ဖေဖေ့မေတ္တာ

johnnydeerFebruary 24, 20141min3087

ဟိုတယ်နဲ့ ပတ်သက်ပြီး စိတ်ထဲ မှတ်မှတ်ထင်ထင် စွဲကျန်ခဲ့တာလေးတွေပါ….

အဖြစ်အပျက်တစ်ခုက…
ဟိုတယ်ကို အသက် ငါးဆယ်လောက်ရှိတဲ့ လူကြီးတစ်ယောက် ဗင်ရှေ့ဆွဲလေး မောင်းပြီး ဝင်လာတယ်…ကျွန်တော်ကလဲ မေးလိုက်တယ်…အန်ကယ်…အခန်းယူမလို့လားခင်ဗျ…ဆိုတော့ မဟုတ်ပါဘူး ညီလေးရယ် တဲ့…အန်ကယ် စုံစမ်းစရာလေးရှိလို့ပါတဲ့…ဟုတ် မေးပါခင်ဗျ…ဆိုတော့ ဒီ ဟိုတယ်မှာ **** နာမည်နဲ့ ကောင်မလေးတစ်ယောက်လာသလားလို့ပါ တဲ့…ကျွန်တော်လဲ ဧည့်သည်စာရင်းကြည့်ပြီး… မရှိပါဘူး အန်ကယ် ဆိုတော့….သူက အန်ကယ့်သမီးလေးပါ…ဆယ်တန်းပဲ ရှိသေးတယ်…ပျောက်သွားလို့ဆိုပြီး ပြိုတော့မယ့် မိုးလို မျက်နှာ နဲ့ အသံတုန်တုန်နဲ့ ပြောရှာတယ်…အဲ့ဒီနောက် သူ့ဖုန်းနံပတ်လေး ပေးပြီး အဲ့ဒီနာမည်နဲ့ ကောင်မလေး လာတည်းရင် သူ့ဆီဖုန်းဆက်ဖို့ ပြောပြီး ဒီအနီးအနားမှာ ဘယ်ဟိုတယ်တွေ ရှိသေးလဲမေးပြီး ဆက်ထွက်သွားတယ်…

ဒီအန်ကယ်ကြီးနဲ့ ခဏလေးပဲ ရပ်စကားပြောမိပါတယ်…သူ့ဆီက သောက အပူမီးက ကိုယ့်ကို သိသိသာသာကြီးကို လာဟပ်တယ်…သမီးဖြစ်တဲ့သူကို တွေ့လိုတွေ့ညားနဲ့ မဖြစ်နိုင်ဘူးမှန်းသိရက်သားနဲ့ အပါးလျားဆုံးမျှော်လင့်ချက်တစ်စလေးအတွက် သူ ဟိုတယ်ဘယ်နှစ်ခု ရောက်ပြီးပြီလဲ…နောက်ထပ် ဘယ်နှစ်ခုတောင် ဆက်သွားနေမလဲတောင်မသိတော့ဘူး…မျက်လုံးထဲမှာလဲ စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့ လမ်းလျှောက်နေတဲ့ သူ့ပုံကလဲ စိတ်နဲ့ လူနဲ့ မကပ်သလောက်ပါပဲ…လေထဲလမ်းလျှောက်နေတဲ့ ပုံ စံအတိုင်းပါပဲ…သူနဲ့တွေ့လိုက်ရတဲ့ ခဏလေးအတွင်းမှာတင် ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ကောင်းကောင်းခံစားမိလိုက်ရပါတယ်…သူ့သမီးလေးနဲ့ အမြန် ပြန်တွေ့ပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတော့တယ်…

နောက်အဖြစ်အပျက်တစ်ခု….
ကျွန်တာ်တို့ ဟိုတယ်ဘေးပတ်ချာလည်မှာက ဘော်ဒါအဆောင်တွေများတယ်… ဟိုတယ်မှာတည်းတာကလဲ ကျောင်းသားလာတွေကတဲ့ မိဘတွေများတယ်…တစ်ရက်ကျတော့ ညရှစ်နာရီလောက် အသက်သုံးဆယ့်ခြောက်ခွန်လောက်အမျိုးသားတစ်ဦးနဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆိုင်ကယ်လေးနဲ့ရောက်လာတယ်…အမျိုးသားကတော်တော်ရုပ်နုတယ်…ကောင်တာရှေ့ရောက်တော့ အမျိုးသားက နှစ်ယောက်ခန်း နှစ်ခန်းပေးပါတဲ့…ကောင်မလေးက အဖေကလဲ အလကားပိုက်ဆံကုန်လို့တဲ့…ဘာလို့နှစ်ခန်းယူမှာလဲ ဆိုပြီး ဆောင့်အောင့်ပြီး ဆက်တီထိုင်ခုံမှာ သွားထိုင်နေတယ်…အဖေလုပ်တဲ့သူက နင်မသိပါဘူး…ဆိုပြီး တိုးတိုးတိတ်တိတ် လေသံလေးနဲ့ သွားဆူနေတယ်…ပြီးမှ ကျွန်တော်ဆီလာပြီး အကိုရေ…သမီးဆီ အဆောင်လာတွေ့တာအကိုရေ…မိတဆိုးလေးဆိုတော့ ကျွန်တော်ပဲ အဖေ…ကျွန်တော်ပဲ အမေဖြစ်နေတာ…အခုလဲ သမီးတွေ့ရအောင် ဟိုးအဝေးကြီးကနေ တနေကုန် ဆိုင်ကယ်စီးပြီး လာရတာ ကျွန်တော့မှာ တအားပင်ပန်းနေပြီ…ဟိုတယ်ရှေ့မှာ ပတ်နေတာလဲ သုံးခေါက်လောက်ရှိပြီ…ဝင်ရကောင်းနိုးနဲ့…သမီးက ထွားတော့ အဖေနဲ့သမီးအတူတူသွားရင်ကို မသိတဲ့သူတွေက တမျိုးထင်ပြီး အော်အော်စသွားတာကို ခဏခဏပဲ…ကျွန်တော့်မှာ ဒေါသတွေထွက်လိုက်တာကိုဗျာ…
အရင်တခါတုန်းကလဲ သမီးကို မုန့်လိုက်ကျွေးပြီး အတူတူ လမ်းလျှောက်ပြန်လာတော့ ကားပေါ်ကနေ ဘိုးတော်ကြီး ကဲလှချည်လားဆိုပြီး အော်သွားတာ ကျွန်တော့်မှာ ဒေါသထွက်လိုက်ရတာကိုဗျာ…ခဲ နဲ့တောင် ကောက်ထုလိုက်ရမလားလို့ တွေးမိတယ်…အခုလဲ သမီးက ငယ်သေးတော့ လောကကြီးအကြောင်း မသိဘူးလေ…နှစ်ခန်းသာ ပေးပါဗျာ…လို့ပြောတော့…ကျွန်တော်တို့ကလဲ…..မဟုတ်ပါဘူးအကိုရယ်…ကျွန်တော်တို့ ဟိုတယ်က ကျောင်းသားမိဘတွေ အတည်းများတာ တစ်မြို့လုံးသိကြပါတယ်…ဟိုတယ်ကနေ အကိုတို့ တွဲထွက်သွားလဲ တမျိုးတမည် ထင်ကြမှာ မဟုတ်ပါဘူး…တစ်ခန်းပဲ ယူပါ အကိုရယ်…သမီးလဲ လာတွေ့တဲ့ အဖေနဲ့ အတူတူ နေချင်မှာပေါ့ဗျာ…စိတ်ထဲ ဘယ်လိုမှ မရှိပါနဲ့…ကျွန်တော်တို့လဲ သားအဖမှန်းသိပြီပဲ…ဘာမှ မဖြစ်ပါဘူးဆိုမှ နားလည်ပေးတာ ကျေးဇူးပဲ အကိုရာ ဆိုပြီး တည်းသွားပါတယ်…

အဖြစ်အပျက် နှစ်ခုကတော့ ဒါပါပဲ…ဒါပေမယ့် ဖခင်တစ်ယောက်ရဲ့ မေတ္တာကိုတော့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်…မေတ္တာတရားနဲ့ပတ်သက်ရင် မိခင်မေတ္တာတွေကိုပဲ ဖွဲ့နွဲ့သီကုံးကြတာများပါတယ်…သေချာတာတစ်ခုကတော့ အဖေနဲ့ အမေက မွေးဖွားလိုက်တဲ့ ဒီသားနဲ့ သမီးတွေကို မိခင်တစ်ယောက်က တုနှိုင်းမဲ့မေတ္တာနဲ့ ချစ်သလိုပဲ ဖခင်တစ်ယောက်ကလဲ ဒီမေတ္တာထက် မလျော့တဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်တယ်ဆိုတာပါပဲ…

7 comments

  • မမချွိ

    February 24, 2014 at 11:39 am

    ငါးခုံးမ အပုပ်တွေကြောင့် တစ်လှေလုံး နံနေသပေါ့ကွယ်။

    :hint:

  • kyeemite

    February 24, 2014 at 11:51 am

    အတွေ့အကြုံလေး နှစ်ခုလုံး သဘောကျပါတယ်ဗျာ…ဒီခေတ်ကလည်း ဘိုးတော်ကြီးတွေက စမောလေးတွေနဲ့
    ဒချိ ဒချိ လုပ်တဲ့ခေတ်ဆိုတော့…လူကောင်းတွေပါ တောင်တောင်အီအီ အထင်ခံရတာပေါ့…

  • Mr. MarGa

    February 24, 2014 at 12:21 pm

    ဖြစ်တတ်တယ် ဆိုတာနဲ့
    ြ်ဖစ်ကိုဖြစ်ရမယ် ဆိုတာတွေ။
    ဒီလိုပဲ ဖြစ်မှာပါ ဆိုတာတွေ။
    ဖြစ်နိုင်ချေ များတာနဲ့
    ကေျန်တဲ့ မဖြစ်နိုင်ခြေ နောက်တစ်ဖက်ကို ထည့်မတွက်တတ်တဲ့ သူတွေကြား
    ဒီအကြောင်းတွေကတော့ ကြားနေရဦးမှာပါပဲ……….

  • TNA

    February 24, 2014 at 7:42 pm

    အင်းဖြစ်နေကျဆိုတော့ ဖြစ်နိုင်တယ်လို့ထင်သွားတာပေါ့လေ။ ဖခင်မေတ္တာဆိုတာကတော့ မိခင်မေတ္တာ လောက်မနီးကပ်လေတော့ သိပ်မထင်ရှားသလိုဖြစ်သွားတာနဲ့တူပါတယ်။

  • Paing Lay

    February 24, 2014 at 8:07 pm

    အမေ့မှာလည်း အမေ့နို့ဖိုးရှိသလို အဖေ့မှာလည်း အဖေ့ ချွေးဖိုးနဲ့ပါဗျာ။ ရေဆာရင် ရေတိုက်တတ်သူကိုပဲ သားသမီးအများစုကသိကြတယ်။ ရေတစ်အိုးလုံးပြည့်အောင်ခပ်ရတဲ့ ဖခင်ရဲ့ စေတနာကို နားလည်းတဲ့ သားသမီးကရှားတယ်။ ကျောင်းလိုက်အပ်ပေးတဲ့ အမေကိုပဲသားသမီးအများစုကသိကြတယ်။ ကျောင်းထားပေးနိုင်အောင် နဖူးကချွေး ခြေမကျအောင် လုပ်ရတဲ့ ဖခင်ရဲ့ ချွေးဖိုးကိုနားလည်တဲ့ သားသမီးက ရှားတယ်။ Credit to-ဦးဘုန်း(ဓာတု)

  • johnnydeer

    February 24, 2014 at 8:18 pm

    ကျွန်တော်ကိုယ်တိုင်လဲ အဖေနဲ့ မပြေလည်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်…ဒါပေမယ့် အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ သံသယမရှိပါဘူး…ကိုယ်တွေ့ကြုံခဲ့ရတဲ့ .ပျောက်နေတဲ့ သမီးဇောနဲ့ မောနေတဲ့ အဖေတစ်ယောက်နဲ့ သမီးအပေါ် တခြားသူတွေက သံသယ မျက်လုံးနဲ့ ကြည့်တာကိုတောင် မခံစားစေချင်တဲ့ အဖေနှစ်ယောက်အကြောင်း စိတ်ထဲ မှတ်မှတ်ထင်ထင် ကျန်နေတာမို့လို့ သတိတရ ရေးမိလိုက်တာပါ…အမေကို ချစ်သလို အဖေ့ကိုလဲ ချစ်တတ်ကြပါစေကြောင်းအတွက်ပါ…

  • မင်း ခန့် ကျော်

    February 25, 2014 at 1:49 pm

    အဖေတွေရဲ့မေတ္တာကိုဖော်ကျုးလိုက်ပေမဲ့

    ဒီဖော်ကျုးလိုက်တာဟာအဖေတွေရဲ့မေတ္တာတွေရဲ့

    အပုံတသန်းပုံတပုံတောင်မမှီလောက်အောင်ကြီးမားပါတယ်။

    ဘာလို့လဲဆိုတော့

    ကျုပ်လည်း အဖေတယောက်ပဲလေ။

    အဖေတယောက်ရဲ့မေတ္တာတရားကြီးမားပုံကို အဖေဖြစ်တဲ့

    ကျုပ်ကအသိဆုံးမို့ပါ။

    ဟဲဟဲ လောကမှာ အမေများနေ့ကတရက်ထဲပါ။

    အဖေများနေ့က ကျန်နေ့တွေချည်းပဲမို့ပါ။

Leave a Reply