ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော် ဧရာဝတီ Monday, February 15, 2010 အယ်ဒီတာ့အာဘော်
လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်
အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား
ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍
သမိုင်းဝင် စာချုပ်တခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ဗြိတိသျှထံမှ
အကြွင်းမဲ့ လွတ်လပ်ရေး ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေ့ အနာဂတ် အပေါ်
ဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်က ဘုရင်ခံ အမှုဆောင် ကောင်စီဟု လူသိများကြသည့် ဗဟိုအစိုးရ
ကိုယ်စားလှယ်များက ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသား
ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားများ တန်းတူရေးကို အာမခံသည့်
သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံကို
အာဏာခွဲဝေမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုအဖြစ် ဖွဲ့စည်းသွား
မည်ဟု ကတိပြုခဲ့ပြီး ခွဲထွက်ခွင့်ကိုပင် အာမခံခဲ့သေးသည်။
ထိုအချိန်မှစ၍ ဤနေ့ရက်ကို ပြည်ထောင်စုနေ့ဟု အထိမ်းအမှတ်တခုအဖြစ်
သတ်မှတ်ကာ နှစ်စဉ်ဆင်နွှဲကျင်းပလာခဲ့ ကြသည်။ လူများစုဖြစ်သော မြန်မာနှင့်
တိုင်းရင်းသား လူမျိုးစု လူနည်းစုများအကြား အပြန်အလှန် ယုံကြည်မှုကြောင့်
ရရှိလာသည့် အကျိုးစီးပွားများ ခွဲဝေခံစားနိုင်မှုကို အလေးပေးဖော်ပြသည့်
“ပင်လုံစိတ်ဓာတ်” ကို ဤနေ့ဤရက်တွင် ပြန်လည် သတိရစေသည်။
သို့သော်လည်း ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိချိန်မှစ၍
သမိုင်းဝင် ဤစာချုပ်ကို လုံးဝ ပစ်ပယ်ထားခဲ့ ကြသည်။ ရန်ကုန်ရှိ
ဗဟိုအစိုးရက အာဏာကို ဗဟိုမှချုပ်ကိုင်ထားရေးနှင့် ပြည်နယ်များနှင့်
ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များတွင်သာ တည်စေရေးကို
အလေးပေးဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားများအဖို့ လုံးဝ အာဏာလက်မဲ့
ဖြစ်ခဲ့ကြရသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာစစ်အစိုးရ၏ ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်
နေထိုင်သည့် တိုင်းရင်း သားလူမျိုးစုများမဆို “ပြည်ထောင်စုစိတ်ဓာတ်” ကို
ကိုင်စွဲကြရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။
“အမိမြေ၏ နယ်မြေတည်တံ့မှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ နောက်တကြိမ်
မဆုံးရှုံးရလေအောင် ကာကွယ်ကြပါ” ဟုလည်း ဆိုခဲ့သေးသည်။
အဆက်ဆက်သော စစ် ခေါင်းဆောင်များက ပင်လုံသဘောတူ စာချုပ်အတိုင်း
ကတိပြုထားသည့် ဖက်ဒရယ်စနစ်ဖြင့် သွားလျှင် တိုင်းပြည်ပြိုကွဲရလိမ့်မည်ဟု
ယူဆထားခဲ့ကြသည်။ အမှန်ဆိုရလျှင် ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ
သိမ်းချိန်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းအရ ဖက်ဒရယ် ပြည်ထောင်စုအဖြစ်
မပြုပြင် မဖွဲ့စည်းနိုင်စေရေးအတွက် ကာကွယ်တားဆီးခဲ့သည်။
“လမ်းပြမြေပုံ” အရ ကျင်းပပေးမည့် ယခု နှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း
နိုင်ငံ၏ လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်များ
ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။ တိုင်းရင်းသားများ၏ လိုအင်ဆန္ဒများကို
ဥပဒေကြောင်းအရ ဖြည့်ဆည်း နိုင်လိမ့်မည်ဟု ဆိုသည်။ သို့အတွက်ကြောင့်
ရွေးကောက်ပွဲ ကျင်းပပေးမည့်အရေး ထပ်တလဲလဲ ကတိပြုနေပြီး တချိန်တည်းမှာပင်
တိုင်းရင်းသား အပစ်ရပ် အင်အားစုများကိုလည်း လက်နက်ဖြုတ်သိမ်းရန်နှင့်
မြန်မာစစ်တပ် အုပ်ချုပ်မှုအောက်တွင် နယ်ခြား စောင့်တပ်အဖြစ်
အသွင်ပြောင်းရန် ဖိအားပေး တောင်းဆိုနေသည်။
တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကမူ ဤအစီအစဉ်ကို ငြင်းပယ်နေကြသည်။
၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အသစ်အရ အစစ်အမှန် အာဏာသည်
စစ်တပ်က ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ်နေရာ ရယူထားပြီးဖြစ် သောကြောင့်
သူတို့ အတွက် မည်သို့မျှ အကျိုးအမြတ်ရစရာမရှိဟု ယူဆကြသည်။
တိုင်းရင်းသားခေါင်းဆောင်များက ၂၀၀၈ ခုနှစ်က အတုအယောင် ဆန္ဒခံယူပွဲဖြင့်
အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အပေါ်တွင် ယုံကြည်မှုမရှိ
ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
တချိန်တည်းမှာပင် မြန်မာစစ်အစိုးရက အဓိကကျသည့် တိုင်းရင်းသားခေါင်းဆောင်
အများအပြားကို နာမည်ဆိုးဖြင့် ကျော် ကြားလှသည့် ထောင်များအတွင်း
ထည့်သွင်းထားပြန်သည်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စဝ်ဆေထင်၊
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့်
အတွင်းရေးမှူး စိုင်းညွန့်လွင်တို့လည်း အပါအဝင် ဖြစ်သည်။ ထိုသူများသည်
နိုင်ငံတော်သစ္စာဖောက်မှု အပါအဝင် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ
၁၀၆ နှစ်တိုင် အပြစ်ပေး ခံထားကြရသူများ ဖြစ်သည်။
ပို၍ဆိုးသည်မှာ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်အစိုးရက
အရပ်သားပြည်သူများအပေါ် ဖိနှိပ်ညှဉ်းပမ်းနေမှုများ ရပ် ဆိုင်းသွားခြင်း
မရှိဘဲ ဆက်လက်ကျူးလွန်နေကြခြင်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် တရားဝင်ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်
၁၄၀၀၀ဝ ကျော် ခိုလှုံနေထိုင်နေကြရသည်။ ပြည်တွင်း၌ ထွက်ပြေးပုန်းအောင်း
တိမ်းရှောင်၍ ရှင်သန်ရေး ရုန်းကန်နေ ကြရသည့် ဒုက္ခသည်များလည်း
ရှိနေသေးသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း ကိုးကန့်တပ်များထံ ထိုးစစ်များ
ပြန်လည်စတင်ခဲ့ရာ ဒုက္ခသည် ၃၇၀၀ဝ ကျော် တရုတ်နိုင်ငံ အတွင်းသို့
ထွက်ပြေးခဲ့ကြရပြန်သည်။ နိုင်ငံ၏ ဒေသ အနှံ့အပြားတွင်
လက်နက်ကိုင်တိုက်ပွဲများ ပြန်ဖြစ်ပေါ်ရန် တင်းမာနေမှုကြောင့် နောက်ထပ်
အစုအပြုံလိုက် ထွက်ပြေးမှုများ မြင်တွေ့ရရန်လည်း အကြောင်းရှိသည်။
ဤအချက်များကို ကြည့်လျှင် ပြည်ထောင်စုနေ့ကို ဝမ်းမြောက်စွာ
ဆင်နွှဲကျင်းပရန်အကြောင်းမရှိလှ
ချိုးဖောက်ခဲ့သည့် ကတိကဝတ်များ၏ သမိုင်းကို ပြန်ပြောင်းဆင်ခြင်ရန်သာ
ရှိတော့သည်။
မြန်မာနိုင်ငံ၏ ယနေ့အခြေအနေကို ပြန်ကြည့်သည့်အခါ မိမိတို့မြင်တွေ့ရသည်မှာ
ညီညွတ်မှု မဟုတ်သကဲ့သို့ အင်အား ကြီးထွားနေသော အခြေအနေလည်း မဟုတ်ပါ။
အချင်းချင်း စစ်ခင်းနေရပြီး အမြဲတစေ ပူဆွေးဝမ်းနည်းနေကြရသည့်
နိုင်ငံတခုသာ ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အပြည့်အဝ ခံစား ရရှိနိုင်မှသာလျှင် မြန်မာနိုင်ငံအဖို့ တည်ငြိမ်သည့်၊
ညီညွတ်သည့်နိုင်ငံတော်တခုအဖြစ် ပြန်လည်တည်ဆောက်နိုင်ဖွယ် ရှိပေတော့သည်။
Broken Promises and a Broken Nation ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
One comment
shwemoenyo
August 10, 2010 at 2:53 am
တိုင်းရင်းသားတွေကလည်း မြန်မာတွေက လက်ဝါးကြီးအုပ်တယ်ဆိုပြီး အမြင်မကြည်
မြန်မာတွေခမျာမှာလည်း ကိုယ့်လူမျိုးကကို ကိုယ်တွေအပေါ်ဂုတ်သွေးစုပ်နေတာကို ခံနေရတာသိရဲ့လား
နောက်တခါ တိုင်းရင်းသားအချင်းချင်းကလည်း အရင်ကတည်းကနေ ခုထက်ထိ မတည့်
ကရင်တွေဆို ကိုယ်ညီအကိုအချင်းချင်းသတ်နေကြတယ်
စိတ်မကောင်းစရာပဲ