အကြွားပို့စ်
ခေါင်းစဉ်ကို ထွေထွေထူးထူး ပေးမနေတော့ပါဘူး။ ကြွားချင်လို့ တင်တဲ့ပို့စ်ဆိုတော့လည်း အကြွားပို့စ်လို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်။ ငယ်ငယ်တုန်းက အကြောင်းလေးကို ကြွားမလို့ပါ။ အားနာပါးနာ အကြွားခံကြပါဦးနော..။
စာရေးစာဖတ် ဝါသနာပါတဲ့သူဆိုတော့ ငယ်ငယ်ကတည်းက စာစီစာကုံးတွေ ရေးဖြစ်တာတော့ မထူးဆန်းဘူးပေါ့နော်။ စာစီစာကုံး ပြိုင်ပွဲတွေဆိုလည်း ဝင်ပြိုင်ဖြစ်တယ်။ ဆုရတာလည်းရှိ၊ မရတာလည်း ရှိ ပေါ့။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံရတယ်လို့ သဘောထားပြီး ဘာပြိုင်ပွဲမဆို ဝင်ပြိုင်ဖြစ်နေတော့ ပါလေရာပေါ့။ (ဦးဦးပါလေရာ မဟုတ်။) တစ်ခါသားကျတော့ ကိုးတန်းနှစ်မှာ စာစီစာကုံး ပြိုင်ပွဲတစ်ခုအတွက် စာကြည့်တိုက်ထဲ စာသွားဖတ်ရင်းနဲ့ မင်္ဂလာမောင်မယ် ဆိုတဲ့ စာစောင်လေးကို သွားတွေ့တယ်။ အဲဒီမှာ လစဉ် စာစီစာကုံးပြိုင်ပွဲရှိတယ်။ ခေါင်းစဉ်တွေကို သုံးလလောက် ကြိုပေးထားတယ်။ ရေးပြီးရင် စာတိုက်ကနေ ပို့ရတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြတယ်။ ဒါနဲ့ အချင်းချင်းအဖော်စပ်ကြည့်တော့ သဘောတူကြတယ်။ ပြိုင်ကြမယ်ပေါ့။ ဒီလိုနဲ့ မြန်မာစာဆရာမ နဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ ထောက်ခံချက်တွေကိုတောင်းပြီး စာတွေ ရေးပို့ကြပါလေရော။ နောက်ပိုင်းကျ တစ်ချို့သူငယ်ချင်းတွေက မပြိုင်ကြတော့ဘူး။ စာတိုက်ကို မသွားချင်တာရယ်၊ မရေးဖြစ်တာရယ်နဲ့ပေါ့။ ကျွန်မကတော့ လက်မလျှော့ဘူး။ အနည်းဆုံးတော့ တစ်လကို စာစီစာကုံးတစ်ပုဒ်ရေးဖြစ်တယ်။ နောက် စာရေးဖို့ဆို စာဖတ်ရတယ်ဆိုတော့ စာလည်း ဖတ်ဖြစ်တယ် ဆိုပြီး ပြိုင်တယ်။ နောက် စာတိုက်ကလည်း ကျောင်းနဲ့နီးတော့ မုန့်စားဆင်းချိန်ဆို ဆရာမကို ခွင့်တိုင်ပြီး စာသွားပို့တယ်။
ပထမဆုံးအနေနဲ့ ၂၀၀၅ ခုနှစ် မတ်လ ထုတ် စာစောင်မှာပါတဲ့ လတပေါင်း ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲမှာ လက်ရွေးစင် (၅) ယောက်တည်း ပါခဲ့တယ်။ ပျော်လိုက်တာ အရမ်းပဲ။ ကိုယ့်နာမည်လေး ကြည့်ပြီး ကြည်နူးရတာ။ လက်ရွေးစင်ထဲမှာ နာမည်လေးပဲ ပါတာတောင် ဒီလောက်ပျော်ရင် ငါ့စာသာ အကောင်းဆုံးဆိုပြီး အရွေးခံရရင် ဘယ်လောက်ပျော်မလဲဆိုပြီး အားတက်မိတယ်။ ဒီလိုနဲ့ ဆက်ရေးပြီး ပို့ရင်းနဲ့ ၂၀၀၅ ခုနှစ် ဩဂုတ်လ မင်္ဂလာမောင်မယ်စာစောင်မှာ ကျွန်မရေးတဲ့ ကျွန်ုပ်၏ ချစ်မိတ်ဆွေ ဆိုတဲ့ စာစီစာကုံးကို ဆုရစာစီစာကုံးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကဆို ဘယ်လိုပြောရမှန်းမသိအောင်ကို ပျော်ခဲ့ရတာပါ။ သူငယ်ချင်းတစ်ယောက်က နင့်စာစီစာကုံး ဆုရတယ် လို့ လာပြောတာနဲ့ ချက်ချင်းစာအုပ်ကိုပြေးဝယ်ပြီး ကြည့်ရတာ။ ကိုယ့်နာမည်လေးနဲ့ ကိုယ့်စာစီစာကုံးလေးကို ကြည့်ပြီး ရင်ထဲကို ဆို့နေတာပဲ။ တစ်အိမ်လုံးရော၊ ဆရာမတွေရော လိုက်ကြွားရတာ အမောပေါ့။
အဲဒီအချိန်က ကျွန်မတို့မြို့မှာ စာအုပ်တွေဝယ်ရတာ ခက်ပါတယ်။ စာဖတ်တဲ့သူသိပ်မရှိတော့ စာအုပ်လိုချင်ရင် ကြိုမှာထားရတာ။ ဆိုင်ကလည်း မှာထားသလောက်ပဲ ဝယ်လာတာ။ အပိုမရှိဘူး။ ဒီတော့ အကြွားကောင်းလိုက်တာ နောက်ဆုံး ကျောင်းအုပ်ဆရာကြီးက သိသွားပါလေရော။ သူကလည်း ဂုဏ်ယူတယ်ထင်ပါတယ်။ စာကြည့်တိုက်ထဲမှာ အဲဒီစာအုပ်ကို မှတ်တမ်းတင်ထားမယ်တဲ့။ အဲဒီမှာ ဒုက္ခရောက်တာ။ စာအုပ်က အပိုမရှိဘူး။ ကျောင်းအုပ်ကြီးတောင်းတာဆိုတော့လည်း မပေးလို့မရ။ နောက်ဆုံးတော့ ကိုယ့်စာလေးပါတဲ့နေရာကို မိတ္တူကူးပြီး တစ်အုပ်တည်းသောစာအုပ်ကို ပေးလိုက်ရပါလေရော။ အဲဒီကနေ သိမ်းထားရင်း သိမ်းထားရင်းနဲ့ နာဂစ်အပြီးနောက်ပိုင်းမှာ ကျွန်မလက်ထဲ အဲဒီစာရွက်တွေ မရှိတော့ဘူး။ ကိုယ့်ဘဝရဲ့ အမှတ်တရလေးဆိုတော့ သတိရမိတိုင်း ပြန်ရှာတယ်။ လုံးဝမတွေ့ဘူး။ နောက်ဆုံးတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်မှာ မင်္ဂလာမောင်မယ် စာအုပ်တိုက်ကို ဖုန်းလှမ်းဆက်ပြီး ပြန်ရှာပေးဖို့ ပြောရတယ်။ သူတို့ကတော့ မေးရှာသား။ ဆုရရင် စာအုပ်တွေလှမ်းပို့တယ်၊ မရဘူးလားတဲ့။ ဆုငွေရော၊ စာအုပ်ရော ဘာမှ ရောက်မလာခဲ့ဘူးလို့။ သူတို့ကတော့ ပို့မှာပါ၊ သေချာပါတယ်။ မရောက်လာတာတော့ ကျွန်မလည်း မသိတော့ဘူး။ ဒါပေမယ့် စာတိုက်ဆိုတာမျိုးက စာပို့ရင်သာ ရောက်တာလေ၊ ပစ္စည်းတွေပို့ရင် ပျောက်တတ်တာက ခပ်များများရယ်။ နောက်ဆုံးတော့ စာအုပ်တိုက်ရဲ့ကျေးဇူးနဲ့ ကျွန်မရဲ့စာအုပ်လေး လက်ထဲကို ပြန်ရောက်လာခဲ့တယ်။
ရောက်လာကတည်းက ရွာထဲမှာ စာတင်ဖို့ စဉ်းစားထားတာ။ ကြွားတယ်ဆိုတာထက် ကျွန်မဘဝရဲ့ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ စာလေးဖြစ်လို့ အမှတ်တရအနေနဲ့ တင်ချင်တာပါ။ ကျွန်မရဲ့ အမှတ်တရတွေကလည်း ရွာထဲမှာပဲ ရှိတာဆိုတော့လေ။ အကြောင်းကြောင်းတွေကြောင့် ကြာနေပေမယ့် အခုတော့ တင်လိုက်ပါပြီ။ ကိုးတန်းနှစ်က ကျွန်မရဲ့ စိတ်ကူးလေးကို ဖတ်ကြည့်ပေးကြပါဦးနော်။
(စာကြွင်း။ ။ အခုချိန်တော့ လာမရေးခိုင်းနဲ့နော်။ ရေးတတ်တော့ဘူး။)
===================================================
ကျွန်ုပ်၏ ချစ်မိတ်ဆွေ
လောကတွင် လူဟူ၍ ဖြစ်လာလျှင် တစ်ဦးတစ်ယောက်တည်းနေ၍ မရပါ။ မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နေရပေသည်။ လူသားတစ်ဦးဖြစ်သော ကျွန်ုပ်တွင်လည်း မိဘဆွေမျိုးများသာမက မိတ်ဆွေအပေါင်းအသင်းမျးာလည်း ရှိပေသည်။ အချို့က ချမ်းသာသော်လည်း အချို့က ဆင်းရဲသည်။ အချို့က ရုပ်ချောသော်လည်း အချို့က ရုပ်မချောပေ။ အချို့က စိတ်ထားကောင်းသော်လည်း အချို့က စိတ်ထားမကောင်းပေ။ အချို့ကို စိတ်ပေါင်းကိုယ်ခွာ၊ အချို့ကို ကိုယ်ပေါင်းစိတ်ခွာ ပေါင်းသင်းရသည်။ အချို့ကိုမူ စိတ်ရောကိုယ်ပါ ပေါင်းသင်းရပေသည်။
ထိုသို့ အမျိုးမျိုးအထွေထွေရှိသည့် မိတ်ဆွေများထဲတွင် ကျွန်ုပ်အနေဖြင့် စိတ်ရောကိုယ်ပါနှစ်၍ ပေါင်းသင်းရသော အချစ်ဆုံး မိတ်ဆွေတစ်ဦးရှိပါသည်။ သူ၏အမည်ပါ ကိုဖြိုး ဖြစ်ပြီး ကျွန်ုပ်နှင့် အတန်းဖော် ဒသမတန်းကျောင်းသားတစ်ယောက် ဖြစ်ပါသည်။ ကိုဖြိုး၏ ပုံသဏ္ဍာန်သည် အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ မျက်ခုံးကောင်းကောင်းနှင့် သွားအနည်းငယ်ခေါပါသည်။ သို့သော် မျက်နှာမှာ အမြဲလိုလိုပင် ရွှင်ပျနေတတ်သည်။ အားလပ်ချိန်များတွင် စာကြည့်တိုက် သို့မဟုတ် စာသင်ခန်းထဲတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို အမြဲလိုလို ဖတ်နေလေ့ရှိသည်။
ကိုဖြိုးသည် သူတစ်ပါးအပေါ်တွင် အကောင်းမြင်ဝါဒရှိပြီး လူတိုင်းကို ကူညီလိုစိတ်ရှိသည်။ မိမိအပေါ်တွင် ကောင်းသူဖြစ်စေ၊ မကောင်းသူဖြစ်စေ အားလုံးအပေါ်တွင် စေတနာထားသည်။ တတ်နိုင်သည့်ဘက်က ကူညီသည်။ ဆရာ၊ ဆရာမများခိုင်းလျှင် မညည်းမညူ လုပ်ကိုင်ပေးသည်။
ကိုဖြိုးနှင့် ကျွန်ုပ်သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာသော ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်ကြသည်။ သို့ရာတွင် ကိုဖြိုးက ကျွန်ုပ်ထက် လအနည်းငယ်ကြီးသည်။ ထို့ကြောင့် အိမ်တွင် တစ်ဦးတည်းသောသားဖြစ်၍ ဆိုးတတ်သည့် ကျွန်ုပ်အပေါ်တွင် အနွံတာခံ၊ သည်းခံသည်။ မှားနေသည်များကို ပြုပြင်ပေးသည်။ နားမလည်သောစာများကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ကျွန်ုပ်စိတ်ကောက်သွားလျှင်လည်း မရမနေ လိုက်ချော့သည်။ ဤမျှ ကျွန်ုပ်အပေါ်ချစ်သော ကိုဖြိုးကို ကျွန်ုပ်ကလည်း ညီအစ်ကိုရင်းတမျှ ချစ်ပါသည်။
ထို့ပြင် ကိုဖြိုးသည် ကျွန်ုပ်၏ အချစ်ဆုံးဖြစ်သကဲ့သို့ ကျွန်ုပ်၏ အလေးစားဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။ ကိုဖြိုးကို ကျွန်ုပ်လေးစားရခြင်းမှာ အကြောင်းရင်းများစွာ ရှိပါသည်။ ကိုဖြိုးတို့မိသားစုသည် ချောင်လည်သော မိသားစုမဟုတ်ပေ။ ကိုဖြိုးသည် မိသားစုတွင် အကြီးဆုံးသားဖြစ်သည်။ ကိုဖြိုး အောက်တွင် ညီငယ်တစ်ယောက်နှင့် ညီမငယ်တစ်ယောက် ရှိသည်။ ငယ်ငယ်ကပင် ဖခင်သေဆုံးသွားသောကြောင့် မိခင်မုဆိုးမသည် လမ်းထိပ်တွင် အကြော်ရောင်းရင်း ကိုဖြိုးတို့ မောင်နှမသုံးယောက်ကို လူဖြစ်အောင် ကျွေးမွေးခဲ့ရသည်။ ထို့ကြောင့် ကိုဖြိုးသည် ငယ်စဉ်ကပင် ရပ်တကာလှည့်၍ အကြော်ရောင်းရင်း မိခင်နှင့်အတူ စားဝတ်နေရေး ဖြေရှင်းခဲ့ရသည်။
ကျောင်းတက်သည့်အရွယ် ရောက်လာပြန်သောအခါတွင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်အပေါ် စာနာစိတ်ထားသည်။ ကျောင်းစရိတ်အတွက် အကြော်သာမက ပန်း၊ ရေခဲချောင်းစသည်တို့ကို လည်ရောင်းခဲ့ရသည်။ ထိုသို့ အလုပ်များကို ပင်ပင်ပန်းပန်း လုပ်ရသည့် ကြားကပင် ကိုဖြိုးသည် အတန်းတိုင်းတွင် ပထမချည်းသာ ရရှိခဲ့သည်။ ထိုအခါ ကျွန်ုပ်က အဘယ်ကြောင့် ဤသို့ ဆုရသနည်းဟု မေးကြည့်သည်။ ကိုဖြိုးက မိမိသည် ငယ်စဉ်ကတည်းကပင် ဆင်းရဲခြင်းဒုက္ခကို ခံစားဖူးပြီဖြစ်သည်။ နောင်အခါ ဤကဲ့သို့ ဆင်းရဲခြင်းမျိုး မခံစားရစေရန် ပညာကို ကြိုးစားနေခြင်းဖြစ်သည်။ မည်သည့်အခက်အခဲနှင့်ပင် တွေ့စေ၊ မည်မျှပင် ပင်ပန်းသည်ဖြစ်စေ “ငါကြိုးစားမှ ဖြစ်မယ်” ဟူသော အသိတစ်ခုနှင့် ကြိုးစားခဲ့သောကြောင့် ဤသို့ ဆုရရှိခြင်းဖြစ်သည်ဟု ပြောပြခဲ့ပါသည်။
ထို့ပြင် စာတော်သူတစ်ဦးဖြစ်သော ကိုဖြိုးတွင် ပြိုင်ဘက်များစွာလည်း ရှိပါသည်။ ထိုသူတို့ကသာ ကိုဖြိုးကို ပြိုင်ကြသော်လည်း ကိုဖြိုးကမူ မည်သူ့ကိုမျှ မပြိုင်ပေ။ ထိုကြားမှ အားလုံးထက်သာနေသည့် အကြောင်းရင်းကို မေးကြည့်ရာမှ ကိုဖြိုးက “မိမိသည် မည်သူ့ကိုမျှ မပြိုင်ကြောင်း၊ သို့သော် မိမိလိုချင်သည့် အမြင့်ဆုံးရည်မှန်းတစ်ခုကို ထားရှိပြီး ထိုရည်မှန်းချက်သို့ရောက်အောင် မိမိဘာသာ မိမိကြိုးစားခဲ့သောကြောင့် အလိုလိုပင် အားလုံးထက်သာသွားခြင်းဖြစ်ကြောင်း၊ အမှန်အားဖြင့် ယှဉ်ပြိုင်ခြင်းသည် အဓိကမဟုတ်ဘဲ မိမိရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနိုင်ရန်သာ အဓိကဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ကျွန်ုပ်သည် ကိုဖြိုး၏စိတ်ဓာတ်နှင့် ခံယူချက်ကို အလွန်ပင် လေးစားမိပါသည်။
ကိုဖြိုးသည် ကျွန်ုပ်အတွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါသည်။ ကျွန်ုပ်သည် အဋ္ဌမတန်း နောက်ဆုံးစာမေးပွဲကြီး ဖြေခါနီးတွင် အပြင်းအထန်ဖျားသည်။ ကျောင်းလည်းမတက်နိုင်၊ စာလည်းမကျက်နိုင်၊ အိပ်ရာပေါ်တွင်သာ ခွေနေရင်း စိတ်ဓာတ်အလွန်ကျနေသည်။ အတန်းဖော်များကလည်း စာကို အသေအလဲ ကျက်နေရချိန် ဖြစ်သောကြောင့် ကျွန်ုပ်ထံသို့ မည်သူမျှ မလာအားကြပေ။ သို့သော် ကိုဖြိုးကမူ ကျွန်ုပ်ထံသို့ လာရောက်အားပေးခဲ့သည်။ စာများကိုလည်း ကူးပေးသည်။ နားလည်သဘောပေါက်အောင်လည်း ဘေးမှနေ၍ ရှင်းပြသည်။ ကျွန်ုပ်အနည်းငယ် သက်သာလာသောအခါတွင် ကျွန်ုပ်နှင့်အတူ မရမချင်း စာကူကျက်ပေးသည်။ ကိုဖြိုး၏ ကျေးဇူးကြောင့် ကျွန်ုပ်သည် အဋ္ဌမတန်းစာမေးပွဲကို ဂုဏ်ထူးမရသည့်တိုင် အမှန်ကောင်းကောင်းနှင့် ဖြေဆိုအောင်မြင်ခဲ့သည်။ အကယ်၍ ကိုဖြိုး၏ အကူအညီကိုသာ မရခဲ့လျှင် ကျွန်ုပ်အတွက် စာမေးပွဲကျရန်သာ ရှိတော့သည်။ ထို့ကြောင့် ကိုဖြိုးသည် ကျွန်ုပ်၏ ကျေးဇူးရှင်တစ်ဦးလည်း ဖြစ်ပေသည်။
သို့ဖြစ်၍ ကိုဖြိုးသည် ကျွန်ုပ်၏သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သကဲ့သို့ အစ်ကိုတစ်ယောက်ဟုဆိုလည်း မမှားပေ။ နေပူထဲတွင် အရိပ်ပေးစွမ်းနိုင်စွမ်းသော ထီးတစ်လက်ကဲ့သို့ အခက်အခဲနှင့်ကြုံလာလျှင် ကူညီဖြေရှင်းပေးသည်။ ကျွန်ုပ်၏ ကောင်းကျိုးကိုသာကြည့်သော မိတ်ဆွေစစ်တစ်ယောက်လည်း ဖြစ်သည်။ ကျွန်ုပ်၏ ဘဝကို အလင်းရောင်ပေးသော မီးအိမ်ရှင်လည်း ဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးရင်းနှင့်မခြားသော ကိုဖြိုးကဲ့သို့ ချစ်မိတ်ဆွေကောင်း တစ်ယောက်ကို ရထားသည့် ကျွန်ုပ်သည် ဤလောကတွင် ကံအလွန်ကောင်းသောသူသာ ဖြစ်သည်ဟု ခံယူမိပါတော့သည်။ ။
28 comments
Myo Thant
January 17, 2014 at 4:04 pm
ကြွားထှာဗျာ ၊
အလကား စတာ ၊ 🙂
ဂုဏ်ယူလျက်ပါ လုံလုံရာ ၊
လုံမလေးမွန်မွန်
January 17, 2014 at 4:24 pm
ကျေးဇူးပါ အူးမျိုးရေ… 🙂
kyeemite
January 17, 2014 at 4:09 pm
ချီးကျုးဂုဏ်ယူပါတယ်မွန်မွန်ရေ…ကိုးတန်းအရွယ်မှာစာစီစာကုံးပြိုင်ပွဲမှာဆုရတာထက်
လူသိရှင်ကြားဖြစ်အောင်ပုံနှိပ်ဖေါ်ပြခံရတာ ပိုပီတိဖြစ်ဖို့ကောင်းတယ်….အကြွားပို့စ်မို့ ဝင်
ကြွားလိုက်အုံးမယ်…ကျုပ်လည်းရတန်းတုန်းက တစ်ကျောင်းလုံးအလွတ်ပြိုင်တာ..ဒုတိယရဖူးကြောင်း…ခိခိ
😀
လုံမလေးမွန်မွန်
January 17, 2014 at 4:27 pm
မျှဝေခံစားပေးတာ ကျေးဇူးတင်ပါတယ်နော် အူးမိုက်..
ဒါနဲ့.. အလွတ်ပြိုင်တယ်ဆိုတာ စာအလွတ်ဆိုတာကို ပြောတာလားဟင်င်.. 🙂
kyeemite
January 18, 2014 at 9:55 am
နိုး…အတန်းမခွဲပဲ ၅တန်းကနေ ၈တန်းထိ ရောပြိုင်တာပြောတာပါ
လုံမလေးမွန်မွန်
January 18, 2014 at 10:17 am
ဝိုး..တော်လိုက်တာ.. တစ်ကျောင်းလုံးမှာ ဒုတိယရတယ်ဆိုတော့ တော်တော် တော်တာပဲနော်… အားကျလိုက်တာ..
KZ
January 17, 2014 at 4:20 pm
သိပ်တော်တဲ့ ညီမလေးးး
:chit:
ဒါနဲ့ အဲ့ ကိုဖြိုးက တကယ်ရှိခဲ့တာလားဟမ်?
😀
လုံမလေးမွန်မွန်
January 17, 2014 at 4:30 pm
အာဘွား.. မမ :chit:
ဟီး.. ဂယ်တော့ အာ့ စိတ်ကူးထဲကရယ်… သူများတွေက သူငယ်ချင်းဆို အပြစ်ပြောစရာမရှိအောင်ရေးကြတာ.. အနော်က သွားခေါတယ်လို့ ထည့်ရေးထားတာ. အကြော်ရောင်းတာက မင်းကတော်ထဲက ဇာတ်လမ်း.. စာတော်တာက အနော့်ခံယူချက်.. စိတ်ထားကောင်းတယ်ဆိုတာက စိတ်ပုပ်တဲ့အနော်က ဖြစ်ချင်တဲ့ပုံစံ.. နောက်ဆုံး..ကိုဖြိုး ဆိုတာက ဖြိုးငွေစိုး ကို အသေကြိုက်ရင်းက ဖြစ်လာတဲ့ နာမည်..
Mr. MarGa
January 17, 2014 at 5:36 pm
အဲဒီအချိန်ကတည်းက မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ဆိုတာကို နားလည်နေတာပါလား :mrgreenn:
Ma Ma
January 17, 2014 at 5:53 pm
တော်လိုက်တဲ့ လုံလုံ။
စာတစ်ပုဒ်ရဲ့မူရင်းအစကို သိရတော့ ပိုပြီးသဘောကျသွားတယ်။ 😀
တိမ်တမန်
January 17, 2014 at 5:59 pm
ကျနော့်မှာတော့ အက်လို ကြွားစရာတောင် မရှိခဲ့ပါဘူးဗျာ။
😆
ကိုယ်က ခုချိန်ထိ စာစီစာကုံးတောင် ဖြောင့်အောင် လှပအောင်
မ ရေးတတ်သေးတော့
မွန်မွန့်ရဲ့အမှတ်တရ ကို အားကျသွားပါတယ် လို ့
•*¨နန်းတော်ရာသူ •*¨
January 17, 2014 at 7:19 pm
ငယ်တည်းကတော်တယ်ဆိုတာ ကြည့်တာနဲ့သိပါတယ်
ရှေ့လျှောက်လည်းအောင်မြင်ဦးမယ့်ကလေးပါပဲ။
🙂
TNA
January 17, 2014 at 7:43 pm
အော်ဇရှိတာကိုး။ ဂုဏ်ယူပါတယ်အမွန်ရေ။ ဒီရွာထဲမှာ ဒီလိုတော်တဲ့လူငယ်လေးတွေရှိတာ အရမ်းဂုဏ်ယူ မိပါတယ်။
လုံမလေးမွန်မွန်
January 18, 2014 at 10:21 am
မိဘကျေးဇူးကြောင့်ပေါ့နော်.. ဘာမဆို ဝင်ပြိုင်တယ်.. အိမ်ကတော့ အစကတားတယ်.. ပင်ပန်းလို့တဲ့.. ဆုလည်း သိပ်မရဘူးလေ.. ဘယ်လိုတားတား မရတော့ မတားကြတော့ဘူး.. ကိုယ်တိုင်ကလည်း နေရာတကာပါချင်တဲ့ရောဂါက တားမရဘူး.. အရင်တုန်းကတော့ အပြိုင်အဆိုင်လည်းရှိတော့ အတော်လေးကြိုးစားခဲ့တာ.. ခုများတော့ ကိုယ့်ဘဝနဲ့ကိုယ် အပျင်းကို တစ်လို့.. 🙂
ကိုပေါက်(မန္တလေး)
January 18, 2014 at 9:47 am
များ များ ကြွား နိုင် ပါ စေ
sorrow
January 18, 2014 at 10:14 am
ှုငယ်ကတဲ့က အလွန်တော် 🙂
Mr. MarGa
January 18, 2014 at 5:32 pm
တော်တယ်လို့တော့ မပြောတော့ဘူး
ရှေ့မှာ ပြောထားကြပြီပဲနော့
ကိုယ့်အကြောင်း ပြန် ဖွရရင်
စာစီစာကုံးဆိုတာ ခပ်ဝေးဝေးမှာ ထားထားတဲ့အထဲ ပါတယ်။
ကောင်းကောင်းမှ မရေးတာကိုး (အခုသာ ဒီလောက်ရေးနေတာရယ်)
အရေးအသား အကြောင်းအရာ မဝေဖန်တော့ပါဘူး
ကျွန်ုပ်လို့ သုံးထားတဲ့ အသုံးရယ်
အဖြစ်အပျက်လေးတစ်ခုကိုပဲ အကြောင်းပြချက်အနေနဲ့ထုတ်ထားတာလေးရယ်ကို သတိပြုမိ။
(အင်း…ရှစ်တန်းတုန်းက ဘာသာစုံ တစ်ခုမှ မချွန်သေးတာတော့ အမှန်)
နောက်လဲ မချွန်ပါဘူးလေ :mrgreenn:
လုံမလေးမွန်မွန်
January 20, 2014 at 3:16 pm
ကိုယ့်ကိုကိုယ် ယောက်ျားလေးနေရာက ရေးထားတာကိုရော..
Mr. MarGa
January 20, 2014 at 4:13 pm
ကျွန်ုပ် ဆိုတာကို သိပ်ပြီး ယောက်ျားလေးဆန်တယ်လို့ မခံစားရသလိုပဲ
ဘာကြောင့်ရယ်မသိ 🙂
မောင်မိုဘိုင်(သလ္လာဝတီ)
January 19, 2014 at 2:23 am
ဦးဦးပါလေရာ မဟုက်ဆိုတော့ ဒေါ်ဒေါ်ပါလေပေါ့…
ဒလိုအရည်အချင်းရှိလို့ ဒလိုနေရာတကာပါရတာ အားကျတယ်ဗျာ
ဦးကြောင်ကြီး
January 20, 2014 at 11:26 am
အယ်လ်အေတိုင်းမ်တို့၊ နယူးယောက်တိုင်းမ်တို့ ဝေါစထရိဂျာနယ်တို့မှာများ ပါလျင် ဘယ်နှယ်နေမည် မသိ.. ဒီမယ် ငမွန်.. နင့်ကိုယ်နင် သိပ်ဟုတ်လှပြီထင်လျင် ပလေးဘွိုင်းမဂ္ဂဇင်းဆီ ဓာတ်ပုံနဲ့စာမူ ပို့ရဲလား၊ အရွေးမခံရတောင် ပို့ရဲလျင်ကို အလေးပြု ပါ့မယ်..။
လုံမလေးမွန်မွန်
January 20, 2014 at 3:16 pm
အလေးပြု မခံချင်သောကြောင့် ဘာမှ မလုပ်ပါ.. 😛
Ma Ei
January 20, 2014 at 11:28 am
စာထဲက ကိုဖြိုးကဲ့သို့ ချစ်မိတ်ဆွေကောင်းများ
တစ်ကယ်ရလို့ ဆက်လက်ကြွားနိုင်ပါစေ…
လုံမလေးရေ…
surmi
January 20, 2014 at 12:19 pm
တောက်မည့်မီးခဲတရဲရဲ တဲ့
အော်…
တကယ်ကို ဟုတ်နေတာကိုး …
🙂
kai
January 20, 2014 at 2:42 pm
ဘိုလိုရေးလေ..
သတင်းစာထဲပုံနှိပ်ဖေါ်ပြပေးမယ်..။
လုံမလေးမွန်မွန်
January 20, 2014 at 3:18 pm
ဘဂျီး.. အာ့ essay ထဲက အိုင်ဒီယာပါတယ်…
ရှစ်တန်းစာမေးပွဲရက်မှာ ဖျားလို့ စာမကျက်နိုင်တာ.. သူငယ်ချင်းက လာကူညီတာတွေက My best friend essay ရေးတုန်းက အိုင်ဒီယာကို မြန်မာမှုပြုထားတာ..
လူကလေး
January 20, 2014 at 5:02 pm
အမလေး. .ငါ့သူငယ်ချင်းလေး တော်လိုက်ထှာ.. တဂယ်ပြောတာနော်
padonmar
January 20, 2014 at 9:28 pm
ကြွားထိုက်ပါတယ်ကွယ်။
အန်တီလည်း ငယ်ငယ်က စာစီစာကုံးပြိုင်ပွဲတွေ ဝင်ရတာ ဝါသနာပါတယ်။ဒီလိုတော့ တခါမှ ဆုမရဖူးဘူး။
လက်ရွေးစင်ထဲ တခါလားပါဖူးတယ်။မြို့နာမည်နဲ့ ဆရာမနာမည်ပါထည့်ပေးတယ်။
အဲဒီမှာ ကိုယ့်နာမည်လေးပါတာကို ကြည့်မဝဘူး။
နှစ်ပေါင်းများစွာသိမ်းထားသေးတယ်။
ခုတော့ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။
ငယ်ဘဝ အိပ်မက်ထဲ စာရေးဆရာမ ဖြစ်ချင်တာလည်းပါခဲ့တယ်။
အင်း…အခုတော့ ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ…