နှစ်သစ်ကူးပြီ…………မောင်
‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’
နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၃ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ ကျွန်မလက်ကနာရီကိုကြည့်လိုက်မိတော့ (၁၀)နာရီခွဲ။ အိမ်ရှေ့လမ်းမမှာ အဖွဲ့လိုက် အဖွဲ့လိုက် ပန်းခြံသွားသူသွားနေကြပြီ။ သည်လိုနေ့မျိုးမှာ တစ်ယောက်တည်း အိမ်မှာရှိမနေသင့်ဘူးဆိုတာ ကျွန်မသိလိုက်တယ်။ သစ်ခွပင်တွေဆီက ဒန်ဒရိုဗီယမ်းသုံးခိုင် ၊ မိုကာရာ သုံးခိုင် ၊ ဗန်ဒါသုံးခိုင်နဲ့ ကတ်တလီယာ နှစ်ခိုင်ကို ကျွန်မအသေအချာဖြတ်ကာစည်းပြီးထွက်လာခဲ့လိုက်တယ်။
အမှတ်တမဲ့ကောင်းကင်ကိုမော့ကြည့်မိမှ ကျွန်မသတိထားမိတယ်။ ဒီနေ့ ကြယ်တွေစုံတယ်မောင်။ ကျွန်မမော့ကြည့်မိတဲ့ ကောင်းကင်ပေါ်က ကြယ်တစ်ပွင့်တစ်လေမှ ကြွေသွားမှာ ကျွန်မမလိုလားဘူးမောင်။ မောင့်အကြောင်းတွေးရင်း ကျွန်မလက်ထဲက သစ်ခွပန်းစည်းကို ကြည့်မိတယ်။ သည်ရက်ပိုင်းမှ မောင်သိပ်ကြိုက်တဲ့ ကတ်တလီယာတွေ တော်တော်ပွင့်တယ်။ သူတို့ မောင့်ကို ကျွန်မလိုသတိရလို့များလား။
‘မောင်က အပင်တွေကို သိပ်ချစ်တတ်တယ်နော်’
သစ်ခွပင်တွေကို ဆေးဖျန်းနေရင်း မောင်က ကျွန်မကိုတစ်ချက်လှည့်ကြည့်တယ်။
‘အပင်တွေစိုက်ရတာ သိပ်စိတ်ချမ်းသာတယ် ဖြူ ရဲ့။ ကိုယ်ဂရုစိုက်သလောက် သူတို့ကိုယ်ကို စိတ်ချမ်းသာမှုတွေပြန်ပေးတယ်။ အဲသည်ထဲမှာ တုံ့ပြန်မှုအားအကောင်းဆုံးက သစ်ခွပဲ ဖြူ။ သူတို့ကို ဂရုစိုက်သလောက် သူတို့ဟာ အပွင့်အခက်ဝေဝေဆာဆာနဲ့ စိတ်ချမ်းသာမှုကိုပြန်ပေးကြတယ်။’
လက်ထဲကသစ်ခွပန်းစည်းကို ဆုပ်ကိုင်ရင်း လွန်ခဲ့တဲ့ (၆)နှစ်တာကာလကို ကျွန်မစဉ်းစားမိတယ်မောင်။ အခုလိုပဲ ဒီဇင်ဘာ(၃၁)မှာပေါ့မောင်။ မောင်ကျွန်မကို ကတိတစ်ခုပေးခဲ့ဖူးတယ်။ အဲသည်စကားကို ကျွန်မအခုထိ ကြားယောင်နေဆဲပဲ။ မောင်ကိုယ်ဆောက်ပေးတဲ့ နေကာတဲ့စင်အောင်မှာ မောင်သိပ်ချစ်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာတွေ ပွင့်နေပြီမောင်။ ကျွန်မသိပ်ချစ်တဲ့ မိုကာရာ နဲ့ ဒန်ဒရိုဗီယမ်တွေလည်း ပါတာပေါ့မောင်ရယ်။ မှတ်မှတ်ရရပဲ ဒီဇင်ဘာ(၃၁) ၂၀၀၈ခုနှစ် သစ်ခွခြံလေးဆီ မောင်ရောက်လာခဲ့တယ်။ အဲသည်တုန်းက ကျွန်မသတိထားမိတာ မောင့်နှုတ်ခမ်းတွေ
ဖြူလျော်နေတာ။ အဲသည်ညက ည(၁၀)နာရီတိတိမှာ သစ်ခွဲခြံလေးဘေးမှာ မောင်နဲ့ကျွန်မ ကြယ်တွေကိုကြည့်ခဲ့ကြသေးတယ်။
‘ခုနေကြယ်လေးတွေကြွေသွားတာကို ကြည့်ချင်တယ်မောင်ရယ်’
‘ဖြူက ဘာလို့ကြယ်ကြွေတာကို ကြည့်ချင်ရတာလဲ’
‘ကြယ်ကြွေတာကိုမြင်ရင် ဆုတောင်းပြည့်တယ်တဲ့ မောင်ရဲ့’
ကျွန်မပြောလိုက်တဲ့စကားကြောင့် မောင်ကျွန်မကိုသေချာစိုက်ကြည့်နေတယ်။
‘မြောက်ဥရောပက လူမျိုးတွေမှာ ယုံကြည်မှုတစ်ခုရှိတယ် ဖြူရဲ့။ ကမ္ဘာမြေပေါ်က လူတစ်ယောက်အတွက် ကောင်းကင်ပေါ်မှာ ကြယ်တစ်ပွင့်ရှိတယ်တဲ့။ ကောင်းကင်ပေါ်က ကြယ်တစ်ပွင့်ကြွေရင် ကမ္ဘာမြေပေါ်က လူတစ်ဦး သေဆုံးတယ်လို့ ယုံကြည်ကြတယ်။ ကိုယ်ဆုတောင်းပြည့်ဖို့အတွက် မောင်တော့ ကြယ်လေးတွေကို မကြွေခိုင်းချင်ဘူး။’
လွမ်းဆွတ်သလို ကြေကွဲသလို မောင်ပြောလိုက်တဲ့စကားက ကျွန်မရင်ထဲဆို့နင့်နင့်ဖြစ်သွားစေတယ်။ အဲသည်နေ့က မောင့်လက်မောင်းလေးပေါ်မှာ ကျွန်မမှီရင်း ကြယ်တွေကိုကြည့်ခဲ့တဲ့နေ့ပေါ့။ ဒီဇင်ဘာ (၃၁) ၂၀၀၈ခုနှစ် ည(၁၁)နာရီမှာ မောင်ကျွန်မကို နှုတ်ဆက်သွားတယ်။
‘သစ်ခွခြံလေးကို ဂရုစိုက်ပါ ဖြူ။ မောင်ဖြူ့ဆီပြန်လာခဲ့ပါမယ်’
မောင်ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်း အသက်ရှင် နေတယ်ဆိုရင် မောင်ယုံမလား။ အဲသည်နေ့က မောင်ထွက်သွားပြီး ကျွန်မကောင်းကင်ကို ဆက်ကြည့်မိသေးတယ်မောင်။ ဒီဇင်ဘာ(၃၁)ရက် ၂၀၀၈ခုနှစ် ည(၁၁)နာရီ (၅၉)မိနစ်မှာပေါ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြယ်လေးတစ်လုံး ကြွေကျသွားတာ ကျွန်မတွေ့လိုက်ရတယ်။ ခွင့်လွတ်ပါမောင် ကျွန်မဆုတစ်ဆု
တောင်းမိလိုက်တယ် မောင်ကျွန်မဆီပြန်လာနိုင်ပါစေလို့။ Happy New Year ဆိုတဲ့ ပတ်ဝန်းကျင်က အသံတွေက လွင့်ပျံလို့ပေါ့။
**************************************
ကျွန်မနှစ်သက်တဲ့ မိုကာရာသစ်ခွ နဲ့ မောင်သိပ်ကြိုက်တဲ့ ဗန်ဒါသစ်ခွလို ကျွန်မဟာသချာတဲ့လေထဲက အရာတစ်ခုကို
စောင့်မျှော်နေမိတယ်မောင်။ မိုကာရာသစ်ခွ နဲ့ ဗန်ဒါသစ်ခွတွေ ဘာအုန်းခွံမှ မလိုဘဲ အမြစ်တွေကလေထဲမှာရှိနေတာလေမောင်။
မောင်သိမှာပါ။ လေထဲမှာဝဲနေတဲ့ သူတို့အမြစ်တွေက စီးဆင်းတဲ့လေရှိမှသာ လန်းဆန်းနိုင်တာလေ။ ကျွန်မလည်း သူတို့လိုပဲ မသေချာတဲ့လေထဲက မျှော်လင့်ချက်များရှိသေးလားမောင်။ ကျွန်မလက်ထဲက သစ်ခွန်ပန်းစည်းကိုကြည့်ရင်း အချို့လူတွေက ပြောသွားတယ်။ ‘သိပ်လှတာပဲ’တဲ့။ ဒါမောင်ပေးခဲ့တဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်မပြန်လည်စောင့်ရှောက်နိုင်တဲ့
သစ်ခွပန်းလေးတွေပဲလေ။ ကျွန်မအတွက် မောင့်ကိုယ်စားထားများသွားတာလားလို့ ကျွန်မထင်မိသေးတယ်။
ကျွန်မအိမ်ရှေ့က သစ်ခွခြံလေးကတော့ မောင်တစ်ဦးတည်းလက်ရာလို့ ဆိုရမယ်။ ကျွန်မအတွက် အိမ်ရှေ့မှာ သစ်ခွခြံလေး တည်ပေးမယ်ဆိုတုန်းက ကျွန်မဖြင့်အံ့ဩခဲ့ရသေးတယ်။
‘သစ်ခွပင်တွေကို အချို့လူတွေက ကပ်ပါးပင်ဆိုပြီး မနှစ်သက်ကြဘူး ဖြူရဲ့။ တကယ်ဆို လူတွေမှာလည်း အမှီသဟဲဆိုတာရှိမှန်း မေ့နေကြလို့ပါ။ ‘
ကျွန်မက အကြမ်းခံပြီး အပွင့်မြန်မြန်ပွင့်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွကို ကြိုက်တယ်။ မောင်က လေရှူမြစ်တွေနဲ့ အုန်းခွံတွေထည့် မစိုက်ရဘဲ အပွင့်လှတဲ့ ဗန်ဒါကိုကြိုက်တယ်။ ကျွန်မက ဗန်ဒါနဲ့ဒန်ဒရိုဗီယမ် စပ်ထားတဲ့ မိုကာရာဆိုတဲ့သစ်ခွကို ပိုနှစ်သက်သလို (အပွင့်ပွင့်တာမြန်လို့)။ မောင်က တစ်ခိုင်မှာ (၄-၅-၆)လက်မလောက် အပွင့်ကြီးပြီး သုံးလေးပွင့်သာပွင့်တဲ့ တန်ဖိုးကြီးတဲ့ ကက်တလီယာသစ်ခွကိုကြိုက်တယ်။
‘ဖြူရေ…. မောင်ကတော့ ဗန်ဒါ နဲ့ ကတ်တလီယာပဲ စိုက်ချင်တယ်ကွာ’
‘ဟိုဘက်က သစ်ခွလေးတွေလည်း လှပါတယ်မောင်ရဲ့။ ဂရုစိုက်ရင် အပွင့်ပွင့်တာမြန်တယ်လို့လဲ ပြောတယ်။’
ကျွန်မလက်ညိုးထိုးလိုက်တဲ့နေရာကို မောင်ကြည့်ပြီး မျက်မှောင်နည်းနည်းကျုံ့သွားတယ်။
‘ဪ ဖြူပြော ဒန်ဒရိုဗီယမ် နဲ့ မိုကာရာကိုပြောတာလား။ ဖြူလိုချင်တယ်ဆိုယူလေ မောင်ကတော့ ဗန်ဒါ နဲ့ ကတ်တလီယာပဲ စိုက်ချင်တယ်။ သစ်ခွထဲမှာဆို ဗန်ဒါ နဲ့ ကက်တလီယာက အပွင့်ပိုလှတယ် ဖြူရဲ့။ ဗန်ဒါက မိုကာရာနဲ့ဆင်တူတဲ့ ဖြူရဲ့ သေချာခွဲမှသာ ကွဲတာလေ။ မိုကာရာက စပ်မျိုးလို့ခေါ်ရမှာပဲ သူ့ကို ဗန်ဒါ နဲ့ ဒန်ဒရိုဗီယမ်စပ်ထားတာလေ။ အဲ့ဒါကြောင့် ဗန်ဒါအရွက်သူက နည်းနည်းပိုရှည်ပြီး အပွင့်က ဒန်ဒရိုဗီယမ်နဲ့ဗန်ဒါ ပေါင်းထားသလိုဖြစ်နေတာ။’
မောင်ပြောမှပဲ ကျွန်မကြည့်မိသည်။ ဗန်ဒါ နှင့် ဒန်ဒရိုဗီယမ်ပေါင်းထားသလို အရွက်မှာ ဗန်ဒါထက် အနည်းငယ်ရှည်ပြီး အပွင့်မှာ ဗန်ဒါနှင့်ဒန်ဒရိုဗီယမ် စပ်ထားသလို ထူးခြားနေတယ်။ ကတ်တလီယာကတော့ လုံးဝကွဲပြားနေတာ။ အရွက်ကော အပွင့်ကော သူ့အပွင့်က အကြီးကြီး။ ဘွဲ့ယူမယ် အမျိုးသမီးတွေဆို ကတ်တလီယာ နှစ်ပွင့်လောက် ခေါင်းမှာပန်လိုက်ရင်ဖြင့် ပြီးပြည့်စုံသလို ဖြစ်သွားတာ။ အခြားသစ်ခွတွေကို အပွင့်တွေအများကြီးပန်စရာမလိုတာ။ သည်လိုနဲ့ မောင်နဲ့ကျွန်မ သဘောတူညီမှုယူပြီး နှစ်ယောက်သားကြိုက်တဲ့ သစ်ခွပင်တွေကို တစ်ဖက်စိစိုက်ဖို့ သဘောတူခဲ့ကြတယ်။
ဒီဇင်ဘာ(၃၁)ရက် ၊ ည(၁၁)နာရီ ၊ ၂၀၁၃ခုနှစ်
အင်းလျားကန်ဘောင်ကို သတိရသေးလားမောင်။ မောင်ထွက်မသွားခင် ခြောက်လအလိုလောက်တုန်းက ကျွန်မနဲ့မောင် ရောက်ဖြစ်ခဲ့သေးတယ်လေ။ ခုံတွေမှာမထိုင်ဘဲ စိုစွတ်စွတ်မြက်ခင်းပေါ်မျာ လှဲပြီးကြယ်တွေကို ကြည့်ခဲ့သေးတယ်။ အခု အဲသည်ရှေ့က ကားလမ်းမ ပလက်ဖောင်းပေါ် ကျွန်မရောက်နေခဲ့ပြီမောင်။ ဟာနေတာတစ်ခုက မောင်ပါမလာခဲ့တာပဲ။ ဒီဇင်ဘာ(၃၁)ရက်နေ့တိုင်း ကျွန်မဒီနေရာကို ရောက်နေခဲ့တာ အခုနဲ့ဆို (၅)နှစ်ရှိပြီမောင်။ မောင်ကို မျှော်ရင်းပေါ့။ သစ်ခွပန်းစည်းကို ကိုင်ရင်း မြက်ခင်းပေါ်မှာ ကျွန်မလှဲနေလိုက်တယ်။ ဒီညလည်း ကြယ်တွေစုံနေတယ်မောင်။ မောင်ပြောဖူးကတည်းက ကျွန်မကြယ်တွေကြွေဖို့ ဆုမတောင်းတော့ဘူး။
*******************************************
ခိုဖြူခိုပြာများ အုပ်ဖွဲ့ပျံသန်းကာxxxxxအိမ်ခေါင ်ထိပ်ဖျားမှာ နားကြပြီxxxxxxx မောင်ပြန်လာမယ့် ပြောတဲ့နေလွန်ခဲ့တာxxxxxx မိုးတွ င်းလေးတစ်ခု ပြက္ခဒိန်ပေါ် ဖြတ်သွားxxxxနှုတ်ခမ်းဖျားနဲ့မလွ မ်းပါရှင်xxxxနှလုံးသားနဲ့လွမ်း နေမယ်…မောင်ပြန်လာမလား ခိုလေးအတိုင်းညည်းလို့နေxxxxxxx x
ဒီသီချင်းပဲ နားထောင်မိနေတဲ့ ကျွန်မကိုကျွန်မ အံ့ဩတယ် မောင်။ အခုထက်ထိ ပြန်လာမလားဆိုတဲ့အသိက ကျွန်မကိုနှိပ်စက်နေတုန်း။ မောင်ဘယ်ရောက်နေပြီလဲ ခုနှစ်တစ်ခုကကုန်ဆုံးတော့မယ် မောင်ရယ်။ ကျွန်မက ကြယ်တွေကြွေတာကိုလည်း မကြည့်ချင်တော့ဘူးမောင်။ အခြားသူတွေ နှစ်ကူးပျော်ရွှင်နေတာကို ငေးရမလား ဝေခွဲမရသေးဘူး
မောင်။ သေချာတာက ကျွန်မဆီမောင်ပြန်လာမယ်ဆိုတာ ကျွန်မကြိုသိနေသလိုလို။
‘ဖြူ….. တစ်ပတ်တစ်ခါ ပိုးသတ်ဆေးဖျန်းပေးနော်။ အမြစ်သန်ဆေးကို သုံးရက်တစ်ခါလောင်း။ အရွက်သစ်တွေ ထွက်လာပြီဆိုမှ အပွင့်ဆေးကိုဖျန်းနော်။’
အို………မောင်လား။ ခုထက်ထိ မောင့်အသံတွေ ကျွန်မကြားယောင်နေတုန်း။ အဲသည်နေ့က မောင်ထွက်သွားပြီးတဲ့
နောက် ကြယ်လေးတစ်လုံးကြွေသွားတယ်မောင်။ အဲသည်ကြယ်လေးဟာ မောင်မှန်းကျွန်မသိခဲ့ရင်။ ကျွန်မသိခဲ့ရင်။ မောင်ရယ်…………..။
ဒီဇင်ဘာ(၃၁)ရက် ၊ ည(၁၁)နာရီ (၅၀)မိနစ်။
နှစ်ကူးတော့မယ်မောင်။ နောက်တစ်နှစ်ကိုကူးတော့မယ် မောင်။ ကျွန်မကောင်းကင်ကို မော့ကြည့်ဆဲပဲ။ ကြယ်တစ်ပွင့်ကြွေသွားတာ ကျွန်မမြင်လိုက်တယ်မောင်။ ကျွန်မဆုမတောင်းတော့ဘူး။ ကျွန်မမြက်ခင်းပေါ် လှနေဆဲပဲ။
“ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ xxxxxxx အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ xxxxxxxx”
အို……..။ ဒါ မောင်ဆိုနေကြ သီချင်းလေးပဲ။ ရုတ်တရက် ကျွန်မထထိုင်ကာ သီချင်းလာရာကို ကြည့်မိလိုက်တယ်။ လူငယ်အဖွဲ့ တစ်စု ဂီတာတီးပြီး သီချင်းဆိုနေကြတာပါ။ ထူးခြားတဲ့ လှိုင်းခတ်မှုတစ်ခု ကျွန်မရင်ထဲတိုးဝင်လာတယ်။ နွေးထွေးတဲ့ခံစားမှု။ တစ်ဆစ်ဆစ်နဲ့ ကျွန်မကျောပြင်တစ်ခုလုံးနွေးထွေးသွားတယ်။ မောင်………..။ ကျွန်မနှုတ်က စကားတစ်ခွန်းပဲ ထွက်ကျလာတယ်။ ကျွန်မနောက်ကျောမှာ ဘယ်သူလဲ။ တစ်ယောက်ယောက်တော့ရှိနေမယ်။ ကျွန်မကိုယ်ကို တစ်ချက်စောင့်ကြည့်လိုက်တယ်။ သစ်ခွပန်းစည်းကိုင်ထားတဲ့ ကျွန်မလက်တွေ အနည်းငယ်တုန်ခါလို့။ အို……။ ကျွန်မရှေ့မှာ ရောက်နေတဲ့သူက (၄-၅)နှစ်အရွယ် ကလေးလေးတစ်ယောက်။ ကျွန်မကို ကြည်လင်တဲ့မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်။ သည်လိုအကြည့်မျိုး ကျွန်မဘယ်နေရာမှာခံစားဖူးပါလိမ့်။ ကျွန်မနှုတ်ခမ်းတွေ တစ်ဆတ်ဆတ်နဲ့ ဆွံအနေတယ်။ ကျွန်မမျက်လုံးတွေထဲ အရည်ကြည်အချို့ ပါးပြင်ပေါ်စီးဆင်းလာတယ်။
“HAPPY NEW YEAR!!!!!!!!!!!!!!!!!!”
အသံတွေ အော်သံတွေ ကျွန်မ မကြားတစ်ချက် ကြားတစ်ချက်ပါပဲ။ ကျွန်မရှေ့မှာရောက်နေတဲ့ (၄-၅)နှစ်ရွက် ကောင်လေး။ မဟုတ်ဘူး ကလေးလေးက ကျွန်မဖက်ကို လက်နှစ်ဖက်ကမ်းပေးတယ်။ သူ့မျက်လုံးတွေက သစ်ခွပန်းစည်းတွေဆီမှာ။ ကျွန်မလည်း အလိုက်သင့်သူ့လက်ထဲထည့်ပေးလိုက်မိတယ်။ သူ့မျက်လုံးလေးတွေက တောက်ပလို့။ ပြီးတော့ စကားတစ်ခွန်းပြောတယ်။
‘ပန်းတွေ မေမေ့ဆီသွားပေးလိုက်ဦးမယ်။ ပြန်လာခဲ့မယ်နော်’ တဲ့။
ကျွန်မနှုတ်ဖျားက တိုးတိုးလေးညည်းနေမိတယ်။
‘နှစ်သစ်ကူးပြီ……..မောင်’
*****************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ
(၉)ရက်နေ့ ၊ ဇန်နဝါရီလ ၊ ၂၀၁၄ခုနှစ်။
5 comments
KZ
January 10, 2014 at 11:50 am
သစ်ပင် အထူးသဖြင့် ပန်းပင် စိုက်နိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ စိတ်ဟာ၊
နူးညံ့သတဲ့။
စိတ်ရှည်သတဲ့။
နားလည်တတ်သတဲ့။ ဝတ္ထုနဲ့တော့ မဆိုင်ပါဘူးးး
ဖတ်ရင်း သနားလာလို့ စိတ်ကို ဟိုဒီ လျှောက်တွေးရာက ပေါ်လာတာ ရေးလိုက်တာ။
:hint:
တိမ်တမန်
January 10, 2014 at 7:15 pm
အဖွဲ့အနွဲ့ ရေးဟန် ကျစ်လျစ်မှုကို
အားကျငေးမော
ခံစားမှုတောမှာ မျောသွားပါတယ် ကအောင်မိုးသူ
aung moethu
January 13, 2014 at 5:41 pm
ကြိုးစားဆဲပါဗျာ 🙂
TNA
January 10, 2014 at 10:00 pm
စာလေးလဲလှ ပန်းတွေလဲလှ အတော်လှတဲ့သစ်ခွတွေ ကြိုက်လို့ယူသွားလိုက်ပါတယ်။
Novy
January 14, 2014 at 1:31 pm
ကလေးလေးက မောင်ဝင်စားတာလာပဲ