သူတော်

~~~~~~~~~~~~~~~~~~~~~~~~

“ဘဝ ဟူသည် သောကတို့ ပင်လယ်ဝေရာ နေရာတစ်ခု ဖြစ်လေသည်”

… ဟူ၍ တစ်စုံတစ်ယောက်မှ အဓိပ္ပါယ် ဖွင့်ဆို၍ လာပါအံ့။ ဤဖွင့်ဆိုချက်ကို ကျွန်ုပ် ဦးအောင် အနေဖြင့် အပြည့်အဝ ထောက်ခံချက် ပေးမိပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်၏ ဘဝသည် အပူသောက တို့ လောင်မြိုက်နေရာ ဌာနတစ်ခုသာ ဖြစ်ပေသောကြောင့်ပါတည်း။ ထိုထိုသော သောကပင်လယ်တို့သည်လည်း ကျွန်ုပ်တည်းဟူသော မြစ်အသွယ်သွယ်မှ လွန်စွာမှ မိုက်မဲခြင်းတည်းဟူသော ရေအလျဉ်တို့ကြောင့် ဖြစ်ထွန်း၍ လာသော ပင်လယ်တစ်ခုသာ ဖြစ်ပါပေ၏။

အကြောင်းကို ရှင်းပြပါဦးအံ့။ ကျွန်ုပ် ဦးအောင်နှင့် ကျွန်ုပ်၏ ဇနီးမယားဖြစ်သူ ဒေါ်အိမ်သူ တို့၏ အိမ်ထောင်သက်တမ်း (၁၀) နှစ်မြောက်တွင်း ကျွန်ုပ်တို့၌ သားရတနာတစ်ယောက် ထွန်းကားခဲ့ပါပေသည်။ ထိုတစ်ဦးတည်းသော သားဦးသားဖျားကို ကျွန်ုပ်တို့ နှစ်ဦးစလုံးမှာ ငုံ၍ထားမတတ် မေတ္တာ သက်ဝင် ချစ်ခင်ခဲ့ကြပါပေသည်။ ထိုသား၏ အမည်ကိုလည်း ကျွန်ုပ်တို့ နှစ်ယောက်၏ ကျေးဇူးရှင်လည်းဖြစ်၊ ဖူးစာရေး နတ်မင်းကြီးလည်း ဖြစ်သည့် ကျွန်ုပ်၏ အဖိုးဖြစ်သူ ဦးသူတော် ၏ အမည်ကို စွဲ၍ သူတော် ဟူ၍ မှည့်တွင်ခဲ့ကြပါ၏။

ကျွန်ုပ်၏ သားဦးသားဖျားဖြစ်သူ မောင်သူတော် တစ်ယောက် လူ့လောကသို့ ရောက်ရှိသည့် ခုနစ်နှစ်မြောက်သော နေ့တွင် ဖြစ်လေသည်။ ထိုနေ့က ကျွန်ုပ်သည် ကျွန်ုပ်တို့ ရွာနှင့် မိုင် ၃ဝ ခန့် ဝေးကွာသော နေရာတွင် တည်ရှိသည့် တောင်ရှည်ကြီးရွာသို့ နွားအရောင်းအဝယ် ကိစ္စနှင့် ထွက်၍ သွားခဲ့ပါသည်။ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြသော မောင်ယု၊ သိုးကြီး၊ ထွန်းပြောင်၊ ဖိုးခေါင် တို့ (၅) ဦးသားသည် အဆိုပါ တောင်ရှည်ကြီးရွာသို့ အရောက်တွင် ကျွန်ုပ်တို့ လိုချင်သော နွားတစ်ရှဉ်းအား တွေ့ရှိခဲ့ပါပေသည်။

ထိုနွားဝယ်ခြင်း ကိစ္စတွင် ဝယ်မည့်သူမှာ ထွန်းပြောင် ဖြစ်လေသည်။ ၎င်း၏ နွားပြာကြီးနှစ်ကောင်အား အခြားတစ်ယောက်အား ရောင်းချခဲ့ပြီးနောက် ထိုနွားတစ်ရှဉ်းနေရာတွင် အစားထိုး ခိုင်းစေရန်အတွက် နွားပြာကြီးများ ရောင်းရငွေထဲမှ သုံးပုံပုံ နှစ်ပုံခန့် အသုံးပြု၍ ဝယ်ယူရန်အတွက် ရွာနီးချုပ်စပ်သို့ နွားအရှာ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ ယခုမူ ကံအားလျော်စွာပင် တစ်ရွာကျော်ဖြစ်သော တောင်ရှည်ကြီးရွာတွင်ပင် ၎င်းကြိုက်နှစ်သက်သော နွားတစ်ရှဉ်းအား တွေ့ခဲ့ရခြင်း ဖြစ်လေသည်။

နွားပိုင်ရှင်နှင့် ဈေးစကား ပြောကြည့်သည့်အခါ ထပ်မံ၍ ကံကောင်းစွာပင် ထိုနွားတစ်ရှဉ်းမှာ ထွန်းပြောင် မှန်းထားသော ဈေးထက် အတော် ဈေးလျော့နေသည်ကို တွေ့ရလေသည်။ သို့နှင့်ပင် ကျွန်ုပ်တို့သည် ထိုနွားတစ်ရှဉ်းအား ဝယ်ယူကာ ကျွန်ုပ်တို့ ရွာဆီသို့ ပျော်ရွှင်စွာ ပြန်ခဲ့ကြပါ၏။ ရွာ၏ အရှေ့ဘက် ကိုကျော်ကြီး၏ ထန်းတန်းနား အရောက်တွင်မူ နေသည် ဝင်လေပြီ။

~~~~~~~~~~~~~~~~~~~~~~~~

ကိုကျော်ကြီး ထန်းတဲ အရောက်တွင်မူ ထွန်းပြောင်နှင့် သိုးကြီးတို့မှာ ၎င်းတို့ ဆွဲခေါ်လာသော နွားနှစ်ကောင်အား အနီးရှိ ထန်းပင်တွင် ချည်နှောင်ထားလိုက်လေ၏။ ပြီးနောက်တွင်မူ ၎င်းတို့ ထုံးစံအတိုင်း ကိုကျော်ကြီး ထန်းထဲအတွင်းသို့ ဝင်ရောက်ကာ သောက်ကြ၊ စားကြလေတော့သည်။ ကျွန်ုပ်မှာမူ မူးလာပါက လွန်စွာ သွေးဆိုးသော အကျင့်စရိုက်အား ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် လည်းကောင်း၊ မအိမ်သူနှင့် ညားပြီး ကတည်းက ရှောင်ကြဉ်ထားခဲ့ခြင်းတည်း ဟူသော အကြောင်းကြောင့် လည်းကောင်း ၎င်းတို့နှင့် ဝင်ရောက် သောက်စားခြင်း မပြုပါပေ။ ထို့ကြောင့်ပင် ၎င်းတို့အား နှုတ်ဆက်ကာ ရွာဆီသို့ ပြန်ဖို့ရာ ခြေဦးလှည့်ရပါပေ၏။

“ဟ … အောင်ကြီးရ၊ ပြန်တော့မလို့လားကွ”

ထန်းတဲ၏ အပေါက်ဝတွင် ရောက်ရှိနေပြီဖြစ်သည့် ကျွန်ုပ်အား ထွန်းပြောင်မှ လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်။ ထိုအခါ ကျွန်ုပ်မှလည်း ….

“အေးကွာ …။ မင်းတို့က ချကြဦးမှာ မဟုတ်လား။ ငါကတော့ ပြန်နှင့်တော့မယ်”

ဟူ၍ ပြောရလေ၏။

“မင်းကလည်းကွာ။ မိန်းမ ရကတည်းက ငါတို့နဲ့တောင် အဖော်လုပ်ပြီး မသောက်တော့ဘူး။ လာပါကွာ။ တစ်ခွက်လောက်တော့ ချစမ်းပါဦးကွ”

“မင်းကလည်း ငါက မူးလာရင် သွေးဆိုးတတ်မှန်း မင်းလည်း သိနေတာပဲ။ မလုပ်ပါနဲ့တော့ကွာ။ ငါ့မိန်းမနဲ့ သားလေးက မျှော်နေရော့မယ်။ ငါ ပြန်တော့မယ်”

ပြောပြောဆိုဆို ကျွန်ုပ်လည်း ပြန်ရန် ခြေလှမ်းပြန်ရပြန်လေ၏။ ထိုအခါ ထွန်းပြောင်မှ ဆက်လက် ပြောပြန်လေသည်။

“မင်း သွေးဆိုးမှန်း ငါ သိပါတယ် အောင်ကြီးရာ။ ဒါပေမယ့် ငါ့မှာ သောက်လည်း မမူးတဲ့နည်း ရှိပါတယ်ကွ။ အခု ခေါ်တာကလည်း နွားဝယ်တာ မြိုးမြိုးမြက်မြက် ကလေး ဖြစ်သွားလို့ မင်းကို ပြုစုချင်လွန်းလို့ပါ ငါ့ကောင်ရာ။ လာစမ်းပါ။ မင်း မမူးစေရပါဘူး”

ထိုသို့ ထွန်းပြောင်မှ ပြောလိုက်သောအခါ ကျွန်ုပ်၏ အတွေး၌ ဇဝေဇဝါ ဖြစ်၍ လာရတော့၏။ ဟုတ်ပေသည်။ ကျွန်ုပ်သည် မအိမ်သူနှင့် ညားကတည်းက ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖော်ကြီးများနှင့် ဝိုင်းဖွဲ့ခြင်း မပြုခဲ့ပေ။ ထိုသို့ ဝိုင်းဖွဲ့ခြင်းမှ လွဲ၍မူ အခြားသော ကိစ္စများကိုမူကား အတူတကွ ပြုလုပ်ခဲ့ပါပေသည်။ ယခု ထွန်းပြောင် ပြောသည့်အတိုင်းဆိုလျှင် မူးလျှင် သွေးဆိုးတတ်သော ကျွန်ုပ်အဖို့ မမူးစေသော နည်းလမ်းကား ရှိနေလေပြီ။ ယခု သောက်၍ အိမ်ပြန်ရောက်သောအခါ အနံ့ထွက်၍ ကျွန်ုပ် သောက်လာမှန်း သိလျှင်လည်း အိမ်သူသက်ထား အနေဖြင့် တစ်ခါတစ်ရံမို့ ခွင့်လွှတ်ဖို့ ရှိပါပေသည်။ နောက်ဆုံးတွင်မူ ယခင်စိတ်ဟောင်းတို့ ထကြွလာကာ ရွာပြန်ရန် ပြင်နေသော ကျွန်ုပ်၏ ခြေလှမ်းများမှာ ထွန်းပြောင်တို့ ထန်းရည်ဝိုင်းသို့ ဦးတည်သွားခဲ့ပါလေသည်။

“ထွန်းပြောင်၊ မမူးစေတဲ့ နည်းက ဘာနည်းတုန်း၊ ငါ့ကို ပြော”

“ဟဲဟဲ၊ ဒီနည်းက ငါလည်း ရထားတာ မကြာသေးဘူး ငါ့ကောင်၊ ဟောဒီမှာ တွေ့လား”

ဟူ၍ ထွန်းပြောင်မှ ပြောပြောဆိုဆို ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ ဖန်ပုလင်းလေး တစ်ခုအား ထုတ်ပြလေ၏။

“အဲ့ဒါ ဘာဒုန်းဟ ထွန်းပြောင်ရ”

“ဒါက အမူးပြေဆေးလို့ ခေါ်တယ်ကွ၊ ကြိုက်သလောက်သောက် မမှောက်စေရဘူး၊ ပြောနေတာ ကြာပါတယ်ကွာ၊ ရော့ … ချလိုက်တော့”

ဟူ၍ ထွန်းပြောင်မှာ ခွက်တစ်လုံးအတွင်း ထန်းရည်များကို ငှဲ့ပေးရင်းဖြင့် ကျွန်ုပ်ထံ ပေးလေ၏။ ကျွန်ုပ်လည်း အမူးပြေဆေး ရှိပြီဆိုတော့ စိတ်ကြိုက်သောက်ရုံပဲပေါ့ ဟူသော စိတ်ဖြင့် သောက်လိုက်လေတော့၏။ အမြည်းအဖြစ် တည်ခင်းထားသော ကြွက်ကြော်၊ ကြက်ကြော် တို့အား တစ်ကြွတ်ကြွတ် ဝါးစားရင်း၊ ငယ်ပေါင်းကြီးဖော် များဖြင့် စကားများ ဖောင်ဖွဲ့ပြောရင်း၊ တစ်ခွက်ပြီး သောက်ရင်းဖြင့် ကျန်သည့် အချိန်အပိုင်းအခြား များကို ကျွန်ုပ် မမှတ်မိတော့ပါပေ။ မျက်စိနှစ်လုံးပွင့်၍ ကျွန်ုပ် ပြန်လည် အမှတ်ရလာသော အခါတွင်ကား ကျွန်ုပ်၏ နံဘေးတွင် တစ်ရှုံ့ရှုံ့ဖြင့် ငိုကြွေးနေသော မအိမ်သူအား မြင်တွေ့ရခြင်းပင် ဖြစ်ပါပေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~

8 comments

  • alinsett (gazette)

    March 5, 2014 at 12:17 pm

    တခွက်ပြီးတခွက် သောက်တယ်ဆိုတာက နီတော့မဟုတ်လောက်ပါဘူး
    နီဂ နှစစ်ခွက်လောက် သောက်တာတောင်မူးနေတာ
    🙂

    ဒါနဲ့ နာတော့ နှစ်ခွက် သောက်ရတော့မယ် ဟေဟေ့

  • မမချွိ

    March 5, 2014 at 2:40 pm

    အရက်မူးရင် ကိုယ့်မသိစိတ်ထဲက အရာတွေ အကုန်ပေါ်တတ်တာမျိုးဆိုတော့၊
    အရက်မူးရင် သွေးဆိုးတဲ့ သူမျိုးဆိုတာ သာမာန်အချိန် ကောင်းချင်ယောင်ဆောင်ထားတဲ့ သူမျိုးပဲ။
    လုံးဝ ခွင့်မလွှတ်သင့်ဘူးးးး
    ဟိဟိ။
    သောက်စားမူးယစ်တာထိ ခွင့်လွှတ်လို့ရပေမဲ့ ရမ်းကား မိုက်မဲတာထိတော့ ခွင့်မလွှတ်သင့်ဘူးးး
    :mrgreen:

    • မဟာရာဇာ အံစာတုံး

      March 7, 2014 at 9:09 am

      ဪ …
      ခွေးလွှတ်တာတောင် …
      ခွဲဂျား ခွဲဂျားနဲ့ ခွေးလွှတ်တယ် ..
      သူ အတော် တတ် …

      @အောင်မဲလင်း

      ဟတ်ကောင် …
      ရဲ မရောက်သေးဘူး ..
      -င်ဂေါင်း မကျယ်နဲ့ …

  • kyeemite

    March 5, 2014 at 2:40 pm

    လုပ်ပျံ ဘီ တိုးလို့တန်းလန်း…ပီးရင်သူ့ဇတ်ထုပ်ဘယ်တော့မှဇတ်မသိမ်းဘူး.. 👿 😛

  • ဦးဦးပါလေရာ

    March 6, 2014 at 10:42 am

    အဲ့ဒါ တိုင်မင်လွဲသွားတာ…
    အမူးပြေဆေးကို အရင်သောက်ထားရမယ်လေ….
    သွေးဆိုးတဲ့သူဆို မူးမှတော့ ဆေးသွားတိုက်လို့ရမလား…..လို့…

    နောက်တခါ ထန်းတဲသွားမယ်ဆိုရင် ဒဗလျှူ ဝိုင်လေး တစ်လုံးလောက်ကစ်ပြီးမှသွား…

  • အဘရဟူဒီ

    March 7, 2014 at 4:26 am

    နာမည် မြင်လိုက်တော့ ဟို ဒါတ်ဆြာ အကြောင်း အတင်းပြောထားတာလားလို့..
    ဟုတ်လည်း ဟုတ်ဖူး
    ဗြဲ..

  • mgpoe zar

    March 7, 2014 at 8:09 am

    အရမ်းမူးပြီး အိပ်ရာကနိုးလို့ ဘေးမှာ မအိမ်သူတစ်ယောက်လောက်
    ရှိနေရင် သိပ်ကောင်းမှာ။ ခုတော့.. အံဖတ်တွေပဲတွေ့ရတယ်။
    သင်္ကြန်မှာ မူးပြီး အဲ့လိုသိပ်မှားချင်တာပဲ မားမားရယ်.. 😥

  • Ma Ma

    March 7, 2014 at 8:18 am

    ကိုယ်တိုင်က သူတော်ကောင်းလေးပါ။
    အပေါင်းအသင်းမကောင်းလို့ပါ။
    နောက်တစ်ခါမဖြစ်စေရပါဘူး ဆိုပြီးးးးး မအိမ်သူကို ပြန်ချော့ပေ့ါ။ :kwi:

Leave a Reply