ပိုင်ရှင်မဲ့ ဝေဒနာအပိုင်းအစများ
မောင်……
မလာသင့်မှန်းသိနေပေမယ့်
လှမ်းမိတဲ့ကျမခြေလှမ်းတွေရယ်
ပြန်သင့်တဲ့အချိန်ကို မကြည့်မိတဲ့
ဒီ မျက်လုံးရိုင်းတွေရယ်
တစ်သက်လုံးသိမ်းဖို့ပေးလိုက်တဲ့
ဥပေက္ခာ တေးသွားတွေရယ်
ကျမ …… နားလည်ခဲ့ပါပြီ မောင် ……
မိန်းကလေးက စ မချစ်ရဘူးလို့များ ဒီလောကမှာ သတ်မှတ်ထားသလားမောင်ရယ် ……
သံယောဇဉ် ရင်မှာတင်းလေတော့ ချစ်ခြင်းကိုဘယ်လိုတားရပါ့မလဲလေ ……။
ဘက်လိုက်တတ်တဲ့ပတ်ဝန်းကျင်ရယ်၊ လှောင်ပြောင်တတ်တဲ့ မစာနာတတ်သူတွေရယ် ပြီးတော့ သိပ်ရိုးသားတဲ့ မောင်ရယ် ကျမထားရစ်ခဲ့ပါပြီလေ ……
ကျိန်စာဆိုးတွေပြေပါစေတော့မောင် ……
အပြစ်ရှိတဲ့ကျမ … အချစ်တွေနဲ့ ဝေးပါစေတော့ ……
့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အထက်ပါစာသားတို့သည် ကျနော်ကောက်ယူရရှိခဲ့သော တွန့်ကျေနေသည့် စာရွက်ပိုင်းလေးတွင်ရေးထားသော
တဝက်တပျက် စာသားများဖြစ်သည် ။
အဖြစ်က ဒီလို ။ ။ လွန်ခဲ့သောနေ့လည်ခင်းတစ်ခုတွင် လှိုင်တက္ကသိုလ်ဝန်းထဲရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ်
ကျနော့် စားပွဲအောက်သို့စာရွက်လေးတစ်ရွက် လွင့်လာခဲ့သည် ။
လေရူးဝေ့တိုက်လိုက်စဉ် လိပ်စာမဲ့စွာ လွင့်မျောလာသော စာရွက်လေးသည် ကျနော်၏ သိချင်စိတ်ကို နှိုးဆွခဲ့ပါသည် ။
ကျနော်ကောက်ယူ၍ဖြန့်ကြည့်မိသည် ။ ခပ်သော့သော့ရေးထားသောလက်ရေးများသည် စာရွက်ပိုင်ရှင်၏ စိတ်လှုပ်ရှားမှုုကို ထင်ဟပ်စေသည်လားမပြောတတ် ။
ဖတ်ကြည့်မိစဉ်၌တမျိုးတမည် ခံစားရမိသည် ။
ချစ်သူတိုင်းကို ပေါင်းစေချင်ပါသည် ။ လွဲရသူတိုင်းလည်း တနေ့ဆုံစေချင်မိသည် ။
ကျနော်ကရော ? အလွမ်းတွေ နာကျင်မှုတွေ မရှိခဲ့လေသလား ………
ယခုတိုင်မှတ်မိနေသော ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ကဗျာများ အလုအယက် တိုးဝင်လာလေပြီ ။
အထက်ပါစာရွက်ပိုင်းလေးတွင်ရေးခဲ့သောမိန်းကလေး၏အဖြစ်မျိုးသဖွယ် ဆရာမောင်စိန်ဝင်း၏ ကဗျာတစ်ပုဒ်က
တိုက်တိုက်ဆိုင်ဆိုင် တိုးဝင်လာခဲ့သည် ။
တိတ်တခိုး တဲ့ …
ပန်းပွင့်တယ်ဆိုတာက
သဘာဝပါခင်။
အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဖူးပွင့်မဆင်။
ခင်ကြိုက်ရင် အညှာကိုချိုးပြီး
ခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော် … ခင်
ဆင်ချင်မှဆင်ပါတော့။
ခင်ရယ် …
မဆင်လို့ပဲပစ်ပစ်
မမြင်လို့ပဲဖြစ်ဖြစ်ပေါ့
သစ်ရွက်ကြိုသစ်ရွက်ကြားက
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင် စိတ်ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။
ကျနော်တို့ ငယ်စဉ်က ရူးသွပ်ခဲ့ရသော ကဗျာလေးဖြစ်သည် ။
ယောက်ျားတစ်ယောက်၏တိတ်တခိုးသည် ယခုလို ပင်ပန်းစွာဖြစ်တည်ရပါလျှင်
နုနယ်သော မိန်းကလေးတစ်ယောက်အဖို့ မည်မျှစိတ်ဆင်းရဲလိုက်လေမည်နည်း။
အပေါ်မှ စာရွက်ပိုင်ရှင်မိန်းမငယ်လေးအား စာနာမိလေသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပွင့်လင်းလွန်းတာကို အရှက်ကင်းမဲ့တယ်လို့ ဆိုချင်တာလား မောင် ……
ရင်ထဲမှာ မထိန်းချုပ်တတ်တာနဲ့ ဈေးပေါလွန်းတယ်လို့ ယူဆတာလား မောင် ……
မိန်းမတစ်ယောက်ရဲ့ ရိုးသားမှုကို မာယာလက်နက်လို့ စွတ်စွဲမှာလား မောင် ………
မိန်းမတစ်ယောက်ရဲ့အချစ်ကို အိန္ဒြေသိက္ခာ ဓါးနဲ့ ပိုင်းခြားချင်နေတာလား မောင် ……
.
.
.
.
.
.
.
စာရွက်ပိုင်းလေးမှ အထက်ပါစာသားလေးများကိုဖတ်ရင်း ကျနော် သက်ပြင်းချမိသည် ။
အချစ်ဆိုသောအရာကို တိုင်းတာကြသော ညီမျှခြင်းတွေ လွဲနေပြီထင့် ……
တိတ်တခိုး တွယ်တာရာက ဝေဒနာကိုကြေငြာခဲ့လေသော မိန်းကလေး၏မချိတင်ကဲ ရင်ကွဲသံကို
ကြားယောင်မိလေသည် ။
ဪ…… ကျနော်တို့ ငယ်ငယ်ကလည်း မောင်စိန်ဝင်းကဗျာများကိုအဖေါ်ပြုပြီး
ကြေကွဲ လွမ်းဆွတ်ခဲ့ဖူးသည်ပဲ …………။
သူမေ့ပြီလား—
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ…………
ဪ———-မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ……..
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။
မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်
ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်..………။ ။
ချစ်တဲ့စိတ်ဖြင့် အရာရာလိုက်လျောခဲ့သည် ။
စိမ်းတတ်သူ၏ခြေတော်ရင်းမှာ အရာရာ ကြေမွခဲ့သည် ။
ချစ်ခြင်း၏ လက်ဆောင်ဖြစ်လေသော အလွမ်းတို့ကိုထွေးပိုက်ခဲ့ပါပြီ ။
ကျေနပ်စွာပင် ကျွမ်းလောင်ခွင့်ပေးခဲ့ပါ၏ ။
တဖက်သတ်အချစ်ဟူသည် လွမ်းသူ့ရင်ကို နင်းခြေရက်လေသည် … ဟု ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခပ်စိမ်းစိမ်းပဲ နေပေးရမတဲ့လား မောင် ……
ဘဝတစ်သက်မှာ နှစ်ခါမချစ်ရဘူးလို့များ ယူဆထားလေသလား မောင်ရယ် ………
တစ်ခါလေး ချစ်ခဲ့ဖူးတာနဲ့ပဲ သံသယအတွေးတွေနဲ့ ပစ်ပစ်ခါခါ ထားရက်တယ်နော် …
အချစ်ဦးဆိုတိုင်း အချစ်ဆုံးဖြစ်ရမယ်လို့များ ယူဆနေသလားမောင်ရယ် ……
အချစ်ဆုံးဖြစ်ခဲ့ပါတယ်လို့ ပြောခွင့်မရှိသူဆိုတော့လဲ ………
မောင့်သဘောအတိုင်းပဲ နေရတော့မှာပေါ့ မောင်ရယ် ……
.
.
.
.
.
.
.
သိပ်ချစ်လွန်းရင် စိတ်ညစ်ရသတဲ့ ။ ကျနော်တို့ လူငယ်ဘဝကလည်း အချစ်ကြောင့် ညစ်ခဲ့ဖူးလေသည် ။
ချစ်တတ်သူတို့ ရင်မှာအလွမ်းတွေဝေးပါစေလေ ……
တွယ်တာလှပေမဲ့
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။ ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။ ။
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှာလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေဘဲ
ချစ်သည်းရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့။
အင်း ……………… အခုတော့လည်း သူစိမ်းတွေလိုပဲပေါ့လေ ။
ပြန်ပြောခွင့်မရှိသူမို့ ရင်ထဲမှာပဲ သိမ်းဆည်းပြီး
ခပ်စိမ်းစိမ်းပဲ နေရလေတော့မည် ။
ချစ်ကံခေသော ထိုမိန်းကလေးမှာ မည်မျှခံစားရလေမည်မသိ။
ဖတ်မိလေသောကျနော့်ရင်ထဲတွင်လည်း လေစိမ်းတစ်ချက်မွှေခဲ့ပါလေပြီ ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှိပါစေတော့ မောင်ရယ် ……
မောင့် ဘဝထဲ ဝင်ခွင့်မရခဲ့ပေမယ့် ပေးဆပ်ခြင်းကိုပဲမြတ်မြတ်နိုးနိုး သိမ်းထားပါ့မယ် ။
ချစ်တဲ့သူနဲ့ ပျော်ရွှင်ပါစေ မောင် ……
သေဆုံးခဲ့တဲ့နှလုံးသားနဲ့ပဲ မောင့်မျက်ကွယ် အမှောင်ထဲကပဲ
လွမ်းနေပါ့မယ် ……။
တကယ်ဆိုရင်ကျမဟာ ပိုင်ရှင်ရှိတဲ့သစ်သီးကိုမှ မြတ်မြတ်နိုးနိုးတန်ဘိုးထားနေမိတာပါ ရှင် ……
မောင်မမြင် မောင်မသိပေမယ့် နှလုံးသားရပ်ဝန်းမှာ ဟုန်းဟုန်းတောက်ခဲ့ပါပြီ မောင် …………
.
.
.
.
.
.
.
.
.
.
.
မနေသာလည်း ဖြေသာသလိုဖြေရတော့မည့်မိန်းကလေးမှာ အပူမီးတို့ ဖြင့်ကျွမ်းနေမည် ထင့် ။
ချစ်သူကို အပြစ်မယူလိုသော သူမအား စာနာမိလေသည် ။
အချစ်ဟူသည် အရာရာကိုကျော်ဖြတ်နိုင်သလို ခွင့်လွှတ်ခြင်းတို့ဖြင့်လည်း ချယ်သ နိုင်သည် ဟု သာ ……။
မြင်ကတည်းက
ရင်ထဲက စွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့သူမို့
ဪ … ဓါးထိကာအသေသတ်ရင်လည်း
ကျေနပ်မှာပါ။
မလျှော်တာအခက် ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် အသေအခြာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့ မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ။
မသင့်တော်တာ ချစ်လာခဲ့သူမို့
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွှဲကာ ရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင်ထင်လား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာရယ် … ) ကိုယ်ကတော့
အမြဲသေဆုံးခဲ့ပြီဲ …။ ။
ဒီအဖြစ်တွေကို အရိန္ဒမာ သိခဲ့ပါလျှင် ထပ်မံ၍သက်သေခံပါလိမ့်ဦးမည်လား ……
နောက်ကျသူ ချစ်ကံမွဲလေတော့ ဒီပွဲမှာလည်း ရှေ့တော်ဆက်ရမည်ထင်၏။
ချစ်သောသူ၏ ငြင်းပယ်ခြင်းခံရတာထက် ၊ တပါးသူကို ပေးဆက်ခဲ့ရခြင်းသည်
ခံရခက်သည့်ဝေဒနာအဖြစ် ရှိနေပါလိမ့်မည်။
ဆုံးလည်းဆုံး …… ရှုံးလည်းရှုံးရလေသော မိန်းကလေးအတွက် ဆုတောင်းပေးမိသည် ။
နောင်ဘဝဆိုတာ ရှိခဲ့ပါလျှင် …………
ချစ်သောသူနှင့် ပေါင်းရပါစေ …… ဟု ………။ ။
လေးစားလျှက်
မောင်ဆာမိ
25 comments
surmi
May 14, 2014 at 4:15 pm
ဆရာမောင်စိန်ဝင်းကဗျာများအား ဂျီးတော်ရွှေအိမ်စည်ထံမှ ကူးယူပါတယ် 🙂
ကျေးကျေးပါနော ဂျီးတော်
sorrow
May 14, 2014 at 4:23 pm
ဒါမိုးလဲရတာပဲလားခင်ဗျာ…အဟိဟိ ..စကားအတင်းစပ်…ဟိုရုပ်ဆိုးလေးနဲ့များ ကွက်စတိနော်…ချိန်ပစ်သလားပဲ…အဟိဟိ
Mr. MarGa
May 14, 2014 at 4:24 pm
မယုံလို့
ပုံပြင် လို့ မှတ်တယ်ဗျာ
ကြုံရင်တော့ လက်ဖက်ရည်တိုက်ပါ :mrgreenn:
kai
May 14, 2014 at 4:37 pm
အခုခေတ်စုံတွဲတွေ.. ပါတနာ..ချစ်သူ..ရည်စားကို.. ဘယ်လိုခေါ်သလည်းသိချင်သား..
မိန်းကလေးက..” မောင်”လို့သုံးတာပဲလား..
“ကို”လား…
“ဦး”လို့မသုံးကြဘူးလား..
Mr. MarGa
May 14, 2014 at 4:43 pm
သိချင်ရင် ဒီမယ်ရှိတယ်သဂျီးရေ့
https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-frc3/t1.0-9/10374506_784873868214206_4918701851607169826_n.jpg
အကုန်ခေါ်ပါသတဲ့
အရီးခင်
May 17, 2014 at 10:51 pm
“ဘ” တို့ “ဖိုး” တို့ လို့ရော မခေါ်ကြဝူးလား။ :-))))
ကြောင်ဝတုတ်
May 14, 2014 at 4:48 pm
အမ်မယ်…
ကျုပ်ခရီးသွားဟန်လွဲကြားနေဖူးတာတော့…
အိုပါးတဲ့… နောက်ရှိသေးတယ်… ဦးလေးကြီးဆိုလားပဲ…
ဒါကို ကလိုဘယ်လိုက်ဇေးရှင်းတဲ့ဗျာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
ROssI
May 14, 2014 at 5:12 pm
အူးဂီ .. တဲ့ဗျ…
😛
TNA
May 16, 2014 at 10:47 am
သူများလွမ်းနေတာကို နင်ကကြားထဲက လွမ်းတော်မူလို့ စာကိုစီနေဘာလားဟဲ့
ကေဇီ
May 14, 2014 at 5:14 pm
အနော်က တော့ နာမည်ကို ကြိုက်ရာ ခေါ်တာ သဘောကျပါတယ်ဗျ။
ကိုပေါက်(မန္တလေး)
May 15, 2014 at 2:56 pm
ကျ နော် က တော့ ငြိမ်း ကျော ် ကို ပို ကြိုက် တယ်။
သူ ့ ရဲ့ ပဉ္စ မ မြောက် ဆောင်း ရက် များ ဝတ္တုု လတ် ရယ်
ဒေါင်း တစ် တွန် စွန် တစ် ဝဲ ဝေး သည် မျှ ရယ် ကို ဖတ် မိ တိုင်း
ရင် ထဲ မှာ ထိ ခိုက် ခံ စား နေ ရ တုန်း ဘဲ
က ဆာ ရေ
ကိုပေါက်(မန္တလေး)
May 15, 2014 at 3:05 pm
ဦး လို ့ ခေါ် တာ က ဘူး ဒါ း ကြီး နဲ့ စမော လေးငြိ မှ သုံး တ ာဗျ
surmi
May 15, 2014 at 3:22 pm
အဲဒါ အဲဒါ သဂျီးက ကျနော့ကို မ တာဗျ
အိမ်ကမဒမ်ဖတ်မိရင် အပွါးခံရအောင်လေ
ဒါကြောင့် ဖွဘုတ်မှာ ကမန်းကတန်းရှေးဟောင်းပုံတွေပြန်တင်ရတာ 🙂
lu lu
May 14, 2014 at 4:45 pm
သူမေ့ပြီလား—
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ…………
ဪ———-မုန်းရက်ပြီလို့ထင်။
သူ ့မေ့ရောပေါ့ ဖုန်းဆက်တိုင်း လူကြီးမင်းနဲ ့တွေ ့
သူမေ့ရောပေါ့ အိမ်မက်ထဲမြင် ချင် တာအောင် အိပ်မ
ပျော်တော့ခက်ပြီ ။ သူမေ့ရောပေါ့ သူ ့ကိုအရမ်းချစ်ခဲ့
တဲ့သူတစ်ယောက်ရှိတယ်ဆို ။:-D
alinsett (gazette)
May 14, 2014 at 5:07 pm
စာသားးလေးတွေများ နုရွလှပပြီး ရိုမန့်တစ်ဆန်ချက်
ဟိုတယောက်ကို မင်းတားနေရာက ထားကြည့်တော့ ရိုမန့်တစ်မဆန်တော့ဘူး
အဟိ
ကေဇီ
May 14, 2014 at 5:22 pm
ယောက်ခ မ ဆာဆာကတော့ လုပ်ပြီ။
သူများ (သများကို ပြောတာဟုတ်ဘူး) ဝေဒနာကို ဆွတယ်လားးး
😀
သများလည်း ပါမယ်။
အဲဒီ ကလေးမကို ကြုံရင် ပြောလိုက်နော်။
:mrgreenn:
မဟာဗျုဟာ နည်းဗျူဟာ ရေလာမြောင်းပေး ဆည်ဆောက် ရေလှောင် ပညာရပ်တွေလိုချင်ရင်လို့
သများတစ်ယောက်လုံးရှိတယ်လို့နော်။
လုံမလေးမွန်မွန်
May 15, 2014 at 9:56 am
ရင်ထဲမှာပဲ ကြိတ်မှိတ်
တိတ်တိတ်လေးပဲ
ချစ်နေရတာ
ဘယ်သူသိနိုင်မှာလဲ…။
သတိရတဲ့ နေ့တွေ
သတိရတဲ့ ညတွေမှာ
မျက်ဝန်းအိမ်ထဲ မျက်ရည်ခ
ဘယ်သူသိကြမှာလဲ…။
နှစ်ယောက်အတူတူထိုင်
လက်ကလေးကိုကိုင်ပြီး
ကြည့်နူးစရာလေးတွေပြော
ရယ်မောခဲ့ကြတာ
အိပ်မက်သာမဟုတ်ရင်
သိပ်ကောင်းမှာပဲနော်…။
ဘာပဲဖြစ်ဖြစ်
ချစ်နေခွင့်လေးတစ်ခုသာ
မြတ်နိုးစွာဖက်တွယ်ရင်း
ကျေနပ်နေသူပါရှင်..။ ။
myanmargazette.net/113661
တစ်ခါတုန်းက ကဗျာလေးကို ကူးလာပေးတာ.. ငိုချင်သွားလို့.. 😥
kyeemite
May 15, 2014 at 3:33 pm
ကိုဆာမိ…ခုတလောငယ်မူတွေတယ်ပြန်နေသကိုးဗျ…
ဖွဘုတ်မှာလည်း..ငယ်မူငယ်ဟန်တွေ့ရပြန်ရဲ့…
ဘာပြောပြော…ခီများစာဖတ်ပီး ပြန်ငယ်သွားသလိုခံစားရပါတယ်..ဗရာဗိုးးးးးးးး 😀
TNA
May 16, 2014 at 10:49 am
စာကိုဖတ်လာကတဲက ဖဘပေါ်ကပုံတွေနဲ့တွဲတွဲမြင်မိသလိုပဲ။ ဖဘပေါ်မယ်ပုံတွေတွေ့ကတဲက တခုခုတော့တခုခုပဲတော့ထင်မိသား။ အဟဲ ကောက်ရတဲ့စာကနေ အလွမ်းတွေနဲ့စာစီပလိုက်ပြီး ဒါ့ပုံတွေနဲ့ ပြန်ကာချော့သည်ပေါ့
surmi
May 16, 2014 at 11:02 am
အောင်မယ်ငိ
မှားမယ်ဂျီးတော်
အဲဒါ တကယ်တော့ ………
ဒုတ်ခိ ဒုတ်ခိ
ကိုယ့်အတတ်ကိုယ်စူးဘီ
အစကတည်းကထင်တော့ထင်သား
တကယ်ဆိုရင် ရှက်တတ်ရင်သေလို့ရဘီ ကွိကွိ
ဦးကျောက်ခဲ
May 16, 2014 at 11:57 am
အဟိ ကျောက်စ်ငယ်စဉ်က ဆိုးပုံကိုပြောရဦးမယ်…
အဆောင်က အလွန်ကြော့နေအောင်နေတဲ့ ကျောင်းနေဘက်ကို…
မိန်းခလေးက ရည်းစားစာပေးသလိုနဲ့ စာတိုက်ကနေ ရွှေပေလွှာတွေလွှတ်တာပေါ့…
မောင်မင်းကြီးသား အဟုတ်မှတ်လို့ ရူးမတတ်ခံလိုက်ရတယ်… ဟိ
😀
sorrow
May 16, 2014 at 12:09 pm
အလိုလေး…ကြပ်ချက်ကြီးကလဲ ..အဲ့လူတော့ သေမှာပဲ…အဟိဟိ
အရီးခင်
May 17, 2014 at 10:41 pm
တို့များကတော့ ဂျူးးမှဂျူးးဘဲ။
:-))))))))))
ရယ်တော့ ရယ်နေတာပဲ။ အသံကလည်း တကယ့်ရယ်သံစစ်စစ် မျက်လုံးတွေကျတော့ ဝေနေတယ်။
–
–
–
လက်ပြနေတာတော့ မြင်သားဘဲ၊ လာဖို့ခေါ်နေတာမှမဟုတ်ဘဲ၊ သွားဖို့ လက်ပြနေတာ။
(အခုတော့သိပြီလေ – မှ)
ကျွန်မဟာ ကျွန်မ..မိသားစုထဲမှာ ငယ်ငယ်ကလေးတည်းက တန်ဖိုးအရှိဆုံး ဖြစ်အောင် နေခဲ့တယ်။
ကိုယ်ကျင့်တရားနဲ့ပက်သက် လို့ ကျောင်းမှာ၊ကောလိပ်မှာ ၊အတန်းထဲမှာ ကျွန်မဟာ တန်ဖိုးအရှိဆုံး ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့တယ်..။
အဲဒီတန်ဖိုးဟာ ယောက်ျားတွေအတွက် တန်ဖိုးမဟုတ်ဘူးနော်..။ ယောက်ျား မိန်းမ၊အားလုံးအတွက်…။
(မရှိမဖြစ်မိုး – မှ)
ကျွန်မတို့ မိန်းမသားများ ဘယ်လိုမှ ရှောင်လွှဲ ငြင်းပယ်၍ မရသော ဘဝပေး အခြေအနေတစ်ခု ရှိသည်။ ၎င်းမှာ စောင့်ဆိုင်းခြင်းပင်ဖြစ်သည်။
ကျွန်မတို့သည် မိမိချစ်ရသူတစ်ယောက်က မိမိကို ချစ်မြတ်နိုးကြောင်း အတိအလင်း ဖွင့်ပြောသည့်စကားကို ရင်တထိတ်ထိတ်နှင့် စောင့်ရသည်။
မိမိက ချစ်ပါသည်ဟု ပြန်လည် အသိပေး ရမည့်ကိစ္စအတွက် သင့်တော်လောက်ပြီဟု ထင်ရသည့် အချိန်ကာလကို နှိုင်းနှိုင်းဆဆ နှင့် စိတ်မရှည်စွာ စောင့်ရသည်။
တရားဝင် ချစ်သူတွေ ဖြစ်သွားပြန်တော့ မိမိကို ချစ်သူက လက်ထပ် ချီးမြှင့်မည့် အချိန်ကို စောင့်ရသည်။
လက်ထပ်ပြီးပြန်တော့ မိမိ၏ မိန်းမဘဝကို မိမိ ခင်ပွန်းအား အပြီးအပိုင် လွှဲအပ်ပေးရမည့် အချိန်ကာလများကို စောင့်ရပြန်သည်။
မိန်းမတွေထဲမှာတော့ ကျွန်မက အစောင့်ရဆုံးဖြစ်နိုင်ပါသည်။
(မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် – မှ)
PS –
ဟို မျောက်မူးလဲလေး- ပါးစပ်ပိတ်ထား
Mr. MarGa
May 18, 2014 at 1:07 pm
မျောက်မူးလဲလေး တဲ့
အင်းးး ဘယ်သူ့ကိုပြောတာပါလိမ့်
သည်မောင်တော့ မဟုတ်လောက်ပါဘု :mrgreenn:
မဟာရာဇာ အံစာတုံး
May 18, 2014 at 4:03 pm
ဪ ….
အတော် စိမ်းကားတဲ့ အကောင်ပါကလား ….
ကောင်မလေး သနားပါတယ် …
ကောင်မလေး ကလည်း လှတပတနဲ့ ပြန်ကြိုက်လိုက်တာ မဟုတ်ဘူး …
( အဲ .. အဲ .. လှတပတ ဆိုတာ မှန်းပြီး ပြောကြည့်တာနော် … ) :mrgreenn:
ဪ ….
စာရွက်လေး ကောက်ကိုင်မိတဲ့ လူကြီးကလည်း
ခံစားတတ်ပါပေရဲ့ ….
ဒီလူကြီးရဲ့ ဓါတ်တွေကလည်း ကူးစက်တတ်ပါပေရဲ့ …
အမလေး .. မျက်ရည်တောင် ကျလာပြီ … ပေါက် … ပေါက် .. ပေါက် .. 😥