မန္တလေး – ပုဂံ ခရီးသွားမှတ်တမ်း (၅)
(၁) https://myanmargazette.net/193034
(၂) https://myanmargazette.net/193086
(၃) https://myanmargazette.net/193401
(၄) https://myanmargazette.net/194171
======================================
Bagan House Lacquerware Workshop သည် ပုဂံမြို့သစ်တွင် တည်ရှိသည်။ ခရီးသွားဝန်ဆောင်မှုပေးသည့် ရုံးခန်းက Workshop ဝင်ပေါက်ဘေးတွင် သီးသန့်အခန်းအဖြစ် ရှိနေသည်။ ရုံးခန်းထဲဝင်၊ ခဏနားပြီး ယွန်းအလုပ်ရုံထဲသို့ ဝင်ကြည့်ကြသည်။
အလုပ်ရုံထဲတွင် ယွန်းလုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်ကို တွေ့မြင်နိုင်သည်။ စကားတပြောပြောနှင့် ရေဆေးနေသူ၊ နှီးခွေနေသူတို့ကို တွေ့ရသကဲ့သို့ ပတ်ဝန်းကျင်ကို ဂရုမထားနိုင်ဘဲ အာရုံစူးစိုက်စွာ ယွန်းပန်းချီရေးဆွဲနေသူများကိုလည်း တွေ့ရသည်။ ကျွန်မ သိချင်နေသည်ကလည်း အများသားပင်။ သို့သော် အလုပ်ကိုယ်စီနှင့် မအားလပ်ကြသော သူတို့ကို အားနာသည့်အတွက်ကြောင့် လှည့်ပတ်ကြည့်ရှုပြီးသာ ပြန်ထွက်လာခဲ့သည်။
အချိန်က နေ့လည်စာစားချိန်ပင် ရောက်နေပေပြီ။ ကားမောင်းပို့ပေးမည့် ဦးလေးကိုစောင့်ရင်း ကျွန်မတို့လည်း ထမင်းစားရန် စီစဉ်ရသည်။ သို့နှင့် ရုံးနှင့် သိပ်မဝေးသော မာလာသိ င်္ဂီထမင်းဆိုင်သို့ သွားရန် ရုံးက အစ်ကို၏ ဆိုင်ကယ်ကို ယူလာခဲ့ကြသည်။ ညီမလေးက ရှေ့ကမောင်းသူ၊ ကျွန်မက နောက်က လမ်းညွှန်သူ။ ဆိုင်ကယ်စီးနေရင်းနှင့် အတွေးတစ်ခု ဝင်လာ၏။ ကားနှင့်မလည်ဘဲ ဆိုင်ကယ်နှင့်ပဲ လျှောက်လည်ကြမလားဟု ညီမလေးကိုမေးတော့ သူကလည်း ကောင်းတာပေါ့တဲ့။ သို့နှင့် ရုံးကို ဖုန်းဆက်ပြီး ကားသုံးမည့် အစီအစဉ်ကို ဖျက်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထမင်းဆိုင်ပိုင်ရှင်က တက္ကသိုလ်က သူငယ်ချင်း၏ မိဘတွေဖြစ်နေသည်။ သူငယ်ချင်းကိုလည်း အဆင်သင့်တွေ့ရသည်။ ထမင်းစားရင်း အဆက်အသွယ်ပြတ်နေသော သူငယ်ချင်းတွေအကြောင်း စကားလက်ဆုံကျရသည်ကလည်း အမှတ်တရပင်။ ကျွန်မတို့က ဆိုင်ကယ်နှင့် လျှောက်လည်ကြမည်ဆိုသောကြောင့် ပါလာသည့် ပုဂံမြေပုံပေါ်တွင် အဓိကထားလည်ရမည့် ဘုရားများကိုပင် မှတ်ပေးလိုက်သေးသည်။
ထမင်းဆိုင်က ပြန်ထွက်လာပြီး လောကနန္ဒာစေတီကို အရင်ဆုံးသွားကြသည်။ ညီမလေးက ရှေ့ကမောင်း၊ ကျွန်မက မြေပုံကိုကြည့်ပြီး ဘယ်ချိုး၊ ညာကွေနှင့် ပါးစပ်လမ်းညွှန်လုပ်သည်။ လောကနန္ဒာဘုရားသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသည်။ ဘုရားပေါ်တက်ရန် လှေကားခြေရင်းအရောက်တွင် ကလေးများက ဝိုင်းလာ၏။ ဘုရားသမိုင်းကို ရှင်းပြပေးပါမည်တဲ့။ ကျွန်မတို့လည်း မလိုကြောင်း ပြန်ပြောရင်း တက်လာတော့ ကလေးတစ်ယောက်က ကပ်ပါလာသည်။ မုန့်ဖိုးလောက်ပဲပေးပါ၊ ကျောင်းပိတ်ရက်မို့ မုန့်ဖိုးရအောင်ပါတဲ့။ မေးကြည့်တော့ (၆) တန်း ဖြေထားသည်ဟု ပြောသည်။ အင်္ဂလိပ်လိုရှင်းပြဖို့တော့ မကျက်ရသေးပါဘူးတဲ့။ သို့နှင့် ကျွန်မတို့လည်း ထိုကောင်လေးကို ဂိုက်အဖြစ် တာဝန်ခန့်အပ်လိုက်ပါသည်။
ကဲ ဒီဘုရားအကြောင်းလေး အစ်မတို့ကို ပြောပြပါဦး ဟု ဆိုလိုက်သည်နှင့် လင်္ကာရှည်တစ်ပုဒ်ကို ရွတ်ပြသည့်အလား အသံနေအသံထားနှင့် ပြောပြပါတော့သည်။ ကျွန်မတို့မှာ နားလည်သည်လည်းရှိ၊ ရောသွားသည်လည်းရှိနှင့် ခဏခဏပြန်မေးရသည်။ သို့သော် စကားလုံးများကို အလွတ်ကျက်ထားသော ကလေးတို့ ထုံးစံအတိုင်း ကျွန်မတို့ပြန်မေးလျှင် ရေရေလည်လည် ပြန်ရှင်းမပြတတ်ပေ။ သို့နှင့် ကျွန်မတို့လည်း အဆင်ပြေသလိုသာ နားလည်လိုက်ကြပြီး ဘုရားကို လက်ယာရစ် ဖူးမြော်ကြသည်။ တစ်နေရာရောက်တော့ ရေတွင်းလေးတစ်တွင်းကို ပြသည်။ ရေတွင်းရှိ ရေထဲကတစ်ဆင့် စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြင်နိုင်သည်။ ရှေးက ဘုရင်များသည် စိန်ဖူးတော်ကို မော့ဖူးလျှင် မကိုဋ်ပြုတ်ကျမည်စိုးသောကြောင့် ယခုကဲ့သို့ စီမံထားခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။ ဘုရားကို တစ်ပတ်ပတ်ပြီး ဖူးပြီးသည်နှင့် ကလေးကို မုန့်ဖိုးပေးပြီး ပြန်ဆင်းလာခဲ့သည်။
ပြန်ထွက်လာတော့ ကျွန်မလည်း အလွန်ပင် ငြီးစီစီ ဖြစ်နေသည်။ နေပူပူ၊ ဖုန်ထူထူ၊ လေတိုးတိုး ကြားထဲတွင် ရေချိုးချင်စိတ်က တားမရတော့။ သို့နှင့် ဟိုတယ်သို့ပြန်ပြီး ခဏနားရန် ဆုံးဖြတ်လိုက်သည်။ အမှန်တော့ ဟိုတယ်သို့ သွားရာလမ်းတွင် အထင်ကရဘုရားများကို ဖြတ်သွားရမည်ဖြစ်သည်။ တစ်ခါတည်းဝင်ဖူးပြီးမှ ဟိုတယ်သို့ပြန်လျှင် အဆင်ပြေမည်ဖြစ်သော်လည်း စိတ်ကလည်းမလန်း၊ စာအုပ်လည်းကျန်ခဲ့သော ကျွန်မအတွက်တော့ စိတ်မပါတော့သည်က အမှန်။ သို့နှင့် စိတ်ကို အသေအချာပိုင်းဖြတ်ပြီး ဟိုတယ်ကိုပဲ တန်းပြန်လာခဲ့သည်။
ဟိုတယ်သို့ အဝင်လမ်းလေးကိုတော့ အလွန်ပင် သဘောကျမိသည်။ ဆိုင်ကယ်နှင့် ဝင်လာရသည်က ပိုသာယာသလို ခံစားရသည်။ ဆိုင်ကယ်မောင်းပြီးဝင်လာသော ကျွန်မတို့ကို ဟိုတယ်ဝန်ထမ်းတွေကတော့ အံ့ဩနေမည်လား မပြောတတ်။ အခန်းထဲဝင်၊ ပစ္စည်းချ၊ ကမန်းကတန်းရေချိုးပြီးသည်နှင့် ချက်ချင်းပြန်ထွက်သည်။ သည်တစ်ခါတော့ ကျွန်မတို့နှင့်အတူ ဂိုက်တစ်ယောက်ပါ ပါလာသည်။ ညီမလေး၏ သူငယ်ချင်းက ပုဂံတွင် တာဝန်နှင့်ရောက်နေသောကြောင့် ဧည့်သည်ဖြစ်သူ ကျွန်မတို့ကို လိုက်ပို့ခြင်းဖြစ်သည်။
ပထမဆုံး အပယ်ရတနာဘုရားကို သွားကြသည်။ အပြင်ဘက်ဝန်းထဲတွင် သဲပန်းချီရောင်းသူများ၊ ရှေးဟောင်းပစ္စည်းရောင်းသူများကို တွေ့ရသည်။ ဘုရားပုရဝုဏ်အတွင်းတွင်မူ ဖိနပ်ချွတ်ပြီး ဝင်ရ၏။ ဂူဘုရားအတွင်းတွင် ဓာတ်ပုံရိုက်ခွင့်မရှိသောကြောင့် အပြင်ဘက်ကသာ ရိုက်ခဲ့ရသည်။ အထဲတွင် မှောင်နေပြီး ဘုရားရုပ်ပွားတော်တစ်ဆူနှင့် နံရံဆေးရေးပန်းချီများကိုသာ တွေ့ရသည်။ ကျန်စစ်သားမင်း၏ မိဖုရားခေါင်ကြီး၊ အလောင်းစည်သူမင်း၏ ဘွားတော်ဖြစ်သူ အပယ်ရတနာမိဖုရား၏ ကောင်းမှုတော်ဘုရားသည် တစ်ချိန်က မည်မျှ ခမ်းနားခဲ့မည်ဖြစ်ကြောင်းကို စိတ်ကူးနှင့် တွေးကြည့်နေမိသည်။
ရှေ့ဆက်သွားမိတော့ မနူဟာဘုရားကို ရောက်သည်။ ကျွန်မအလွန်ရောက်ဖူးချင်သော ဘုရားတစ်ဆူပင်။ ဆရာချစ်ဦးညိုရေးသည့် သုဝဏ္ဏဘုမ္မိဝေဒနာ စာအုပ်ကို ဖတ်ပြီးချိန် ဆယ်တန်းကျောင်းသူအရွယ်ကတည်းက သုံ့ပန်းဖြစ်သူ မနူဟာဘုရင်တည်ခဲ့သည့် မနူဟာဘုရားကို စိတ်ဝင်စားခဲ့သည်။ ကြည့်ဖူးချင်ခဲ့သည်။ ဘုရားပရဝုဏ်ရှေ့တွင် ဒေသထွက်အစားအစာရောင်းသည့် ဈေးသည်များကိုတွေ့ရသည်။ စောင်းတန်းအဝင်တွင် ဖိနပ်ချွတ်ပြီး ယူသွားရမလား၊ ထားခဲ့ရမလား ဝေဝါးနေတော့ ဈေးသည်အစ်မတစ်ယောက်က လှမ်းပြောသည်။ ထားခဲ့ပါ၊ ကြည့်ထားလိုက်ပါမည် တဲ့။
ပထမဆုံး မနူဟာသပိတ်ကြီးကို တွေ့သည်။ မည်မျှထည့်ထည့် မပြည့်သည့် သပိတ်ကြီးဟု ကျော်ကြားသည်။ ကျွန်မစိတ်ထဲကတော့ ဇဝေဇဝါပင်။ သို့နှင့် အထဲမှာဘာရှိသလဲ သိချင်စိတ်ဖြင့် အပေါ်တက်ပြီး ငွေထည့်မည်လုပ်တော့ မိန်းကလေး မတက်ရဘူး တဲ့။ ဇာတ်လမ်းကတော့ စပါပြီ။ သပိတ်ရှိရာဘက်ကို ထောင်ထားသည့် လှေကားပေါ်သို့ အဘယ်ကြောင့် မိန်းကလေး မတက်ရသနည်း။ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် တက်နေသည့် လှေကားကိုကြည့်ပြီး အတော်လေး စိတ်တိုလာသည်။ သို့နှင့် ညီမလေးက သပိတ်ထဲသို့ အလှူငွေကို ခုန်ထည့်သော်လည်း ကျွန်မကတော့ သည်အတိုင်းပင် ပြန်ထွက်လာခဲ့သည်။
ဘုရားရုပ်ပွားတော်တည်ရှိရာ ဂန္ဓာကုဋီတိုက်ထဲသို့ရောက်တော့ အမှန်ပင် အသက်ရှူကျပ်လာသည်။ ဘုရားဖူးနှစ်ယောက် ရှောင်ရန်ပင် အတော်လေး ကျဉ်းကျပ်သည်။ သို့သော် မှောင်မနေဘဲ အလင်းရောင်ကောင်းစွာရသည်။ သမိုင်းအမှန်ကို မဖတ်ဖူးသော်လည်း ဆရာချစ်ဦးညို၏ ဝတ္ထုကြောင်းအရ မှတ်ချက်ပြုရလျှင် မနူဟာဘုရင်သည် သာသနာ၏ အဆုံးအမအောက်သို့ အမှန်တကယ်မရောက်ခဲ့သောကြောင့်သာ ယခုလိုဖြစ်ခဲ့ရသည်ဟု ခံစားမိသည်။ အနုရဒ္ဓါဘုရင်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်ကို မယုံကြည်ခြင်း၊ ရှင်အရဟံ ပုဂံသို့ ရောက်သွားခြင်းအပေါ် မစ္ဆရိယစိတ်ဖြစ်မိခြင်း၊ ဆရာတော်၏ ထောက်ခံချက် ရှိနေပါလျက် ပိဋကတ်တော် (၃၂) စုံကို ခွဲဝေမပေးခြင်းတို့ကြောင့် နောက်ဆုံး တိုင်းပြည်ပါ ဆုံးရှုံးခဲ့ရသည်။
ပြန်ထွက်လာတော့ ဒေသစာ ပဲမုန့်၊ ဇီးတော်ဖီ စသည်တို့ကို ဝယ်ရန် စိတ်ကူးသည်။ ဆိုင်တွေဘက် ကြည့်လိုက်တော့ အလုအယက် ရောင်းကြသည်။ ဈေးသည်တစ်ဦးက အတင်းပင် အမြည်းကျွေးသောကြောင့် တစ်ဖဲ့ယူစားပြီး ဝယ်ရန်ပြင်သည်။ အမြည်းကျွေးသော ဈေးသည်ဆီက တစ်ဝက်၊ ဖိနပ်ကြည့်ပေးမည်ဟု ပြောသော ဈေးသည်ဆီက တစ်ဝက်။ ထိုအခါ ဖိနပ်ကြည့်ပေးမည်ဆိုသော တစ်ယောက် မကျေမနပ်မျက်နှာနှင့် ပွစိပွစိလုပ်လေ၏။ ကျွန်မကတော့ စိတ်မဆိုးမိဘဲ စိတ်မကောင်းသာ ဖြစ်သည်။ ကူညီပေးတတ်သော မြန်မာ့စရိုက်များ ပျောက်ကွယ်နေလေပြီလား၊ အကျိုးလိုလို့ ညောင်ရေလောင်းခြင်းလား၊ လား ပေါင်းများစွာကတော့ ကျွန်မအတွေးထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ထို့နောက် မြစေတီဘုရားသို့ ဝင်သည်။ ဘုရားထက် ကျောက်စာကို ပိုစိတ်ဝင်စားသောကြောင့် ဘုရားရှေ့သို့ ရောက်သည်ဆိုရုံသာ ဖူးခဲ့ပြီး ရာဇာကုမာရ်ကျောက်စာဘက်သို့ လာခဲ့သည်။ အစကတော့ ရန်ကုန်ရှိ အမျိုးသားပြတိုက်တွင်လည်း ကျောက်စာတစ်ချပ်ရှိသောကြောင့် ပုဂံတွင် ကျောက်စာမရှိတော့ဟု ထင်မိသေးသည်။ နောက်မှ ပုဂံရှိကျောက်စာက မူရင်းကျောက်စာဖြစ်ပြီး ရန်ကုန်က ကျောက်စာက ကျောက်စာငယ်ဖြစ်ကြောင်း သိရသည်။ ကျောက်စာတိုက်တွင် ဝင်ပေါက် နှင့် ထွက်ပေါက်ကို ခွဲခြားထားသည်။ အထဲတွင်တော့ ယိုင်ချင်နေသော ကျောက်စာကို လေးဘက်လေးတန် ဆိုင်းထားသည်။ သံတိုင်အပြင်က ကြည့်ရသည့်အတွက် ဘာမှတော့ သေချာမမြင်ရပေ။ ထို့ကြောင့် အထဲကို လက်ထည့်ပြီး ဓာတ်ပုံသာ ရိုက်နိုင်ခဲ့သည်။
နေကျချိန် ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ပုဂံမြို့၏ နေဝင်ချိန်ကို ခံစားရန် ရွှေဆံတော်ဘုရားသို့ သွားကြသည်။ ဖြတ်လမ်းဘက်က ဝင်ကြသည့်အတွက် ဖုန်ထူလမ်းကို ဖြတ်ရသည်။ ပုဂံဘုရားများအားလုံးတွင် ရွှေဆံတော်ဘုရားကို သွားရသည်မှာ စိတ်အလှုပ်ရှားဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ တက်ခွင့်ရှိတော့ ဘုရားဖြစ်နေသောကြောင့်ပင်။
မြန်မာနိုင်ငံရှိ စေတီများပေါ်သို့ မိန်းကလေးများတက်ခွင့်ကို ပိတ်ပင်ထားသည်။ ငယ်ငယ်က ကျွန်မ မေးကြည့်မိတော့ စေတီအောက်ခြေတွင် ဗုဒ္ဓရုပ်ထုများကို ဌာပနာထားသောကြောင့် ငရဲကြီးမည်စိုးသဖြင့် အမျိုးသမီးများကို တက်ခွင့်မပေးခြင်းဟု ပြောသည်။ သို့ဆိုလျှင် ယောက်ျားလေးများရော ငရဲမကြီးသလော။ မည်သို့ပင်ဖြစ်စေ မိန်းကလေးများကတော့ အဝေးကဖူးပြီးသာ ကျေနပ်ရသည်ချည်းသာဖြစ်သည်။ ယခု ရွှေဆံတော်ဘုရားပေါ်သို့ မိန်းကလေးများ ပေးတက်သောကြောင့် ဌာပနာများမရှိသလားဟုပင် တွေးမိသေးသည်။
တက်ခွင့်ရှိတုန်း တက်ရသည့်အတွက် အပေါ်ဆုံးသို့ တက်လာခဲ့သည်။ အမြင့်မကြောက်တတ်သည့် ကိုယ့်ကိုကိုယ်ပင် ကျေးဇူးတင်မိသေး၏။ ပုဂံမြို့၏ မြင်ကွင်းကား ပြောမပြတတ်အောင်ပင် လှပလွန်းသည်။ နိုင်ငံခြားသားများကလည်း ကင်မရာကိုယ်စီနှင့် နေရာယူထားကြသည်။ ကျွန်မလည်း ရှေ့က ကွယ်နေသူများကို ကျော်ကြည့်ရန်အတွက် အုတ်ခုံပေါ်ကိုပင် တက်လိုက်သေးသည်။ သို့နှင့် နေဝင်ချိန်ရှုခင်းကို ကြည့်ရင်း တတ်သလောက် မှတ်သလောက်လေးနှင့် ဓာတ်ပုံရိုက်သည်။ ရခဲလှသော အခွင့်အရေးတစ်ခုပင်။
အညာဒေသကား အပြောင်းအလဲမြန်သည်။ တစ်နေကုန် ပူပြင်းခဲ့သမျှ နေဝင်သွားသည်နှင့် မှောင်ကျလာပြီး အေးလာတော့သည်။ အချိန်ရှိခိုက် ဘုရားဆက်ဖူးကြသည်။ ဆက်သွားခဲ့သည်က ထုမှာဓမ္မရံ ဟု ကျော်ကြားသော ဓမ္မရံကြီးဘုရား။ အထဲမှာ မှောင်နေသောကြောင့် အသေအချာမမြင်ရ။ ဘုရားပတ်လမ်းကို ပတ်တော့ အေးစက်စက်ကြမ်းပြင်ကို နင်းရသည်။ လိုက်ပို့ပေးသည့်မောင်လေးက မေး၏။ အစ်မ အခု မြေပြင်ပေါ်မှာ နင်းနေရတယ်လို့ ခံစားရလားတဲ့။ မြေပြင်ပေါ်မှာ နင်းနေရတာ မဟုတ်ဘူးလားဆိုတော့မှ အနားက အပေါက်နား ခေါ်သွားပြသည်။ ဘုရားပတ်လမ်းသည် မြေပြင်၏ အမြင့်တစ်နေရာတွင် ရှိနေခြင်းဖြစ်သည်။ အပေါ်သို့ ထပ်တက်လို့ရသော လှေကားပေါက်များကို ပိတ်ထားသည်။ ပေးမတက်တော့ပါတဲ့။ ကျွန်မကတော့ မကျေမနပ်နှင့် ပြန်လာခဲ့ရသည်။
နောက်ဆုံးသွားခဲ့သည်က ဉာဏ်မှာသဗ္ဗညု ဟု ထင်ရှားသော သဗ္ဗညုဘုရား။ အချိန်မရတော့သည့်အတွက် ပတ်ကြည့်ရုံကလွဲ၍ ဘာမှမလေ့လာနိုင်သည့်အဖြစ်ကို နှမြောမိသေးသည်။ ဘုရားက ပြန်ထွက်လာတော့ အတော်ပင်မှောင်နေပြီဖြစ်သည်။ ညစာစားရန် သရပါတံခါးနားရှိ ရွှေမြန်မာထမင်းဆိုင်သို့ သွားသည်။ သရပါတံခါးကို ဖြတ်တော့ ဟွန်း (၃) ချက်တီးပါတဲ့။ ဘာမှန်းမသိပေမယ့် တီးခဲ့လိုက်သေးသည်။ နောက်မှ လူစိမ်းဖြစ်သည့်အတွက် မြို့စောင့်ကို အသိပေးခြင်းဖြစ်ပါသည်တဲ့။
သို့နှင့် နောက်ဆုံး ရွှေမြန်မာထမင်းဆိုင်မှာ မြန်မာစာဘူဖေးကိုစား၊ ဟိုတယ်ပြန်ပြီး အနားယူခြင်းဖြင့် တစ်နေ့တာ ကုန်ဆုံးခဲ့ပြန်ပါတော့သည်။
13 comments
လုံမလေးမွန်မွန်
April 7, 2014 at 6:02 pm
အတော်လေး အဆက်ပြတ်သွားတာ ခွင့်လွှတ်ပေးပါဗျိုး..
သင်္ကြန်မပြန်ခင် အမြန်တင်လိုက်တာပါ.. အားပေးကြပါဦး.. 🙂
Mr. MarGa
April 7, 2014 at 6:15 pm
ဆိုင်ကယ်နောက်ကတော့ ကောင်းကောင်း ထိုင်လိုက်တတ်သားပဲ 🙂
ဖတ်ရင်းနဲ့
စကားပုံတချို့ကို တွေးမိသွားတယ်.. 🙂
လုံမလေးမွန်မွန်
April 8, 2014 at 9:28 am
ဆိုင်ကယ်နောက်က ပုံစံမျိုးစုံနဲ့ ထိုင်လိုက်တတ်တယ်..
မမောင်းသာ မမောင်းတတ်တာ..
ကေဇီ
April 8, 2014 at 8:49 am
မမဂျီးက ပုဂံသွားတိုင်း ဖျားတာ။
၈ တန်းလောက်တုန်းက အိမ်က မိသားစုနဲ့သွားတာ။
အပြန်ကျ သတိလစ်လောက်အောင်ကို နေမကောင်းဖြစ်လာတာ။
:hint:
နောက် တစ်ခေါက်က ပဉ္စမနှစ်။ ကျောင်းနဲ့သွားတာ။
အဲ ဒီ ခရီးစဉ် ပေါ့…………………………….
အင်းးးးးးး အဲ !!!
အပြန်ကျ နေမကောင်းတာလို့ :mrgreenn: ၊ စိတ်လှုပ်ရှားပြီးးးးး :mrgreenn:
ဗေဒင်ကတော့ ပုဂံရောက်တိုင်း နေမကောင်းဖြစ်မတဲ့။ ပုဂံဆက် ဆိုပဲ။
အာ့ကြောင့် ထမင်း အများကြီး စားမိလားမသိဘူးးးး
😀
ခု ကိုယ်တိုင် သွားလို့ မလွယ်သေးလို့ မွန့် ဆိုင်ကယ်နောက်ကပဲ လိုက်ပါရစေနော်၊။
:s:
လုံမလေးမွန်မွန်
April 8, 2014 at 9:29 am
ငှဲငှဲ.. ပဉ္စမနှစ် ကျောင်းနဲ့သွားတဲ့ ခရီးစဉ်မှာ ဘာတွေ စိတ်လှုပ်ရှားခဲ့ပါသလဲ မမဂျီး..
တီထုထုဘဲ…
surmi
April 8, 2014 at 9:45 am
နေဝင်နေထွက်တွေက ဘယ်ပေါ်ကရိုက်ထားတာလဲ
သဗ္ဗညု ဘုရားပေါ်ရောတက်လို့ရသေးလား
လုံမလေးမွန်မွန်
April 8, 2014 at 10:29 am
နေထွက် မရိုက်ခဲ့ဘူး အူးဆာ..
နေဝင်က ရွှေဆံတော်ဘုရား အပေါ်ဆုံးက ရိုက်ထားတာ .. သဗ္ဗညုက တက်လို့မရတော့ဘူး.. ရွှေဆံတော်က လူများတယ်.. ြပြဿာဒ်ကြိီးပေါ်ါ်ကလည်း sunset ကြည့်လို့ရတယ်..
surmi
April 8, 2014 at 11:20 am
ပြဿဒ်ကြီးဆိုတာ ပြဿဒါး ဘုရားကိုပြောတာလား
လုံမလေးမွန်မွန်
April 8, 2014 at 11:40 am
ဟုတ်တယ် အူးဆာ..
ပြဿဒါး .. ြပြဿဒါးကြီး.. ြြပြဿာဒ်ကြီး တူတူပဲ
alinsett (gazette)
April 8, 2014 at 3:31 pm
ပုဂံ ..
အရမ်း…သွားချင်တယ်…
လုံမလေးမွန်မွန်
April 9, 2014 at 12:31 pm
နာလည်း ပြန်သွားချင်တယ်.. 🙁
TNA
April 8, 2014 at 4:59 pm
ပိုစ့်တခုနဲ့တခုအရမ်းနီးနီးမတင်နဲ့လေလုံမရေ။ :p: ပုဂံကိုလွမ်းလိုက်ပါဘိ။ သွားချင်ဘာဘိ။ လုံမလိုသင်္ဘောကြီးနဲ့သွားချင်တာ။
လုံမလေးမွန်မွန်
April 9, 2014 at 12:32 pm
ရေးချိန် နဲ့ အာရုံရချိန် က ထပ်တူမကျတာနဲ့ပဲ ကြာနေတာ.. 🙂
အနော်လည်း ထပ်သွားချင်သေးတယ်.. သင်္ဘောကြီးလည်း ထပ်စီးချင်သေးတယ်.. အတူတူ စုငှားကြမလား.. ဒေါ်လှ 3000 ကျော်တည်းရယ်..