ရီးဇားဦးရယ်. . .ပင်လယ်ပြာရယ်. . .ဒီကောင်လေးရယ်. . .
ပင်လယ် နှင့် မိုး သို့. . .
_______
တစ်ခါက နေများ ညများသည် . . အရာရာမှုန်ဝါးဝါးဖြစ်သွားဖို့ရာကစောနေသေးသလားမသိ။
ပြီးပြီးပျောက်ပျောက်ဖြင့် သက်ရောက်မှုကင်းကင်း ခပ်ရှင်းရှင်းဖြစ်စေချင်သော်လည်း . . .
အခုတော့ . . .
အင်းလေ. . .
ဘယ်တတ်နိုင်မှာလဲ . . .
တဟဲဟဲ ရယ်ပြရုံကလွဲလို့. . .
************************************
အဲသည်အချိန်က ကျွန်တော် . . .17 နှစ် ။
ပထမဆုံးအကြိမ်အဖြစ် ရည်းစားတစ်ယောက်ထားဖို့ စိတ်ကူးယဉ်ပြီး မကြာခင် . . . မိန်းမလှလေးတစ်ယောက်နှင့် ဇာတ်လမ်းစဖြစ်ခဲ့သည် ။
ဆောင်းအကုန် နွေအကူး . . .ချမ်းဦးမှာလိုလို . . .
မချမ်းတော့ဘူးလိုလို ညများသည် မိုးဆိုသော ကောင်မလေးကြောင့် နွေးထွေးသွားသလိုပင် ။
အဲသည်တုန်းက . . . ကျွန်တော့်ရွာကလေးဆီမှာ . . .ဘုရားပွဲဆိုပြီး ဇာတ်တွေ ပွဲလမ်းသဘင်တွေ ချိမ့်ချိမ့်သဲသဲ ကျင်းပနေပြီ ။
ညနေဆို ပွဲဈေးတန်းလမ်းလျှောက်ဖို့ ့လူပျိုအပျိုတွေ ပြင်ဆင်ကြ ခြယ်သကြ ။
တစ်နေ့တာလုံး တောင်ယာလယ်လုပ် ပင်လယ်တံငါ သမားတွေရဲ့
ဘဝ အမောတွေ . . .
အဲဒီ ပွဲဈေးတန်းထဲ လမ်းလျှောက် ဟိုသည်ငေးလိုက်ရုံနဲ့ ပြေပျောက်သွားမလိုမျိုး. . . .
ကျွန်တော် နဲ့ သူငယ်ချင်းတစ်စုသည်လည်း
ပွဲဈေးတန်းဆီသွားပြီး ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ဖို့ ထွက်လာခဲ့ကြသည်။
အဲဒီနေ့ညချမ်းမှာ အဲဒီ ပွဲခင်းထဲ ရောက်ခဲ့ရသည့်အတွက်
အခုလို တစ်ဘဝလုံးစာအချိန်များထိ မှတ်မိနေမယ့် အဖြစ်အပျက်တွေ ဖြစ်ပျက်သွားခြင်းဖြစ်သည် ။
ကျွန်တော်တို့အဖွဲ့ရဲ့ ဘေးမှာ ကပ်ပါလာသော လူတစ်စုသည် . . .
ချစ်စရာကောင်းလှသော ကောင်မလေးငယ်ငယ်လေးများ
ဖြစ်နေကြောင်း သိလိုက်ရသည်နှင့်
ကျွန်တော်တို ့ စ ငမ်းပါသည် ။
အဲဒီကောင်မလေး သုံးယောက်ထဲမှာမှ ကျွန်တော့်အာရုံ
ကျွန်တော့် အကြည့်တို့ကို ဆွဲယူသိမ်းပိုက်သွားသူမှာ တစ်ယောက်ထဲသာ ရှိပါသည် ။
ကျန်သော နှစ်ယောက်ကို ကျွန်တော် စိတ်မဝင်စား ။
သူမ တစ်ယောက်ထဲကသာ ကျွန်တော့်အသည်းကို ဟပ်ထိုးလဲကျစေသည် ။
ကျွန်တော် ရင်တဒိုင်းဒိုင်းခုန်သည် ။
ခြေဖျားလက်ဖျားတွေအေးစက် မကြုံဖူးသော
အငွေ့ ့အသက်တချို့ ကျွန်တော့်ကို လွှမ်းအုပ်လိုက်ပြီ ထင်ပါရဲ ့။
သူ ့သူငယ်ချင်းမလေးများ၏ အခေါ်အရ . . .
မိုး ဆိုသော နာမည်လေးကို သိလိုက်ရသည်။
” မိုး ”
အင်း တကယ့် မိုး ပါပဲ ။
နွေအကူးမှာ အေးချမ်းသွားစေမယ့်နိမိတ်တွေနဲ့ ကျွန်တော့် နှလုံးသားပေါ် မိုးတွေရွာချသွားသလိုပဲ ။
ကျွန်တော် မိုးရာသီကို မကြိုက်ဘူး ။
ဒါပေမယ့် မမိုးကိုတော့ အသည်းခိုက်အောင်
ကြိုက်တယ်။
အဲဒီနောက်တော့ ကျွန်တော်ရဲ့ ခြေလှမ်းတွေက မိုး ဘေးမှာ ကပ်ပါလျက်သား ။
မိုးတို့သူငယ်ချင်းတစ်စု သွားရာနောက် လျှောက်လိုက်မိလျက်သား ။
ပွဲဈေးတန်းကြီးဟာ. . .
လူတွေအင်မတန်စည်ကား
ကျပ်ညပ်နေခဲ့ ။
ကျွန်တော် ရင်ထဲမှာလည်း ကြည်နူးနေတာတွေ ရင်ခုန်နေတာတွေ
အမျိုးအမည် မသတ်မှတ်နိုင်တဲ့ ခံစားချက်တွေနဲ့ ပြည့်ကျပ်နေခဲ့ . . .
မိုးတို့ အာပူလျှာပူဆိုင် ထိုင်ကြတော့ ကျွန်တော်တိုု့လည်း မတွန့်မဆုတ်သော သတ္တိတို့ဖြင့် လိုက်ထိုင်ကြသည် ။
သူငယ်ချင်းတွေက အလိုက်သိသည်။
စကားမရှိစကားရှာပြီး လမ်းကြောင်းတွေ
ထွင်ပေးသည် ။
တစ်ယောက်က မေးသည် ။
” ဟေ့ရောင် သူရ . . . မင်း ရာသီဥတုတွေထဲမှာ ဘယ်ရာသီကို အကြိုက်ဆုံးလဲကွ ”
အဲဒီစကားက . . .
ကျွန်တော့်အတွက် . . .
အချစ်ဇာတ်လမ်း ဇာတ်ကွက် ရှေ့တစ်ကွက်ရွေ့ သွားစေသည်မဟုတ်လား. . .
” မိုး ကို အကြိုက်ဆုံး ” ဟု အားရပါးရ ကျွန်တော် ဖြေပစ်လိုက်သည် ။
( တကယ့် မိုးရာသီကို . . .
ကျွန်တော် လုံးဝ မကြိုက် ။ ထီးကိုင်ရမှာလည်းမကြိုက်. . .မိုးကာခြုံရတာလည်း မကြိုက် ။ စိုစိုစိစိနေရထိုင်ရ သွားလာရတာလည်း
မကြိုက် . . .
ရွှံ ့တွေ ဗွက်တွေကို မြင်လည်း မမြင်ချင် ထိလည်းမထိချင် . . .
အဲဒါကြောင့် လယ်မလုပ်ပဲ တံငါအလုပ်ကို ရွေးပစ်ခဲ့တာ ။
လယ်ထဲမှာ ရွှံ့တွေနဲ့ . . .နပမ်းလုံးနေရမှာနဲ့စာရင် ပင်လယ်ပြင်ထဲမှာ ငါးတွေ လှေတွေ သဲသောင်တွေနဲ့ နေရတာ ပိုကောင်းမယ် ဟု ယူဆသည် ။
(တကယ်တော့ တံငါအလုပ်တွင်လည်း ကျွန်တော် မပျော်ပါ ။ )
မိုးကို အကြိုက်ဆုံးဟူသောစကားကို ကျွန်တော်က မိုးကြားလောက်အောင် ပြောလိုက်တော့
ဘေးမှာ ထိုင်နေသော မိုးက ကျွန်တော့်ကို မျက်စောင်းလေး ဝင့်ခနဲ လှည့်ထိုးသည် ။
မိုး၏ မျက်စောင်းကလေးသည် ကျွန်တော့် နှလုံးသားကို ငှက်မွေးကလေးဖြင့် တို့ထိပွတ်သပ်လိုက်သလို. . .
ကျွန်တော် ယားကျိကျိဖြစ်သွားသည် ။
ထို မျက်စောင်းကလေးကို ကျွန်တော် အမြဲသတိရနေတော့မည် ။
အဲဒီညက ပွဲခင်းထဲမှာ ဖျာချင်းဘေးကပ်လျက်ရအောင် လိုက်ထိုင်ရင်း ပြဇာတ်ကို မကြည့်ပဲ
မိုးကို ထိုင်ကြည့်ခဲ့သည် ။
မိုးက စကားနည်းသည် ။
သူ ့သူငယ်ချင်းမလေးများ ပွက်ပွက်ညံအောင် စကားတွေပြောနေသောလည်း
သူက နားထောင်တာ. . . များသည်။ ရယ်စရာကြားလျှင် ခပ်ပြုံးပြုံးလေးသာ ။
မိုး အရမ်း ရယ်ချင်သောအခါ ခေါင်းလေးမော့ပြီး ရယ်သည် ။ ရယ်သံလေးက တိုးတိုးငြင်ငြင်သာ. . .
မိုးးးး
အရမ်းလှသည် ။
ဖြူဖြူနုနု အသားလေးပေါ်က သနပ်ခါးပါးကွက်ကလေးနှင့် သိပ်လိုက်သည် ။
ရွှမ်းလဲ့စိုလက်နေသော မိုး၏ မျက်ဝန်းကလေးကို ပန်းချီကားတစ်ချပ်အဖြစ် ဆွဲရဦးမည် ။
မိုး၏ နှုတ်ခမ်း ဖူးဖူး ပန်းသွေးနီရဲကလေးကို တစ်ချက်ကြည့်မိတိုင်း . . .ကျွန်တော့်စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ် ဖြစ်သွားတတ်သည် ။
မိုး၏ ခါးနွဲ့နွဲ ့ထက်မှာ ဝဲနေသည့် ဖြောင့်စင်းအိစက်နေသော ဆံနွယ်လေးများကို လက်ကလေးနှင့်. . .အသာ သပ်ကြည့်ချင်သည် ။
ပွဲခင်းထဲမှာ အေးစက်စက်ညရဲ့ ငြိမ်းချမ်းလှပမှုကို
မိုးကို ထိုင်ကြည့်နေခြင်းအားဖြင့် ပိုင်ဆိုင်ပါသည်။
တခြားဘယ်ကိုမှ မကြည့်တော့ပဲ မိုးကိုသာ ထိုင်ကြည့်နေသော ကျွန်တော့်ကို မိုး ရိပ်မိပါသည် ။ တစ်ချက်တစ်ချက် မိုး မျက်လုံးလေး ထောင့်ကပ်ပြီး မသိမသာ ကျွန်တော့်ကို ခိုးကြည့်သည် ။
ကျွန်တော် မိုးကို ရီဝေဝေလေး ငေးကြည့်နေရတဲ့အဖြစ်ကလေးကိုတောင် လောကကို မေ့နိုင်ပြီး ကြည်နူးနေသည် ။
မိုးလင်းခါနီးတော့ မိုးတို့ ထ ပြန်ကြသည် ။
ပြန်တော့မည့် မိုးနောက်ကို ကျွန်တော် လိုက်ရမည့်တာဝန် ရှိပါသညါ ။
အဘယ်ကြောင့်ဆိုသော်. . .
မိုးနေထိုင်ရာ အိမ်ကလေးကို ကျွန်တော် သိရမှ ဖြစ်မည်လေ ။
မိုးက ပြန်ခါနီးလေးမှာ ကျွန်တော့်အသည်းကို ဆွဲယမ်းလှုပ်ခါနိုင်စွမ်းသော အမူအယာလေးတစ်ခု လုပ်ပြသွားသည် ။
ကျွန်တော့်ကို ဖျတ်ခနဲ လှည့်ကြည့် ကျွန်တော့်အကြည့်နဲ့အဆုံမှာ. . .
သူ ့ မျက်နှာလှလှလေးကို ချစ်စရာကောင်းလောက်အောင် ပြောင်ပြသွားသည် ။
နှာခေါင်းလေး ရှုံ ့ပြသွားသော . .
မိုး၏ ပြောင်ချော်ချော် ဟန်လေးကို ကြည့်ပြီး ကျွန်တော် ဟာခနဲ ဖြစ်သွားသည်။
‘ အသည်းယားတယ် ‘ဆိုသော စကားလုံးကို အဲသည်တစ်ခဏမှာ ပြောပြဖို့မလွယ်သောခံစားမှုဖြင့် နားလည်သွားသည် ။
သေချာပါသည် ။
မိုးကို ကျွန်တော် အိပ်မက်ထဲမှာတောင် ထည့်မက်ဖြစ်တော့မည် ။
အိပ်မက်ထဲမှာ . . . .
မိုးကို. . . .
ကျွန်တော် . . . .
ဖက်ထားပါမည် ။
ဘာစကားမှ ထူးထူးထွေထွေ ဆိုမနေပဲ. . .
ဖက်ထားရုံလေးနဲ့ ရင်ဘက်ချင်း. . .နီးသည်ထက်နီးသွားပါလိမ့်မည် ။
မိုး. . . .
ကျွန်တော့် လူငယ်နှလုံးသားကို
ရွှဲရွှဲစိုသွားအောင် . . . ရွာနိုင်စွမ်းသူ. . . .
##########################
ကျွန်တော့်ထက် တစ်နှစ်ကြီးသော
မိုးကို ကျွန်တော်က မမမိုးဟု ခေါ်ပြီး ကျွန်တော့်ကိုတော့ မမမိုးက
(ဝတ္ထုတွေရုပ်ရှင်တွေထဲက
အတိုင်း
ဖြစ်အောင် ကျွန်တော်က . ..အတင်းအကျပ်ခေါ်ခိုင်း၍)
မောင် ဟု ခေါ်ပါသည် ။
မိုး ၏ မောင် ခေါ်သံတစ်ချက်ကြားတိုင်း ကျွန်တော့်ရင်တို့ ငြိမ့်ငြိမ့်ကလေးရိုက်ခတ်သော လှိုင်းလေတို့ တိုးဝင်သလိုလို. . .
မိုး ရဲ့ အကြည့်တစ်ချက် အကြည့်ခံရတိုင်း ကျွန်တော် ဆုတစ်ဆု ရသလို ခံစားရသည်။
မိုး ကျွန်တော့်ကို ပြန်ချစ်နိုင်ခဲ့သည် ။
ကျွန်တော့် ချစ်ခင်မှုကို မိုး လက်ခံခဲ့သည်။
ကျွန်တော် နှင့်မိုး ပျော်ရွှင်စရာ အလွန်ကောင်းသော နေ့ရက်များထဲမှာ
နှစ်ယောက်သား နွေးထွေးစွာ. . .
ထို့အပြင် နီးကပ်စွာ. . .
ထို့အပြင် ရင်ခုန်စွာ . . .
မိုးနှင့် ကျွန်တော် နေထိုင်မှုသည် ဟိုဘက်ရွာနှင့် ဒီဘက်ရွာ ဖြစ်သည် ။
ညနေဆိုလျှင် မိုးနေထိုင်ရာ မကျည်းတောရွာကလေးဘက် ကျွန်တော် စက်ဘီးကလေးနင်းပြီး ထွက်ခဲ့သည် ။
မိုးကို ကျွန်တော့်စက်ဘီးပေါ်တင်ပြီး သယ်ဆောင်သွားရသော ခံစားမှုကို ကျွန်တော် ကြိုက်သည် ။
မိုးက ကျွန်တော့် ခါးကို ဖွဖွကလေးဖက်ထားပြီး ကျွန်တော့် ကျောပြင်ပေါ်
သူ ့ပါးကလေး
ထိကာ ကပ်ကာဖြင့် တိတ်တိတ်ဆိတ်ဆိတ် လိုက်လာပါသည်။
ကျွန်တော်တို့ . . .
ညနေ နေဝင်ခြင်းကို ပင်လယ်ကမ်းစပ်ဘက် ထွက်ကြည့်ကြပါသည် ။
ပင်လယ်သည် ညနေခင်းတော်တော်များများမှာ လှိုင်းလေတို့ ပြင်းထန်၍ ဆူညံနေတတ်သည်။
ညနေစောင်းချိန်ဆိုလျှင်
လေ ထန်သည်။ အနောက်တောင်ဘက်မှ တိုက်သောလေ တမျိုးဆန်း၍ လှိုင်းတို့ကြမ်းရသည်။
ထိုညနေစောင်းချိန်မှာ တိုက်သော လေကို ကျွန်တော်တို့ ကျွန်းကလေးပေါ်မှ ဒေသခံတို ့က “ မုဆိုးမလေ ´´ ဟု ခေါ်ဝေါ်ကြသည် ။
အဲဒီအချိန် ထိ ပင်လယ်ထဲ
ထွက် ရှိနေလျှင်
ထို တံငါယောကျာ်း၏ ဇနီးမယားမှာ မုဆိုးမ ဖြစ်နိုင်ချေများသည် ။
လှိုင်းလေ ထန်သော ပင်လယ်ကြီးသည် ထိုအချိန်မှာ လုံးဝ မငြိမ်သက်ပဲ ရမ်းခါလှုပ်ရှားနေလေ့ရှိသည် ။
များသောအားဖြင့်တော့ ထိုလေတိုက်လာချိန်မျိုးတွင် ဘယ်တံငါသည်မှ ပင်လယ်ထဲမထွက်တော့ပါ။
ကမ်းစပ်သဲသောင်ပြင်
တလျှောက် လမ်းလျှောက်ရတာတော့ တော်တော်ကောင်းသည် ။
လေတဟူးဟူးဖြင့် အေးမြ ကြည်နူး. . .
စင်ရော်တွေ ဟိုမှာ ဒီမှာ အုပ်လိုက် အုပ်လိုက်. . .
နေလုံးကြီးက နီဝင်းဝင်း အရောင်အဆင်းဖြင့် အနောက်ဘက် ပင်လယ်ထဲ ထိုးဆင်းတော့မလိုမျိုး. . .
လှိုင်းချိုးချသံ ဝုန်းခနဲဝုန်းခနဲက အကြားအာရုံကို ရသခံစားမှုတစ်ခုခုပေးသည် ။
ဖိနပ်မပါပဲ. . .
သဲပြင်စိုစိစိပေါ် လမ်းလျှောက်ရသော
ခြေဖဝါးမှ အထိအတွေ ့. . .
မိုးရဲ့ လက်ကလေးကို ကိုင်ပြီး ပင်လယ်ကြီးနှင့် မိုးကို တပြိုင်တည်းကြည့်ငေးရသော အထိအတွေ ့. . .
ပင်လယ်လေ သန့်သန့်ထဲမှာ မိုးရဲ့ ဆံနွယ် တွေဆီက ရနေတဲ့ ခေါင်းလျှော်ရည်နံ့ မွေးမွေးကလေး. . .
ကျွန်တော့်အတွက်တော့ အဲသည် ညနေခင်းများသည် နတ်သားတပါးရဲ့ ချမ်းသာမှုလို ကျေနပ်ရသည် ။
ကျွန်တော်နှင့် မိုး ပင်လယ်ထင်းရှူးပင်ကြီးတွေအောက်မှာ ထိုင်ကြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် မထိတထိ စကြသည်။
မိုးကို . . . .
ရင်ဘက်ချင်း တင်းကျပ်အောင် ဖက်ထားပြီး ပင်လယ်ကြီးကို ကြည့်
ပင်လယ်လေတဟူးဟူးကို ခံယူရခြင်းသည်
ဘယ်တော့မှ မမေ့နိုင်စရာ အဖြစ်အပျက်ဖြစ်သည် ။
နေလုံးနီနီကြီး. . . အနောက်ဘက် ပင်လယ်ရေပြင်နှင့် ထိကပ်တော့မည့်အချိန်တွင် မိုးနှင့်ကျွန်တော် သဲပြင်ပေါ်က လူးလဲထပြီး မပြန်ချင့်ပြန်ချင်ဖြင့် ပြန်ကြရသည်။
ဖြစ်နိုင်လျှင် ဤသဲသောင်ကမ်းစပ်မှာ တစ်ညလုံး နေချင်သည် ။
အိမ်အပြန်လမ်းတလျှောက် ကမ်းစပ်သဲသောင်ပေါ်မှ
ခရုခွံ လှလှလေးများ. . . အလုအယက်ကောက်ကြသည်။
မိုးနှင့်အတူလုကောက်ခဲ့သော ခရုခွံလှလှလေးများသည်
( ကျွန်တော့်မေမေ အတင်းအကျပ် လွှင့်ပစ် မခိုင်းခင် အချိန်ထိ ) ကျွန်တော့်ဆီမှာ အမြတ်တနိုး ရှိခဲ့သည် ။
မိုးနှင့် ကျွန်တော် . . . .ပင်လယ်ရေ ကမ်းစပ်တလျှောက် တွင်းကလေးများ၏ အဝမှာ ပြူတစ်တစ် လုပ်နေကြသော ဂဏန်း နီရဲရဲလေးများ ကို အပြေးအလွှားလိုက်ဖမ်းကြသည်
သို့သော်
( ဗလိ ဟု ကျွန်တော်တို့ ကျွန်း အခေါ် ) ထိုဂဏန်းနီရဲရဲလေးများ တစ်ကောင်ကိုမျှ ဖမ်းမမိခဲ့ပါ။
လူရိပ်လူချည် ကို
ရိပ်ခနဲ တွေ ့လိုက်သည်နှင့် လှစ်ခနဲ တွင်းထဲ ဝင်ပြေးတတ်သော
ထို ဂဏန်းကောင်လေးများကို လိုက်ဖမ်းရခြင်းသည် မောလည်းမော
ပျော်စရာလည်း ကောင်းသည် ။
ရေကျချိန်ဆိုလျှင် သောင်ခုံကြီးတွေ ထွန်းနေတတ်သောကြောင့် ကမ်းစပ်နှင့် ဝေးဝေးမှ ထိုသောင်ခုံများဆီ လက်တွဲပြီး လမ်းလျှောက်သည် ။
ထိုသဲသောင်များပေါ်မှာ
အုပ်စုလိုက် နားနေတတ်သော စင်ရော်ငှက်ကလေးများကို ငေးကြည့်ရခြင်းသည်လည်း ပျော်စရာ. . .
ဟိုဘက်ဆီမှာ ကမ်းမမြင်ရသော ဤပင်လယ်ပြင်ကြီး၏ ကမ်းစပ်တစ်နေရာမှာ
ကျွန်တော် ချစ်သော မိုးနှင့် အတူ ရပ်လျက်တည်ရှိရသောကြောင့်
ကျွန်တော် ကျေနပ်ပါသည် ။
ဤ ပင်လယ်ကြီးသည်
မိုးကို ကျွန်တော် ဘယ်လောက်ထိ တပ်မက်တွယ်တာသလဲဆိုသောမေးခွန်းကို ဖြေဖို ့ အထောက်အကူရပါသည်။
မိုးကို . . .
ပင်လယ်ကြီးလောက် . . .
ကျွန်တော် ချစ်သည် ။
——————
တကယ်တော့ အတိတ်မှ ဖြစ်ပျက်ခဲ့သမျှသည် အရိပ်များအဖြစ် လိုက်လာနေသည် ။
တချို ့ အရိပ်များက
မေ့မရသော အရိပ်များ
တချို့ကတော့
မနေ့အပ်သော အရိပ်များ
တချို့မှာ မေ့လိုက်သင့်သော အရိပ်များ
တချို့မှာ မေ့သင့် မေ့ချင်သော်လည်း မေ့မရနိုင်သော အရိပ်များ ဖြစ်သည် ။
မိုးသည် ကျွန်တော်၏
မေ့သင့်၍ မေ့မရသော အရိပ်တစ်ခု ဖြစ်သည် ။
ကျွန်တော့်အတွက် ရည်ရွယ်ထားသည့် မိန်းကလေးတစ်ယောက်သည် မိုး ဖြစ်လိုက်လျှင် ဘယ်လောက် ကောင်းလိုက်မလဲ ။
(အခုတော့ ဘယ်မိန်းကလေးနဲ့မှ လက်မထပ်ဖြစ်ခဲ့သေး)
မိုးကိုသာ ကျွန်တော့်မေမေတို့ သဘောကျနှစ်သက်ပြီး သဘောတူကြည်ဖြူခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မလဲ။
ကျွန်တော်သာ မိဘစကားကို မြေဝယ်မကျ နားထောင်ပြီး မလွဲမသွေ လိုက်နာတတ်သော သားတစ်ယောက် မဟုတ်ခဲ့လျှင် မိုးနှင့် ကျွန်တော်
ချစ်တိုင်းညားနိုင်ပါလိမ့်မည် ။
အဲသည်တုန်းက . . .
ကျွန်တော်ကလည်း သားလိမ္မာဆန်လွန်း . . .
ကျွန်တော့်မိဘတွေကလည်း မိဘဆန်လွန်း. . . .
အစွန်းတွေ အစွန်းတွေ. . .
အစွန်းများနှင့်မလွတ်လေလေ ကျွန်တော် ပိုဝေဝါး ခံစားရလေ ဖြစ်နေသည် ။
အချစ်ကို အဲသည်တုန်းက ကျွန်တော် သေချာမသိခဲ့။
ဒါပေမယ့် အဲသည်တုန်းက မိုးကို ကျွန်တော် လိုအပ်ပါသည် ။
တခြားမိန်းကလေးများနှင့် အနည်းငယ် ခြားနားသော သဘာဝဖြင့် မိုး နေသည် ။
အဲသည်တုန်းက . . .
မိုးသည် ကျွန်တော် ကြိုက်သော မိန်းမတစ်ယောက်ဖြစ်သည်မှာ သေချာခဲ့သည် ။
အဲသည်တုန်းကပေါ့. . .
____________
အလင်းဆက်(Gazette)
18 . 9 . 2010 / 22 : 30
( ရေးထားတာ ကြာပြီဖြစ်တဲ့ စာမူဟောင်းလေးတစ်ပုဒ်ပါ။ )
18 comments
ကေဇီ
May 2, 2014 at 3:31 pm
ဟယ်။
အချစ်ဦးတွေအကြောင်း အပြိုင်ရေးနေကြပြီ။
သများလည်း ရေးချင်တယ်။ :mrgreenn:
.
.
.
.
.
.
.
.
အယ်။
နာ့ အချစ်ဦးက ဘယ်ဒူပါလိမ့်?? 🙄
sorrow
May 2, 2014 at 3:36 pm
မမ အချစ်ဦး လား ..ဟိုမင်းသားအခြောက်…အဟိဟိ
alinsett (gazette)
May 2, 2014 at 3:42 pm
အိုက်မင်းတားကို
အခြောက်လို့ မပြောပါနဲ့ဂျာ
တူလေးဂ
ရေပက်ရင်တော့ စိုဦးမယ်ထင်ပါတယ်
အဟိ အဟိ
sorrow
May 2, 2014 at 3:46 pm
အချစ်ဦးများတော့ ပြောမပြောချင်ဘူး …ကလေးနှစ်ယောက်အမေ …မေးနှစ်ထပ်နဲ့ ဘုတ်ထိုင်းကြီးဖြစ်နေလဲ ..ဖေ့ဘွတ်မှာ သူ့ပါးချိုင့်လေးမြင်လိုက်တိုင်း…ခုချိန်ထိ ရင်ဘတ်ထဲ ဖိုးသိုးဖတ်သတ်ဖြစ်ရတုန်း ….အိုဘယ့် ဝဋ်ကြွေး ….
Ma Ma
May 2, 2014 at 6:26 pm
အဲလိုနဲ့ပဲ မာမီမိုးနဲ့ ထပ်ဆုံရတာ ထင်တယ်။
alinsett (gazette)
May 3, 2014 at 6:31 am
တိန်
kyeemite
May 3, 2014 at 9:07 am
♪ ♬ ♭ ♮ ♯ ♪ ♫ မိုးကို….ချစ်လိုက်တာလေ♪ ♬ ♭ ♮ ♯ ♪ ♫
♪ ♬ ♭ ♮ ♯ ♪ ♫ ဒီ မိုးကို သိပ်ချစ်တယ်လေ….♪ ♬ ♭ ♮ ♯ ♪ ♫ မိုး ကိုချစ်လိုက်တာလေ♪ ♬ ♭ ♮ ♯ ♪ ♫
ဒညင်းဝက်ကိုယ်စား…သီဆိုသွားသည်။ 😀
alinsett (gazette)
May 3, 2014 at 10:07 am
ဇာတ်ဝင်တေးတော့ ရပြီ
အဟိ
🙂
လုံမလေးမွန်မွန်
May 3, 2014 at 9:20 am
နာကတော့ အဲ့သောင်ပြင်အကြောင်းဖတ်နေတုန်း.. စိတ်ကူးတွေယဉ်မိသွားတယ်.. အဟိဟိ..
alinsett (gazette)
May 3, 2014 at 10:05 am
ရလဲ့
TNA
May 3, 2014 at 2:25 pm
အောင်မယ်လေး ဘာဒဲ့ ရီးစားဦးကို မြေးဦးရတာတောင်မမေ့ဘူးဆိုလားဘာလား။ ၁ရ နှစ်မှာ မိုုးနဲ့သဘောမတူဘူးဆိုတာ မိတွေရဲ့အစွန်းရောက်စိတ်မဟုတ်ပါဘူးဟယ်။ သဘာဝပါ။ ၁ရ နှစ်မှာ အိမ်ထောင်ပြုရင်ဘာလုပ်ကြမတုန်း။ လွယ်တယ်များမှတ်လို့။
alinsett (gazette)
May 4, 2014 at 7:32 am
ဟုတ်ပါ့
အဲ့ဒီတုန်းကတော့ဖြင့်
🙂
lu lu
May 3, 2014 at 6:55 pm
အဲ့တုန်းကသာခွဲရမယ်ဆိုတာသိခဲ့ရင် ချစ်သူလက်
ဆွဲပြီးပင် လယ် ကြီးထဲ ဒိုင် ဗင် ပစ်ဝင် ခဲ့ရမှာ အိမ်
ရောက်မှ အ ဘောမတူ ဘူး ဆိုကိုသိခဲ့ ရ တော့
( နာသာဆိုရင် ပေါ့ )
ရီးစားဦးဆိုတာ ချစ်တတ် လွမ်းတတ်အောင် သင် ပေး
ခဲ့တဲ့ လက်ဦးဆရာ
အဟဲဟဲ . . .
alinsett (gazette)
May 4, 2014 at 7:34 am
ချစ်တတ် လွမ်းတတ်အောင် သင်ပေးတဲ့ လက်ဦးဆရာ ဆိုပါလား
အသုံးအနှုံးလေးကိုတော့ ကြိုက်သွားပြီဗျာ
awra-cho
May 15, 2014 at 1:41 pm
အော်..မိုး..မိုး..
အားပေးသွားပါကြောင်း…
alinsett (gazette)
May 15, 2014 at 4:28 pm
ကျနော့် ဘဝ တစိတ်တခြမ်းလေးကို
ဖတ်ရှုခံစားပေးသွားတဲ့ အတွက်
ကျေးဇူးပါဗျို့
naywoon ni
May 16, 2014 at 2:09 am
ကိုကိုခ အားကျလို့ ခေါင်းစီ မှားဖတ်မိပြန်ပြီကွယ် ….. ရည်းစားအူးရယ် ပငလယ်ဓပြရယ် ဆိုတော့ ဘာပါလိမ့်ဆိုပီးဝင်လာတာ အဟီး ပြန်တော့မယ် လိုင်းလေး ကောင်းတုန်း ရွာလယ် လိုက်အူးမှ
ကောင်လေး နာ့ အမေ ပေးထားတဲ့ နာမယ်မှာလဲ ” မိုး ” ပါသဗျ
alinsett (gazette)
May 16, 2014 at 7:32 am
အဟိ ပင်လယ်ဓမြရယ်. . .တဲ့
အဘနီ နာမည်မှာ မိုး ပါတာလား
🙂