ဧည့်လမ်းညွှန်ဘဝအစ ဖိနပ်စောင့်ခြင်းမှ

moonpoemFebruary 23, 20141min37620

မင်းဒီနေရာမှာ ဧည့်သည်တွေဖိနပ်ကို မပျောက်အောင် စောင့်ဖို့နေရစ်ခဲ့လိုက်။ငါသူတို့ကိုရှင်းပြဖို ့ ဘုရားပေါ်သွားပြီနော်။

ခံရခက်သော ခံစားမှုတစ်ခု ဖြစ်ပါသည်။ စကားလုံးတိုင်းသည် ရင်ကိုလာရောက်ထိမှန်၏။ကျွန်မUFLမှ၃နှစ်ဂျပန်စာသင်ယူခဲ့ခြင်းသည် လည်းကောင်း တိုးဂိုက်သင်တန်းတက်ရောက
်အောင်မြင်ခဲ့ခြင်းသည် လည်းကောင်း ဘုရားတွင် ဖိနပ်စောင့်ဖို့ ရည်ရွယ်ခဲ့ခြင်း မဟုတ်တာတော့ သေချာသည်။

ထိုဖြစ်ရပ်သည် ၂၀၀၉ကဖြစ်၏။ ယခုအချိန်လိုခရီးသွားတွေအုန်းအုန်းထအောင် လာသေးသော အချိန်အခါမဟုတ်သဖြင့် ဂိုက်ပေါက်စတစ်ယောက်သည် အလုပ်ဝင်ခါစတွင် တိုးတစ်ခုစလိုက်ဖိုု့ထက် စီနီယာတစ်ယောက်နောက်ကလိုက်ရျ် ပညာသင်ရပါသည်။

ပြီးမှလေယာဉ်အကြိုအပို့ချိန်များ
တွင်ဧည့်သည်ကို လိုက်ပို့ရင်း စကားပြောကျင့်ရသည်။ကျင့်သားရတော့မှသာ ရန်ကုန်မြို့တွင်းတိုးများ နောက်မှနယ်သွားရသည့်တိုးများစလိုက်ရပြီး လူဦးရေနည်းသည့်တိုးများ။

ထိုမှတဆင့်လူဦးရေများသည့်တိုးများစသဖြင့် တက်ရခြင်းဖြစ်၏။ အခုကတော့ ဘာမှမဘာရသေးခင် စီနီယာတစ်ယောက်၏ ဦးချိုးမှုကို ခံရခြင်း။

တိုးလုပ်ငန်းခွင်ထဲတွင် စဝင်ဝင်ချင်း ပညာသင်ပေးသော စီနီယာများရှိသကဲ့သို့ တစ်နေကုန် ထမင်းမကျွေးဘဲ ပစ်ထားသော စီနီယာအချို့၏ အနိုင်ကျင့်ခြင်းများ ကားသမားများ၏ အော်ခြင်းဟောက်ခြင်းများကို ခံရသော ဂိုက်ဘဝအစတွင် ကျွန်မအလုပ်ကို ဆက်ပြီးလုပ်ဖို့ တွန့်ဆုတ်မိခဲ့၏။

ငါတကယ်ဝါသနာပါတာဟုတ်ရဲ့လား။ ဘာပဲဖြစ်ဖြစ် သည်းခံပြီးဆက်လုပ်မှာလား ဒွိဟဖြစ်မိသည်က အမှန်။နောက်ဆုံးတော့တွေးမိသဘည်မှာဒီလိုဖြစ်ရပ်မျိုးတွေသည် ဘယ်မှာမဆို ရှိကြမည်သာဆိုတာကို တွေးမိချိန်တွင် ကျွန်မဘုရင့်နောင် ဖောင်ဖျက်နည်းဖြင့် အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါသည်။

စီနီယာထမင်းခေါ်မကျွေးတော့ ဘာဖြစ်လဲကွာ မုန့်တွေယူသွားပြီးအပြင်မှာ စားလိုက်မယ်။သူငါ့ကို ဖိနပ်စောင့်ခိုင်းရင် ငါဟုတ်လို ပြောပြီးပြီးရင်ဖိနပ်စင်မှာအပ်ပြီးသူ့နောက်ကို ရအောင်လိုက်ပြီး လေ့လာသင်ယူမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

နောက်ဆုံးတော့လည်း ကျွန်မသည် ပြန်မပြောနားမထောင်ဂျစ်ကပ်ကပ်လုပ်တတ်သူအဖြစ် အပြောခံရသော်လည်း အမြတ်ထွက်သည်ကတော့ ပညာရလိုက်ခြင်း။

အခုချိန်ပြန်တွေးကြည့်လိုက်တော့လည်း ဘဝရဲ့နေ့ရက်အချို့အဖြစ်သာ။ကျွန်မကို ရှေ့ဆက်ပြီး အလုပ်ဆက်လုပ်ဖြစ်အောင် တွန်းအားပေးသူသည် ကျွန်မ၏ဧည့်သည်များရွှေ မင်းကြိုးစားနော် နောက်တစ်ခါ မြန်မာပြည်လာရင် မင်းကိုပဲဂိုက်လုပ်ခိုင်းမှာ ဆိုသောစကားအခွန်းတိုင်းသည်ပီတိနှင့်အတူ ရှေ့ဆက်ဖို့ ဘဝ၏ခွန်အားများဖြစ်လာသည်။
အကြံပေးစာရှိ ဂိုက်နှင့်ပတ်သတ်သော
Comment အကွက်တွင် aမှeအထိရှိရာတွင် CမှB Bမှသည်Aကို ရောက်သော်ပျော်လာ၏။

တကယ်တမ်းတော့လည်း ကျွန်မလိုချင်တာသည်အကြံပေးစာမှA ထက် ဧည့်သည်တို့၏ ရင်ထဲမှကျွန်မနာမည် “ရွှေ “။ကြိုးစားရန် အများကြီးအားတင်းပြီး သုတ်ရဦးမည်။

ဘဝခရီးတွင်မှတ်တိုင်ထူရာ၌
နောက်ပြန်လှည့်ကြည့်ရာတွင်ဖြစ်စေ ရှေ့ဆက်တ်ိုးမည့် မှတ်တိုင်များတွင်ဖြစ်စေ နေ့ရက်တိုင်းကို ရွှေရောင်လွှမ်းခြုံနိုင်အောင် ကျွန်မဆက်လက်ကြိုးစားရဦးမည်သာ။

20 comments

  • alinsett ( Gazette )

    February 23, 2014 at 8:19 pm

    ဒီလိုပါပဲ…
    ကျနော်တို ့တွေဟာ.. အလုပ်နဲ ့ဝါသနာ တစ်ထပ်တည်းကျဖို ့..သွားနေရင်းနဲ ့….
    ဒီလို..အခက်အခဲတွေလည်း..ကြုံလိုက်ကြရတာပါပဲ..နော်..

    ——

    အခက်အခဲကို ကြုံတိုင်း… အရည်အချင်းကို ထုတ်သုံးရင်းနဲ ့….
    နောက်ဆုံးတော့လည်း..ရွှေ ပန်းတိုင်ကို လှမ်းကိုင်နိုင်ရမှာပေါ့….

    :kwi:

  • TNA

    February 23, 2014 at 9:33 pm

    လောကကြီးမှာ အားလုံးလွယ်ကူနေရင် အဲဒါသဘာဝမဟုတ်တော့ဘူးပဲလေ။ ခက်ခက်ခဲခဲနဲ့အောင်မြင်မှု့က သာ သဘာဝကျတဲ့ တသက်လုံးမြဲတဲ့အောင်မြင်မှု့လို့မြင်မိပါတယ်။

  • ဦးကြောင်ကြီး

    February 24, 2014 at 1:20 am

    ဦးကြောင်ဂို စေတနှာရှေ့ထား ဂိုက်လုပ်ပေးမည်ဆိုလျင် မွန်းဂလေးကို အေပလက်စ် ပေးမည်…

  • Foreign Resident

    February 24, 2014 at 4:30 am

    ” နောက်တစ်ခါ မြန်မာပြည် လာရင် မင်းကိုပဲ ဂိုက်လုပ်ခိုင်းမှာ ”

    စိတ်ချမ်းသာအောင် Comfort Talking ပြောသွားတာလား ။
    တကယ်ဘဲ ၊ အဲဒီ ခရီးသွားတွေက မြန်မာပြည် ကို ခဏ ခဏ လာကြသလား ။

    အဘ လည်း ကမာ္ဘတော့ ပါတ်နေတာပါ ဘဲ ။
    နိုင်ငံ / ဒေသ တစ်ခုကို အချိန် သိပ်မကွာလှသေးဘဲ ၊
    နှစ်ခါ သုံးခါ သွားဖို့တော့ စိတ်မကူး မိသေးဘူး ။

    အသက် ငယ်ပိုင်းမှာ နေရာ ဒေသ စုံသွားအောင် အမြန်သွားပြီး ၊
    အသက် ကြီးပိုင်းမှာ တစ် နေရာ / တစ် နိုင်ငံ ချင်းစီ ၊
    Detail / အေးအေး ဆေးဆေး ကြည့်မယ် စိတ်ကူးတာဘဲ ။

    • ကထူးဆန်း

      February 24, 2014 at 9:19 am

      တစ်ကယ်ဘဲ မြန်မာပြည်ကို အခေါက်ခေါက်ပြန်လာသူများလည်း ရှိပါသည် ။
      ငပလီ မှာ ၅ ရက်ခန့် နေရန်ကို အမေရိက မှာ လေယာဉ် ၂၄ နာရီကျော်စီးပြီးလဲ ပြန်လာပါသည် ။
      နှစ်စဉ်လာနေသူများလည်း ရှိပါသည် ။
      comfort talking ပြောသွားသူများလည်းရှီပါသည် ။
      ပြန်လာမယ်နော် အခါခါပြော မျက်ရည်ကျပြီး ပြန်သွားပြီး ပေါ်မလာတော့သူများလည်း ရှိပါသည် ။

  • ကျော်စွာခေါင်

    February 24, 2014 at 6:21 am

    “ အနင်းခံနိုင်တဲ့ စပါးက သန်တယ် ”လို ့ လူကြီးစကားတွေ ကြားဘူးပါတယ်..
    ဘယ်လို ဖိနှိပ်မှုကို မဆို……ဘဝအတွက် အားအဖြစ် ပြန်ယူပေါ့…
    အတိုင်းထက်အလွန် နင်းလာရင်တော့….ဇွဲသတ္တိနဲ့ နိုင်အောင်ပြန်တိုက်ပေါ့…။
    ….
    ….
    စကားမစပ်..
    ကျနော့်ကို တစ်ချိန်တစ်ခါက လူတစ်ယောက်က သူ ့ရဲ ့လုပ်ပိုင်ခွင့် ပါဝါ သုံးပြီး
    သူ ့ဘိနပ်ကို မလျှော်ခိုင်းခဲ့ရင် ကျနော် ဒီအဆင့်ရောက်ခဲ့ချင်မှ ရောက်နိုင်မှာ…..နာကျည်းမှုတွေက အောင်မြင်ရေးလှေကားထစ်တွေပေါ့….။
    …..ဘိနပ်နဲ ့ပါတ်သက်တာလေး ဆင်တူခံစားရလို ့…အားပေးတာပါ…။
    ကြိုးစားပါ… အောင်မြင်မှာပါ..။

  • sorrow

    February 24, 2014 at 9:33 am

    ဆက်သွယ်ပါခင်ဗျ…ကျော် တခုခုကူညီနိုင်မယ် ထင်ပါတယ် ။ အလုပ်တူတွေဆိုတော့ကာ

  • ဦးကျောက်ခဲ

    February 24, 2014 at 10:09 am

    သမီးရေ… အခြေခံကစတာမို့ အခြေခိုင်တယ်လို့မှတ်ပါ…
    ပြန်ပြောရရင် ဦးကျောက် စ အလုပ်လုပ်ခါစက…
    မဖြူတဲ့အသား အနက်နုရောင်ပေါက်အောင် နေပူစပ်ခါးမှာကွဲ့…
    😀

  • မမချွိ

    February 24, 2014 at 11:27 am

    ဘယ် အလုပ်မဆို အောက်ခြေက စရတာပါပဲ။
    သည်းခံခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ စကားပဲ လက်ကိုင်ထားပြီး ကိုယ်လိုချင်တဲ့ ပညာရပ် ကို ရအောင်ယူနိုင်ရင်ကို တော်တယ်ပဲ ပြောရမယ်။

    အထက်က စ တဲ့ အလုပ်ဆိုလို့ တွင်းတူးတာပဲ ရှိတယ်။
    ဟို ဟောင်ကောင်က လူဂျီးကို စောင်းပြောတာဟုတ်ဘူးနော်။

    😀

  • kyeemite

    February 24, 2014 at 3:13 pm

    ကိုကျော်စွာခေါင်ပြောသလိုပဲ“နာကျည်းမှုတွေက အောင်မြင်ရေးလှေကားထစ်တွေပေါ့….။”
    ကျုပ်ဆယ်တန်းတုန်းက ဆင်းရဲရတဲ့အထဲ ဆယ်တန်းကကျသေး…မဖြေချင်တော့ဘူးအောင့်မေ့ထားတာ..
    အိမ်နီးချင်း လူကြီးတစ်ယောက်က “မင်းအဖြစ်မရှိပါဘူးကွာ…ဖြေလည်းအောင်မှာမှမဟုတ်တာ..
    အေးအေးဆေးဆေးဆိတ်သာကျောင်းစမ်းပါ” လို့ ခပ်နှိမ်နှိမ်ပြောတော့….အဲနေ့ကစလို့ မခံချင်စိတ်နဲ့
    ရအောင်လုပ်ပြမကွလို့ တေးပြီး ညည စာကိုကျိတ်ပြီးကြိုးစားလိုက်တာ…အောင်မြင်ခဲ့တာပဲ…
    အဲလူကြီးကိုတောင်ကျေးဇူးတင်မိပါတယ်။ 😀

  • မ တ တ် သေး ခင် မှာ တော့ အ ထက် က လူ ရှေ့ က လူ လုပ် သ မျှ ခံ ရ တာ ဘဲ လေ။

    ဒီ တော့ ကိုယ့် အ လှည့် ရောက် ချိန် မှာ အောက် က လူ နေ ာက် က လူ ကို လက် တွဲ ခေါ် ဘို့ ကြုးိ စား ရ မယ် လေ

  • Wow

    February 25, 2014 at 1:08 pm

    လုပ်ငန်းခွင်မှာ အစပိုင်းခံခဲ့ရတာတွေကတော့ တစ်ခါတစ်လေ ကိုယ်ခံလို့ခံခဲ့ရမှန်းတောင်မသိဘူး… အူလယ်လယ်ရယ်… ငါ့ မ ‘အ’ ဘူးများမှတ်နေလား… :mrgreen:
    ခု လကဗျာလေးက ကိုယ့်ပညာပြမှန်းသိတယ် ဘယ်လိုတုံ့ပြန်ရမှန်းသိတယ်ဆို အများကြီးတော်တာပေါ့… So smart dear! 🙂

    • sorrow

      February 25, 2014 at 1:21 pm

      အို…အသဲရယ်…အာဟိ

      • Wow

        February 25, 2014 at 2:25 pm

        တွားရှာဘီ… လိမ်ဗျံစပယ်ရာမလေး လက်သီးချက် မိလာဘီထင်ပါ့ :mrgreen:

  • Ma Ma

    February 26, 2014 at 7:21 am

    စီနီယာရဲ့ ပညာပြတာကို ခံလိုက်ရတဲ့ ကြားထဲကမှ ကိုယ့်အတွက်မရရအောင် ယူနိုင်လိုက်တာပဲ။ 🙂

    ကျွမ်းကျင်ရာလိမ္မာဆိုသလို ဘယ်အလုပ်မဆို မသိခင် မတတ်ခင်မှာ အခက်အခဲတွေချည်းပါပဲ။

    လုပ်သက်ရင့်လာလို့ သမ္ဘာရလာတဲ့အခါ ဟိုးတုန်းက တွေ့ခဲ့ရတဲ့ အခက်အခဲဆိုတာ အသေးအမွှားလေးတွေပါပဲဆိုတာ သိလာလိမ့်မယ်။

    သမ္ဘာရလာတဲ့အထိ သည်းခံကြိုးစားပြီး အောင်မြင်လာတဲ့ လကဗျာလေးကို ချီးကျူ းပါတယ်။

    ကိုယ့်ရဲ့ဂျူ နီယာတွေကို မှန်ကန်တဲ့ဦးဆောင်လမ်းညွှန်မှုပေးနိုင်တဲ့ စီနီယာကောင်းတစ်ယောက် ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ 🙂

  • ခင် ခ

    February 26, 2014 at 10:42 am

    ရန်ကုန်ဗိုလ်တထောင် ကုန်သေတ္တာ(ကွန်တင်နာ)ဆိပ်ကမ်းမှာ မိုးတွေသဲသဲမဲမဲရွာနေတုန်း
    မန်နေဂျာလုပ်သူက မိုးရွာထဲထီးဆောင်းပြီး အမိန့်တွေပေးနေချိန် ခင်ခတစ်ယောက် မိုးကာဝတ်လို့ မိုးရေတွေရွဲနေလျှက်နဲ့ အလုပ်လုပ်နေပေါ့ဗျာ။ အဲဒီမှာ မနေ့က ဆိုင်ကယ်(ကျွန်တော်တို့လူလတ်အရွယ်က ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ရခဲ့တယ်လေ)လဲလို့ အိတ်ဇောခြေသလုံးမှာလောင်တဲ့အနာနဲ့ မိုးကာစပွတ် တိုက်ကပ်လို့ အလွန်စပ်တမို့ ခြေထောက်ထော့နဲ့နှေးနှေးလျှောက်မိတော့ မန်နေဂျာက ဆူလိုက်ဆဲ လိုက်ပြောလိုက်တာ အမေနှမအမျိုးအကုန်စုံပါဘဲ၊ ဒါနဲ့ဘဲ အားတင်းပြီးပြေးခဲ့ရတယ် အလုပ်တွေလုပ်ခဲ့ ရတယ် အလုပ်ပြီးတော့မှ မိုးရွာထဲကိုယ့်ခြေသလုံးအနာကို ငုပ်ကြည့်မိတော့ ပွတ်ရှထားချက်ကြောင့် သွေး သံရဲရဲမြင်ပြီး မျက်ရည်တောင်ကျမိခဲ့တယ်လေ။ ဘဝကို ကိုယ်တိုင်အင်နဲ့အားနဲ့ ထုဆစ်လျှောက်ခဲ့ကြတဲ့သူ တိုင်းရဲ့ လမ်းအစတာထွက်တွေဟာ ကြမ်းတမ်းခဲ့ကြစမြဲပါ။
    ဒါတွေဟာ နောင်တစ်ချိန် ကိုယ့်ဘဝအတွက် အခြေခိုင်အုတ်မြစ်အဖြစ်သာရှိလာမယ်ဆိုရင် ဘဝခါးခါး မဟုတ်တော့ဘူးပေါ့။

  • Ma Ei

    February 26, 2014 at 11:54 am

    လကဗျာလေးရဲ့ ရှေ့ခရီးလမ်းမှာ
    ရွှေရောင်တွေလွှမ်းနေပါစေကွယ်…

  • လုံမလေးမွန်မွန်

    February 26, 2014 at 2:02 pm

    တစ်​ခါတစ်​ခါ စဉ်​းစားကြည်​့မိတယ်​.. ငါ့ကို.အထင်​​သေးပြီး. နှိမ်​တဲ့သူသာ မရှိခဲ့ရင်​ ကြိုးစားမိခဲ့ပါ့မလားရယ်​ လို့​လေ.. သူတို့ကို ​ကျေးဇူးတင်​မိတယ်​..

    ဂိုက်​အလုပ်​က​တော့ တကယ်​မလွယ်​ဘူး.. သူများ​တွေက​ပြောတယ်​.. နင်​ဒီ​လောက်​သွက်​တာ ဂိုက်​လုပ်​ပါလားတဲ့.. ဒါ​ပေမယ်​့… သည်​းမခံတတ်​တဲ့အကျင်​့ရယ်​.. auto response လုပ်​တဲ့ ပါးစပ်​ကို ထိန်​းလို့မရတာရယ်​.. အရိပ်​သုံးပါး နားမလည်​တာရယ်​​ကြောင်​့ ရုံးထိုင်​ပြီးပဲ ရန်​ဖြစ်​​နေပါ​ကြောင်​း.. :mrgreen:

  • padonmar

    February 26, 2014 at 11:50 pm

    လကဗျာလေး
    ဒီအကြောင်းလေးကို တော်တော်ခံစားခဲ့ရတယ်ထင်တယ်။မနှစ်လောက်ကလည်း တခါ ဗားရှင်းတမျိုးနဲ့ ရေးဖူးတယ်နော်။
    ခုတော့ အောင်မြင်မှု လမ်းပေါ်ရောက်နေပြီမို့ အဲဒီ စီနီယာကို ကျေးဇူးတင်လိုက်ပါတော့။
    အန်တီလည်း ငယ်ငယ်က ထုံထုံအအကြီးလို့ ပြောခံရဖူးပါတယ်။
    အင်း…..ခုလည်း ထုံတုံး အတုံးပါပဲလေ။

  • moonpoem

    February 27, 2014 at 11:11 am

    ကွန်မန့်အားလုံးဖတ်ပြီးတဲ့အချိန်မှာ နေရာတိုင်းမှာ အပျံသင်ခါစမှာ ခံစားရတာတွေ အနိုင်ကျင့်ခံရတာတွေ ရှိနေတယ်ဆိုတာ ပိုလို့သေချာ သိလာရပါတယ်။အားပေးတာတွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်။

Leave a Reply