ဝေးခဲ့ကြရ ကျနော့် မမ
မမရေ
မမ နဲ့ ကျနော် ဝေးခဲ့တာ အတော်ကြာခဲ့ပြီပဲနော် ၊ တကယ်တော့ မမ ရယ် ၊ ကျနော်က မမကို ဟိုး ငယ်စဉ်ကတည်းက စွဲလန်းခဲ့ရတာပါ ၊
မမ နဲ့ တွေ့ချင်တဲ့ စိတ်တွေဟာ ရှေးရေစက်ပေလား လို့တောင် ထင်မိပါတယ် ၊ ကျနော် ရ တန်းလောက်မှာ ကျောင်း စပြေးတတ်တယ် ၊
မမ ကြောင့် ဆိုရင် ယုံပါ့မလား မမရယ် ၊ အင်မတန် စည်းကမ်းကောင်းလှပါတယ်ဆိုတဲ့ တီတီစီ ကျောင်းကြီးမှာ ကျနော်ဟာ ကျောင်းပြေးချန်ပီယံဘွဲ့ ရခဲ့သလို
ကျောင်း နဲ့ မျက်နှာချင်းဆိုင် မြန်မာ့အသံမှာ အလုပ်လုပ်နေတဲ့ အမေ့ခမျာလည်း သားအတွက်ကြောင့် ဆရာမကြီးရုံးခန်းကို ချောင်းပေါက်မတတ်ပဲပေါ့ ၊
ဒါပေမယ့် မမကို စွဲလန်းတဲ့ ကျနော့်စိတ်တွေကို ဆရာမကြီးရဲ့ ကြိမ်လုံးက မတားဆီးနိူင်ခဲ့သလို
အမေ့ဆိုစကားတွေဟာလည်း ကျွဲပါးစောင်းတီးသလို နားဝင်မချို အပိုပါပဲလား မမရယ် ၊
မမနဲ့အတူ သင်္ကန်းကျွန်း တိုးကြောင်ကလေးဘက်တွေများ သွားရတဲ့အခါ ထမင်းဆာဖို့လည်း သတိမရ အပျော်ကြီး ပျော်ရပါတယ် မမရယ် ၊
ဒီလိုနဲ့ ကျနော် ၁ဝ တန်း အောင်ခဲ့ပြီးတဲ့အခါ မမနဲ့ ပိုနီးဖို့ ဂျီတီအိုင်ဝင်ခွင့်ဆိုတာကြီးကို အတော့်ကို ကြိုးစားပြီး ဖြေခဲ့ပါတယ် ၊
လျှပ်စစ်စွမ်းအင် အီးပီမေဂျာနဲ့ အင်းစိန်ဂျီတီအိုင် ဝင်ခွင့်ရတော့ ကျနော့်မှာ ပျော်လိုက်ရတာ မမရေ ၊
အဲဒီတုန်းက မမက မနက် ရ နာရီဆိုရင် လှည်းတန်းရောက်ပြီ ၊
ကျနော်က မမနဲ့အတူ ကျောင်းဘက်ကိုလာ ၊ ရွာမမှာ လမ်းခွဲ ၊ ညနေ ၃ခွဲဆို မမနဲ့ ရွာမမှာ ပြန်ဆုံ ၊ လှည်းတန်းအထိပေါ့ ၊
အဲဒီတုန်းက မမက သိပ်အချိန်မှန်တယ်လေ ၊ နောက်မကျအောင် ကြိုးစားရတာက ကျနော်ပေါ့ ၊
ဒီလိုနဲ့ နေ့ရက်တွေကိုဖြတ်သန်း မစ်တန်း ကျောင်းပိတ်ချိန်ဆို ကျနော်က အလွမ်းသမားပေါ့ မမရယ် ၊
ဒါပေမယ့် မမရေ ကံကြမ္မာက ဖန်လာပြန်ပုံက ဆန်းတယ်ဗျာ ၊
ကြည်လဲ့လဲ့ မျက်ဝန်းတစ်စုံက ကျနော့်ကို ပြုစားခဲ့ပြီလေ ၊
ငယ်ကတည်းက စွဲလန်းခဲ့ရတဲ့ မမနဲ့ တဖြည်းဖြည်း ဝေးသွားခဲ့တယ် ၊
အဲဒီမျက်ဝန်း ကြည်လဲ့လဲ့လေးက ဟိုးဘက်တစ်လမ်းက လာသူမို့ မမ နဲ့ ကျနော် ဘယ်ဆုံဖြစ်တော့မလဲနော် ၊
ဒါပေမယ့် မမကိုတော့ ကျနော် သတိရရ နေတတ်ပါတယ် ၊
ကံဇာတ်ဆရာ လှည့်စားလို့ ပျော်ဖို့ဆိုတာတွေ ဝေးသွားပြီးတဲ့နောက် မျက်ဝန်းလဲ့လဲ့ပျောက်သွားခဲ့တယ်လေ ၊
အချိုးအကွေ့များစွာကြားမှာ သာမန်လူသားကျနော်ဟာလည်း အလဲလဲ အကွဲကွဲ မမြဲခြင်းတရားတွေနဲ့အတူ အရေထူလူသား ဖြစ်လာခဲ့ပါပြီ ၊
အချစ် ဆိုတာဟာ တယ်လည်းဒုက္ခပေးလှပါလားဗျာ ၊
အခုတော့ ကျနော်ဟာ အချစ်ဆိုတာ အလကားလို့ သဘောထား အလုပ်ကြားထဲမှာပဲ စိတ်ကိုနှစ်လို့ နေတတ်သလိုသာ နေနေပါပြီ ၊
တစ်ခါ တစ်ခါတော့လည်း မတွေ့တာ ကြာတဲ့ မမကို တွေ့ချင်မိသားကလား ၊
ဒါပေမယ့် အိမ်ကနေ ရုံးကို ကျနော် လာရာလမ်းမှာ မမမှ မရှိတာပဲလေ ၊
၄၅ ၄၈ ၁၇၄ ၁၈၈ ၂၂၆ အဲဒီနံပါတ်တွေနဲ့ပဲ မနက် ညနေ တွေ့ တွေ့နေရသမို့ မမဆီကို စိတ်ရောက်ပေမယ့် လူက ဝေးနေဆဲပါ ၊
ကြုံခဲ့ရင်တော့ဖြင့် လှည်းတန်းဘူတာမှာ မမကို လာရှာပါဦးမယ် ၊ မမ အချိန်မှန်သေးတယ်ဟုတ် ? ၊
၁ဝ တန်ကနေ ၁၀ဝ မကလို့ အဲယားကွန်းနဲ့မို့ ၄၀ဝ ပဲပေးရပေးရ မမက ကျနော့် မမပဲမဟုတ်လား ဟင် ၊
11 comments
black chaw
May 30, 2014 at 2:50 pm
အင်း…မမရောဂါ…။
ကိုမျိုးသန့် အိပ်မက်ထဲက ရထားကြီးပေါ့။
Myo Thant
May 30, 2014 at 3:01 pm
ကျနော်က ငယ်ငယ်ကတည်းက ရထားသိပ်ကြိုက်တာ ၊
ကံဆိုးလို့လား ကံကောင်းတာလားတော့မသိ ၊
စက်ခေါင်းမောင်း သိပ်ဖြစ်ချင်တာ ဖြစ်မလာဘူး ၊
ခင် ခ
May 30, 2014 at 3:01 pm
အခု မမ က ဂျပန် နဲ့ပေါင်းပြီး ဘာလုပ်မယ်ဆိုလား သတင်းကြားတယ်နော်။
alinsett (gazette)
May 30, 2014 at 3:05 pm
အဲဒိ မမ က တစ်နှစ်တစ်နှစ် သိန်းပေါင်းများစွာ
အရှုံးခံပြီး ပြေးဆွဲပေးနေရတာ ဆိုပဲ
Ma Ma
May 30, 2014 at 7:38 pm
နာမည်အလွဲသုံးစားလုပ်ထားလို့ တစ်ရာစွဲပါတယ်။ :boss:
အိနိယ၊ ဂျပန်နဲ့ စင်္ကာပူတို့မှာတော့ ရထားကိုပဲ အဓိကအားထား အသုံးပြုနေရတာ။
လမ်းပန်းဆက်သွယ်ရေးမှာလည်း ရထားက အဆင်အပြေဆုံးလို့ထင်တယ်။
လူ၊ ကုန်ပစ္စည်း အများကြီးကို သယ်နိုင်တယ်။
စရိတ်စက နည်းတယ်။
သက်တောင့်သက်သာ စီးနင်းနိုင်တယ်။
ကိုယ့်သဘောနဲ့ဆိုရင်တော့ အခု ကားလမ်းတွေ ကြပ်တည်းပိတ်ဆို့နေတဲ့ခေတ်မှာ သွားလာရေး အဆင်ပြေစေဖို့ မမ ကို ကြိုဆိုပါတယ်။
Myo Thant
May 31, 2014 at 12:47 pm
တစ်ရာတော့ မလုပ်ပါနဲ့ မမရယ် ၊
တကယ်တော့ မမဆိုတာ မမပါပဲဗျာ ၊
lu lu
May 30, 2014 at 8:06 pm
ဪ မမ , မမ နဲ ့ဆုံရဦးမှာပေါ့
သွားအတူတူပြန်လည်းတူတူ မမ , မရှိရင် မဖြစ်တဲ့ဘွ
:buu:
Myo Thant
May 31, 2014 at 12:49 pm
မြစ်ကြီးနားရထားကိုလွမ်းတယ်
padonmar
May 30, 2014 at 10:15 pm
မမစီးကြည့်ချင်တယ်။
အရီးခင်
May 31, 2014 at 2:52 am
အာ ဟာ ဟ
ကိုမျိုးရေ။
စကထဲ က မမ ဘူသူဆိုတာ သိနေတယ်လေ။
သများလဲ မမ မှ မမ ပါဘဲတော်။
ကြည့်ပါလား။ ရွာထဲမလဲ “မမ” က အချစ်ဆုံးတွေထဲက တစ်ယောက်ပါဘဲ။
ဒါတော့ နောက်ဇာတ်လမ်းကြုံ မှ ပြောမယ်။ :-))))
kyeemite
June 2, 2014 at 2:19 pm
ကျုပ်လည်း မမ နဲ့ နှစ်များစွာ စခန်းသွားခဲ့သေးသပေါ့..ခီများလိုပြောရရင်
မနက်တိုင်း ကျိုက္ကလဲ့မှာ မမနဲ့တွေ့တယ်…သူနဲ့အတူ ကြို့ကုန်းထိသွား
အဲ့ကမှ မမနဲ့လမ်းခွဲပြီးကျောင်းတော်ကြီးကိုပြေးပေါ့….
ခုတော့ မမ နဲ့ အတူမသွားရတာကြာပေါ့..သတိတော့ရနေပါတယ်…