နှစ်ဘက်မြင်
– မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။
ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား ” ဖြေးဖြေးလုပ်…ဆားထည့်ဦး…
ဆီများသွားပြီ… မီးပြင်းပြန်ပြီ..ငါးကို
လှန်လိုက်…ဟော်…တူးပြန်ပြီ.
ဆရာလုပ်နေသည်။
“ရှင်တော်တော့…ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား”
“မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်… မောင် ကားမောင်းနေတဲ့ အချိန်မှာ
ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင်
တမင်ပြောနေတာပါ”
*သူ့နေရာမှာ ဝင်ခံစားကြည့်မယ်….သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင်
တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။*
– မတော်တဆ ယာဉ်တိုက်မှုတစ်ခုကြောင့် (၁၀)နှစ်သား ဂျပန်ကလေးငယ် တစ်ယောက်
ဘယ်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ တစ်နေ့သော် သူသည် ဆရာတစ်ဦးထံ ဂျုဒိုပညာကို
သင်ယူခဲ့သည်။ သူသည် ကြိုးစားစွာ သင်ယူခဲ့သော်လည်း သင်ယူကာလ (၆)လအတွင်း ဆရာသည်
သူ့အား တိုက်ခိုက်နည်း တစ်နည်းသာ သင်ပေး ခဲ့ပြီး ထိုနည်းကိုသာ ထပ်သလဲလဲ
လေ့ကျင့်စေခဲ့သည်။ ဆရာကို နောက်တစ်နည်း ထပ်သင်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆရာက
သူ့အတွက် ဤတစ်နည်းနှင့် လုံလောက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
ဆရာ၏ ဆိုလိုချက် အဓိပ္ပါယ်ကို သူ နားမလည်ခဲ့သော်လည်း မပြတ်လေ့ကျင့်ခဲ့သည်။
သို့နှင့် လအတန် ငယ်ကြာသောအခါ ဆရာက သူ့အား ပြိုင်ပွဲဝင်စေခဲ့သည်။ ပြိုင်ပွဲတွင်
ဆရာသင်ပေးသည့် နည်းကိုသာ ကျွမ်းကျွမ်းကျင်ကျင် ကစားရင်း တစ်ဖက်လူအား
အနိုင်ရခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်နိုင်ခဲ့သည်။
ပြိုက်ဖက်များ၏ အတိုက်အခိုက်ကြားတွင် သူအလူးအလှိမ့် ခံရသော်လည်း နောက် ဆုံးတွင်
ဆရာသင်ပေးသည့် တိုက်ခိုက်နည်းဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။
အိမ်အပြန်လမ်းတွင် သူသည် ဆရာအား နည်းတစ်နည်းဖြင့် အနိုင်ရခဲ့ရသည့်
အကြောင်းကို မေးလေသည်။ ဆရာက “အကြောင်းရင်းက နှစ်ခုရှိတယ်။ တစ်…
ဆရာသင်ပေးခဲ့တဲ့ နည်းက ဂျုဒိုမှာ အခက်ဆုံးနည်း၊ ဒါကို မင်းမပြတ်
လေ့ကျင့်ခဲ့တယ်။ နှစ်…. ဒီနည်းကို အနိုင်ရ တိုက်ခိုက်ဖို့အတွက် တစ်ဖက်လူမှာ
နည်းလမ်း တစ်လမ်းပဲရှိတယ်။ အဲဒါကတော့ မင်းရဲ့ ဘယ်လက်ကို သူအရ ဖမ်းဆွဲမိဖို့ပဲ”
သူ၏ အားနည်းချက် နေရာသည် သူ၏ အားသာရာ သော့ချက်ဖြစ်ခဲ့သည်။
လူတိုင်းတွင် အားနည်းချက် ကိုယ်စီရှိကြသည်။ သို့သော် ထိုအားနည်းချက်
နေရာတွင် ဘုရားသခင်က ကျွန်တော်တို့ ထင်မှတ်မထားသော အင်အားများကို
ဖြည့်စွက်ပေးထားသည်။ ဘုရားသခင်ပေးသည့် အရာများကို အကျိုးရှိစွာ
အသုံးချခြင်းဖြင့် ဤကလေးငယ်ကဲ့သို့ အားနည်းချက်များကို အကောင်းဆုံး အဖြစ်သို့
ပြောင်းလဲနိုင်မည်ဖြစ်သည်။
*ခရီး အရမ်းလောစရာ မလိုပါဘူး… ကိုယ့်အတွက် တွေးဆဖို့ တစ်ထောက်နား တဲ့
အခွင့်အရေး လေးပဲ လိုတယ်။
အလုပ် အရမ်းများစရာ မလိုပါဘူး…ကိုယ့်ကိုယ်ကို ဂရုစိုက်မယ့် သင့်လျော်တဲ့
အချိန်လေးပဲ လိုတယ်။
သူငယ်ချင်း အရမ်းပီသစရာ မလိုပါဘူး… နှစ်ဦးနှစ်ဖက် နားလည်တဲ့ ကူညီမှုပဲ
လိုတယ်။
စိုးရိမ်ကြောင့်ကြစိတ်တွေ လွန်ကဲစရာ မလိုပါဘူး…. သူ့ကိုယ်ပိုင်
ဆုံးဖြတ်ခွင့် နဲ့ လွတ်လပ်တဲ့ နေရာလေး ပေးလိုက်ဖိုု့ပဲ လိုတယ်။
စကား အများကြီး ပြောစရာမလိုပါဘူး…. နားထောင်သူကို တစ်ခါလောက်
သူ့ထင်မြင်ချက်လေး ပေးပြောဖို့ပဲ လိုတယ်။
နာမည် အရမ်းကြီးစရာ မလိုပါဘူး…. ကိုယ့်အတွက် ကျေနပ်နှစ်သိမ့်တဲ့ လွတ်လပ်မှု
တစ်ခု ချန်ထားဖို့ပဲ လိုတယ်။*