ရိပ်သာတစ်ခေါက်
ရိပ်သာတစ်ခေါက်ဆိုလို့ တရားအကြောင်းရေးမယ်လို့ ထင်နေကြမယ်ထင်တယ်။
မဖတ်ဖြစ်ပဲ ခုန်ကျော်သွားမှာစိုးလို့ ကြိုတင်ရှင်းလင်းချက်ထုတ်ထားတာ။ 😀
အမှန်တော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို ရိပ်သာရောက်ပြီး ပေါ်လာတဲ့အတွေးလေးတွေကို ရေးချင်လို့ ခေါင်းစဉ်ကို ဒီနာမည်ပေးလိုက်တာပါ။ 🙂
အဆိုးထဲက အကောင်း
ဒီနှစ်သင်္ကြန်ဘယ်သွားမလဲလို့ အမွှာညီအမနဲ့လည်းသိ၊ ကိုယ်နဲ့လည်းသိတဲ့ မိတ်ဆွေတစ်ယောက်က မေးလာပါတယ်။
ထုံးစံအတိုင်း ရိပ်သာ ပေ့ါလို့ ဖြေလိုက်တယ်။
ဟာ- ရိပ်သာမသွားပါနဲ့အုံး။
အန်တီတို့နှစ်ယောက်အဖော်ရှိတာ လျှောက်လည်ကြပါလား လို့ ဆိုလာပါတယ်။
ဟိုးတုန်းက နှစ်သစ်ပြောင်းခါနီးလို့ ပြက္ခဒိန်အသစ်တွေ ထွက်ပြီဆိုတာနဲ့ မိသားစုတွေ ပိတ်ရက် ၂ရက်ဆက်ကို ပြက္ခဒိန်မှာ ရှာတော့တာကို သွားသတိရမိပါတယ်။
အနည်းဆုံး၂ရက်ပိတ်မှ ခရီးသွားဖို့ အဆင်ပြေတာမို့ အဲဒီလိုပိတ်ရက်ကို ကြို ကြည့်ပြီး ဘယ်သွားမလဲလို့ ကြိုတင်စီစဉ်တော့တာပါပဲ။
သင်္ကြန်ပိတ်ရက်ဆိုတာကတော့ နှစ်တိုင်းလျှောက်လည်ဖြစ်တာပေ့ါ။
မိသားစုတွေ မောင်နှမတွေ စုံစုံလင်လင်နဲ့ အင်မတန်လည်း ပျော်စရာ ကောင်းခဲ့ပါတယ်။
ရိပ်သာသွားဖို့ဆိုတာ စိတ်ကူးထဲတောင် ရောက်မလာသေးတဲ့ အချိန်ပေ့ါ။
ဗုဒ္ဓဘာသာဝင်ပီပီ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာ ကြားဖူးနားဝရှိခဲ့ပေမယ့် ကိုယ်နဲ့အဝေးကြီးလို့ ထင်ထားခဲ့တာကိုး။
၂၀၀၁ ခုနှစ်မှာ အဖေဆုံးတော့ ကျမအသက် ၃ရနှစ် ရှိပါပြီ။
ချစ်သောသူနှင့် ကွေကွင်းရခြင်းသည်လည်း ဒုက္ခ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို အဲဒီကျမှ သိပါတော့တယ်။
အဲဒီကနေ ပြောင်းလဲသွားတဲ့ စိတ်တွေဟာ နှစ်တိုင်းနှစ်တိုင်း သင်္ကြန်မှာ တရားစခန်းဝင်ဖို့ ဖြစ်လာပါတော့တယ်။
ဒါဟာလည်း အဆိုးထဲက အကောင်းပါပဲ။
သူလည်းပဲ အဆိုးထဲက အကောင်း
ပြီးခဲ့တဲ့ရက်ပိုင်းက ခါးနာပြီး လမ်းကောင်းကောင်းမလျှောက်နိုင်လို့ ငါဒီနှစ်သင်္ကြန် ရိပ်သာမှသွားနိုင်ပါ့မလားလို့ စိုးရိမ်မိပေမယ့် သွားခါနီးအဆင်ပြေသွားလို့ တော်ပါသေးရဲ့။
မနှစ်ကလည်း တစ်ခါ ခါးဆစ်ရိုးအရွတ်ထွက်ဖူးတော့ တစ်နှစ်ထက်တစ်နှစ် ကျန်းမာရေးက သိပ်စိတ်မချရတော့ဘူး။
နောင်ဘယ်နှစ်နှစ်လောက်ပဲ ရိပ်သာဝင်နိုင်မယ်မသိဘူးလို့ ကိုယ့်ကိုယ်ကိုလည်း စိတ်အားငယ်မိတာပေ့ါ။
ရိပ်သာရောက်တော့ ယောဂီတွေထဲမှာ (မွေးရာပါထင်ပါရဲ့) ခါးကုန်းပြီး ခါးဆစ်လွဲနေတဲ့အပြင် ခြေထောက်လေးတွေလည်းသိမ်နေတဲ့ ယောဂီတစ်ပါးပါလာတာတွေ့တယ်။
သူ့ကိုကြည့်ပြီး သူတောင် အားတင်းပြီးလာနိုင်သေးတာပဲ။
ငါလည်းဘာလို့မလာနိုင်ရမှာလဲလို့ စိတ်အားတွေ ပြန်တက်လာတယ်။
လူအများနဲ့ တန်းစီပြီး သွားရလာရတဲ့အခါ သူ့ခမျာ အတော်ပင်ပန်းရှာပါတယ်။
အဲဒါကိုတွေ့တဲ့ ယောဂီထိန်းဆရာလေးတွေက သူ့ကို လူအများနဲ့ တန်းစီမသွားစေပဲ သူသွားနိုင်သလောက်နဲ့ သီးသန့်သွားစေပါတယ်။
ဒါ့အပြင် ထိုင်တဲ့နေရာမှာလည်း လူတွေကြားထဲ ကြပ်ညှပ်နေအောင် မထိုင်စေပဲ ဘေးဘက်၊ ထောင့်ဘက်တွေမှာ နေရာပေးပါတယ်။
အဲဒီရိပ်သာရဲ့ထုံးစံအတိုင်း နှစ်သစ်ကူးနေ့မှာ ပဒေသာပင် မဲဖောက်ပေးပါတယ်။
ယောဂီတွေ တစ်ယောက်တစ်မျိုးလှူ ကြတာတွေကို မဲပြန်နှိုက်ပေးတာပါ။
မဲနှိုက်ရင် ပေါက်လေ့ပေါက်ထမရှိတဲ့ ကျမအတွက် အဲဒီနှစ်သစ်ကူးပဒေသာပင် ဗလာမပါ ကံစမ်းမဲဟာ အလွန်နှစ်သက်စရာ အစီအစဉ်လေးတစ်ခုပါပဲ။
ကံစမ်းမဲဖောက်ဖို့ တန်းစီနေကြတဲ့ ရဟန်းတွေ၊ အမျိုးသား/အမျိုးသမီးယောဂီတွေစတဲ့
ရာပေါင်းများစွာသော လူတွေကြားထဲမှာ ဝင်တန်းစီနေတဲ့ အဲဒီအမျိုးသမီးငယ်ကို သီလရှင်ဆရာလေးတွေက တန်းမစီပဲ အပြင်မှာစောင့်စေပါတယ်။
ကျလည်းပဲမဲနှိုက်ဖို့ တန်းစီနေရင်းနဲ့ အမှတ်တမဲ့ ဘေးဘီကို ကြည့်လိုက်တဲ့အခါမှာ ကုလားထိုင်ပေါ်မှာ အငြိမ့်သားထိုင်နေတဲ့ အဲဒီအမျိုးသမီးငယ်ကိုတွေ့တော့….
အလဲ့ တယ်ဟုတ်ပါလား။
သူလည်းပဲ အဆိုးထဲက အကောင်းပါလား လို့ တွေးလိုက်မိပါတယ်။ 🙂
ကံစမ်းမဲနှိုက်တဲ့အခါမှာလည်း သံဃာတော်များအပြီး လူတွေနှိုက်တဲ့အခါ သူ့ကိုဦးစားပေးပြီး အရင်နှိုက်ခိုင်းလို့ ကိုယ်တွေတန်းစီနေတုန်း ကံစမ်းမဲပေါက်တဲ့ အိတ်ကြီးကိုင်ပြီးထွက်လာတဲ့သူ့ကို တွေ့လိုက်ရတယ်။
အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ
အဲဒီကျောင်းမှာ နှစ်တိုင်းနှစ်တိုင်း ကလေးတွေစာမေးပွဲပြီးတဲ့အချိန်ဖြစ်တဲ့ မတ်လမှာ ကလေးများအတွက် ယဉ်ကျေးမှုသင်တန်း တစ်လဖွင့်ပါတယ်။
ယောကျင်္ားလေးတွေက ကိုရင်ဝတ်ရပြီး မိန်းကလေးတွေက သိက္ခာရှင် ဝတ်ရပါတယ်။
တတ်နိုင်တဲ့မိဘများက ကိုယ်တိုင်ကုန်ကျခံနိုင်သလို
မတတ်နိုင်တဲ့သူတွေအတွက်လည်း အလှူ ရှင်တွေရှိပါတယ်။
သင်္ကန်းကို ပြင်ပက ဝယ်လာမခိုင်းပဲ ဆရာတော်ကြီးက တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေလိုတဲ့စိတ်စေတနာနဲ့
တစ်သွေးတစ်ရောင်တည်းဝတ်ဆင်နိုင်ဖို့ ကျောင်းကပဲ ပြင်ဆင်ပေးပါတယ်။
ယဉ်ကျေးမှုသင်တန်းမှာ ကလေးတွေနဲ့ သင့်တော်မယ့် ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာတွေ၊ ဗုဒ္ဓတရားတော်တွေအပြင် စည်းကမ်းတကျနေတတ်အောင်၊ လူအများနဲ့ ညီညီညွတ်ညွတ်နေတတ်အောင် သင်ကြားပေးပါတယ်။
မိဘအိမ်မှာ မိသားစုကို မှီခိုပြီးနေနေကြတဲ့ကလေးတွေကို ကိုယ့်တစ်ကိုယ်စာ ကိုယ်နိုင်နင်းအောင် ကိုရင်/သိက္ခာရှင် အပါး၂ဝလောက်ကို အနီးကပ်မော်နီတာတစ်ပါး (monitor) ထားပြီး အစစအရာရာ ဆုံးမသင်ပြပေးကြပါတယ်။
သင်တန်းကို ငယ်၊ လတ်၊ ကြီး ဆိုပြီး အဆင့်သုံးဆင့်ထားပြီး အဆင့်တိုင်းမှာ မွန်၊ ကောင်း၊ တော် ဆိုပြီး ဆုပေးလေ့ရှိပါတယ်။
နိုင်ငံတကာက တပည့်ဒကာ/မ များ ပေးပို့လှူ ဒါန်းကြတဲ့ ကလေးသုံး၊ ကျောင်းသုံးပစ္စည်းတွေလည်း အနည်းနဲ့အများဆိုသလို ကလေးတိုင်းကို ဆုချ၊/လက်ဆောင်ပေးပါတယ်။
ကလေးယဉ်ကျေးမှုသင်တန်းပြီးတာနဲ့ သင်္ကြန်လူကြီးတရာစခန်းနဲ့ ရက်သိပ်မကွာပါဘူး။
ယဉ်ကျေးမှုသင်တန်းက တချို့ကလေးတွေ လူမထွက်ကြပဲ သင်္ကြန်တရားစခန်းဆက်ဝင်ကြတာရှိသလို၊
စည်းကမ်းသေဝပ်မှုမှာ ဆရာတော် သံဃာတော်တွေ ကျေနပ်အားရတဲ့ အချို့အကြီးတန်းက ကလေးတွေက လူကြီးတရားစခန်းမှာ ယောဂီထိန်း မော်နီတာ လုပ်ကြပါတယ်။
ယဉ်ကျေးမှုသင်တန်းဆင်းထားတဲ့ အနီးအနားရွာတွေက တချို့ကလေးတွေကလည်း ကျောင်းမှာဝေယျာဝစ္စ ဝိုင်းလုပ်ကြပါတယ်။
ယောဂီတွေကို ညနေဖျော်ရည်တိုက်တဲ့အချိန်မှာ လူကြီးတွေက ဖျော်ရည်ပုလင်းဖောက်တာ၊ ရေခွက်ထဲထည့်တာ၊ သောက်ပြီးသားပြန်သိမ်းတာတွေကို လုပ်ကြရာမှာ ကလေးတွေက ရေခွက်တွေကို ဆေးပေးပါတယ်။
ကျန်းမာရေး သန့်ရှင်းရေးကို ဂရုထားတော်မူလေ့ရှိတဲ့ဆရာတော်ကြီးက ရေခွက်တွေကို ကန်၂ကန်ပါတဲ့ဘေစင်မှာ ၂ဆင့်ဆေးဖို့ စည်းကမ်းလုပ်ပေးထားပါတယ်။
ယောဂီတွေများလို့ သောက်ပြီးသားရေခွက်ကိုပဲ ပြန်ဆေး ပြန်ထည့်ရတာမို့ တစ်ချိန်တည်းပြုံ ပြီးရောက်လာတဲ့ ယောဂီတွေ အလျဉ်မီစေဖို့ လူကြီးတစ်ယောက်က မြန်မြန်ဆေးနော် လို့ ရေခွက်ဆေးနေတဲ့ကလေးတွေကို လှမ်းသတိပေးလိုက်သံ ကြားလိုက်ရပါတယ်။
ရေခွက်တွေကို အားသွန်ခွန်စိုက်နဲ့ မြန်မြန်ဆေးနေတဲ့ကြားထဲက
သန့်အောင်လည်းဆေးအုံးနော် လို့ ဆိုတာကို
အေးပါ၊ သိပါတယ် လို့ ကလေးတွေရဲ့ အပြန်အလှန်ပြောလိုက်သံကို ကြားရတော့…..
မိမိလုပ်နေတဲ့အလုပ်ကို အားကြိုးမာန်တက်နဲ့ ကျေပွန်အောင် လုပ်ဆောင်တတ်တဲ့အကျင့်ဗီဇမျိုးစေ့လေး ကလေးတွေရဲ့ ရင်မှာကိန်းနေအောင် သင်ကြားပေးလိုက်နိုင်တဲ့ ယဉ်ကျေးမှုသင်တန်းရဲ့ အကျိုးကျေးဇူးကို မြင်မိပြီး
ဒိလိုမိမိယူရတဲ့တာဝန်ကို ပေါ့ပေါ့ဆဆ ကရော်ကမယ် မလုပ်ပဲ၊
စိတ်ပါလက်ပါ အားသွန်ခွန်စိုက်လုပ်တတ်တဲ့ စိတ်ဓာတ်ရှိတဲ့ကလေးတွေကို အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်လေးတွေ လို့သာ အမည်ပေးလိုက်ချင်ပါတော့တယ်……. :chit:
44 comments
ကေဇီ
April 20, 2014 at 7:37 pm
ဘာပေါက်တုန်းး ချစ်မမ
😀
Ma Ma
April 20, 2014 at 7:44 pm
ကော်ဇောတစ်ခုနဲ့
သာမဏေကျော်ရေးတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးနှင့်ဝိနည်း ဆိုတဲ့ စာအုပ်ပေါက်လာတယ်။
အဲဒီစာအုပ်လည်း ဖတ်ပြီး ဖောက်သည်ချချင်နေတာ
လတ်တလောတော့ မနက်ဖြန် အလုပ်ပြန်ဖွင့်တော့မှာမို့ ရေးချင်လွန်းတာလေး အရင်ရေးလိုက်တာ။ 🙂
padonmar
April 20, 2014 at 8:16 pm
ဧကန္တတော့ တရားထိုင်ရင်း ဖောင်တယ်ပိန်တယ်၊ဟိုဟာ ရေးလိုက်အုံးမယ် ဘယ်လှမ်းတယ်ညာလှမ်းတယ်၊ဒီဟာရေးလိုက်အုံးမယ်ဖြစ်လာပြီ ထင်တယ်။(ကိုယ်လည်း ဖြစ်နေကျမို့ ဗေဒင်အတတ်ဟောလိုက်တာ)
ဖတ်ပြီး တွေးစရာ ပြောစရာတွေ အများကြီး မျှဝေပေးတာ ကျေးဇူးပါ ချစ်မရေ။
ကုသိုလ်တွေ အမျှမပေးလည်း အတင်းသာဓုခေါ်လိုက်ပြီနော်။
တရားဝင်တာနဲ့ လျှောက်လည်တာပေါ် တန်ဖိုးထားတာချင်းမတူရင် အမြင်ချင်းလည်း မတူနိုင်တာမို့ လက်ဖမိုးနဲ့ လက်ဖဝါးလို့သာ သဘောထားလိုက်ပါတော့။
…………………..
အဆိုးလို့ ထင်တာတွေက အကောင်းဖြစ်ဖြစ်သွားတတ်တယ်ဆိုတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့နော်။
……………
ဒီတခါ တရားစခန်းမှာ ကလေးတွေက လူကြီးတွေကို ဦးဆောင်စည်းကမ်းပြသွားပြီပေါ့။
ဆရာတော်ကြီး ပျိုးထောင်တဲ့ အသီးအပွင့်တွေ စမြင်ရပြီဆိုလို့ ဝမ်းသာပါတယ်။
ဒို့ တိုင်းပြည်လည်း အဲသလို ကလေးတွေကနေပဲ ပြန်ထူထောင်ရမယ်ထင်ပါ့။
Ma Ma
April 20, 2014 at 8:52 pm
ဟုတ်ပ့ါ။
ဖောင်းတယ်ပိန်တယ် ဟိုဟာရေးမယ်ဆိုတာတွေ အများကြီးဖြစ်လာလို့….
စိတ်ထဲကတွေးပြီး စာစီရုံနဲ့ စာတွေပေါ်လာမယ့်ဆော့ဖ်ဝဲလ်မျိုးပေါ်လာရင် ကောင်းမယ်လို့ တွေးမိတာတောင် ပါသေး။ :kwi:
alinsett (gazette)
April 20, 2014 at 9:18 pm
ကြယ်ပွင့်တွေ ဆိုရင်..စိတ်ဝင်စားတယ်..
စောင့်ကြည့်နေမှာ…
😆
Ma Ma
April 21, 2014 at 6:52 pm
အလင်းဆက်ဆိုတာလည်း တစ်ချိန်မှာ လင်းလက်လာမယ့် ကြယ်ပွင့်လေးပဲ မဟုတ်လား။ 🙂
lu lu
April 20, 2014 at 9:56 pm
လုလု တောင် မဝင် စဖူးအဝင်း ထူးခဲ့ပါတယ်
သောကအပူတွေပယ်နိုင် အောင် ရိပ်သာဝင် ပါတယ်
ရာသီဥတု ပူတဲ့ဒဏ်ကို မပယ် နိုင် လို ့ဖြစ်ပျက် ရှုရင်း
ချွေးသုတ် ရတဲ့ဒုက္ခတော့ မြင် ခဲ့တယ်
အယ် ကြုံတုန်း အတင်း တုပ် လိုက်ဦးမယ်
အိပ်မ ပျော် ကုဋီ သွားပါတယ် အိမ်သာချောင် ထဲကအသံ
ကြားလို ့အလန် ့ထန်းလျက် ကြည့်လိုက် တာ ရည်းစားနဲ ့ဖုန်းခိုးပြောနေ
တဲ့ယောဂီငယ် ဖြစ်နေလို ့ ဟွန် ့ ခက်တယ်အဲလို အဲလို
alinsett (gazette)
April 20, 2014 at 10:27 pm
လုရေ…
ဘာသာပြောင်းလာသူ တစ်ယောက်အနေနဲ ့..
ဒီလို ထဲထဲ ဝင်ဝင် ယုံကြည်မှုထားပြီး..လုပ်နေတာကို…
မချီးကျူးပဲ..မနေနိုင်ပါဘူးဗျာ…
ဦးကြောင်ကြီး
April 21, 2014 at 7:41 am
ဒါဆို လုလုနဲ့ဦးကြောင် ခြစ်လို့ရဗီ..
lu lu
April 21, 2014 at 11:38 am
ရှန် , , , , &%$#*@
လု မှလက်သည်းချွန်ချွန်မရှိဒါ
မခြစ် ရဲဘူး မီး ကြောက် ဒယ် ယ်ယ်
ဦးကြောင်ကြီး
April 21, 2014 at 11:41 am
ကြောက်ပါနဲ့လုလေးရယ်.. ဦးကြောင် ထွေးပွေ့ထားဗမယ်.. ရှလွတ်..။
Ma Ma
April 21, 2014 at 7:05 pm
ဦးကြောင်ကို သော်ဇင်ရဲ့ ဇာတ်လမ်းထဲမှာ မင်းသားလုပ်ခိုင်းရမယ်။
မင်းသမီးက ဝှက်ထားတဲ့ လက်သည်းတွေ ရှိတယ်နောာာာာာာာာာာာာာ :kwi:
Ma Ma
April 21, 2014 at 7:09 pm
ဖြစ်နိုင်ရင်တော့ တခြားရက်တွေမှာ ဝင်တာ ပိုကောင်းပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ ………..
ကိုယ့်စိတ်တောင် ကိုယ်နိုင်ဖို့ခက်နေတာ
အခြားသူရဲ့စိတ်ကို ထိန်းဖို့ဆိုတာ ပိုခက်တာပေ့ါ။
အကောင်းဆုံးကတော့ တစ်ကိုယ်ရည်သာသနာပြုနိုင်အောင်ပဲ ကြိုးစားလိုက်ပါ လုလုရေ။
ဦးကြောင်ကြီး
April 21, 2014 at 7:42 am
ရိပ်သာမမ
လိပ်ပြာလှ
အိပ်ယာမထ
ဘိတ်မှာဗျ..
Ma Ma
April 21, 2014 at 7:19 pm
ကြောင်ကြီး နတ်မျက်စေ့ရနေတယ်ထင်တယ်။
အိပ်ရာမထ ဘိတ်မှာဗျ ဆိုတာ အမှန်ပဲ။
အမတစ်ယောက်နဲ့ အတူတူသွားတာ။
သူကချည်း နေ့တိုင်း အိပ်ရာကအရင် ထတယ်။
သူလုပ်စရာရှိတာ အားလုံးပြီးသွားပြီဆိုမှ ကိုယ်ကနိုးတော့တာ။ :kwi:
မဟာရာဇာ အံစာတုံး
April 21, 2014 at 8:12 am
အယုတ်၊ အလတ်၊ အမြတ် … သံသရာ အဆက်ဆက်

တော်စပ်ခဲ့ဖူးပါတဲ့ မိတ်ဆွေ သင်္ဂဟတို့နဲ့
အေးချမ်းလှပါတဲ့ … တရားရဲ့ ရိပ်သာမှာ
ဖိတ်စာ မပါပေမယ့် မပျက်မကွက်နဲ့ တရားရှာခဲ့
ဝေဒနာဒဏ် အားတင်းကာ တွန်းလှန်ရင်းနဲ့
စုံစီနဖာ ဝန်းကျင်မှာပါ ကုသိုလ်တွေ ပွားခဲ့ပါပေရဲ့ …
အဲ့ဒီ .. အဲ့ဒီ .. ကုသိုလ်တွေအတွက် …
သာဓု .. သာဓု … သာဓု ရယ်ခေါ်ကာနဲ့
တီမမရဲ့ ကုသိုလ်တွေကို အချောင် မီးညှိကာ သွားလေရဲ့ … ငဲ့ငဲ့ငဲ့ …
Ma Ma
April 21, 2014 at 7:30 pm
မီးညှိသွားတယ်ဆိုတော့ ဆေးလိပ်သောက်ဖို့တော့ မဟုတ်ပါဘူးနော်။ 😀
ပြုခဲ့သမျှ ကုသိုလ်တွေကိုလည်း အမျှဝေပါတယ်။
မဟာရာဂျာကြီးလည်း လိုရာဆန္ဒတွေ ပြည့်ဝနိုင်ပါစေ။
ဘာလိုတယ်ဆိုတာလည်း သိနေတာဆိုတော့…. :kwi:
snow smile
April 21, 2014 at 10:22 am
သာ ဓု ပါ မ မ ရေ
က လေး တွေ အ တွက် မမ နဲ့ ထပ် တူ ကြည် နူး မိ ပါ တယ်
ရေး စ ရာ ရှိ တာ တွေ
မြန် မြန် ထပ် ရေး ပါ နော်
Ma Ma
April 21, 2014 at 7:36 pm
ဒီရွာထဲရောက်ကာမှ စာရေးတဲ့ပိုးက ဘယ်ကဘယ်က ပေါ်လာမှန်းမသိဘူး။
ဘယ်သွားသွား ဘာလုပ်လုပ် ပြန်ပြောပြချင် ရေးပြချင်တဲ့စိတ်တွေပေါ်လာတယ်။
စာရေးအားကလည်း မရှိတော့ တခါတလေ ခေါင်းထဲမှာ စဉ်းစားပြီး အငွေ့ပျံထွက်သွားတာက များသား။
အဲဒါကြောင့် စိတ်ထဲကတွေးပြီး စာစီရုံနဲ့ စာတွေပေါ်လာမယ့်ဆော့ဖ်ဝဲလ်မျိုးပေါ်လာရင် ကောင်းမယ်လို့တောင် တွေးမိတယ်။
black chaw
April 21, 2014 at 5:35 pm
ရိပ်သာ ဆိုလို့ မဖတ်ပဲနေတော့မလို့ဟာ…
တရားအကြောင်းမဟုတ်ဘူးဆိုလို့ ဝင်ဖတ်သွားပါတယ်…မမရေ…။
အင်း…တရားအကြောင်းဆိုလည်း တရားရှာရမယ့် အရွယ်ရောက်နေပြီဆိုတော့…
ဖတ်ရမှာပါပဲ ဗျာ…။
:s:
Ma Ma
April 21, 2014 at 7:39 pm
ဟိုဆိုဒ်ဒီဆိုဒ်တွေမှာ ရေးထားသလို အသက်မပြည့်သေးဘူးမဟုတ်လား။
တရားအကြောင်းဖတ်ဖို့ ပြောပါတယ်။
Wow
April 22, 2014 at 10:05 am
မွမွ ဘယ်ရိပ်သာဝင်တာလဲ 🙂
Ma Ma
April 22, 2014 at 2:44 pm
ပဏ္ဍိတာရာမဆယ်မိုင်ကုန်း တောစခန်းရိပ်သာမှာပါ။
နောက်နှစ်ကျရင် လိုက်ခဲ့လေ။
ဝေါင်းကိုလည်း အော်မေ့ဂိုဏ်းသွင်းရမယ်။ :kwi:
surmi
April 22, 2014 at 10:25 am
အန်တီမမရေ
ရိပ်သာဖွင့်တဲ့ အချိန်လေးများသိချင်ပါရဲ့ဗျာ
သင်္ကြန်မဟုတ်တဲ့ အခြားအချိန်ပေါ့ ။
မှော်ဘီရိပ်သာများဖြစ်နေမလားပဲ
Ma Ma
April 22, 2014 at 3:08 pm
သင်္ကြန်မှာ လူများပေမယ့် ကျန်တဲ့အချိန်ဆို လူနည်းတယ်။
တစ်နှစ်ပတ်လုံး ဝင်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန်ထွက်နိုင်လို့ လူတိုင်းအတွက် အဆင်ပြေတယ် ကိုရင်ဆာ။
🙂
kyeemite
April 22, 2014 at 11:34 am
အင်း..ကျုပ်တော့ သင်္ကြန် ဘာတရားမှမရလိုက်ပါလားလို့ တွေးမိသွားတယ်…သာဓုပါဗျာ
Ma Ma
April 22, 2014 at 4:45 pm
ပြုနိုင်သလောက်လေး ပြုခဲ့တဲ့ကုသိုလ်တွေကိုလည်း ဘရာသာမိုက်နဲ့တကွ ရွာသူားတွေ အားလုံးကို အမျှဝေပါတယ်။
ပြောရင်းနဲ့ ……
ငယ်ငယ်က အစ်ကိုနဲ့နှစ်ယောက် တစ်စွန်းတစ်စနာထားတဲ့တရားတစ်ပုဒ်က သာဓုခေါ်ရင် ကုသိုလ်ရတယ်ဆိုလို့………
တရားလည်းမနာပဲ တရားပွဲပြီးချိန်ဆိုရင် အမိအရလိုက်ပြီး သာဓုခေါ်ခဲ့တာလေး သွားသတိရမိတယ်။
kai
April 22, 2014 at 4:11 pm
ယူအက်စ်..အလ်လ်အေမှာတော့.. ခုနကသတင်းတင်.. ပါ့ဗလစ်ကျောင်းဘုတ်မှာ.. အီစတာနေ့အမှတ်တရအဖြစ်.. ဘာသာရေးနဲ့ဆိုင်တဲ့ စာလုံးတွေရေးထားလို့.. ပြသနာတက်နေတာလွှင့်သွားလေရဲ့..
Teacher Questioned After Putting Religious Message On Public School Marquee
An elementary school in Northridge is at the center of a Controversy over a religious message on a school marquee. CBS2’s Dave Lopez reports.
Ma Ma
April 22, 2014 at 5:54 pm
အင်…ပါ့ဗလစ်မှာ ဘာသာရေး ရေးခွင့်မရှိဘူးလား။ 🙁
ဒါပေမယ့် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုသလို …
ကိုယ့်ရွာနဲ့ ကိုယ့်သဂျီးကတော့ အီးဇီးပါနော်။
မလျှော့သေးဘူး။ :kwi:
kai
April 24, 2014 at 3:09 pm
အမ်..
အမတော်ကလည်း..။
ကလေးအတန်းပညာသင်ကြားရေးကျောင်းမှာ.. ဘာသာရေးဝင်စွက်ရင်.. ဖြစ်ကြတဲ့ပြသနာကို..ပြောချင်တာပဲ…ဟာကိုဗျာ..
ဒီမြို့ထဲတော့.. ကြိုက်သလိုသာရေးနိုင်ပါ့နော…
အတွေးအခေါ်တို့ရဲ့အရင်းအမြစ်ဟာ.. ဘာသာရေးမို့.. အပြန်အလှန်ဆွေးနွေးတာမျိုးဆို.. အားတောင်ပေး…
weiwei
April 22, 2014 at 6:34 pm
ငယ်ငယ်တုန်းက (အသက် ၂ဝ လောက်အထိ) သင်္ကြန်ရက်တိုင်း ရိပ်သာဝင်ဖြစ်တယ် .. နောက်ပိုင်း မဝင်ဖြစ်တော့ပဲ နှစ်တိုင်း ခရီးပဲသွားဖြစ်တော့တယ် ..
သင်္ကြန်ရက်မှာ လူများလွန်းတာရော .. အရမ်းပူတဲ့ဒါဏ်ကို မခံနိုင်တာကြောင့်ရော ..
ရိပ်သာဝင်ခဲ့တဲ့ ကုသိုလ်တွေအတွက် သာဓုခေါ်ပါတယ် …
Ma Ma
April 22, 2014 at 7:58 pm
ခရီးသွားဖို့ပဲဖြစ်ဖြစ်၊ ရိပ်သာဝင်ဖို့ပဲဖြစ်ဖြစ် စိတ်သွားတိုင်းကိုယ်ပါနိုင်နေတဲ့ အခြေအနေ အကြောင်းအမျိုးမျိုးတွေ ပြည့်စုံနေတဲ့ ဝေဝေ့ကိုလည်း အားကျပါတယ်။
ပြုခဲ့သမျှ ကုသိုလ်ဒါနတွေကိုလည်း အမျှဝေပါတယ်။ 🙂
TNA
April 22, 2014 at 10:37 pm
သားအတွက် စဉ်းစားစရာတနေရာရပြီမို့ကျေးဇူးပဲမမရေ။ ကိုယ့်အတွက်ကတော့ အပူတွေမငြိမ်းသေးသ မျှတော့ ရိပ်သာနဲ့ဝေးနေရအုံးမှာပဲ။
Ma Ma
April 23, 2014 at 5:33 pm
ရန်ကုန်ရွှေတောင်ကုန်းကျောင်းမှာလည်း ရှိတယ် ညွသဲရဲ့။
ဒါပေမယ့် လူနည်းနည်းပဲလက်ခံနိုင်လို့ အစောကြီးသွားပြီး စာရင်းပေးရတယ်ပြောတယ်။
တောစခန်းကတော့ ကျယ်လို့ လူများများလက်ခံနိုင်တာမို့ ပိုအဆင်ပြေမယ်ထင်တယ်။
ရန်ကုန်ကနေ ၁နာရီခွဲ အလွန်ဆုံး၂နာရီလောက်ပဲကြာတာမို့ မဝေးဘူးဆိုပေမယ့်….
မိဘနဲ့မခွဲဘူးတဲ့ကလေးတွေအတွက် အစပိုင်းမှာ နည်းနည်းတော့ ခက်တာပေ့ါ။
အိမ်ကတူတော်မောင်တုန်းကတော့ သူ့အဖေက တစ်ပတ်လောက် မနက်တိုင်းသွားပေးတာ နောက်ပိုင်းအဆင်ပြေသွားတယ်။ 🙂
nature
April 23, 2014 at 10:10 am
ဖခင်ကြီးဆုံးပြီးကတည်းက သင်္ကြန်နှစ်တိုင်းတရားဝင်ဖြစ်ပါတယ်။ မှတ်မှတ်ရရ 2008 ခုနှစ်က စစချင်း တရားဝင်ပြီးချော်လဲလို့ ခြေသန်းရိုးလေးအက်သွားတာနဲ့ တစ်ရက်ပဲတရားဝင်ပြီးပြန်ထွက်လာရတယ်။ မှတ်မှတ်ရရ အဲဒီနှစ်က ကြီးမားတဲ့ ပဲမုန်တိုင်းကြီးတိုက်တယ်။ နောင်တော်ကြီးဆုံးတယ်။
ဒီနှစ်ကတော့ အပြာရောင်တို့ရဲ့နိဂုံးချုပ်များဖြစ်နေမလားလို့။ 😛
Ma Ma
April 23, 2014 at 5:35 pm
တရားစခန်းဝင်တယ်ဆိုကတည်းက ကိုယ့်စိတ်ကို အပြင်အာရုံတွေနဲ့ ဖြတ်နိုင်မှတော်ကာကျတယ်။
အဲလိုဖြတ်မယ်ဆိုပြီး စိတ်တင်းထားတာတောင် ပျံ့လွင့်တဲ့စိတ်တွေက အနည်းနဲ့ အများဆိုသလို ဝင်လာသေးတာ။
Mr. MarGa
April 23, 2014 at 5:23 pm
ကောင်းလေစွ ကောင်းလေစွ
သာဓု သာဓု သာဓု :mrgreenn:
အနော်တော့ တရားထိုင်ရင်း စိတ်တွေပြေးကုန်တာ ကမ္ဘာတစ်ပတ်တောင် ပတ်မိသလားမသိ :mrgreenn:
Ma Ma
April 23, 2014 at 5:38 pm
သိကြားမင်းဆိုတော့လည်း စိတ်က လူတွေထက် ပိုပြေးနိုင်တာပေ့ါ။
မဟာရာဇာ အံစာတုံး
April 24, 2014 at 11:29 pm
နေ့ခင်း တရားထိုင်ရတဲ့အခါမျိုးဆို ပိုဆိုးသေးတယ် …
အိပ်က အိပ်ချင် .. အိပ်လို့က မရ …
ငိုက်နေပြန်ရင်လည်း ရှက်စရာကြီးဆိုတော့ ….
ငါကတော့ စိတ်တွေ ကမ္ဘာပဲ ပတ်ပတ်၊ စကြဝဠာပဲ ပတ်ပတ် …
ပတ်ချင်သလိုသာ ပတ် …
စိတ်ကူးတွေ ယဉ်ချင်သလို ယဉ်ပစ်လိုက်တာပဲ …
အဲ … အဲ့လိုလည်း စိတ်ကူးယဉ်လိုက်ရော … ဟောဗျာ .. တစ်နာရီဆိုတဲ့ အချိန်ဟာ ဘယ်လိုကုန်သွားမှန်းကို မသိဘူး ….
တစ်ခါတစ်ခါ စိတ်ကူးယဉ်ကောင်းနေတုန်း ရှိသေးတယ် .. အချိန်က စေ့သွားပြီ …
(တရားတော့ ရဦးမယ် ….) :mrgreenn:
nature
April 23, 2014 at 5:41 pm
ရွာလည်ကောင်းတဲ့နှစ်ဟောင်းကဆို တရားထိုင်ရင်း ရွာလည်နေတဲ့သူများလဲရှိလေရဲ့။ 😛
padonmar
April 23, 2014 at 10:20 pm
ဟိတ် ..အတင်းမပြောနဲ့
သမာဓိ မတည်ခင် စိတ်လွင့်တာတော့ လူတိုင်းပေါ့။
လွင့်ချင်းလွင့် ရွာထဲ လွင့်မှာပေါ့။
ဝင့်ပြုံးမြင့်
April 25, 2014 at 6:11 am
(၂၀၀၁ ခုနှစ်မှာ အဖေဆုံးတော့ ကျမအသက် ၃ရနှစ် ရှိပါပြီ။)
စောတုန်းက မမကို မျှစ်ကြော်ထက်ငယ်မယ်ထင်တာ။ အခုမှပဲ သိတော့တယ်။ နောက်ဆို အန်တီမမလို့ ခေါ်ရမယ်။ ကြော့်ထက် အများကြီး ဝါကြီးတာကိုး ။ ပျော်သွားပြီ ဟိဟိ။
Ma Ma
April 25, 2014 at 10:56 am
ပြုံးရေ-
ရွာထဲမှာ ကလေးတွေ လူငယ်တွေနဲ့ပေါင်းပြီး ကိုယ့်အသက်ကိုယ်သတိမရပဲ နေနေတာ။ :kwi:
ရွာ့ထဲမှာ အသက် စဉ်ကြည့်ရင် ကိုယ့်ထက်ကြီးတာတောင် လက်၅ ချောင်းပြည့်မယ်မထင်။ 🙁
Wow
April 25, 2014 at 5:00 pm
မွမွက အိုက်လောက်ရှိမယ်မထင်ရပါဝူး… အပျိုကြီးတွေ အရွယ်တင်ဒယ်ဆိုတာ ဟုတ်မယ်နော် :kwi: