အပယ်ခံမျဉ်းကျား
်
တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ရှေ့က မျဉ်းကျားနဲ့ ပြည်လမ်း မဟာမြိုင်မှတ်တိုင်နားက မျဉ်းကျားပါ။
ပြည်လမ်းက ဟံသာဝတီအဝိုင်းကနေ မဟာမြိုင်မှတ်တိုင်အထိ လူကူးမျဉ်းကျားနှစ်ခု ရှိပါတယ်။ အဲဒီနှစ်ခုကလွဲရင် တစ်ခြားနေရာတွေမှာ လမ်းလယ်ကျွန်းပေါ် ပန်းအိုးတွေအပြည့်ထားထားတဲ့အတွက် လမ်းဖြတ်ကူးဖို့မလွယ်ပါဘူး။ လမ်းကူးချင်ရင် မဖြစ်မနေ မျဉ်းကျားကပဲ ကူးလို့ရအောင် လုပ်ထားပေးတဲ့အတွက် စနစ်ကျတယ်လို့ ဆိုရမှာပါပဲ။
ဒါပေမယ့် မြင်ရတဲ့အတိုင်း ကားတွေကတော့ လူကူးမျဉ်းကျားကို ချန်မပေးပဲ ရပ်ထားတာပါ။ ဒီနေရာပဲ လမ်းကူးစရာရှိတဲ့အတွက် ဟိုဘက်ဒီဘက် ကူးတဲ့သူများပါတယ်။ မှတ်တိုင်အကျော်လေးဆိုတော့ ကားပေါ်ကဆင်းတဲ့သူတွေလည်း ပါတာပေါ့။ ပြည်လမ်းဆိုတော့ ကားတွေက တရစပ်သွားတဲ့အတွက် ကားရှင်းအောင် စောင့်ရပါတယ်။ ရှေ့ကားနဲ့ နောက်ကား နည်းနည်းလေး ခြားတဲ့အချိန် အသည်းအသန်ကူးရတာပါ။ တစ်ဖက်ကကူးလာတဲ့ သူတွေနဲ့လည်း မတိုက်မိအောင် ရှောင်ရတာပေါ့။ ဒီလိုမှမဟုတ်လို့ ကားတွေက မီးပွိုင့်မိလို့ တန်းစီရပ်ထားပြန်ရင်လည်း မျဉ်းကျားပေါ် ရပ်ထားကြဲ့အတွက် ကားတွေကြားထဲ ကွေ့ပတ်လျှောက်ရင်း တစ်ဖက်လူကို အချင်းချင်း ရှောင်ကြရပြန်ပါတယ်။
ကားတွေဘက်ကို ပြန်ကြည့်ပြန်ရင်လည်း တစ်ခြားနေရာတွေမှာ မျဉ်းကျားက မကူးဘဲ ကြုံသလိုကူးနေကြတော့ ဒီနေရာတွေမှာလည်း ထူးပြီး စဉ်းစားမနေကြတော့ဘူး ထင်ပါရဲ့။ နောက်တစ်ခုက မီးပွိုင့်မိတဲ့ ဒုက္ခပါ။ မြေနီကုန်းမီးပွိုင့်ဆို အရမ်းကြာပါတယ်။ တစ်ဖက်ကို ကားကြောတစ်ကြောပြတ်အောင် ဆယ်မိနစ်လောက် လွှတ်ပေးထားတဲ့အတွက် ပိတ်ထားတဲ့ဘက်က ကားတန်းအရှည်ကြီး စောင့်ရပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ရှေ့တိုးရင်းနဲ့ မျဉ်းကျားပေါ်ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။
မီးပွိုင့်ကို တစ်ကြောပြတ်အောင် လွှတ်ပေးလို့ ကားရှင်းသလားမေးရင် ပိုဆိုးတယ်လို့ ပြောရပါမယ်။ ဒဂုံစင်တာ (၂) အကျော်၊ မြေနီကုန်း iceberry ရှေ့၊ အရင် ရွှေမန်းရုပ်ရှင်ရုံရှေ့ နေရာတွေမှာ မီးပွိုင့်အကြားကြီးစောင့်ခဲ့ပြီး လွတ်လာတဲ့ကားတွေက လူအတင်အချလုပ်၊ လူစောင့် စတာတွေကို လမ်းပေါ်ပိတ်ပြီး လုပ်ကြတဲ့အတွက် ကားလမ်းက ဆက်ပိတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်က ကားတွေကလည်း ဆက်တိုက်အကြာကြီး လွတ်လာတဲ့အတွက် ပွိုင့်အကျော်က ပိတ်ထားတဲ့ကားတွေကြောင့် ဆက်တိုက်ပိတိကုန်ပြန်ပါရော။
ကားစောင့်ရတဲ့သူတွေကလည်း မသက်သာပြန်ပါဘူး။ မီးပွိုင့်လွတ်မှလာမယ့် ကားတွေကို အကြာကြီးစောင့်ရတယ်။
ပြီးရင် နောက်ကားပါလာလို့ အသည်းအသန်အတင်အချလုပ်တဲ့ ကားတွေဆီ ပြေးတက်ပြေးဆင်း လုပ်ရပြန်ပါရော။
ကျွန်မကတော့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ပြောမိတာတွေပါ။ ကိုယ်တိုင်မခံစားဖူးဘဲ စနစ်တွေချမှတ်နေရင် အကောင်းဆုံးဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဖြစ်စေချင်တာက လူကြီးဆိုသူတွေအနေနဲ့ တစ်ခါလောက်များ ပြည်သူတစ်ယောက်အနေနဲ့ ရန်ကုန်မြို့တစ်ပတ် ကားစီးကြည့်ကြပါလားလို့။ ။
(Facebook မှာတင်ထားတဲ့ Status ပါ။ ရွာထဲမှာပါ တင်လိုက်ပါတယ်။ မပြည့်မစုံဖြစ်သွားရင် သည်းခံပေးပါလို့။)
Posted from WordPress for Android
26 comments
black chaw
July 2, 2014 at 2:54 pm
လူကြီးဆိုသူတွေအနေနဲ့ တစ်ခါလောက်များ ပြည်သူတစ်ယောက်အနေနဲ့ ရန်ကုန်မြို့တစ်ပတ် ကားစီးကြည့်ကြပါလားလို့။ ။
ဟုတ်တယ်။ လုံမလေး ပြောတာကို ကျော်ထောက်ခံတယ်။
ရန်ကုန်မြို့တစ်ပတ် ကားစီးကြည့်မှ ဒီလူတွေ ကိုယ်ချင်းစာမယ်။
လုံမလေးမွန်မွန်
July 2, 2014 at 3:16 pm
သူတို့ကလေ အဲကွန်းခန်းလေးထဲထိုင်၊ အက်စကော့နဲ့ ကားလေးစီးပြီး စီမံခန့်ခွဲနေကြတာ။ ပြောပြန်ရင်လည်း မနာလိုဖြစ်တယ် အပြောခံရဦးမယ် 🙁
ဇီဇီ
July 2, 2014 at 2:55 pm
လာပါ လမ်းအတူလျှောက်ရအောင်
ကျွန်တော်တို့နဲ့ သမ္မတကြီးနဲ့…
တွေ့လား သမ္မတကြီး
ဒါ အင်းလျားကန်ဘောင်လေ
အရွယ်မမယ် ကလေးတွေ
ကျောင်းမတက်ပဲ အလုပ်လုပ်တဲ့နေရာပေါ့
မှောင်ရင် ထပ်ပြမယ်
ညငှက်မ လှလှလေးတွေရှိသေးတယ်
ဝမ်းစာ အတွက်ပါ
တစ်နေ့ ၂၀၀ဝ ရဖို့
သမ္မတကြီးပြောတဲ့ နွားနို့သောက်ဖို့ထက်
သူတို့ ဝမ်းရေးပြည့်ဖို့
နွားနို့သောက်ဖို့ သွေးဖောက်သောက်နေကျတယ်
လာပါ သမ္မတကြီး
လက်ဖက်ရည်ဆိုင်ထိုင်ကျတာပေါ့
ဝမ်းတီး ပေါ့ကျဲ နို့တစ်ခွက်
တွေ့လား သမ္မတကြီး
စားပွဲထိုးလေးတွေလေ
အရွယ်မမယ် ကလေးငယ်ငယ်
အိမ်အတွက် တဖက်တလမ်းက
သူတို့ ဘဝတွေကို တဖဲ့ဖဲ့ပေးဆပ်နေကျတယ်
သမ္မတကြီးလဲ နိုင်ငံအတွက် ဒီလိုလေးတွေးပေးပေါ့
တစ်နေ့ ထမင်းတစ်နပ်လျော့စားလဲ
သူတို့ ဒီဘဝက မလွတ်နိုင်သေးပါဘူး
ကျောင်းအနေအရွယ်ကလေး ကျောင်းအပ်ရေးဆိုတဲ့ ဆိုင်းဘုတ်တွေတော့
ပလူပျံနေတယ်လေ
ကျောင်းတက်ရေးဟာ ဝမ်းတီး တူးတီး မဟုတ်ပါဘူး
လာပါ သမ္မတကြီး
စစ်ဗိုလ်ချုပ်ဟောင်းဆိုတော့
တပ်တွေနဲ့ ရင်းနှီးမှာပေါ့
ဒါ လိုင်းခန်းတွေလေ ခင်ပွန်းသည်တွေတော့ ရှေ့တန်းထွက်သွားကျတယ်
သူတို့ လိုင်းခန်းကို မလာစေချင်တဲ့ သူတစ်ယောက်ရှိတယ်
စာပို့လေ တပ်အခေါ် ဆက်သားပေါ့
ရှေ့တန်းထွက်နေတုန်း ဆက်သားဟာ သူတို့ အတွက် ငရဲပြည်က တမန်တော်ပဲ
သမ္မတကြီးတို့ ပြောပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ
သူတို့ သွေးတွေနဲ့ ခင်းထားတာပါ
တဖက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့
မိသားစုတွေလဲ ထုနဲ့ ဒေးပဲ
မိခင်တွေ ကလေးတွေ
လစာ တစ်ပဲ တစ်ပြားတွေ
အချင်းချင်းတိုက်နေတဲ့ ကျည်ဆံတွေ
သူတို့ သိပ်မုန်းတယ်
မေးကြည့်ပါ မေးကြည့်ပါ
သူတို့ ဖြေပါလိမ့်မယ်
ဟုတ်ကဲ့ဆိုတဲ့ သင်ထားပေးတဲ့ စကားတစ်ခွန်းကိုတော့
သမ္မတကြီးလဲ နားရည်ဝနေလောက်ပါပြီ
သမ္မတကြီး စင်ကာပူသွားတုန်းက မျက်နှာအောက်ကျို့ခဲ့ရတယ်
သမ္မတကြီး အမေရိကန်သွားတုန်းက ဆန္ဒပြကျတယ်
သမ္မတကြီး ဘယ်တော့ ခေါင်းမော့ပြီး လမ်းလျှောက်မှာလဲ
ပြည်သူတွေနဲ့ အတူတူ မြန်မာပြည်ကြီးတစ်ပတ်လောက်
လမ်းလျှောက်ကြည့်ပါ
သမ္မတကြီး တခြားနိုင်ငံသွားတဲ့ အခါ
ခေါင်းမော့ပြီး လမ်းလျှောက်နိုင်ပါလိမ့်မယ်
Dr. Myo Ni @ Kaung Htet Aung
23.6.2014
(Pink ၏ Dear Mr President အား ပြန်လည်ခံစားရေးဖွဲ့သည်)
လုံမလေးမွန်မွန်
July 2, 2014 at 3:17 pm
ကျေးဂျူးကဘာဆာရော မမဂျီး
JackSkellington
July 2, 2014 at 3:07 pm
အဲ့ဒီ အကြောင်း တွေ ဖတ်ရရင် ကိုယ့်ဟာကိုယ် ကို ဝလချီး လည် လိုက်သွားတယ်။
ကားတွေကလဲ လူကူးမျဉ်းကျား ကို ဂရုမစိုက်
လူတွေကလဲ လူကူးမျဉ်းကျား ကို ဂရုမစိုက်
မော်တော်ပီကယ် ကလဲ လူကူးမျဉ်းကျား ကို ဂရုမစိုက်
အကုန်လုံး က သူ့အကြောင်းပြချက် နဲ့သူ တော့ မှန်နေသလိုလိုပဲ
ဒါကြီးကို ပြင်မယ် ဆိုရင်လဲ
ဘယ်က စပြင်ရပ။
သတိပေးချက်တွေ ထုတ်ပြီး မျဉ်းကျား က မကူးတဲ့ လူ မျဉ်းကျား ကို အတင်းဖြတ်မောင်းတဲ့ ကားတွေကို အကုန် ဖမ်းမလား။
အဲ့ဒါဆိုရင် မော်တော်ပီကယ် တွေတော့ အချီကြီး ပွတာပဲ။
မျဉ်းကျားတွေ မီးပွိုင့်တွေကို စနစ်တကျ ပြန်ပြီး နေရာထားပေးမလား။
အဲ့ဒါတွေ ပြင်နေရတာနဲ့တင် အခု ပိတ်တဲ့ ကားလမ်းက ညအိပ်ခရီး တွေ ဘာတွေ ဖြစ်သွားနိုင်တယ်။
အင်ဂျင်နီယာ တွေလဲ ပျော်မှာပေါ့။ း)
တခါတခါ ရန်ကုန်မြို့ကြီး ကို ကြည့်ပြီး ရူးရူးမိုက်မိုက် တွေးမိတယ်။
ဒါကြီးကို အကုန် မြေလှန်ပြီး အစ က ပြန်စ မှ ကို ဖြစ်တော့မယ် လို့။ :'(
လုံမလေးမွန်မွန်
July 2, 2014 at 3:19 pm
တကယ်ဆိုရင် စနစ်ပဲလိုတယ် (ဘဂျီးမမြင်စေသတီး) 🙂
JackSkellington
July 2, 2014 at 3:51 pm
ငယ်ငယ်တုန်းက ပလုတ်တုတ် စာစောင်ထဲမှာ (စာကြီးပေကြီး ပဲနော့ :P) ဖတ်ဖူးတာတော့ Alexander the Great ဟာ ညီလာခံမှာ သူ့ ဝန်ကြီးတွေရဲ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး အထူကြီး အရှည်ကြီး တွေကို ကတ်ကြေးနဲ့ ညှပ်ပစ်ခဲ့တယ်တဲ့။
ပြီးတော့ ရေမှန်မှန်ချိုးရမယ်တို့ အဝတ်အစား ကို ဥရောပဝတ်စုံလား အဲ့လိုမျိုးတွေ ဝတ်ရမယ်တို့ အမိန့်ဆန်းဆန်း တွေ ထုတ်ခဲ့တယ်တဲ့။
အဲ့ဒါ ဘာကြောင့်လဲ ဆိုတော့ ရုရှားပြည်ကြီးဟာ တခြား ဥရောပ နိုင်ငံတွေနဲ့ ယှဉ်ရင် ခေတ်နောက်ကျန်နေခဲ့တဲ့ အတွက် ခေတ်နဲ့အညီ ဖြစ်အောင် ဆိုပြီး ပြုပြင်ပြောင်းလဲ ခဲ့တာတဲ့။
ကိုယ်တွေဆီမှာလဲ အဲ့လိုမျိုး ခေတ်ပြင် စနစ်ပြင် ဥပဒေ တွေ ဝုန်းဒိုင်း နဲ့ ထုတ်ပလိုက်ရင် ဘယ်လို နေမယ် မသိ။
စစ်တပ်ရော ဒီမိုရော မျိုးစောင့်တွေရော ကျောင်းသားတွေရော ပြည်သူ တွေရော စည်းလုံးသွားပြီး ကန့်ကွက်ဖို့ ဆန္ဒပြကုန်လေမလား။ 😛
kai
July 7, 2014 at 3:35 pm
Alexander the Great – Wikipedia, the free encyclopedia
en.wikipedia.org/wiki/Alexander_the_Great
Wikipedia
Alexander III of Macedon (20/21 July 356 – 10/11 June 323 BC), commonly known as Alexander the Great (Greek: Ἀλέξανδρος ὁ Μέγας, Aléxandros ho Mégas ..
=
အမှတ်မမှားရင်.. အလက်ဇန်ဒါးအုပ်ချုပ်မင်းလုပ်တဲ့အချိန်က.. အိန္ဒိယက အသောကမင်းကြီးထက် ဆယ်စုနှစ်နည်းနည်းလေးပဲကွာတယ်။
ဂေါတမဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်၃၀ဝ ဝန်းကျင်လောက်..။
အရီးခင်
July 7, 2014 at 3:42 pm
I think he means
http://en.wikipedia.org/wiki/Alexander_I_of_Russia
Emperor and Autocrat of All the Russias
Reign 24 March 1801 – 1 December 1825
Coronation 15 September 1801
In the first years of his reign, he initiated some minor social reforms and, in 1803-04, major, liberal educational reforms.
He promised constitutional reforms and a desperately needed reform of serfdom but made no concrete proposals and nothing happened.
In the second half of his reign he was increasingly arbitrary, reactionary and fearful of plots against him; he ended many earlier reforms.
He purged schools of foreign teachers, as education became more religiously oriented as well as politically conservative.[
ဦးဦးပါလေရာ
July 2, 2014 at 4:06 pm
ကားမောင်းတဲ့သူတွေပဲဖြစ်ဖြစ် လမ်းလျှောက်တဲ့ လမ်းကူးတဲ့သူတွေပဲ ဖြစ်ဖြစ်
ဘယ်သူမှ စည်းကမ်းမရှိချင်ကြတော့ဘူး
စည်းမစောင့် ချင်ကြတော့ဘူး
စည်းကမ်းတွေကို စိတ်ပျက်သွားပြီ….
ရုပ်ဝတ္ထုပစ္စည်းတွေကို တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ပြန်ဖြည့်ဆည်းနိုင်လောက်ပါတယ်။
ဒါပေမယ့် နိမ့်ကျ ပျက်စီးသွားတဲ့ လူ့စိတ်ဓါတ်တွေကို
ဘာနဲ့ ကုစားဖြည့်ဆည်းနိုင်မလဲပဲ …..။
လုံမလေးမွန်မွန်
July 3, 2014 at 11:06 am
နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးတို့။ အများမိုးခါးရေသောက်၊ ကိုယ်လည်းသောက်တို့ 🙁
Shwe Poe
July 3, 2014 at 12:26 am
” ဒီနေ ့ရောက်နိုင် မလား မ နက်ဖြန်ရောက်နိုင် မလား
မခန် ့မှန်းနိုင် အိမ်ကိုမြန်မြန်ရောက်ချင် လည်းချိုင့်ခွက်ပေါလွန်းတော့
မဖြစ်ဘူးပေါ့ ဒါဟာ ဒရ်ုက်ဘာတိုင်းရဲ ့ဒုက္ဂ္ခပါ ”
အဲ ဗျ
သီချင်းတွေ ဆိုနေမိတယ် တားဆိုတာ မှားတယ်မုတ်လားမမမွန်
😀
လုံမလေးမွန်မွန်
July 7, 2014 at 3:20 pm
ဟိုနေ့ကတော့ မြို့ထဲနဲ့ ဆင်မလိုက်ကို ကားစီးလိုက်တာ အတော်လေး အီသွားတယ်.. ဒါတောင် ထိုင်ခုံနဲ့ စီးရတာနော်… 😥
Ma Ma
July 3, 2014 at 9:25 am
ကိုယ်တိုင် ကားမောင်းတဲ့အခါ ကားရှင်းတဲ့အခါမျိုးမှာ ရပ်ပေးဖြစ်ပြီး၊
ကားကြပ်တဲ့အခါမျိုးကျ မျဉ်းကျားကို အနီးကပ်မှတွေ့တဲ့အခါ ရပ်ပေးလို့မရတာမျိုးလည်း ဖြစ်တတ်တယ်။
လုံမလေးမွန်မွန်
July 7, 2014 at 3:57 pm
ကားမောင်းတဲ့သူတွေကိုလည်း စာနာပါတယ် အန်တီရယ်… လမ်းလျှောက်တာကမှ ပိုမြန်ဦးမယ်..
ပြောရင်လည်း သဂျီးက လာအော်ဦးမယ်.. တကယ်က စနစ်ပဲ လိုတာရယ်.. 🙂
kyeemite
July 3, 2014 at 1:51 pm
မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်
မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်
မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်
သုံးကြိမ်၊ သုံးခါ အော်သွားပါတယ် လုံလုံ 😀
လုံမလေးမွန်မွန်
July 7, 2014 at 4:13 pm
ကျောင်းဆင်းခါနီးဆို အိုက်လိုအော်ရတယ်..
အရီးခင်
July 3, 2014 at 11:50 pm
{လူကြီးဆိုသူတွေအနေနဲ့ တစ်ခါလောက်များ ပြည်သူတစ်ယောက်အနေနဲ့ ရန်ကုန်မြို့တစ်ပတ် ကားစီးကြည့်ကြပါလား}
တကယ်တော့ လုံမရေ့
ကားစီး လူတန်းစားလဲ လမ်းလျှောက်ဖူးပါတယ်။
မသိလို့ ကိုယ်ချင်းမစာတတ်တာမဟုတ်။
လူစိတ် ကို မရှိဘဲ တစ်ကိုယ်စာအတ္ထ တွေ များနေတာမို့ တမင် ကို မသိဟန်ဆောင်နေကြခြင်းပါ။
တစ်ခါပြန်လာတော့ မျဉ်းကြားမှာလမ်းကူးမဲ့သူတွေ တွေ့တာနဲ့ ကားရပ်ပေးလိုက်ပါတယ်။
နောက်ကပါလာတဲ့ အမဲရောင် စတစ်ကာတွေ နဲ့ ဖိုးဝှီးဒရိုက်ကားကြီး က ဘေးကနေ အတင်း ကျော်ပြီး ဟွန်းတီးသွားပါ၏။
ဒီတော့ စည်းကမ်းတကျ ကိုယ်ချင်းစာစိတ် နဲ့ ရပ်ပေးချင်သူ တွေ နဲ့ ရပ်ပေးဖို့ စေတနာမရှိသူ တွေ အားပြိုင်ပွဲ လုပ်ကြည့်ပေါ့။
ဘယ်သူနိုင်မယ် ထင်လဲ။
စမ်းကြည့်ဖို့ကောင်းတယ်။
ဒါဆို မျဉ်းကျား ကကူးတာမဟုတ် တဲ့ သူ တွေလဲ မျဉ်းကျားက ကူးလာဖို့ များမယ်။
တာဝန်ရှိသူ တွေ ရဲ့ တာဝန်မကျေတာ ကို ကိုယ် က စပြီး တာဝန်ကျေပြခြင်းနဲ့ တာဝန် ဆိုတာ ဒီလို ယူရတယ် ဟဲ့ လို့ ပြဖို့ ကောင်းသလားလို့။
ပြောသာပြောရ။
ကိုယ်က အဲဒီမှာမရှိဘဲ သူများတွေကို ပြောနေရတာက သိပ်တော့မတရားပါဘူး။
အပေါ်က လူကြီး အရင် စမ်း လိမ့်မယ်။
:D-)))
လုံမလေးမွန်မွန်
July 7, 2014 at 5:21 pm
ချစ်တဲ့အရီးရေ..
ကားစီးတဲ့ ပြည်သူတွေကိုလည်း စာနာပါတယ်..
ပြောချင်တာကတော့ အက်စကော့နဲ့ မြို့ပတ်ပြီး စနစ်တွေချမှတ်နေတဲ့ ကားပေါ်က လူကြီးတွေကို ပြောတာပါ.. မြင်လိုက်ပါသေးတယ်.. သမ္မတကြီး ဂျပန်မှာ မြို့ပတ်ရထား စီးနေတာ… မြန်မာနိုင်ငံက မြို့ပတ်ရထားနဲ့ ဘတ်စကားကို အရင်စီးဖူးမှ သူများနိုင်ငံက ရထားတွေ၊ ကားတွေကို စီးရတာ ပိုနားလည်မလားလို့..
မဟာရာဇာ အံစာတုံး
July 4, 2014 at 11:12 am
မျဉ်းကျားက မကူးလို့ ဖမ်းတယ်ဆိုတာ
တစ်ခါတစ်ရံပါ
မျဉ်းကျားပေါ် ရပ်လို့ ဖမ်းတယ်ဆိုတာ
မကြားဖူးသေးပါ
ဒီစည်းကမ်း နှစ်ခုကိုသာ တင်းတင်းကြပ်ကြပ် လုပ်လိုက်ရင်ဖြင့်
အပယ်ခံ မျဉ်းကျား မဖြစ်တော့ဘူး ထင်ပါရဲ့
————–
အပေါ်က လူဒွေကွာ ငါ့လောက်တောင် ဘရိန်း မရှိကြဘူး
အပေါ်က လူဒွေဆိုတာ ဒီအပေါ်က လူတွေ ပြောတာ မဟုတ်ဘူးနော်
ဟိုအပေါ်က လူဒွေကို ပြောတာပါ … :mrgreenn:
TNA
July 5, 2014 at 5:17 pm
ဘယ်လိုပြောရမယ်တောင်မသိဘူး။ ကားကလဲကားဒုတ်ခ၊ လူကလဲလူဒုတ်ခ။ ကားကလဲ မီးစိမ်းတုန်းလေး ပွိုင့်လွတ်အောင်အမြန်မောင်းချင်တယ်။ လူကလဲကားကြဲတုန်းလေး အမြန်ကူးချင်တယ်။ အဲ့ဒမှာဖြစ်တော့ တာပဲ။ လူတွေကလဲ ဟိုးတလှမ်းနှစ်လှမ်းလောက်လှမ်းလိုက်ရင်ကို မျဉ်းကြားရောက်မဲ့ဟာကို မရောက်ခင်အတင်းလက်တားကူးတယ်။ ကားကရပ်ရတယ်။ နောက်မျဉ်းကျားရောက်တော့ လူတွေအလုံးလိုက်အတင်းကူးတယ်။ ကားကရပ်ရတယ်။ အဲ့မှာ မီးပွိုင့်ထပ်မိတယ်။ အဲ့လိုလုံးချာလိုက်နေတော့တာပဲ။ စိတ်ညစ်တယ်။ တခါအဲ့မြေနီကုန်းပွိုင့်က မျဉ်းကျားမှာ ရပ်ပေးမိလို့ဘေးယဉ်ကြောကကားကတအားမောင်းလာလို့လမ်းကူးတဲ့သူတွေတိုက်မိမလိုဖြစ်ပါကောလား။ နောက်မရပ်ရဲတော့ဘူးရယ်။ :byee:
ဟို ဒင်း
July 5, 2014 at 10:12 pm
မြင်းကျား ဆိုတော့ တိတ်ဆံရုံက ဟိုဒင်း မှတ်လို့
လူကူး ကားမရပ် ဇတ်ပေကိုး –
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်သတဲ့ –
Mr. MarGa
July 7, 2014 at 7:08 pm
ဆိုင်ကယ်ကို လွတ်လပ်စွာမောင်း၍ နားလည်မှုနှင့် အချက်ပြသောမြို့မှာနေသဖြင့် မျဉ်းကျားအကြောင်း မသိဟု မှတ်ပါလေ… 🙂
surmi
July 8, 2014 at 11:10 am
(((ဖစ်စေချင်တာက လူကြီးဆိုသူတွေအနေနဲ့ တစ်ခါလောက်များ ပြည်သူတစ်ယောက်အနေနဲ့ ရန်ကုန်မြို့တစ်ပတ် ကားစီးကြည့်ကြပါလားလို့။ ။)))
စီးတော့စီးနေတာပါဘဲ
မှန်အနက်ကြီးတွေနဲ့ကာထားလိုမမြင်တာပါကွယ်ဟဟဟ
ကိုပေါက်(မန္တလေး)
July 8, 2014 at 11:23 am
မန်းေ လး မှာ တော့ မျဉ်းကျား ဆို တာ မ ရှိ တော့ သလောက် ပါ ဘဲ
ဇီဇီ
July 8, 2014 at 9:24 pm
ဂျပန်လမ်းဖြတ်ကူးနည်း
ဂျပန်နိုင်ငံကလမ်းတွေပေါ်မှာ မီးနီဖြတ်ကူးသူတွေကို လုံးဝမတွေ့ရဘူးလို့ ကျွန်တော်တို့မပြောနိုင်ပါဘူး။ ဒါပေမယ့် အားလုံးကိုခြုံပြောရရင်တော့ မြို့ကြီးမှာ၊ လမ်းမကြီးမှာ၊ ယာဉ်သွားယာဉ်လာ လမ်းဆုံမှာ၊ အချက်အချာကျတဲ့နေရာ ဒေသတွေမှာ လူနဲ့ကားတွေဟာ အစဉ်တကျသွားလာကြပြီး မီးနီနေချိန်မှာ လမ်းဖြတ်ကူးတာတွေကို အတွေ့ရနည်းပါတယ်။
တိုကျိုမြို့က လူစည်ကားရာနေရာဖြစ်တဲ့ Shibuya လမ်းဆုံမှာ အရပ်ရှစ်မျက်နှာက လမ်းဖြတ်ကူးသူတွေရဲ့ လူကူးမျဉ်းကျားဖြတ်ကူးပုံက ယနေ့အချိန်အခါမှာ အဲဒီမြို့ရဲ့သင်္ကေတတစ်ခုလို၊ ရှုခင်းတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ အဲဒီနေရာမှာ လမ်းဖြတ်ကူးသူအများဟာ အချက်ပြမီးတွေရဲ့ညွှန်ကြားမှုကို စည်းကမ်းရှိရှိလိုက်နာကြသူတွေဖြစ်တယ်။ အချက်ပြမီးမှာ မီးနီနေပြီးကားသွားကားလာမရှိလည်း သူတို့ဟာ မီးစိမ်းတဲ့အထိစောင့်ပြီးမှ လမ်းဖြတ်ကူးကြပါတယ်။
တကယ်တမ်းမှာ ဂျပန်လူမျိုးတို့ရဲ့ယာဉ်စည်းကမ်းလိုက်နာမှုက လူသားဆန်တဲ့မြို့ပြလမ်းပန်းဆက်သွယ်ရေး ရေးဆွဲပုံနဲ့ ခွဲခြားလို့မရနိုင်ခဲ့ပါဘူး။ လမ်းပန်းဆက်သွယ်ရေးဒီဇိုင်းရေးဆွဲသူက လူတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုလမ်းဖြတ်ကူးစေမယ်၊ သယ်ယူပို့ဆောင်ရေးကို ဘယ်လိုကူးပြောင်း၊ ကူးရွေ့မယ် စတဲ့အသေးစိတ်အချက်တွေကို ကြိုတင်ပြီး တွေးတောကြံဆခဲ့ကြပါတယ်။ ပြီးတော့ လမ်းဖြတ်ကူးသူတွေ သည်းခံစိတ်မပျောက်အောင် အချက်ပြမီးကိုလည်း အချိန်တိုတိုအတွင်းမှာ အပြောင်းအလဲဖြစ်အောင် ပြုလုပ်ထားပါတယ်။ မီးနီကြာရှည်တဲ့ မီးပွိုင့်တချို့မှာ ဓာတ်လှေကားပါတဲ့ ကုန်းကျော်တံတားတွေပြုလုပ်ပေးထားပါတယ်။ ဂျပန်နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးတွေက ဥပမာ- မြေအောက်ရထား၊ လျှပ်စစ်ကားတွေဟာ အချိန်အရမ်းတိကျပါတယ်။ ဒါတွေဟာ ပြည်သူတွေရဲ့ခရီးသွားလာရေးကို ကောင်းမွန်တဲ့အာမခံချက်ပေးတာပဲဖြစ်တယ်။
ဂျပန်မှာ မီးနီနေချိန်မှာ လမ်းဖြတ်ကူးသူတွေ လုံးဝမတွေ့ရဘူးလို့ မပြောနိုင်ပါဘူး။ ဂျပန်လူမျိုးတွေမှာ အုပ်စုသက်ရောက်မှုရှိတတ်ကြပါတယ်။ တစ်ယောက်တစ်လေပဲ မီးနီဖြတ်ကူးရင် ကျန်တဲ့လူတွေက မီးစိမ်းတဲ့အထိရပ်စောင့်ကြပါတယ်။ တကယ်လို့ လူနှစ်ယောက်အထက် မီးနီဖြတ်ကူးတာမျိုးဆိုရင် ကျန်တဲ့လူပါ မီးနီလိုက်ကူးတတ်ကြပါတယ်။ အထူးသဖြင့် အချက်ပြမီးမရှိတဲ့နေရာနဲ့ ကားအသွားအလာနည်းတဲ့နေရာမျိုးတွေမှာ ဖြစ်တယ်။ ဒါပေမယ့် မီးနီဖြတ်ကူးမယ့်ဂျပန်လူမျိုးတွေဟာ သူတို့ဘေးပတ်ဝန်းကျင်ကို အရင်ကြည့်တတ်ပါတယ်။ တကယ်လို့ သူတို့ဘေးပတ်ဝန်းကျင်မှာ လူအို ဒါမှမဟုတ် ကလေးတွေမရှိမှ မီးနီကိုဖြတ်ကူးတတ်ပါတယ်
CD to Tun Lin Oo