လွဲနေသော ဆုံမှတ်တစ်ခု၏ ဆန်ကျင့်ရာ-သော်ဇင်(လွိုင်ကော်)

(၁)

သည်ရွာကလေးအေးဆေးလွန်းသည်။ စိမ်းလန်းသော တောင်တန်းများနှင့် ရွာပတ်လည် ယာခင်းများက သည်ရွာ၏ အလှကိုပံ့ပိုးပေးထားသည်။ မြေနီနီလမ်းလေးတစ်လျှောက် ဖုန်မည်မျှထူပါစေ ရွာထဲရောက်လျှင်တော့ စိတ်အမောတွေ တစ်ဟုန်ထိုးလျှောကျသွားရစမြဲ။ ရွာသူ ရွာသားများ၏ နူးညံ့ဖော်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှုတွေနှင့်တင် မောသမျှ ပမ်းသမျှပြေပျောက်သွားရသည်။ ဒါက ပြီးခဲ့သော တစ်နှစ်နှစ်ခန့်က။ ခုတော့ ရွာထဲဝင်လိုက်သည်နှင့် မာထန်နေသော မျက်နာများက အိမ်တိုင်း အိမ်တိုင်းဆီမှာ။ မလိုလားသည့်အရိပ်အရောင်တွေကိုယ်စီကိုယ်ငှနှင့်အရင်လို အရယ်အပြုံး မျက်လုံးတွေနှင့် မကြိုတော့။ ရွာကိုမည်သည့်အရာတွေက ပြောင်းလဲပစ်လိုက်သလဲ မပြောတတ်။ အထူးခြားဆုံးက စိတ်သဘောထား နူးညံ့လှသော ရွာလူကြီး ဦးမော်ရယ် ပင်ဖြစ်သည်။ ဦးမော်ရယ် မည်သည့်အကြောင်းကြောင့် သူတို့အဖွဲ့ကို ရွာထဲမလာစေချင်ရတော့သည်လဲ။ မလိုလားသည့် စကားများပြောလာရသည်လဲ။ သူ သိချင်နေသည်။ သူတို့အဖွဲ့သားတွေလည်း သိချင်နေသည်။

သို့သော် မည်သူမျှ ထုတ်ဖော်မမေးကြ။ လူဖြောင့်စိတ်တိုဖြစ်သူ ဦးမော်ရယ်ကိုလည်းတိုက်ရိုက်ကြီး မမေးရဲ။ စကားကိုအပိုအလိုမပြောတတ်သော ဦးမော်ရယ်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကိုမကျေမလည်ဖြစ်နေခဲ့ခြင်းလော။ ဦးမော်ရယ်က တစ်ခွန်းဆိုတစ်ခွန်း သည်ရွာကို ဩဇာလွှမ်းမိုးနိုင်သူ။ ဦးမော်ရယ်က ဒါဆိုလျှင် ဒါလိုက်ကြသည်။ ထိုသည်က ဦးမော်ရယ်ကိုကြောက်၍မဟုတ်။ သဘောမှန် မနောမှန်သော ဦးမော်ရယ်၏လုပ်ရပ်များသည် သည်ရွာအတွက် အမြဲမှန်ကန်ခဲ့၍ဖြစ်နေသည်မှန်းလည်း သိထားသည်။

သူ သည်ရွာကိုလာရသည်မှာ အမှန်အတိုင်းပြောရလျှင် စိတ်ကျဉ်းကျပ်သည်။ ခုလက်ရှိ သူတို့အဖွဲ့နေရန်အတွက်ပေးထား သောအိမ်သည် ဦးမော်ရယ့် အမျိုးသမီးဒေါ်ဘိုးမယ်၏ မိဘပိုင်အိမ်ဖြစ်သည်။ ဒေါ်ဘိုးမယ်၏ မိဘများ ဆုံးပါးသွားပြီး အိမ်လွှတ်နေသဖြင့် သူတို့အဖွဲ့စီမံကိန်းအတွက် ဦးမော်ရယ်က ပေးနေထားခြင်းဖြစ်သည်။ သည်အိမ်ကြီးသည်ပင် သူ့အတွက် ကိုယ့်အိမ်ကိုယ်ယာလိုဖြစ်နေခဲ့ပြီ။ သို့သော် ယခုတွင် သည်အိမ်ကြီးသို့ဝင်လာရတိုင်း မာထန်နေသော ဦးမော်ရယ်၏ အကြည့်များကြောင့် အိမ်ရှင့်မျက်နာကိုအရိပ်တကြည့်ကြည့်နေရသော ဧည့်သည်ဖြစ်သူ သူ့အတွက် ဘယ်မှာလာ စိတ်သန့်မည်နည်း။

ယခုဆိုပိုဆိုး၏။ သည်သတင်းတစ်ပတ်အတွင်း သည်ရွာတွင်ပြုလုပ်ရမည့် ကမာ္ဘ့အေအိုင်ဒီအက်စ်နေ့အတွက် အခမ်းအနားပြင်ဆင်ရန် သူ့တို့အဖွဲ့ရောက်ရှိရခြင်းဖြစ်သည်။ ထိုအခမ်းအနာပြုလုပ်မည့်အကြောင်း ဦးမော်ရယ်ကို လူကြုံနှင့် သူတို့ယခင်တစ်ပတ်က စာပါးလိုက်သည်။ ထူးခြားသည်က ခါတိုင်းလို လူကြုံနှင့်လည်းစာမလာ၊ ဘာတွေပြင်ဆင်ရန်လိုအပ်သလဲဟုလည်းအကြောင်းမပြန်ပဲ ဦးမော်ရယ် တိတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။

တစ်ရက်တွင်တော့ စာလုံးလေး လေးကြောင်းလောက်ကို မညီမညာလက်ရေးလက်သားနှင့် စာတစ်စောင် လူကြုံပါးလာသည်။ ထိုစာထဲတွင်

“မောင်ရင်တို့အဖွဲ့ ဦးတို့ရွာမှာပြုလုပ်မယ့် အခမ်းအနားအတွက် ဘာတွေစီစဉ်ထားသလဲဆိုတာကို အရင်စာကြမ်းပို့ပေးပါ။

ဒါမှ ဦးတို့ရွာမှာလက်ခံသင့်မသင့် စဉ်းစားပေးနိုင်မယ်။

မော်ရယ်

ချမ်းသာကုန်းကျေးရွာ

ဒီမောဆိုမြို့နယ် “

(၂)

ကမာ္ဘ့အေအိုင်ဒီအက်စ်နေ့အခမ်းအနားအတွက် သူတို့ရောက်လာပြီဟု သတင်းပို့ချိန်တွင် ဦးမော်ရယ်မရှိ။ ရက်က တဘက်ခါ။ တိတိကျကျဆိုလျှင် ဒီဇင်ဘာလ(၁)ရက်နေ့။ သူတို့ကို ကူညီမည့် စေတနာ့ဝန်ထမ်း(Volunteer) (၅)ယောက်နှင့် သည်ရွာရှိ ရွာသူစေတနာ့ဝန်ထမ်း (၅)ယောက်ခန့်ကို သူတို့ အခမ်းအနားတွင်လုပ်ဆောင်ရမည့် အလုပ်တွေကိုတစ်ချက်ချင်း ပြန်ဆွေးနွေးဖြစ်သည်။ ဖဲကြိုးနီအမှတ်အသားနှင့် သူတို့အဖွဲ့အစည်းကို ပံ့ပိုးကူညီနေသော Donor Logo ရိုက်နှိပ်ထားသော အကျီများကိုလည်း သေသေသပ်သပ်ထုတ်ပိုးထားပြီးပြီ။ ပြီးတော့ ကျန်းမာရေးဌာနခွဲနှင့် ကုမ္ပဏီတစ်ခုမှာ စပွန်ဆာပေးထားသော ကွန်ဒုံးများကိုလည်း ကမ်းရမည့်အနေအထားအတိုင်း စီစဉ်ထားပြီးပြီ။ ရွာသူရွာသားများကို မေးမြန်းရမည့် မေးခွန်းများ၊ ပညာပေးဆွေးနွေး ဟောပြောပို့ချချက်များ၊ လက်တွေ့ပြသချက်များကိုလည်း စနစ်တကျ ပြင်ဆင်ထားပြီးပြီ။

ထိုအရာတွေပြည့်စုံရုံနှင့် သူတို့ကျင်းပမည့်အခမ်းအနားကြီး ဖြစ်မြှောက်လာမည်မဟုတ်။ အဓိကက ကျေးရွာလူထု၏ ပါဝင်မှုဖြစ်သည်။ သို့အတွက် သူ စိုးရိမ်နေသည်။ အလျှင်ကလို ကျေးရွာလူထုကြီး တက်တက်ကြွကြွပါဝင်လာနိုင်ဖို့ကို သူ မမျှော်လင့်ရဲ။ ယခုပင်လျှင် သူစိတ်ဆင်းရဲရသည့် အကြောင်းတစ်ရပ်က ရှိနေပြီ။ မနက်ပိုင်းက စေတနာဝန်ထမ်းရွာသူတစ်ဦးဖြစ်သူ မြာမိုး သူ့ကိုလာတွေ့သည်။ မျက်နာကသိပ်မရွှင်။ တောင်ပေါ်သူ တောင်ပေါ်သားပီပီ စကားကို မည်သည့်ပလ္လင်မျှမခံပဲ တည့်ကြီးပြောချကာပြန်သွားသည်။

“ဆရာ မြာမိုးတို့ မနက်ဖြန်ပွဲအတွက် မပါတော့ဘူး။ အဲဒါလာပြောတာ ဆရာ။ မြာမိုးသွားတော့မယ်“

ဒါပဲ။ စကားက။ မည်သည့်စကားလုံးမျှအပိုပြောမသွား။ အကြောင်းပြချက်တစ်ခုတစ်လေမျှ မပေးသွား။ သူပင်ကြောင်အပြီး တစ်ခွန်းမျှပြန် မမေးလိုက်ရ။ တစ်စုံတစ်ခုဖြစ်နေသည်ကတော့ သေချာနေမှန်းလည်း သိနေသားနှင့် မည်သည့် အကြောင်းလဲဟု မသိရသည်မှာ ဆိုးရွားသော စိတ်ဒုက္ခတစ်ခုဖြစ်သည်။

မနက်ဖြန် အခမ်းအနားကိုတက်ရောက်ကြဖို့ သူ့အဖွဲ့ထဲမှာ စေတနာ့ဝန်ထမ်း မောင်စိုးရယ်ကို တာဝန်ပေးလိုက်သည်။ တစ်ရွာလုံးအိမ်ပေါက်စေ့လိုက်လံဆော်အောပြောဆိုပေးဖို့၊ ပြီးတော့ ဆက်ဆက်တက်ရောက်ကြဖို့ သေချာမှာလိုက်သည်။ ညနေစောင်း မောင်စိုးရယ်ပြန်ရောက်လာချိန်တွင် မျက်နာမသာမယာနှင့် သူ့ကိုကြည့်သည်။ ပြီးတော့

“ဆရာ မနက်ဖြန်အတွက် လူဦးရေဘယ်လောက်ပွဲတက်မယ်လို့မှန်းထားလဲ“ ဟုမေး၏။

“ဆရာက ပတ်ဝန်းကျင် မယ်ဇယ်ကုန်း၊ ရှားပင်၊ ငွေတောင် သုံးရွာပေါင်းရင် ခုနှစ်ရာလောက် မှန်းထားတယ်“

“မထင်ဘူးဆရာ“

“ဟေ ဘာလို့လဲကွ“

“ဒီရွာမှာ ဆရာ့ပွဲဖြစ်ပါစေဦးလို့ ဆုအရင်တောင်းရလိမ့်မယ် ဆရာ“

(၃)

“အဲဒါ ဘာလုပ်တာလဲ“

လက်တွေ့ပြသနေသော သူ့လက်ပင် ဆတ်ခနဲတုန်သွားသည့် အသံသည် ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ဘေးတစ်ဘက် တစ်ချက်ဆီက ရွာနီးချုပ်စပ်လူများက အလယ်လျှောက် လမ်းတည့်တည့်ပေါ် ခပ်မြန်မြန် လျှောက်လာနေသော ဦးမော်ရယ်ကို အံ့ဩစွာ ကြည့်နေကြ၏။ အားလုံးတိတ်ဆိတ်စွာ ငေးကြည့်နေသည့်အပေါ် ဦးမော်ရယ် ဂရုမစိုက်။ စင်မြင့်ထက်က ကျွန်တော့်တို့အဖွဲ့ကိုသာ စိုက်ကြည့်နေသည်။ မျက်ဝန်းများ မီးတောက်နေသည့်ပမာ ရှိန်ရှိန်ငြီး ဒေါသတွေသမ်းနေသည်။

“ဒီမှာဆရာလေး ဆရာလေး ခုပြသနေတာတွေကိုချက်ချင်းသိမ်းပါ။ ပြီးတော့ သည်ရွာကနေ နေ့ချင်းထွက်သွားပါ။“

“မဟုတ်သေးဘူး“

“ဘာမှမလိုချင်ဘူး။ ဆရာလေးပြောလာမယ့် စကားတွေကိုနားထောင်ဖို့လာတာမဟုတ်ဘူး။ ဆရာလေးကိုပြောဖို့လာတာ။ သိမ်းဆို ခုသိမ်းဗျာ ကြာတယ်။ ကြာရင် ကျုပ်စိတ်ကျုပ်ထိန်းနိုင်မှာမဟုတ်ဘူး။ဘယ်နှယ့် ရွာကိုလာပြီး မိုက်ရိုင်းတာတွေ လာပြနေတာ။ ဆရာလေးတို့အလုပ်က ကျုပ်ရွာသားတွေကိုဖျက်စီးနေတာ“

ထိုင်နေသော လူတွေကလည်း ရုတ်ရုတ်သဲသဲအခြေအနေမို့ထင်သည် ထိုင်ရာမှ မိုးတိုးမတ်တပ်တွေရပ်ကုန်ကြ၏။ သူ့လက်ထဲက ယောကျာ်းအင်္ဂ ါအတုနှင့် ကွန်ဒုံးကိုကြည့်ပြီး ဦးမော်ရယ် ဒေါသချောင်းချောင်းထွက်ခြင်းလား။ ဦးမော်ရယ် နားလည်မှုလွဲနေခဲ့သလား။ ရှေးရိုးထုံးစံတွေနှင့် အေးချမ်းလှသော ရွာကလေးကို သူတို့ဖျက်စီးနေခဲ့သည်ဆိုသောအစွဲကို ဦးမော်ရယ်ဘယ်အချိန်ကတည်း ရနေခဲ့သလဲ။ သူတို့သည်ရွာ၏ ရိုးရာဓလေ့၊ ကိုးကွယ်ယုံကြည်မှုတွေကို မထိခိုက်မစော်ကားခဲ့သည်မှာ သေချာသည်။

ရပ်ရွာ၏ပတ်ဝန်းကျင် ညစ်ညမ်းအောင်ပြောဆိုခြင်း၊ နေထိုင်ခြင်းကအစ ဂရုစိုက်ကြသည်။ သူတို့အလုပ်၏ ပေါ်လစီတွင် ရွာသူရွာသားများအား မည်သည့် အကြောင်းနှင့်မှ မျှော်လင့်ချက်မပေးရ။ ထိုကဲ့သို့သော အပြုအမူ အပြောအဆိုများကိုလည်း ရှောင်ကြဉ်ရသည်။ အဓိက ကျေးရွာသူ ရွာသားများ အသိပညာ တစ်ခုခုတိုးအောင်၊ အများနှင့် ပူးပေါင်းပါဝင်လာအောင် စသည်တို့ကိုသာ ပြုမှုခဲ့သည်။ ခု ဦးမော်ရယ်က သူ့တို့ကို ရွာသားတွေကို ဖျက်စီးနေသူတွေဟာ စွတ်စွဲလာလေပြီ။ အဘယ့်ကြောင့်နည်း။

သူ့အမြင်အရ သည်ရွာလေး စည်ဖြိုးလာသည်။ မြို့နှင့်အရောက်အပေါက်စိတ်လာသည်။ ကျောင်းတက်သည့် ကလေးဦးရေများလာသည်။ ဆိုလာပြားတွေတပ်ဆင်ပြီး ညဘက် တီဗွီကြည့်တတ်လာသည်။ သီချင်းသံလေးတွေ ကြားလာရသည်။ လူငယ်တွေ ဝတ်စားဆင်ယင်ပုံပြောင်းလာသည်။ ပြောင်းလဲမှုတွေသာများလာသည်ကိုသာမြင်ရသည်။ မည်သည့်အရာများ ပျက်စီးသွားခဲ့သလဲဆိုတာ မသိ။ ဦးမော်ရယ်ကို ရဲရဲကြည့်လိုက်ပြီး မေးရမည့်စကားတွေအတွက် တံထွေးတွေကို အရင်မြိုချဖြစ်သည်။ ဦးမော်ရယ်ကတော့ ခက်ထန်နေဆဲ။

(၄)

“ကျွန်တော်တို့လုပ်နေတာ ဖွံ့ဖြို့းရေးပါ ဦး“

“ဘာဖွံ့ဖြိုးရေးလဲ ဖျက်စီးရေးလုပ်နေတာ။ အစက ငါတို့မင်းတို့ကိုဝင်ခွင့်ပေးလိုက်မိတာ မင်းတို့ဖျားယောင်းမှုကြောင့်ကွ“

ဖျားယောင်းမှုဟု ဦးမော်ရယ်သုံးလာသည်။ သူတို့ရွာကို ဘာတွေဖျားယောင်းခဲ့ပါသလဲ။ သေချာသည်ကတော့ ဖျားယောင်းမှုမပါ စေတနာသည်သာအဓိကထားခဲ့ကြသည်။ သူတို့လုပ်ပိုင်ခွင့် ဘောင်တစ်ခုထဲတွင် ရွာအတွက် လုပ်ပေးနိုင်သည်မှန်သမျှကို အစိုးမရမဟုတ်သော အဖွဲ့အစည်း၏ လမ်းညွှန်ချက်အတိုင်း ဖြည့်ဆည်းပေးခဲ့ကြသည်။ ယခင်က သေသပ်မှုမရှိသော မူလတန်းကျောင်းနှင့် အိမ်သာ။ အချို့အိမ်များအတွက် အိမ်သာ။ ပြီးတော့ စိမ့်စမ့်ရေကို ယခင်ထက်ပိုကောင်းသော ရေသွယ်စနစ်နှင့် မိုးရေလှောင်ကန် စသည်များ ရွာအတွက် စနစ်တကျနှင့် ကျေးရွာလူထုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်တုန်းက လုပ်သမျှပင်ပန်းသော်လည်း မောသမျှပြေခဲ့ပါသည်။ ဖော်ရွေပျူငှာသော စကားများ၊ အရိုးခံဖြူစင်သော ရွာသူရွာသားများ၏ နှစ်လိုကြည်ဖြူမှုတစ်ခုတည်းနှင့်။ ခုတော့ မည်သည့်အကြောင်းရယ်ဟု ဘဲဥလား ကြက်ဥလား ကွဲကွဲပြားပြားသိရတော့မည်။

“ကျွန်တော်တို့ဘာမှမဖျားယောင်းပါဘူး ဦး။ ကုန်ကုန်ပြောရရင် ရွာကို ဘာရမယ် ညာရမယ်၊ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်လို့လည်း တစ်ခါမှမပြောကြပါဘူး။ မျှော်လင့်ချက်မပေးတာပါ။ လူဆိုတာ မျှော်လင့်ချက်ပေးရင် လိုချင်တတ်ကြတာထုံးစံပါ။ အဲဒါမျိုးတွေမဖြစ်အောင်လို့ ရွာကဘာတောင်းတောင်း ရမယ်မရဘူးဆိုတာကို တင်ပြပေးပါ့မယ်ဆိုတဲ့စကားလုံးတွေ လှိုင်လှိုင်ကြီးသုံးပြီး ပြောခဲ့တာတွေပဲရှိတယ်။ ခု ဦးပြောတာက အဲဒီအကြောင်းနဲ့တော့ သိပ်သက်ဆိုင်မယ်မထင်ဘူး“

“ဆိုင်တယ် မောင်ရင် မောင်ရင်မသိတာတွေအများကြီးရှိတယ်။ မင်းတိုဝင်လာပြီးကတည်းက ငါ့ရွာလေးထိန်းမနိုင်သိမ်း မနိုင်ဖြစ်လာရတာ တစ်နှစ်ပြီးတစ်နှစ်ကွ“

စိမ်းစိုညိုမှောင်နေသော ရွာဘေးပတ်ဝန်းကျင်က အရောင်ဖျော့သွားသလား။ သူ မျက်မှောင်ကြီးကုတ်ပြီး စဉ်းစားရပြီ။ လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်။ ရွာကိုလာသည့်လမ်းက မချော့မွေ့ ခုလည်းဖုန်ထူနေသေးသည် ယခင်လောက်မဆိုးတော့။ အိမ်ထဲတွင်သာ တံခါးပိတ် ဈေးရောင်းတတ်သည့် စနစ်ကနေ ဆိုင်ရယ် ခန်းရယ်နှင့်ဖွင့်လာကြသည်။ ပြီးတော့ရော၊ တံခါးဖွင့်ဝါဒနှင့် ကူးသန်းရောင်းဝယ်တတ်လာသည့် ရွာကလေး ထိန်းမနိုင်သိမ်းမနိုင်ဖြစ်အောင် မည်သည့်အရာတွေက လှုပ်ခါသွားခဲ့သလဲ။

ဖွံ့ဖြိုးတိုးတက်မှုနည်းနေသော ပြည်နယ်အတွင်းကရွာတွေကို ဂလိုဘယ်ခေတ်နှင့်အညီ ကမာ္ဘကရွာ ရွာက ကမာ္ဘဖြစ်အောင် အဖွဲ့အစည်းအသီးသီးက စေတနာနှင့် ပံ့ပိုးလာကြသည်။ ထိုအထဲမှ သူတို့က ပရဟိတစိတ်ကိုအရင်းခံပြီး ကိုယ်တိုင်မစွမ်းဆောင်နိုင်သည့်အနေအထားကို လက်တွဲကူညီခြင်းဖြင့် တိုးတက်စေခြင်းသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အလုပ်မို့ သူပျော်မွေ့ခဲ့သည်ပင် ခြောက်နှစ်ကျော်ခဲ့ပြီ။ အလုပ်ဝင်ကတည်းက သည်ရွာနှင့်သူရင်းနှီးခဲ့ရသည်။ သည်ရွာ၏အရိပ်အခြေသည် သူ။ သူသည် သည်ရွာ၏ ပုံရိပ်၏ဟုခံယူထားခဲ့သည်။ ယခုတော့ သည်ရွာသည် ဖျားယောင်းသွေးဆောင်မှုခံယူခဲ့ရသည်ဟု ဆိုလာတော့ ရင်ထဲတွင် ဝမ်းပန်းတနည်းနှင့် ဦးမော်ရယ်ကိုမော့ကြည့်ရသည်။ ဦးမော်ရယ် ငေးကြည့်နေသော နေရာကိုကြည့်တောင် ဝါးရုံတော။

(၅)

“ငါတို့ဘာမှမသိခင်က ဒီဝါးရုံတောက ဝါးမျှစ်တွေကိုပဲ ဟင်းလုပ်စားခဲ့ကြတာ။ မိုးအခါ အင်းဥရှာ၊ မှိုရှာနဲ့ ဖား၊ငှက်ရှာစားလာခဲ့ကြတာ။ မင်းတို့ရောက်လာမှ အစားအစာကို ဘယ်လိုအဟာရမျှတအောင်စားရမလဲဆိုတာတွေ ဖြစ်လာတယ်။ အရင်ကတောတိုးခဲ့ရတဲ့အနေအထားက အိမ်မှာ ချေးယိုသေးပေါက်တတ်လာရတယ်။ အရင်က အဝတ်တစ်စုံရှိရင်ကျေနပ်ရောင့်ရဲနေတတ်တဲ့ သွားချင်လာချင်စိတ်မရှိတဲ့သူတွေက မြို့ကို ခြေချင်မလျှောက်ချင် စက်တပ်ယာဉ်တွေအားကိုးလာတတ်ခဲ့တယ်။ ခုဆို ဆေးမြီးတိုတွေအစား မင်းတို့ညွှန်တဲ့ဆေးညွှန်းတွေနဲ့ ငါတို့ ကျန်းမာရေးကိုအထောက်အကူပြုကြရတယ်။ စာမတတ်ချင်နေပါစေဆိုပြီး နေတတ်ခဲ့တဲ့သူတွေက ကလေးတွေကို ကျောင်းထားခဲ့ကြရပြီ။ လူငယ်ဆိုလည်း လူငယ်အလျှောက်ခေတ်ကို မျက်ခြေမပြတ်အောင်မင်းတို့ လက်ရှိကမာ္ဘကြီးရဲ့ဖြစ်တည်မှုကို နား၊ မျက်စိတွေနဲ့ ကြားတတ် မြင်တတ်လာအောင်လုပ်နိုင်ခဲ့ကြပါတယ်။ ရွာနဲ့ဝေးတဲ့ စိမ့်စမ်းရေကခုတော့ ရွာထဲမှာ ပိုက်ခေါင်းကလေးလှည့်ဖွင့်ရုံနဲ့ ရေရနေပြီ။ လုံးတီးဆန်အစား ခုဆို ဖြူဖွေးတဲ့ငစိန်ဆန်တွေမှ ငါတို့စားတတ်လာရတာ မင်းတို့ကျေးဇူးတွေဆိုတာ ငါမသိ မဟုတ်ဘူး။ တစ်ရွာလုံးသိကြတယ်။“

“ပြီးတော့ အဲဒီအကျိုးရဲ့ အပြစ်တွေကိုလည်းတစ်ရွာလုံးသိနေကြပြီ“

“ဒီမှာမောင်ရင် မျက်စိဖွင့်ပေးတဲ့ အတွက်တော့ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ခေတ်နဲ့လျော်ညီ တိုးတက်လာအောင်လုပ်ပေးခဲ့တဲ့ စေတနာတွေကိုတော့ ဦးအသိအမှတ်မပြုချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အရင်က ဘာမှမသိမတတ်တာတွေက ဘာအလို ဘာလောဘ အပူမှမရှိဘူး။ ဟောဒီရွာက ယာခင်းတောင်ယာခင်းကထွက်တဲ့ ဗူး၊ဖရုံ၊သခွားကိုပဲ ဟင်းလုပ်စားတတ်ခဲ့နေသားကျနေတာကို မင်းတို့က ဖွံ့ဖြိုးတိုးတက်အောင်လုပ်လိုက်တာဟာ ဦးတို့ရွာကို မင်းတို့ဖျက်စီးလိုက်တာပဲ။ အမြင်တွေဖွင့်ပေးလိုက်သမျှဟ မျက်စိတွေပွင့်သွားတာပဲရှိတာ အဘက်ဘက်ကပြည်စုံကုံလုံလာတာ ဘာမှမရှိဘူးလေ။ ခု ဦးတို့ပြဿနာတက်နေတာက ဦးတို့ရွာသူရွာသားတွေရဲ့ သားသမီးမြေးမြစ်တွေရဲ့ စိတ်ကို တင်းတိမ်ရောင့်ရဲအောင်လုပ်မရတော့တာပဲ။ ခေတ်ကိုအမီလိုက်ချင်တဲ့လူငယ်နဲ့ လူကြီးကြားမှာ ကွာဟချက်က ဖွံ့ဖြိုးတက်စေဖို့သက်သက်ချည်းမဟုတ်ဘူး။ ခု မောင်ရင်တို့လာပြီး ပညာပေးဟောပြောပို့ချတဲ့ ကျန်းမာရေးအမြင်ဖွင့်တာတွေဟာ လူငယ်တွေအတွက် လက်တည့်စမ်းဖို့ဖြစ်နေတယ်။ လူကြီးတွေအတွက် ရှက်ရွံ့မှုတွေဖြစ်နေတယ်။ အရှက်အရွံ့ကြီးတတ်တယ် ဦးတို့လူကြီးတွေက ခုတော့ မရှက်တတ်တော့တဲ့ လူငယ်တွေကြောင့် စိတ်ပင်ပန်းနေကြရတဲ့။ မောင်ရင်တို့ဖြစ်ထွန်းစေတာ အကျိုးတွေပါ။ ဦးတို့လက်ခံနေရတာ အပြစ်တွေပါ။“

နောက်ထပ် ဦးမော်ရယ်ပြောနေတာတွေ သူ့နားထဲမကြားတစ်ချက်ကြားတစ်ချက်။ လိုအပ်ချက်တွေအများကြီးရှိနေသည်။ ပေးသူက ပေးနိုင်သလောက်လေးပေးပြီး ကျေနပ်သွားမည်ထင်သော်လည်း ယူသူဘက်က တစ်ခါစားဖူးသည် စားကောင်း သောက်ဖွယ်ရာတွေကို ပြန်တမ်းတတတ်သည် ဆိုသည်ကို မေ့နေကြသည်လား။

ရွာကလေးပြောင်းလဲနေပေပြီ။ ထို့အတူ ဝါးရုံတောလေးလည်း ပြောင်းလဲနေပေပြီ။ သူတောင် ဦးမော်ရယ်ကို ဘာစကားမှမပြောတော့ပဲ တိတ်ဆိတ်နေခဲ့ရသည်။ ပြောစရာစကားမရှိ၍မဟုတ်။ မပြောဖြစ်ခဲ့ခြင်းသာ။

“ဘာမှမသိ၊ ဘာမှမမြင်တတ်ခဲ့ရင်တော့ ကျောက်ခေတ်လူသားလိုပဲ အသားကိုအစိမ်းစားခြင်းနဲ့ လူ့ဘဝကို ရှင်သန်နေရလိမ့်မယ် ဦး“

သော်ဇင်(လွိုင်ကော်)

Date-13th-Jan-2013

Time-04:36PM

 

12 comments

  • kyeemite

    January 20, 2014 at 11:56 am

    အင်း…စဉ်းစားစရာတွေတသီကြီးရသွားတယ်…ကိုသော်ဇင်ရေ
    ရွာလူကြီး ဦးမော်ရယ်ပြောတာလေးစဉ်းစားစရာပါပဲ… 🙄

  • ်ဟုတ်တယ်.. ကိုသော်ဇင်ရ.. ကျွန်မတို့မှာ အစွန်းနှစ်ဖက် အမြဲတမ်းရှိတယ်…
    အဲဒီကြားက အလယ်အလတ်ကို ရပ်တည်ဖို့ အလွန်ခက်ခဲတယ်…

    ဒါကြောင့် mindset တွေကို အရင်ပြင်ရမယ်လို့ ပြောတာ.. အဲဒါပြင်ဖို့ဆိုတာကလည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းဆိုတဲ့ ပညာရှိမှ ရမှာ.. အခုတော့ ကိုယ်က စေတနာနဲ့ ပြုပြင်ပြောင်းလဲပေးပေမယ့် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေကတော့ တလွဲအသုံးချပြီး လမ်းမှားကို လျှောက်တော့တာပဲ..

    • ဟုတ်ပါတယ်။ တကယ်တော့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ဖို့နဲ့ အကျိုုးအပြစ်ရလဒ်တွေကို လက်ခံနိုင်အောင်(သို့မဟုတ်)လက်ခံတတ်အောင် ရွာခံတွေရဲ့စိတ်ကိုလည်း မြှင့်တင်ပေးဖို့လိုပါတယ်။ ပြုလုပ်သူနဲ့ ပြုလုပ်ခံရသူနှစ်ဦးနှစ်ဖက် Balance ဖြစ်မှအဆင်ပြေနိုင်မှာပါ။ ဒီကြားထဲမှာမှ ရှေးရိုးဆန်တဲ့လူမျိုးတွေကိုတွေ့ကြုံလာရပြီဆိုရင်တော့ လုံမလလေးမွန်မွန်ရေ အစွန်းနှစ်ဖက်စလုံး မတိမ်းမစောင်းဖို့ဆိုတာ ချိန်ခွင်လျှာလို့ညှိယူဖို့ဆိုတာဟာ
      မလွယ်ရေး ချ မလွယ်ပါဘူးဗျာ…။ ကျေးကျေး။

  • Mr. MarGa

    January 20, 2014 at 8:04 pm

    ကိုသော်ဇင်ရေ
    ကျနော် မှတ်ချက်မပေးတတ်တော့ဘူးဗျာ
    ဟိုဘက်ကလဲ မမှား
    ဒီဘက်ကလဲ မှန်နေတဲ့ အခြေအနေတွေ ဆိုတော့
    ကြားကနေ အဆင်ပြေပြေဖြစ်မယ့် အခြေအနေတစ်ခုကို အတော်တွေးယူရမယ်။
    ဘာမှမသိ ဘာမှမမြင်တာကလဲ မကောင်းသလို
    သိလာပြီးတော့ ဒီရေစီးကြောင်းနောက် တကောက်ကောက်လိုက်နေမိတာကလဲ မကောင်းပြန်……..
    ဆိုတော့
    ပိုနေမြဲ ကျားနေမြဲ က ပိုသင့်တော်မလား ဟင်

    • ဟုတ်တယ် ကိုမာဃရေ ဒါက မြင်မိတာလေးတွေကို ချရေးကြည့်တာပါ။ ခု ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အမှန်တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်ကလေးကို မရေးပဲမနေနိုင်လို့ဗျိုူ့။ ကျေးကျေး။

  • ဒညင်းဝက်

    January 20, 2014 at 9:03 pm

    အတွေးစလေးတွေ…တသီတတန်းချပေးသွားတဲ ့.. ရသဝတ္ထုလေပဲ…

    • ဒီလိုအကြောင်းအရာအလေးတွေ ရေးစရာများသာဗျ ရေးပြီးတိုင်း ကျနော်ကိုယ်တိုင်လည်း ထိရှရတယ်ဗျ။ ကျေးကျေးဗျာ။

  • MAUNG

    January 21, 2014 at 9:22 am

    အားပေးသွားပါတယ် ကိုသော်ဇင်

    ဒီလို ရေးနိုင်တာ၊ ရေးတတ် တာကိုလဲ လေးစား အားကျမိပါတယ်။

    ခင်မင်လေးစားစွာဖြင့်

  • Novy

    January 21, 2014 at 10:44 am

    ဘယ်အရာမဆို အကျိုးနဲ့ အပြစ် / အဆိုးနဲ့ အကောင်းဒွန်တွဲနေလေတော့
    လက်ခံသူနဲ့ မျှဝေသူ လက်တွဲညီဖို့လိုမယ်ထင်တယ်

  • Ma Ma

    January 21, 2014 at 6:26 pm

    စေတနာက ဝေဒနာဖြစ်။
    သူ့ဘက်ကကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး ဆိုသလို….
    အင်းးးး ဘယ်သူမှန်တယ် ပြောရပါ့။ 🙄

    သော်ဇင်နဲ့ ဦးမောရယ်ကို စကားနပန်း ပြောခိုင်းရင်ကောင်းမယ်။ 😀

  • kai

    February 19, 2014 at 3:44 am

    ပို့စ်ကို.. အလင်းဆက်ကညွှန်းထားလို့.. တခါလာဖတ်ပြီးရေးတာပါ..
    အရင်ကတည်းရေးမလို့ဟာ.. ဘယ်ကဘယ်လိုကျော်သွားတယ်မသိ..

    ဆိုတော့..
    မြန်မာပြည်တပြည်လုံးဖြစ်နေတာ..အခုဇတ်လမ်းစဉ်အတိုင်းပဲလား…လို့.. သံသယဖြစ်မိတယ်..
    အဓိကကတော့.. ဧရာဝတီပေါ့လေ…။
    ကယ်တင်ပါဆိုပြီး.. ရေနှစ်သတ်နေကြသလိုလို… :mrgreen:

Leave a Reply