တာဝန်နှင့် ဝတ္တရားဆိုသည်မှာ. . .
တာဝန်ဆိုသည်မှာ မိမိအား အထက်မှပေးအပ်သော တာဝန်ကို ပြီးစီးအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပြီး ဝတ္တရားဆိုသည်မှာတော့ ကျင့်ဝတ်လိုပါပဲ။ တာဝန်နှင့်ဝတ္တရားဆိုသည့် စကားနှစ်လုံး၏ ခြားနားချက်ကို ဆရာတော်ကြီးများထံမှ ယခုကဲ့သို့ မှတ်သားခဲ့ဖူးသည်။ တာဝန်ဆိုသည်ကို တာနှင့်ဝန်ဟူ၍ နှစ်ပုဒ်ခွဲပြီး တာဆိုသည်မှာ ပေးအပ်သည့် အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမည်ဟူသည့် ကန့်သတ်ချက် သဘောမျိုးဖြစ်ပြီး၊ ဝန် ဆိုသည်မှာ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ဝတ္တရား ဆိုသည်မှာ မိမိလုပ်လိုသည့် ဆန္ဒမရှိလျှင် မလုပ်ပဲနေလို့ရသည့် သဘောဆောင်လေသည်။ ဆိုလိုသည်မှာ အဖွဲ့စည်းတစ်ခုအတွင်း ရာထူးနေရာ ပေးအပ်ခံထားရ၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့် မိမိကိုယ်တိုင်က ရာထူးနေရာရယူထား၍ဖြစ်စေ ယင်းအဖွဲ့အစည်းနှင့် မိမိပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးအတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ဆောင်ရမည့် တာဝန်ရှိပေသည်။ အကြောင်းမှာ ရာထူးနဲ့ တာဝန်ကို ရယူထားခြင်းကြောင့် ဖြစ်သည်။ ပါဠိစာပေများတွင် အာဂတော စ ဘာရော အဝဿံ ဝဟိတဗ္ဗော၊ ကျရောက်လာသည့် တာဝန်၊ ပေးအပ်လာသည့်တာဝန်ကို မုချထမ်းဆောင်ရမည် ဟုပါရှိသည်။ အကယ်၍ မထမ်းဆောင်လိုလျှင် သို့တည်းမဟုတ် မိမိ၏ ရပ်တည်ချက်များနှင့် မကိုက်ညီလျှင် တာဝန်ကို အစကတည်းမှ မယူရန်ပင်ဖြစ်သည်။ စောင့်ထိန်းသိတတ်မှုများဖြင့် ပြည့်နှက်နေ၍ အခြေခံကျပြီး ပိုမို အရေးပါလှပါသည်။ သို့သော် ကျွန်မတို့မှာ တန်ဖိုးထားရမည့်အရာ၊ သစ္စာစောင့်သိရမည့်အရာ၊ တာဝန်ယူရမည့် အရာတွေက တစ်ကြိမ်မှာ တစ်ခုဆိုလျှင် အကြောင်း မဟုတ်လှပါ။ ကိုယ့်သတ္တိ၊ ကိုယ့်စွမ်းအားအလျောက် လုပ်ကြ ကိုင်ကြရုံသာ ရှိပါသည်။ ထိုသို့မဟုတ်ဘဲ တစ်ခါတစ်ရံ၌ တန်ဖိုးတွေ၊ သစ္စာတွေ ပြဌာန်းချက်တွေက ထွေးရောယှက်တင် ရှိလာတတ်ပါသည်။ ကိုယ်တန်ဖိုးထားသော ကိုယ့်တာဝန်ဟု ယူဆသော အရာများနှင့် အချင်းချင်း ဆန့်ကျင်ငြိစွန်းနေတာမျိုးလည်း ကြုံရတတ်ပါသည်။ အဲသည့်အချိန်အခါမှာ ရွေးချယ်ရ၊ ဆုံးဖြတ်ရ အလွန်ခက်လှသည့် အနေအထားတွေ ပေါ်ပေါက်လာပြီး ရွေးချယ်မှုများ ဖြစ်လာတတ်ပါသည်။ သာဓက ပြောရလျှင် အများသိကြသည့် အရာလေးကိုပဲ ပြောပြရပေဦးတော့မည်။
မြန်မာရာဇဝင်ထဲက သူရဲကောင်း ငခင်ညိုအကြောင်းလေးပင် ဖြစ်ပါသည်။ ငယ်စဉ်အခါက မြန်မာ့သမိုင်း ဖတ်စာထဲတွင် သင်ရသောအခါ ငါးစီးရှင်ကျော်စွာ၏ ကျွန်ယုံတော် ငခင်ညိုအကြောင်း ဖတ်ခဲ့ရ ပါသည်။ အဲသည့်အချိန်တုန်းက ခေါင်းထဲတွင် မရှင်းခဲ့တာကို ယခုချိန်တိုင် အမှတ်ရနေဆဲ ဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်သည့်အခါ ငခင်ညို၏လုပ်ရပ်က ကလေးတစ်ယောက်အတွက် အတော်မျက်စိလည်စေသော ကြောင့် ဖြစ်သည်ဟု သဘောပေါက်ခဲ့ပါသည်။ ငခင်ညိုသည် ဘယ်သို့သောသူဟူ၍ ကျွန်မတို့အား သင်ကြား မှတ်သားခဲ့ရပါသလဲ။ သမိုင်းစာအုပ်ထဲ (မှန်နန်းရာဇဝင်) ပြန်ကြည့်သည့်အခါ ငခင်ညိုကို “ကျေးဇူးသိတတ် သော သူရဲကောင်း”ဟု ခေါင်းစဉ်တပ်ပြီး ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းဖော်ပြချက်ကို အနည်းငယ်ချုပ်၍ ပြောရလျှင်….
ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်ခယာစောယွမ်းကို လုပ်ကြံရန်အတွက် သူ့လူတစ်ဦးဖြစ်သူ ကျွန်ယုံတော် ငခင်ညိုအား စေလွှတ်လိုက်လေသည်။ ငခင်ညိုသည် စစ်ကိုင်းတွင် ပုန်းအောင်းချောင်းမြောင်းရင်း အခွင့်မသာသဖြင့် သုံးရက်မျှ ကြာမြင့်ခဲ့လေသည်။ သုံးရက်လုံး အစာရေစာ ငတ်ပြတ်ခဲ့သည်။ အခွင့်သာ၍ နန်းတွင်းသို့ ဝင်ရောက်သည့်အခါ စစ်ကိုင်းမင်း နတ်တင်ထားသော ပွဲတော် ထမင်းအုပ်ကို အရင်တွေ့သည်။ သုံးရက်ကြာမျှ အစာမစားရသေးသဖြင့် ထမင်းကို အရင်ဝအောင် ယူစားပြီးနောက် အိမ်ဆောင်သို့ဝင်၍ ဘုရင့်အား ဓားနှင့် ခုတ်မည်ပြုသည့်အခါ ချီတုံချတုံဖြစ်လေသည်။ သူ့ထမင်းကို ခုဘဲ စားခဲ့သည်။ ယခု သူ့ကိုသတ်မည်ဆိုလျှင် ထမင်းရှင်ကို သတ်သည့်အမှုအတွက် တမလွန်၌ အပြစ်ကြီးစွာ ခံရတော့မည်ဟု တွေးတောထိတ်လန့်ကြောက်ရွံ့လေသည်။ တစ်ဖက်တွင်လည်း သူ၏ သခင် ငါးစီးရှင်ကျော်စွာ ပေးအပ်လိုက်သည့် တာဝန်ကလည်း ရှိနေသည်။ စစ်ကိုင်းမင်း၏ ခေါင်းရင်းတွင် ဓားအိမ်ကို ချွတ်လိုက်စွပ်လိုက် လုပ်နေမိပြီးနောက် စစ်ကိုင်းမင်းကို သတ်နိုင်သည့် အနေအထားထိရောက်ရှိကြောင်း အထောက်အထားအဖြစ် စစ်ကိုင်းမင်း၏ ပတ္တမြားဓားကို ယူပြီး ပြန်ခဲ့လေသည်။
ပင်လယ်သို့ ပြန်ရောက်၍ သူ၏ သခင်အား ဖြစ်ပျက်ပုံ အလုံးစုံတင်လျှောက်ပြီးသကာလ ပတ္တမြား ကျောက်စီဓားကို ဆက်သသည့်အခါ ငါးစီးရှင်က ထမင်းတစ်ပွဲစားရရုံဖြင့် ဤမျှ ကျေးဇူးသိက အစဉ်ကျွေးမွေး နေသော ငါ၏ကျေးဇူးကား ဆိုဖွယ်ရာရှိမည်မဟုတ်ဟု ဝမ်းမြောက်ဝမ်းသာ ချီးကျူးကာ ငခင်ညိုအား ဆုလာဘ် တော်များ ချီးမြှင့်သည်ဟု ဆိုထားပါသည်။ ယခုလောက်ဆိုရင်ဖြင့် ဇာတ်လမ်းကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိမည်ဟု ယူဆမိပါသည်။ အဲသည်မှာ ကျွန်မ စဉ်းစားမရခဲ့သည်က ရှင်ဘုရင်ကရော သူ ခိုင်းလိုက် သည့် အလုပ်ကို မေ့သွားသည်လား။ လုပ်ကြံရန် တာဝန်ကို ကျေပွန်စွာ မထမ်းရွက်ပဲ ဓားတစ်လက်သာ ယူဆောင်ပြီး ပြန်လာသည့် ငခင်ညိုအား ဝတ္တရားပျက်ကွက်မှုဖြင့် မသုတ်သင် မစီရင်ဘူးလား။ ကျန်သည့် အမှုထမ်းတွေပါ သူ့ပုံစံလိုက်ကာ ခိုင်းတာတခြား လုပ်တာတလွဲဖြစ်လာခဲ့လျှင် ရှင်ဘုရင် ဘယ်လိုစခန်း သွားမည်လဲ . . . စဉ်းစားစရာများပင်။ သို့သော် သူတို့အချင်းချင်းက အေးအေးဆေးဆေး ကိစ္စပြီးသွားခဲ့လေသည်။
သည်ကနေ့ ကျွန်မ ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါမှာတော့ . . .
ငခင်ညိုမှာ တန်ဖိုးထားရမည့် အရာနှစ်ခု သွားတိုက်ဆိုင်နေတာကို တွေ့ရှိခဲ့ရသည်။ နောက်ပြဌာန်း ချက်နှစ်ခု အပြိုင်ဖြစ်နေတာ သွားတွေ့ရလေသည်။ ဘာလဲဆိုတော့ တာဝန်နှင့် ကျေးဇူး ဒါမှမဟုတ် တာဝန်နှင့် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် ဝတ္တရားပင် ဖြစ်သည်။ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့နှင့် သူ့တစ်ထူးရဲ့ ကျေးဇူးကို သိခြင်းတည်းဟူသော အခြေခံကိုယ်ကျင့်သီလကို စောင့်ထိန်းဖို့။ ဒါပေမယ့် နှစ်ခုလုံး လုပ်၍မရ တစ်ခုလုပ်လျှင် တစ်ခုပျက်ရမည်။ အဲသည်တွင် ကျေးဇူးရှင်ကို ပြစ်မှားရမှာ အကြီးအကျယ် တုန်လှုပ်ကြောက်လန့်မိတဲ့ ငခင်ညိုက ကိုယ်ကျင့်သီလကိုသာ ရွေးပြီး တာဝန်အပိုင်းကို လျှော့ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
ဒီလို ငခင်ညိုနှင့် ဆင်တူယိုးမှား အနေအထားမျိုးတွေ ကြုံခဲ့ရသည့် လူမျိုးတွေ သမိုင်းတစ်လျှောက်မှာ အမြောက်အမြား ရှိပါလိမ့်မည်။ သူတို့တွေကော ဘာကို ဘယ်လို ရွေးချယ်ခဲ့ကြပါသလဲ။ ဒါကြောင့် နောက်ဆုံး မေးချင်တာလေးတစ်ခုကတော့ ယခုစာဖတ်သူကော တာဝန်နှင့် ဝတ္တရား နှစ်ခု တိုက်ဆိုင်လာခဲ့ရင်ဖြင့် ဘယ်လို ပိုင်းခြား ခွဲခြမ်းစိတ်ဖြာမလဲဆိုတာ သိချင်နေမိပါတော့သည်။
မနောဖြူလေး
5 comments
alinsett (gazette)
May 30, 2014 at 12:55 pm
တာဝန်ဆိုတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ
လုပ်ကို လုပ်ရမယ်ပေါ့
ပျက်ကွက်လို့မရဘူးပေါ့
ဝတ္တရားကျတော့ ပျက်ကွက်လည်း သိပ် အပြစ်မကြီးဘူးပေါ့။
🙂
ကေဇီ
May 30, 2014 at 1:45 pm
ဒူတီ အစ် ဒူတီ
ရက်စပွန်စီဘယ် လတီ အစ် ရက်စပွန်စီဘယ် လတီ
😀
black chaw
May 30, 2014 at 2:07 pm
တာဝန်ဆိုတာက မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် ဟာတွေကိုခေါ်ပါတယ်။
ဝတ္တရားဆိုတာက လုပ်သင့်လုပ်ထိုက် လို့ လုပ်ရမယ့်ဟာတွေကို ခေါ်ပါတယ်။
အဲဒီလိုပဲ နားလည်ထားပါတယ်။
အခု ကျွန်တော် ဒီပို့စ်မှာ ကွန်းမန့်ဝင်ရေးတာ တာဝန်အရမဟုတ်ပါ။
မရေးလို့ ဘယ်သူကမှ အရေးယူလို့ မရပါ။
ဝတ္တရားအရ ဝင်ရေးခြင်းဖြစ်ပါတယ်။
ရေးသင့်တယ်ထင်လို့ ဝင်ရေးသွားပါတယ် အန်တီမနောရေ။
kyeemite
May 30, 2014 at 3:31 pm
အင်း..ပြောရရင် အဲလိုကျေးဇူးသိတတ်တဲ့အကျင့် ကိုယ့်မှာရှိနေရင်
ငခင်ညိုအနေနဲ့ နတ်တင်ထားတဲ့ထမင်းကိုအရင်မစားသင့်ဘူး….
စစ်ကိုင်းမင်း အသင်ခယာစောယွမ်းကို အရင်လုပ်ကြံသင့်သည်
ထမင်းအသက် ရ ရက်လို့ဆိုထားတော့ အောင့်ဧည်းနိုင်သင့်လေသည်။
အမှုထမ်းဟူသည် ပေးအပ်သောတာဝန်ကို ကျေပွန်သင့်လေသည်မဟုတ်တုံလော။
(ကျုပ်အတွေးသက်သက်ပါနော…) :hint:
padonmar
May 30, 2014 at 10:13 pm
ရှိပြီးသားဇာတ်ထုပ်ဆိုတော့ သင်ထားသလိုတွေ တွေးမိတယ် မနောရေ။
ဒါကြောင့် ဇာတ်လမ်းသစ်ဆွဲကြည့်မယ်။
ကျောင်းသားတယောက်ဟာ အကြောင်းကြောင်းတွေ ကြောင့် ကျောင်းခေါ်ချိန် တွေ မပြည့်ခဲ့ဘူး။
ဒီစာသင်နှစ်အတွက် ဒီကနေ့ မှ မတက်ရင် 75% မပြည့်လို့ စာမေးပွဲဖြေခွင့် မရတော့ဘူးလို့ သိထားတယ်။
ကျောင်းအလာမှာ သူငယ်ချင်းအဖေ ရုတ်တရက် ဆုံးသွားတာ နာရေးကိစ္စလိုက်ကူပါအုံးပြောလို့ လိုက်ကူလိုက်ရတယ်။
ကျောင်းမတက်လိုက်ရတော့ဘူး။
အဲဒီကိစ္စကို ကျောင်းအုပ်ဆရာမကြီး အနေနဲ့ ဘယ်လိုဆုံးဖြတ်မယ်ထင်လဲ။
ကျောင်းသား ကျောင်းမှန်မှန်တက်ရမယ့် တာဝန်၊
သူငယ်ချင်းတို့ရဲ့ ဝတ္တရား။
ဒါဆို သမိုင်းသင်ခန်းစာ အရိပ်မထိုးပဲ လွတ်လွတ်လပ်လပ် တွေးကြည့်ကြစို့။