ကလေးအိုကြီးများ…..

JuemyitAugust 12, 20101min1502

I am not young enough to know everything.
(Oscar Wilde)
ကျုပ်က အားလုံးကို သိရလောက်အောင် ကလေးမဟုတ်ဘူးဗျာ့။

ဒီစာတမ်းလေးကို ဖတ်မိတော့ ကျနော် လူအတော်များများကို မျက်စိထဲမြင်ယောင်လာမိတယ်။ ကိုယ့်ကိုယ်ကို
အကုန်သိသလောက်နီးပါးထင်နေတဲ့လူေ

တွပေါ့။ သူ့ဘာသာသူအဲဒီလိုထင်နေတာက
ပြဿနာမဟုတ်သေးဘူး။ သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့လောက်မသိဘူးလို့ပါ
အထင်ရောက်နေတတ်တယ်။ တကယ်တော့ အတော်သနားစရာကောင်းတဲ့ လူတွေပေါ့ဗျာ။ အဲဒီလို
လူမျိုးကို အော်စကာဝိုင်းရဲ့စကားနဲ့ပြောရရင်တော့ ကလေးသာသာ လူတွေပေါ့။

အသိလောက၊ အသိနယ်ပယ်မှာ သိမှုတွေ၊ အထင်ရောက်မှုတွေဟာ ပြောင်းပြန်ဖြစ်နေတတ်တယ်။
နည်းနည်းလေးပဲသိတဲ့လူတွေဟာ ကိုယ့်ကိုယ်ကို
အများကြီးသိတယ်လို့အထင်ရောက်နေတတ်ပြီးတော့ အများကြီးသိနေတဲ့လူတွေကျပြန်တော့
ဘာမှကို မသိရသေးဘူးလို့ မြင်တတ်ကြတယ်။ ဒါကြောင့်လဲ ဒဿနိကဗေဒပညာရပ်ရဲ့
ဘိုးအေကြီးဖြစ်တဲ့ ဆောခရတိ္တတို့လို ပညာရှိကြီးတွေက ပြောခဲ့ကြတာပေါ့။ I know nothing except the fact of my
ignorance. ငါဘာမှမသိသေးဘူးဆိုတာကလွဲရင် ကျန်တာကျုပ်မသိပါဘူး၊ လို့။

ဒီနေရာမှာ ကျနော်ဖတ်ဖူးတဲ့ ဘုရားစာပေထဲက အဆိုအမိန့်တစ်ခုကို သွားသတိရမိတယ်။ နာမည်ကျော် ဓမ္မပဒကျမ်းထဲကပါ။
ကိုယ် မသိတာကို မသိဘူးလို့ သိတဲ့လူဟာ ပညာရှိ၊ မသိပဲနဲ့ သိတယ်ထင်ရင်တော့ လူမိုက်ပဲ တဲ့။

ဒါနဲ့ပတ်သက်လို့ ကျနော်ငယ်ငယ်တုန်းက ထင်ခဲ့တာလေးတွေကို ပြောပြချင်တယ်။ ကိုယ့်အကြောင်းကို ပြောရတာဟာ သူများအကြောင်းကို
ပြောရတာထက် ပိုသေချာတယ်လေ။ ကျနော်ရွာမှာ စာစသင်တော့ ကလေးပေါက်စ၊
အသက် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်လောက်ပေါ့။ ကျောင်းကသင်ပေးလိုက်တဲ့စာကို
အိမ်ရောက်တော့ ပြန်ရွတ်ပြရတာ မမောနိုင်ဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ
ထင်လိုက်သေးတယ်။ ငါစာတော်တော် တတ်နေပြီလို့။ ကိုယ့်လိုမဆိုနိုင်၊
မရွတ်နိုင်တဲ့ ရွယ်တူအိမ်နီးချင်းကလေးတွေကို တွေ့တော့လဲ စိတ်ထဲမှာ ဒီကောင်
ငါ့လောက်မသိဘူးလို့ အထင်ရောက်ပြန်ရော။ ကလေးကိုးဗျာ့။

အသက် (၁၀) နှစ်သားလောက်အရွယ်ထိ ကိုယ့်ရွာက လွဲပြီး ဘယ်မှလဲ မရောက်ဖူးဘူး။
မရောက်ဖူးတာသာ မရောက်ဖူးတာ၊ ငါ့တို့ရွာက ကျန်တဲ့ရွာတွေထက်သာတယ် ဆိုတဲ့
အထင်ကတော့ ရှိသဗျာ့။ ကျနော် အခုပြန်တွေးကြည့်ရင် ကိုယ့်ကိုယ်ကို
ရယ်ချင်လိုက်တာ။ ကလေးအတွေးဟာ အတော်ရယ်စရာကောင်းတဲ့အတွေးပဲ ဆိုတာ
ကလေးအဖြစ်ကို လွန်မြောက်ပြီး ပြန်စဉ်းစားကြည့်မှ သိရတယ်။
နောက်မြို့ရောက်တော့လဲ ကိုယ်ရွာထက်သာတဲ့မြို့ပြဒေသအခြေအနေနဲ့ လူနေမှုစနစ်ကို
မြင်ရတွေ့ရတဲ့အခါကျတော့ ယခင်ထင်ခဲ့တဲ့အထင်မျိုး ပျောက်သွားပြီးတော့
ငါတို့မြို့လောက်သားနားတဲ့မြို့ ရှိမှာမဟုတ်ဘူး လို့ထင်ပြန်တယ်။
အဲဒီအချိန်မှာ ကျနော့်အသက်က (၁၂) ရှိနေပြီ။ တောသားအတွေးနဲ့ တောသားလေးပေါ့။

ကျနော်ရန်ကုန်ရောက်တော့ အသက် (၁၃)နှစ်သားအရွယ်။ ရန်ကုန်မှာနေပြီး ရန်ကုန်မှာပဲကျောင်းတက်ရတယ်။
ဘာပြောကောင်းမလဲဗျာ။ သိတဲ့အတိုင်းပဲ။ ဘာမှမသိတဲ့တောသားလေး
သိစရာတွေနဲ့ချည်းပြည့်နှက်နေတဲ့ မြို့တော်ရန်ကုန်မှာ အခြေချမိတော့
စိတ်ကြီးတောင်ဝင်မိသလိုလို။ လူတွေကလဲ တစီစီ၊ ကားတွေကလဲ တဝီဝီနဲ့။
ဟာ—ရန်ကုန်မြို့ကြီးဆိုတာ ရွာမှာနေတုန်းက ကြားပဲကြားဖူးတာ၊ အခုတော့
မျက်ဝါးထင်ထင်တွေ့မြင်ရပြီ။ အတော်စည်ကားတဲ့ ရွှေမြို့တော်ကြီးပေပဲကိုး။
အမယ်—ကိုယ့်ကိုယ်ကို (ကြားဖူးတဲ့) နတ်ပြည်ရောက်နေသလားတောင် ထင်မိရဲ့။
ကလေးလေးမို့လား။ ဒါက နေရာနဲ့ပတ်သက်ပြီးတော့ ဘယ်မှမရောက်ဖူးတဲ့ကလေးတွေမှာ
ဖြစ်တတ်တဲ့ သဘောသဘာဝလေးတစ်ခုပေါ့။

နောက်ပိုင်း ကျနော် အင်္ဂလိပ်စာတွေဘာတွေ သီးခြားပြန်လေ့လာတဲ့အခါကျတော့ ဗမာလိုရေးထားတဲ့
အင်္ဂလိပ်သဒ္ဒါစာအုပ် တစ်အုပ်နှစ်အုပ်လောက်ဖတ်ပြီးတော့ ငါ အတော်ဟုတ်နေပြီလို့
ထင်ပြန်သဗျာ။ အဲဒီနောက် ကာနယ်ဝမ်း၊ တူး၊ သရီး ကိုပြီးအောင်ဖတ်တယ်။
ဘာပြောကောင်းမလဲ ငါတော့ အင်္ဂလိပ်စာတတ်ပြီ လို့တောင် ကိုယ့်ကိုယ်ကို
အထင်ရောက်မိတယ်။ အဲဒီအချိန်အထိ အင်္ဂလိပ်မူရင်းဝတ္ထုမပြောနဲ့ Retold Story
လေးတွေတောင် မဖတ်ဖြစ်သေးဘူး။ အနီးအနားလက်လှမ်းမီရာစာအုပ်လေးတွေဖတ်ပြီး
အထင်ရောက်နေတာ။ ဒါပေမဲ့ အရွယ်က ကလေးမဟုတ်တော့ဘူး။ လူငယ်လေးပေါ့။ ဒါကြောင့်
မှတ်ချက်ပေးရမယ်ဆိုရင် လူငယ်ပေကိုးဗျာ့ လို့ပေးရမယ်ထင်တယ်။

အင်္ဂလိပ်စာရဲ့သဘောက သင်ခါစမှာ အလွယ်လေးပဲလို့ ထင်ရတတ်တယ်။ နောက် တစ်အုပ်ပြီးတစ်အုပ်ဖတ်၊
မနားမနေဖတ်၊ ဖတ်ရင်းဖတ်ရင်း ဘာသိလာရသလဲ ဆိုရင် ဒီအင်္ဂလိပ်စာဆိုတဲ့အမျိုးဟာ
တတ်ဖို့အတော်မလွယ်တဲ့ စာပဲ လို့ သိလာရတယ်။ ဒါဆို တတ်ဖို့နည်းနည်းတော့
နီးစပ်လာပြီ။ Grammar စာအုပ်တွေနဲ့ Retold Story လေးတွေချည်းဖတ်ပြီး
ကိုယ့်ကိုယ်ကို စာတတ်ပြီ ထင်နေသမျှတော့ ဘယ်တော့မှ အင်္ဂလိပ်စာမတတ်ဘူး။ ဒါ
ကျနော်သေသေချာချာပြောရဲတဲ့ စကားပဲ။ ကျိုးစားပြီး သင်နေဖို့ပဲလိုတယ်။
ကိုယ့်ကိုယ်ကို တတ်ပြီလိုတော့ ဘယ်တော့မှ အထင်မရောက်လေနဲ့။ တစ်ခါတုန်းက
ကျနော့်ဆရာ ပြောခဲ့တဲ့စကားတစ်ခွန်း သတိရမိသေးတော့တယ်။

မန္တလေးတက္ကသိုလ်က အင်္ဂလိပ်စာပါမောက္ခက ကျနော့်ဆရာနဲ့ရင်းနှီးတယ်။ ကျနော့်ဆရာဆိုတာကလဲ
အင်္ဂလိပ်စာကို နှစ်ပေါင်းများစွာကိုယ်တိုင်လေ့လာယုံမကဘူး၊ သူများကိုလဲ
အမြဲတမ်းသင်ပေးနေတဲ့လူ။ ကျနော်လဲ သူ့ဆီမှာ ငါးနှစ်လုံးလုံး
အင်္ဂလိပ်စာသင်ယူခဲ့ရတယ်။ စာမျက်နှာ ငါးရာခြောက်ရာလောက်နဲ့
စာလုံးခန့်စိမ့်စိမ့်ရှိတဲ့ အင်္ဂလိပ်မူရင်းဝတ္ထုတစ်အုပ်ကို
နှစ်ရက်သုံးရက်လောက်နဲ့ပြီးအောင်ဖတ်နိုင်တယ်။ တစ်နေ့ကျနော့်ဆရာက
ပါမောက္ခနဲ့တွေ့တော့ ငြီးပြတယ်။ ဆရာရာ ဒီအင်္ဂလိပ်စာကလဲ
ဘယ်တော့တတ်မယ်မသိပါဘူး။ ဒီလောက်လုပ်လာတာတောင် ဖတ်လိုက်ရင်
မသိတဲ့စကားလုံးတွေနဲ့ အဓိပ္ပါယ်နားမလည်တဲ့ ဝါကျတွေက ရှိနေတုန်းပဲဗျာ လို့။
အဲဒါကို ဟိုပါမောက္ခက ဘာပြောလဲဆိုတော့ ကိုယ့်လူစိတ်သာချ၊ ဘယ်တော့မှ မတတ်ဘူး တဲ့။ အားပေးပုံ
ပြောပါတယ်။

အဲဒီလို ဆရာကြီးဖြစ်သွားပြီးတဲ့ လူတွေဟာ ကိုယ့်အသိဉာဏ်ကို ချိန်ဆနိုင်ကြပြီးတော့ ငါတော်တော်လိုသေးတာပဲလို့
ကိုယ့်ကိုယ်ကို နားလည်တတ်ကြတယ်။ ဒါပေမဲ့ ဟိုမရောက်ဒီမရောက် လူတွေကတော့
ကိုယ်သိတာလေးကို အဟုတ်ထင်ပြီး ဘဝင်မြင့်တတ်ကြတယ်။ ပြောမယ်ဆိုရင် အဲလိုနဲ့
ကိုယ်ရောက်တဲ့နေရာကိုပဲ အဟုတ်ထင်၊ ကိုယ်သိထားတဲ့အသိကိုပဲ
အမှန်ထင်တတ်တဲ့သဘောဟာ ကလေးလေးတစ်ယောက်ရဲ့အထင်၊ ကလေးလေးတစ်ယောက်ရဲ့
အမြင်ပဲဖြစ်ပါတယ်။ အသက်ဘယ်လောက်ပဲ ကြီးနေကြီးနေ၊ ကိုယ့်ကိုယ်ကို်
အဟုတ်ထင်ပြီး ကိုယ့်အသိကိုလဲ အရာရာတိုင်းကို သိတဲ့အသိလောက်နီးပါး
ယူဆနေသေးတယ် ဆိုရင်တော့ အဲဒီလူတွေဟာ ကလေးတွေပါပဲ။ ကလေးအတွေးရှိတဲ့ လူအိုတွေပေါ့ဗျာ။ ဒါကြောင့်
ကျနော်တို့တတွေဟာ မှားတတ်ကြတဲ့ ပုထုဇဉ်လူသားတွေပီပီ အမှားလုပ်မိလင့်ကစား
အတတ်နိုင်ဆုံးအမှန်တရားနဲ့ နီးစပ်မှုရှိအောင်တော့ တွေးခေါ်ယူဆသင့်တယ်
ဆိုတဲ့အမြင်လေးရလို့ ကျနော့်မိတ်ဆွေတွေဆီ အော်စကာဝိုင်းရဲ့အဆိုအမိန့်လေး
အရောက်ပို့ပေးလိုက်ပါတယ်။
ကျုပ်က အားလုံးကို သိရလောက်အောင် ကလေးမဟုတ်ဘူးဗျာ့၊ တဲ့။…

မူရင်း…http://kominhtet.blogspot.com/.

2 comments

  • MC Myoko

    August 12, 2010 at 10:05 am

    ဟုတ်ပါပေ့…မှန်ပါပေ့…

  • kopauk mandalay

    August 12, 2010 at 3:57 pm

    မှန်ပါတယ်။
    တကယ်တမ်းတော့လူတစ်ယောက်ရဲ့အသိဟာ သူ့အသက်အရွယ်အလိုက်ရှိသင့်တဲ့အတွေးလောက်သာရှိတာကသာ
    အမှန်ဆုံး သဘာဝအကျဆုံးပါ။
    ကလေးက ကလေးလိုမတွေးဘဲ လူကြီးလိုတွေးမယ်ဆိုရင် ” ကလေးလူကြီး”ဆိုပြီးလောကကြီးနဲ့အံဝင်မှာ မဟုတ်သလို
    လူကြီးအရွယ်ရောက်နေတာကို ကလေးလိုတွေးနေရင် ” သူငယ်ပြန် “တယ်လို့ထင်ကြမှာပါဘဲ။
    ကျနော်ကတော့ သူ့အရွယ်နဲ့သူရှိသင့်တဲ့အတွေးလောက်တွေးတာကိုဘဲနှစ်သက်ပါမယ်။
    ကလေးက ကာတွန်းဖတ်မယ်၊လူငယ်ကအချစ်စာပေတွေဖတ်မယ်။လူလတ်ပိုင်းက တက်ကျမ်းဖတ်မယ်။လူကြီးပိုင်းက တရားစာအုပ်ဖတ်မယ်။
    ဒါဟာ သဘာဝအကျဆုံးနဲ့ အကောင်းဆုံးလို့ထင်ပါတယ.်။
    သစ်ပင်တစ်ပင်ကို စိုက်စိုက်ခြင်း အပွင့်တွေပွင့် အသီးတွေသီးတာထက်စာရင် သူ့အချိန်ရောက်မှ သူသီးတာပွင့်တာကပိုကောင်းမယ်လို့ယူဆပါတယ်။
    ကန့်လန့်တိုက်ပြောတယ်လို့တော့မထင်စေချင်ပါ။
    အခုတလောက ကလေးတွေကိုဇွတ်ပုံစံတွေသွင်းနေတာကို တွေ့တာနဲ့ ဆက်စပ်မိလို့ ကြုံတုန်းလေး ကျနော့်အမြင်ကိုတင်ပြတာပါခင်ဗျာ။

Leave a Reply