မန္တလေး – ပုဂံ ခရီးသွားမှတ်တမ်း (၃)
ရွာထဲသို့ လျှောက်လည်ကြသည်။ ရန္တပိုတစ်ရွာလုံးက အိုးလုပ်ငန်းလုပ်ကိုင်သည်ဟု ထင်မိသော်လည်း တကယ်တမ်းက ရွာမြောက်ပိုင်းကသာ အိုးလုပ်ကြခြင်းဖြစ်သည်။ ရွာတောင်ပိုင်းကမူ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည်ဟု သင်္ဘောမန်နေဂျာက ရှင်းပြသည်။ ရွာတစ်ခြမ်းတည်းကို ပတ်ကြည့်သည်ပင် အချိန်အတော်ကြာသည်။ (၁) နာရီခွဲအချိန်အတွင်း ကြည့်စရာတွေက မကုန်နိုင်။ အိုးလုပ်သည့်ရွာ ပီသစွာ အိုးများက လက်ညှိုးထိုးမလွဲ။ လမ်းတစ်လျှောက်၊ ခြံစည်းရိုးများတစ်လျှောက်၊ ခြံဝန်းများထဲ၊ အိမ်တွေထဲ.. အိုး..နေရာတိုင်းပင်။
ကလေးများကျောင်းဆင်းချိန် ဖြစ်သောကြောင့် ကျောင်းပြန်လာကြသော ကလေးများကို စက်ဘီးကိုယ်စီနှင့် တွေ့ရသည်။ ကျွန်မအတွက် ထူးဆန်းသည်က ထမင်းချိုင့်များကို နောက်ထိုင်ခုံပေါ်တွင် ကြိုးနှင့်ဆိုင်းထားကြခြင်းပင်။ ကျွန်မတို့ကတော့ ထမင်းချိုင့်ရော၊ လွယ်အိတ်ရောကို ရှေ့ခြင်းထဲတွင် ထည့်သည်။ သူတို့ကတော့ လွယ်အိတ်ကို ခြင်းထဲထည့်ပြီး ချိုင့်ကို နောက်ခုံတွင် တင်သည်။ အခြားသူများက မထူးဆန်းသော်လည်း ကျွန်မကတော့ ယခုမှပင် မြင်ဖူးခြင်းဖြစ်သည်။ သင်္ဘောဝန်ထမ်းလေးများက ကလေးများကို မုန့်ဝေပေးကြသည်။
တစ်နေရာအရောက်တွင် နေလှန်းထားသော မြေစုဗူးလေးများကို တွေ့ရသည်။ စုဗူးပေါ်တွင် နာမည်များကို ရေးထားသည်။ ကျွန်မစိတ်ထဲတွင် ကလေးတစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်စုဗူးလေးများကို နာမည်နှင့်လုပ်ပေးထားသည်ဟု ထင်လိုက်မိသည်။ “ကလေးတွေရဲ့ နာမည်တွေ” ဟုပင် ပြောလိုက်မိသေးသည်။ ကျွန်မပြောတာကို ကြားမိပြီး ဂိုက်က အိမ်ရှင်ကို မေးလိုက်၏။ ပြန်ဖြေသည်က မင်းသား နာမည်များပါတဲ့။ ကလေးများ လိုချင်အောင် (သူတို့အခေါ် မက်အောင်) စုဗူးပေါ်တွင် မင်းသားနာမည်များ ရေးထားပါသည်တဲ့။ ထိုအခါ သေချာကြည့်လိုက်တော့မှ ရေးထားသည်က ကောင်းခန့်၊ စွမ်း၊ နေမင်း၊ အောင်ရဲလင်းဟူသော နာမည်များ။ ကျွန်မကတော့ လွဲတတ်လွန်းသော ကိုယ့်ကိုကိုယ် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
တစ်နေရာတွင်တော့ အရုပ်လေးများ လုပ်နေသည်ကို တွေ့ရပြန်သည်။ ဆင်၊ ကျွဲ၊ နွား အစုံပင်။ လက်ကိုရေလေးစွတ်လိုက်၊ အရုပ်လေးကို အချောသပ်လိုက်နှင့် ဘယ်သူ့ကိုမှလည်း မော့မကြည့်။ ဘေးနားက အုန်းမှုတ်ခွက်ထဲတွင်တော့ ဆေးလိပ်တိုလေးတစ်တို။ မြို့ပြကို မွန်းကျပ်နေသော ကျွန်မအတွက်ကတော့ အရာရာတိုင်းသည် သဘောကျစရာတွေချည်းပင် ဖြစ်သည်။
နောက်တစ်အိမ်ရောက်တော့ ဂိုက်က အုတ်ဖုတ်သည့်အကြောင်းကို သေချာမေးနေသည်။ ကျွန်မလည်း နားထောင်နေရင်း ဧည့်သည်တွေကို ကြည့်မိတော့ သူတို့က တစ်နေရာကို ကြည့်ပြီး တီးတိုးပြောနေကြ၏။ ကျွန်မလည်း လှမ်းကြည့်မိသောအခါ တွေ့လိုက်သည်က ကျွန်မတို့၏ The Lady ဓာတ်ပုံ။ ထိုအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ချိတ်ထားသည်။ ဧည့်သည်တစ်ယောက်က မင်းသမီးလားဟု မေးသည်ကို နောက်တစ်ယောက်က အောင်ဆန်းစုကြည် ဟု ဖြေသည်။ ကျွန်မလည်း မနေသာတော့ဘဲ Our Lady Daw Aung San Su Kyi. She is 68 years old. ဟု ပြောပြလိုက်သည်။ တစ်ယောက်က ထပ်မေးသည်။ ဘေးက ပုံထဲက စစ်သားက ဘယ်သူလဲတဲ့။ ကြည့်လိုက်တော့ ဗိုလ်ချုပ်နှင့် ဒေါ်စု။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းဟု ဖြေလိုက်တော့ ထပ်မေးပြန်သည်။ သူက အသတ်ခံခဲ့ရတာမို့လားတဲ့။ ဟုတ်တယ် ဟု ပြောရုံရှိသေး ဘေးက ဧည့်သည်ယောက်ျားက ၁၉၄၈ မှာ အသတ်ခံရသည် ဟု ဖြေသည်။ ကျွန်မက မဟုတ်ဘူး..၁၉၄ရ ဇူလိုင် (၁၉) ရက်၊ ၁၉၄၈ က လွတ်လပ်ရေးရတာ..။ ကျွန်မစကားပင် မဆုံးသေး။ 4th January, 1948, 4:20 AM ဟု ရွတ်ပြသည်။ ကျွန်မက အံ့ဩသွားပြီး သိလှချည်လားဟု ဆိုတော့ ငါစာတွေ ဖတ်ထားတယ်တဲ့။ အမှန်ဆို မနက် (၄) နာရီ (၂၀) မိနစ် ဟူသည့် အချိန်ကို ကျွန်မသိသည်မှာ သိပ်မကြာသေး။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ပင် ဝင်သွားသလို ခံစားလိုက်ရသည်။
ရှေ့ဆက်လှမ်းမိတော့ ခြံအကျယ်ကြီးတစ်ခုထဲသို့ ရောက်သွားပြန်သည်။ ထိုအခါ သင်္ဘောဝန်ထမ်းတစ်ယောက်က ကျွန်မကို သနပ်ခါးပင်ကို မြင်ဖူးလားဟု မေး၏။ ကျွန်မကလည်း မြင်ဖူးသည်ပေါ့။ အဘယ်ကြောင့်ဆိုသော် ကျွန်မလာခဲ့သည့်လမ်းတွင် ကလေးမလေးတစ်ယောက်က သနပ်ခါးပန်းများ ပန်ထားသည်။ ကျွန်မစိတ်ထဲတွင်လည်း သနပ်ခါးပန်းပွင့်သည့် သနပ်ခါးပင်ကို မေးသည်ထင်သောကြောင့် ခပ်ကြွားကြွားလေးနှင့်ပင် မြင်ဖူးသည်ဟု ဖြေလိုက်သည်။ သို့သော် သူက တစ်နေရာကို လက်ညှိုးထိုးပြီး ဟိုမှာ သနပ်ခါးပင်တဲ့။ ကျွန်မ ကြည့်လိုက်တော့ ကြောင်သွားသည်။ ကျွန်မတို့အိမ်မှာရှိသည့် သနပ်ခါးပင်မဟုတ်။ သို့နှင့် သနပ်ခါးလိမ်းတဲ့ သနပ်ခါးပင်လား ဟု မေးမိတော့မှ ဟုတ်သည်တဲ့။ ထိုအခါမှ ကျွန်မလည်း အသည်းအသန်ပြေးကြည့်ရသည်။ အပင်က အပွေးပင် သိပ်မထွက်သေး။ အတော်ငယ်သေးပုံရသည်။ သနပ်ခါးတုံးရဖို့ (၇) နှစ်လောက် စောင့်ရတယ်နော် ဟု ကြားဖူးနားဝလေးကို ဖြီးကြည့်လိုက်တော့ (၁၀) နှစ်လောက်မှ သနပ်ခါးတုံးကောင်းကောင်းရသည်တဲ့။ စိတ်ထဲတွင်တော့ တွေးနေမိသည်။ လွဲပြန်ပြီ တစ်ခေါက်ရယ်ဟုပင်။
သို့နှင့် မြစ်ကမ်းပါးဘက်ကို ပြန်ဆင်းလာတော့ လမ်းတစ်လျှောက် ရွာမူလတန်းကျောင်း၊ ကျေးလက်ဆေးပေးခန်း စသည်တို့ကိုလည်း တွေ့ခဲ့ရသည်။ မြစ်ဆိပ်ကို ပြန်ရောက်ချိန်တွင် မြင်ကွင်းက တစ်မျိုးပြောင်းသွားပြန်၏။ အိုးများကိုပို့ရန် အတင်အချလုပ်နေကြခြင်းပင်။ ရွာလမ်းတစ်လျှောက် ထော်လာဂျီနှင့် အိုးတွေကို သယ်လာ၊ ပြီးလျှင် ကမ်းပေါ်ကိုချ၊ ထိုမှတစ်ဆင့် သင်္ဘောပေါ်သို့ တင်ကြသည်။ ပြီးလျှင် ပခုက္ကူ၊ ပုဂံ စသော ဒေသများသို့ ပို့ပေးကြလေသည်။
ရန္တပိုကမ်းက ခွာတော့ အချိန်က ညနေ (၄) နာရီခွဲပင် ရှိပြီဖြစ်သည်။ သင်္ဘောပေါ်ပြန်တက်၊ လိမ္မောသီးဖျော်ရည်သောက်၊ ခဏနား၊ ရေမိုးချိုးပြီး နေဝင်ချိန်အမီ Sundeck ပေါ်ပြန်တက်ရသည်။ အပေါ်ရောက်တော့ sunset cocktail တိုက်သည်။ ကျွန်မတို့နှစ်ယောက်အတွက်က အရက်မပါသော cocktail၊ ဧည့်သည်တွေနှင့် ဂိုက်အတွက်က rum sour။ နွေရာသီ နီးလာပြီဖြစ်သောကြောင့် နေဝင်ချိန်က နောက်ကျသည်။ အပူရှိန်ရှိနေသေးသော်လည်း မြစ်ပြင်နှင့် နေမင်းအလှက ကျွန်မကို ဆွဲဆောင်နေသောကြောင့် သတိလက်လွတ်ပင် ငေးကြည့်မိနေသည်။ နောက် ဓာတ်ပုံတွေရိုက်သည်။ တစ်ယောက်တည်း ကြည့်လိုက်၊ ဓာတ်ပုံရိုက်လိုက် လုပ်နေရင်း အနည်းငယ်ညောင်းလာသောအခါမှ နောက်ပြန်ဆုတ်မိ၏။ ကြည့်လိုက်တော့ ဧည့်သည်တွေက ကျွန်မ၏ နောက်ဘက်မှာ။ သူတို့၏ မြင်ကွင်းကို ကွယ်သလိုဖြစ်သွားပြီလားဟု စိုးရိမ်စိတ်ပင် ဖြစ်သွားမိသည်။ ဧည့်သည်စုံတွဲ နှစ်တွဲကတော့ လေတဖြူးဖြူးတိုက်ခတ်နေသော မြစ်မင်းဧရာဝတီထဲက နေဝင်ချိန်ကို ကြည်နူးစွာခံစားနေကြသည်။ သို့နှင့် ကျွန်မလည်း ရှေ့ဆက်မတက်တော့ဘဲ သူတို့နောက် ခပ်လှမ်းလှမ်းကပင် မြစ်ပြင်ထဲငုံ့ဆင်းသွားသော ရှင်နေမင်းကို နှုတ်ဆက်လိုက်ရလေသည်။
နေဝင်သည်နှင့် ချက်ချင်းပင် အမှောင်ရိပ်သန်းလာလေသည်။ ထို့ကြောင့် သင်္ဘောကို ရပ်ထားလိုက်လေတော့၏။ (၇) နာရီခွဲတွင် ညစာစားမည် ဆိုသောကြောင့် ကျွန်မတို့လည်း အခန်းပြန်ပြီး ခဏနားကြသည်။ အပြင်ကို ပြန်ထွက်လိုက်တော့ ရုတ်တရပ် လန့်သွား၏။ သင်္ဘောပတ်လည်တွင် ထွန်းထားသော မီးချောင်းများတွင် ပိုးဖလံများက အုံခဲနေသည်။ အခန်းတံခါးကိုပင် ချက်ချင်းပြန်ပိတ်လိုက်ရ၏။ Dining Room ထဲကိုရောက်တော့ မီးတွေအကုန်ပိတ်ထားပြီး ဖယောင်းတိုင်မှန်အိမ်လေးများကို ထွန်းထားသည်။ ဧည့်သည်တွေက ဝိုင်သောက်ရင်း စကားပြောနေကြသည်ကို ထိုင်စောင့်ရင်း ယခင်က တွေးခဲ့ဖူးသည့် အတွေးတစ်ခုက ခေါင်းထဲ ပြန်ရောက်လာခဲ့သည်။
Candle Light Dinner။ ဧည့်သည်တွေအတွက် တကယ်ကို စိတ်ကူးယဉ်ဆန်သော special service။ ထို service ကို propose လုပ်ရတိုင်း ကျွန်မစိတ်ထဲက ဘယ်လိုမှ အဆင်မပြေ။ ညမှောင်မှောင်မှာ ဖယောင်းတိုင်ထွန်းပြီး ထမင်းစားရသည်မှာ ကျွန်မတို့ ငယ်ငယ်ကတည်းက ကြုံခဲ့ရသည့်အရာ။ ဖယောင်းတိုင်ကိုမြင်တိုင်း မီးမလာသည့်ခံစားချက်ကို စိတ်ညစ်စွာ ခံစားမိဆဲ။ ရုံးတွင် New Year Party လုပ်ကြသည့်အခါ ခြံထဲမှာ ခုံတွေခင်းပြီး သည်လိုပင် ဖယောင်းတိုင်မှန်အိမ်ကို ထွန်းသည်။ သို့သော် ခြံဝင်းထဲဖြစ်သောကြောင့် အနည်းငယ်တော့ ကဗျာဆန်သယောင် ခံစားမိသည်။ သို့သော် ယခုက အလုံပိတ်ထားသည့် အခန်းထဲဖြစ်သည်။ ထို့ကြောင့် ကျွန်မစိတ်လည်း ကဗျာမဆန်နိုင်ဘဲ ထိုင်းမှိုင်းနေသည်။ ဗိုက်က ဆာနေပြီ။ ဧည့်သည်တွေက စကားပြော၍ မပြီးသေးသောကြောင့် ဟင်းပွဲတွေက လာမချသေး။ ဗိုက်က ဆာဆာ၊ မီးက မှိန်မှန် နှင့် ပေါက်ကွဲထွက်ချင်နေသောစိတ်ကို အာလူးကြော်စား၊ ရေသောက်ပြီး မျောချနေရသည့်အဖြစ်ကလည်း အမှတ်တရ။
သို့နှင့် ညစာကို (၈) နာရီဝန်းကျင်လောက်မှာစားပြီးသည်နှင့် အခန်းပြန်၊ တစ်နေ့တာသွားခဲ့သမျှကို အကြမ်းဖျင်းပြန်ရေး၊ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် စာအုပ်ကို ခဏဖတ်သည်။ ထို့နောက် သင်္ဘောက မနက် (၆) နာရီခွဲတွင် ပြန်ထွက်မည်ဆိုသောကြောင့် နှိုးစက်ကို (၆) နာရီခွဲအတိပေးပြီး ကျွန်မ၏ တစ်နေ့တာ ပင်ပန်းမှုကို အိပ်စက်ခြင်းဖြင့် အနားယူလိုက်ပါတော့သည်။
22 comments
KZ
February 4, 2014 at 2:38 pm
အဲလိုမှန်းသိ စိုင်းနာမည် စုဘူးလေးမှာလိုက်ပါတယ်။
စိုင်း နဲ့ စုံစည်းဖို့ ဆွိ က စု မလို့။
ဟေးဟေးဟေးးးး
အရေးအသားတွေက ကိုယ်တို့ ဆရာမနဲ့ တူလာတယ်။
ကြိုက်တယ်။
:chit:
လုံမလေးမွန်မွန်
February 4, 2014 at 2:44 pm
စိုင်း နာမည် မတွေ့ခဲ့ဘူး..
ကွယ်.. စိုင်းက တောမင်းသား မဟုတ်ဘူးလေကွယ်..
နည်းနည်းတောင် မြောက်ချင်တယ်.. ဟိ.. :chit:
Mr. MarGa
February 4, 2014 at 2:41 pm
ခရီးသွားဆောင်းပါးတစ်ခုကို ဖတ်လိုက်ရသလို (တကယ်လဲ ခရီးသွားဆောင်းပါးပဲကို)
ပုံမှန်စာရေးဟန်နဲ့ နည်းနည်း ကွဲနေတယ်
(အဲဒါတစ်ချုက်)
ပြီးတော့ မြင်မိတဲ့ candle light dinner က
သင်္ဘောပေါ်မှာဆိုတော့ ပိုးကောင်မွှားကောင်တွေ မလာဘူးလား တွေးမိတယ်။
ကျန်တဲ့အချိန်မှာတော့ romantic ဆန်ပေမင့် ကိုယ်တွေအတွက်တော့ မဆန်နိုင်ဘူး ဆိုတာကိုလဲ ထောက်ခံသွားပါကြောင်း
လုံမလေးမွန်မွန်
February 4, 2014 at 2:50 pm
ငါကတော့ ကိုယ့်ကိုကိုယ် စာစီစာကုံးရေးနေရသလို ခံစားနေရတယ်..
Dining က အလုံပိတ်ဟ.. ပိုးကောင်မဝင်ဘူး.. အစကဆို အေးလို့ အဲကွန်းတောင် မဖွင့်ခိုင်းဘူး.. နောက်မှ ဧည့်သည်တွေက ဝိုင်သောက်ပြိီး ပူလာလို့ ဖွင့်ခိုင်းတာ.. အလုံပိတ်ထဲ.. မီးမှောင်မှောင်.. ဗိုက်ဆာဆာ. စဉ်းစားသာကြည့်တော့..
Mr. MarGa
February 4, 2014 at 6:05 pm
ဟီးးး ခြင်မကိုက်တာ ကျေးဇူးတင် :mrgreenn:
စကားမစပ် အနီရောင်လေးက အတာ်လှတာပဲ (အနှုတ်ကိုပြောသည်)
TNA
February 4, 2014 at 3:29 pm
စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ အပိုင်းသုံးတက်မလာသေးလို့အော်မလို့လုပ်တုန်းတက်လာဒယ်။ 😀 အခန်းထဲမှာဖယောင်းတိုင်နဲ့ကတော့ ဖတ်ရင်းတောင်ခံစားလို့မရ။ မူးအိုက်ပူလှောင်မွန်းကျပ်။ အဲခံစားချက်မုန်းထှာ။ ဒါ့ထက်ဇဂါးမစပ် မုန့်ဝေနေဒဲ့ သင်းဘောသီးကလေးက ဒို့ရွာက ဒညင်းဝက်နဲ့တူလိုက်တာ
padonmar
February 6, 2014 at 8:42 pm
ဟုတ်တယ်။ဒညင်းဝက်များပါသွားသလားလို့ထင်မိ။
စာစီစာကုံးနဲ့မတူပါဘူး။ဟာသလေးတွေလည်းပါတယ်။ဒီလိုရေးတာကောင်းပါတယ်။
လုံမလေးမွန်မွန်
February 7, 2014 at 12:17 pm
ဟုတ်.. အာတီဒုံ.. ပုံမှန်ရေးနေကျပုံစံမဟုတ်တော့ သတိထားပြီးတော့ ရေးနေရတယ်..
ိဟိုတစ်ယောက်က ဒညင်းဝက်ထက် ပိုချောပါတယ်ဆို.. ဟိဟိ..
လုံမလေးမွန်မွန်
February 4, 2014 at 4:08 pm
ကျေးကျေးတီသဲ.. မေ့ကုန်မှာစိုးလို့ အသည်းအသန်ရေးနေတာ..
ဟိုသင်းဘောသီးကလေ.. းဒညင်းဝက်ထက်ချောတယ် သိလား.. ပြေးပြီ.. ဝှစ်..
Myo Thant
February 4, 2014 at 4:16 pm
အိုးတွေမြင်တော့ ရွှေကူကို လွမ်းသဗျာ ၊
ရွှေကူအိုးက ကသာ ဗန်းမော် မိုးညှင်း မိုးကောင်း မြစ်ကြီးနားဘက် သွားတာပါ ၊
မရောက်ဘူးတဲ့ ခရီးမို့ စောင့်ဖတ်နေဆဲပါ ၊
လုံမလေးမွန်မွန်
February 4, 2014 at 5:22 pm
ုဟုတ်လား.. ရွှေကူက အိုးထွက်တာ မသိဘူး အူးမျိုး.
ဇာတိအကြောင်းလေး ရေးပါဦးလား..
ဗန်းမော်ဘက်ကိုလည်း သင်္ဘောတွေသွားတယ်လေ. ဒါမယ့် ကိုယ်လိုက်ဖို့နေသာ ဧည့်သည်တောင် မရောင်းဖူးသေးဘူး.. 🙂
kai
February 4, 2014 at 4:33 pm
အဲဒီလက်နဲ့လုပ်တဲ့…မြေအိုးတွေများ.. ယူအက်စ်မှာဆို.. ဈေးကြီးမှကြီး…
ပင်လယ်ထဲမျှောပြီးပို့လိုက်ဟေ့…။
လုံမလေးမွန်မွန်
February 4, 2014 at 5:23 pm
စပ်တူ အိပ်စ်ပို့လုပ်မလား ဘဂျီး.
ဒညင်းဝက်
February 4, 2014 at 7:20 pm
ခရေစေ့တွင်းကျ ဆိုတာ…ဒါမျိုး.အရေးအသားပေါ့… ။
ဖတ်တဲ ့သူ ကို..ခရီးအတူလိုက်ပါနေရသလို..ဆွဲခေါ်သွားတတ်တဲ ့ စာမျိုး..။
ထောင့်စေ့အောင်..မြင်တတ်တွေးတတ်..ဖို ့…ရယ်..
ဖတ်တဲ ့သူ..မပျင်းအောင်… သွက်သွက်လက်လက် ရေးတတ်ဖို ့ရယ်..
စနစ်တကျ..စီကာစဉ်စာ.ရေးတတ်ဖို ့ရယ်..
အဲဒီအရည်အချင်းတွေ ရှိမှ… ဒီလိုစာမျိုး..ဖြစ်လာတာရယ်…
လုံမလေးမွန်မွန်
February 5, 2014 at 11:24 am
တစ်ခါတစ်ခါကျတော့လည်း အရမ်းအသေးစိတ်ကျသွားရင် ဖတ်ရတာ စိတ်ညစ်သွားမှာ စိုးရတသေးတယ်..
အားပေးတာ ကျေးကျေးအများကြီး ဒညင်းဝက်..
ကထူးဆန်း
February 4, 2014 at 8:37 pm
ရွှေပြည်နန်းကြော်ငြာ တွေ့ တွေ့ နေလို့ သနပ်ခါး ရ နှစ်စောင့် ရတယ် ပြောတာ မဟုတ်လာ း ..မွန်မွန်မလွဲပါဘူး .. ဒါပေမဲ့ ပိုကြာလေ ပိုကောင်းလေထင်ပါသည်။ ညောင်ဦးမှာ အရင် ရွှေပြည်နန်းကသနပ်ခါးပြတိုက်ဆိုဖွင့်ပြီး သနပ်ခါးပင်တွေ စိုက်ထားသေးတယ် ။ အခုတော့ ဟိုတယ်တွေ ဈေးကောင်းတော့ သနပ်ခါးပင်တွေ နုတ်ပြီး ဟိုတယ် ဆောက်နေလို့နီးနီးနားနားကြည့်စရာ မရှိတော့ဘူး .. သနပ်ခါး ပြတိုက်တော့ ကျန်သေးတယ် .. သနပ်ခါးပင် အများကြီးကြည့်ချင်ရင်တော့ မြင်းခြံ အထွက်ဘက်မှာ သူတို့ သနပ်ခါး ခြံ ဧကရာကျော်ရှိနေတယ် ..
လုံမလေးမွန်မွန်
February 5, 2014 at 11:27 am
ဟုတ်..လေးလေး..
သမီးလည်း ဘယ်မှာကြားဖူးတာလဲလို့ စဉ်းစားနေတာ.. အခုမှပဲ ရွှေပြည်နန်းကို သတိရတယ်..
သမီးလည်း ညောင်ဦးထဲက ဟိုတယ်မှာတည်းတာ.. ပြတိုက်ရှိမှန်းသိရင် သွားကြည့်ပါတယ်..
ဟိုတယ်အသစ်တွေလည်း အများကြီးထွက်နေတယ်..
ကျော်စွာခေါင်
February 5, 2014 at 1:43 am
လုံလုံရေ..
ဖတ်လို ့ကောင်းတယ်..ဗဟုသုတလဲရပါတယ်..
ကိုယ်မရောက်ဘူးတဲ့နေရာလေးတွေက ဓလေ့စရိုက်လေးတွေကို သိရတယ်လေ..။
တို ့တိုင်းပြည်က မပြည်စုံ မတိုးတက်သေးဘူးဆိုပေမယ့် ဒေသ တစ်ခုတိုင်းမှာရှိတဲ ့ ဓလေ့စရိုက်လေးတွေက ချစ်ဘို ့ကောင်းတယ်..။
နောက် တခါမှ မတွေ ့ဘူးတဲ့ သူစိမ်းဖြစ်နေပါစေ… ဖော်ရွေကြတယ်..
ပြောရမယ်ဆို နှလုံးသားတွေကို မူလအတိုင်းဖွင့်ထားတယ်ဘဲ ပြောရမယ်.. အဲဒါတွေက ချစ်စရာကောင်းတာ..။
သနပ်ခါးပင်တွေက ဦးခေါင်တို ့ဘက်မှာ အရမ်းပေါတယ်..
ရွှေဘိုသနပ်ခါးလို ့ နာမည်ကျော်ပေမယ့် တစ်နယ်လုံးနီးပါး သနပ်ခါးခြံတွေပေါတယ်..
အလေ့ကျပေါက်နေတာတွေလဲ ပေါမှပေါ…
နွေရာသီ ကျောင်းပိတ်ရက်ဆို သနပ်ခါးလိုက်တူးကြတယ်..
အပင်နိမ့်တွေကို တူးလိုက်ရင် အမြစ်ရတယ်..အရမ်းမွှေးတာ.. အပေါ်ယံ အခေါက်အပွေးကုန်သွားရင် ဆောင်းတွင်းမှာ သနပ်ခါး အတွင်းသားတွေနဲ ့မီးလှုံကြတယ်..
တစ်ခြားနယ်တွေ ရောက်တော့ အတွင်းသားပါ သွေးလိမ်းတာတွေ ့တဲ့အခါ ကိုယ့်မှာ အထူးအဆန်းဖြစ်နေတာဘဲ..။
တစ်ချို ့လူတွေက သီးပင်တွေကို ဖြတ်ပြီး အပွေးကြားထဲကို ရှားစေးသုတ် အခြောက်လှမ်းပြီး သနပ်ခါးအဖြစ်လိမ်ရောင်းကြတယ်…
သွားလည်ကြည့်ပါ အညာကို တစ်ခေါက်လောက်…။
အညာဖုန်ထူပေမယ့် …. ယူစရာတွေက တစ်ပုံကြီးပါ လုံလုံရေ..။
လုံမလေးမွန်မွန်
February 5, 2014 at 11:30 am
ဟုတ်တယ် ဒက်ခေါင်.. အညာဆိုတာ ငယ်ငယ်ကတည်းက ချစ်ခဲ့တာ.. (အညာသား မမြင်စေရ..)
ဖုန်လုံးကြီး တလိမ့်လိမ့်ကြားထဲလည်း ချစ်နေတာပဲ..
သမီးတို့ဘက်မှာလည်း အမြစ်တုံးဆိုပြီး သွေးလိမ်းကြတယ်. အပွေးကိုမျက်နှာလိမ်းတယ်.. အမြစ်ကို လက်တွေလိမ်းတယ်.. တစ်ခါတစ်ခါဆို မျက်နှာကိုတောင် အမြစ်တုံးသွေးပြီး အထူကြီးလိမ်းတာ.. သီးခေါက်တွေနဲ့တိုးမှာစိုးလို့ သနပ်ခါးဆို ဘယ်တော့မှ မဝယ်ဘူး.. သူများဆီက လက်ဆောင်တောင်းတယ်. ဟီး..
မဟာရာဇာ အံစာတုံး
February 7, 2014 at 1:01 pm
အညာကို ငယ်ငယ်တည်းကချစ်
အခု အညာသားကို ချစ်
နောက်လည်း အညာပွားလေးတွေကို ထပ်ချစ်ရအုံးမှာ ..
ချစ်လို့ မဆုံး ဆိုတာ .. အဲ့ဒါ .. အဲ့ဒါ
Foreign Resident
February 5, 2014 at 4:38 am
” အမှောင်ရိပ်သန်းလာလေသည်။ ထို့ကြောင့် သင်္ဘောကို ရပ်ထားလိုက်လေတော့၏ ”
သင်္ဘော က ကမ်းနား ကပ်ပြီး ရပ်လိုက်တာလား ။
ဒါမှမဟုတ် မြစ်လည်မှာ ကျောက်ဆူးချပြီး ရပ်ထားတာလား ။
လုံခြုံရေး အတွက် သင်္ဘောသားတွေ အလှည့်ကျ ကင်းစောင်ကြလား ။
လုံမလေးမွန်မွန်
February 5, 2014 at 11:43 am
ကမ်းနားမှာကပ်ပြီး ရပ်တာ ဘဖော..
ကင်းစောင့်တာတော့ ပြောတတ်ဘူး.. အနော်တို့လည်း အိပ်တာ..