးဆက်ပါအုန်းမယ် …
13 comments
Ko chogyi
January 5, 2014 at 10:16 am
မရောက်ဖူးတဲ့ဒေသတွေ သိမြင်ဖတ်ရှုရလို့ ကျေးဇူးပါ။
မြန်မာပြည်ဒေသအနှံသွားလာနေပေမဲ့ ချင်း၊ ကယား၊ ရှမ်းဘက်ကို လုံးဝမရောက်ဖူးသေးပါ။
alinsett
January 5, 2014 at 11:22 am
ခရီးးး သွားချင်နေချိန်မို ့
မပျက်မကွက်
ဆက်ဆက် လာသွားတယ် ခည
😆
KZ
January 5, 2014 at 1:48 pm
ကယန်း အမျိုးသမီးကြီး မျက်နှာ က ရိုးသားလိုက်တာနော်။
တောင်ကွဲစေတီက စုံတွဲမသွားကောင်းဘူးလို့ ကြားဖူးတာပဲ။
ဒါပေမဲ့ အပေါ်စီးက မြင်ရတဲ့ ရှုခင်းကတော့ ရင်သပ်ရှုမောပဲ။
သပ်သပ်စီပဲ သွားရကောင်းမလားးးး
😀
weiwei
January 6, 2014 at 4:07 pm
အမသွားသလိုပဲ သွားလိုက်တာ စိတ်အေးရတယ် .. အမေ အဖေနဲ့ အတူတူ …
တကယ်ကောင်းတာနော် … ပိုက်ဆံအိတ်သယ်စရာမလိုဘူး ..
kyeemite
January 6, 2014 at 3:07 pm
ကွန်နက်ရှင်ခပ်ညံ့ညံ့မှာရအောင်ကြည့်သွားပါတယ်မဝေရေ..
weiwei
January 6, 2014 at 3:20 pm
ဒီလိုကော်နက်ရှင်မှာ ဒီလောက်ရအောင် ၂ ရက် အချိန်ယူပြီး တင်ထားရတာပါ ..
Mr. MarGa
January 6, 2014 at 3:36 pm
ဘားအံကို ခရီးဆက်မယ် ဆိုပါလား
အထုပ်အပိုး ထပ်ပြင်ထားဦးမှ 🙂
kai
January 6, 2014 at 3:41 pm
ဆည်ကိုတော်တော်သန့်သန့်ရှင်းရှင်း လုပ်ထားကြတာ်နော…
ချီးကျူးစရာ..
တိုးရစ်ဇင်ဖွံ့ဖြိုးလာရင်.. တောင်ကနေ.. လူတွေအလုပ်အကိုင်အခွင့်အလန်းရနို်င်ပေမယ့်… တောင်ကတံတားတွေလူများများ.. တက်တာခံနိုင်ပါ့မလား… စိုးရိမ်စရာ..
weiwei
January 6, 2014 at 4:02 pm
လွိုင်ကော်မှာ ဟိုတယ်များများမရှိသေးတာကိုကြည့်ရင်တော့ အခုအချိန်အထိ တိုးရစ်လာလည်နှုန်းနဲသေးတယ်လို့ ယူဆရပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ ညနေခင်းဖြစ်ပေမယ့်လဲ တစ်တောင်လုံးတိတ်ဆိတ်ပြီး ဘုရားဖူးတော်တော်နဲပါတယ်။
ဆည်ကိုသန့်ရှင်းအောင်လုပ်ထားပေမယ့် တစ်ချို့နေရာတွေမှာ စားပြီးသားဘူးခွံနဲ့ ကြွပ်ကြွပ်အိပ်တွေ စွန့်ပစ်ထားတာ တွေ့ခဲ့ရသေးတယ်။ ဓါတ်ပုံထဲမှာ မမြင်ရလို့ သန့်တယ်ထင်နေရတာ ..
sorrow
January 6, 2014 at 5:11 pm
အန်တီဝေရေ…တိုးရစ်လာနှုန်းနည်းတယ်ဆိုတာက အင်မတန်လှပတဲ့ မြို့လေးဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးသိပ်မကောင်းတဲ့အပြင် အဆင့်မှီတည်းခိုစရာတွေလဲ နည်းသေးလို့ပါ ။ ဟိုတယ်မရှိလို့ တိုးရစ်မလာ ..တိုးရစ်မလာလို့ ဟိုတယ်မရှိ …
မကြာမှီတော့ တိုးတက်လာမယ့်အရိပ်အယောင် မြင်မိပါကြောင်း ..စုံစမ်းမှုများရှိသော်လည်း မလွှတ်ရဲသေးပါကြောင်း
TNA
January 6, 2014 at 7:08 pm
မဝေနဲ့အတူတူလည်သွားပါတယ်။ နေ့ဝက်ပဲဆိုတော့ အားမရစရာပဲနော်။
Ma Ma
January 6, 2014 at 8:53 pm
တော်ရုံရောက်နိုင်ခဲတဲ့နေရာပါပဲ။
ကျောင်းတုန်းက အသုံးလုံးလုပ်အားပေးခရီးမှာ ဒီမောဆိုလည်းပါတယ်။
သွားခဲ့တဲ့သူက စာသင်ဖို့ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ခေါ်တာ ဗမာစကားတောင် နားမလည်ကြဘူးတဲ့။
နည်းနည်းပါးပါး ပြောတတ်တဲ့သူကလည်း အကျိ ုးမရှိ အကျိ ုးမရှိ လို့ ပြောတယ်ဆိုလို့ ရီကြရသေးတယ်။
ဆင်းရဲပေမယ့် ရိုးသားတဲ့ ရွာခံတွေက ဂျတ်ခုတ်ပုဝါတစ်ထည်ပေးလိုက်တာ အမှတ်တရပဲ။ 🙂
padonmar
January 6, 2014 at 9:22 pm
မမောသေးပါဘူး။ဘားအံကို ဆက်ပါ။
လှတဲ့ လိုွင်ကော်နဲ့ တောင်ကွဲစေတီကို မြင်ရဖူးရလို့ ကျေးဇူးပါ။
ကယန်းမကြီးကို ကယန်းအလှမှာ ထည့်မရိုက်ကြဘူးလား။
သူတို့ ကြေးကွင်းတွေ ဖြုတ်လိုက်ရင် ဘယ်လိုနေမလဲ.။
အောက်ငုံ့ကြည့်ရတဲ့ အလုပ်တွေ ဘယ်လိုလုပ်သလဲ သိချင်ပါ၏။