သူများမကောင်းကြံ ……………….. ? အပိုင်း (၃)

San Hla GyiFebruary 23, 20141min82933

(ယခင်လမှ အဆက်)

အခန်း (၁၁)

ထမင်းစားခန်းထဲတွင် ဘူးဆန်းနဲ့ လီလီ စကားပြောနေတာ တွေ့ရသဖြင့် ယွီရှောင် အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားသည်။ ထို့ကြောင့် နေ့လယ်စာကို ခပ်သွက်သွက်ပင် ပြီးလိုက်ပြီး အလုပ်ပြန်မစမီ အချိန်လေးတွင် အသာလေး မျက်စိများကို မှိတ်ထားကာ မှိန်းနေလိုက်သည်။ သူအကြိုက်ဆုံး အနားယူနည်း တမျိုးလည်း ဖြစ်သည်။ ကိုယ်က ပုံတွေကြည့် ဂဏန်းတွေတွက် ကွန်ပျူတာကြည့် စသည်ဖြင့် မျက်စိရော ခေါင်းရော အလုပ်လုပ်ရသူ ဖြစ်ရာ အခုလို နာရီဝက် လေးဆယ့်ငါးမိနစ်ခန့် မှေးလိုက်ရတာက အတော် အထောက်အကူ ဖြစ်သည်။ ဒီလိုမှ မဟုတ်လျှင် အလုပ်ပြန်စချိန်တွင် မျက်လုံးများ ကျိန်းစပ်စပ်ဖြစ်ကာ အလုပ်လုပ်လို့ မကောင်းပဲ ဖြစ်တတ်သည်။

သူ့အနေနှင့် ဒီကုမ္မဏီမှာ လုပ်လာခဲ့တာ အခုဆိုလျှင် ခြောက်နှစ်လောက်ရှိပြီ ဖြစ်ပြီး လီလီပြီးလျှင် ဌာနထဲမှာ ဝါအရင့်ဆုံးနဲ့ အကျွမ်းကျင်ဆုံးဖြစ်သည်။ သူနဲ့ ကျန်းထင်းရိမှာ လီလီ၏ လက်ရုံးများဟု ဆိုနိုင်သည်။ ကျန်းထင်းရိက ဒီဇိုင်းပိုင်းကို ပိုအားသန်ပြီး သူက costing ပိုင်းပိုပြီး အားသန်သည်။ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးမှာ လက်ရှိ ချောင်လီလီ၏ ပရောဂျက် တော်တော်များများကို နားလည်နေပြီးသား ဖြစ်သည်။ သူတို့ နှစ်ယောက်အပြင် ဌာနတွင်းမှာ ဂျိုးဇက် ဆဲလ်တစ်နှင့် ဒင်းနစ်ကူးမားဆိုသော အိန္ဒိယ အင်ဂျင်နီယာသုံးယောက် ရှိလေသည်။ ဌာနရှိ လူအင်အားမှာ လက်ရှိပရောဂျက်များ အတွက် လုံလုံလောက်လောက် ရှိလေသည်။

လီလီ အလုပ်ထွက်စာ တင်တုန်းက သူ့ရဲ့ လက်ထောက်မန်နေဂျာ ရာထူးအတွက် ကိုယ့်ကို ထောက်ခံပေးခဲ့သဖြင့် လူတွေက ယွီရှောင်လို့ ထင်ကြေးပေးတုန်းက သူ ဒီရာထူးကို မျှော်လင့်ခဲ့တာ အမှန်ပဲ ဖြစ်သည်။ တကယ်လည်း သူ့မှာ ဒီတာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ရှိပြီးသား ဖြစ်သည်။ ဒါပေမယ့် သူရော ကျန်းထင်းရိရော နှစ်ယောက်စလုံးရဲ့ အကြီးမားဆုံး အားနည်းချက်က အင်္ဂလိပ်စာ ဖြစ်သည်။ နှစ်ယောက်စလုံးမှာ အင်ဂျင်နီယာပိုင်း တော်ပြီး အလုပ်ကို စူးစူးစိုက်စိုက် ထမင်းမေ့ ဟင်းမေ့ လုပ်တတ်သော်လည်း နှစ်ယောက်စလုံးရဲ့ အင်္ဂလိပ်စာ အရည်အသွေးမှာ ရွက်ကြမ်းရေကျိုလောက်သာ ရှိသည်။

အိန္ဒိယ အင်ဂျင်နီယာ သုံးယောက်ကျပြန်တော့လည်း အင်္ဂလိပ်စာ တော်ပေမယ့် သူတို့ နှစ်ယောက်ထက် ဝါပိုနုပြီး အလုပ်ကို တာဝန်ကျေရုံလောက်သာ လုပ်လေ့ရှိသည်။ အသစ် သီဟဆိုတဲ့ ကောင်လေးကတော့ အလုပ်လည်း အလွန်ကြိုးစားကာ သင်ယူပြီး အင်္ဂလိပ်စာလည်း မဆိုးပေမယ့် ဒီလုပ်ငန်းမှာ ဝါအလွန်နုသေးသည်။ ဒါပေမယ့် သူ့လုပ်သက် လပိုင်းလောက်နဲ့ တွက်ရင် သူတိုးတတ်တာ မြန်တယ်လို့ ပြောနိုင်သည်။ လီလီကတောင် သူ့ကို ဒီကောင်လေးက သိပ်လေ့လာ သင်ယူချင်စိတ်ရှိလို့ နှစ်တိုတိုနဲ့ သိသိသာသာ တတ်လာလိမ့်မယ်လို့ ပြောဖူးတာ မှတ်မိသည်။

အလုပ်ပြန်စရန် ဘဲလ်မြည်သံ ကြားရသဖြင့် ယွီရှောင် မှိတ်ထားသော မျက်စိများကို ပြန်ဖွင့်ကာ အတွေးများကို ဖြတ်လိုက်လေသည်။ သူ လီလီရဲ့ ရာထူးကို မျှော်လင့်နေတုန်းမှာပင် ရက်ပိုင်းလောက်နဲ့ သူဌေးကြီး စိတ်ပြောင်းကာ ပရောဂျက်ဌာနမှ အင်ဂျင်နီယာ ဘူးဆန်းကို ရာထူးတိုးပေးပြီး လီလီထိုင်ခုံကို လွှဲပေးခဲ့သဖြင့် ယွီရှောင် အလွန်စိတ်ပျက်သွားခဲ့သည်။ ဖြစ်စတုန်းက အလုပ်ထွက်ဖို့တောင် စဉ်းစားခဲ့သေးသည်။ နောက်မှ ကိုယ့်မှာ တခြားအလုပ် မရသေးပဲ ထွက်လို့ မဖြစ်သေးဘူး ဆိုပြီး စိတ်ပြန်လျှော့လိုက်ခြင်း ဖြစ်သည်။ အိမ်ထောင်သည် ဖြစ်သဖြင့် လူပျိုတုန်းကလို စိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ပေ။

ထမင်းစားပြီးစ ခံတွင်းချဉ်လာသဖြင့် ဆေးလိပ်တလိပ်လောက် သောက်ဖို့ သူ အပြင်ကို ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ဂျိုးဇက်တို့ သုံးယောက်ကို ရုံးစု ရုံးစုနဲ့ တွေ့ရသဖြင့် သူ စကား လှမ်းပြောလိုက်လေသည်။

“ဟေ့ ဂျိုးဇက်တို့ ဒင်းနစ်တို့ ဘာတွေ တိုင်ပင်နေတာတုန်းကွ”

“အေး ငါတို့ အခုပဲ လီလီ့ နေရာကို ယူမယ့် ဘူးဆန်းအကြောင်း ပြောနေကြတာ ယွီရှောင်။ ငါတို့က အစတုန်းက လီလီ့နေရာကို မင်းရမယ်လို့ ထင်ထားတာ ယွီရှောင်။ အခု ဘယ်လို ဖြစ်တာလည်း” ဒင်းနစ်က သူ့ကို ပြောပြောမေးမေး လုပ်လိုက်လေသည်။ တကယ်ဆို သူနဲ့ ဒီသုံးယောက်က သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှပဲ မေးထူးခေါ်ပြောသာ ရှိသည်။ သူရယ် ကျန်းထင်းရိရယ် သီဟရယ်က ပိုပြီး အဖွဲ့ကျလေသည်။ မတည့်ဘူးလား ဆိုတော့လည်း မဟုတ်ပြန်။ သိပ်ပြီး ပူးတွဲ ပူးတွဲ မလုပ်ပဲနဲ့ အလုပ်သဘောအရ ပြောဆိုမှုသာ ရှိလေသည်။

“ဒါတော့ ဘယ်သိပါ့မလည်း ဒင်းနစ်ရာ။ ဒါက ဘော့စ်ရဲ့ ဆုံးဖြတ်ချက်ပဲဟာ အဓိကက ကိုယ်က ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရမှာပေါ့”

“အေး ငါတို့ကတော့ အဲဒီကိစ္စကို သိပ်မကြိုက်ဘူး ယွီရှောင် တို့တွေ ပရောဂျက်ဌာနက အင်ဂျင်နီယာ ဗာစန်နဲ့ ဟိုတနေ့က တွေ့ပြီးပြီ။ ဗာစန်ကတော့ အဲဒီ ဘူးဆန်းက သိပ်မတော်ဘူးလို့ ပြောတယ်။ မင်းဆိုရင်တော့ တော်သေးတာပေါ့။ မင်းက ငါတို့ထက် လုပ်သက်လည်း များတယ်။ ပိုပြီးလည်း တော်တယ်လေ။ ကိုယ်ရီပို့ လုပ်ရမယ့် လူက ကိုယ့်လုပ်ငန်းကို ကိုယ့်လောက် နားမလည်ဘူး ဆိုရင် အဓိပ္ပါယ် ရှိပါတော့မလား”

“ဒါကတော့ ဂျိုးဇက်ရာ သူများ ပြောတိုင်းလည်း အလွယ်တကူ မယုံပါနဲ့ဦး။ စောင့်ကြည့်ရဦးမှာပေါ့။ ဗာစန် ပြောသလို ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ လီလီတောင် အစတုန်းက ပရောဂျက် အင်ဂျင်နီယာ ဘဝကနေ တတ်လာတာပဲဟာ”

“အေးလေ စောင့်တော့ ကြည့်ရမှာပေါ့ ယွီရှောင်ရာ မကြိုက်ပေမယ့်လည်း ကိုယ်လည်း ဘာမှ မတတ်နိုင်ပဲဟာ ငါတို့ကတော့ သူ့ပုံစံ ကြည့်ရတာ သိပ်မစွံဘူးလို့ ထင်တာပဲ”

ဟူး ဒီအတိုင်းဆို မလွယ်ပါလားလို့ တွေးကာ ယွီရှောင် သက်ပြင်းခိုးချလိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၁၂)

အခန်းထဲတွင် မစ္စတာ ဂျယ်ရီလင်း ကျေနပ်စွာ ထိုင်ရင်း ကိုယ့်ဘဝကိုယ် ပြန်စဉ်းစားနေသည်။ သူက ဒီကုမ္မဏီကြီး၏ ဒုတိယ ဥက္ကဌဖြစ်ပြီး သူဌေးကြီး မစ္စတာဝမ်ပြီးလျှင် အကြီးဆုံး ဖြစ်သည်။ တကယ်က ဒီလုပ်ငန်းကြီးကို စတင် တည်ထောင်တုန်းက သူ မစ္စတာဝမ်တို့ ဇနီးမောင်နှံနှင့် ဆူဇန်တို့ လေးဦးဖြင့် စတင်ခဲ့တာ ဖြစ်သည်။ နောက်မှ တဖြည်းဖြည်း ကုမ္မဏီပေါက်စလေး ဘဝမှ အမြတ်အစွန်းများကို တဖြည်းဖြည်း စုဆောင်းကာ ဒီနေ့လို အတော် ကြီးမားသည့် ကုမ္မဏီကြီးဖြစ်အောင် တည်ထောင်နိုင်ခဲ့တာ ဖြစ်သည်။ သူတို့ လေးယောက်က သူငယ်ချင်းတွေလည်း ဖြစ်သည်။

ရေမြင့်တော့ ကြာတင့် ဆိုသလိုပင် မစ္စတာဝမ်က ဒီလုပ်ငန်းကြီး၏ သူဌေးကြီး ဖြစ်လာပြီး သူနဲ့ ဆူဇန်တို့ နှစ်ယောက်မှာ ရှယ်ယာဝင်များ ဖြစ်လာသလို သူက ဒုတိယ ဥက္ကဌနဲ့ ဆူဇန်က ဝန်ထမ်းရေးရာဌာနရဲ့ စီနီယာ မန်နေဂျာကြီး ဖြစ်လာခဲ့သည်။ မစ္စတာဝမ်၏ ဇနီးကတော့ လွန်ခဲ့သော နှစ်နှစ်လောက်ကအထိ ဒီလုပ်ငန်းရဲ့ နောက်ထပ် ကုမ္မဏီခွဲတခုကို အုပ်ချုပ်ခဲ့သေးသည်။ နောက်မှ သူ့ ကျန်းမာရေးအရ အေးအေးသက်သာ နေချင်ပြီဟု ဆိုကာ သူ့နေရာကို သမီးဖြစ်သူကို လွှဲပေးခဲ့ပြီး အနားယူသွားတာ ဖြစ်သည်။ သူနဲ့ ဆူဇန်တောင် ရုံးအားရက်များတွင် ရံဖန်ရံခါ သွားရောက် လည်ပတ်တတ်သေးသည်။

ဒီကုမ္မဏီကို စတင် တည်ထောင်သူ တယောက် အနေနဲ့ မစ္စတာ ဂျယ်ရီလင်းမှာ မစ္စတာဝမ်ပြီးလျှင် ရာထူးအကြီးဆုံးနဲ့ ပါဝါအထက်ဆုံး ဖြစ်သည်။ ဒါပေမယ့် မစ္စတာ ဂျယ်ရီက ဟိတ်ဟန် သိပ်မလုပ်ပဲ ကိုယ့်လက်အောက် လူများနှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သည် ဖြစ်ရာ သူထက်စာလျှင် ဆူဇန်က ကုမ္မဏီတွင် ပါဝါအကြီးဆုံးလို ဖြစ်နေသည်။

တကယ်က ရာထူးအရ မစ္စတာဂျယ်ရီက ပိုမြင့်ပေသည်။ သို့ရာတွင် ဝန်ထမ်းရေးရာဌာန ဆိုသည်က ဝန်ထမ်းများကို ရံဖန်ရံခါ အရေးယူရခြင်း အပြစ်ပေးရခြင်း စသည့် ကိစ္စများ လုပ်ရတတ်သည် ဖြစ်ရာ မျက်နှာတည်တည် ထားတတ်သော ဆူဇန်ကို ဝန်ထမ်းတွေက ကြောက်ကြလေသည်။ တကယ်လည်း ဆူဇန်က လက်စောင်းထက်တာတော့ အမှန်ပဲဖြစ်သည်။

“ဒေါက် ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံကြောင့် မစ္စတာဂျယ်ရီ အတိတ်ကာလမှ လက်ရှိအချိန်သို့ ရုတ်ခြည်း ပြန်လည်ရောက်ရှိလာသည်။ အလုပ်ထွက်တော့မည့် လက်ထောက် မန်နေဂျာ ချောင်လီလီကို သူစကားပြောချင်သဖြင့် ခေါ်ထားတာ သတိရလိုက်သည်။

“လီလီလား ဝင်ခဲ့လေ”

လီလီ ဝင်လာပြီး သူ့ရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် သူက စမေးလိုက်သည်။

“လီလီ နောက်သုံးရက်ပြီးရင် ညည်းဒီမှာ ရှိတော့မှာ မဟုတ်ဘူးနော်”

“ဟုတ်ကဲ့ပါ ဘော့စ် ကျမ ဒီမှာ လုပ်နေတဲ့ အချိန်တွေတုန်းက အမြဲတမ်းလိုလို ကျမအပေါ် ကောင်းခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင့်”

“အေးပေါ့ကွာ လုပ်ငန်းဆိုတာက ဒီလိုပဲ တွေ့ကြုံဆုံကွဲလေးတွေလည်း ရှိစမြဲပေါ့။ ဒါနဲ့ ညည်းထွက်သွားရင် ငါ့ ပရောဂျက်ကလေးတွေကို ဘယ်သူက အမြဲတမ်း လုပ်ပေးမှာလည်း”

ဂျယ်ရီလင်း လီလီ့ကို အရေးတကြီး မေးလိုက်သည်။ မမေးလို့လည်း မရပေ။ တကယ်က မစ္စတာ ဂျယ်ရီလင်း၏ ပညာရေး နောက်ခံမှာ စီးပွားရေးနှင့် ဘစ်ဇနက် မန်းနေ့ချ်မန့် ဖြစ်ပြီး အင်ဂျင်နီယာ မဟုတ်ပေ။ ဒါပေမယ့် ဂျယ်ရီက လုပ်ငန်းကို အလွန်စိတ်ဝင်စားပြီး သိချင် တတ်ချင်စိတ် များသဖြင့် ဒီလုပ်ငန်းကို အင်ဂျင်နီယာ တယောက်လို လေ့လာခဲ့ရာ အခုအချိန်တွင် ပရောဂျက်များကို အင်ဂျင်နီယာ တယောက်လို အုပ်ချုပ်ပြီး လုပ်တတ်နေပြီ ဖြစ်သည်။

“အဲဒီအတွက် စိတ်မပူပါနဲ့ ဘော့စ် အခု အသစ်ဝင်လာတဲ့ သီဟဆိုတဲ့ ကောင်လေးကို အဲဒီအပိုင်းကို ကျမ တာဝန်ပေးထားပါတယ်။ အခု လောလောဆယ်လည်း သူပဲ အဲဒီ ပရောဂျက်လေးတွေကို တွက်နေတာပါ။ သူလည်း လုပ်တတ်နေပါပြီ”

“အေးလေ အဲဒါဆိုလည်း ပြီးတာပဲ။ နင်သူ့ကို သေသေချာချာ မှာခဲ့ဦးနော် လီလီ” မစ္စတာ ဂျယ်ရီလင်း စိတ်အေးသွားဟန်ဖြင့် ပြောလိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၁၃)

အလုပ်လုပ်နေတုန်း နောက်မှ လက်တို့လိုက်သဖြင့် လှည့်ကြည့်လိုက်တော့ သူ့ကို ပြုံးကြည့်နေသော လီလီ့ကို တွေ့လိုက်ရသည်။

အော် ဘာလိုလိုနဲ့ နောက်သုံးရက်လောက်ဆို လီလီ ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမိတော့ သီဟ အတော် စိတ်မကောင်း ဖြစ်သွားသည်။ သူ့အနေနဲ့ လီလီကို ခင်လည်း ခင်သလို သူမသိတာတွေကို သင်ပေးခဲ့သဖြင့် အမတယောက်လိုလည်း လေးစားသည်။

“ဘော့စ် နောက်တပတ်ဆို ဒီကို လာတော့မှာ မဟုတ်ဘူးနော် ကျနော်တော့ ဒုက္ခပဲ” သီဟ လှမ်းပြောလိုက်သည်။

“အမယ်လေး နင်ကလည်း စိတ်ပူမနေပါနဲ့ နင် ဒီလောက် ကြိုးစားတာ အဆင်ပြေမှာပါ။ မသိတာ ရှိရင်လည်း ယွီရှောင်တို့ ကျန်းထင်းရိတို့နဲ့ ဒီလောက် ခင်နေတာ မေးသာမေး။ တကယ်တော့ သူတို့လည်း ငါတတ်သလောက်ကို တတ်နေပါပြီ။ ငါလည်း သူတို့ကို နင့်ကို သင်ပေးလိုက်ဖို့ မှာပြီးသား နင်နဲ့လည်း ခင်နေတာပဲဟာ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဘော့စ်”

“သီဟ နောက်ပြီး နင့်ကို ငါ ဒီအချိန်တို အတွင်းမှာ တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။ နင့်ကို ငါ ပရောဂျက် အကြီးရော အသေးလေးတွေရော တွက်နည်း သင်ပေးခဲ့တာ နင်သိမှာပေါ့။ ဒါပေမယ့် နင့်ကို ပရောဂျက် အသေးလေးတွေကို ဦးစားပေးပြီး တွက်ခိုင်းခဲ့တာ ဘာကြောင့်လည်း နင်သိလား”

“မသိပါဘူးဘော့စ်”

“ပရောဂျက် အသေးလေးတွေက မစ္စတာဂျယ်ရီလင်း ကိုယ်တိုင် လိုက်နေတဲ့ ပရောဂျက်တွေ သီဟ။ နင်သိတဲ့အတိုင်း ပရောဂျက် အသေးလေးတွေက တွက်ရတာ လွယ်တယ် ဆိုပေမယ့် ဈေးနှုန်းသက်သာဖို့ကို အဓိကထား လုပ်ရတာ။ ရဖို့သိပ်လွယ်တယ်။ ပရောဂျက် အကြီးတွေကျတော့ မီလီယံ ဘီလီယံနဲ့ ချီပြီး တန်ဖိုးရှိပေမယ့် ရဖို့ မလွယ်ဘူး။ နင်အခုဆို နှစ်ခုစလုံး လုပ်တတ်နေပြီ။ ငါမရှိလည်း ဆက်ပြီး ကြိုးစား ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဘော့စ်”

သူ လီလီကို ပြောပြီး လှည့်ထွက်လာတော့ လမ်းမှာ ဘူးဆန်းနဲ့ မျက်နှာချင်းဆိုင် တွေ့ရလေသည်။ မကြာခင် ကိုယ့်ကို အုပ်ချုပ်မည့် အထက်အရာရှိ ဆိုသော သဘောဖြင့် ယာဉ်ကျေးမှုအရ သီဟ ပြုံးပြလိုက်လေသည်။ ဘူးဆန်းက ခဏကြာ ခပ်တည်တည် ကြည့်နေပြီးမှ ဟီးကနဲ ရယ်ပြလေသည်။

အင်း သူရယ်ပြတာကြီးကလည်း တမျိုးကြီးပါလား ဘာနဲ့ တူပါလိမ့်ဟု သီဟ တွေးလိုက်မိသည်။ ထိုင်ခုံတွင် ထိုင်ပြီးနောက် အတော်ကြာတော့မှ ဘုရားရေ ဘူးဆန်း ငါ့ကို ရယ်ပြတာကလည်း သရဲကားထဲက သွေးစုတ်ဖုတ်ကောင် အစွယ်တွေဖြဲပြတာနဲ့ တူလှချည်လားဟု တွေးလိုက်မိလေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၁၄)

လက်ထောက် မန်နေဂျာ ထိုင်ခုံတွင်ထိုင်ရင်း ဘူးဆန်း ကိုယ့်ကိုကိုယ် ကျေနပ်နေလေသည်။ ဒီနေ့ဆိုလျှင် သူ လီလီ၏ ရာထူးကို လွှဲယူခဲ့တာ တပတ်တင်းတင်း ပြည့်ပြီဖြစ်သည်။ ပထမ တပတ်လုံးကတော့ ဘာမှ သိပ်မလှုပ်ရှားသေးပဲ ထိုင်ခုံတွင် အသာလေးထိုင်ကာ ကိုယ့်လက်အောက်က လူတွေကို အလုပ်ပေးထားလိုက်ပြီး ကိုယ်က အသာလေး ထိုင်ကြည့်နေလိုက်လေသည်။ တကယ်က သူတို့ကို အကဲခတ်နေတာ ဖြစ်သလို ကိုယ့် အစီအစဉ်ကိုလည်း နေရာတကျ ဖြစ်နိုင် မဖြစ်နိုင် ပြန်လည် သုံးသပ်နေခဲ့တာ ဖြစ်သည်။ ရှေ့တပတ်မှစပြီး လုပ်ငန်းစရမည်ဟု တွေးထားသည်။

တကယ်တော့ သူ အနေနဲ့ သိပ်မတော်ပေမယ့် လုပ်ငန်းမှာ ဒီနေ့အထိ တည်မြဲနေတာက ပါးနပ်မှုကြောင့် ဖြစ်သည်။ သူ ပါးနပ်တာက ဘယ်နေရာကိုပဲရောက်ရောက် ဘယ်သူက အခရာ ဘယ်သူ့ကို ကပ်ထားရမယ် ဘယ်သူကတော့ နင်းချေရမယ့်လူ ဘယ်သူ့ကိုတော့ မြှောက်ခိုင်းရမယ် ဆိုတာ ကောင်းကောင်းသိခြင်း ဖြစ်သည်။ ပရောဂျက်ဌာနတုန်းကလည်း ဆရာရင်းဖြစ်သူ မစ္စတာလိုကျင်းနှင့် ပြေလည်သဖြင့် အစစ အရာရာ အဆင်ပြေခဲ့တာပဲ ဖြစ်သည်။

သူ ဒီဌာနကို ရောက်ပြီးကတည်းက ဒီဌာနက လူတွေ၏ ကိုယ်ရေးဖိုင်တွေကို အလွတ်ရမတတ် ဖတ်ထားပြီး ဖြစ်သလို ပထမတပတ် အတွင်းမှာလည်း လူတိုင်းကို အကဲခတ်ပြီးသား ဖြစ်သည်။ ဒီဌာနက သီဟဆိုတဲ့ ကောင်လေးကို သူအကြောင်း တခုခုရှာပြီး အလုပ်ထုတ်ပစ်ရမယ်လို့ တွေးထားပြီးသား ဖြစ်သည်။

ဘူးဆန်း ဒီဌာနကို ရောက်ကတည်းက အားလုံးနဲ့ စကားပြောကြည့်ပြီး သိလာရတာက ယွီရှောင်တို့ လူဟောင်းတွေ အားလုံးဟာ သူ ဒီရာထူး ရလာတာကို သိပ်ဟက်ဟက်ပက်ပက် မရှိဘူးဆိုတာ တွေ့လိုက်ရသည်။ ကိုယ့်ကိုတော့ လာပြီး မလေးမစား လုပ်တာမျိုး လုံးဝမရှိ။ သူ စကားပြောလည်း ယာဉ်ကျေးမှုအရ ပြုံးပြပြီး စိတ်ဝင်စားသည့်ဟန်ဖြင့် အာရုံစိုက်ပြသော်လည်း ဒီအမူအရာတွေ အားလုံးဟာ ရင်ထဲက လာတာ မဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိသည်။

သူ့အနေနဲ့ ဒီလူတွေကို ခိုင်းဖို့ မြှောက်လည်းမြှောက် ခြောက်လည်းခြောက် လုပ်ရမယ်လို့ တွေးထားသည်။ သူတို့ကို ခြောက်ဖို့ကျတော့ ကိုယ်က သူတို့ လန့်သွားအောင် ရှိန်သွားအောင် သူတို့ထက် တတ်ကြောင်း တော်ကြောင်း ပြလို့ကတော့ ဘယ်လိုမှမရ။ ကိုယ်ဘာမှ မသိဘူးဆိုတာ ကိုယ်တိုင် အသိဆုံး ဖြစ်သည်။ ဒါကြောင့်မို့လို့ သူတို့ ကိုယ့်ကို ကြောက်သွားအောင် ကိုယ့်စကားကို နားမထောင်ဝံ့ပဲ မနေနိုင်အောင် သူတို့ရှေ့မှာ တယောက်ယောက်ကို စံနမူနာပြ အရေးယူပြမှ ဖြစ်ပေလိမ့်မည်။

သူအနေဖြင့် ဒီလို ကိစ္စမျိုးအတွက်လည်း ဘယ်သူ့ကို ရွေးပြီး အပြစ်ပေးရမည် ဆိုတာ စဉ်းစားထားပြီး ဖြစ်သည်။ သူရွေးထားသည်က မြန်မာလူမျိုး လူသစ်ဖြစ်သူ သီဟဆိုတဲ့ ကောင်လေး ဖြစ်သည်။ လူတယောက်ကို အကြောင်းပြ ရမယ်ရှာပြီး အလုပ်ရပ်စဲရမည် ဆိုတော့ ရက်စက်ရာ ကျတာတော့ အမှန်။ ဒါပေမယ့် သူ့အနေနဲ့ကလည်း မျောက်သားစားချင်တာကို မျောက်မျက်နှာ ကြည့်နေလို့ မရပဲလေဟု ကိုယ့်ကိုကိုုယ် ဖြေတွေးတွေးသည်။

သူ ဒီကောင်လေးကို အပြစ်ရှာပြီး အလုပ်ထုတ်ပစ်မယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်။ သူ့အတွက် ဒီလုပ်ရပ်က အသုံးကျသည့် နေရာရှိတာတော့ အမှန်ပင်။ သူ အသေးစိတ် အစီအစဉ်ကို သူ့ခေါင်းထဲမှာ ရေးဆွဲပြီးနေပြီ။ ပထမဆုံး အနေဖြင့် ရှေ့တပတ်ကုန်လောက်တွင် ယွီရှောင်တို့ အားလုံးကို လစာ တိုးပေးမည်ဟု စဉ်းစားထားသည်။ အမှန်က ဝန်ထမ်းတွေ လစာတိုးရမည့် အချိန် မဟုတ်သေး။ ဒါပေမယ့် သူက ဒီဌာနရဲ့ လောလောလတ်လတ် လူကြီးအနေဖြင့် လုပ်ပိုင်ခွင့် အပြည့်ရထားသည် ဖြစ်ရာ ဝန်ထမ်းတွေကို အင်ပြည့်အားပြည့် အလုပ်လုပ်ဖို့ စိတ်ဓတ်မြှင့်တင်ပေးရန် ဆိုသည့် အကြောင်းပြချက်နဲ့ တိုးပေးမှာ ဖြစ်သည်။

သီဟ တယောက်မှလွဲပြီး အားလုံးကို လစာတိုးပေးမှာ ဖြစ်သည်။ ဘယ်သူ့ကို ဘယ်လောက် တိုးပေးရမယ် ဆိုတာလည်း တွက်ထားပြီးသား ဖြစ်သည်။ ယွီရှောင်ကို အများဆုံးဖြင့် နှစ်ဆယ်ရာခိုင်နှုန်း ကျန်းထင်းရိကို ဆယ့်ငါးရာခိုင်နှုန်း တိုးပေးမည်လို့ စဉ်းစားထားသည်။ သူတို့ နှစ်ယောက်က လီလီ၏ အတော်ဆုံးလူတွေ ဖြစ်သဖြင့် သူတို့ကို သေချာ ချော့ခိုင်းကာ သူတို့ဆီမှ ပညာကို နှိုက်ထုတ်ရမည် ဖြစ်သည်။ ကျန် အိန္ဒိယ အင်ဂျင်နီယာ သုံးယောက်ကိုလည်း တယောက်ကို ဆယ်ရာခိုင်နှုန်းဆီ တိုးပေးလိုက်မည်။ ဒီလို သူတို့ကို လစာ တိုးပေးလိုက်ခြင်းဖြင့် မိမိအနေဖြင့် သူတို့နှင့် မြန်မာကောင်လေးကြား စည်းခြားလိုက်ပြီးသား ဖြစ်သွားမည့်အပြင် ယွီရှောင်တို့ လူစု အနေဖြင့်လည်း လောလောလတ်လတ် ရထားသော လစာမျက်နှာကို ထောက်ကာ သူ့ကို ကလန်ကဆန် လုပ်ဖို့ ခက်သွားမှာ သေချာသည်။ ဒါက ယွီရှောင်တို့ လူစုကို မြှောက်လိုက်ခြင်းသာ။

နောက်ပြီး လစာတိုးပေးပြီး တလလောက်ကြာမှ သူတို့ရှေ့မှာ မြန်မာကောင်လေးကို အရေးယူ ပြလိုက်လျှင် ယွီရှောင်တို့ လူစု နည်းနည်းလန့်သွားမှာ သေချာသည်။ အဲဒီနောက်တွင် မိမိက ခိုင်းတာ မေးတာများကို မလုပ်ပဲ မဖြေပဲ နေရဲတော့မှာ မဟုတ်။

နောက်တချက်က ဒီလို သူလှုပ်လှုပ်ရှားရှား လုပ်ပြလိုက်လျှင် ဌာန အပြင်ဖက်က မသိသော လူများက ဒီဌာနမှာ အသစ်ရောက်လာတဲ့ လူကြီးက အလုပ်လုပ်ရင် ခိုလို့ ကပ်လို့ မရဘူး တိတိကျကျသမားဟု အထင်ရောက်သွားနိုင်သည်။ အဓိကက သူဌေးကြီး မစ္စတာဝမ်တို့လို လူကြီးတွေကို ဒီလို ထင်စေချင်တာ ဖြစ်သည်။

နောက်ထပ် သူ့အတွက် အရေးကြီးသော အချက်တချက်လည်း ကျန်သေးသည်။ အဲဒါက သီဟနေရာမှာ လူသစ်တယောက်ကို ခန့်ထားရေး ဖြစ်သည်။ ဘာကြောင့်လည်းဆိုတော့ ယွီရှောင်တို့ အုပ်စုထံမှ သူ မသိမသာနဲ့ ပြန်သင်ဖို့ ကိစ္စမှာ ဒါလည်း ပါဝင်သည်။ အလုပ်လွှဲယူတုန်းက လီလီက သုံးပတ်လောက် သူ့ကို သေသေချာချာ ရှင်းပြတော့ ရှင်းပြသည်။ ဒါပေမယ့် သူ့ကို လုပ်ငန်းအတွေ့အကြုံ ရှိပြီးသား လူတယောက်လို့ ယူဆထားသည် ဖြစ်ရာ ကလေးစာသင်သလို အခြေခံ သင်ရိုးလေးတွေလောက်ကို မသင်တော့ပဲ ရှင်းပြခဲ့သည် ဖြစ်ရာ သူဘာမှ နားမလည်လိုက်။ သူက တကယ်တော့ ပရောဂျက်ဌာနမှာ နို့သက်ခံစို့ပြီး တတ်ယောင်ကား လုပ်ခဲ့သဖြင့် လီလီက သူနားလည်မည်ဟု ယူဆပြီး မပြောခဲ့တာတွေကို သူလုံးလုံး နားမလည်။ မေးရင်လည်း ကိုယ့်အထုပ်ကိုယ် ဖြေပြလိုက်သလို ဖြစ်သွားမှာ စိုးသဖြင့် သူ သိချင်ယောင် ဆောင်နေခဲ့သည်။

သီဟကို အကြောင်းရှာပြီး အလုပ်ထုတ်ပစ်ပြီးလျှင် သူ့နေရာမှာ လူသစ် ဖရက်ရှာ တယောက်ကို အလုပ်ခန့်မည်ဟု စဉ်းစားထားသည်။ လုံးဝ ကျောင်းပြီးကာစ လုပ်ငန်းအတွေ့အကြုံ မရှိသောလူကို ရွေးချယ်ရမည်။ ပါးနပ်သောလူ ဖြစ်ဖို့လည်း လိုသည်။ ပြီးမှ ထိုလူသစ်ကို ထရိန်နင်ပေးရန် ဆိုကာ ယွီရှောင်တို့ လူစုထဲက တယောက်ယောက်ကို သင်ခိုင်းမည်။ ထိုအချိန်တွင် လစာတိုးရထားတာရော သူတို့ရှေ့မှာ တယောက်ကို အရေးယူ ပြထားတာရော ရှိသဖြင့် ယွီရှောင်တို့ သင်ပေးဖို့ ငြင်းရဲမှာမဟုတ်ဟု တွေးထားသည်။ နောက်ပြီး လူသစ် ဖြစ်သဖြင့် ကကြီးရေကမှ စသင်ရပေလိမ့်မည်။ ထိုအခါကျမှ မိမိက သူတို့ သင်ပြီးလျှင် မိမိခန့်ထားသော လူသစ်ကလေးကို စစ်ပေးသလိုလို အမှား အမှန်ကြည့်ပေးသလိုလိုဖြင့် ယွီရှောင်တို့ ဘာတွေ သင်ပေးသလည်းဆိုတာ ပြန်မေးမည် ပြန်ကြည့်မည်ဟု စိတ်ကူးထားသည်။

ဒီလိုဆိုရင် ယွီရှောင်တို့ အဖွဲ့ရဲ့ ပညာတွေကို မိမိ နှိုက်ထုတ်နိုင်ပြီ ဖြစ်သည်။ အခြေခံလောက်ကို ပိုင်သွားပြီ ဆိုတာနဲ့ ကိုယ်က မန်နေဂျာ ဖြစ်သဖြင့် ခပ်တည်တည်နဲ့ သူတို့ကို ခိုင်းစားလို့ ရပြီဖြစ်သည်။ ကိုယ်တိုင်တောင် လုပ်စရာမလို။ သီဟကတော့ ယွီရှောင်တို့နဲ့ တခါတလေ သွားဆွေးနွေးတာက လွဲလို့ သူ့ဘာသာသူ တွက်တတ်နေပြီ ဖြစ်ရာ သူ့ကို ဒီအတိုင်း ထားလိုက်လျှင် ကိုယ်လည်း သူတို့ ဘာတွေတွက်နေသလည်း ဆိုတာ သိမှာမဟုတ်။ နောက်ပြီး ကိုယ်က ဒီဌာနရဲ့ လူကြီး ဖြစ်သဖြင့် လက်အောက်က လူများထံ ငါ့ကို ဒါလေး ရှင်းပြပါဆိုပြီး သွားမေးလို့ မလွယ်ပေ။

နောက်ပြီး ဒီလို ကိစ္စအတွက်လည်း မြန်မာကောင်လေးကို စတေးမှ ဖြစ်မယ်လို့ ဘူးဆန်းတွက်ထားပြီးသား ဖြစ်သည်။ ဘာလို့လည်းဆိုတော့ သူ့ကိုသာ စတေးဖို့ အသင့်တော်ဆုံး ဖြစ်သည်။ မိမိအနေနဲ့ မိမိ အလုပ်ထုတ်ချင်သူကို သောက်မြင်ကပ်လို့ ထုတ်သည် ဆိုသော အကြောင်းပြချက်နဲ့ ထုတ်လို့တော့ မရသဖြင့် အကြောင်းပြချက်ကောင်း တခု ပေးဖို့လိုသည်။ ဌာနဆိုင်ရာ လူကြီးတယောက် အနေနဲ့ မိမိ ထုတ်ပယ်လိုသော ဝန်ထမ်းကို ထုတ်ပစ်ဖို့ အကောင်းဆုံး ဆင်ခြေမှာ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းသည်။ မိမိ မျှော်မှန်းသလို မလုပ်နိုင်ဆိုပြီး အကြောင်းပြတာက အကောင်းဆုံး ဖြစ်သည်။

ယွီရှောင်တို့ ကျန်းထင်းရိတို့ကို ဒီလို ဆင်ခြေမျိုး သွားပေးလို့ မဖြစ်။ သူတို့၏ လုပ်ငန်း ကျွမ်းကျင်မှုကို မစ္စတာဝမ်မှအစ ဝန်ထမ်းရေးရာ မန်နေဂျာ မဒမ်ဆူဇန်အဆုံး အားလုံး သိထားပြီး ဖြစ်ရာ ဒီလိုမျိုး ဆင်ခြေသာ ပေးမိပါက ကိုယ်အရူး ဖြစ်မည့်အပြင် ကလိမ်ကကျစ် လုပ်နေပြီလို့လည်း လူကြီးတွေ သဘောပေါက် သွားနိုင်သည်။

အိန္ဒိယ အင်ဂျင်နီယာ သုံးယောက်သည်လည်း ထိုနည်းလည်းကောင်း။ ပုံမှန်သာ လုပ်တတ်သည် ဆိုပေမယ့် သူတို့ သုံးယောက်စလုံး လုပ်သက်မှာ နှစ်နှစ်ကျော်စီ ရှိပြီးသား ဖြစ်သည်။ အရင်တုန်းက နှစ်နဲ့ချီပြီး အဆင်ပြေခဲ့သူတွေက ကိုယ့်လက်အောက်မှာ ချက်ချင်း အဆင်မပြေ ဖြစ်နေပြီဟု သွားပြောလျှင် လူကြီးတွေ လုံးဝ ယုံမှာမဟုတ်။ ထို့ပြင် ယွီရှောင်တို့ အုပ်စုမှာ လုပ်သက်ကိုယ်စီ ရှိပြီ ဖြစ်သဖြင့် အားကိုးကိုယ်စီလည်း ရှိပြီးသား ဖြစ်သည်။ အိန္ဒိယ အင်ဂျင်နီယာ သုံးယောက်ဆိုလျှင် အရောင်းဌာနမှ စီနီယာ မန်နေဂျာကြီး ဖြစ်သူ နာတာရာဂျန်နဲ့ လူမျိုးတူ ဖြစ်သဖြင့် အတော် ခင်မင်ပေသည်။ သူတို့ကို သွားထိပါက နာတာရာဂျန်ပါ ပါလာနိုင်သည်။ နောက်ပြီး လူဟောင်းတွေမှာ အမြဲတမ်းခန့် ဝန်ထမ်းတွေ ဖြစ်ရာ ကုမ္မဏီမှ အလုပ်ထုတ်ပစ်ပါက စည်းကမ်းအရ လျော်ကြေး နှစ်လစာခန့် ပေးရမည်။ နည်းသည့် ငွေပမာဏ မဟုတ်။ ဒီလို ငွေကိစ္စ ပါလာပါက ဝန်ထမ်းရေးရာဌာနမှ သေသေချာချာ စုံစမ်းတာတွေ လုပ်လာနိုင်သည်။ သီဟဆိုသော ကောင်လေးကတော့ အစမ်းခန့်ကာလမှာပဲ ရှိသေးသည် ဖြစ်ရာ လျော်ကြေး ပေးစရာမလိုပဲ တပတ်ခန့် ကြိုတင် သတိပေးပြီး အလုပ်ရပ်စဲနိုင်သည် ဖြစ်ရာ အလွန်လွယ်လွန်းလှသည်ဟု ဘူးဆန်းတွေးသည်။

အမှန်တော့ မိမိ မှန်းကြည့်သလောက် သီဟ၏ လုပ်အားမှာ အိန္ဒိယ အင်ဂျင်နီယာ သုံးယောက်ကိုပင် မီအောင် လိုက်လာနေပြီ ဖြစ်သည်။ ဒါပေမယ့် ဒါကို လူကြီးတွေ မသိသေး။ သီဟမှာ ဝင်တာ မကြာသေးသဖြင့် သူ့ စွမ်းဆောင်ရည်ကို လူကြီးတွေ သတိမထားမိသေး။ ထို့ကြောင့် မိမိအနေနဲ့ သီဟကို ကြိုက်သလို အပြစ်ပုံချနိုင်သည်ဟု ဘူးဆန်း တွေးထားသည်။ သူ့ စွမ်းဆောင်ရည်ကို အမှတ်ပေးမှုမှာ ကိုယ့်လက်ထဲမှာ ရှိသည်ဖြစ်ရာ ဒီကောင်လေးကို အသုံးမကျဘူးဟု အပြစ်ဖို့ရန်မှာ အထက်လူကြီး တယောက် အနေနဲ့ ဌက်ပျောသီး အခွံနွှာစားရတာမှ ခက်ဦးမည်လေ။

ရုံးဆင်းချိန် ဘဲလ်မြည်သံကို ကြားလိုက်ရသဖြင့် ဘူးဆန်း အတွေးများကို ဖြတ်ပစ်လိုက်သည်။ ဒီနေ့က စနေနေ့ ဖြစ်သဖြင့် နေ့တဝက်သာ လုပ်ရမည် ဖြစ်ရာ အိမ်သို့ပြန်ရာ ကားရှိရာသို့ စိတ်လက်ပေါ့ပါးစွာဖြင့် သွားလိုက်လေသည်။ အင်း နောက်တပတ်လောက်က စပြီး ငါ့အစီအစဉ်ကို စပြီး အကောင်အထည် ဖော်ရမည်လို့ စဉ်းစားလိုက်သည်။ သီဟရယ် ငါ့ကို အပြစ်မတင်ပါနဲ့ မင်းရဲ့ ကံကြမ္မာနဲ့ အခြေအနေကိုက ဒီလို ဖြစ်နေလို့ မင်းကိုယ်မင်းသာ အပြစ်တင်ပါဟု စိတ်ထဲက ပြောရင်း ကျေနပ်စွာ မဲ့ပြုံး ပြုံးလိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၁၅)

ဒီနေ့က နေ့ဝက်နဲ့ ရုံးဆင်းရမည့် စနေနေ့မို့ အက်စသာတယောက် ၁၁ နာရီထိုးခန့်တွင် စာရွက်စာတမ်းများကို လက်စသတ်လိုက်သည်။ စနေနေ့တွင် ဝန်ထမ်းအားလုံးနီးပါးပင် အချိန်ပို သိပ်မလုပ်တော့ပဲ နေ့ဝက်နဲ့ ပြန်လေ့ ရှိကြသည်။ အလွန်ကို လုပ်ငန်း အရေးကြီးမှသာ နေလေ့ရှိသည်။ သူဌေးကြီးနဲ့ ဒါရိုက်တာအဖွဲ့ကလည်း ဒါကို အပြစ်မြင်လေ့ မရှိ။ ဘာကြောင့်လည်းဆိုတော့ ဒီကုမ္မဏီက ကြားရက်များတွင် ပုံမှန်အချိန်ပို လုပ်ရလေ့ရှိရာ ဒီနေ့လေးတော့ စိတ်လက် ပေါ့ပေါ့ပါးပါးဖြင့် အနားယူပါစေဟု မစ္စတာဝမ်ကိုယ်တိုင်ပင် ပြောဖူးသည် ဖြစ်ရာ စနေနေ့ဆိုလျှင် ဝန်ထမ်းတိုင်းက ပျော်ပျော်ရွှင်ရွှင် ဖြစ်နေလေ့ ရှိသည်။ အလုပ် အရေးကြီးလျှင် တနင်္ဂနွေနေ့ အချိန်ပိုလာဆင်းပေါ့။ ထိုအတွက်လည်း အချိန်ပို လုပ်ခ ပေးသလို အချိန်ပို ဖြစ်သဖြင့် ကြိုက်သည့်အချိန်မှ အိပ်ရာထပြီး လာလို့ရသည်။

အက်စသာက အရောင်းနဲ့ မားကတ်တင်းဌာနရဲ့ လက်ထောက် မန်နေဂျာဖြစ်ပြီး ဒီကုမ္မဏီမှာ စဝင်ကတည်းက အလုပ်ကြိုးစားသဖြင့် လူကြီးတွေရဲ့ အချစ်တော် တဦးလည်း ဖြစ်သည်။ အင်း မနက်ဖြန်တော့ နေ့ဝက်လောက် လာလုပ်ဦးမှပါပဲလေဟု တွေးကာ သူ သန့်စင်ခန်းဘက်သို့ ထွက်လာလိုက်သည်။

လမ်းတွင် သီဟဆိုသော ကောင်လေးကို ညှိုးငယ်စွာဖြင့် သူ့ထိုင်ခုံမှာ ထိုင်နေတာ မြင်နေလိုက်ရသဖြင့် သူ့အပျော်လေးများ ချက်ချင်း ပျောက်သွားကာ ရင်ထဲ ဆို့နင့်သွားသည်။ သီဟ ဒီလို ဖြစ်နေတာ မြင်ရသဖြင့် သူ လုံးဝ စိတ်မကောင်း။ သီဟက အရင်တုန်းက သူ့အချစ်ဆုံး သူငယ်ချင်း ချောင်လီလီ လက်အောက်တွင်ရှိကာ သူ့ထက်လည်း ဆယ်နှစ်လောက်တော့ ငယ်သည်။ ဒီကောင်လေးက သူ့မောင် အငယ်ဆုံးလေးနဲ့လည်း နည်းနည်း ရုပ်ဆင်ပြီး မျက်နှာချိုသဖြင့် သူအစကတည်းက ခင်မင်စိတ် ရှိခဲ့သည်။

ဖြစ်ပုံက လီလီ ထွက်သွားပြီး နှစ်ပတ်လောက်ကတည်းက စသည်။ ပရောဂျက်ဌာနမှ အင်ဂျင်နီယာ ဘူးဆန်း ရာထူးတိုးကာ ဒီဌာနကို ကိုင်တွယ်ပြီး နှစ်ပတ်လောက်ကတည်းက သီဟကို ဌာနတွင်းတွင် လုပ်တာ ကြာလှချည်လား မပြီးသေးဘူးလား စသဖြင့် မြည်တွန်တောက်တီးသံများ စကြားရတုန်းက သူအနေဖြင့် ပုံမှန်ဟုသာ ထင်ခဲ့သည်။ သုံးရက်လောက် ဆက်တိုက် ဖြစ်လာတော့ ဌာနချင်းကလည်း ကပ်ရက် ဖြစ်သဖြင့် သူ တစေ့တစောင်း အကဲခတ် ကြည့်သောအခါ ဘူးဆန်းက သီဟကိုပဲ ပစ်မှတ်ထားကာ ကွန်ပလိန်း လုပ်နေသလိုမျိုး တွေ့လာရသဖြင့် သူ စိတ်ထင့်သွားမိသည်။ သူလည်း အလုပ်လုပ်လာတာ ကြာပြီ ဖြစ်သဖြင့် မြွေမြွေခြင်း ခြေမြင်ပါသည်။ သူထင်သည့် အတိုင်းပင် နောက်တပတ်ကျတော့ ကုမ္မဏီလပတ် အစည်းအဝေးတွင် ဘူးဆန်းက ထကာ သူ့ဌာနထဲမှ လူသစ်ကလေး၏ စွမ်းဆောင်ရည်ကို သူသိပ်မကြိုက်ကြောင်း လူကြီးများကို တင်ပြတော့ လူကြီးများကလည်း မင်းဌာနထဲက လူအရွှေ့အပြောင်းကတော့ မင်းသဘောပေါ့ဟု ပြောသဖြင့် သူ အဲဒီကတည်းက သီဟတော့ သွားပြီဟု တွက်ထားပြီးသား ဖြစ်သည်။

သူ သီဟကို ကူညီချင်ပေမယ့် မကူညီနိုင်ခဲ့။ သူက တခြားဌာနမှ ဖြစ်သဖြင့် ကိုယ့်ဌာနထဲမှ မဟုတ်သောလူကို သူလုပ်တာ ကောင်းပါတယ်ဆိုပြီး ဘောင်ကျော်ပြီး ထောက်ခံပေးလို့ မရပေ။ နောက်တော့ ကြားရသလောက် ဘူးဆန်းက ဝန်ထမ်းရေးရာဌာနက မန်နေဂျာကြီး မဒမ်ဆူဇန်ကို ဝင်တွေ့ကာ သီဟကို ဝမ်နင်လက်တာ ခေါ် သတိပေးစာ တရားဝင် ထုတ်သည်ဟု သိရသည်။ အစမ်းခန့်ဝန်ထမ်းကို ဒီလို သတိပေးစာ ထုတ်သည် ဆိုကတည်းက ဒီဝန်ထမ်းအတွက် အခြေအနေ ဆိုးနေပြီ ဆိုတာ သေချာသည်။

အင်း ငါ သိပ်ကူညီချင်ပေမယ့် ဘာမှ မတတ်နိုင်တာပဲလေ သတ္တဝါတခု ကံတခုပဲပေါ့ဟု တွေးကာ သက်ပြင်းမောကို ချလိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၁၆)

ဘူးဆန်း သီဟ၏ ပုံစံကို နောက်ကျောမှ ကြည့်ကာ ကိုယ့်ဘာသာကိုယ် ကျေနပ်နေမိသည်။ မင်း ငါ့ကို ဘာမှ မတတ်နိုင်ပါဘူးလို့လည်း စိတ်ထဲမှ တွေးနေမိသည်။သူ့ အစီအစဉ်က အခုထိ လုံးဝ ဟာကွက် မရှိပေ။ တကယ်တော့ နောင်လည်း လုံးဝ ရှိလာစရာ မရှိပေ။

ပထမဆုံး သူ စီစဉ်ထားသည့် အတိုင်း သူတာဝန်ယူပြီး ဒုတိယ အပတ်ထဲမှ စတင်ကာ အလုပ်ခွင်ထဲတွင် သူ ဒီကောင်လေး စိတ်မတည်ငြိမ်အောင် အမျိုးမျိုးသော ကွန်ပလိန်းတွေကို အသံကျယ်ကျယ်နဲ့ လုပ်နေခဲ့သည်။ မပြီးသေးဘူးလား တွက်တာ ကြာလိုက်တာ စသည်များ ပါသလို ရံဖန်ရံခါ ယွီရှောင်တို့နဲ့ သွားဆွေးနွေးတာတွေ ရှိလျှင်လည်း ကိုယ့်နေရာကို ပြန်လာသည်နှင့် မင်းဘာလို့ ဒီလောက် သူများကို ခဏ ခဏ မေးနေရတာလည်း။ တခါမေးပြီး မှတ်ထားပါလားလို့လည်း မကြာခဏ ပြောရာ ကြာတော့ ဒီကောင်လေး ဘာမှ သွားမဆွေးနွေးရဲတော့ပေ။

အင်း ကိုယ်က ပြောခွင့် ရှိတဲ့လူနေရာ ရောက်တော့လည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောလို့ ရတာပဲလို့လည်း တွေးမိသေးသည်။ တကယ်က သူတွက်တာတွေ အခု ကိုယ့်ကို တွက်ခိုင်းရင် ကိုယ်လုံးဝ သူ့လို မတွက်တတ်ပေ။ ဒါပေမယ့် ဒါတွေက အရေးမကြီး။ သူတို့ကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်နိုင်ဖို့သာ အရေးကြီးသည်။

ပထမဆုံး သီဟ တယောက်ကိုသာ အပြင်တွင် ထားခဲ့ကာ ယွီရှောင်တို့ လူစုကို အစည်းအဝေးခန်းထဲ ခေါ်ပြီး အစည်းအဝေးခန်းကို တံခါးပိတ်လိုက်သည်။ ပြီးမှ သူတို့ တယောက်ချင်းစီကို လစာတိုးပေးသော စာများပေးကာ အလုပ်ကို ကြိုးစားစေလိုကြောင်း သူက နောက်ထပ်လည်း အဆင်ပြေရင် ပြေသလို လစာတိုးပေးဖို့ အထက်ကို ကြည့်ပြီး တင်ပြပေးမည့် အကြောင်း ပြောလိုက်သည်။ ပြီးမှ အားလုံးကို သီဟ၏ လုပ်ရည်ကိုင်ရည်ကို သူသိပ်စိတ်တိုင်း မကျသေးကြောင်း စောင့်ကြည့်ဦးမည့် အကြောင်း ပြောလိုက်သည်။

ဒီလောက် ပြောလိုက်ပြီ ဆိုသည်နှင့်ပင် အရွယ်ရောက်ပြီးသား လူတွေ ဖြစ်သဖြင့် အခြေအနေကို ရိပ်စားမိပြီ ဖြစ်သည်။

ယွီရှောင်ကို ဆိုလျှင် လစာ တိုးပေးရုံမက အားလုံး လွတ်ချိန်တွင် မင်းနဲ့ ငါနဲ့က တကယ်တော့ အထက်အောက် သဘော မဟုတ်ပါဘူး။ ဘေးတိုက် မျဉ်းပြိုင်ပါ။ အဆင့်အတူတူပါပဲ။ မင်းငါ့ကို အခက်အခဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ် ဆိုပြီး ချွေးသိပ်လိုက်သေးသည်။ သူက ဒီရာထူးကို အရသင့်ဆုံးလူ ဖြစ်ပြီး အတော်ဆုံးဖြစ်ရာ သူ့ကို ချော့ခိုင်းစရာတွေလည်း ရှိသေးသောကြောင့် ဖြစ်သည်။

ဒီတပတ် လပတ် အစည်းအဝေးကျတော့ မစ္စတာဝမ်က အစည်းအဝေး ပြီးခါနီးတွင် ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် ဘာများ ပြောစရာ ရှိပါသလည်းဆိုတော့ သူ သီဟ ကိစ္စကို တင်ပြလိုက်သည်။ သူ့အနေနဲ့ စနက်တံမီးကို စတင်ရှို့လိုက်တာ ဖြစ်သည်။ အခုဆိုရင် ဌာနအသီးသီးမှ သူရဲ့ သဘောထားကို သိသွားကြပြီ ဖြစ်သည်။ သူ့မှာ ဌာနမှူးအသစ် ဖြစ်ပြီး ပါဝါကလည်း အပြည့်ဖြစ်ရာ ပြောတိုင်းဖြစ် လုပ်တိုင်း တင့်တယ်နေသည်ဟု ဆိုရမည်။

နောက်တော့မှ ဝန်ထမ်းရေးရာဌာန မန်နေဂျာကြီးဖြစ်သူ မဒမ်ဆူဇန်ကို ဝင်တွေ့ပြီး သီဟ၏ စွမ်းဆောင်ရည်ကို သူအားမရကြောင်း မေးပြီးသားများကိုလည်း ခဏ ခဏ မေးနေကြောင်း စသည်ဖြင့် ကိုယ့်လက်အောက်လူကို ဖယ်ချင်သော လူကြီးများ၏ ပြောနေကျ ညစ်လုံးများကို ပြောလိုက်သည်။သူ ထိုမြင်ကွင်းကို ပြန်စဉ်းစားလိုက်သည်။ဆူဇန်က ပထမ အံ့အားသင့်ကာ သီဟ၏ ဖိုင်တွဲကို ဆွဲထုတ်လိုက်သေးသည်။ ပြီးမှ သေချာကြည့်ပြီး

“ဘယ်လို ဖြစ်တာလည်း ဘူးဆန်း ဒီက ဖိုင်တွဲ အဟောင်းထဲမှာတော့ ချောင်လီလီက ဒီကောင်လေးက အင်္ဂလိပ်စာလည်း မဆိုးဘူး။ ကြိုးစားမှုသင့်လို့ မှတ်ချက် ရေးထားပါလား”

သူ ခဏမျှ ငြိမ်နေပြီး စိတ်ထဲမှ လီလီကို ကျိန်ဆဲလိုက်မိသည်။ ပြီးမှ မှင်သေသေဖြင့်

“ဒါက ဒီလိုပါ မဒမ်။ လီလီကတော့ ဘယ်လို အမြင်နဲ့ ရေးသွားသလည်းတော့ မသိဘူး။ သူလည်း သူ့စံနဲ့သူတော့ ရှိမှာပေါ့လေ။ ကျနော့် အမြင်ကတော့ အခု မဒမ်ကို ပြောပြသလိုပဲ တွေ့ရပါတယ် ခင်ဗျာ။ ကျနော့်စံနဲ့တော့ မကိုက်ညီလှပါဘူး”

“အေးလေး အခုလက်ရှိ မင်းလက်အောက်က လူဆိုတော့ မင်းရဲ့ အမြင်က ပိုအရေးပါပါတယ်။ မင်းနဲ့ သင့်တော်မယ် ထင်တဲ့လူပဲ မင်းလိုချင်မှာပေါ့ ဆိုတော့ မင်းက ဘယ်လို ဖြစ်စေချင်တာလည်း”

“ကျနော့် သူ့ကို ပထမ သတိပေးကြည့်ပါဦးမယ်။ သတိပေးစာတော့ ထုတ်ပေးပါ မဒမ်။ နောက်ပြီးတော့ သူ့ကို ပုံမှန်ဆိုရင် နောက်နှစ်ပတ်လောက်ကျရင် အမြဲတမ်းခန့် ဝန်ထမ်းအဖြစ် စာထုတ်ပေးရမှာပါ။ အဲဒါ ကျနော် သူ့ကို သိပ်မကြိုက်လို့ အစမ်းခန့်ကာလကို နောက်လကုန်အထိ တိုးလိုက်မယ် မဒမ်။ ဒီ တလခွဲအတွင်းမှာ သူ တိုးတတ် မလာဘူး ဆိုရင်တော့ သူ့ထိုက်နဲ့ သူ့ကံပဲပေါ့”

“အေးလေ ဒါကတော့ မင်းဌာနဆိုတော့ မင်းသဘောပဲပေါ့ ဘူးဆန်း”

သူ အဲဒီမြင်ကွင်းကို မျက်စိထဲမှာ ပြန်မြင်ကာ ကျေနပ်စွာ နှုတ်ခမ်းများကို တွန့်ကွေးပြီး အားရစွာ ပြုံးလိုက်မိသည်။ တကယ်က သူ လူကြားလို့ကောင်းအောင် အချိန် ၁လခွဲ ထပ်ပေးလိုက်ခြင်းသာ ဖြစ်သည်။ ချက်ချင်းကြီး လုပ်လိုက်သည်ဆိုလျှင် တခြားမှ လူများက အတင်းပြောနိုင်သည်။ သူက အခုလိုဆိုတော့ တကယ် ဒီကောင်လေးကို အလုပ်ရပ်စဲပြီးပြီ ဆိုလျှင်လည်း ငါက သဘောထား ကြီးပါတယ် သူ့ကို ကြိုးစားခွင့် ပေးပေမယ့် သူက မတိုးတတ်လာလို့ပါ ဆိုပြီး ပြောလိုက်ရုံသာ။

တကယ်က သူ အားလုံးကို ဆုံးဖြတ်ပြီး ဖြစ်နေလေပြီ။

…………………………………………………..။…………………………………………………………………….

အခန်း (၁၇)

ဒီနေ့က စနေနေ့ ဖြစ်သဖြင့် နေ့ဝက် ဖြစ်ရာ အမှန်ဆို သူပျော်နေရပေမည်။ ဒါပေမယ့် အခု သူလုံးဝ မပျော်နိုင်။ အမှန်တော့ သီဟ ဒီနှစ်ပတ် အတွင်းမှာ မပျော်ရုံသာမကပဲ စိတ်ဖိအားနှင့် စိတ်ညစ်ညူးမှုများကိုပါ ခံစားခဲ့ရသည်။

စိတ်မညစ် ခံနိုင်ရိုးလား။ ဘူးဆန်းက ရောက်ပြီး နှစ်ပတ်မှ စတင်ကာ အခြားသူများနှင့် ဆက်ဆံရာတွင် ချိုသာသလောက် ကိုယ့်အပေါ်တွင် ကွန်ပလိန်း အမျိုးမျိုး ပေးနေခဲ့သည်ပဲ။ အမှန်တော့ ကိုယ်လည်း လူအတယောက် မဟုတ်ပါ။ ဘူဆန်းကို ရောက်ခါစ တပတ်မှာ အကဲခတ်လိုက်တာနဲ့ ဘူးဆန်း တင်ဒါဌာနရဲ့ တွက်ပုံ ချက်ပုံများကို လုံးဝမသိဘူးဆိုတာ ရိပ်မိခဲ့ပါသည်။ ဒါပေမယ့် ကိုယ်ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆက်ဆံမည်ဟု ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် ဘူးဆန်းက သူ့အစွယ်တွေကို တဖြည်းဖြည်း ထုတ်ပြလာခဲ့သည်။ ဟိုတနေ့ကဆို တွက်နေရင်းနဲ့ သံသယရှိသော အပိုင်းကို ကျန်းထင်းရိနဲ့ သွားဆွေးနွေးရာတွင် ဘူးဆန်းက အများရှေ့မှာ မျက်နှာကို အရုပ်ဆိုးအောင် တည်ထားလိုက်ပြီး သီဟ မင်းလူကြီး တယောက် မဟုတ်ဘူးလား ကလေးလေးလို နေရာတကာ လျှောက်မေးမနေနဲ့လေ ဆိုပြီး လှမ်းအော်သည်။ တခြားဌာနမှ မိန်ကလေးများလည်း အနားမှာ ရှိသဖြင့် သူအတော် ရှက်သွားခဲ့သည်။

ချက်ချင်းပင် တတ်လာသော ဒေါသစိတ်က မင်းရော ဘယ်လောက်တတ်လို့လည်း ငါတတ်သလောက်ရော တတ်ရဲ့လားဟု ပြန်မေးမိဖို့ နည်းနည်းပဲ လိုတော့သည်။ အချိန်မီ ဝင်လာသော အသိစိတ်က ကိုယ့်ခံစားမှုကို ချွန်းအုပ်လိုက်သည်။ စိတ်ထိန်း စိတ်ထိန်း ခံစားမှုနောက်လိုက်ရင် မင်းချက်ချင်း ကိုယ်ကျိုးနည်းသွားမယ် ဆိုပြီး သတိပေးလိုက်သည်။ ကိုယ်က ဒီအချိန်မှာ သူ့ကို ဗြောင်ချဲလိုက်သည်နှင့် သူဆင်ထားသော အကွက်ထဲ ဝင်သွားတော့မှာ ဖြစ်သည်။

မနေ့က အဖြစ်ကတော့ အဆိုးဆုံး ဖြစ်သည်။ သီဟ ပြောစရာရှိလို့ ခဏ လာခဲ့ပါဦးဆိုပြီး ဘူးဆန်းက အစည်းအဝေးခန်း အလွတ်တခုထဲကို ဝင်သွားသဖြင့် သူလည်း လိုက်သွားလေသည်။ ခဏကြာတော့ ဝန်ထမ်းရေးရာဌာနမှ မဒမ်ဆူဇန် ဝင်လာပြီး အခန်းတံခါးကို ပိတ်လိုက်သည်။ ဒီကတည်းက ဘူးဆန်း ကိုယ့်ကို မကောင်းကြံပြီ။ ဆူဇန်ပါ ပါလာပြီ ဆိုကတည်းက ကိုယ့်အတွက် ဘယ်လိုမှ ကောင်းသောကိစ္စ မဖြစ်နိုင်ပြီဆိုတာ သဘောပေါက်ထားပြီးသား ဖြစ်သည်။

ပြီးတော့ ဘဲဥပုံ စားပွဲတွင် ဆူဇန်နဲ့ ဘူးဆန်းက တဘက် ကိုယ်က တဘက် မျက်နှာချင်းဆိုင် ထိုင်ဖြစ်ကြသည်။ အဲဒီနေ့က အဖြစ်ကို ပြန်စဉ်းစားတာနဲ့ ဗီဒီယိုပြသလို စိတ်ထဲမှာ ပေါ်လာသည်။

ဆူဇန်က မျက်နှာထားတည်တည်ဖြင့် စပြီး ပြောသည်။

“သီဟ အခု တို့အနေနဲ့ မင်းပါဖောင်းမင့် နှေးတယ်။ အလုပ်လုပ်တာ မမြန်ဘူး။ မေးပြီးသား မေးခွန်းတွေကို ထပ်တလဲလဲ မေးနေတယ်။ နောက်ပြီး လွယ်တဲ့ ပရောဂျက် အသေးလေးတွေကိုပဲ တွက်တယ်လို့ ပြန်ပြီး သတင်းရတယ်  အဲဒါ ဟုတ်လား”

စိတ်ထဲတွင် ဒေါသ ထောင်းကနဲ ထွက်သွားပြီး ဆူဇန်ကို တခုခု ပြန်ပြောရန် ပြင်ပြီးမှ အချိန်မတန်သေးဘူး ဆိုပြီး ပြန်မျိုချလိုက်ရသည်။ ဒီအချိန်မှာ ဒီလို ကိုယ့်ထက် အများကြီး ပါဝါကြီးသူတွေနဲ့တော့ ယှဉ်ဖိုက်ရင် ဟုတ်တာ မှန်တာ နောက်ထား ကိုယ်ခံသွားရဖို့ သေချာသည်။ ဒါက အပြင်လောက မဟုတ်ပါလား။ ပြီးတော့ ဆူဇန်က သူဌေးကြီး မစ္စတာဝမ်ပြီးလျှင် ဒီလုပ်ငန်းမှာ ပါဝါ အကြီးဆုံးလို့ ပြောနေကြတာ ရှိသေးသည်။ သူက လစာတိုး ရာထူးတိုးများကို သူဌေးကြီးထံ နားပေါက်အောင် တင်ပြနိုင်သလို တိုးပေးလိုက်သော သူများကိုပင် သူသဘောမတွေ့ပါက အဲဒီလောက် မတိုးသင့်ဘူးဟု ဆိုကာ ပြန်ရုပ်သိမ်းအောင် ပြောနိုင်သည်လို့ နာမည်ကြီးသည်။

သူ စိတ်တည်ငြိမ်အောင် ပြန်ထိန်းပြီးမှ

“မဒမ် ကျနော့် အနေနဲ့ ပရောဂျက် အသေးလေးတွေပဲ တွက်တယ်ဆိုတာ ကျနော်ရဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ လီလီ့ လက်ထက်ကတည်းက အဲဒီအပိုင်းကို ဇောင်းပေးပြီး တွက်ရမယ်ဆိုလို့ လုပ်ရတာပါ။ နောက်ပြီး ပရောဂျက် အကြီးတွေလည်း ကျနော် လုပ်ပါတယ်။ မေးပြီးသားတွေ မေးတယ် ဆိုတာတော့ မဟုတ်ဘူးလို့ ထင်ပါတယ် မဒမ်။ တခါတလေ ကိုယ်လုပ်တာ အမှားပါမှာ စိုးလို့သာ တွက်ထားပြီးသားကို အတွေ့အကြုံ ရှိတဲ့လူတွေနဲ့ ဆွေးနွေးတာပါ”

“မဟုတ်ဘူးလေ သီဟရဲ့ ဆွေးနွေးတယ်ဆိုလည်း သူများပြောတာတွေ သေသေချာချာ မှတ်ထားရမယ်လေ အမြဲတမ်း ပုံစံတူတွေပဲ ခဏ ခဏ မေးနေရင် အလုပ် ဘယ်တွင်မလည်း” ဘူးဆန်းက ဆူဇန်မပြောခင် ကြားဖြတ် ဝင်ပြောလိုက်သည်။

သီဟစိတ်ထဲတွင် ပြန်ပက်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။ အခန့်မသင့်ရင် အပြင်လောကမှာ ကိုယ့်လောက် မတတ်တဲ့ လူကလည်း ကိုယ့်ကို ဆရာလုပ်တာ ခံရနိုင်ပါလားလို့ တွေးလိုက်မိသည်။

အဆုံးသတ်တော့ သူ့ရဲ့ ပါဖောင်းမင့်ကို သဘောမကျသေးသဖြင့် ကြိုးစားရန်နှင့် အစမ်းခန့်ကာလကို နောက်ထပ်တလ ထပ်တိုးလိုက်သည် ဆိုသော သတိပေးစာ ရတာသာ အဖတ်တင်လေသည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဟု ဆိုဆို ကံကြမ္မာဆိုးသည် လာပြီ ဆိုရင် အဖော်တွေ အပေါင်းတွေနဲ့ လာတယ်ပဲ ပြောပြော ဘူးဆန်းက ကိုယ့်ကို အစည်းအဝေးမှာ ကွန်ပလိန်းတတ်တဲ့ ကိစ္စက အခုဆို ကုမ္မဏီက ရုံးဝန်ထမ်းတွေ အားလုံးနီးပါး
သိကြပြီ ဖြစ်သလို ဆိုက်ဒ်ထဲမှာ လုပ်နေတဲ့ လူတွေတောင် အရာရှိအဆင့်တွေက အားလုံး သိကြပြီ ဖြစ်သည်။

အကြောင်းက ထိုနေ့က အစည်းအဝေးကို တချို့ မန်နေဂျာကြီးတွေက ခွင့်ယူထားတဲ့လူနဲ့ မအားတဲ့လူတွေက သူတို့ကိုယ်စား စီနီယာအင်ဂျင်နီယာတွေကို တတ်ခိုင်းလိုက်တာကြောင့် ဖြစ်သည်။ တကယ်က စီနီယာ အင်ဂျင်နီယာဟာ မကြာခင်မှာ မန်နေဂျာရာထူးပို့စ်ကိုပေးဖို့ အလားအလာ အရှိဆုံးလူများ ဖြစ်သည်။

လူကြီးတွေက အစည်းအဝေးခန်းထဲက ကိစ္စကို အပြင်မထွက်အောင် ပါးစပ်ပိတ်နိုင်ပေမယ့် စီနီယာ အင်ဂျင်နီယာတွေကျတော့ အသက်ငယ်သူများလည်း ဖြစ်ပြန် အထက်နဲ့ အောက်ကြားက အလည်လူတွေ ဖြစ်သဖြင့် ရင်းနှီးသောသူ တယောက် နှစ်ယောက်ကို ပြန်ပြောရာမှ တဆင့်စကား တဆင့်နားနဲ့ ဒီကိစ္စ အားလုံးနီးပါး သိကုန်တာ ဖြစ်သည်။

ဒီအတွက် သူ ရင်ဆိုင်ရတာက နေ့တိုင်း အလုပ်ခွင်မှာ အခြားလူများ၏ မသိမသာ အကဲခတ်မှုများ အချို့၏ စိတ်မကောင်းသော မျက်နှာများ စပ်စုတတ်သူ အချို့၏ အဆင်ပြေရဲ့လား မျက်နှာမကောင်းဘူးနော် နေမကောင်းဘူးလားဟု ခဏ ခဏ လာစူးစမ်းမှုများ ဖြစ်သည်။

အခု သူ့မှာ စိတ်ဖိအားသာမက အားငယ်ခြင်း ရှက်ခြင်း ဝမ်းနည်းခြင်း ဒေါသထွက်ခြင်း မခံချိ မခံသာဖြစ်ခြင်း စသည့် စိတ်ဒုက္ခများပါ ခံစားနေရလေသည်။ သူကောင်းကောင်းသိသည်။ ဘူးဆန်းသည် သူ ဟန်ဆောင်ပန်ဆောင် ပေးထားသော သတ်မှတ်ချိန် စေ့သည်နှင့် မိမိကို အပြစ်ရှာပြီး အလုပ်ထိခိုက်အောင် လုပ်တော့မည် ဖြစ်သည်။ သူ တဦးတည်း ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလည်းဆိုတာလည်း စဉ်းစားပြီးပြီ။ သူ့မှာ အဖြေမရှိ။

သူ ဘယ်လို ကြိုးစားလုပ်လုပ် အပြစ်မရှိ အပြစ်ရှာမည့်သူက ကိုယ့်အထက်လူ ဖြစ်နေသဖြင့် ကိုယ့်ပါဖောင်းမင့်က သူ့လက်ထဲမှာ ရှိသည်ဖြစ်ရာ ကိုယ်ဘာလုပ်လုပ် သိပ်မထူးပေ။ နောက်ပြီး သူကျေနပ်အောင် မျက်နှာလုပ်ဖို့ ဆိုတာလည်း သီဟအတွက် မဖြစ်နိုင်ပေ။ ဒါက ရှက်စရာ ကောင်းသည်လို့ သူခံစားရသည်။ နောက်ပြီး သူ့မှာ အားကိုးစရာ လူကြီးသူမ မရှိ။ သူက ရောက်ခါစ ဖြစ်သဖြင့် ကုမ္မဏီထဲမှ ဘယ်လူကြီးနဲ့မှ မရင်းနှီးပေ။

နောက်ပြီး သီဟက ဒီအလုပ်လေးကို တွယ်တာနေမိသည်။ ကိုယ်နှစ်သက်သော အလုပ် ဖြစ်သလို ကိုယ့်အတွက် လေ့လာသင်ယူစရာ ပေါလှသော လုပ်ငန်းလေးလည်း ဖြစ်သည်။ အခုတော့ ကိုယ်က အပြစ်ကင်းအောင် နေပါရက်နဲ့ မတရားတာ ခံရသည်ဆိုသော အတွေးကလည်း ဒေါသထွက်စေသည်။

နောက်ပြီး ကိုယ့်မှာ ကိုယ့်ရဲ့ ပညာနဲ့ သန့်သန့်စင်စင် ရှာထားသော ငွေလေးများကို လကုန်တိုင်း မိဘနှစ်ပါးဆီ ပြန်ပို့ပေးနေရသည်ကို ဘဝ၏ စိတ်ချမ်းသာမှုတခု အဖြစ် အမြဲတမ်း ခံစားနေခဲ့တာ ဖြစ်သည်။ သုဝဏ္ဏသာမလို သာမျိုးဟုတော့ ကိုယ့်ကိုကိုယ် မညွှန်းလိုပေမယ့် ကိုယ်က မိဘနှစ်ပါးကို လုပ်ကျွေးနေတာတော့ အမှန်ပဲဖြစ်သည်။ အခုတော့ ဒီဝင်ငွေတွေကို လူညစ်တယောက်ကြောင့် စွန့်လွှတ်ရပေတော့မည်။

စနေနေ့ အလုပ်ဆင်း ဘဲလ်တီးသံကြောင်း သီဟ ကြိုပို့ကားဆီသို့ လျှောက်လာလိုက်သည်။

“တီ တီ တီ တီ”

တယ်လီဖုန်း မြည်လာသဖြင့် သူဟန်းဖန်းကို ကိုင်လိုက်တော့ ဆက်တာက သူ့သူငယ်ချင်း သွင်နောင်စိုး ဖြစ်နေသည်။

“သူငယ်ချင်း ဘာကိစ္စလဲကွ”

“သီဟ မင်းဒီညနေ အားတယ် မဟုတ်လား တို့အိမ်လာခဲ့လေ ငါတို့အိမ်မှာ ထမင်းစုချက်စားမလို့ လူတွေလည်း စုံကြမှာ။ သူငယ်ချင်းတွေ အများကြီး လာကြမှာ။ မင်းလာခဲ့နော်။ စုမြတ်ကလည်း မင်းကို ရအောင်ခေါ်လို့ ပြောနေတယ်”

“အေးပါ ငါလာခဲ့ပါ့မယ်”

…………………………………………………..။…………………………………………………………………….

အခန်း (၁၈)

သွင်နောင်စိုး ဖုန်းချသွားပြီးမှ သူ သူငယ်ချင်းတွေ အကြောင်းတွေးနေမိသည်။ သွင်နောင်စိုးနဲ့ စုမြတ်က လင်မယားတွေ ဖြစ်ကာ တက္ကသိုလ်ကတည်းက သီဟနဲ့ သူငယ်ချင်းတွေ ဖြစ်သည်။ သူတို့ အိမ်လေးကို သီဟ ရုံးပိတ်ရက်တိုင်းလိုလို သွားလေ့ရှိသည်။ သူတို့အိမ်တွင် ပိတ်ရက်ဆို အခြား သူငယ်ချင်းတွေပါ လာစုတတ်သဖြင့် ဒီလိုနေ့မျိုးဆို တရုံးရုံးနဲ့ စည်ကားလှသည်။

အိမ်ပြန်ရောက်တော့ သူခဏ နားကာ ညနေစောင်းတွင် သွင်နောင်စိုးတို့ အိမ်ဘက်သို့ ထွက်လာခဲ့သည်။ သူရောက်တော့ လူတွေ စုံနေပြီ။ အခြား သူငယ်ချင်းတွေရော သွင်နောင်စိုးတို့ လင်မယားပါ ပျော်ပျော်ပါးပါးဖြင့် နောက်လိုက် ပြောင်လိုက် ဖြစ်နေကြရာ သီဟမှာတော့ ကိုယ့်အပူနဲ့ကိုယ် ဖြစ်သဖြင့် တိတ်တိတ်ဆိတ်ဆိတ်ပင် ထိုင်နေမိသည်။

“သီဟ တိတ်လှချည်လားဟဲ့ နေမကောင်းဘူးလား” ခဏနေတော့ သတိထားမိတဲ့ စုမြတ်က လှမ်းမေးလိုက်သည်။

“နေကောင်းပါတယ်ဟာ နည်းနည်း ငြီးစီစီ ဖြစ်နေလို့ပါ ဘာမှ မဖြစ်ပါဘူး” သူ သူငယ်ချင်းတွေကို ညာလိုက်သည်။ ဟုတ်သည်။ သူ့အနေနဲ့ သူ့ကိစ္စကို ပြောမထွက်။ ပြောလို့လည်း သူတို့တွေ မကူညီနိုင်ပဲ စိတ်မကောင်းတာသာ အဖတ်တင်မည်။ သူတို့လည်း သူတို့ အပူနဲ့သူတို့ ရှိနိုင်သည်ပဲ။

“ဘာအထိမ်းအမှတ်နဲ့ တကူးတက ထမင်းချက်ကျွေးတာလည်းဟ ပြောပါဦး” သူ စုမြတ်ကို စကာလမ်းကြောင်းလွှဲဖို့ မေးလိုက်သည်။

စုမြတ်က ပြုံးစိစိ လုပ်ပြီးမှ

“ငါ အလုပ်ထဲမှာ ရာထူးတိုးတယ်လေ လစာလည်း နည်းနည်တိုးတယ်။ သိပ်တော့ မများပါဘူး။ အမယ် ပြောရဦးမယ် နင် ဆေဗယ်လ်က ကျော်မြင့်နိုင်ကို သိတယ် မဟုတ်လား သီဟ”

“ဘယ်ကျော်မြင့်နိုင်လည်း ကုလားနဲ့တူတဲ့ ကုလားကျော်မြင့်နိုင်လား ပိန်ပိန်ရှည်ရှည်နဲ့ လန်ဘား ကျော်မြင့်နိုင်လား”

“ပိန်ပိန်ရှည်ရှည် လန်ဘား ကျော်မြင့်နိုင်လေဟာ အဲဒါ သူလည်း အခု ဒီမှာ အလုပ်လုပ်နေတယ်။ ပြောရဦးမယ် ဆရာ သူက အခု ဝါဿနာအလျောက် ဖဲဗေဒင် လိုက်စားတာ တော်တော် တတ်နေပြီဟဲ့ အဲဒါ ဟိုတလောက ငါနဲ့တွေ့တော့ ငါသူ့ကို ဗေဒင်တွက်ခိုင်းတာ ငါ့ကို ရာထူးတိုးမယ် ဟောလိုက်တာ ငါက သိပ်မယုံဘူး ရာထူးတိုး စဉ်းစားတဲ့ အချိန်မှ မဟုတ်တာ အဲဒါနောက်တပတ်ကျတော့ ရာထူးတိုးရောဟဲ့ သိလား”

“ကျော်မြင့်နိုင်လည်း ဒီကို လာလိမ့်မယ်ကွ သီဟ ဘာလို့ နောက်ကျနေလည်း မသိဘူး” သွင်နောင်စိုးက ဝင်ပြောလိုက်သည်။

သီဟ ခေါင်းထဲမှာ အကြံတခု ရသွားသည်။ သူ အလုပ်ကိစ္စနဲ့ ပက်သက်ပြီး ကျော်မြင့်နိုင်ကို ဗေဒင်တွက်ခိုင်းမည်လို့ စဉ်းစားလိုက်သည်။ အမှန်တော့ သူ အစက ဒါတွေကို သိပ်လေးလေးနက်နက် မရှိ။ ဒါပေမယ့် အခု စိတ်ညစ်နေတော့ ရေနစ်သူဟာ ကောက်ရိုးတမျှင်ကိုတောင် ဖမ်းဆွဲတတ်သည့် သဘာဝအတိုင်း လမ်းစတွေ့နိုးနိုး လုပ်ဖို့ စိတ်ကူးပေါ်ခြင်း ဖြစ်သည်။

ကျော်မြင့်နိုင် ရောက်လာတော့ သူ ဒီကိစ္စကို ကပ်ပြောလိုက်တော့ အဆင်ပြေသည်။ ကျော်မြင့်နိုင်က မနက်ဖြန် ရုံးအားရက် မနက်ပိုင်း လာခဲ့မည်ဟု ကတိပေးသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၁၉)

ကတိပေးသည့်အတိုင်း နောက်တနေ့ မနက်ရောက်လာတော့ တဦးတည်း အခန်း ဖြစ်သည့်အတိုင်း ကျော်မြင့်နိုင်ကို အခန်းထဲမှာပင် စကားပြောသည်။ ကျော်မြင့်နိုင်က စပြီး

“သူငယ်ချင်း ဗေဒင်မေးတာတော့ မေးတာပေါ့ကွာ ငါ့ အနေနဲ့လည်း လေ့လာတုန်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် တခု ပြောချင်တာက သူငယ်ချင်းချင်း ခင်တယ် ဆိုပြီးတော့ ငါဟောနေတုန်းမှာ ငါ့ကို နောက်တာတော့ မလုပ်ပါနဲ့ အဲဒါဆို ငါဟောလို့ ဖြစ်မှာ မဟုတ်ဘူး”

“အေးပါကွ မနောက်ပါဘူး ဒါကတော့ မင်းကို လေးစားရမှာပေါ့ မင်းပညာကိုရောပေါ့”

ပြောဆိုပြီးတော့ ကျော်မြင့်နိုင်က သူယူလာသော ခေါက်စားပွဲသေးလေးကို ဖြန့်ခင်းလိုက်သည်။ ပြီးလျှင် စားပွဲပေါ်မှာ ကတ္တီပါစကလေးကို ဖြန့်ခင်းလိုက်သည်။ ပြီးမှ ဖန်တုံး သေးသေးလေးဖြင့် ဖိလိုက်လေသည်။ ကတ္တီပါစနဲ့ စားပွဲလေးကို ရေမွှေး ဆွတ်လိုက်သည်။ ပြီးမှ သူ့ဖဲထုပ်ကို ထုပ်ပြီး ကုလားဖန်ထိုးသလို လုပ်လိုက်လေသည်။

“သူငယ်ချင်း ငါ့ အနေနဲ့တော့ အခုလောလောဆယ် မေးတဲ့လူရဲ့ မေးခွန်းတခုကိုပဲ တွက်ပေးနိုင်သေးတယ် မင်းဘာမေးချင်သလည်း ငါ့ကိုပြော”

“ငါ ငါ့အလုပ်အကိုင် အခြေအနေ မေးချင်တယ် ကျော်မြင့်နိုင်ရာ အကောင်း အဆိုးလေးတွေပေါ့”

ကျော်မြင့်နိုင်က ကုလားဖန်ထိုးသလို တကြိမ်လုပ်ပြီးမှ ဖဲချပ်တွေကို စားပွဲပေါ် ရိုရိုသေသေချကာ

“ကဲ သူငယ်ချင်း မင်းမေးချင်တဲ့ အလုပ်အကိုင် အကြောင်းကို အာရုံပြုပြီး ဟောဒီ ဖဲထုပ်ထဲက

ဖဲချပ် သုံးချပ်ကို တချပ်ချင်းစီ ဆွဲထုတ်လိုက် မင်းကြိုက်တာသာ ဆွဲထုတ် ပြီးရင် တချပ်ချင်းစီ ငါ့ရှေ့မှာမှောက်ထား ပထမဖဲချပ်က မင်းရဲ့ အတိတ် ဒုတိယဖဲချပ်က လောလောဆယ် တတိယဖဲချပ်က မင်းအလုပ်ရဲ့ အနာဂတ်ပဲ”

သူကျော်မြင့်နိုင် ပြောသလို လုပ်ကာ ဖဲချပ်သုံးချပ်ကို သူ့ရှေ့တွင် မှောက်ထားလိုက်လေသည်။

ကျော်မြင့်နိုင်က ပထမတချပ်ကို ဆွဲလှန်လိုက်ပြီး

“အင်း ဒီဖဲချပ်ကတော့ မင်းဟာ အနီးစပ်ဆုံးအတိတ်မှာ အလုပ်ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတယ် ဒါပေမယ့် မင်းအတွက် ငွေကြေးအဆင်ပြေတဲ့ အလုပ်ရခဲ့တယ်တဲ့”

အင်း ဒါကတော့ သူများဆီက သိရင်လည်း ဟောနိုင်တာပဲဟု သူတွေးလိုက်သည်။ နောက်တချပ်ကို ဆွဲလှန်လိုက်ပြန်ပြီ။

“ဟာ ဒါကတော့ မင်းရဲ့လက်ရှိ အလုပ်မှာ သိပ်မကြာသေးခင်က အထက်လူ အပြောင်းအလဲ ဖြစ်တဲ့ အဓိပ္ပါယ်ပါလားကွ ပြီးတော့ ပုံထဲက လူက သူပစ်လာတဲ့ သားကောင်တွေကို ထမ်းလာသလိုလို ပုံစံပါပဲလား အထက်လူက တမျိုးပဲကွ”

ဟာ ဒါတော့ ဒီကောင် မဆိုးဘူးဟု သီဟ ကျိတ်ချီးကျူးလိုက်သည်။ သူ ဌာနမှာ လူကြီးပြောင်းသွားတာ ဘယ်သူငယ်ချင်းကိုမှ မပြောရသေး မနေ့ကမှ တွေ့တဲ့ ကျော်မြင့်နိုင်က ဒါကို လုံးဝမသိနိုင်။ ဒီတခါတော့ သူငယ်ချင်းကို အထင်ကြီးသလိုလို ဖြစ်သွားသည်။

“ကဲ ဒါကတော့ မင်းအလုပ်ရဲ့ အနာဂတ်ပေါ့” ပြောပြောဆိုဆိုနဲ့ ကျော်မြင့်နိုင် နောက်တချပ်ကို ဆွဲလှန်လိုက်သည်။ သီဟ စိတ်ဝင်တစား ကြည့်လိုက်တော့ မြင်လိုက်ရတာက တောင်ထိပ်ပေါ်က အိမ်လိုလို ရဲတိုက်လိုလို အဆောက်အအုံတခုခုကို လျှပ်စီးကြောင်းတခုက ထိမှန်သောပုံ ဖြစ်သည်။ ကျော်မြင့်နိုင်မျက်နှာ တမျိုး ဖြစ်သွားတာ မြင်လိုက်ရသည်။

“အဲ ဒါ ဒါ ဒါက ကောင်းပါတယ် သူငယ်ချင်း မမျှော်လင့်ပဲ လမ်းစအသစ်တခုကို တွေ့မယ်ဆိုတဲ့ သဘောပဲ”

သီဟ စိတ်သက်သာရာ ရသွားသည်။ ဒါဆိုရင် မဆိုးဘူး ဆိုပြီး ကိုယ့်ဘာသာ အတော်ပျော်သွားသည်။ နာရီဝက်လောက် နေပြီးတော့ ကျော်မြင့်နိုင် နှုတ်ဆက်ကာ ပြန်သွားလေသည်။

“ဟာ ဒီကောင် သူ့စာအုပ် ကျန်ခဲ့ပြီ” ကျော်မြင့်နိုင်စာအုပ်က အခန်းထဲက စားပွဲပေါ်တွင် တင်ထားရာမှ ကျန်ခဲ့ခြင်း ဖြစ်သည်။ စာအုပ်ကို ကြည့်လိုက်တော့ အဖုံးပေါ်တွင် တားရော့ဗေဒင် ဟောနည်းလမ်းညွှန်လို့ ရေးထားတာ တွေ့လိုက်ရသည်။ ဘာရယ်မဟုတ် စာအုပ်ကို ဖျတ်ခနဲ လှန်ကြည့်လိုက်တော့ အခုလေးက ကျော်မြင်နိုင်ဟောခဲ့သည့် ရဲတိုက်လိုလို အဆောက်အအုံ ဖဲချပ်ပုံကို တွေ့လိုက်ရလေသည်။

အောက်က အဟောစာကို ဖတ်ကြည့်လိုက်တော့ တွေ့လိုက်ရတာက မိုးကြိုးထိသောအိမ်ချွန် အဟော ပျက်စီးခြင်း ဆုံးရှုံးခြင်း ထိခိုက်ဒဏ်ရာရခြင်းဟု ရေးထားပြီး အောက်မှ လက်ရေးဖြင့် အဆိုဆုံးကတ်ဖြစ်သည်ဟု ရေးထားသော မှတ်ချက်ကို တွေ့လိုက်ရလေသည်။

ရုတ်တရက် မိမိကို မဲမှောင်သော ကံကြမ္မာတိမ်တိုက်ကြီးက ဖိစီးထားသလို သီဟ ခံစားလိုက်ရလေသည်။

33 comments

  • alinsett ( Gazette )

    February 23, 2014 at 6:53 am

    သီဟ . . .
    ဘာတွေ ဆက်ဖြစ်မလဲ. . . .
    အပြီးထိသာ တစ်ထိုင်တည်း ဖတ်လိုက်ချင်တယ် ။

    • San Hla Gyi

      February 23, 2014 at 8:19 pm

      ကိုအလင်းဆက်ရေ
      ကျနော်လည်း တထိုင်တည်း ရေးချင်တာပဲဗျ။ ဒါပေမယ့် အားတဲ့ အချိန်လေး ရေးရတာရယ် ရေးတော့လည်း ဖတ်တဲ့သူ ဖတ်ရင်းနဲ့ အပျင်းလဲပြေအောင် လူတွေရဲ့ လက်တွေ့ဘဝထဲက လှုပ်ရှားမှုတွေ ပါအောင် စဉ်းစားရတော့ နည်းနည်း ကြာတယ်ဗျ။ အခန်းတွေကတော့ အများကြီးပါပဲ။ ဖတ်ရတာတော့ တန်မှာပါ။ ဒါလည်း အရသာ တမျိုးပေါ့ဗျာ။ ကျနော် ငယ်ငယ်တုန်းက ရွှေသွေးတွေက သိပ်ဖတ်လို့ကောင်းတာ။ အဲဒီမှာ ကျနော် စာမဖတ်တတ်ခင်ကတည်းက လူကြီးတွေက သောကြာနေ့ဆို ရွှေသွေး ဖတ်ပြတယ်။ အဲဒီမှာ ဂရင်း နတ်သမီးပုံပြင်များဆိုတဲ့ အခန်းတခု ပါတယ်။ ဆေးရောင်စုံနဲ့ သေသေချာချာ ဆွဲထားတော့ သိတ်ဖတ်လို့ကောင်းတာ။ ဒါပေမယ့် သူက တပိုင်းတည်း မပြီးဘူး။ ဆက်ရန်ဆိုတဲ့ စာလေးပါရင် ကျနော့်မှာ ဟာကနဲ ဖြစ်ဖြစ်သွားတယ်။ အဲဒါ နောက်တပတ် ရွှေသွေးအသစ်လာအောင် စောင့်တော့ပဲ။ လာရင် လာရောင်းတဲ့ အဖိုးကြီးဆီက ကိုယ်က အရင် ပြေးယူတာ။ အိမ်က လပေးနဲ့ ပေးထားတယ်လေ။
      တကယ်လို့ အဲဒီလို သိချင်တယ်ဆိုရင် ရေးတာ မဆိုးလို့ပေါ့။ မဖြစ်ဘူးဆိုရင်လည်း လိုသေးလို့ပေါ့။ ကျေးဇူးတင်ပါတယ် လာရောက်တဲ့အတွက်။

  • nature

    February 23, 2014 at 11:16 am

    စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးပဲ။ အားပေးနေပါတယ်။

    • San Hla Gyi

      February 23, 2014 at 8:20 pm

      ကို nature ရေ
      ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  • မမချွိ

    February 23, 2014 at 7:26 pm

    ဇာတ်ကောင် စရိုက်တွေ အရမ်းပီပြင်တယ်ရယ်။

  • San Hla Gyi

    February 23, 2014 at 8:23 pm

    ဟုတ်ကဲ့ပါ ကျေးဇူးပါ။ ပီပြင်အောင်ဆိုပြီး လက်တွေ့ ဘဝထဲမှာ လူတွေ ဖြစ်နိုင်တဲ့ ပုံတွေကို အတော် စဉ်းစားပြီး ထည့်ထားရတာ။ ဥပမာ စိတ်ယုတ်မာမွေးတဲ့ ဘူးဆန်းဆိုတဲ့ အရာရှိဆိုးဟာ သဂျီးခိုင်ရဲ့ ကာရိုက်တာကို မှန်းပြီး ထည့်ထားတာ။ မျက်စိထဲ သူ့ကို မြင်ယောင်ကြည့်ပေါ့။ အဲဒီ လူကြမ်းမင်းသား နေရာနဲ့ လိုက်သလားဆိုတာ။

    • Foreign Resident

      February 24, 2014 at 5:51 am

      San Hla Gyi says:
      ” ဥပမာ စိတ်ယုတ်မာမွေးတဲ့ ဘူးဆန်းဆိုတဲ့ အရာရှိဆိုးဟာ
      သဂျီးခိုင် ရဲ့ ကာရိုက်တာကို မှန်းပြီး ထည့်ထားတာ။
      မျက်စိထဲ သူ့ကို မြင်ယောင်ကြည့်ပေါ့။
      အဲဒီ လူကြမ်းမင်းသား နေရာနဲ့ လိုက်သလားဆိုတာ။ ”

      ဟဲ ဟဲ ဟဲ ။
      ကို စံလှကြီး က အခုထက်ထိ စိတ်ဆိုး မပြေသေးဘူး ကိုးဗျ ။ 😛

      ဇတ်လမ်းလေးက ဖတ်လို့ကောင်းပါတယ် ။

      • San Hla Gyi

        February 24, 2014 at 8:59 pm

        အင်း မဟုတ်ပါဘူး။ သူ့ကို စိတ်ဆိုးလို့ ပြောတာ မဟုတ်ပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာကို အပြစ်တင်ချင်ဇောနဲ့ လူတိုင်း သိပြီးသား ကိစ္စတွေတောင် လီဆယ်ပြီး ပြောနေရတဲ့ သူ့ဘဝနဲ့ အပြစ်မရှိသူကို အပြစ်တွေ လီဆယ်ပြောပြီး အလုပ်ထိခိုက်အောင် လုပ်ချင်နေတဲ့ ဘူးဆန်းရဲ့ ဘဝနဲ့ တူတယ်လို့ ခံစားရလို့ပါ။

  • ကျော်စွာခေါင်

    February 24, 2014 at 6:11 am

    ကိုစံလှရေ
    ဖတ်ရတာလဲ အားရပါးရပါဗျာ…
    အလုပ်များတဲ့ကြားက ဒီလောက်အသေးစိတ်ဖော်ညွှန်းရေးနိုင်တာ ချီးကျူးပါတယ်..
    ဘာတွေများဆက်ဖြစ်မလဲ သိချင်လှတယ်…
    အလုပ်များပေမယ့် မြန်မြန်လေးတော့ ဆက်ပါဗျာ…။

    • San Hla Gyi

      February 24, 2014 at 9:00 pm

      အင်းပါ ကိုကျော်စွာခေါင်ရေ အတတ်နိုင်ဆုံးတော့ ရေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။

  • ဦးကြောင်ကြီး

    February 24, 2014 at 7:17 am

    ရွာထဲဒွင် ကစီသွပ်ဆိုသူ တားရော့ဆြာကြီးတဦး ရှိသည်..။ မှန်ကြောင်းထောက်ခံပါ၏… ဗရာဗိုပါ ဆရာသွပ်…. ဂုဏ်ယူသတိရလျက်… ကကြောင်ကြီး

    • San Hla Gyi

      February 24, 2014 at 9:02 pm

      အဲဒီ ကစီသွပ်က သဘောင်္လိုက်သွားတယ်ဆို သူ ဟိုတခါ ပြောတာ။ ကျနော်လည်း သူ့ကို သတိရသား။

    • mgpoe zar

      February 26, 2014 at 1:10 am

      သတိတရ မျှော်မနေကြနဲ့ ကိုကြောင်နဲ့ ကစံလှကြီး။ ကစီသွပ်လည်း မာရ်နတ်သမီးတွေ ဖျက်လို့
      ကျင့်ခဲ့သမျှ ဈာန်ပျက်ပြီး ဝမ်းနည်းပက်လက်နဲ့ တောထွက်သွားတယ်ကြားတယ်ဗျ။ ခင်ဗျားတို့ကို သတိရတယ်လဲ အိပ်မက်ပေးသွားပါတရ်။
      မသူတော်တွေ အဖျက်ဆီးခံ နာမည်ဖျက်ခံအနိုင်ကျင့်ခံ မှန်သမျှ ခေါင်းငုံ့ခံ နှုတ်ပိတ်နေရသမျှ
      ဘူးဆန်းတို့လို မသူတော်တွေ နေရာ ယူနေတတ်တာ ဓမ္မတာပါပဲခင်ည။ 😥

      • mgpoe zar

        February 26, 2014 at 1:26 am

        စကားမစပ် ရှားရှားပါးပါး ကစံလှရေးတာ ပို့စ် ၂ဝ မြောက်နော်။ အဟွတ်။ ကျနော် ခင်ဗျား ပို့စ်ဖတ်ချိန်
        ညတစ်နာရီ ကျော်ဆိုတော့… ကစံလှကြီး
        ရွေးစရာတွေ နှစ်မျိုးနှစ်ခွ ကြုံလာရပန်ပီထင်တယ်။ … ပြသနာအဟောင်းတွေ
        ပြန်ဖြစ်လာတော့မယ်။ သတိထားပါဂျ။
        အဲ့လို ကြုံလာမယ်ဆိုလည်း မိန်းမတစ်ယောက်ရဲ့ အကြံပေးတာကို လက်ခံပြီး ဆက်လုပ်လိုက်ပါလေ။
        ကျနော် ဘာမှမသိပါဘူး။ ခင်ဗျားတို့ကို ခင်တဲ့ ကစီသွပ်က အိပ်မက်ထပေးလို့ပါဂျာ.. 🙂
        ကိုကြောင်>> ခင်ဗျားက အကြင်နာတရားကြီးမားပေမဲ့ အိမ်ထောင်ရေးမှာတော့ အဆင်မပြေနိုင်ဘူး။
        ခုလောလောဆယ် အလုပ်ထဲမှာ သူများမြှောက်ပေးတိုင်း လျှောက်မလုပ်နဲ့ဗျ။ ရှော့ခ်ရှိတယ်။
        ခင်ညား အခြေအနေက ဘဝင်မြင့်လေ ကျရှူံးလေဖြစ်တော့မယ်..။ ၈ ဂဏန်းမှာ ကိုးသွားပူးနေတယ်။
        မိန်းမတွေနဲ့ စကားပြောရင် သတိထားဗျို့..။
        ကျနော် ဘာမှမသိပါဘူး။ ခင်ဗျားတို့ကို ခင်တဲ့ ကစီသွပ်က အိပ်မက်ထပေးလို့ပါဂျာ.. 🙂

        • San Hla Gyi

          February 26, 2014 at 8:58 pm

          ဟုတ်ကဲ့ပါ ခင်ဗျာ။ အခုလို လာရောက် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သတိထားပါ့မယ်။

      • ဦးကျောက်ခဲ

        February 26, 2014 at 8:16 am

        ဝမ်းသာတယ်ဗျာ…
        ခင်ဗျားဆြာရဲ့ အဟောနဲ့ ကျောက်စ် အိမ်ထောင်ကျသွားပြီ…
        ဆြာပေးတဲ့ အခါတော်အတိုင်းပါပဲဗျာ…
        😀

  • ဦးကျောက်ခဲ

    February 24, 2014 at 10:16 am

    ဇာတ်ရှိန်ကတော့ မြင့်လာပြီ ကိုရင်စံလှကြီးရေ…
    ဇာတ်ကောင်တွေက သက်ရှိထင်ရှား ဝင်သရုပ်ဆောင်နေသလိုပဲ…
    ဆက်ရန်ကလေးကို… မြန်မြန်လေးလုပ်ပါ… လို့
    😀

    • San Hla Gyi

      February 24, 2014 at 9:06 pm

      အင်းပါ ဦးကျောက်ခဲရေ အတတ်နိုင်ဆုံး မြန်မြန် ရေးပါ့မယ်။ တခါတလေ မြန်ရင်လည်း ဇတ်လမ်း မကောင်းပဲ ဖြစ်သွားမှာစိုးလို့။ ကျနော့်အနေနဲ့က ဇတ်ကောင်တွေရဲ့ စရိုက်တွေကို ပြင်ပ လူ့လောကထဲက ဟာတွေနဲ့ သရုပ်တူအောင်လည်း စဉ်းစားရသေးလို့ပါ။ အဲဒီကြားထဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိရင်လည်း မရေးနိုင်ပြန်ဘူး။

  • Mr. MarGa

    February 24, 2014 at 11:28 am

    ဒီတစ်ခါ အပိုင်းကူးတာက နည်းနည်း ကြာသွားတယ်ဗျာ
    ဖတ်နေရင်း ဘယ်လိုဖြစ်မယ်ဆိုတာကို တွေးမိအောင် ဆွဲဆွဲခေါ်နေတယ်။
    သီဟအတွက် ကြားမှာ အလှည့်အပြောင်းတစ်ခု ထွက်လာမလားလို့ မျှော်နေတယ်ဗျို့

    • San Hla Gyi

      February 24, 2014 at 9:12 pm

      ဟုတ်ပါတယ် ဦးမာဃရေ နည်းနည်းကြာဆို ကျနော် ကိုယ်ရေးကိုယ်တာ အလုပ်လေးတွေ မပြီးသေးလို့ပါ။ ရေးတော့လည်း ကျနော်က အခန်းတခုချင်းကို စဉ်းစားရသေးတာကိုး။ ဦးမာဃ ပြောသလို ဘယ်လိုဖြစ်မယ် ဆိုတာ တွေးမိအောင် ဆွဲခေါ်နေသလိုပဲ ဆိုလို့ ဝမ်းသာပါရဲ့ဗျာ။ အမှန်လည်း ကျနော် လူတွေကို တခန်းချင်း ဆွဲခေါ်ချင်လို့ အဲဒီလို လုပ်ကြည့်နေတာပါ။ တကယ်တော့ ဒီဇတ်လမ်းကို ကျနော် ဆောင်းပါးပုံစံနဲ့ ရေးလိုက်ရင် သိပ်မြန်မှာပါ။ ဒီလောက်လည်း ရှည်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော့် စိတ်ထင် အဲဒီလို ပုံစံမျိုးဆို ဖတ်ပြီးလည်း ဘာမှ သိပ်ကျန်မှာ မဟုတ်ဘူး ထင်လို့ပါ။
      အမှန်တော့ ဒီဇတ်လမ်းမှာ ကျနော် ပြောချင်တဲ့ လူ့စရိုက်တွေ သင်ခန်းစာတွေလည်း ရှိနေသလိုပဲ။ အလှည့်အပြောင်းတွေကတော့ ရှိပါလိမ့်မယ်။

  • Novy

    February 24, 2014 at 11:33 am

    ဝင်ရောက်အားပေးသွားတယ်
    ဘာဆက်ဖြစ်မလဲအရမ်းသိချင်နေတယ်

  • San Hla Gyi

    February 24, 2014 at 9:13 pm

    မနိုဗီရေ
    ကျေးဇူးတင်ပါတယ်။ နောက်တပိုင်းကျလည်း ဆက်ဖတ်ကြည့်ပါဦး။

  • Ma Ma

    February 25, 2014 at 6:24 pm

    အကြောင်းအရာအချက်အလက်တွေ ခိုင်မာတဲ့ ဇာတ်ပါပဲ။
    ကိုယ့်ကိုယ်ကို အလုပ်ရှင်နေရာမှာ နေကြည့်လိုက်၊ သီဟနေရာမှာ နေကြည့်လိုက်နဲ့ ဖတ်လိုက်တာ ပညာအတော်ရတယ်။
    ကြိုးစားပါလျှက်နဲ့ ကန်ုထုတ်ခံရမယ့် သီဟအတွက်တော့ ကံကိုပဲ ပုံချရမယ်ထင်တယ်။ 🙁

    • San Hla Gyi

      February 25, 2014 at 9:52 pm

      မမရေ အခုလို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်မျိုးကို တချို့ အခန့်မသင့်ရင် လုပ်ငန်းခွင်နဲ့ လက်တွေ့ ဘဝထဲမှာ တွေ့ရတတ်ပါတယ်။ လုပ်ငန်းခွင် ဆိုတာက တချို့က သူများကို နင်းပြီး တတ်ဖို့ လုပ်တတ်တယ် မဟုတ်ဘူး။ တကယ့်ကို အဲဒါမျိုးတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။
      သီဟ နေရာက ကြည့်ရင် အလုပ်ပြုတ်တာက ရိုးရိုးလေး မဟုတ်ဘူး။ စဉ်းစားကြည့်။ မိဝေးဖဝေးမှာ အလုပ်ထပ်ရှာဖို့ လွယ်တာ မဟုတ်ဘူး။ ပြီးတော့ ဒီလို အလုပ်ကောင်းက ထွက်လာတယ်လို့ ပြောလည်း သူ့ကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ နောက်ခန့်မယ့် လူကလည်း ဒီလို အလုပ်ကောင်းမှာ သူအသုံးမကျလို့ ပြုတ်တာလို့ ထင်မှာပဲ။ ဘယ်အလုပ်ရှင်ကမှ ကျနော့်ဘော့စ်က ကျနော့်ကို မတရားသဖြင့် ထုတ်လိုက်တာလို့ ပြောတဲ့လူကို ယုံမှာမဟုတ်ဘူး။ ပြီးတော့ သူက မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ ကောင်လေး။
      စောင့်တော့ ဖတ်ကြည့်ပါဦး။ ဇတ်လမ်းက မပြီးသေးတော့ ကိုရွှေဘ ခံရမယ်လို့တော့ သေချာ မပြောနိုင်သေးပါဘူး။

  • ဦးစံလှရေ တစ်ထိုင်တည်းအားပေးဖို့ အင်တာနက်ဖိုးတွေများလာပြီမို့ သိမ်းသွားပါတယ်။ ၁နဲ့၂ကိုလည်းရှာလိုက်ပါဦးမယ်ရှင်။တကယ်စိတ်ဝင်စားတယ်။

  • San Hla Gyi

    February 25, 2014 at 9:54 pm

    မနန်းတော်ရာသူရေ
    စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူးတင်ကြောင်းပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 26, 2014 at 9:24 pm

    သူများကိုမကောင်းကြံတာနဲ့
    သူများကို စောင်းပြောတာ
    ဘာကွာသလဲ သမိုင်းဆရာကြီးခင်ဗျား :mrgreen:

    • San Hla Gyi

      February 27, 2014 at 10:29 pm

      အင်း သားလေး ချစ်စဆရာ ခေါ် မိုက်ကယ်ဂျော်နီအောင်ဘုရေ
      လာတဲ့အတွက် ဆုံးမခွင့်ရလို့ ဝမ်းသာလိုက်တာ သားလေးရယ်။ သူများကို မကောင်းကြံတာနဲ့ စောင်းပြောတာ အလွန်ကို ကွာပါတယ် သားလေး မိုက်ကယ်ပုရယ်။ ဥပမာ ပြောရရင်
      မန္တလေးဂေဇက် အယ်ဒီတာ သင်ပုန်း ၂၀၁၂ ဧပြီလထဲမှာ သားလေးကိုယ်တိုင် ပြောတဲ့ ကွန်မန့်က ဒီလိုပါကွယ်။
      “ဩစတေးလျှက မြန်မာသဘုန် ဘုန်းကျော်ဆိုတဲ့လူက သဂျီးမင်းရဲ့ ဥပဒေ စည်းကမ်းတော်မြတ် အမှတ် (၆) ကို မလိမ့်တပတ်နဲ့ ချိုးဖောက်ဒါဘာ။ အောင်ဇေယျဆိုတဲ့ နယ်ချဲ့ကိုလိုနီကောင်ရဲ့ အလယ်ချောင်းကို ထိုင်းတွေ ကိုးကွယ်တဲ့အကြောင်းကို သူကြားဖူးတဲ့ ပါးစပ်ရာဇဝင်အကြောင်းကို (သူကြားဖူးနားဝ) သူပြောပြရာကနေ အောင်ဇေယျ မယားပါသားတွေက သူတို့ အဘအကြောင်းတွေကို သူတို့အဘတွေ ပြောပြတဲ့အတိုင်း ဖောက်သည်ပြန်ချရာကနေ” အဲဒီကွန်မန့်ပါကွယ်။ အဲဒီ ကွန်မန့်ကို သားလေး မိုက်ကယ်ပု မေ့ပြီဆိုရင် myanmargazette.net/114201 မှာသွားဖတ်နိုင်ပါတယ်ကွယ်။
      ဟော သားလေး ကွန်မန့်ကို သားလေး ပြန်ကြည့်စမ်း။ နာမည်လည်း မတပ်ပဲ သူများကို သားလေး စောင်းပြောနေတာ တွေ့တယ် မဟုတ်လား။ ထုံးစံအတိုင်း မကြားဝံ့ မနာသာ စကားရိုင်းရိုင်းတွေလည်း ပါသေးရဲ့။ သားလေး စကားပြောရိုင်းတာတော့ နောက်မှ အဘ သီးသန့်ပြောမယ်။
      အဲဒီလို သားလေး ဘယ်လိုပဲ စောင်းပြောပြော ဘယ်လောက်ပဲ ဆဲဆဲ အပြောခံရတဲ့လူတွေက ဘာမှ မဖြစ်ဘူး။ သားလေးကလည်း သူတို့ ဘဝကို ထိခိုက်အောင် ဘာမှ သွားလုပ်လို့ မရဘူး။ သားလေးမှာလည်း အဲဒီလို အစွမ်းမရှိဘူး။ အဘတို့ မြန်မာစကားက ခွေးလေးခုန်လို့ ဖုန်မထ ဆိုသလိုပေါ့။
      ဟော စိတ်ယုတ်မာမွေးတဲ့ ဘူးဆန်းလို လူကျတော့ သူများ မကောင်းကြံပြီ ဆိုကတည်းက အနည်းဆုံး ကြံစည်ခံရတဲ့လူရဲ့ ဘဝကနေ တခါတရံ အသက်အထိ ထိခိုက်လာတတ်တယ် သားလေး မိုက်ကယ်ပုရယ်။ ဒါကြောင့် သူများ မကောင်းကြံတာက ပိုပြီး ဆိုးဝါးလှပါတယ်။
      တဆက်တည်း ကြုံလို့ အဘ ပြောချင်တာက သားလေး မိုက်ကယ်ပုရဲ့ အဲဒီ rude manner လို့ခေါ်တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို ပြင်စေချင်တယ်ကွယ်။ သားလေး မိုက်ကယ်ပုဟာ အမျိုးသမီးတွေရဲ့ မွေးရာပါ ပစ္စည်းတခုကို တစ်တစ်ခွခွ အသုံးအနှုန်းနဲ့ စာမျက်နှာပေါ် ခဏ ခဏရေးတာ ရှောင်စေချင်တယ်ကွယ်။ ဘာလို့လည်းဆိုတော့ သားလေးရဲ့ စကားလုံးက ရင့်သီးလွန်းလို့ လင်မယားချင်း အခန်းထဲ ပြောဖို့တောင် မသင့်တော်လို့ပါကွယ်။ နောက်ပြီး သားလေး မိုက်ကယ်ပုက ကိုယ့်ဘာသာကိုယ် မန်းဂေဇက်ရဲ့ နာမည်ရ စာရေးဆရာလို့ တခါတလေ ခပ်တည်တည်နဲ့ ကိုယ့်ကိုကိုယ် ရေးတတ်တော့ အဘတို့လို လူတွေက သားလေးဟာ ဒီအဆင့် မရှိဘူးဆိုတာ သိပေမယ့် အပြင်က လာဖတ်တဲ့ လူကျတော့ ဒီလို တစ်တစ်ခွခွ ရိုင်းရိုင်းစိုင်းစိုင်း ရေးတဲ့လူက ဒီဆိုက်ဒ်ရဲ့ နာမည်ရ စာရေးဆရာလို့ ထင်သွားရင် သွားပြီပေါ့ကွယ်။ အဲဒါလည်း ဒီဆိုက်ဒ် နာမည်ပျက်ပြီး လူဝင်နည်းရတဲ့ အချက်ပါပဲ သားလေး မိုက်ကယ်ပုရယ်။
      အဲဒီတော့ အဲဒီ အပြုအမူတွေကို ပြင်ပါလို့ အဘ ပြောချင်ပါတယ် သားလေး ချစ်စဆရာ ခေါ် မိုက်ကယ်ဂျော်နီအောင်ဘုရယ်။

      • မိုက်ကယ်ဂျော်နီအောင်ပု

        February 27, 2014 at 11:45 pm

        အစိမ်းတစ်ခု ကို ပေးသွားတာ
        ကျွန်တော် သားလေး
        မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်ပါတယ်ခင်ဗျား
        ပြီးအောင်ရေးဘို့လည်း တောင်းပန်ပါတယ်ခင်ဗျား

      • Foreign Resident

        February 28, 2014 at 4:39 am

        နောက်ထပ် အစိမ်းတစ်ခုကိုပေးသွားတာ ၊
        ကျနော် Foreign Resident ဖြစ်ပါတယ်ခမျ ။

        ကိုရင်စံလှကြီးလို လူမျိုးတစ်ယောက်လဲ ၊
        Gazette ထဲမှာ တကယ်ကိုလိုအပ်ပါတယ် ။

        PS : တော်တော်ဆိုးတဲ့ ကိုပု ၊ ကောင်းပြီ ကောင်းရဲ့ နှင့် ဖတ်လာတာ ၊
        ဒီနားကျမှ ထဖေါက်လာရော ။ ရီလိုက်ရတာ အူတောင်နာတယ် ။

        မလုပ်ပါနှင့် ၊ ကိုရင်စံလှကြီး ရဲ့ Post လှလှလေးကို ။
        PDF တောင်ထုတ်ထားသင့်တဲ့ Post လေးကို ။ နှမျောစရာကြီး ။
        ကျနော်တို့ ငြင်းချင်ရင် ၊ ငြင်းကောင်းမယ့် Post ၊
        သပ်သပ် ထပ်ရေးပြီး ငြင်းကြတာပေါ့ ။ ဟီ ဟိ ။ 😛

      • ဦးကြောင်ကြီး

        March 4, 2014 at 11:11 am

        ကိုစံလှဂျီး.. အဲ့ဒိ အောင်ပုဆိုဒဲ့ကောင်ဂ ရိုင်းကိုရိုင်းတာ.. ဗီဇနေမှာ.. သွားအဖက်မလုပ်နဲ့..

  • Wow

    February 27, 2014 at 2:01 pm

    ကိုစံလှကြီး သရုပ်ဖေါ်တာတော်လွန်းတော့ အပြင်လောက ကစရိုက်တူတွေကို မြင်ယောင်လာတယ်… သူများမကောင်းကြံ… ရဲ့ နောက်ဆက်တွဲက ကိုယ်သာခံ ဆိုတော့ အရမ်းကြီးတော့ ဇတ်မနာနဲ့နော် :mrgreen:

  • San Hla Gyi

    February 27, 2014 at 9:42 pm

    Wow ရေ
    အခုလို လာရောက်တဲ့အတွက် ကျေးဇူးပါ။ အပြင်လောကထဲမှာတော့ ဒီလို စရိုက်တွေ ရှိမှာပေါ့။ နောက်ပိုင်းကျရင်လည်း ဆက်ဖတ်ပါဦး။ ပရိသတ်ကတော့ ဇတ်နာမှာ ကြောက်ကြတာချည်းပဲ။

Leave a Reply