ရေးမိရေးရာ…ဘဝဆိုတာ Remembrance….
မင်္ဂလာပါ မြို့သူားအပေါင်းသူတော်ကောင်းတို့…
ကျုပ်က သဂျီး…သဂျီးနဲ့ အားရပါးရခေါ်ပြောလာခဲ့သော
ကိုခိုင်(Kai) ဆိုသူ တည်ထောင်ထားခဲ့သော www.myanmargazette.net
ဆိုတဲ့ မန္တလေးဂေဇက် ဝက်ဆိုဒ်ကို
စတင်မိတ်ဆက်ပေးခဲ့သူကို ပြောပြပါဆိုရင်….ဂဇက်ရွာသား `အညာတမာ´ ပါ..
သူက ကျုပ်စက်ရုံက well experienced Production Manager ပါ…
ကျုပ်အလုပ်သစ်(ယခုလည်းလုပ်နေဆဲ)စတင်ဝင်တော့..ပြောရမှာရှက်လည်းရှက်ပါရဲ့
အင်တာနက် မပြောနဲ့ ကွန်ပြူတာတောင် ကျွမ်းကျင်စွာမသုံးတတ်သေးပါဘူး…
ဒါပေမဲ့…ဒီအလုပ်ကိုလက်ခံလိုက်ပြီဆိုကတည်းက ကွန်ပြူတာကတော့ကျွမ်းကျင်စွာ
သုံးနိုင်ရမှာပါ…အလုပ်ဝင်ဖို့ အင်တာဗျူးမှာလည်းသေချာကိုမေးပါတယ်..
`ကွန်ပြူတာကျွမ်းကျင်စွာသုံးတတ်လား´တဲ့…ထုံးစံအတိုင်း..အလုပ်ရချင်တော့..`ဟုတ်ကဲ့ ကျွမ်းကျင်ပါတယ်´ပေါ့….တကယ်က ဖွင့်တတ်ပိတ်တတ်ရုံလောက်တတ်တာ…..
အဲဒီအလုပ် အင်တာဗြူး ပီးသွားတာနဲ့ ကျုပ် ကွန်ပျူတာတစ်လုံး အပြေးဝယ်…
ကွန်ပြူတာကျွမ်းတဲ့ ကျုပ်ညီတော်မောင်ကို သူညနေရုံးဆင်းရင်အိမ်ကိုခေါ်ပြီးသင်ရတာပေါ့..
အဲဒါကိုအပြစ်တင်မယ်ဆိုလည်းတင်ကြပေတော့….
တက္ကသိုလ်တက်နေတုန်းကလည်း ကွန်ပြူတာဆိုတာမမြင်ဘူးသေး…
ကျောင်ပီးလို့အစိုးရအလုပ်လုပ်ရပြန်တော့လည်း..ကွန်ပြူတာမပြောနဲ့
လက်နှိပ်စက်တောင် ဂျိုကျိုးနားရွက်ပဲ့ ဂဂျိုးဂဂျောင်…
(၈) နှစ်လောက် အစိုးရအရာရှိဘဝနဲ့ အငတ်ငတ်အပြတ်ပြတ်နေလာခဲ့ပြီး…
ငယ်ရီးစားကလည်း လင်ရ…အော်ကျုပ်ဘဝ မထူးပါဘူးဆိုပြီး…
မြန်မြန်သေ အေးတာပဲကွာ ..လို့ တွေးပြီး…နေ့စဉ်နဲ့အမျှ သေရည်သေရက်သောက်သုံး
ပြီး..ရတဲ့လစာ ၁၂၅ဝ ကျပ်ထဲက လစဉ် ၈၀ဝ ကျပ်မိဘအိမ်ကိုထောက်ပံ့ပြီး….
ကျုပ်ကတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်ပေါ့…ဒီလိုနေလာရာက…
တစ်ညပေါ့…ကျုပ်အရက်ဆိုင်မှာမူးနေတဲ့ တစ်ညမှာပေါ့…….
ကျုပ်ညွှန်မှုးက ဖုန်းဆက်လို့တဲ့…ည၉ နာရီလောက် ရုံးစောင့်က ကျုပ်ကို
အရက်ဆိုင်ကလာခေါ်တယ်…ကျုပ်က ရုံးမှာပဲ အိမ်လို စားပွဲကိုအိပ်ရာလုပ်နေတာကိုး…
ကျုပ်ရုံးပြန်ခဲ့ပြီး ဖုန်းပြန်ခေါ်တော့…မနက် မှီရာကားနဲ့ ရန်ကုန်ပြန်ခဲ့ပြီး
ရုံးချုပ်ကိုသတင်းပို့ရမတဲ့…ဘာကြောင့်လဲလို့ ကျုပ်မရဲတရဲမေးတော့
ညွှန်မှုးက နိုင်ငံခြားပညာတော်သင် သွားရမတဲ့…လုံးဝ ထင်မထားတဲ့ အလှည့်အပြောင်း ဇတ်ကွက်ပါပဲ…ဒီလိုနဲ့ပဲ နိုင်ငံရပ်ခြားကိုပထမဆုံးအကြိမ်ရောက်ဖူးခဲ့ရတယ်ပေါ့ဗျာ…
အဲဒီမှာတွေ့တော့တာပဲ…တခြားနိုင်ငံက လာတက်ကြတဲ့ သူတွေက ကျုပ်တို့လာစာမေးကြည့်ပြီး
တအံ့တဩနဲ့….သူတို့လစာတွေနဲ့ဆို မြင်းမိုတောင်နဲ့ ဆီးစေ့လောက်ဖြစ်နေတာကလား…
ဒါပေမဲ့ ပြန်လာတော့လည်း ဒုံရင်းပါပဲလေ…လစာလေးမလောက်မငနဲ့….
တစ်ယောက်ထဲ ထမင်းတောင်မဝရတဲ့ကြားထဲ…ကံကြမ္မာအခါတော်ပေးလာတော့…
ချစ်သူလေးကရှိလာခဲ့… အင်း..မဖြစ်ခြေဘူး..
သူနဲ့မှပေါင်းချင်ရင်…စွန့်စားမှဆိုပီး…အစိုးရအလုပ်ကို
စွန့်လွှတ်ခဲ့လိုက်ပါတယ်…ချက်ချင်း ကုမ်ပဏီအလုပ်တစ်ခုရှာေတော့…
ဟောင်ကောင်အခြေစိုက်အထည်ချုပ်ကုမ်ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့အလုပ်ရပါတယ်..ဒါပေမဲ့ အဲ့ဒီအလုပ်ဝင်ခါစမှာလည်း..စာရိုက်ရင်လက်နှိပ်စက်ပါပဲ…
နောက်တော့ တဖြည်းဖြည်း ကွန်ပျူတာဆိုတာပေါ်လာခဲ့ပေမဲ့အရေးကြီးတဲ့ ဋ္ဌာနတွေပဲကွန်ပျူတာသုံးကြပါတယ်……..
ဒါကြောင်မို့လည်း..အဲဒီကုမ်ပဏီမှာ လုပ်ခဲ့တဲ့ (၁၃) နှစ်တာအတွင်း
ကွန်ပျူတာနဲ့ထင်သလောက်မရင်းနှီးခဲ့ပါဘူး..လက်တွေ့ အလုပ်ခွင်အတွင်း
ပြဿနာတွေဖြေရှင်းရင်းသာအချိန်ကုန်ခဲ့ပါတယ်…အဲဒီလိုနဲ့ နေလာရင်း…
ရာထူးလည်းတက်လာ..လစာလည်းတိုးလာ…အဆင်ပြေနေသပေါ့…
လုပ်ငန်းကလည်း ကောင်းလာလိုက်တာ…ကျုပ်ဆို တစ်နေ့ တစ်နေ့
အလုပ်သမားအသစ်တိုးချဲ့ခန့်ထားရေးကိစ္စ ကိုသာ အားစိုက်လုပ်နေရတယ်…
ပဲခူး စက်ရုံကနေ အင်းတကော်၊ အင်းတိုင်၊ လှည်းကူးအထိသွားပြီး ဖယ်ရီစီစဉ်ပေးပါမယ်
စက်ချုပ်ကျွမ်းကျင်ပြီးသူဆိုရင် စားရိတ်ငြိမ်း အဆောင်ပါထားပေးပါ့မယ်နဲ့
အတင်း ကျေးရွာတွေထိ ကွင်းဆင်း လူရှာ ဖြည့်ဆည်းပေးခဲ့ရတာပေါ့…
ဒီလိုနဲ့ပဲ..ကျုပ်အလုပ်စဝင်စဉ်က ဝန်ထမ်းအင်အား ၆၀ဝ ကျော်ကျော်သာရှိခဲ့ရာက
ဝန်ထမ်းအင်အား ၃၀၀ဝ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံကြီး ဖြစ်လာခဲ့ပါတယ်
အထည်ချုပ်လုပ်ငန်းဟာ လုပ်ငန်းရှင်အတွက်အကျိုးအမြတ်ရသလို
ကျုပ်တို့လို ဆင်းရဲတဲ့နိုင်ငံက အလုပ်လက်မဲ့တွေအတွက်လည်း
အလုပ်အကိုင်အခွင့်အလမ်းကောင်းတာမို့ ကျုပ်အတော်ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်…
အဲဒီအလုပ်ကလည်း ကိုယ့်အတွက်အစစအရာရာကောင်းနေပေမဲ့…
နိုင်ငံတကာ..အထူးသဖြင့် အမေရိကနဲ့ ဥရောပ က စီးပွားရေးပိတ်ဆို့
မှုတွေလုပ်လိုက်တော့ ဟိုပြည်သူ့ချဉ်ဖတ် အဆိုတော်ကြီး ရုပ်သံမှာ ခဏခဏ ဆိုနေသလို
စီးပွါးရေးပိတ်ဆို့တာ တို့မမှုပါ သယံဇာတတွေပေါတဲ့မြေ….လို့ မရှက်မကြောက်
ဆိုခဲ့တဲ့အတိုင်းမဟုတ်ပဲ…လက်တွေ့မှာ လုပ်သားအင်အား အများကြီးအပေါ်
အားထားလုပ်ကိုင်ရတဲ့ အထည်ချုပ်လုပ်ငန်းကတော့ တော်တော်အထိနာခဲ့ပါတယ်..
အော်ဒါမရလို့ ပိတ်တဲ့စက်ရုံတွေပိတ်…ရှိတဲ့အော်ဒါလေးနဲ့ ဝန်ထမ်းအင်အားမမျှလို့
ဝန်ထမ်းအင်အားလျှော့ချလိုချနဲ့ အတော်ကြီး ဘဝပျက်ခဲ့ကြရပါတယ်…
အဲဒီအထဲ ကျုပ်တို့စက်ရုံလည်းပါသပေါ့…လုံးဝပိတ်မပစ်လိုက်ရပေမဲ့
ဝန်ထမ်း အင်အား သုံးထောင်ကျော်ရှိရာကနေ တဖြည်းဖြည်း လျှော့ချလိုက်တာ
ကျုပ်အဲဒီအလုပ်က စွန့်ခွာလာတော့ ဝန်ထမ်း ၈၀ဝ လောက်သာကျန်ပါတယ်……
ဝန်ထမ်းအင်အား လျှော့ပီဆိုရင် ထုံးစံအတိုင်း အင်ဒါရိုက်လေဘာ ခေါ်တဲ့
ရုံးဝန်ထမ်းတွေက စတာပေါ့…ဥပမာ…ဋ္ဌာနတစ်ခုမှာ အရင်က မန်နေဂျာ၊ ဒုမန်နေဂျာ
ပီးတော့မှ အော့ဖစ်ဆာ ဆိုပြီးခန့်ထားခဲ့ရာမှာ… မန်နေဂျာတစ်ယောက်နဲ့ လုပ်နိုင်တယ်
ကျန်တာဖြုတ်…စာရေးဝန်ထမ်းဆိုလည်း…၃၀% လျှော့ ဆိုတော့…ကျုပ်နဲ့ ဆိုးတူကောင်းဖက်
လက်တွဲလုပ်လာကြတဲ့ ဝန်ထမ်းမိတ်ဆွေတွေ…ကုန်ပါလေရော……
အဆိုးဆုံးကတော့ အဲဒီ ဖြုတ်ထုပ် လုပ်ငန်းကိုကျုပ်ကိုယ်တိုင်ဆောင်ရွက်ရတာပဲ….
အံကို တင်းတင်းကျိတ်လို့ ကျုပ်ရော်ကြေးပေးဖြုတ် ်ခဲ့ရတာ ဝန်ထမ်း နှစ်ထောင်ကျော်လောက်ရှိမယ်….
တစ်ကြိမ်တည်းဖြုတ်တာတော့ မဟုတ်ဘူးပေါ့…၂ နှစ် အတွင်း တဖြည်းဖြည်း လုပ်ခဲ့ရတာ..
မန်နေဂျာလို၊ အော့ဖစ်ဆာလို လူတွေ အလုပ်ကရပ်စဲတော့…ရပ်စဲမဲ့နေ့မှ ရုပ်တစ်ရက်
ကျုပ်ရုံးခန်းခေါ်တွေ့ပြီး …လျှော်ကြေးလစာ စာအိပ်ပေး…သူ့စားပွဲကိုသွား..သူ့ကိုယ်ပိုင်ပစ္စည်း
တွေ သိမ်းယူခိုင်း … ပြီးတော့ ချက်ချင်း ကားပေါ်တက်စေပြီး
ကျုပ်ကိုယ်တိုင် သူ့အိမ်လိုက်ပို့ရတာ…လုပ်ငန်းရှင်နိုင်ငံခြားသားတွေက လူတစ်ယောက်ကို
အလုပ်ဖြုတ်ရပြီဆိုရင်…အဲဒီဝန်ထမ်း ဒေါသဖြစ်ပြီး ကုမ်ပဏီ လုပ်ငန်းတွေ ထိခိုက်အောင်
တစ်ခုခု လုပ်သွားမှာ သိပ်စိုးရိမ်တာကလား…အဲဒီလုပ်ငန်းတွေ ကျုပ်လုပ်ရင်း ကျိတ်ပြီး
စိတ်မကောင်းဖြစ်ရုံကလွဲလို့ ကျုပ်လည်းဘာမှမတတ်နိုင်ခဲ့ဘူးလေ…`သူ့ဆန်စား ရဲမှ´
ဆို မဟုတ်လား….ကျုပ်လည်း စီးပွားရေးပျက်ကပ် အခြေအနေတွေသိတော့
ဒီအထိတော့ ဖြုတ်ခံလိုက်ရသူတွေအတွက် ခံစားရပေမဲ့ ..အော်..ငါအလုပ်တည်မြဲနေသေးလို့တော်ပါသေးရဲ့ ဆိုပြီး ဖြေသာနေခဲ့ပါသေးတယ်…
ဒါပေမဲ့ အလုပ်ရှင်သူဋ္ဌေးက ဒီမှာတင်မရပ်ပဲ…ကျန်နေသေးတဲ့ ဝန်ထမ်းတွေရဲ့
အခွင့်အရေးတွေပါ တစ်နေ့ တခြား လျှော့ချလာပြန်ပါတယ်….
ဥပမာ..ပေးနေကျ ဘောနတ်စ် မပေးတော့ဘူး…ရက်မှန်ဆုကြေးတွေမပေးတော့ဘူး
ဟိုဖြုတ် ဒီဟာဖြတ်လုပ်ပါလေရော…
ဟုတ်တယ်လေ..သူ့မှာ အလုပ်အော်ဒါကနဲတော့ မကျေနပ်လည်းထွက်..ကရုမစိုက်ဘူးကွ
ဆိုတဲ့အချိုးမျိုးပေါ့………။
အလုပ်သမားအခွင့်အရေးတွေကို ကျုပ်မှာကာကွယ်ပေးရမဲ့တာဝန်ရှိပေမဲ့…
ကျုပ်ကာကွယ်ပေးလို့မရ..ကျုပ်ကိုယ်တိုင်တောင် အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးလာခဲ့တော့ …ဘာမှလုပ်မရတော့တဲ့အဆုံး…
ကောင်းနေတဲ့ လစာနဲ့ ရာထူးကို စွန့်လွှတ်ပြီး….
ဆက်မလုပ်နိုင်တော့ပဲ..နှုတ်ထွက်စာတင်ပြီးစွန့်ခွါခဲ့ရပြန်ပါတယ်……
ဒုတိယံပိ အလုပ်ထွက်လာခဲ့ပြီးတဲ့နောက်…ကျုပ်သေသေချာချာစဉ်းစားပြီး
တော်ပြီကွာ..ဘယ်သူ့လက်အောက်မှာမှ ဝန်ထမ်းအလုပ် လုပ်မစားတော့ဘူး
ငါ့မိသားစုကို ငါ့ကိုယ်ပိုင်ဝင်ငွေနဲ့ရအောင် ပြုစုကျွေးမွေးမယ်…လို့ဆုံးဖြတ်ခဲ့တယ်
ကျုပ်ရဲ့ ချစ်သူဇနီးမယားအလှ `မီး´ ကလည်း
ကျုပ် အလုပ်ထွက်ပီး အိမ်ကိုရုပ်တရက်ပြန်လာတော့ …ကျုပ်အားတက်စရာ…ဒီလိုအားပေးတယ်
`ယောက်ကျားရယ်…စိတ်မပူစမ်းပါနဲ့..မိန်းမ အသုပ်ဆိုင်ဖွင့်လုပ်ကျွေးပါ့မယ်..ယောက်ကျား
အေးအေးနေစမ်းပါ´ တဲ့….ချစ်ဖို့ကောင်းတဲ့မိန်းမ..
ခါချဉ်ကောင်မာန်ကြီးလို့သာ…တောင်ကြီးဖြိုမဲ့ကြံ…ခါး..မသန်….ဆိုတာလို….
တစ်လျှောက်လုံးဝန်ထမ်းလုပ်လာ..မိဘအမွေလည်းငါးပြားမရှိ…ကိုယ့်မလဲ အရင်းအနှီး
မရှိ…တောက်စ်…..
ကျုပ်လက်မလျှော့ပါဘူး…ကျုပ်မှာရှိနေတဲ့ `ဒ´နံပါတ် SEကား အစုတ်လေးကို တက်စီပြောင်း
ကျုပ်ဆိုတဲ့ ကြီးမိုက် မလယ်မဝယ်နဲ့ တက်စီသမား ဖြစ်ခဲ့ရပါရောလား…….
(တက်စီမောင်းခဲ့တဲ့ တစ်နှစ်ခွဲစာ အတွေ့အကြုံတွေ တစ်နေ့တော့ စာသီကုံးပါအုံးမယ်)
စရိတ်နှုတ်ပြီး တစ်နေ့ တစ်သောင်းခွဲကျန်၊ နှစ်သောင်းကျန်…အဆင်တော့ ပြေနေတာပဲ
လူကတော့ ပင်ပန်းသဗျို့..ရန်ကုန်မြို့လယ် မိုးလင်းမိုးချုပ်ကားမောင်းရတဲ့ ဒုက္ခကလည်း
သေးတာမဟုတ်တော့…လူလည်း ချွတ်ချူံကျ..စိတ်ဓါတ်လည်းနည်းနည်းကျတာပေါ့…
ဒါပေမဲ့ ..ကိုယ်ရည်မှန်းချက်..ဆုံးဖြတ်ချက်နဲ့ကိုယ်မို့..ကြိုးစားချီတက်ခဲ့ပါတယ်……
ဒါပေမဲ့…ကျုပ်ကိုသာ ဘာမှမပြောရဲကြပေမဲ့ ကျုပ်မိန်းမနဲ့ ကလေးတွေကတော့…
မျက်နှာတွေသိပ်မရွှင်ပြကြတာ ကျုပ်မသိချင်ယောင်ဆောင်လို့မရအောင်ကို…
နေ့တိုင်းမှတ်မိနေတယ်…..
ကျုပ်ကားသိမ်းပြီးပြန်လာပြီဆိုရင်…သားငယ် ကအမြဲဆီးကြိုမေးလေ့ရှိတယ်….
`အဖေ..ဒီနေ့အဆင်ပြေရဲ့လား´..တဲ့…ပီးတော့ ကျုပ်အတွက်ထမင်းတွေပါတွေခူးပြီး
အတင်းပြုစုတော့တာပဲ….ဒါပေမဲ့ ကျုပ်သိတယ်..သူတို့မပျော်ကြဘူး….
ကျုပ်သိတာပေါ့…ဘာတတ်နိုင်မှာလည်း…အားလုံးကိုရင်ထဲမျိုချထားရတယ်…..
ကျုပ်မိန်းမကိုကျုပ်ချစ်တာတစ်ခုကတော့…ကျုပ်အခုလို နိမ့်ကျနေတဲ့အချိန်မှာ ကျုပ်ကိုပိုကရုစိုက်တာပဲ…သားနဲ့ သမီးလဲဒီလိုပါပဲ…..
ကျုပ်မိဘတွေက မင်္ဂလာဒုံ၊ ဝါယာလက်မှာနေတာ ဆိုတော့ ကျုပ် တစ်လတစ်ခါရောက်ပါတယ်…လစဉ်ထောက်ပံ့နေကျငွေလေးလည်းသွားကန်တော့ရင်းပေါ့
အဲဒီကိုသွားတဲ့နေ့တော့ တက်စီမထွက်ဖြစ်ဘူးပေါ့ ..ကျုပ်တက်စီနဲ့ မိသားစုသွားတာကိုး…
တစ်နေ့တော့…အဖေ ကျုပ်ကို အနားခေါ်ပြီး စကားပြောတယ်
`သား..အဆင်ပြေရဲ့လား´
`ပြေပါတယ်အဖေ´
`ငွေရေးကြေးရေးပြောတာ´
`ဟုတ်..အဆင်ပြေပါတယ်´
`ငါ့သား အသက် အခုဘယ်လောက်ရှိသွားပြီလဲ´
`၄၈ ပါအဖေ´
`အင်း..ငါ့သားတောင် လူကြီးလုံးလုံးဖြစ်နေပြီနော်´
`xxxxxxxxxxxxxxx´
`သားကို ပညာသင်ပေးခဲ့တာေတွေနှမြောစရာကွာ´
`အဖေ ဘာကိုဆိုလိုတာလဲအဖေ´
`ဒီလိုပါသားရယ်…မင်းသာ ကားမောင်းစားမယ်ဆိုရင် မင်းတတ်ထားတဲ့ပညာတွေသင်ခဲ့စရာမှမလိုပဲကွ..နှမြောစရာ..´
`အဖေရယ်…သူများလက်အောက်ကဝန်ထမ်းဘဝ သားမလုပ်ချင်တော့လို့ပါ..´
`မဟုတ်သေးဘူးသား…အဖေတို့ မရှိမဲ့ရှိမဲ့နဲ့ သားကို တက္ကသိုလ်ကျောင်းထားလာတာ
သားဘဝ အဖေ့ထက်မြင့်အောင်..သားရဲ့ နောက်မျိုးဆက်တွေ သားထက်မြင့်အောင်..
ရည်ရွယ်ခဲ့တာကွ…အခုမင်းအသက်ကလည်း ပင်စင်ယူရမဲ့အရွယ်မဟုတ်ပါဘူးကွာ…
လောကကြီးမှာ..ငွေဟာအဓိကမဟုတ်ဘူးသား…မင်းရဲ့ နောက်လာမဲ့မျိုးဆက်သွေးလေးတွေကို အကောင်းဆုံးနမူနာပြပါကွာ…
မင်းကို…အင်ဂျင်နီယာတစ်ယောက်အဖြစ်ပဲအဖေသေတဲ့အထိမြင်ခြင်သလို
မင်းမိသားစုကလည်း အစားအသောက်အနေအထိုင်ဆင်းရဲကောင်း ဆင်းရဲမယ်
ငါ့အဖေက အင်ဂျင်နီယာကွလို့ပဲ ဂုဏ်ယူချင်ကြမှာပါသားရယ်…´
ကျုပ်မိန်းမနဲ့ ကလေးနှစ်ယောက် ကျုပ်ကို မပြောရဲလို့ မပြောခဲ့ကြတဲ့စကား
ကျုပ်အဖေက ခုတော့ပြောပြီလေ…
ကျုပ်….ဒီအသက်အရွယ်ကြီးရောက်မှ…ခလေးတစ်ယောက်လို အဖေ့လက်နှစ်ဖက်ကိုဆုတ်နမ်းပြီး မျက်ရည်ဝိုင်းနေတဲ့ကြားက…အဖေ့ကို ကတိပေးလိုက်ပါတယ်…`ကျနော်အလုပ်ပြန်လုပ်ပါမယ်အဖေ..စိတ်ချပါ..အဖေ မြင်ချင်သလိုကျနော့ ကိုမြင်ရပါစေ့မယ်´…လို့ ပြောအပီး…
နောက်လှည့်ကြည့်မိတော့ ကျုပ်မိသားစုလည်းမျက်ရည်တွေနဲ့……
ကျုပ်အခုလုပ်နေတဲ့ အလုပ်ထဲရောက်တော့…အလုပ်သမားအခွင့်အရေးကို
အင်မတန်မှအလေးထားတဲ့ ကုမ်ပဏီ ဖြစ်နေလို့ တော်တော်စိတ်ချမ်းသာရပါတယ်..
ဒီနေရာမှာ..ကျုပ်အသိတစ်ခုရလိုက်တာကတော့..ကုမ်ပဏီတိုင်း စိတ်ပျက်စရာမဟုတ်ပါဘူး
အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ကုမ်ပဏီရဲ့ အကျိုးအမြတ်ထက် ပိုအလေးထားတဲ့ ကုမ်ပဏီတွေလည်းပေါ်လာနေပြီဆိုတာပါပဲ…ဒါကြောင့်..
အခုလိုခေတ်ကြီးမှာ မိမိမှာသာ တကယ့်အရည်အချင်းရှိအောင် လုပ်ထားရင်
ကုမ်ပဏီကောင်းတွေရွေးချယ်စရာ များလာပြီဖြစ်တဲ့အတွက်…မိမိအရည်အချင်း
ပိုမိုတိုးတက်ကောင်းမွန်နေအောင် အမြဲကြိုးစား သင်ယူလေ့ကျင့်နေသင့်ကြောင်း
သင်ခန်းစာကောင်းကောင်းရလိုက်ပါတယ်..
ကွယ်လွန်သွားတာ တစ်နှစ်ပြည့်မြောက်တဲ့ ဒီနေ့ဒီအချိန်မှာ ကျုပ်ကို လမ်းကြောင်း
မှန်ပေါ်ပြန်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်အဖေ့ကို လက်စုံမိုးကန်တော့ရင်း ကျန်နေသေးတဲ့
အဖေ့ချစ်သူ ကျုပ်ရဲ့ မိခင်ကြီးကိုလည်း အသက်ထက်ဆုံး ပြုစုစောင့်ရှောက်ပါမယ်လို့
အဖေ့ကိုရည်မှန်းပြောရင်း…….
.
.
ဘာရယ်မဟုတ်ပါဘူး…..ကျုပ်လည်း ဂဇက်မှာ စာမရေးတာကြာ…ဘာရေးရမှန်းလည်းမသိ
နဲ့နေနေတုံး …စိတ်ကူး ပေါက်လို့ အဖေ့ နှစ်ပါတ်လည်နေ့ အလှူကအပြန် စိတ်ထဲပေါ်လာတဲ့
ကြီးမိုက်ဘဝ တစ်စိတ်တစ်ပိုင်းပါ…..အားလုံးကိုကျေးဇူးတင်ပါတယ်။
ဘယ်သူ့အတွက်မှ အကျိုးမဖြစ်ရင်လည်း စာဖတ်သူအားလုံးကိုတောင်းပန်ပါဂျောင်း….
လေးစားခင်မင်စွာဖြင့်..
ထာဝရလမ်းဆက်လျှောက်နေမဲ့…
ကြီးမိုက်။
၆၊ ၁၊ ၂၀၁၄
27 comments
မဟာရာဇာ အံစာတုံး
March 3, 2014 at 3:02 pm
ဒီစာတွေထဲမှာ ဒီနေရာလေးကို အခိုက်ဆုံး …
:mrgreenn:
kyeemite
March 3, 2014 at 3:45 pm
အံစာရေ..အမှန်ပါပဲကွာ…အဲထဲက ဆိုင်ဖွင့်ဖြစ်သွားတာခုထိပါပဲ…
Crystalline ရေ အားပေးဖတ်ရှုတာကျေးဇူးပါ…ဟုတ်တယ်နော..ခုအချိန်က တက်စီတွေမှိုလိုပေါက်နေတာဆိုတော့ ရှာဖွေရတယ်မလွယ်ကြတော့ဘူး..
တက်စီ သမားတွေညည်းနေကြလေရဲ့… 😛
Crystalline
March 3, 2014 at 3:13 pm
အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုပေမယ့်လည်း တင့်တောင့်တင့်တယ်အလုပ်လေးကျတော့လည်း ပိုဝင်ဆန့်စေတာပေါ့နော်.. ကြားထဲတက်စီမောင်းဖြစ်တာလည်း..အဲဒီအချိန်ကမို့ထင်တယ်.. အခုလိုချိန်မျိုးဆိုရင်တော့ အဲလောက် ကားဆရာသက်ကြာမယ်မထင်ဘူး.. :))
ဦးကျောက်ခဲ
March 3, 2014 at 3:44 pm
အလုပ်သမား အခွင့်အရေးဆိုရင်တော့ အာရှအလုပ်ရှင်တွေက အတော်နှိမ်ပါတယ်…
သူတို့သိတာ သူတို့အတ္တနဲ့ ဥစ္စာဓနပါ ၊ မကျေနပ်ရင် ပြန်မေးခွင့်မရှိ တန်း ဖြုတ်ပါ၏…
ရှင်ကြီးဝမ်းလည်း ဝင်ဖူး ရှင်ငယ်ဝမ်းလည်းဝင်ဖူးပြီမို့…
အခု ကော်ပိုရေးရှင်းမှာပဲ အလုပ် လုပ်တာ ၁ဝနှစ်လောက်ရှိပါပြီ…
အဲသည့်တော့ ပရိုက်ဗိတ်ဆိုရင်… တာ့တာ ပါခင်ဗျား…
😀
kyeemite
March 3, 2014 at 3:50 pm
အမှန်ပဲကိုကျောက်စ်ရေ…အဲထဲတော့ တရုပ်သူဋ္ဌေးတွေက အဆိုးဆုံးလို့ထင်မိတယ်…
ဦးကြောင်ကြီး
March 4, 2014 at 11:28 am
ဖတ်လို့ကောင်းတယ်.. ဦးမိုက်..။ ဒါနဲ့ သာမီးလေးလဲ အတော်ကြီးရောပေါ့… ပြန်လာဖြစ်ရင် သက်သက် လာတွေ့ ဂါဝရ ပြုပါဦးမြည်….။
kyeemite
March 4, 2014 at 1:19 pm
ဖတ်လို့ကောင်းတယ်ပြောလို့ ဘဝင်တောင်မြင့်သွားတယ်ဆြာကြောင် 😛
မမချွိ
March 4, 2014 at 11:42 am
ရေးဦးမယ် မိုက်မိုက်ရယ်။
ဘဝ ဆိုတာ ကို စေ့စေ့မတွေးတာကို ကြာပေါ့။
ကြုံသလိုပဲ ဖြတ်သန်းလာတာပဲ။
စည်းတွေ ဘောင်တွေလည်း ချမထားဘူးးးး
စည်းလွတ်ဘောင်လွတ်လည်း ဖြစ်မသွားဘူး ဆိုတဲ့ အခြေအနေနဲ့ပဲ ရှိနေတယ်။
ချိုးခဲ့တဲ့ ဘဝ တစ်ဆစ်တွေကတော့ အမှတ်တရ ပေါ့နော့။
အားပေးသွားပါတယ်။
ယုံကြည်တာ တစ်ခုပဲ။
စိတ်ထားကောင်းဟာ အကျိုးကိုပေးတယ်လို့။
🙂
kyeemite
March 4, 2014 at 1:22 pm
ရေးပါအုံး ချွိချွိရယ်…အားပေးပါ့မယ် 😛
kai
March 4, 2014 at 11:59 am
အင်း…
အခုလောလောဆယ်.. ကျုပ်ကတက်ခ်စီမောင်းချင်နေတာ..
ကိုယ်ပိုင်အချိန်ကို.. လိုသလိုသုံးလို့ရတယ်လို့ထင်လို့…။
လွန်ခဲ့တဲ့အပါတ်က ဝါရှင်တန်သွားတော့..နှင်းတွေကျနေတာမို့.. မမောင်းချင်တာနဲ့.. တက်ခ်စီငှားစီးတာ.. မောင်းတဲ့သူက အာဖဂန်သားဗျ..
အီရန်၊ အီစတန်ဘူ၊ ဗန်ကူးဗား၊ ဆန်ဖရန် တက်ခ်စီလှည့်မောင်းလာတဲ့သူဆိုတာပဲ..
အီစတန်ဘူမြို့ကိုအကြိုက်ဆုံးတဲ့..။
ပြောတာမှစုံနေတာပဲ..။ တက်ခ်စီသမားက.. အတွေ့အကြုံများသမို့… စာရေးလို့ကောင်းတယ်ထင်မိတယ်.. :kwi:
kyeemite
March 4, 2014 at 1:26 pm
kai says:
အင်း…
အခုလောလောဆယ်.. ကျုပ်ကတက်ခ်စီမောင်းချင်နေတာ..
ကိုယ်ပိုင်အချိန်ကို.. လိုသလိုသုံးလို့ရတယ်လို့ထင်လို့…
အောင်မလေးသဂျီးရယ်..ဖစ်မှဖစ်ရလေ…
အခုလိုအချိန်များ ရန်ကုန်မှာ လာမောင်းကြည့်ပါအုံး..ကားတွေကနေရာတကာ ဂျမ်းဖြစ်နေတာ
ဆီဖိုးပြန်ရအောင်တောင်အတော်မောင်းရမယ်…ညနေဖက်အိမ်ပြန်ရောက်ရင်
ဘာမှလုပ်ချင်စိတ်မရှိတော့ ပဲ ထမင်းစားပြီးတာနဲ့ ကျိုးတော့တာပဲ :kwi:
ဦးဦးပါလေရာ
March 4, 2014 at 12:33 pm
တက္ကစီမောင်းတာ နိမ့်ကျတဲ့အလုပ်လို့ မဆိုနိုင်ပေမယ့် တော်တော်ပင်ပန်းပါတယ်..
လူရော စိတ်ရော ပင်ပန်းတာပါ
အရင်တုန်းကတော့ အဲသည်ဝင်ငွေကလေးက မက်လောက်စရာမို့ ၏
တက္ကစီမောင်းပြီးရင် တခြားဟာမလုပ်ချင်တော့တာများပါတယ်။
ကိုမိုက် ဖြတ်ထွက်လာနိုင်တာ ချီးကျူးပါတယ်…….
အခုခေတ်တော့ တက္ကစီမောင်းတဲ့သူတွေ ပိုပင်ပန်းပြီး ဝင်ငွေလဲ နည်းသွားကြတယ်….။
kyeemite
March 4, 2014 at 1:59 pm
အမှန်ပဲဦးပါရေ…ကျုပ်လည်းပထမတော့ တက်တက်ကြွကြွနဲ့မောင်းတာပဲ
ညနေအလုပ်သိမ်းလို့ ဆီဖိုးနှုတ်ပြီး ကိုယ့်အတွက်နှစ်သောင်း၊ နှစ်သောင်းခွဲလောက်ကျန်ရင်
ဝမ်းတွေသာလို့…နဲနဲလည်းကြာလာရော…ဝှီး..မချောင်ဘူးဗျို့…ကိုပါပြောသလိုပဲ
လူရော စိတ်ရော ပင်ပန်းတာပါ..စိတ်ထဲ အော်ဒါရအောင်လည်း ကျီးကန်းတောင်းမှောက်ကြည့်ရ
ကားအက်ဆီးဒင့်မဖြစ်အောင်လည်းကရုစိုက်ရနဲ့…ဒါတောင်ခုလောက်ကားမကြပ်သေးဘူးနော်…
ခုများတော့….တွေးတောင်မတွေးရဲဘူး… 😀
TNA
March 4, 2014 at 2:55 pm
ဘဝစုံတော့ ဖတ်လို့ကောင်းတယ် အူးမိုက်ရေ။ စိတ်ဝင်စားစရာပဲ။ အူးမိုက်က ဇနီးကောင်းရထားတာ အရွေးတော်တယ်နော်။ မိုက်ချက်
kyeemite
March 4, 2014 at 3:53 pm
အသွင်တူလို့အိမ်သူဖြစ်တာပေါ့ မွသဲရာ… 😀
TNA
March 5, 2014 at 7:37 pm
အားကျပါတယ် ဦးမိုက်ရေ။ ကံကောင်းလွန်းလှပါတယ်။
padonmar
March 4, 2014 at 9:33 pm
ဦးမိုက်ရေ
အခု ဒရိုင်ဘာလစာတွေ၊ဝင်ငွေတွေကကောင်းနေတော့ ကျမဝန်ထမ်းတွေထဲက အလုပ်ထွက်ခွင့်တောင်းပြီး ကားမောင်းနေတဲ့သူတွေ ရှိတယ်ဦးမိုက်ရဲ့၊
ကိုယ့်အလုပ်ထဲမှာ သင်ပေးလိုက်တဲ့ ကလေးတွေပါပဲ။
ကိုယ်လည်း တတ်နိုင်သလောက် လစာတွေပေး၊(ခရိုနီမဟုတ်တော့ မက်လောက်အောင်တော့ မပေးနိုင်ပါဘူး) မိသားစုတွေကို စောင့်ရှောက်၊ပညာပေး သင်တန်းတွေလွှတ်တော့ လုပ်ပေးနေတာပဲ။
ဒါပေမယ့် သူတို့ ဘဝ ရှေ့ရေးတွက် ဝင်ငွေကောင်းတာ ရွေးချင်တယ်ဆိုတာကို တားခွင့်မသာဘူး။
တခါတုံးက Eros ညည်းဖူးတဲ့ ဘွဲ့လည်းရ၊ကွန်ပျူတာတတ်တာ ဒရိုင်ဘာလောက်တောင် လစာမရလို့ စိတ်နာတယ် ဆိုတာ သတိရမိတယ်။
အဲဒီလို အမြင်တွေကနေ ရုန်းထွက်နိုင်တဲ့ ဦးမိုက်ကို ချီးကျူးပါတယ်။
kyeemite
March 5, 2014 at 10:02 am
“အခု ဒရိုင်ဘာလစာတွေ၊ဝင်ငွေတွေကကောင်းနေတော့ ကျမဝန်ထမ်းတွေထဲက အလုပ်ထွက်ခွင့်တောင်းပြီး ကားမောင်းနေတဲ့သူတွေ ရှိတယ်ဦးမိုက်ရဲ့”
မှန်တော့မှန်ပါတယ်…ဒါပေမဲ့ ပင်ပမ်းပိုခံရတယ်၊ နေဝင်မိုးချုပ်ထိအောင်လည်းမောင်းရတယ်…
အချိန်ကို ကိုယ်ကမပိုင်တော့ဘူး…နောက်..သူများတကာကိုအောက်ကြို့သည်းခံရတယ်….
လူတွေကိုယ့်ကိုဆက်ဆံပြုမူတာ အများကြီးကွာသွားတယ်…အဲဒါလေးတွေတော့ စဉ်းစားစရာ 🙄
လုံမလေးမွန်မွန်
March 5, 2014 at 3:13 pm
အကျိုးများတာပေါ့ အူးမိုက်ရယ်.. လူကြီးတွေရဲ့ ဘဝဖြတ်သန်းမှုတွေက လူငယ်တွေအတွက် အတုယူစရာ၊ သင်ခန်းစာယူစရာ၊ အားကျစရာတွေပါ..
လုံမ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ ကျတော့ သူလည်း ဝန်ထမ်းအလုပ်ကို စိတ်ကုန်ပြီး တက်စီမောင်းဖို့ စဉ်းစားသေးတယ်တဲ့.. ဒါပေမယ့် သားသမီးတွေကို တက်စီသမားသားသမီး အဖြစ်မခံနိုင်လို့ ပိုက်ဆံပိုရပေမယ့် မမောင်းခဲ့ဘူးတဲ့..
kyeemite
March 5, 2014 at 3:48 pm
မှန်တာပေါ့လုံလုံရယ်…ကလေးတွေကငယ်သေးတော့ ..မရင့်ကျက်သေးတော့
သူတို့ ပါတ်ဝန်းကျင်မှာ “ငါတို့ အဖေက တက်ခ်စီ ဒရိုင်ဘာ” လို့တော့ဘယ်ပြောချင်မလည်းလေ..
ပညာလောက်လောက်လားလား မတတ်ခဲ့ရင်တော့တစ်မျိုးပေါ့….သားသမီးမပြောနဲ့
ကိုယ့် အဖေတောင် အဲ့လိုမမြင်ချင်ရှာဘူး… 🙁
Kaung Myat Thu
March 5, 2014 at 10:51 pm
ကျွန်တော့်လည်း ကွန်ပျူတာခုံမှာထိုင် ဖုန်းSoftware တွေပြင်လိုက်၊ Video Editing တွေလုပ်လိုက်နဲ့ ပင်ပန်းနေတာတွေ့တော့ မိန်းမက သင်ထားတဲ့ Engineer ပညာရပ်တွေ အလကားဖြစ်ကုန်မှာ စိုးပြီး အလုပ်ပြန်ဝင်ခိုင်းခဲ့တယ်။ အရင် Company ထက်လစာ(၂)ဆကျော်လောက်ရတဲ့ company မှာထပ်ပြီး အလုပ်ရခဲ့တယ်လေ။ အမေကလည်းဝမ်းသာတာပေါ့။
kyeemite
March 6, 2014 at 2:19 pm
ကျုပ်လည်း ခင်ဗျားအလုပ်သစ်ရပီဆိုတာကြားကတည်း ခင်များမိသားစုနဲ့အတူ
ဝမ်းသာပါတယ်ဗျာ…ဖုန်းSoftware တွေပြင်၊ Video Editing တွေလုပ်ဆိုတာတွေက
အားချိန်တွေမှာ အပျင်းပြေလုပ်ပေါ့ဗျာ…သမီးနဲ့ သားမက်ကလည်းအားကိုးနေရပီမဟုတ်လား…
“အရင် Company ထက်လစာ(၂)ဆကျော်လောက်ရတဲ့ company မှာထပ်ပြီး အလုပ်ရခဲ့တယ်လေ။ ”
ကောင်းပါလေ့ဗျာ…ဆုံကြအုံးမယ်လေ… 😛
Mr. MarGa
March 6, 2014 at 11:08 am
ဦးမိုက်ရေ……
တစ်ခါတစ်ခါကျ တွေးမိတယ်ဗျာ လစာပိုင်းမှာ အပေါင်းအသင်းတွေက ပိုပြီးတော့ ဝင်ငွေဖြောင့်လွန်းလို့
ကာယနဲ့ ဉာဏ ကွာတယ်ဆိုပေမယ့် သူတို့လို လုပ်လိုက်ချင်တာ အခါခါ။
အခုထိတော့ ဖြစ်ချင်စိတ်ကို အသိက ပြန်ဆွဲထားလို့ လမ်းမှန်နေဆဲလို့ ယူဆနေဆဲ….
kyeemite
March 6, 2014 at 2:24 pm
အမှန်ပဲ ကိုမာဃရ.. ဉာဏ သမားကရေရှည်မှာသာသွားမှာပါဗျာ..စိတ်ရှည်ပါ…
လမ်းမှန်အတိုင်းသာ ဝိရိယထားလျှောက်ပါ..လိုရာပန်းတိုင်ရောက်မှာပါဗျာ..
ရာမည
March 6, 2014 at 2:46 pm
ဦးလေးကိုကြီးမိုက်ရဲ့ စာတွေကသဘာဝထဲမှာနေရာကျလှတယ်ဗျာ ။
အတွေ့ကြုံတွေစုံတော့ စာတွေအရသာပိုရှိတယ်ထင်တာပဲ ။
ရဲစည်
March 6, 2014 at 5:48 pm
ဘဝအတွေ့အကြုံဆိုတာ မမေ့စကောင်းပါဘူး ဦးမိုက်ရေ……..
ကျနော့်မလဲ တပုံတပင်ရှိခဲ့ဖူးလေရဲ့ ….. ရေးဖြစ်မယ်တော့ မထင်ဘူး…..
လူမုန်များတဲ့ အလုပ်တစ်ခုကို ၁ဝနှစ်ကျော် လုပ်ခဲ့သကိုး
ထာဝရ အရက်ဆက်သောက်နေမဲ့
ရဲစည်
:harr:
alinsett (gazette)
March 6, 2014 at 8:58 pm
ဦး ကြီးမိုက်ဘဝ တစ်စိတ်တစ်ပိုင်း တွေကို… စောင့်မျှော်ဖတ်ရှုလျက်ပါ….လို ့…