ကိုယ်ပိုင်ဆိုင်တဲ့ကမ္ဘာ
ကိုယ်ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ အိမ်ကလေးတစ်လုံးရယ်
အိမ်ကလေးထဲမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ်၊ မောင်နှမတွေရယ်
ဖြစ်သလို လုပ်ယူရတဲ့ ကျေနပ်နှစ်သိမ့်မှုအချို့ရယ်
မဖြစ်လာသေးပေမယ့် စိတ်ကူးနဲ့ ပုံဖော်ယူမိတဲ့ အရှေ့ညလေးရယ်
လက်မဆုံဖြစ်ကြတဲ့ မိသားစုထမင်းဝိုင်းလေးရယ်
ဆယ်ပေအခန်းကျဉ်းလေးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ဘဝလေးရယ်
မိဘတွေရဲ့ ပေးစွမ်းနိုင်တဲ့ လုံခြုံတဲ့ မေတ္တာနွေးနွေးထွေးထွေးလေးရယ်
တစ်ခါတစ်ရံ ညည်းတွားတတ်တဲ့ မေမေရဲ့ညည်းတွားသံလေးရယ်
ဝန်းကျင်အနွမ်းရဲ့ ဆင်ခြေဖုံးထဲက အလုပ်သွားလမ်းကလေးရယ်
မျှော်လင့်ခြင်းတွေကို ဝေခြမ်းထားတဲ့ အိပ်မက်ဆန်းဆန်းတွေရယ်
ငြီးငွေ့မှုတွေကို အစားမထိုးနိုင်သေးတဲ့ ပစ္စုပ္ပန်အဟောင်းတွေရယ်
ချို့ငဲ့မှုတွေကို ကြွယ်ဝစွာ အုပ်မိုးပေးထားတဲ့ မေတ္တာတရားတွေရယ်
စိတ်ကျမှုဖြစ်လာတိုင်း အိပ်မက်ထဲမှာ အမြဲရောက်ရောက်လာတတ်တဲ့ အိပ်မက်သခင်ရယ်
အရာအားလုံးဟာ လောကထောင့်ကျဉ်းထဲက အိမ်ကလေးတစ်လုံးထဲမှာ
စုပြုံရောက်ရှိနေခဲ့တာဟာ လောကရဲ့ ကံတရားတွေပါ
ကံဇာတ်ဆရာရဲ့ စေခိုင်းရာအတိုင်း လူးလွန့်ကခုန်ရင်း
အိမ်ကလေးထဲက ခရီးသည်များ
သံသရာရဲ့မွန်းကျပ်မှုမှ လွတ်မြောက်ကြပါစေသား……
3 comments
True Answer
January 17, 2012 at 5:06 pm
Life is a spiritual journey.
It is neither for attachment nor dislike.
It is just to use for right understanding of life.
Diamond Key
January 17, 2012 at 5:15 pm
အမြဲတမ်း မှောင်မနေတဲ့ ညလေးရယ်၊
မနက်ခင်းမှာ အရောင်မှိန်မှိန်နဲ့ တဖြည်းဖြည်း ပေါ်လာတဲ့ ရောင်နီဦးလေးရယ်၊
ကံဇာတ်ဆရာရဲ့ စေခိုင်းရာအတိုင်း မှာ
ဇီးသီးသည် မဗျိုင်း မဖြစ်ဖို့လေးရယ်ပါနော်…………
manawphyulay
January 17, 2012 at 5:20 pm
ခုချိန်ထိတော့ မဗျိုင်းက ဖြူသလား မဲသလား မသိသေးပါဘူး ဦးဦးစိန်ရေ… 🙁