Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတောင်းစား

etoneMay 6, 20141min99618

သူတောင်းစားဟုဆိုလျှင် တောင်းစားသူများကို မြင်ယောင်တတ်ကြပါတယ် ။ သို့သော်လည်း တောင်းစားသူတိုင်းက သူတောင်းစား မဟုတ်ကြပြန်ပါဘူး ။ တောင်းစားသူ အမျိုးစား များစွာရှိသော်လည်း သူတောင်းစားအမျိုးစားတော့ နှစ်မျိုး နှစ်စားပဲ ရှိပါတယ် ။ လိမ်တောင်းစားတဲ့ သူတောင်းစားနှင့် ၊ တကယ်တောင်းစားတဲ့ အမျိုးစားပါ ။ ဘယ်လို သူတောင်းစားအမျိုးစားပဲဖြစ်ပါစေ လာတောင်းလျှင် မပေးဖြစ်တာများပါတယ် ။ လက်ခြေ အကောင်းကြီး ရှိပါလျှက် တကယ့် သူတောင်းစား ဖြစ်နေသူများကို လက်ကြောမတင်းသူဟု ယူဆပြီး စေတနာမထားနိုင်ခဲ့ပါဘူး ။ မျက်မမြင် ၊ ဒုက္ခိတလို ဆင်ယင်ပြီး လိမ်လည်တောင်းနေသူများလည်းရှိတာကြောင့် သူတောင်းစား အမျိုးစားဆိုလျှင် စေတနာ မထားတတ်တာက များပါတယ် ။
%%%%%%%%%%%%%%%%%%%%
အချိန်က ညနေ ၆ နာရီကျော် ……. ဘုရင့်နောင် ဂုံးကျော်တံတား ဆောက်လုပ်ဆဲ ကာလမို့ ၊ လမ်းအတော်ကြပ်လှပါတယ် ။ သူ့ထက်ငါ အပြိုင်ဆိုင်လုပြီး ယာဉ်ကြောပြောင်းပြန်မောင်းတဲ့ ကားတွေ ၊ စည်းကမ်းမရှိ အတင်းကာရော မောင်းခဲ့တဲ့ ကွန်တင်နာ ကားတွေကြောင့် ဘုရင့်နောင် လမ်းမကြီး ပိတ်ခဲ့တယ် ။ ဒါတင်မက သီရိမင်္ဂလာဈေးသစ်လောက်ကစပြီး လှိုင်သာယာစက်မှု ဇုံ (၁)လောက်ထိ ကားတွေ ကြပ်ပိတ်ခဲနေခဲ့တယ် ။ကျွန်မ ငှားလာတဲ့ taxiလည်း ရှေ ့တိုးမရ ၊ နောက်ဆုတ်မရ အနေထားကြောင့် ကားဘီးလှိမ့်ရုံသာ မောင်းနေရာကနေ ၊ ဘုရင့်နောင် မီးပွိုင့်မရောက်ခင်ပဲ တုတ်တုတ်မျှ လှုပ်မရအောင်ရွှေ့မရအောင်ပဲ ကားလမ်းတွေ ပိတ်သွားခဲ့တယ် … ။ တဂွီဂွီမြည်နေတဲ့ ဗိုက်ထဲက အသံနှင့် မောပမ်းနေတဲ့ စိတ်အစုံက အိမ်စောပြန်ရောက်ချင်စိတ်ကိုပဲ ဖြစ်စေတာကြောင့် …… စိတ်လျော့ပြီး ကားမှန်ကိုမှီလို့ မှိန်းနေခဲ့တော့တယ် ။
%%%%%%%%%%%%%%%%%%%%
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိ… ပါးနှင့် ကပ်ပြီး မှီထားတဲ့ ကားမှန်ကို တစ်စုံတစ်ယောက်က ဂျစ်ဂျစ်ခေါက်လိုက်တာကြောင့် လန့်နိုးသွားခဲ့ရတယ် ။ ပတ်ဝန်းကျင်ကိုကြည့်တော့ တစ်ယောက်ယောက် ကား မှန်အပြင်မှာ လာရပ်နေတဲ့ အရိပ်ကိုတွေ့တယ် …. ။အဲ့ဒီအချိန် အမှောင်ကလည်း ကြီးစိုးနေတယ် ။ ဘေးမှာတော့ အစီရီ ရပ်ထားဆဲကားတွေကိုမြင်ရသေးတာကြောင့် အခုထိ ကားပိတ်နေတုန်းလို့ပဲ နားလည်လိုက်မိတယ် ။
ရပ်ထားတဲ့ ကားတွေဆီမှ မှိန်ပြပြမီးယောင်တွေကြောင့် ကားမှန်လာခေါက်သူကို မထင်မရှားတွေ့လိုက်ရတော့ ကြက်သီးမွှေးညှင်းထသွားခဲ့ရတယ် ။ ဆံပင်က ဖွာလန်ကြဲ ၊ သပိတ်ရောင် အသားရည် နှင့် ဒုက္ခိတတစ်ဦးပေါ့ ။ လက်တစ်ဖက်ကလည်း လက်မောင်းရင်းက ပြတ်နေတဲ့အပြင် ကျန်တဲ့တဖက်က ဂျိုင်းထောက်ကို အား ပြုပြီး ပိုက်ဆံ လာတောင်းတာ မြင်လိုက်ရတယ် ။ အိမ်ပြန်ချင်စိတ်ကို မြိုသိပ်ပြီး အိပ်နေတာကို လာနှိုးတာ သူတောင်းစားမှန်းလည်းသိရော အရမ်းပဲ စိတ်တိုသွားမိတယ် ။ ဒါကြောင့်ပဲ အလိုက်ကန်းဆိုးမသိပဲ လာနှိုးတဲ့သူ့ကို ဒေါသတကြီး ဝေးဝေးသွားဖို့ အော်ထုတ်ပစ်ခဲ့တယ် ။ ခြေတဖက် ၊ လက်တဖက် မရှိပဲ ကားကြိုကားကြားဝင် တောင်းစားနေတဲ့ သူ့ကိုလည်း သနားစရာကောင်းတယ်လို့ မမြင်ပဲ ပိုက်ဆံရဖို့ဆို ကားတိုက်မှာမကြောက်ပဲ လုပ်စားရဲတယ်လို မှတ်ချက်ချခဲ့တယ် ။ ကျွန်မဆီက တောင်းလို့မရမှန်းသိတဲ့အခါ တခြား ကားတွေဆီ ကူးသွားတယ် ။ ပေးတဲ့ကားကလည်း ပေးသလို ၊ မပေးတဲ့ကားတွေလည်း ရှိတယ် ။ သူတောင်းစားဆိုတာ လေပဲရင်းစားတာ ရရ မရရ ၊ အလုံးရင်းမလျော့ဘူးလို့ တွေးပြီး ရက်တွေကြာလာတော့ အဲ့ဒီနေ့က အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပြီ ။ နောက်ရက်တွေမှာလည်း ကားပိတ်တာ ၊ လမ်းကြပ်တာတွေရှိနေတုန်းပေမယ့် … သူတောင်းစားနဲ့ပတ်သတ်တဲ့ အာရုံကတော့ စိတ်ထဲ စွဲမနေခဲ့ဘူး …. ။
%%%%%%%%%%%%%%%%%%%%
တနင်္ဂနွေနေ ့ဖြစ်တာက တကြောင်း နေ့လည်ခင်းချိန် ဖြစ်တာက တကြောင်း ၊ ခါတိုင်းရက်တွေထက် ဒီနေ့တော့ ၊ ဘုရင့်နောင် လမ်းဆုံမှာ ကားလမ်းတွေ ချောင်နေခဲ့တယ် ။ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ မီးစိမ်းလေးက ချက်ချင်း ဝါတော့မယောင် ခြိမ်းခြောက်နေတာကြောင့် taxi မောင်းသူ့ကို ဒီပွိုင့်လွတ်အောင်မောင်းလို့ ပြောခဲ့မိတယ် ။ အဖြစ်ပျက်တွေက အရမ်းမြန်ဆန်လွန်းပါတယ် …. ပွိုင့်လွတ်ဖို ့ ကိုက် 30လောက်ပဲ အလိုမှာ ကားရှေ့ကို လူတယောက် ဗြုန်းဆို ပြေးဝင်လာတာကြောင့် မနည်းဘရိတ်ဖမ်းလိုက်ရတယ် ။ လူကို မတိုက်မိပေမယ့် မှိတ်တုတ်မှိတ်တုတ် စိမ်းနေရာက ….မီးဝါ… မီးဝါကနေ မီးနီပြောင်းသွားခဲ့ပါပြီ …. ။ ရင်တွေတဆတ်ဆတ်တုန်ပြီး လက်ဖျားခြေဖျားတွေ အေးတဲ့အထိ ထိတ်လန့်သွားမိခဲ့တာကြောင့် ၊ ခဏတာ မှင်သက်သွားခဲ့ပါတယ် ။ သတိပြန်ဝင်လာချိန်တော့ ကားရှေ့ကို မဆင်မခြင် မောင်းတဲ့ လူကို ကျိန်ဆဲပြီး လှမ်းကြည့်တဲ့အခါ စပ်ဖြီးဖြီးနဲ့ ထလာတာက ဒုက္ခိတ သူတောင်းစား … ။ ဒီတခါ ထပ်တွေ့မှ ပထမနေ့က တွေ့ခဲ့တဲ့ အဖြစ်ပျက်ကိုပါ သတိရပြီး နှစ်ထပ်ကွမ်းဒေါသထွက်ရပြန်ပါတော့တယ် ။ဒေါသတို့ ရှူးရှူးရှဲရှဲ အစပျိူးစဉ်မှာပဲ မီးပွိုင့်စိမ်းလို ကားက အရှိန်နဲ့ မောင်းထွက်ခဲ့တယ် ။ ဒုက္ခိတကတော့ အသက်အန္တရာယ်နှင့်ကြုံခဲ့မှန်းတောင် သတိမရသလိုပါပဲ ။ ကားပေါ်က ပစ်ချလာပေးတဲ့ပိုက်ဆံကိုပဲ ကောက်ရင်း ကားကြိုကားကြား ဝင်ရောက်ပျောက်ကွယ်သွားတော့တယ် ။
ကျွန်မကသာ ဒေါသတွေ ထွက်လို့ မပေါက်သေးတဲ့ ယမ်းပုံကြီးလို …. ကားမောင်းသူကတော့ သာသာယာယာပဲ ….. သူမောင်းနေတဲ့ လမ်းပေါ်လူပြေးဝင်လာတာတောင် ဒေါသမထွက်တဲ့သူ ကို အထူးဆန်းပါလားလို့ တွေးနေတုန်းမှာပဲ … Taxi သမားကပြောပြလို့ ဒုက္ခိတ သူတောင်းစားရဲ ့အကြောင်းကို တစွန်တဖျား သိခဲ့ရတာကြောင့် အံ့ဩခဲ့ရပါတယ် ။
%%%%%%%%%%%%%%%%%%%%
ဒုက္ခိတ သူတောင်းစားတယောက်ဖြစ်ပြီး လမ်းပေါ်တောင်းနေတာက အံ့ဩစရာမကောင်းပါဘူး ။ တကယ်အံ့ဩစရာကောင်းတာက သူတောင်းစားနေရတဲ့အကြောင်းပါ ။ သူတောင်းစားမို့လို့တောင်းစားရတာ အထူးဆန်းမဟုတ်ပေမယ့်… တောင်းစားနေရလို့ သူတောင်းစားဖြစ်ရတာကသာ စိတ်ဝင်စားစရာပါ …
ဒီဒုက္ခိတသူတောင်းစားက ဘုန်းကြီးကျောင်းက ကပ္ပိယတစ်ယောက်လို့လည်း သိရပြီး ၊ ဘုရင့်နောင် မီးပွိုင့်မှာ ပွိုင့်မိတဲ့ ကြားကြိုကားကြားတွေကြား လှုပ်ရှားရင်း လိုက်တောင်းနေတာလို့လည်း သိခဲ့ရပါတယ် ။ တောင်းလို့ရသမျှကိုတော့ ဘုရင့်နောင် မီးပွိုင့်အနီးမှာရှိတဲ့ ရန်ကင်း စေတီကိုအကုန်ပြန်လှူတာလို့လည်း သိရပါတယ် ။
ဒီအကြောင်းကို သိတဲ့ ကား သမားတွေကတော့ လမ်းကြုံတိုင်းပေးလေ့ရှိပါသတဲ့ ။ တောင်းစားလို့ရတဲ့ ပိုက်ဆံနှင့် လှူပြီးရတဲ့ အကျိုးအပြစ်ကိုတော့မသိပေမယ့် ဘုန်းကြီးကျောင်းမှာ အချောင်တက်စားနေရတာကို အားနာလို့ တတ်စွမ်းသလောက်ပြန်အကျိုးပြုချင်တဲ့ စိတ်မျိုးကိုတော့ ချီးကျူးမိပါတော့တယ် ….. ။ ဒုက္ခိတဖြစ်လို့ ရှာဖွေ မစာသောက်နိုင်တဲ့အခါ ဘုန်းကြီးကျောင်းဝေယျာဝစ္စလုပ်ရင်း …… ယဉ်ယဉ်ကျေးကျေး သုံးနှုံးရလျှင် အလှူခံစားတယ် ပြောရမလားပဲ 😛
%%%%%%%%%%%%%%%%%%%%
မီးပွိုင့်လည်းစိမ်းပြီး တရှိန်ထိုးမောင်းထွက်လာသည့်တိုင်အောင် … ဒုက္ခိတ သူတောင်းစားနဲ့ ပတ်သတ်တဲ့အတွေးတို့က ခေါင်းထဲစွဲကျန်လို့သာ နေပါတော့တယ် ။

18 comments

  • ဝင့်ပြုံးမြင့်

    May 7, 2014 at 1:25 am

    တုန်ကလေးကို မတွေ့တာတောင် အတော်ကြာပြီ။ ရွာအပြန် ကြိုဆိုပါတယ်။ နေကောင်းရဲ့လား တုန်တုန်ရေ။

  • Iris

    May 7, 2014 at 7:08 am

    ဖိုက်​တာ တုန်​တုန်​ ပြန်​လာပြီ။ ကဘုန်​း​ကျော်​လည်​း ပြန်​လာမလားမသိ 😀
    ပွင်​့လင်​းတဲ့ အမြင်​​တွေ ဖတ်​ရတာ ကြိုက်​တယ်​။ လက်​ခံမှု လက်​မခံမှု ဆိုတာ စာဖတ်​သူရဲ့ လွတ်​လပ်​ခွင်​့ပါ။ ကိုယ်​့အမြင်​ကို လွတ်​လွပ်​လပ်​လပ်​​ပြောရဲ တဲ့ အိတုန်​. ကဘုန်​​း​​ကျော်​တို့ရဲ့စာ​တွေ ဖတ်​ချင်​ပါ​သေးတယ်​။ ကဘုန်​း​ကျော်​နဲ့ တွဲမြင်​လို့ တစ်​မျိုးမထင်​နဲ့​နော်​။ နှစ်​​ယောက်​လုံးက ပွင်​့လင်​းတဲ့သူ​တွေမို့။

  • ကေဇီ

    May 7, 2014 at 8:13 am

    ချစ်သောတုန်။

    ရေးတတ်လိုက်တာ…..

    အမလေ တစ်ခါတစ်လေတော့လည်း တွေးမိတာက ….
    သူတို့လည်း ဘယ် တောင်းစားချင်ပါ့မလဲလေ၊ သူတောင်းစား ဘယ် အခေါ်ခံချင်မှာလည်းလို့ တွေးမိတယ်။

    တစ်ချို့ကျ ဘာမှ မချို့ယွင်းပဲ ဒီလို အလုပ်တွေ လုပ်တာမြင်တော့လည်း အချောင် လိုချင်စိတ်များလိုက်တာလို့ တွေးမိပြန်ရော.။
    ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း သူတို့ အလုပ်တစ်ခုလုပ်ရဖို့ ဘယ်လွယ်မလဲနော်။

    ဒါနဲ့ပဲ အမတော့ တွေးရုံပဲ တွေးမိပြီး ကူညီဖို့ မစဉ်းစားဖြစ်တဲ့ ခေါင်းစဉ်အောက်မှာ သူတို့ ပါသွားတယ်။
    :hint:

  • Kaung Kin Pyar

    May 7, 2014 at 9:01 am

    ဒီသူတောင်းစားက တော်တယ်လို့တော့ ပြောရမယ်…။ တချို့ဆို ကလေးငှားပြီး ကလေးပြ တောင်းစားတာတွေ၊ ခြေလက်အကောင်းရှိရဲ့နဲ့ ထန်းလျက်ရည်နဲ့သုတ်ပြီးတော့ ပတ်တီးစည်းတာတွေ အစုံပဲ….။
    အသက်ကြီးကြီးလူကြီးပိုင်းတွေတော့ လှူဖြစ်ပါတယ်..။ ကလေးတွေလာတောင်းရင် မပေးဖြစ်ဘူး…။ အလကားရတာ အကျင့်ပါသွားမယ်ဆိုပြီး….။ လှည်းတန်းဘက်ကနေ မြောက်ဒဂုံဘက်ထိ လိုက်တောင်းတဲ့ ဖက်တီးကလေးလေး ရှိတယ်…။ သူ့ကိုတော့ နည်းနည်းတောင် အမြင်ကတ်တယ်…။ 😀

  • alinsett (gazette)

    May 7, 2014 at 9:29 am

    ဒီအရေးအသားတွေကို ဖတ်ချင်နေတာ

    ———

    တောင်းစားတဲ့သူတွေထဲမှာ
    တကယ် ခိုကိုးရာမဲ့ပြီး လုပ်ကိုင် စားသောက်ခြင်း မစွမ်းနိုင်တော့လို့ တောင်းစားရသူတွေ ရှိသလို
    ခြေကောင်းလက်ကောင်းနဲ့ သန်သန်မာမာကြီးတွေက အစားရချောင်လို့ တောင်းတာတွေက များသလားလို့
    အဘိုးအို အဖွားအိုကြီးတွေ တောင်းကျွေးတာကို အခန့်သားထိုင်စားးကြတဲ့ သန်သန်မြန်မြန်သားသမီးတွေလည်း မြင်ဖူးပါရဲ့။

  • အခုလိုလေး ပြန်ဖတ်ရတော့လည်း အလွမ်းပြေသွားတယ်… အစ်မ..

    အနော်လည်း အစ်မလို တွေးဖူးတယ်.. လေပဲ ရင်းပြီး ပိုက်ဆံရတာလို့လေ…
    အဖိုးကြီးအဖွားကြီး ဆိုရင်တော့ ပေးဖြစ်တယ်..

    လှည်းတန်းဈေးလမ်းထဲမှာ လူတစ်ယောက်ရှိတယ်.. ထိုင်လျက်ကြီးနဲ့သွားတာ.. ခြေထောက်တစ်ချောင်းက အနာတွေနဲ့.. အနာကို ပြပြီး တောင်းတာပေါ့… စိတ်မချမ်းသာပေမယ့်.. ဘာလို့လဲမသိဘူး.. မထည့်ချင်ဘူး သိလား.. တမင်တကာပြနေသလို ခံစားရလို့..

  • kyeemite

    May 7, 2014 at 1:16 pm

    အင်း..အဲ့ထဲမှာ..အဆိုးဆုံးကတော့ သင်္ဃန်းဝတ်ပီး ဆိုင်တကာဝင်တောင်းနေတဲ့သူတွေပဲ
    သီလရှင်ဝတ်တွေတောင်ပါသေး… 👿

  • Ma Ei

    May 7, 2014 at 1:19 pm

    ရုံးအလာ…
    ဗိုလ်ဆွန်ပက် လမ်းထိပ်မှာ စပယ်ပန်းရောင်းတဲ့ အမေကြီးတစ်ယောက်ရှိတယ်..
    သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း သနပ်ခါးအဖွေးသားနဲ့ သမီးရေ စပယ်ပန်းတဲ့…
    မကြာခဏ ဝယ်ဖြစ်ခဲ့တယ်…
    ရုံးအပြန်…
    ဗိုလ်ဆွန်ပက် လမ်းအကျော်ရွှေခေါင်းလောင်း လ္ဘက်ရည်ဆိုင် ရှေ့နားမှာ ယောဂီရောင်ဝတ်စုံနဲ့ အမေကြီးတစ်ယောက် မြေပြင်မှာ မှောက်ယားထိုးနီးနီး တုန်တုန်ချိချိ ခွက်တလုံးနဲ့ တောင်းနေတယ်..
    မလှမ်းမကမ်းမှာက ခတ်ရွယ်ရွယ်မိန်းကလေးနဲ့ ကလေးမလေး တို့လဲတောင်းနေကြတယ်..
    တစ်ရက်မှာ ရုံးပြန်နောက်ကျတော့ သူတို့အလုပ်သိမ်းချိန်နဲ့ကြုံရော…အမေကြီးကလဲ မတုန်မချိ အကောင်းချည်းရယ် ငွေတွေရေတွက်လို့ ငြင်းခုံနေကြတယ်…
    တစ်ခါမှ မလှူ မိလို့တော်သေးတာပေါ့နော်…

  • kai

    May 7, 2014 at 3:42 pm

    ဖတ်နေရင်း.. တော်တော်ဆိုးတဲ့သူတောင်းစားလို့ထင်နေရာက.. မီးပွိုင့်မလွတ်အောင်တောင်လုပ်လိုက်တော့.. ဒီလိုသူတောင်းစားမျိုးထောင်ထဲထည့်ထားသင့်တယ်လို့တောင်တွေးနေမိတာ…
    ရငွေကိုစေတီပြန်လှူတယ်ကြားတော့.. အင်း..
    ဒါတွေကြောင့်.. မြန်မာပြည်ကြီး ကမ္ဘာ့နောက်မှာပြတ်ကျန်ရစ်ခဲ့တာကိုးလို့တွေးပြီး.. အစိမ်းလိုက်ဝါးစားချင်စိတ်ပါပေါက်သွားတယ်..

    အခုဘေးက.. ဝိုင်နဲ့တူတူမြည်းနေတဲ့.. နိုရိ(ရေညှိ)ကို.. :mrgreen:

  • TNA

    May 7, 2014 at 3:50 pm

    အင်းဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူူး။ ဒါပေမဲ့ ဘယ်သူတောင်းစားကိုမှပိုက်ဆံ မပေးဖြစ်ခဲ့တာတော့ အတော်ကြာခဲ့ပါပြီ။ သူတို့ ရည်ရွယ်ချက်ကိုမဝေဖန်လိုပေမဲ့ ကိုယ့်ယုံကြည်ချက်ကိုတော့ မစွန့်လွှတ်နိုင်ဘူး တုန်ကလေးရေ။ အဲ့ဒါကြောင့် အမလဲ ဘယ်သူဆို ဘယ်သူ့ကိုမှမပေးဖြစ်တော့ပါဘူး။ အရင်တုန်းကတော့ အရမ်းအိုမင်းမစွမ်းတွေကို တယောက်ငါးထောင်နှုန်းနဲ့ တလခြောက်ယောက်နှုန်း သတ်မှတ်ပေးခဲ့ဖူးပေမဲ့ အခု အဲ့အိုမင်းမစွမ်းတွေကလဲ သိပ်အစစ်ကြီးမဟုတ်တာကြားနေရတော့ အဲ့အစီအစဉ်ကိုလဲ လတ်တလောရပ်နားထားတယ်။

  • တိမ်မည်း

    May 7, 2014 at 4:35 pm

    ခြေကောင်း လက်ကောင်းတွေတောင် ပေါ်တင်တောင်းစားတယ်… သွယ်ဝိုက်တောင်းစားတဲ့ခေတ်မှာ… အခုလို သူတောင်းစားမျိုးကတော့ ရှာမှရှားပါပဲ….

  • padonmar

    May 7, 2014 at 9:39 pm

    ပထမဆုံးမန့်ချင်တာကတော့ အခုလိုပြန် တွေ့ရတာ ဝမ်းသာကြောင်းပါ။
    အန်တီတော့ တေးကလုံပြောတဲ့ သူတောင်းစားမတွေ့ဖူးဘူး။
    ဘုရင့်နောင်ခုံးကျော်တံတားပေါ်မှာတော့ စတီးချိုင်းထောက်နဲ့ ခြေတဖက်ပြတ် သန်သန်မာမာလူတောင်းနေတာ တွေ့တွေ့နေတယ်။
    ကလေးလေးတွေလည်း လာလာတောင်းတယ်။
    မပေးပါဘူး။
    အဲသလိုပေးမယ့်အစား မီးပွိုင့်မှာ ကြက်ဥခေါက်မုန့်ရောင်းတဲ့ အဘဆီကပဲ ဝယ်အားပေးလိုက်တယ်။
    ဒီသူတောင်းစားရဲ့ အလှူငွေရှာနည်းကိုတော့ သိပ်သဘောမကျချင်ဘူး။
    တကယ်ဆို သူလှူဖို့ရည်ရွယ်ချက်ပြောပြရင် ဘုရင့်နောင်ထဲမှာ ပဲရွေး ကြက်သွန်ရွေးလိုမျိုး လက်တဖက်နဲ့ လုပ်လို့ရတဲ့ အလုပ်တွေ လုပ်လို့ရမှာပါ။
    ယောဂီဝတ်စုံနဲ့ တောင်းရင် ယောဂီဝတ်စုံကို အလွဲသုံးစားလုပ်တယ်လို့ မြင်လို့ သာမပေးချင်ပါဘူး။
    Green Rose ရဲ့ ဘယ်လိုတောင်းတောင်းမပေးဘူး ကိုတောင် သတိရမိသေးတယ်။

  • ဦးကျောက်ခဲ

    May 8, 2014 at 10:02 am

    သူတောင်းစားဆိုလို့ ထိုင်းမှာနေတုန်းက ကြည့်မိတဲ့ CJ သတင်းလေးပါ…
    သူတို့က ဂိုဏ်းနဲ့ ၊ အပိုင်စားနယ်မြေနဲ့ ခင်ဗျ… အတော်ထောတယ်ဆိုပဲ…
    မနက်ဘက်ဆို ဖယ်ရီနဲ့လိုက်ပို့တယ် ၊ ညဘက် ပြန်ကြိုတယ်…
    သူတို့စုရပ်မှာ အရက်သောက် ၊ ဖဲရိုက် ၊ ဖဲရှုံးရင် ကိုယ့်ဂွင်ကိုတောင် ပေါင်သတဲ့…
    အဲ… တောင်းပြီး လှုတဲ့သူလည်းတွေ့ဖူးတယ် ၊ လှုထားတာ ဘတ် သန်းချီနေပြီ…
    🙂

  • Wow

    May 8, 2014 at 10:37 am

    အင်းးးးးးးးးးးးးးးးး 🙁

    ကလေးတွေ စိတ်ဓာတ်ပျက်စီးမှာ စိုးလို့ မပေးတာကလွဲပီး ခုနောက်ပိုင်း လူလတ်၊ လူကြီးပိုင်းတွေကိုတော့ ကြုံရင်ကြုံသလို လှူဖြစ်ပါတယ်… သူတို့မျက်လုံးက မျှော်လင့်ချက်အရောင်လေးတွေ မကြည့်ရက်လို့ပါ… ကိုယ်လှူလိုက်တဲ့ ပိုက်ဆံ အနည်းငယ်ကြောင့် ခဏတာ စိတ်ချမ်းသာသွား ထမင်းတစ်နပ်၊ မုန့်တစ်ထုတ် စာရသွားလဲ ပီးတာပဲလေ ဆိုပီး…. :byee:

  • Crystalline

    May 8, 2014 at 11:26 am

    ပင်ကိုယ်စိတ်က အရမ်းသနားတတ်ပေမယ့် အဲဒါမျိုးတောင်းနေတာမျိုးတွေကို ဘယ်တုန်းကမှ မပေးမိဘူး.. ပေးလည်းမပေးချင်ဘူး.. အလိမ်အညာတွေကို မျက်စိတပ်အပ်မြင်ရတာများတော့လည်း အဲဒီအတွက် နောင်တမရဘူး.. တောင်းသူတွေထဲ.. စိတ်ရှိလက်ရှိ ရိုက်ထုတ်ပြစ်ချင်မိတဲ့ လူမျိုးလည်းတွေ့ဖူးရဲ့.. အိမ်မှာဦးလေးတစ်ယောက်ခနလာနေချိန်ကပေါ့… တခါတရံအိမ်ရှေ့ဖြတ်တောင်းတဲ့သူမျိုးကို သူက ၁ထောင်မျိုး ၂ထောင်မျိုးပေးလိုက်တယ်.. သူကသနားတတ်မှန်းလည်းသိရော.. နောက်ပိုင်းဆက်တိုက်လာရော.. ပထမ ကိုယ်က သတိမထားမိဘူး.. နောက်ပိုင်းမှ သတိထားမိသွားတာ.. အဲဒါနဲ့သူ့ကိုမပေးဖို့ပြောတာလည်း သူကမရဘူး.. အဲဒါနဲ့ ကိုယ်က တောင်းသူကို နင်တို့ဆက်တိုက်လာနေတာ လွန်နေပြီလို့.. နောက်နေ့ကြတော့ တခြားကောင်မလေး တစ်ယောက်ကို ကလေးပိုက်ပြီးလွတ်တယ်.. ကလေးနေမကောင်းလို့ပါညာတောင်း… ကိုယ့်မှာ နောက်ပိုင်း သူနဲ့အိမ်ကို မထားခဲ့ရဲတော့ဘူး… သူ့ပိုက်ဆံပါတာအရေးမကြီး… ကိုယ့်ပစ္စည်းတွေပါပြောင်မှာ.. အဲဒီလူတွေ ဘယ်လောက်ရိုက်ချင်စရာကောင်းလဲဆို.. နောက်ပိုင်း ဦးလေးမရှိတဲ့အချိန်မျိုး.. မတွေ့တဲ့အချိန်မျိုးဆို အိမ်ရှေ့လမ်းတစ်ဖက်က အိမ်ပေါ်ထပ်ကိုပဲကြည့်နေတာ.. စောင့်နေတာ.. နောက်ပိုင်း ဦးလေးပြန်သွားတော့ ထွက်ပြောလိုက်တယ်.. ဒီအိမ်မှာ လူလိမ်လူညာတွေကို စေတနာထားတတ်သူတစ်ယောက်မှ မရှိတော့ဘူးလို့ပြောလိုက်တယ်.. နောက်ပိုင်း တခါမှတောင်မတွေ့တော့ဘူး..

  • black chaw

    May 9, 2014 at 1:00 pm

    အသက် သိတ် ကြီးနေတဲ့ သူတောင်းစားမျိုးတွေကိုတော့
    သနားစိတ်နဲ့ ပိုက်ဆံပေးလေ့ရှိပါတယ်…။
    ကျန်တာကတော့ ပေးလေ့မရှိပါဘူး…။
    လူတွေ အနှောင့်အယှက်ဖြစ်အောင်လုပ်ပြီး တောင်းတာမျိုးကိုတော့
    တားမြစ်သင့်တယ်လို့ ထင်ပါကြောင်း…။

  • myatpone nya

    May 13, 2014 at 11:31 pm

    သံသရာမှာ အလှူရဲလို့ မွဲတဲ့သူ မရှိပါဘူး။ ဒါနရဲ့ အကျိုးကိုသာ သိမယ်​ဆိုရင်​ ကိုယ်​စားမယ်​့ ထမင်​း တစ်​လုပ်​ ဆွမ်​းတစ်​ခွက်​ကို မလှူဘဲ စားမှာ မဟုတ်ဘူး လို့ မြတ်စွာဘုရား ​ဟောခဲ့တယ်​လို့ ကျွန်​မတို့ဆရာ ဦးဝင်​းသန်​း ​ပြောပါတယ်​။ အလှူခံတာ သူ့အပိုင်​းဖြစ်​ပြီး​တော့ လှူတာ ကိုယ်​့အပိုင်​းပါ။ ကိုယ်​လှူရင်​ ကိုယ်​ရပါတယ်​။ ကိုယ်​မလှူရင်​ လှူတဲ့လူ ရပါတယ်​။

  • lu lu

    May 14, 2014 at 7:07 am

    တွေ ့ဖူးတယ်အစုံပဲ
    မုန် ့ဆိုင် မှာမုန် ့စားနေရင် စားချင် စိတ်ပျက်အောင်
    လမ်းမှာကားစောင့်နေတုန်း ပိုစိတ်ညစ်အောင်
    မလှူချင် လို ့မဟုတ်ပါဘူး တကယ်မရှိလို ့တောင်းစား
    တာဆိုရင် တောင် တချို ့ကအရွယ်ကောင်းခြေကောင်း
    လက်ကောင်း မန်းလေးဆိုပိုဆိုးသေး လိမ်တာလား
    တကယ်လားမှန်းမသိအောင် ပေါများတယ်
    လေ ပဲရင်းရတာဆိုပြီး အရှက်မရှိလိုက်တောင်းတာ
    လည်းတွေ ့ခဲ့ဖူးတယ် 🙁

Leave a Reply