“သိကြားမင်း၏ခွေးသားရေစာမျက်နှာ´´
_____________
အခုခေတ် သင်္ကြန်ပွဲဆီကို . . .
ဒီသိကြားမင်း အနေနဲ့
ဘာကိုမှ. . .စီးပြီးဆင်းမလာချင်တော့ပါဘူး။
ယဉ်ကျေးသိမ်မွေ ့မှုတွေ ပျောက်ဆုံးလာပြီ ဖြစ်တဲ့. . . ဒီခေတ်သင်္ကြန်ပွဲတွေရဲ့ အကြမ်းဆန်မှုကြား. . . သိကြားမင်းလည်း အနားကပ်လာချင်စိတ် မရှိ ။
ပြီးတော့ . . . .
အစဉ်အလာ ပျက်စီးယိုယွင်းနေတဲ့ ပွဲတော်ခါးခါးကြီးနဲ့ပက်သက်ပြီး အစဉ်အလာအရ. . .သိကြားမင်းရဲ့ ခွေးသားရေ စာမျက်နှာထက် မှတ်ရမယ့်အရာတွေကလည်း များနေတာမို့ . . .စာမျက်နှာတောင် . . .ဆံ့လိမ့်မယ် မထင်. . .
ဒါကြောင့် . . . .
ဒီသိကြားမင်း ဒီနေ့ခေတ်သင်္ကြန်ပွဲတွေရဲ့ မြင်ကွင်းကို . . .
မှတ်စုတစ်ပုဒ်သာ . . . ချရေးကြည့်မိပါတော့တယ် ။
_____________
{{{သိကြားမင်း၏ ခွေးသားရေမှတ်စု }}}
မြန်မာ့ရိုးရာ ပွဲတော်သင်္ကြန်အကြောင်းကို အက်ဆေးတစ်ပုဒ် ရေးကြည့်ဖို့ ကြိုးစားလိုက်တိုင်း အဆိုးမြင်ရှုထောင့်ဘက်က ရေးဖြစ်သွားတာ . . .
ကျွန်တော် ကိုယ်တိုင်ကပဲ အဆိုးမြင်သမားဖြစ်နေလို့လား…
မြင်ရသမျှကပဲ အဆိုးဘက်ကို တကယ်ရောက်နေလို့လား. . .
ဒါက သေချာစဉ်းစားစရာကိစ္စ ဖြစ်ပါသည် ။
တကယ်တော့ ဒီလူမျိုးတွေအားလုံး … …
ပါဝင် ဆင်နွှဲကြသော အထင်ကရရိုးရာပွဲတော်ကြီး
အကြောင်း . . . .
အကောင်းသာ ရေးချင်ပါသည် ။
အပြုသဘောဆောင်သော အမြင်များဖြင့်သာ မြင်တွေး ရေးချင်ပါသည် ။
ဒါပေမယ့် ဒီဘက်ခေတ်ရဲ့ သင်္ကြန်ပွဲတော်တွေဟာ မတော်တရော် ပုံရိပ်တွေနဲ့. . .”အပျော် ”ကနေ
” အပျက် ” ဘက်ကို
ပို ရောက်နေသလားလို့. . .
နူးညံ့ညင်သာသော . . .
ယဉ်ကျေးသိမ်မွေ ့သော. . .
ရည်ရွယ်ချက်မြင့်မြတ်သော. . .ဆင်နွှဲမှု ဟန်ပန်များမှသည်. . .
ကြမ်းတမ်းသော. . .ယဉ်ကျေးသိမ်မွေ ့မှု ကင်းမဲ့သော အပျော်ကြူးမှု ဟန်ပန်များဆီသို့ . . .ပြောင်းလဲနေပြီဟု ကျွန်တော်မြင်ပါသည်။
ကျွန်တော် သိသလောက်တော့ သင်္ကြန်ပွဲတော်နေ့ရောက်တိုင်း မြန်မာလူမျိုးတို့ ရေ ကစားခြင်း /
အလှူအတန်းပြုလုပ်ခြင်း / တရားဘာဝနာ ပွါးများခြင်းနှင့် ကုသိုလ်ယူခြင်း. . .စသော ငြိမ်းချမ်းသည့်အမှုကိစ္စများကို ခမ်းခမ်းနားနား ပြုလုပ်ကြသည်။
အစဉ်အလာခိုင်မြဲခဲ့၍ ပျော်စရာလည်းကောင်းသော ရင်ခုန်ကြည်နူးစရာ ရိုးရာဓလေ့ပွဲတော်တစ်ခု အဖြစ် ရပ်တည်ခဲ့သည် ။
ရှေ့ခေတ်များဆီက သင်္ကြန်ပွဲတော်တွင် ရေကစားခြင်းသည်. . .တစ်ဦးကိုတစ်ဦး ချစ်ခင်စွာဖြင့်
အေးချမ်းပါစေတော့. . .
နှစ်ဟောင်းကအညစ်အကြေးများ
နှစ်သစ်ကို မပါခဲ့ပဲ စင်ကြယ်ပါစေတော့ ဟူသော စိတ် စေတနာများကို အဓိကထားကာ ပက်ဖျန်းကြသည် ။
ငွေဖလားထဲတွင် နံ့သာအမွှေးများထည့်၍ သပြေခက်ကလေးများဖြင့် သိမ်မွေ ့ယဉ်ကျေးစွာ ပက်ခြင်းလည်း ဖြစ်သည် ။
အင်မတန်ချစ်စရာကောင်းသော အမူအယာများဖြစ်ပါသည် ။
တစ်ယောက်က ရေလောင်းလျှင် ရေလောင်းခံယူသူက ငြိမ်ငြိမ်ကလေး ပြုံး၍နေသည် ။ ပြီးလျှင် တလှည့်တဖန် ပြန်လောင်းသည် ။
နာကျင်စေဖို့ ရည်ရွယ်ချက်မရှိ /
ကြည်နူးရွှင်လန်းစရာ မြင်ကွင်းများကိုသာ ငြိမ်းငြိမ်းချမ်းချမ်း မြင်ခဲ့ကြသည်။
ယခုခေတ် သင်္ကြန် ရေကစားနည်းကတော့ အင်မတန်မှ ကြမ်းတမ်းလာသည်။
မဏ္ဍပ်တွေပေါ်မှ ရေပက်သူတို့က မီးသတ်ပိုက်လို ပိုက် အကြီး/အသေးများနှင့် ရေအားကို ပြင်းပြင်းထန်ထန်သုံး၍ ပက်သည် ။
ရေပက်ခံထွက်လာသူတို့ကို မျက်လုံးမျက်နှာ မရှောင် ထိုးပက်ကြသည် ။ ရေပက်ခံရသူတို့အတွက် အသားကို အပ်နှင့်ဆွသလို နာကျင်စူးရှ အသားများ နီစပ် နာကျင်ခံရခက်ပါသည် ။
(ရေရှားပါးလာသော ဤခေတ်အခါတွင် ရေကို ပိုကုန်အောင် ဖြုန်းတီးရာလည်းရောက်သည်။)
များသောအားဖြင့်. . .
ရေခဲတုံးကြီးတွေ ထည့် စိမ်ထားသော အလွန်အေးစက်သည့်ရေများဖြင့်ပက်ကြသည်။ ရေပက်ခံလိုက်ရသူတို့က. . .
အားးးးးအေးးလိုက်တာ ဟု ချမ်းရှာလွန်းလို့ အော်လျှင် ပက်သူတွေက ပျော်နေတတ်ပြီ ။
စာနာမှု တရားတို ့ တဖြည်းဖြည်း ပျောက်ဆုံးသွားသလိုပင်. . .
ရပ်ကွက်အတွင်းမှ ကလေးများ လူငယ်များး၏ ရေကစားပုံ ကြမ်းတမ်းမှုကလည်း စိတ်ပျက်စရာ ဖြစ်လာသည် ။
နို့ဆီခွက်ထဲ ရေထည့်ပြီး လမ်းသွားလမ်းလာတွေကို နာသည်ထက် နာအောင် ခွက်စောင်းခုတ်သည် ။ ရေပက်ခံရသူတို့၏ ကျောကုန်းကို သေချာ ချိန်ရွယ်ပြီး လက်သံအပြောင်ဆုံးဖြစ်အောင် အားထုတ်၍ ပက်သည် ။
ကျောကုန်းနှင့်နို့ဆီခွက်ထဲမှ ရေ အရှိန်နှင့် ထိလိုက်သံ ဖြောင်းခနဲမြည်ပြီး အပက်ခံရသူက နာလွန်းသဖြင့် အားခနဲအော်ရ . . .
ကျောကော့သွားထဲအထိ နာကျင် ခံစားသွားလျှင် ပက်သူက ကျေနပ်သည် ။
ယဉ်ကျေးမှုကို ရက်စက်စွာ ဖော်ထုတ်လိုက်ခြင်းများလား ။
တချို ့က မျက်နှာတွေ ဘာတွေ မရှောင်ပဲ ရေကို အားနဲ့ တမင်လွှဲပက်သည် ။
မျက်နှာကို တအားမပက်နဲ့လေ ဟု အော်ဟစ်တားဆီးရင်းကပဲ ရေပက်သူနဲ့ အပက်ခံရသူတို့ ရန်ပွဲတွေ ဆင်နွှဲရ
အမုန်းတွေ ပွါးကြရသည် ။
အဲဒါတွေထက် ဆိုးတာက. . .
သင်္ကြန်ပွဲတော်နှင့် အရက် ဘီယာတို့ ခွဲမရအောင် တွဲမိလာခြင်းဖြစ်သည် ။
ယခုဆိုလျှင် သင်္ကြန်ရောက်ပြီ ဆိုသည်နှင့် အမျိုးသားများသာမက အမျိုးသမီးတော်တော်များများကပါ အရက် ဘီယာတို့ သောက်သုံးပြီး မူးကြရူးကြပြီ ။
အပျော်လွန်ပြီး အပျက် ဖြစ်ကာ ရန်ပွဲများ. . .
မတော်တဆမှုများ. . .
မဖြစ်သင့်သော ကျူးလွန်မှုများ
များစွာ များစွာ ဖြစ်နေခဲ့ပြီ ။
အရက်ကြောင့် သွေးဆူနေသော ခပ်ကြမ်းကြမ်း ရေပက်သူများနှင့် အရက်ကြောင့် သွေးဆူနေသော ရေပက်ခံလာသူတို့ ထိပ်တိုက်တွေ ့ဆုံကြသော အခြေအနေမို့ မဖြစ်သင့်သော ဆိုးဝါးမှုများ ဖြစ်ပျက်သွားဖို့. . .အင်မတန် ထိလွယ်ရှလွယ်သော အချိန် ဖြစ်သည် ။
အခုခေတ်သင်္ကြန်တွင်းမှာ မြင်ရသမျှ အများစုသော မိန်းကလေးတွေ/ယောကျာ်းလေးတွေ ဝတ်သော အဝတ်များကလည်း
မြန်မာ မဆန်ရုံမက ဟော့ရမ်းးနေလေပြီ။
(ဟိုတစ်နှစ်ကဆိုလျှင် ဘယ်လို ဖက်ရှင်ပါလိမ့်ဟု မျက်မှောင်ကြုတ်မိသည်အထိ. .
အမျိုးသားများက မဏ္ဍပ်ပေါ်မှာ အကျီ င်္ မပါ ဗလာ။
အရက်မူးပြီး ယိုင်ထိုး လို့. . .
သူတို့ဘေးမှာလည်း မူးနေပုံရသော အမျိုးသမီးငယ်အချို့
အဲဒီ အမျိုးသားတွေရဲ့ ဘောင်းဘီ အစ (ခါးတဝိုက်နား)ကို ဆုပ်ကိုင်ထားလျက်သား. . .
လုပ်ပြနေသူတွေ ကရှက်ရကောင်းမှန်းမသိ ။
မဏ္ဍပ်အောက်မှ မော့ကြည့်မိသူတွေကသာ ရှက်ရသည် ။
အင်းလျားလမ်းထဲက မဏ္ဍပ်တွေ တော်တော် မလွယ်ပါ ။)
အပျော်ကို အကြောင်းပြုပြီး
ထင်ရာစိုင်းနေကြသလိုပင် ဖြစ်နေပြီ။
တစ်နှစ်လုံး မျိုသိပ်ထားခဲ့သော အရှက်သိက္ခာများ / အပျော်ကြူးလိုစိတ်များကို ဖောက်ထုတ်ပျော်မြူးခွင့် ရသည့် ပွဲကြီးလို ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာတွေ ဇွတ်လုပ်နေကြသလို ဖြစ်နေပြီ ။
အဲဒါ . . . . သိပ်မကောင်းပါ ။
တစ်နှစ်လုံးမှာမှ . . .ဒီလေးငါးရက်ပဲ ပျော်ရတာ. . .
အားရပါးရ ပျော်လိုက်ဖို့ . . .
စိတ်လွတ်ကိုယ်လွတ် ပျော်လိုက်ဖို ့. . .
အဲဒီလောက်ပဲ တွေးပြီး အပျော်လွန်နေကြလျှင်. . .
သင်္ကြန်၏ အနှစ်သာရ ကင်းမဲ့သွားပါလိမ့်မည် ။
သင်္ကြန်၏ ရည်ရွယ်ချက် . . .
သင်္ကြန်၏ အဓိပ္ပာယ်များ ပျောက်ဆုံးသွားပါလိမ့်မည် ။
သင်္ကြန်သည်. . . ကူးပြောင်းခြင်းး ဖြစ်သည် ။
ကောင်းသော ကူးပြောင်းခြင်း ဖြစ်ဖို့တော့ လိုပါသည် ။
နှစ်ဟောင်းမှ နှစ်သစ်သို ့. . .ကူးပြောင်းရာတွင် . . .
နှစ်ဟောင်းမှ မကောင်းသော အရာများအားလုံးကို အတာရေချမ်းဖြင့် စင်လန်းအောင် ဆေးခဲ့ပြီး . . .
နှစ်သစ်ကို အပြစ်မဖြစ်ပဲ ကူးပြောင်းနိုင်ပါမှ. . .
ကောင်းသော ပြောင်းလဲခြင်း ဖြစ်ပါလိမ့်မည် ။
——-
အခုတလော. . . မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ရေကစားနေ့ရက်များကို အားရပါးရ ထင်ရာစိုင်းပြီး ပျော်ထည့်လိုက်မယ် ဟု အားခဲနေသူတွေရှိသလို. . . .
အခုခေတ်သင်္ကြန်ပွဲဆိုတာ မူးကြရူးကြပြီး ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ ပွဲဆိုးကြီးမို့ ရှောင်တာပဲကောင်းတယ် ဟု တွေးပြီး သင်္ကြန်ကို လန့်လာသူတွေ ရှောင်ကြသူတွေလည်း များပြားလာခဲ့ပြီ ။
ဒါလည်း မကောင်းပါ ။
မြန်မာလူမျိုးတို့၏ ဓလေ့ရိုးရာ အစဉ်အလာမပြတ်ခဲ့သော ဤပွဲတော်ကြီးကိုမှ ကြောက်လန့်စိုးရိမ်စိတ်နဲ့ ရှောင်ကြရပြီ ဆိုကတည်းက သိပ်မကောင်းတော့ပါ ။
ဤပွဲတော်သည်. . . မြန်မာလူမျိုးအားလုံး စိတ်လက်ချမ်းသာစွာ စိုးရိမ်ကြောင့်ကြမှုကင်းကင်းဖြင့်. . . .
အတူတကွ ပျော်ရွှင်ကြည်နူးထိုက်သော ပွဲတော်ဖြစ်သည် ။
အခုတော့. . .သင်္ကြန်ပွဲတော်သည်. . .
သတိထားသွားလာရမည့် အန္တရာယ် ဖြစ်စေနိုင်သော ဘေးဒုက္ခ ဖြစ်သွားနိုင်ချေများသော အချိန်အခါတစ်ခုလို အဆိုးဘက်သို့ ပြောင်းလဲနေပြီဟု ဆိုချင်ပါသည်။
ပြောင်းလဲတာတော့ ပြောင်းလဲသည် ။
သို့သော် . . . .
ကောင်းသော ပြောင်းလဲခြင်း/တိုးတက်မွန်မြတ်သော ပြောင်းလဲခြင်းမှ ဟုတ်ပါလေစ. ..
အခုခေတ်. . . .
သင်္ကြန်ပွဲတော်ရက်တွေမှာ. . .
(အရင်ကလိုမဟုတ်) ပန်းပိတောက်ရနံ ့တို့ ပျောက်ဆုံးလာသလိုမျိုး. . . . .
အချိန်အခါမီ မပွင့်နိုင်တော့တဲ့ ပိတောက်နဲ့ . . .
ဒီနေ့ ခေတ် သင်္ကြန်ပွဲတော် . . .
တဖြည်းဖြည်း ကင်းကွာလာသလိုမျိုး. . . .
ယဉ်ကျေးသိမ်မွေ ့သော ရိုးရာအစဉ်အလာဓလေ့တွေနဲ့. . .. . . .
ဒီသင်္ကြန်. . .
တဖြည်းဖြည်း ကွဲလွဲလာခဲ့ပြီ ။
အနှုတ်လက္ခဏာ ပြသော ပြောင်းလဲခြင်းများကြားး. . .
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရ / တန်ဖိုး / အဓိပ္ပာယ်တွေ ဝေဝါး. . .
ပျောက်ဆုံးနေလေပြီ။
အဲဒါ . . . . . .
ဂုဏ်ယူစရာတော့ မဟုတ်ပါ ။
( သိကြားမင်း )
************************
လေးစားစွာဖြင့် . . .
အလင်းဆက်(Gazette)
4 / 4 / 2014 / 15 : 30 / pm
~~~~~~~~~~~~~~~~~
39 comments
Mr. MarGa
April 7, 2014 at 9:43 am
ကန့်ကွက်ပါတယ်
သင်္ကြန်ဆိုတာ
မြန်မာပြည်မှာ တစ်နှစ်မှ တစ်ခါလို့ ဆိုရအောင် လွတ်လွတ်ကျွတ်ကျွတ်ပျော်ရတဲ့ပွဲပါ
ဘာကြောင့် စည်းတွေ ဘောင်တွေ ခတ်ချင်နေပါသလဲ
ပြီးတော့ သိကြားမင်း နာမည်အတွက် ခွက်ဒစ် ပေးပါ
ဒါဗျဲ
(ဆဲကြစေကုန်)
alinsett (gazette)
April 7, 2014 at 11:55 am
နီဂ သဂျား = ကော်ဖီထဲထည့်ဖျော်တဲ့သကြား
ဟိုက သိကြား=သိတဲ့ကြားတဲ့မင်း ။
🙂
———
သင်္ကြန်ကို အကြောင်းပြု
တစ်နှစ်မှတစ်ခါလေးဆိုတာကို အကြောင်းပြုပြီး
အပျော်ကနေ အပျက်တွေ ဖြစ် နေတာ မြင်ရလွန်းလို့. . .
ရိုးရိုးပျော်ကြစေချင်လို့
ပျော်ရွှင်မှုအစစ်အမှန်ကို ရစေချင်လွန်းလို့
အဆဲခံချင်လို့. . .အဲအဲ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းး ရေးလိုက်ရပါကြောင်းးး
:kwi:
surmi
April 7, 2014 at 10:07 am
အဟမ်းးးး ဝါသနာအရ နဲနဲလောက် ကြပ်ဦးမယ် 🙂
ဒီလိုပါညီလေးရေ
သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာ (ရိုးရာစစ်စစ်) ဟုတ်ရဲ့လားကွယ်
အဲဒါလေး အချိန်ရရင်ရှင်းပြပါဦးနော်
အချိန်မရလို့ မရှင်းပြဖြစ်ရင်လည်း အားမနာပါနဲ့ကွယ် 🙂
နောင် တွေ့မှပြောလည်းဖြစ်ပါတယ်နော
alinsett (gazette)
April 7, 2014 at 10:44 am
ပုဂံခေတ် က စခဲ့တယ်ဆိုလား. . .
ဘာမင်းဆိုလား
သူ့မိဖုရား ဘာလုံ ဆိုလားကိုတောင်
ဘယ်လို သွားးစတယ်မသိ
ဟိုက စိတ်ဆိုးတော်မူပြီး အဆိပ်ခပ် သတ်တဲ့ဖြစ်ရပ်တောင် အဲဒီခေတ်သင်္ကြန်မှာ ဖြစ်ခဲ့တယ်ဆိုလား
🙂
သင်္ကြန်ပွဲ ဟာ မြန်မာ့ရိုးရာစစ် မစစ် တော့ မသိ
အဟိ
သဂျီးတော့ သိမယ်ထင်ပါ့။
🙂
သိကြားမင်း လူ့ပြည်သင်္ကြန်ပွဲ ဆင်းတယ်ဆိုတာကိုတော့
သိပ်မရှင်းဘူးရယ်။
နတ်သက်နဲ့ လူသက် ကွာဟမှုကြားမှာ တွက်ချက်ကြဘ့်တော့
ခေါင်းပဲ ခါမိတယ်။
ဘာပဲဖြစ်ဖြစ်ပါ
ဒီပိုစ့်က
အခုခေတ်သင်္ကြန်ကို
အမြင် သိပ်မကြည်တော့တဲ့
ကျနော့်ရဲ့ အဆိုးမြင် အတွေးသက်သက်ပါ
🙂
surmi
April 7, 2014 at 10:52 am
သကြားမင်း မဟုတ်ပါဘူး တနင်္ဂနွေဂြိုဟ်မင်းပါ ။
ဒါကလည်း ပုဏ္ဏားဟူးရား ဗြဟ္မဏတွေရဲ့ ဝေဒကျမ်းအလိုပါလေ ။
ရှေးဘုရင်များက ရှေ့ဖြစ်အဟောတွေမှာ သူတို့ကိုဆရာတင်ထားလေတော့
တော်ပါဘီကွာ သဂျီးအကြိုက်ကစားကွင်းဖြစ်သွားလိမ့်မယ် ။
သေချာတယ် ခဏနေရင် သဂျီးကောင်းချီးပေးလိမ့်မယ်
မဟာခရစ်ရှနား ဆာမိ
alinsett (gazette)
April 7, 2014 at 12:21 pm
Google+
Gmail
Web
Photos
more
↰ Co2zenith
သင်္ကြန်ဆိုတာ
4/12/12Co2zenith
Images are hidden – Show images
သင်္ကြန်ဆိုတာ..
သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။
သင်္ကြန်ပုံပြင်
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ရ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ရ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစာပါသည်။ မြေပေါ်ထားလျှင် ရ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ရ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ရ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်မည်ဟု သတ်မှတ်ကြပါသည်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးပါသည်။ ထိုကာ ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။
ဗေဒင်ကျမ်းများအရ
လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတု့ိ၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ဝင်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ဝါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို ့နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်းကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။ ဗေဒင်ကျမ်းများတွင် သင်္ကြန်အခါ သိကြားမင်း ဆင်းသည်ဟု လုံးဝ မရေးထားပါ။
သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်းဖြစ်ပါသည်။
ပွဲတော်ဖြစ်လာပုံ
သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကျေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ကုသိုလ်ရေးအတါက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပတ်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄ဝ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။
မူရင်း-အလင်းစေတမန်(MULTIPLY)
http://www.youtube.com/watch?v=GZKsYiYWEk8&feature=related
thura18987@gmail.com – Sign out – Desktop
naywoon ni
April 9, 2014 at 11:20 pm
မြန်မာ့ရိုးရာစစ်သလား မစစ်သလားတော့မသိဘူး ကိုဆာမိရေ MRTV ကတော့ မြန်မာ့ရိုးရာ မဟာ သင်္ကြန် ချည့်လုပ်နေတာပဲ ကျွန်တော်က နာမယ်ပြောင်းပေးထားတယ် ။ မြန်မာ့ရိုးရာ ဗြဟ္မဏ သင်္ကြန်လို့ ။ နိုင်ငံပိုင်မီဒီယာတွေကမှ လမ်းလွဲ ကိုတွန်းပို့နေရင် ………………..။
ကေဇီ
April 7, 2014 at 12:03 pm
ဒီ က သင်္ကြန် က ပိုကောင်းနေသလိုပဲ။
ဝတ်တာက အစ မြန်မာ ဝမ်းဆက်လေးတွေနဲ့
စတုဒီသာ မျိုးစုံ ကျွေးတယ်။
ရေကို စတိ သဘောလောက် လောင်းပြီးးး အလှူ လုပ်နေကြတာ။
ရန်ဖြစ်ရင် သင်္ကြန် စုဝေးခွင့် ပိတ်မှာ စိုးလို့ ငြိမ်ငြိမ်နဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ။
ဘုန်းကြီးကျောင်း နဲ့ ကမ်းခြေတွေမှာ လုပ်ကြတယ်။
မမဂျီးက တော့ မုန့် အားဂျီး စားရရင် ပျော်တာပဲ။
alinsett (gazette)
April 7, 2014 at 1:05 pm
ကျနော်တော့
မုန်းလုံးရေပေါ် တော်တော်ကြိုက်တယ်
ထန်းလျက်ခဲ အစား. . .
ငရုပ်သီးစိမ်းတွေ မပါရင်ပေါ့
:kwi:
ဦးကြောင်ကြီး
April 7, 2014 at 12:09 pm
သင်္ကြန်ပွဲ
နင်းကန်ဆဲ
ပြင်းထန်နွှဲ
လင်းဟန်သဲ
ဝင်းကံတွဲ
ှယွင်းချန်စဲ
မင်းခံမြဲ
အင်းစံရဲ..
alinsett (gazette)
April 7, 2014 at 1:07 pm
လိုက်မမီသော ကာရန်များ
🙂
ကိုပေါက်(မန္တလေး)
April 9, 2014 at 3:49 pm
ရဲ အင်း စံ
အမြဲ မင်းခ ံ
စဲ ယွင်း ချန်
တွဲ ဝင် း ကန်
သ ဲ အ လင်း ဟန်
နွဲ ပြင်း ထန်
ဆဲ နင်း ကန်
အို
ခေတ် သစ် သ င်္ကြန် ပွဲ ရဲ့ ဟန်
alinsett (gazette)
April 9, 2014 at 3:53 pm
အဟုတ်ပဲ လေးပေါက်ရေ
TNA
April 7, 2014 at 1:46 pm
အင်း ငါအတော်အိုသွားပြီလို့တွေးနေတာ။ ဒီသင်္ကြန်နဲ့ပါတ်သက်လို့ မခံစားတတ်တော့တာ ခံစားချက်ကင်း မဲ့နေတာ လေးငါးနှစ်လောက်ရှိပြီမို့ ငါအတော်အသက်ကြီးသွားပြီလို့တွေးနေတာ။ နင်တို့လို လူငယ်လေးတွေပါဒီလိုခံစားမိနေတယ်ဆိုတော့ ငါမအိုသေးဘူးပေါ့ဟယ်။
ပလုံ :p: ရင်ထဲကအလုံးကြီးကျသွားသံ
ပြောရမယ်ဆိုရင်တော့ ဒီအစိုးရအသစ်တက်လာပြီးနောက်ပိုင်း ဒီမိုကရေစီဆိုတဲ့စာလုံးအောက်မှာ ဖြစ်ချင် တိုင်းဖြစ်နေတဲ့ မင်းမဲ့စရိုက်တွေကို နားအေးပြီးရောလွှတ်ထားတဲ့ ယဉ်ကျေးမှု့ဝန်းကြီးဋ္ဌာနဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုရိုက်ခွဲလိုက်ချင်ပါရဲ့။ သင်္ကြန်ရဲ့အနှစ်သာရတွေကို အဲဒီ ဒီမိုကရေစီအောက်ကိုဆွဲ သွင်းပြီး ထင်တိုင်းကြဲနေတဲ့ကလေးတွေကိုလဲ စိတ်ပျက်မိပါရဲ့။ နောက်ပြီး မိဘတွေ။ ကိုယ့်သမီးတွေကို ဒီလိုဖြစ်ချင်တိုင်းဖြစ် လွှတ်ထားတာ ကိုလဲအံ့ဩမိပါရဲ့။ သိသိကြီးနဲ့ ဒီလိုဖြစ်နေတာတွေကိုထောက်ခံတဲ့ မိဘတွေကိုလဲအံ့ဩမိပါရဲ့။ အခုလဲ ဘာဒဲ့ ခေတ်ပေါ်အဝတ်အစားအားလုံးတာဝန်ယူမည်ဆိုတဲ့ ကြော်ငြာ ကိုလဲကျောချမ်းမိပါရဲ့။ နှမချင်းမစာမနာ လူမြင်မကောင်းအောင်ဆင်ကြအုံးမယ်။ ဒါကို တမက်ရှိုက်ရှိုက် ဝတ်သူတွေကလဲဝတ်ကြအုံးမယ်။ ရောင်းသူဝယ်သူ အသံတူနေတဲ့ သင်္ကြန်ကို သင်္ကြန်လို့မမြင်တော့ပဲ ယဉ်ကျေးမှု့ကိုစော်ကားတဲ့ပွဲလို့ခံစားမိနေတယ်။
alinsett (gazette)
April 7, 2014 at 3:30 pm
အဲဒါ အဲ့ဒါ
😆
alinsett (gazette)
April 7, 2014 at 3:27 pm
အင်းးးး
ဒီပိုစ့် ရဲ့ အဓိက ပြောလိုရင်းက
ဒီနေ့ခေတ်သင်္ကြန်ရဲ့ မသိမ်မွေ ့တော့တဲ့ တလွဲအပျော်ကြုူးမှုတွေကြောင့်
စိတ်ပျက်စရာ ဖြစ်ကြောင်းပါ
အရင်ကလို အေးအေးချမ်းချမ်း ယဉ်ကျေးသိမ်မွေ ့စွာ ပျော်ကြရင် ကောင်းမယ် လို့ ပြောချင်တာပါ
သင်္ကြန်ပွဲရဲ့ သမိုင်းကြောင်း အချက်အလက် အကိုးအကားတွေ ရှာဖွေခြင်း မဟုတ်ပါဘူး။
ဘယ်ကပဲ ဆင်းသက်လာလာ
ဘယ်လူမျိုးရဲ့ အယူအဆအရပဲဖြစ်ဖြစ်
လက်ရှိ မြန်မာ့ရိုးရာပွဲတော်ဆိုပြီး လုပ်နေကြပြီပဲ။
သိမ်မွေ ့ညင်သာသော
ယဉ်ကျေး၍ အေးချမ်းသော ပျော်ရွှင်ခြင်းနဲ့သာ သင်္ကြန်ပွဲတော်မှာ ပျော်စေချင်လို့ပါ။
သင်္ကြန်တစ်ခါရောက်တိုင်း မြင်ရ ကြားရတဲ့ မတော်တဆမှုတွေ
မလုံခြုံမှုတွေ
အရှက်သိက္ခာမဲ့မှုတွေ ကို မမြင်လိုမကြားလို
အဲဒါတွေ ကြားမှာ မပျော်ပျက်လိုတဲ့ စိတ်သက်သက်နဲ့ ရေးခြင်းပါ။
🙂
ROssI
April 8, 2014 at 10:15 am
အောင်ယဲလင်း နဲ့ မတူရင်နေပါဇီ
အောင်သိန်းဠင်း နဲ့မတူတာကိုပဲ ဝမ်းသာလှဘာဘီ စာရေးသူ ရေ
ငိငိ
P.S NICK NAME အသစ်တိုးလျင် တာဝန်မယူပ
alinsett (gazette)
April 8, 2014 at 12:32 pm
တိန်
🙂
လုံမလေးမွန်မွန်
April 8, 2014 at 2:51 pm
ဂျာနယ်တွေရဲ့ အဆိုအရ ဒီနှစ် တရားစခန်းတွေမှာ စာရင်းတွေ လျှံနေသတဲ့..
အသက် ၂ဝ ကနေ ၅ဝ အတွင်းတွေတဲ့.. လူငယ်တွေ ပိုများသတဲ့..
အခုဆိုရင် သင်္ကြန်ဆိုတာ အန္တရာယ်ရှိတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်လာကြပြီ..
သင်္ကြန်ကို မုန်းလာကြပြီ..
သင်္ကြန်ကို ရွံလာကြပြီ..
သိပ်မကြာခင်ကာလမှာ သင်္ကြန်ဆိုတာ အနောက်တိုင်းစရိုက်တွေနဲ့ မင်းမဲ့ဆန်ဆန် ရမ်းကားမှုတွေကြား ပျောက်ဆုံးသွားတော့မယ်လို့ မြင်မိနေတယ်..
ဒီနှစ်တော့ သီလရှင်ဝတ်မယ်ကွယ်.. 🙂
alinsett (gazette)
April 8, 2014 at 5:31 pm
သီလရှင် ဝတ်မယ်ဆိုလို့ သာဓုပါ မွန်မွန်ရေ
——
လုငယ်တွေ သင်္ကြန်ကို ရှောင်စရာလို့များများထင်လာပြီး
ရှောင်ကြတာများလို့သင်္ကြန်ပွဲတော်တွေ လူမစည်
တဖြည်းဖြည်းပျောက်ဆုံးသွားတာရယ်
ရမ်းကားမူးယစ်မှုတွေ မရှိပဲ ယဉ်ကျေးသိမ်မွေ ့စွာ အေးအေးချမ်းချမ်းပျော်ရွှင်ဆင်နွှဲ ဆက်ရှိနေမှာရယ် ဘယ်ဟာ ပိုကောင်းလဲ ဟင်
🙂
ကျော်စွာခေါင်
April 9, 2014 at 1:05 am
တိုင်းပြည်ကို ဒီလို အမြင်နဲ ့ချစ်တတ်တဲ ့ ဒီလို လူငယ်တွေ အများကြိး ရှိစေချင်တယ်..
တခါတခါ..စဉ်းစားတယ်..
စဉ်းစားမိတိုင်း စိတ်တိုတယ်..
..
မဲခေါင် မြစ်ဝှမ်းတစ်လျှောက် စုန်ဆင်းပြီး လူမျိုးစု နိုင်ငံစုလေးတွေ ဖြစ်လာခဲ့တဲ့ အရှေ ့တောင် အာရှက မဲခေါင်သွေးဆက်ချင်းအတူတူ…ဘာဖြစ်လို ့များ ငါတို ့နိုင်ငံကလူတွေ သုများအနုပညာခိုးတယ်..သူများယဉ်ကျေးမှုခိုးတယ်..သူများပျက်စိးတာခိုးတယ်..
တန်ဘိုးထားရမယ့် အရာမှန်သမျှ လွှင့်ပစ်တယ်..
သူများနိုင်ငံက မယဉ်ကျေးမှု ရမ်းကားမိုက်ရိုင်းမှု ပျက်စီးမှုတွေကို ခုံခုံမင်မင် ခိုးယူ အတုယူပြီး ပျက်စီးတာ အရှေ့တောင် အာရှမှာ တို ့နိုင်ငံ အဆိုးဆုံးဘဲ..
ဝမ်းနည်းစရာ စိတ်တိုစရာ တော်တော် ကောင်းတယ်..။
alinsett (gazette)
April 9, 2014 at 1:02 pm
စုတုပြု ဆိုတဲ့ စကားကြီးကလည်း ရှိသေး
အမှန်ဆို
စုပြုပဲ ဖြစ်ရမှာ
🙂
kai
April 9, 2014 at 6:44 am
ဆိုတော့…
သင်္ကြန်ဆိုတာ.. ပုဂံခေတ်လွန်ခဲ့တဲ့နှစ်၇၀ဝကျော်လောက်(ခရစ်နှစ် အေဒီ-၁၂၈၅)က စလုပ်တာမဟုတ်ပါဘူး..
မြန်မာပြည်ဝင်လာတဲ့.. ဟိုက်ဘရစ်ဗုဒ္ဓဘာသာ.. ထေရဝါဒနဲ့အတူတူ.. ပါလာပုံရပါတယ်..
ဆိုတော့..
အဲဒီတခေတ်ထဲလောက် .. အရှေ့တောင်အာရှကိုလွှမ်းမိုးခဲ့တဲ့.. ဟိန္ဒူုအယူပေါ့..။
အဲဒါကြောင့်.. အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့.. အခုထေရဝါဒအမည်ခံနိုင်ငံတွေအားလုံး(အားလုံး)မှာ..ကျင်းပပါတယ်..။
List of Water of Festival
Local name festival Country Begin End
Chaul Chnam Thmey Cambodia 14 April 16 April
Pi Mai Lao Laos 12 April 15 April
Thingyan Myanmar 13 April 16 April
Aluth Avurudda Sri Lanka 14 April 14 April
Songkran Thailand 13 April 15 April
Puthandu Mauritius, India, Malaysia, Singapore 14 April 14 April
ဘာပဲဖြစ်ဖြစ်… နှစ်ကူးပွဲပျော်ကြတာကောင်းတဲ့အလုပ်ပါ..။
သူတပါးမထိခိုက်ရင်ပေါ့လေ..။
အဲဒါကိုမပျော်ကြ…မလုပ်ကြပဲ.. (အထူးသဖြင့်) လူငယ်တွေရာခိုင်နှုန်းအများစု.. တရားစခန်း..ဝင်ကြရင်တော့.. အဲဒီတိုင်းပြည်ရဲ့.. စီးပွားရေး… အနာဂတ်… ကျဆုံးခြင်းလမ်းပေါ်ရောက်နေတာသေချာပြီလို့.. ပြောလို့ရမယ်ဖြစ်ပါကြောင်း…။
လုံမလေးမွန်မွန်
April 9, 2014 at 11:45 am
အဟိ..
ဘဂျီးက ပြောလည်း ပြောချင်စရာပဲ..
ဘာပဲ ပြောလိုက်ပြောလိုက် ထေရဝါဒနဲ့ကို မလွတ်ဘူး..
လုံမလေးမွန်မွန်
April 9, 2014 at 11:52 am
တစ်ခု ဝင်ပြောလိုက်ဦးမယ်..
တရားစခန်းဝင်ကြတာ အကြောင်းရှိတယ် ဘဂျီးရဲ့
– တစ်နှစ်လုံးနီးပါး တရားအလုပ် လုပ်ချင်ပါသော်လည်း မိုးလင်းမိုးချုပ် ဝမ်းစာရှာနေရသောကြောင့် တစ်နေ့ကို နာရီဝက် တရားထိုင်ရန်ပင် အာရုံစူးစိုက်လို့မရခြင်း
– မြန်မာနိုင်ငံရှိ အလုပ်သမား အများစုသည် သင်္ကြန်တွင်သာ အားလပ်ရက်ရှည် ရရှိခြင်း
– ယခင်က သင်္ကြန်ပွဲတော်တွင် မြို့လယ်မဏ္ဍာပ်များထိုးခြင်း၊ ယိမ်းပြိုင်ပွဲများ ကျင်းပခြင်း၊ လေးရက်စလုံး ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ဘက်ဂျတ်ကို အကြောင်းပြုပြီး မယက (မယားကြောက် မဟုတ်) က မလုပ်ပေးတော့သောကြောင့် အလွန်ပင် ပျင်းစရာကောင်းသွားခြင်း
ဘဂျီးရယ်.. သင်္ကြန်ရက် တရားစခန်းမှာ လူတွေများပြားပြီး ပူအိုက်နေတာ.. အားလပ်ရက်ကလေး အိမ်မှာပဲ နားချင်တာပေါ့.. ဒါပေမယ့် ဒီအချိန်လေးမှာ တရားမပေါက်ရင်တောင် အသိကလေး နည်းနည်းပဲရရ .. ကုသိုလ်လေး နည်းနည်းပဲဖြစ်ဖြစ် ဆိုပြီး သွားရတာ.. 🙂
surmi
April 9, 2014 at 1:00 pm
သဂျီးပြောနေတာက တရားအားထုတ်ကျင့်ကြံမှုကို ရှုံ့ချသလိုဖစ်နေတယ်
ဓမ္မအန္တရယ်ပါပဲ
ဒါကြောင့် အောက်က တရားအားထုတ်တာနဲ့ပတ်သက်တာလေး ကူးတင်လိုက်တယ်
ဘာဝတ်နဲ့ပဲဖြစ်ဖြစ် တရားအားထုတ်ဖို့က အဓိကပါပဲ၊ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဘိက္ခူနီသာသနာ (အမျိုးသမီးရဟန်း) ကွယ်ပြီးတဲ့နောက် ရဟန်းဝတ်ဖို့ အခွင့်မရကြတော့ဘူး၊ ဒါကြောင့် အမျိုးသမီးတွေဟာ ရဟန်းအဖြစ်ကို တောင့်တပြီး အမျိုးသမီးရဟန်းနဲ့ အသွင်တူတဲ့ သီလရှင်ပဲ ဝတ်ကြရတယ်၊ လူဝတ်ကြောင်ဘဝကို စွန့်လွှတ်ပြီး တရားအားထုတ်လို့ ခုဘဝမှာ တရားထူးရပြီး ကျွတ်တမ်းဝင်ချင်ဝင်၊ မဝင်ရင်တောင်မှ နောက်ဘုရားသာသနာမှာ ရဟန်း ဒါမှမဟုတ် ရဟန်းမ ဖြစ်နိုင်တဲ့ ပါရမီမျိုးစေ့တော့ ပါသွားနိုင်ပါတယ်”
တရားအားထုတ်ဖို့ ကျောင်းကို လာပြီဆိုကတည်းက လက်ချည်းလာတာမဟုတ်ဘဲ လှူဖို့ လှူစရာပစ္စည်းတွေ ယူလာခဲ့တယ်။ အဲဒီကတည်းက ကုသိုလ်စိတ်တွေ ဖြစ်နေပြီး တကယ်လှူတဲ့အခါကျတော့ ဒါနပါရမီကို ဖြည့်ဆည်းပြီး ဖြစ်တယ်။
တရားအားထုတ်တဲ့ရက်အတွင်းမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလ စောင့်ထိန်းရတယ်။ ဒါ့အပြင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ တံခါးခြောက်ပေါက်ကိုလဲ ကိလေသာတွေ မဝင်အောင် စောင့်ထိန်းရတယ်။ နောက်ပြီး သီလရှင်ဝတ်နဲ့ဆိုတော့ ဣန္ဒြေကို ပိုပြီး ထိန်းသိမ်းရတယ်။ ဒါဟာ သီလပါရမီကို ဖြည့်ကျင့်တာပဲ။
တရားအားထုတ်တယ်ဆိုတာ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်မှု၊ နှိပ်စက်ညှင်းပန်းလိုမှု၊ ပျက်စီးစေလိုမှုဆိုတဲ့ အလိုဆိုးတွေက ထွက်မြောက်အောင် လုပ်နေရတာ၊ ဒါကြောင့် တရားအားထုတ်နေတဲ့အခါမှာ နေက္ခမ္မပါရမီနဲ့ ပြည့်စုံတယ်။
တရားအားထုတ်တဲ့အခါမှာ ဝီရိယဓာတ် အများကြီး လိုပါတယ်။ အများကြီး ကြိုးစားရတယ်။ မနက်လေးနာရီက စပြီး ညကိုးနာရီအထိ စားချိန်သောက်ချိန် ကိုယ်လက်သန့်စင်ချိန်မှအပ တနေ့လုံး တရားအားထုတ်ရတယ်။ အားထုတ်တဲ့အခါမှာလဲ ပျင်းပျင်းရိရိအားထုတ်မယ်ဆိုရင် ကိလေသာရင်လဲ ဝင်မယ်၊ အိပ်ပျော်ချင်လဲ အိပ်ပျော်သွားမယ်။ ဒီလို မဖြစ်ရအောင် အမှတ်ကို စိပ်နိုင်သမျှ စိပ်အောင် ဝီရိယထားပြီး ရှုမှတ်အားထုတ်ရတယ်။ ဒါကြောင့် ဝီရိယပါရမီကို ဖြည့်ဆည်းရာ ရောက်တယ်။
တရားအားထုတ်ရင် အရင်က မသိရသေးတဲ့ အသိဉာဏ်တွေ တရားအတွေ့အကြုံတွေ ရမှာ မလွဲဘူး။ အဲဒီ အသိဉာဏ်ထူးတွေကို ရတာဟာ ပညာပါရမီနဲ့ သက်ဆိုင်တယ်။
တရားအားထုတ်တဲ့အခါ ညောင်းတာ နာတာ ပူတာ ကိုက်ခဲတာ အနေခက်တာတွေကို တွေ့ရမယ်။ ဒါတွေကို သည်းခံရတယ်။ နောက်ပြီး သီလစောင့်ထားလို့ ညစာမစားရတဲ့အခါ ဆာလောင်မယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာလို နေရထိုင်ရတာ အဆင်ပြေချင်မှ ပြေမယ်။ ဒါတွေကိုလဲ သည်းခံရတာပဲ။ အဲဒီအခါမှာ ခန္တီပါရမီနဲ့ ပြည့်စုံတယ်။
တရားအားထုတ်တယ်ဆိုတာ အမှန်တရားကို ရှာဖွေတာ၊ သစ္စာတရားကို ရှာဖွေတာ။ အားထုတ်တဲ့အခါ ရုပ်တရား နာမ်တရားတွေကို ကွဲကွဲပြားပြား သိလာတယ်။ အဲဒီ ရုပ်နာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုအမှန်တွေကို သိလာတယ်။ အဲဒီလို အမှန်တရားတွေကို သိလာရင်းနဲ့ပဲ ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်း ဖြစ်ကြောင်းအမှန်တရား (သမုဒယသစ္စာ)၊ ဆင်းရဲချုပ်ရာအမှန်တရား (နိရောဓသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအမှန်တရား (မဂ္ဂသစ္စာ)တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ သိသွားမယ်။ ဒီတော့ တရားအားထုတ်ခြင်းဖြင့် သစ္စာပါရမီကို ရင့်သန်စေတယ်။
တရားအားထုတ်တဲ့အခါ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရတယ်။ တနာရီထိုင်မယ်လို့ စိတ်ဆုံးဖြတ်ထားရင် တနာရီအပြည့်ထိုင်ရတယ်။ တနာရီမပြည့်မချင်း မထဘူး။ အရှုမှတ်ခံ အာရုံနဲ့ ရှုမှတ်တဲ့ စိတ် တထပ်တည်းကျနေအောင် ရှုမှတ်မယ်လို့ ဆုံးဖြတ်ချက် ချတယ်။ ဒီလိုဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အဓိဋ္ဌာန်ပါရမီနဲ့လဲ ပြည့်စုံတယ်။
တရားအားထုတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို မေတ္တာရှိလို့ မေတ္တာထားပြီး ပြုလုပ်တာဖြစ်တယ်။ ရှုမှတ်နေတဲ့အခါမှာလဲ စိတ်ထဲ လိုချင်မှု (လောဘ)၊ စိတ်ဆိုး အမျက်ထွက်မှု (ဒေါသ)၊ မသိမိုက်မဲမှု (မောဟ)ဆိုတဲ့ မကောင်းတဲ့သဘောတွေ ဝင်မလာဘူး။ ဒေါသမဖြစ်ဘူးဆိုရင် အဒေါသ (မေတ္တာ) ဖြစ်နေတာပေါ့။ တရားအားထုတ်နေချိန်မှာ သူတပါးကို နှိပ်စက်ညှင်းပန်းလိုတဲ့စိတ်၊ ပျက်စီးစေလိုတဲ့စိတ်တွေ ဝင်လာရင်လဲ ရှုမှတ်ပြီး ပယ်ထုတ်ပစ်တယ်။ အဲဒီအခါမှာ အဒေါသ (မေတ္တာ) ဓာတ်တွေ အစားဝင်လာလို့ မေတ္တာပါရမီနဲ့ ပြည့်စုံနေတယ်။
တရားအားထုတ်တဲ့အခါ ကောင်းတဲ့ ချမ်းသာတဲ့ အတွေ့တွေလဲ တွေ့ရမယ်။ စိတ်ထဲမှာ ကြည်နူးနှစ်သိမ့်တာတွေလဲ တွေ့ရမယ်။ မကောင်းတဲ့ ဆင်းရဲတဲ့ အနေခံခက်တဲ့ အတွေ့တွေလဲ တွေ့ရမယ်။ ဒီလိုတွေ့ပေမယ့် အကောင်းအဆိုး နှစ်မျိုးစလုံးအတွက် ဘယ်ဖက်မှ မလိုက်ဘဲ သည်းခံရတယ်။ ဝိပဿနာဉာဏ် ရင့်သန်လို့ သင်္ခါရုပေက္ခာဉာဏ်ကို ဆိုက်ရောက်ပြီဆိုရင်တော့ သင်္ခါရတရားတွေ ဖောက်ပြန်ပြောင်းလဲတာကို ဘယ်လိုပဲတွေ့တွေ့ စိတ်လှုပ်ရှားမှု မဖြစ်တော့ဘဲ စိတ်ကို အညီအမျှထားတော့တယ်။ ဒါကြောင့် ဥပေက္ခာပါရမီနဲ့ ပြည့်စုံတယ်။
“ဒီလို ပါရမီဆယ်ပါးကို အပြည့်အစုံ ဆည်းပူးနိုင်ခွင့်ရတာမို့ တရားအားထုတ်တာဟာ အလွန် အင်မတန် အကျိုးများတယ်။ ဒီဘဝမှာ မဂ်ဖိုလ်မရသေးတောင် စိတ်ငြိမ်းအေးမှုကို ဖြစ်စေနိုင်တယ်။ တကယ်ကြိုးစားအားထုတ်မယ်ဆိုရင် ဝိပဿနာဉာဏ်တမျိုးမျိုးကို ဆိုက်ရောက်မှာပါပဲ။ ဝိပဿနာဉာဏ်တွေ တဖြည်းဖြည်း ရင့်သန်ပြီဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ဟာ မဝေးတော့ပါဘူး။
surmi
April 9, 2014 at 1:04 pm
ခရက်ဒစ်မပေးမိလို့ 🙂
ဆရာတော် ရှင်ပညာသီဟ ထံမှ ကူးယူပါတယ်
kai
April 9, 2014 at 1:19 pm
၁၊ ဘိက္ခူသာသနာ..ဘိက္ခူနီ(ရဟန်းမ)တွေကို …ရဟန်းပြုခွင့်မပြုတာ.ပြုသူကိုပြင်းပြင်းထန်ထန်အရေးယူတာ.. .ထေရဝါဒနိုင်ငံတွေထဲတောင်.. (သိသလောက်) မြန်မာပြည်တခုပဲဖြစ်ပါတယ်..။
လိင်နဲ့ပါတ်သက်ပြီး.. ခွဲခြားဆက်ဆံခံရတာဖြစ်ပြီး.. ဂေါတမဗုဒ္ဓရဲ့ တရားဝင်ခွင့်ပြုချက်ကို တိုက်ရိုက်စွက်ဖက်ဖျက်ပယ်ထားတာဖြစ်ပါကြောင်း..။
(ဗန်းမော်ဆရာတော်နဲ့..မယ်ကင်းဇတ်လမ်းရှု)
၂၊ မြတ်စွာဘုရားလက်ထက်မှာ.. တကာတွေ..လူတွေကို တရားစခန်းသွင်းလေ့ကျင့်ပေးတာမရှိသလို.. လူတွေကိုတရားလည်းမထိုင်ခိုင်းပါ..။ ဘုရား(ဗုဒ္ဓ) မဖြစ်ခင်.. မင်းသားဘဝ(သိဒ္ဓတ ္ထမင်းသား)မှာတော့.. တရားစခန်းဝင်လေ့ကျင့်တရားထိုင်ဖူးပါတယ်….တဲ့..။
ဟိန္ဒူဘာသာဆရာများဆီမှာ တပည့်ခံသင်ယူတာဖြစ်ပါတယ်…တဲ့..။
မြန်မာပြည်မှာတောင်..အခုလို.. တရားစခန်းတွေစည်ကားဝေစီလာတာ.. ဟိန္ဒူနွယ်ဝင်ကြီးဦးဂိုအင်ဂါရဲ့..တောက်လျှောက်အားထုတ်မှုကြောင့်ဖြစ်ပါတယ်..။
ကုလားကြီးပေါ့လေ..။
( မြန်မာပြည်အနောက်ဖက်ပြည်..အိန္ဒိယကပြည်သား..ဇာတိနွယ်သူတွေကို ..မြန်မာတွေက “ကုလား”တွေလို့ခေါ်ပါတယ်.။ ကုလားဆိုရာမှာ.. ဘီလီယံလောက်ချီတဲ့လူများစုဖြစ်တဲ့.. အသားမဲ..မျက်လုံးပြူး..အနွယ်လူတွေကိုအဓိကသတ်မှတ်ခေါ်တာပါ..။အိနိ္ဒယမှာ.. ဟိန္ဒူဘာသာဝင်အများစုရှိတာပါ..။
ကုလားဆိုတာနဲ့..ဟိန္ဒူဘာသာဝင်တွေကို..အဓိကခေါ်တာဖြစ်ပါကြောင်းနဲ့.. အိနိ္ဒယလွတ်လပ်ရေးမရခင်ကတဲက.. ကုလားနဲ့…မွတ်စလင်တွေအကြီးအကျယ်(အကြီးအကျယ်)အဓိကရူဏ်းတွေဖြစ်ပြီး.. တိုင်းပြည်၂ပိုင်းပြတ်ထွက်သွားပါကြောင်း..။ အခုမြင်နေရတဲ့.. အိနိ္ဒယနဲ့.ပါကစ္စတန်ပြည်ဖြစ်ပါကြောင်း..။
ကုလားနဲ့..မွတ်စလင်ဟာ.. ဘာသာတရားကိုးကွယ်မှုနဲ့သမိုင်းကြောင်းအရ.. မတည့်သူ..ထစ်ဆိုအဓိကရုဏ်းဖြစ်သူ အနွယ်များဖြစ်ပါကြောင်း…)
http://en.wikipedia.org/wiki/Religious_conflicts_in_India
ဖြန့်ကျက်တွေးကြ..စဉ်းစားကြစေလို..။
မှတ်ချက်။ ။ ကျုပ်ကိုယ်တိုင်တရားထိုင်ပါတယ်..။ ညတိုင်းထိုင်ပါတယ်..။ ယုံကြည်တာလေးရှိလို့ဖြစ်ပါတယ်..။ အဲဒါလေးလည်းသိစေလို..။ :buu:
surmi
April 9, 2014 at 2:03 pm
ဟူးးးးးး မငြင်းချင်ပါဘူးဆို ဒီသဂျီးနဲ့တော့ ဂွကျဘီ
အမှတ် ၁။ ကိုပြောရ ရင် သံဃာယနာတွေ ပိဋကတ်တွေပါလာမှာမို့
သဂျီးမယုံတဲ့ ၊ လက်မခံတဲ ့ အကြောင်းတွေဆိုတော့ ပိုပြီးရှုပ်ထွေးမှာပါ ။
ဒါကြောင့် မဖြေရှင်းတော့ပါ။
၂။ ဦးဂိုအင်ဂါ စခန်းကိုသေသေချာချာမလေ့လာဖူးပေမယ့် သူ့ရဲ့မူရင်းဆရာက ဦးဘခင်ပါ ။
ဦးဘခင်ရဲ့ ဆရာက စစ်ကြိုခေတ်ကနာမည်ကြီးခဲ့တဲ့ အနာဂါမ်ဆရာသက်ကြီးပါ ။
ဆရာသက်ကြီးရဲ့ ဆရာကတော့ လယ်တီဆရာတော်ကြီးပါ ။
နောက်ပိုင်း အိန္ဒိယရဲ့ယောဂကျင့်စဉ်တွေနဲ့ရောမွှေတယ်မမွှေတယ်
မသိပေမယ့် မူရင်ကတော့ လယ်တီနိဿယပါပဲ ။
ဂစ္ဆတော ဝါ ဂစ္ဆမီတိ စသည်ဖြင့်ပေါ့လေ ။
တရားစခန်းကို ဦးဂိုအင်ဂါက စတယ်ဆိုတာ လုံးဝ (လုံးဝ) ×1000000 မဟုတ်ပါဘူး
အနာဂါမ်ဆရာသက်ကြီးလည်းတရားစခန်းဖွင့်ဖူးပြီးတရားပြဖူးသလို
ဦးဘခင်ရဲ့ စခန်းမှာတရားဝင်ဖူးသူတွေ အများအပြားရှိပါတယ် ။
မူလ မင်ဂွန်းစေတဝန်ဆရာတော်ကြီးဟာ သထုံမှာ တရာပြဖူးပြီး သူ့ရဲ့ နိဿယအတိုင်း မဟာစည်ဆရာတော်ကြီးက ဆက်လက်တရားပြပါတယ် ။
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ရဲ့ကြိုးစားမှုနဲ့ ရိပ်သာခွဲတွေအများကြီး ဖြစ်လာပါတယ် ။
တခေတ်တချိန်တည်းလောက်မှာပဲ မိုးကုတ်ဆရာတော်ကြီးရဲ့တပည့်များကလည်း မဟာသတိပဌာန်တရားတော်တွေကိုပြသပါတယ် ။
အထက်ပါဆရာတော်တွေနဲ့မတိမ်းမယိမ်းမှာပဲ စွန်းလွန်း ၊ဝေဘူ ၊ ကသစ်ဝိုင် ၊ ဝေဠုဝန် ၊ အစရှိတဲ့ ဆရာတော်ကြီးတွေကလည်း တရားပြ ရိပ်သာဖွင့်ကြပါတယ် ။
ဦးဂိုအင်ဂါကစသော ရိပ်သာစနစ် မဟုတ်ပါကြောင်းးးး
၃။ ဘုရားလက်ထက်က တရားရိပ်သာ မရှိသော်ငြား အပ္ပမာဒ တရားတွေကို အချိန်ရှိသလိုလိုက်နာကျင့်သုံးပါတယ် ။
ရဟန်းတွေတောင်ကျောင်းစေ့အောင်မရှိနိုင်တာ ဘယ်မှာယောဂီကျောင်းဆောက်ပြီး
စခန်းဖွင့်နိုင်မှာလဲ ။ဒါမျိုးကျတော့ ခေတ်အလိုက်တိုးတက်ပြောင်းလဲလာတယ်လို့ မြင်ပေးပါလေ။ 🙂
တခုရှိတာက ဘုရားရဲ့တရားတော်တွေကိုနာကြားပြီး ဖွတ်ရွှတ် ဆိုပြီး သစ္စာလေးပါး သိတာမဟုတ်ပါ။
ရှင်သာရိပုတ္တရာ က သီတင်းနှစ်ပတ် ၊ ရှင်မောဂ္ဂလန် ကသီတင်းတစ်ပတ် အားထုတ်ကျင့်ကြံရတယ်လို့မှတ်သားဖူးပါတယ် ။
တခြား သာဝကတွေလည်းကျင့်ရတာပါပဲ ။
သစ္စာလေးပါးကို ကောင်းစွာသိမြင်ပြီး အရဟတ္တမဂ် ရောက်ပြီးပုဂ္ဂိုလ်တွေ အများအပြားနေရာအနှံ့ပေါ်ထွက်နေချိန်မှာ
ရိပ်သာဖွင့်အြီးတရားမပြလည်း လုံလောက်တဲ့အနေအထားမို့
ရိပ်သာတရားစခန်း မရှိခဲ့ဘူးလို့လည်းယူဆနိငြ်ပါတယ် ။
ဆိုတော့ ……… တရားရိပ်သာဖွင့်ပြီး တရားပြခြင် း ၊ အားထုတ်ပွားများခြင်းသည် သာသနာတော်အတွက် ကြီးစွာသော အထောက်အပံ့ဖြစ်စေပါကြောင်းးးးရယ် လို့ 🙂
kai
April 9, 2014 at 2:34 pm
ဆြာရယ်..
မယုံတဲ့..လက်မခံတဲ့.. အကြောင်းတွေပါလာမယ်ဆိုပြီးမလုပ်ပါနဲ့..။
ဖတ်ခဲ့ဖူး… ယုံခဲ့မိဖူးပါတယ်..။
ဆိုတော့..
ရဟန်းဖြစ်ဖို့..သိမ်ဝင်တာမှာ.. ဘိက္ခူ၊၊ဘိက္ခူနီ..အရေအတွက်နဲ့..ဒီလိုဒီလိုခွဲတာမို့..ဒါတွေဒါတွေမပြည့်စုံလို့ဆိုပြီး…လုပ်လုပ်..ဘာလုပ်လုပ်… လိုရင်းက.. မြန်မာပြည်မယ်… ရဟန်းမနဲ့ရဟန်း..တန်းတူမဖြစ်စေချင်လို့လုပ်တာလို့.. လော့ဂျစ်ထုတ်ယူလို့ရပါတယ်..။
ဒီအတိုင်းပါပဲ..။
ဘုရားလက်ထက်မပြောနဲ့..ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ရာချီထောင်ချီတာတောင်.. တရားစခန်းကြီးတွေဖွင့်.. ဘုန်းကြီးတွေက…တရားတွေပြမလုပ်ခဲ့ဖူးပဲ..အခုခေတ်ကြီးကျမှ..ဝိပဿနာသာသနာခေတ်ကြီးပါဆိုပြီး..ထလုပ်လည်း.. အချက်အလက်က..အချက်အလက်ပါပဲ..။
မရှိခဲ့..မထွန်းကားခဲ့..။
ဝိပဿနာကို.. ကမ္ဘာကသိအောင်လုပ်တာမှာ.. ဦးဂိုအင်ကာက နံပါတ်တစ်ထိပ်ကဖြစ်ပါတယ်…လို့.. ထပ်ပြောပါရစေနော..။
ထပ်ကွန့်ပေးလိုက်ရရင်.. ယူအက်စ်ထောင်တွေထဲထိရောက်တဲ့.. ဦးဂိုအင်ဂါတရားစခန်း.. ကျင့်တာတွေမှာ..ဒီMeditation ဟာ… ဗုဒ္ဓဘာသာ..ဘာသာရေးနဲ့ဆိုင်တာပါလို့.. မပြောဘူး..မဆွေးနွေးဘူးဆိုတာလေး.. ဖြည့်ပေးလိုက်ပါတယ်..။
==
… ပြဿနာက.. ကိုယ့်သာသနာ ..ကိုယ့်ဟာကမှ..အမှန်လို့..ယူဆနေတယ်.. ဟူလို..။
ကဲ..
တည့်တည့်ပြောပါမယ်နော..။
လောကုတ္တရာဆိုဆို.. အဲဒါတွေက.. လောကီရေးအထိကျယ်ပြန့်လာရင်.. လူတွေနိဗ္ဗာန်ရောက်..အေးချမ်းခြင်းရှိမရှိတော့.. မသိ…။
အဲဒီတိုင်းပြည်.. စီးပွားရေး..နိုင်ငံရေး..လူမှုရေးတွေထိခိုက်နစ်နာပါတယ်..။
အတွေးအခေါ်အစွန်းရောက်လာတတ်ပါတယ်.
မြန်မာပြည်..အဲဒီလမ်းပေါ်…ရောက်နေပြီလို့.. ထပ်ဆင့်..ဟူလို..။
သာသနာထွန်းကားနေတယ်မပြောပါနဲ့..
ကမ္ဘာမှာဗုဒ္ဓဘာသာ..သာသနာထွန်းကားနေတာဟာ..စီလီကွန်ဗယ်လီ..။ အိုင်တီသမားတွေ.. အနုပညာရှင်တွေ.. လေ့လာကုူးပြောင်းနေကြတာမှာ.. မြန်မာပြည်ရဲ့..ထွန်းကားနေပါတယ်ဆိုတဲ့.. ထေရဝါဒမဟုတ်ဘူးလို့လည်း.. သိပါစေလို..။
surmi
April 9, 2014 at 2:53 pm
ပြန်လာခဲ့မယ်သဂျီးမင်းရယ်
အခု အလုပ်ထဲ ရောက်နေလို့
သဂျီးပြောတာ သဘောမျှတာတွေရှိသလို မတူတာလည်းရှိပါရဲ့
ခဏလေးဗျာ
ဒီပုံအတိုင်းဆို ဒီသင်္ကြန်တော့ ပြင်စရာမကောင်းတော့ဘူး
ပို့စ်တင်ပြီး သဂျီးနဲ့ ဆွဲနေရုံပဲ 🙂
kai
April 9, 2014 at 3:11 pm
ဦးဂိုအင်ကာသဘောလေး… မှတ်တမ်းလေးကျန်ရစ်အောင်လို့..။
မိန်းစရင်းမီဒီယာထဲပါတာမှာ..သူက ပိုင်အိုးနီးယားဆိုတာလေးရယ်..။ ဝိပဿနာဟာ… ဘာသာရေးတခုရဲ့အစိတ်အပိုင်းမဟုတ်ဆိုတာလေးရယ်..သတိထားမိအောင်ရယ်ပါ..။
=
S. N. Goenka, Pioneer of Secular Meditation Movement …
http://www.tricycle.com › Blog
Tricycle: The Buddhist Review
Oct 1, 2013 – Meditation was, he realized, the way to cleanse the mind, to let light in and clear away the vermin. Vipassana was not part of a religion, then, …
=
S.N. Goenka: The Man who Taught the World to Meditate …
http://www.huffingtonpost.com/…/sn-goenka-dead_b_401…
The Huffington Post
Sep 30, 2013 – Basically a rationalist and a pragmatist, Goenka emphasized that meditation was not spirituality and not religion, but more like a technology – a ..
alinsett (gazette)
April 9, 2014 at 1:11 pm
ကူးယူလာပေးတဲ့ ဦးဆာရေ
ကျေးဇူးပါ။
🙂
အစိမ်းရောင်လေး ထည့်ထားလိုက်ပြီ
lu lu
April 9, 2014 at 7:20 pm
တစ်နှစ်တစ်ခါ သာဆင် နွဲရတဲ့ ပွဲတော်ကြီးမှာ များတကာ တွေ
ကဲလို ့ကောင်း ချိန် lu lu တစ်ယောက် ဖြစ်ပျက် ရှာပုံတော် ဖွင့် ရ
ကြောင်းပါ ကိုဆက် ရေ သကြားမင်း ကြီးကို ပြောလိုက်နော်
alinsett (gazette)
April 9, 2014 at 10:01 pm
:kwi:
kyeemite
April 10, 2014 at 9:26 am
မဏ္ဍပ်တွေပေါ်မှ ရေပက်သူတို့က မီးသတ်ပိုက်လို ပိုက် အကြီး/အသေးများနှင့် ရေအားကို ပြင်းပြင်းထန်ထန်သုံး၍ ပက်သည် ။
ရေပက်ခံထွက်လာသူတို့ကို မျက်လုံးမျက်နှာ မရှောင် ထိုးပက်ကြသည် ။ ရေပက်ခံရသူတို့အတွက် အသားကို အပ်နှင့်ဆွသလို နာကျင်စူးရှ အသားများ နီစပ် နာကျင်ခံရခက်ပါသည် ။
အဲ့..အချက်တော့ ထောက်ခံတယ်…ပျော်အောင်ပက်ပါ..နာအောင်မပက်သင့်ပါဘူး
ပရက်ရှာ ပန့်နဲ့ ပက်တဲ့ ပြွတ်တွေကပိုဆိုးတယ်…အရေပြားတောင်လန်ပါတယ်…
alinsett (gazette)
April 10, 2014 at 10:11 am
သူတို့ပျော်တာ
နာတယ်နော်
🙂
Ma Ma
April 10, 2014 at 9:41 am
ငယ်ငယ်က သင်္ကြန်ရေပက်ရင် လူကြီးတွေက ဘေးက ထိန်းတယ်။
ရေပက်ဖို့ စည်ပိုင်းထဲမှာ ရေမွှေးထည့်ပေးတယ်။
ရေပက်ရင် နောက်ကပဲ ပက်ရတယ်။
မျက်နှာကို မပက်ရဘူး။
နေ့လည်နေပူချိန်မပက်ရဘူး။
ရေထုပ်နဲ့ မပေါက်ရဘူး ဆိုတဲ့ ဥပဒေသတွေ စုံနေတာပဲ။
အဲဒီဥပဒေသတွေကြားမှာ ဟိုအိမ် ဒီအိမ်ကကျွေးကြတဲ့ စတုဒိသာမုန့်တွေစားရင်း သင်္ကြန်ဟာ အတော်ပျော်ဖို့ ကောင်းခဲ့တယ်။ 🙂
alinsett (gazette)
April 10, 2014 at 12:34 pm
ဟုတ်တယ်
ကျနော်လည်း ငယ်ငယ်တုန်းကသင်္ကြန်ကို လွမ်းတယ်. . .
🙂