ငယ်သူငယ်ချင်း ဦးဇင်းထံသို့….Holiday Visit
ပီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောကြီး အိပ်ရာကနိုးတော့ ဘုရားစင်ကိုလှမ်းကြည့်မိရင်း
စိတ်ထဲ မှတ်မှတ်ရရ ဦးပဇင်းကြီးကို သတိရမိတယ်…ထူးဆန်းလိုက်တာ…မေ့နေမိတာကြာပြီ…
ဦးပဇင်းကြီးဆိုတာက…မှော်ဘီ ညောင်နှစ်ပင်ကျေးရွာ နောက်ထဲက လယ်ကွင်းပြင်ထဲ
တစ်ပါးထဲသီတင်းသုံးနေတဲ့ ဦးပဇင်းဦးပါမောက္ခ ပါ…..ထူးထူးခြားခြား သတိတရရှိတာနဲ့
သားငယ်ကိုနှိုးပြီး ဦးဇင်းကို သွားဖူးတွေ့ဖို့ စီစဉ်ပါတော့တယ်…မတွေ့တာလည်း …
အင်း…သုံးလေးနှစ်လောက်ရှိနေပြီ….ရှိရောရှိသေးရဲ့လား..ဆိုတဲ့ စိတ်လှုပ်ရှား းမှုနဲ့အတူ
မနက် ရ နာရီလောက်မှာ သားနဲ့နှစ်ယောက် ညောင်နှစ်ပင်ကိုထွက်ခဲ့ပါတော့တယ်….
ကြိုတင်အစီအစဉ်မရှိတော့ ဦဇင်းကိုကပ်စရာ ဘာမှလည်းမရှိပါဘူး…ဒါနဲ့ပဲ…
ထောက်ကြံ့ရောက်မှ လမ်းဘေးခဏရပ်ပြီး မုန့်ပုံးနဲ့ သစ်သီးသစ်နှံလေးတွေဝယ်ပြီး ဆက်ထွက်ခဲ့ပါတယ်…
.ထောက်ကြံ့ တိုးဂိတ်လွန်လို့ ရန်ကုန်မန္တလေး အမြန်လမ်းကူး
မရောက်ခင် လမ်းဘယ်ဖက် ညောင်နှစ်ပင်သို့ဆိုတဲ့ လမ်းခွဲထဲ ချိုးကွေ့ဝင်ခဲ့ပါတယ်…
ဒီလမ်းကို ကျုပ်အကြိမ်ကြိမ် သွားနေကျပါ…သုံးလေးနှစ်အတွင်း လမ်းက ပြုပြင်သူမဲ့
လို့ အတော်ပျက်စီးလို့နေပါတယ်…ဟိုးတုန်းက ညောင်နှစ်ပင်စခန်းမှာ သူတို့စိတ်ကြိုက်
ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ရေးနေကြတုန်းက ဒီလမ်းကြီးက ဖြူးနေခဲ့တာ…ခုတော့..
သူတို့လုပ်ချင်တာလုပ်ပြီးသွားတော့ ဒီဖက်ကိုလှည့်မကြည့်တော့ပါဘူး….
ကျုပ်လည်း တရားသဘောနှလုံးသွင်းပြီး ကားကိုကရုစိုက်မောင်းခဲ့ပါတယ်….
ညောင်နှစ်ပင်ရွာရောက်တော့ လမ်းဘေးဝဲယာ အိမ်ကြီးအိမ်ကောင်းတွေနဲ့
ဟိုးတုန်းကလို တောသဘာဝမတွေ့ရတော့ပဲ မြို့ငယ်လေးတစ်ခုလိုဖြစ်နေပါပြီ…
အိမ်ရှေ့တွေမှာလည်း ကားသစ်ကြီးတွေထိုးလို့…တော်တော်ပြောင်းလဲနေခဲ့ပါပြီ…
ဒါပေမဲ့..လမ်းတွေကတော့ တော်တော်ကြီးကိုဆိုးဝါးနေပါပြီ…တချို့နေရာတွေများဆို
ကားရပ်၊ ဆင်းကြည့်..ဘယ်လိုမောင်းရင် ကားအနာသက်သာဆုံးဖြစ်မလဲလို့..
စဉ်းစားပြီးမောင်းခဲ့ရပါတယ်…ဒါလည်း..ကားကတော့အထိုက်အလျောက် ထိတာပါပဲ
ကျုပ်သွားရမဲ့ ဦးဇင်းရဲ့ ဘုန်းကြီးကျောင်း ဘက်သွာတဲ့လမ်းကတော့ ပိုသာဆိုး…
တော်သေးဗျာ..မိုးတွင်းမဟုတ်လို့…မိုးတွင်းဆိုကားထားခဲ့ပြီး ခြေလျှင်ခရီးဆက်ရလောက်တယ်…
အခုတောင်…ချောက်သွေ့နေတဲ့ ရွှံ့တုံးတွေကို
ဖြတ်ပြီး ဦးဇင်းကျောင်းကိုအရောက် အသက်အောင့်မောင်းလာရတယ်…
လှည်းလမ်းလိုဆိုတော့..ဘေးနှစ်ဖက်က နိမ့်ပြီး အလယ်ကမို့နေတော့
ကားအောက်ဘိုက်ကိုလည်း တဒုံးဒုံး နဲ့ပွတ်လို့ပေါ့ဗျာ…
ကျောင်းရောက်ခါနီးတော့ ဦးဇင်းကိုယ်တိုင် ခင်းထားတဲ့ လမ်းလေးကိုရောက်လာပါတယ်
လမ်းကတော်တော်လေးကောင်းလာပေမဲ့ ဘေးဘီဝဲယာ မှာ
ထူထပ်စွာပေါက်ရောက်နေတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေက ကားရဲ့ ဘေးနှစ်ဖက်ကို တရွှီးရွှီးနဲ့ပွတ်လို့ပေါ့……
ဟော..ဟော..ဟော..ရွှေရောင်ဝင်းနေတဲ့ ဘုရားကိုမြင်ရပါပြီ…..ရောက်ပြီပေါ့…
ဟင်း..ကနဲ သက်ပြင်းချရင်း ကားကို သစ်ပင်အောက်တစ်ခုမှာထိုးရပ်လိုက်ပါတယ်..
သားနဲ့ ကျုပ် ဦဇင်း သီတင်းသုံးတဲ့ကျောင်းလေးကို လျှောက်လာခဲ့ပါတယ်….
ခဲလေသမျှ သဲရေပွဆိုသလို ဦးဇင်းကျောင်းလေးကပိတ်ရက်သားပါ…
ကျောင်းတံခါးရှေ့မှာ `ဦးဇင်းဆွမ်းခံကြွနေသည်´ ဆိုတဲ့ဆိုင်းပုဒ်လေးချိတ်လျှက်..
ဘာတတ်နိုင်မလဲ..အမောဖြေရင်း စောင့်ရုံပေါ့….
ဒါနဲ့ပဲ သားနဲ့ကျုပ် ဘုရားပေါ်တက်ပြီးဘုရားဖူးကြပါတယ်….
ဘုရားဖူးပြီး ဆင်းလာတော့ ဦးဇင်းကျောင်းနောက်ဖက်ခပ်လှမ်းလှမ်းမှာ..
သီလရှင်ကြီးတစ်ပါးကို လှမ်းတွေ့ ရလို့ အံ့ဩပြီး သူ့ဆီလျှောက်သွားလိုက်ပါတယ်..
အနားရောက်လို့ သေချာကြည့်မှ ဦးဇင်းရဲ့ မယ်တော်ကြီး ဖြစ်နေပါတယ်…
ကျုပ်ကို ရုပ်တရက် သူမမှတ်မိပါဘူး…ကျုပ်က..“အမေ…ကျနော်….ပါ”
လို့ပြောမှ မှတ်မိသွားပြီး ကျောင်းပေါ်တက်ဖို့ခေါ်တာနဲ့ သားဖနှစ်ယောက်တက်ကြပြီး
မယ်တော်ကြီးကို ကန်တော့…မာကြောင်းသာကြောင်း ပြောကြရင်းမှ…
ဦးဇင်း မနက်အစောကတည်းက ရွှေတိဂုံ ဖူးဖို့ ရန်ကုန်တက်သွားကြောင်းသိရပါတယ်။
အော်..လွဲတတ်လေခြင်း…ဒီတော့ ကျုပ်လည်း ဝယ်လာတဲ့ သစ်သီးတွေနဲ့ မုန့်ပုံးကို
မယ်တော်ကြီးကိုကပ်…စကားစမြီ ခဏပြောပြီး နှုတ်ဆက်ပြန်ခဲ့ပါတော့တယ်…
အပြန်လမ်းမှာတော့ မတွေ့ခဲ့ရတဲ့ ဦးဇင်း အကြောင်းစဉ်းစားနေမိပါတယ်….
သူ့အကြောင်းကလည်း အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်…
ဦးဇင်းက ကျုပ်နဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းပါ… သူကလည်း
ကျုပ်လိုစစ်သား သားသမီးတစ်ယောက်ပါ…ရ တန်းထိအတူနေခဲ့ပြီး
ကျုပ်အဖေ အလုပ်နဲ့ မန်းလေးပြောင်းရတော့မှ ကွဲခဲ့ကြတာပါ….
မန်းလေးကမှ ကျုပ်ရန်ကုန်ရောက်လို့ ဒေသကောလိပ်တက်နေတုန်း..တစ်ရက်
ကျုပ်အိမ်ကို ရုတ်တရက်ရောက်လာပါတယ်…ပြီးတော့..သူ့ကို စစ်သားစုဆောင်းရေး
လိုက်ပို့ပါတဲ့…ကျုပ်အတန်တန် တားမရတော့ ကျုပ်လည်း သူ့အထုတ်ကူထမ်းပြီး
မင်္ဂလာဒုံက စုဆောင်းရေးကိုလိုက်ပို့ ခဲ့ပါတယ်….အဲဒီမှာတစ်ခါ သူနဲ့ ဒုတိယအကြိမ်
အဆက်ပြတ်သွားခဲ့ပါတယ်….
တစ်ဆင့်စကားနဲ့သတင်းတွေ တော့ကြားရပါတယ်…
တပ်ထဲမှာ နှစ်ရစ်ရ…ဗိုလ်သင်တန်းဖြေခွင့်ရလို့…ဗိုလ်ကြီးတောင်ဖြစ်နေပြီဆိုပဲ
လူချင်းတော့ မတွေ့ဖြစ်ကြပါဘူး….
ကျုပ်ကျောင်းပီးလို့ အစိုးရအလုပ် လုပ်…အဲ့ကမှ ထွက်ပြီး ပဲခူးမြို့က
အထည်ချုပ်စက်ရုံမှာလုပ်နေတုန်း…ဗြုန်းကနဲ ပေါ်လာပြန်ပါတယ်…
ကျုပ်နေတဲ့အိမ်မှာ သူတစ်ညအိပ်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြော
ကြတာ..တော်တော်ညဉ့် နက်တဲ့အထိပါပဲ…
သူတပ်ကနေ ဆေးအဆင့်ချပြီး ထွက်ခဲ့ပြီတဲ့…တပ်ထဲဆက်နေလို့လည်း
မချမ်းသာနိုင်၊ စစ်တိုက်ရတာကိုလည်း စိတ်ကုန်နေလို့ပါတဲ့….
တပ်ကထွက်လိုက်ပြီးတော့ မိန်းမနဲ့လည်း အဆင်မပြေတော့ပဲ
ကွဲနေပြီလို့ပြောပါတယ်…ကလေးတစ်ယောက်ကတော့
သူ့အမေနဲ့ထားခဲ့သတဲ့…သူကတော့ ခြေသလုံးအိမ်တိုင်ပေါ့…
အခုဘာလုပ်မလဲ ဆိုတော့..သူ ဖားကန့်ကိုသွားပြီး…
ကျောက်တူးမယ်ပြောပြန်တယ်…ချမ်းသာမှ ပြန်လာမတဲ့…
နောက်နေ့မနက် နှုတ်ဆက်ပြီးထွက်သွားလိုက်တာ…ကျုပ်နဲ့
တတိယအကြိမ် အဆက်ပြတ်သွားပြန်ပါတယ်……
ကျုပ်လည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေတုန်း…သူထွက်သွားပြီး
၈ နှစ်ကျော်လောက်မှာ လုံခြုံရေးတစ်ယောက်က ဖုန်းနဲ့ သတင်းပို့လာပါတယ်…
ဦဇင်းတစ်ပါးက ကျုပ်ကိုတွေ့ချင်လို့ လွှတ်လိုက်ရမလားတဲ့…
ကျုပ်က လွှတ်လိုက်ဆိုတော့…သူကျုပ်ရှေ့ကိုရောက်လာပါတယ်…
ကျုပ်သူငယ်ချင်း မြင့်ဦး တစ်ဖြစ်လဲ ဦဇင်း ဦးပါမောက္ခ ဖြစ်နေပြန်ပါပြီ…
သူ ဖားကန့်မှာ တော်တော်ဒုက္ခခံပြီး နေခဲ့တဲ့အကြောင်းတွေ
ပြန်ပြောပြပါတယ်..နောက်တော့ စိတ်ပြောင်းပြီး ရာသက်ပန်
တရားဓမ္မနဲ့ မွေ့လျှော်တော့မယ် ဆုံးဖြတ်ပြီး ဘုန်းကြီးဝတ်လိုက်သတဲ့ဗျာ..
သူက ဖားအောက်တောရ ဆရာတော်ကြီးဆီမှာ ဘုန်းကြီးဝတ်ပြီး
တရားအလုပ်ကျင့်ကြံအားထုတ်ခဲ့တာ ခုဆို ၅ ဝါကျော်ပြီပြောပါတယ်…
ဖားအောက်တောရက ပြန်လာတော့ သူအိပ်မက်ထဲမှာ တွေ့တွေ့နေရတဲ့
အခုသီတင်းသုံးနေတဲ့ ညောင်နှစ်ပင်ရွာနောက်က နေရာလေးကိုလာခဲ့တာတဲ့..
သူရောက်ခါစက လယ်ကွင်းထဲက ညောင်ပင်အောက်မှာ တစ်ပါးထဲ
သီတင်းသုံးနေတဲ့အချိန် ရွာကလူတွေကလည်း ဘုန်းကြီးတစ်ပါးကြွလာပြီး
အပင်အောက်မှာ သီတင်းသုံးနေတာဖူးရတော့ ကြည်ညိုသူတွေစုပြီး
တဲလေးတစ်လုံးထိုးပေးကြသတဲ့…..အဲ့တဲလေးမှာ နေတုန်း နေ့တိုင်းလိုလို
အိပ်မက်ထဲမှာ သူ့ကို အသံကြီးနဲ့ ဘုရားတည်ဖို့ချည်း ပြောနေတာ
ကြားကြားနေရဆိုပဲ…ဘုရားကိုလည်း ရွှေစည်းခုံ ဘုရားအတိုင်း
ပုံစံတူတည်ရမတဲ့…သူလည်း ဘာတတ်နိုင်မှာလည်း..နေစရာတောင်အနိုင်နိုင်
မဟုတ်လား…ဆွမ်းကိုလည်း ရွာထဲက သဒ္ဒါသူတွေ လှုတာစားနေရတာလေ..
နောက်တော်တော်ကြာလို့ ရွာသူားတွေနဲ့ ရင်းနှီးလာတော့
ဦးဇင်းရဲ့ ထူးခြားတဲ့ အိပ်မက်အကြောင်းကိုပြောပြပါသတဲ့….
အဲ့သတင်းရွာကိုပြန့်သွားပြီးတော့…ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ရောက်လာပြီး
သူလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက မကြာမကြာမက်လေ့ရှိတဲ့အိပ်မက်ထဲမှာ
ဒီနေရာကို ဘုန်းကြီးတစ်ပါးကြွလာပြီး ရွှေစည်းခုံဘုရားကြီးနဲ့ပုံစံတူ စေတီတစ်ဆူတည်တာ
ကိုဖူးတွေ့ရတတ်ကြောင်း ဦးဇင်းကို ပြောပြတယ်ဆိုပဲ…ဒါကြောင့် ဘုရားတည်မယ်ဆို
သူမြေလှုပါ့မယ်ဆိုပြီး ဦးဇင်းကို မြေတစ်ဧက စလှုတယ်ဆိုပဲ…အဲ့နောက်တော့
တစ်ဆင့်စကားနဲ့ ရန်ကုန်ကပါသိလာပြီး လာဖူးသူ လာလှုသူတွေ တော်တော်များလာခဲ့တယ်
ဆိုပါတယ်…ဒါပေမဲ့ ဘုရားတည်လောက်အောင်တော့ မဖြစ်သေးဘူး…ဒါပေမဲ့
ခုကတည်းက ဘုရား ပုံစံငယ် လုပ်ထားချင်လို့ ကျုပ်ကိုသတိရပြီး အကူညီတောင်းဖို့လာတာလို့ပြောပြပါတယ်…တကယ်တော့ သူ့ပုံက
ကျုပ်ကို တာဝန်ယူပါလို့ ပြောသလိုပါပဲ…..ကျုပ်ကလည်း ငယ်သူငယ်ချင်းလည်းဖြစ်
ကောင်းတဲ့ကိစ္စလည်းဖြစ်တာမို့ မဖြစ်ဖြစ်အောင် ကူညီမဲ့အကြောင်း ကတိပေးလိုက်ပါတယ်…
သူပြန်ကြွသွားတော့ ကျုပ်မှာ ကတိသာပေးလိုက်တာ ဘယ်ကဘယ်လိုလုပ်ရမှန်းမသိ…
ပဲခူးမြို့က ပလာစတာရုပ်လုပ်ရောင်းတဲ့ နေရာတွေလျှောက်သွားစုံစမ်း…
အဆင်မပြေပါဘူး…သူတို့က စကေးကိုက်မလုပ်နိုင်ကြပါဘူး….
စိတ်ထဲမတော့…ဦးဇင်းကြီးရဲ့ စင်ကြယ်တဲ့ သီလသမာဓိကြောင့်
သူလိုချင်တာဖြစ်ကိုဖြစ်မှာလို့ ယုံနေမိပါတယ်….
ဦးဇင်း ပြန်သွားပြီးကတည်းက ကျုပ်လည်းထူးထူးဆန်းဆန်း စိတ်ကူးပေါက်လို့
မနက်တိုင်းစောစောထပြီး အဓိတ်ဋ္ဌာန် ပုတီးနေ့တိုင်းစိတ်ဖြစ်ပါတယ်….
ဒီလိုနဲ့နေလာရာက တစ်နေ့တော့ အမှတ်မထင် ကျုပ်တို့ စက်ရုံ လမ်းထိပ်၊
ကောလိပ်နဲ့ မျက်နှာချင်းဆိုင်မှာ..အသစ်တည်နေတဲ့
ဘုရားကြီးဖက် ညနေစောင်း လမ်းလျှောက်ထွက်ခဲ့ပါတယ်….
ဘုရားကြီးက ကြေးဆင်းတုတော်ကြီးပါ..မပီးသေးပါဘူး
ဒီလိုနဲ့ဘုရားဝင်းထဲလမ်းလျှောက်ရင်း ထူခြားတာတစ်ခုသွားတွေ့တယ်..
အဲဒါကတော့…ဘုရားဝန်း ခြံစည်းရိုး နံရံပါတ်လည် မှာတင်ဖို့ စေတီငယ်လေးတွေ
မိုလုပ်ပြီး အင်္ဂတေနဲ့ ပုံလောင်းနေတာပါ…ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ
ကျုပ်မှာ နီးရက်နဲ့ ဝေးနေခဲ့တာပါလား….
ကျုပ် ဦဇင်းကိုပေးလိုက်တဲ့ ကတိ ကိုသတိရသွားတယ်….
ဒါနဲ့ပဲ ဘုရားကိုတာဝန်ယူ တည်ပေးနေတဲ့ ဆရာကြီးနဲ့ဝင်တွေ့ပါတယ်…
ကံကောင်လိုက်ပုံများကတော့ ဆရာကြီးက မြန်မာပြည်အနှံ့က ဘုရားတွေ
အကုန်ရင်းနှီးတဲ့အပြင် ပုဂံက ဘုရားစေတီ တွေရဲ့ Drawing အသေးစိတ်
စာအုပ်ကြီးပါရှိနေတာကိုး…ကျုပ်လည်း ကျုပ်လိုချင်တာတွေပြောပြတော့
သူက ရွှေစည်းခုံ ပုံစံတူ စေတီငယ်လုပ်ပေးပါ့မယ်..အချိန်တော့နဲနဲစောင့်ပါဆိုလို့
ဝမ်းသာအားရ အလုပ်အပ်ခဲ့လိုက်ပါတယ်…..ကုန်ကျစရိတ်တော့ ကြိုမပြောနိုင်ပါဘူး
ပြီးမှ ကျသလောက်ပေးပါလို့ဆိုပါတယ်…ကိစ္စမရှိပါဘူး..ဦးဇင်းလိုတဲ့အတိုင်း
အတိအကျ ပုံစံငယ်ရရင်ပီးတာပဲလို့ ပဲတွေးလိုက်ပါတယ်..(တကယ်ပြီးတော့..
စုစုပေါင်းကုန်ကျစရိတ်က လက်ခအပါ ၃၂၅၀၀ဝ ကျပါတယ်)
အပြန်လမ်းတလျှောက်တော့ ကျုပ်မှာပျော်လွန်းလို့ စိတ်လက်ပေါ့ပါးနေပါတော့တယ်…
နောက်နေ့က စပြီး ကျုပ်ညနေတိုင်း မှာထားတဲ့စေတီငယ်လေးလုပ်တာသွားသွား
ကြည့်နေလေ့ရှိပါတယ်…ဆရာကြီးဟာ ပုဂံဘုရား Drawing စာအုပ်ထဲက ရွှေစည်းခုံ
စေတီအတိုင်းအတာ အတိုင်း စကေးချပြီး ပုံစံငယ်ကို အနုစိတ်လုပ်နေတာတွေ့ရပါတယ်..
ပထမ ရွှံ့နဲ့ ပုံစံလုပ်ပါတယ်…ရွှံ့ပုံစံစေတီလေး အနုစိတ်ပြီးမှ အဲ့ပေါ်ကပလာစတာကပ်ပြီး
ပုံစံခွက် နှစ်ခြမ်း ရအောင်လုပ်ယူပါတယ်…
ပုံစံခွက်ရတော့မှ….ပုံစံခွက်နဲ့စေတီငယ်လုပ်ယူတာပါပဲ…
တစ်လလောက်ကြာပါတယ်…ရခါနီးတော့မှ…ဦးဇင်းဆီသွားပြီး သတင်းပို့လိုက်ပါတယ်..
ဘုရားပရဝုဏ်အတွက် မြေလည်း ၃ ဧက လှုဖြစ်ခဲ့ပါတယ်….(တစ်ဧကကိုမှ သောင်းဂဏန်းပါ)
ပုံစံငယ်က တစ်ပိုင်းစီလုပ်ထားတာဆိုတော့ ပို့တဲ့နေ့မှာ ဆရာကြီးရဲ့ တပည့်တွေပါလိုက်ပြီး
သေချာ လိုက်ဆင်ပေးပါတယ်…ဦးဇင်းလည်း ပီတိတွေဖြစ်လို့….
“ဦးဇင်းသိနေတယ်…သူငယ်ချင်းကိုတာဝန်ပေးရင် အောင်မြင်မယ်ဆိုတာ..”လို့ ပြုံးပီးမိန့်ပါတယ်
စေတီပုံစံငယ် ဦးဇင်းကျောင်းကို အောင်မြင်စွာ အရောက်ပို့ပေးပြီး နောက်
ကျုပ်လည်း ဦးဇင်းဆီ သိပ်မရောက်ဖြစ်တော့ပါဘူး…ကျုပ်အလုပ်နဲ့ကျုပ်ရှုပ်နေခဲ့တာပါ…
၂၀၀၆ ဖေဖေါ်ဝါရီလမှာတော့ ကျုပ်ရဲ့ဘော့စ် ခေါ်သွားလို့ ဟောင်ကောင်၊ မကာအို နဲ့
ကွမ်ဂျိုး တို့ကို အလည်ရောက်ဖြစ်ခဲ့ပါတယ်…အဲ့ခရီးစဉ်မှာ ဟောင်ကောင်က
အထင်ကရ ဗုဒ်ဓကြေးဆင်းတုတော်ကြီးကို ဖူးခဲ့ရသလို ပုံစံတူ ကြေးဆင်းတုငယ်လေး
တစ်ဆူလည်း အမှတ်တရ ဝယ်လာဖြစ်ပါတယ်…
ရန်ကုန်ပြန်ရောက်တော့ ဟောင်ကောင်က ဝယ်လာတဲ့ ဆင်းတုတော်လေးကို
ဦးဇင်းကို ပြချင်စိတ် ပေါ်လာတာနဲ့ တနင်္ဂနွေ ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့
ဦးဇင်း ကျောင်းကို မိသားစုနဲ့အတူ သွားဖြစ်ခဲ့ပါတယ်….
ထူးဆန်းတာလား…တိုက်ဆိုင်တာလားတော့မသိ…အံ့ဩစရာကောင်းတာတော့အမှန်ပါပဲ
ဦးဇင်းကျောင်းရောက်တော့ ဦးဇင်းတည်တဲ့ ဘုရားကြီးက ပြီးလုလုဖြစ်နေပြီး
ဋ္ဌာပနာ ပိတ်ပွဲနဲ့ တန်းတိုးလို့နေပါတယ်…ဦးဇင်းကပြုံးပြီး….
“ဒီနေ့ဋ္ဌာပနာပိတ်ပွဲလေးလုပ်ဖို့ ရည်စူးထားလို့ မနေ့ထဲက ဒကာကြီးကို သတိရနေတာ
…လာစေချင်နေတာ…အကြောင်းကြားဖို့ခက်နေလို့….ဒါပေမဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာပေတာပဲ”…လို့မိန့်ပါတယ်…
ကျုပ်လည်း ရတဲ့အခွင့်အရေးလက်လွတ်မခံပဲ ကျုပ်ယူသွားတဲ့ ဟောင်ကောင်က
ကြေးဆင်းတုတော်လေးကို ဘုရားမှာဋ္ဌာပနာဖို့ ဦးဇင်းကို လှုလိုက်ပါတော့တယ်…
မိသားစုအားလုံးလည်း ကိုယ်တိုင်ဋ္ဌာပနာခဲ့ရလို့ ဝမ်းသာပီတိတွေဖြစ်လို့ပေါ့…
(ဦးဇင်းတည်တဲ့ဘုရားမှာ ဋ္ဌာပနာဖို့ ဟောင်ကောင်က ဘုရားတော်ပုံပွား ပါကြွလာရတာ အံ့ဩစရာပါ)
ဋ္ဌာပနာတော် သွတ်သွင်းတဲ့ အစီအစဉ်က ရိုးရိုးလေးပါ…ဘာ ပကာသနမှမပါ
ရွာထဲက အလှူရှင်တချို့၊ အာဂန္တု ဘုန်းကြီးနှစ်ပါး၊ ယောဂီဝတ်တစ်ဦးနဲ့
ကျုပ်တို့မိသားစုပါပဲ…အားလုံး ဦးဇင်းဆီမှာ ငါးပါးသီလခံယူကြပြီး
ဋ္ဌာပနာတွေကိုလက်ဆင့်ကမ်းသယ်ကြပြီး စေတီတော်ပေါ်တင်ပေးကြ…
ဦးဇင်းကြီးက ကိုယ်တိုင်ဋ္ဌာပနာသွင်းတော်မူပါတယ်….
ဒါက ဋ္ဌာပနာတိုက်အောင်မြင်စွာပိတ်အပြီး အမှတ်တရ ဦးဇင်းကိုယ်တိုင်ရိုက်ပေးတာပါ…ဒါကြောင့်ပုံမှာသူမပါပါဘူး…
သမီးနဲ့သား ဦးဇင်းစိုက်ပျိုးထားတဲ့ မဟာဗောဓိပင်အောက်မှာ
ဒီနေ့လည်း ဦးဇင်းနဲ့ မတွေ့ခဲ့ရပေမဲ့…ဘုရားကြီးဖူးခဲ့ရလို့ ကျေနပ်ပါတယ်လေ…
အခုသွားတဲ့အချိန်ဖူးခဲ့ရတဲ့ ရွှေစည်းခုံစေတီ ပုံစံတူ ဘုရားလည်းဖူးကြပါအုံးနော…
တော်သေးပြီဗျာ…
ထာဝရလမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၃၀၊ ၅၊ ၂၀၁၄
25 comments
ကေဇီ
May 30, 2014 at 12:00 pm
သာ ဓု ခေါ် ပါတယ် မိုက်မိုက်ရေ။
ကျနော့ အပေါင်းအသင်းထဲတော့ အဲလို သာသနာ့ ဘောင် ဝင်တဲ့သူမရှိသေးဗျ။
😀
kyeemite
May 30, 2014 at 1:50 pm
အပေါင်းအသင်းတွေထဲက သာသနာ့ ဘောင် ဝင်တဲ့သူမရှိသေးရင် ကေဇီ ဝင်လိုက်ပေါ့ 😀
ဦးကျောက်ခဲ
May 30, 2014 at 12:05 pm
ဖတ်ပြီး ဝမ်းသာကြည်နူးရကြောင်းပါ အကိုမိုက်ရေ…
ယုံသော်ရှိ မယုံသော်ရှိ ၊ ပဋ္ဌာန်းဆက်လို့ ဆိုကြတာပဲ…
အကိုမိုက်ရဲ့ ကုသိုလ်တော်အစုစုအတွက် “သာဓု… သာဓု… သာဓု” ပါခင်ဗျာ…
🙂
ROssI
May 30, 2014 at 12:08 pm
အပေါ်က အာလဖွားယီး ပြောတဲ့အတိုင်း…
😀
ကေဇီ
May 30, 2014 at 12:10 pm
ကတောက်!!
အေးအေးကို သာဓုမခေါ်ရဘူး ။.
မတမ ရွစိ (ခွက်ဒစ်တူ ဝါးးး)
👿
ROssI
May 30, 2014 at 12:18 pm
ကျော့်ကို မဆဲပါနဲ့ဗျာ ..ကျော့် ခေး ကြားရင်.. စိတ်မကောင်းဖစ်ရှာရော့မယ်…
ဒချိ ဒချိ
kyeemite
May 30, 2014 at 2:09 pm
ဒါဆိုရင်တော့ မရိုစီလဲ အပေါ်က အာလဖွားယီး နဲ့အတူ ဖွားသီလဝတ်တော့…ခိခိ 😀
ခင် ခ
May 30, 2014 at 12:16 pm
ဘုရားဖူးခွင့်ကြုံရတဲ့အတွက် ကျေးဇူး ဦးမိုက်ရေ။
စာထဲမှာ ညောင်နှစ်ပင်စခန်းဆိုတာလေးဖတ်လိုက်ရတာရယ် လက်ရှိဖြစ်နေတဲ့ အခြေအနေရယ် ပေါင်းစပ်ပြီ မနေနိုင်တာနဲ့ ကဗျာလေးတစ်ပုဒ်တော့ ဝင်ပွားခဲ့ပါရစေနော်။
ဟေ့လူတွေ ဟေ့လူတွေ
အိမ်ထဲမှာဘဲ မနေနဲ့
နားလေးဘာလေး စွင့်ပါကွယ့်
နိုင်ငံရေးက ပြောင်းမှာလား
နိုင်ငံကြီးက ရောင်းကာထား
ဒို့တွေထွက်တဲ့ ဂတ်ငွေ့တွေ
ထိုင်းနိုင်ငံကို ရောင်းထားသလေ
မြေပေါ်မြေအောက် သတ္ထုများ
တရုတ်ပြည်ကို လမ်းသလား
ရှိသမျှကျွန်းသစ် ကုန်ပြီကွယ်
ခုတ်ခဲ့ကြတာ နေမနားညမနား
လျှပ်စစ်မီးလည်း ထွက်ပါတယ်
မသုံးပါနဲ့ ပြည်ပပို့ဖို့
အခွံဘဲကျန်တဲ့ ဒို့တိုင်းပြည်
ပြန်လည်ကြိုးစား တည်ထောင်သွားဖို့
လက်မှတ်ထိုးလေး လှမ်းခဲ့ဗျို့။
လုံမလေးမွန်မွန်
May 30, 2014 at 12:24 pm
သာဓုခေါ်ပါတယ် အူးမိုက်ရေ..
ကိုယ်တိုင်လှူရသလိုကို ပီတိဖြစ်မိပါတယ်…
weiwei
May 30, 2014 at 1:19 pm
စိတ်တန်ခိုးတွေက အံ့ဩစရာကောင်းတယ်နော် ..
အခုလဲ ပဌာန်းဆက်တစ်ခုကြောင့် ဒီအကြောင်းတွေသိရပြီး ကြည်ညိုစရာ စေတီတော်တစ်ဆူကို ဖူးမြင်ရလို့ ကြည်နူးပီတိဖြစ်ရပါတယ် ..
kyeemite
May 30, 2014 at 2:03 pm
ဦးကျောက်ခဲ
မရိုစီ
ကိုခင်ခ
လုံလုံ
မဝေတို့ကို စိတ်ရှည်စွာဖတ်ပေး မန့်ပေးကြလို့ ကျေးဇူးပါဗျာ…..♪ ♫☺☼
ကျနော်ရေးထားတာကြာပါပြီ…ခုမှလက်စသတ်ပြီးတင်လိုက်တာ…
သူငယ်ချင်းဦးဇင်းဆီရောက်တိုင်း ကျုပ်ကို ဘုန်းကြီးဝတ်ဖို့ချည်းတိုက်တွန်းနေလို့
သားသမီးနှစ်ယောက်ခေါ်ခေါ်သွားရတယ်…အကြောင်းပြဖို့ 😀
black chaw
May 30, 2014 at 2:21 pm
အင်း…ကိုမိုက်တောင် ဘာသာရေးဘက်ခြေဦးလှည့်နေပြီပေါ့။
သာဓု ပါဗျာ သာဓုပါ။
😀
kyeemite
May 30, 2014 at 2:56 pm
ရဲဘော်ဘလက်…ကျုပ်က ခုထိ မီးစတစ်ဖက် မှေုတ်တစ်ဖက်ပါဗျာ 😀
ဒီတစ်ခါသွားရင်ခီများကိုပါခေါ်မယ်..လိုက်ခဲ့နော်
~~~~~~~~~~~~~~~~~~
ဦးဦးပါလေရာ
May 30, 2014 at 2:22 pm
.အေးဗျာ…
.ကိုမိုက်ပြောမှပဲ တစ်ချို့ကိစ္စတွေက မမြင်နိုင်တဲ့အတိတ်အကြောင်းတွေရှိတတ်တာကို စဉ်းစားမိတယ်…
.အကြောင်းညီညွတ် အကြောင်းတိုက်ဆိုင်သွားတဲ့အခါ မထင်မှတ်ထားတာတွေ ဖြစ်တတ်သပေါ့…
.စေတီပုံကလဲ ကြည်ညိုဖွယ်ကောင်းလိုက်တာ
.ဘုရားဝင်ဖူးသွားပါတယ် ကိုမိုက်ရေ..
kyeemite
May 30, 2014 at 3:08 pm
ဦးပါရေ…အမှန်တကယ်အံ့ဩစရာပါဗျာ
ကျုပ်သူငယ်ချင်းအကြောင်းကျုပ်သိတယ်..သူက တခုခုဆုံးဖြတ်ပြီးပီဆို
တစိုက်မတ်မတ်ဇွဲနဲ့ကြိုးစားလေ့ရှိတယ်…ခုလည်း စကတည်းက တစ်ပါးတည်း ဧကစာရီကျင့်သုံးနေတာ
တရားအလုပ်တစ်ခုပဲတစိုက်မတ်မတ်လုပ်တော့ သူတောင့်တလိုက်ရင် အလိုလိုဖြစ်လာတတ်တာသတိထားမိတယ်ဗျ…အဲလိုနေရာမျိုး ဒီဘုရားကြီးတည်ဖို့ ပုံမှန်ဆိုဘယ်လွယ်ပါ့မလဲ…
နောက်တော့လည်း လုပ်ရင်းနဲ့အောင်မြင်သွားတာပဲ…
ဘုရားစတည်ကတည်းက ထီးတော်တင်ပြီးဆုံးသည်ထိ သက်သတ်လွတ်ဖုန်းပေးပြီး
ကိုယ်တိုင် ကြီးကြပ်ပြီးတည်ခဲ့တာ…တရားထူးအမှန်ရမဲ့ပုဂ္ဂိုလို့ ကျုပ်ယုံတယ်
ကြုံရင်တစ်ခေါက်လောက်အတူသွားချင်ပါသေးတယ် 🙂
kyeemite
May 30, 2014 at 3:33 pm
ဘုန်း နဲ့ ဖုန်း မှားသွားတယ် ဆောဒီးပါ 😛
alinsett (gazette)
May 30, 2014 at 3:00 pm
ဟောင်ကောင်က ဘုရား ရုပ်တုကြီး ကြည့်သွားပါကြောင်း
ကိုယ်တိုင်ကိုယ်ကျ
သွားပြီး ကြည့်ချင်မိပါကြောင်း
ဦးကျောက်ခဲ
May 30, 2014 at 3:06 pm
ကြည့်ချင်ရင်လာခဲ့… လိုက်ပို့ပေးမယ်…
😀
lu lu
May 30, 2014 at 5:29 pm
စိ်တ်ထဲမှာအရမ်းကိုပီတိဖြစ် ရပါတယ်
ကိုကြီးမိုက် ရဲ ့အလှူကို သာဓု အကြိမ်ကြိမ် ခေါ် သွား
ပါတယ် နော့ နောက် ထပ် အလှူပေါင်းများစွာကိုလှူဒါန်း
နိုင် ပါစေလို ့ မေတ္တာ ပို ့ပါတယ်
padonmar
May 30, 2014 at 8:43 pm
ဦးမိုက်ဘုရားလည်း ဖူးချင်တယ်၊ဟောင်ကောင်ဘုရားကြီးလည်းဖူးချင်ပါတယ်။
တော်တော့ကို သပ္ပါယ်ပါတယ်။
ပဋ္ဌာန်းဆက်ဆိုတာကို ပြောရင် လူတွေက ဥစ္စာစောင့်တို့ လူဝင်စားတို့ ဆိုတာတွေနဲ့ ရောတွေးတတ်ကြတယ်။
တကယ်တော့ အကြောင်းကြောင်းကြောင့် ဆိုင်ရာ အကျိုးတွေ ဖြစ်လာတယ် လို့ ပြောချင်တာပါပဲ။
အရီးခင်
May 31, 2014 at 3:19 am
ဒီလို ကြွားစ် လို့ ရရိုးလား။
သများလဲ နက်ဖြန် ဘုန်းကြီးကျောင်း သွားမလို့ပါ ကကြီးမိုက်ရယ်။
ရွှေစည်းခုံစေတီ ပုံစံတူ ဘုရား က အတော်လေး ကအချိုးအစားပြေပြစ် ပြီး အတော်သပ္ပါယ်ပါတယ်။
သာဓု၊ သာဓု၊ သာဓု ပါ။
့လောကကြီးထဲ မှာ ကိုယ်မသိနိုင် မမြင်နိုင် တဲ့ ဆန်းကျယ်မှု တိုက်ဆိုင်မှု တွေ ရှိတာ မယုံချင်ခဲ့လည်း လက်ခံပါတယ်။
အသက်ကြီးလာချိန် ကိုယ်သိနေတဲ့ ဘောင်က ကျဉ်းပြီး ဘောင်ထဲက လွတ်နေတာတွေ အများကြီးရှိနေတာပိုပြီး သိလာပါတယ်။
သမီး နဲ့ သား ရဲ့ လွန်ခဲ့တဲ့ ၈နှစ်က ပုံပေါ့လေ။
ကလေးတွေ ဆိုတာ ၈နှစ် အတွင်း အများကြီးပြောင်းသွားတာနော။
သူတို့ ငယ်တုန်းက ပုံလေးတွေ ပြန်ကြည့်ရင် ဘာမှန်းမသိ …. လွမ်းတယ်။
kyeemite
June 2, 2014 at 8:37 am
အရီးခင် says:ရွှေစည်းခုံစေတီ ပုံစံတူ ဘုရား က အတော်လေး ကအချိုးအစားပြေပြစ် ပြီး အတော်သပ္ပါယ်ပါတယ်။
ဟုတ်တယ် အရီးမုတ်ဆိတ်ရေ…ပုံစံငယ် လုပ်ပေးတဲ့ဆရာကြီးမှာ ပုဂံဘုရားတွေရဲ့ အာခီတက်ချာ ပုံတွေ
မူလအတိုင်းအတာတွေနဲ့တကွရှိပါတယ်…အဲ့ဒါနဲ့တွက်ပြီး စကေးကိုက်လုပ်ပေးတာ…
ဦးဇင်းကလည်း အဲဒီစကေးကိုက် ဘုရားပုံစံငယ်က အတိုင်းအတာကိုယူ၊ တည်မဲ့ဘုရားဉာဏ်တော်ပေါ်
မူတည်တွက်ချက်ပြီးတည်တာပါ…..ဒါကြောင့် အချိုးအစားပြေပြစ်တာပါ..ကျေးကျေး
တညင်သား
May 31, 2014 at 8:17 am
ကြီးမိုက်ဆိုတာ ဘုရားဒကာ….
Ma Ma
June 1, 2014 at 11:44 am
တိုက်ဆိုင်မှုတွေက အံ့ဩစရာပဲ။
မထင်မှတ်ပဲ ပြုခဲ့ရတဲ့ကုသိုလ်က တစ်ဘဝလုံးမှာ အမှတ်ရတိုင်း ကုသိုလ်တွေ တိုးပွားနိုင်ပါစေ။
သာဓု သာဓု သာဓု
🙂
ခေတ်သစ်ပေါက်ကျိုင်း
June 2, 2014 at 12:24 am
သာဓု…သာဓု…သာဓု ပါ ကိုကြီးမိုက်…ဘုရားဒကာကြီးဖြစ်ဖို့ဆိုတာ အကြောင်းပါခဲ့လို့တိုက်ဆိုင်မူတွေဖြစ်လာတာလို့မှတ်တယ်…ယခုပြုရသော ကောင်းမူကံကြောင့် ယခုဘဝတွင်သာမကသံသရာမှာလည်းကောင်းမူများတိုးနိုင်ပါစေ…နိဗ္ဗန်မရောက်မခြင်းတော့သံသရာကရှိနေအုံးမှာပဲလေ…