“အိုဘယ့် နမ်ဆန်ယန်”
လက်က နာရီကိုကြည့်မိတော့ ၆:၃ဝ ၊
မနက် ရ နာရီ ကားလာကြိုမှာမို့ အိပ်ယာကထ၊ ရေချိုးခန်းဝင် ရေမိုးချိုး၊ ပစ္စည်းသိမ်းပြီး ဆေးလိပ်လေးဖွာ..လို့
ကားကို ထိုင်စောင့်နေရင်း မသွားဘူးတဲ့လမ်းအကြောင်း တွေးနေမိတယ်။
ကချင်ပြည်နယ်သား ဖြစ်သလို မြစ်ကြီးနားကို ခဏခဏ ရောက်ရပေမယ့် အပြန်မှာတော့ ကားနဲ့တစ်ခါမှ မပြန်ဖူးဘူး၊
ဗန်းမော်ရွှေကူကို ရှပ်ပြေးနဲ့ပြန်၊ မန္တလေးဆို ရထားနဲ့ပြန်၊ ဒါမျိုးပဲ ပြန်ဘူးပေမယ့် အခု ဗန်းမော်ကိုပြန်ရမှာက ကားနဲ့၊
ဝိုင်းမော်၊ လိုင်ဇာ၊ မိုးမောက် အဲဒီဘက်တွေက ပြန်ရမှာ။
ရ နာရီလောက်မှာ လာကြိုတဲ့ “မြစ်ဖျား ဧရာ” ကားအသင်းက ဗန်းမော်ကား ရောက်လာတယ်။
၃ဂ / ၉၂၂၂ တဲ့၊ ပါဂျဲရိုး ငွေရောင်နဲ့ အစိမ်းရောင်စပ်ကြား၊ ကားသမားကတော့ အညာသား ပုံစံနဲ့ ခပ်ငယ်ငယ်….။
ကျနော်နဲ့ အစ်ကိုတို့ တည်းခိုခန်းက ဆင်း၊ ကားပေါ်တက်ပြီး အဒေါ့်အိမ်မှာနေတဲ့ အမကို ဝင်ခေါ် ၊
နန်းသီတာမှာ ခရီးသည် တစ်ယောက်ဝင်တင်ပြီး ဆက်ထွက်ခဲ့ကြတယ်။
ကားခက ခေါင်းခန်း သုံးသောင်း ၊ နောက်ခန်း တစ်သောင်းခွဲပါ ၊
မြို့ပြင် မရောက်ခင်မှာတော့ ကားသမားတောင်းလို့ မှတ်ပုံတင်တွေ အကုန်ပေးလိုက်ရတယ်။
သူက ပုံစံစာရွက်တစ်ခုမှာ ခရီးသည်စာရင်းဖြည့်၊ နာမည်၊ မှတ်ပုံတင်နံပါတ်ရယ်ပေါ့..ပြီးတော့ အဲဒီပုံစံကို မိတ္တူဆိုင်မှာ ၁ဝ ရွက်လောက် မိတ္တူဆွဲ….
စိတ်ထဲတော့ များလှချည်လားပေါ့…။
မိုးဖွဲဖွဲလေးတွေ ကျနေတဲ့မြစ်ကြီးနားက ထွက်လာချိန်က မနက် ရ နာရီခွဲ…။
ဗလမင်းထင်တံတားကို ကျော်လာပြီး ဝိုင်းမော်ထဲရောက်လာ….အဲဒီကမှ ညောင်ပင်သာ၊ အောင်မြေ ၁ စတဲ့ ရွာတွေကို ဖြတ်လာခဲ့တယ်။
ဇွန်လနှောင်းပိုင်းမို့ အရာရာက စိမ်းစိမ်းစိုစို…..၊ ကျောင်းသွားနေကြတဲ့ ကလေးတွေကလည်း ထီးကိုယ်စီ….မိုးကာ ကိုယ်စီနဲ့……။
ဒဟတ်ယန် ဆိုတဲ့ ရွာကိုကျော်လာပြီးချိန်မှာတော့ ကားက အတက်လမ်းတွေ စလာခဲ့တယ်။
တိမ်ဖြူဖြူတွေအထက် ထိုးထွက်နေတဲ့ တောင်တန်းတွေနဲ့ ရှုခင်းက အလှသားပါပဲ၊ ဒါပေမယ့် ထူးခြားတာတွေ ကိုလည်း စတွေ့ခဲ့ရပါပြီ။
လူမရှိတဲ့ ရွာတွေပေါ့၊
တံခါးပေါက်ဟောင်းလောင်းနဲ့ ချုံနွယ်ပိတ်ပေါင်းတွေ မင်းမူနေတဲ့ အိမ်ကလေးတွေဟာ မိုးဖွဲဖွဲအောက်မှာ ပိုင်ရှင်ကိုများ မျှော်နေမလား…..။
စစ်ဆေးရေးဂိတ်တွေကလည်း ခဏခဏ၊ ကားသမားက ဂိတ်တစ်ဂိတ်ရောက်ရင် ခရီးသည်စာရင်း မိတ္တူတစ်ရွက် ပေး၊ ပြန်ထွက်၊
ဒါတောင် ကားသမားက ဂိတ်ကစစ်သားတွေနဲ့ ရင်းနှီးနေသူမို့ ခရီးသည်က လမ်းဆင်းမလျှောက်ရတာ…..။
သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ မြစ်ကြီးနား ဗန်းမော်ကားလမ်းပေါ်မှာ တွေ့နေရတာက ဗန်းမော်က တက်လာတဲ့ ကားတွေရယ်၊
ကင်းလှည့်နေတဲ့ စစ်သားတွေရယ်ပါပဲ၊
လူမဆိုထားနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မမြင်ရ၊
ကားသမားနဲ့ စကားစပ်ပြီး ပြောကြရင်း သူဟာ ရှမ်းပြည်ဘက်၊ ရွှေကူဘက်တွေမှာလည်း ကားမောင်းခဲ့ဘူးတယ်လို့ သိခဲ့ရတယ်၊
ခဏနေတော့ ကားသမားက…ဟာ……ဒုက္ခပဲ၊ သားလေးအတွက် မုန့်ဝယ်ဖို့ မေ့ခဲ့ပြီ..တဲ့၊
ဪ…ဗန်းမော်ရောက်မှဝယ်ပေါ့..ဆိုတော့ မဟုတ်ဘူးဗျ၊ သားက ရှေ့တစ်ရွာကျော်မှာ နေတာတဲ့၊
ဟင်…ဘယ်နှယ့်…လူမရှိတဲ့ ရွာပျက်တွေပဲဟာ….ဆိုတော့မှ…ဟုတ်ပါတယ်၊ သားကရွာပျက်မှာနေတာ၊
သားဆိုတာ ခွေးတစ်ကောင်ကိုပြောတာ၊ ကျနော်နဲ့သိတာ ၃ လလောက်ရှိပြီ၊ မထင်မှတ်ပဲ ကားအဖြတ်မှာသူနဲ့တွေ့၊ မုန့်ကျွေးရင်း ဆုံခဲ့တာ၊
သားက ကျနော့်ကားဟွန်းသံကို မှတ်ထားတာ၊ ဟွန်းတီးလိုက်ရင် သူနေတဲ့အိမ်လေးထဲက ထွက်ထွက်ကြိုတာ..တဲ့၊
အဲဒါနဲ့ အမက ကဲပါ…ဒီမှာ အမမှာ ကိတ်မုန့် ပေါင်မုန့်တွေပါပါတယ်၊ ကျွေးလိုက်ပါ….ဆိုမှ ကားသမား စိတ်ပေါ့သွားပုံ ရတယ်။
မိနစ် ၂ဝ လောက်မောင်းလာတော့ သူပြောတဲ့ ရွာပျက်ကလေးကို ရောက်လာတယ်၊
မူလတန်းကျောင်းကလေး ကတော့ အမိုးတွေပြိုလို့….ကျောင်းသားတွေအစား ခြုံနွယ်တွေကသာ အခန့်သား မင်းမူနေကြတယ်ပေါ့…။
အိမ်ကလေးတစ်ခုနားမှာ ကားရပ်ရင်း ဟွန်းတီးလိုက်တော့…ခွေးအနက်ကျားလေးတစ်ကောင် ပြေးထွက်လာတယ်၊
ကားသမားဆီက မုန့်ကို အငမ်းမရစားလေရဲ့၊ ဖေါ့ဘူး အဟောင်းလေးထဲမှာ ရေသန့်ဘူးထဲက ရေတွေထည့်ပေးရင်း ကားသမားဟာ ခွေးလေးကို ငေး…လို့၊
ငါးမိနစ်လောက်နေတော့…သားရေ….အဖေသွားမယ် မနက်ဖြန်လည်း စောင့်နေနော်…ဆိုပြီး ကျနော်တို့ ခရီးဆက်ခဲ့ကြတယ်။
ခွေးလေးက ကားကိုကြည့်ရင်း…ကျန်ခဲ့ရှာလေရဲ့၊
ခင်ဗျား…ကားနဲ့ ခေါ်ခဲ့ပါလား ဆိုတော့ ကားသမားက မရဘူးဗျ၊ ကျနော် ခေါ်ဖို့ကြိုးစားတာ လေးငါးခါရှိပြီ၊ မရဘူး… အတင်းရုန်းပြီး ပြေးတာပဲ၊
ဒီမှာပဲ နေချင်တယ်ထင်ပါရဲ့၊ သူသခင်တွေကို မျှော်နေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ ဒါပေမယ့်ဗျာ…
သူ့သခင်တွေကလည်း ဘယ်စခန်းတွေ ရောက်နေလဲဆိုတာ ဘယ်သူသိမှာတုန်းဗျာ..တဲ့။
ကားသမားနဲ့ ခွေးလေးရဲ့ ဇာတ်လမ်းကလည်း တစ်မျိုးပါပဲလား….။
ဒီလိုနဲ့ မောင်းလာရင်း လမ်းဘေးကွင်းပြင်ကျယ်ထဲမှာ ဟီးနေအောင်ဆောက်ထားတဲ့ နှစ်ထပ်ကျောင်းကြီးကို လှမ်းမြင်လိုက်ရတယ်၊
နမ်ဆန်ယန် ရောက်ပြီတဲ့။
နမ်ဆန်ယန် ဆိုတာ တစ်ချိန်က ကားတွေနားရာ ရပ်စခန်းကြီး၊ ထမင်းဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ စည်ကားလွန်းခဲ့တဲ့ နေရာဆိုပဲ။
အသစ်ဆောက်ပြီး ဖွင့်တာဘယ်လောက်မှ မကြာသေးခင် ပိတ်လိုက်ရတဲ့ အထက်တန်းကျောင်းကြီးမှာလည်း…. လူသူကင်းမဲ့…လို့။
နှစ်ထပ်တိုက်တွေ၊ နံကပ်တိုက်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေဟာလည်း ဒဏ်ရာ ဒဏ်ချက်ကိုယ်စီနဲ့ ပြိုပျက်…လို့။
မီးလောင်ထားတဲ့ အိမ်တိုင်တွေ၊ ပြာကျထားပြီးတဲ့ အိမ်ကလေးတွေက စစ်ကားတွေထဲမှာပဲ မြင်ဘူးခဲ့တဲ့ မြင်ကွင်း အတိုင်း……။
ပိုင်ရှင်မဲ့နေတဲ့ အိမ်တွေ၊ ပိုင်ရှင် မရှိတော့လို့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ လယ်ကွက်တွေ..။
သေနတ်သံတွေမကြားရတော့ပေမယ့် စစ်ပွဲရဲ့ အကျိုးဆက်ကတော့ မျက်စိရှေ့မှာ ထင်ထင်ရှားရှား….။
သနားစရာ အရပ်သားတွေခဗျာ….အိုးပစ်အိမ်ပစ်နဲ့ ဖြစ်သလို စခန်းသွားနေကြရတုန်းပေါ့….။
တရားတဲ့စစ်ပဲဖြစ်ဖြစ်၊ မတရားတဲ့ စစ်ပဲဖြစ်ဖြစ်….ကြားထဲက ခံကြရတာက အပြစ်မဲ့တဲ့ ပြည်သူတွေပါပဲ။
ကဲ…….အခုပဲကြည့်-
ခေါင်းလောင်းသံ တညံညံနဲ့ စည်ကားခဲ့မယ့် ကျောင်းကြီးက မိုးစက်တွေကြားမှာ…တိတ်ဆိတ်လို့..။
ခရီးသည်၊ ဈေးသည်တွေနဲ့ စည်ကားခဲ့မယ့် တစ်မျှော်တစ်ခေါ် ဆိုင်တန်းကြီးက ဝယ်သူဗလာ ရောင်းသူ မရှိပါပဲ… ပြိုလဲစပြုနေပြီပဲ….။
အဲဒီ နမ်ဆန်ယန်အထွက်မှာတော့ ချောင်းကူး ဘေလီတံတားတစ်ခု၊ ထုံးစံအတိုင်း တံတားထိပ်ကဂိတ်မှာ ခရီးသည်စာရင်း ဆင်းပေးရပါသေးတယ်။
တံတားမှာ ရေးထားတာက ဗန်းမော်သို့ ၅၈ မိုင်တဲ့၊ အပျက်အစီးတွေကိုကြည့်ပြီး ကားပေါ်က လူတိုင်း အတွေးကိုယ်စီနဲ့ တိတ်ဆိတ်..လို့…။
နောက်တော့….နာမည်ကျော် လိုင်ဇာကို ရောက်လာခဲ့ပါတယ်။
ကြိုဆိုပါ၏။ လိုင်ဇာမြို့…ဆိုတဲ့ မုဒ်ဦးကြီးကိုတော့ ဝါးကဒ်တွေနဲ့ ပိတ်ထားပြီး ဘေးကတောင်ကုန်းပေါ်မှာတော့ သစ်လုံးတွေကာထားတဲ့
ကတုတ်ကျင်းတွေက အစီအရီ…။
ဓါတ်ပုံရိုက်ချင်တာ လက်ကို ယားနေပေမယ့် အကို့ရဲ့ ရာဇသံကြောင့် ကင်မရာကို ဟန်းဘက်အိတ်ထဲမှာပဲ ထည့်ထားခဲ့ပါတယ်။
အကို ပြောပြတာက အရင် ၁လကျော်လောက်မှာ ခရီးသည် ကောင်မလေးတစ်ယောက်က အဲဒီ ဝါးကဒ်တွေနဲ့ ပိတ်ထားတဲ့ ဂိတ်ကို ဖုန်းနဲ့ ဓါတ်ပုံရိုက်သတဲ့။
အဲဒါကို စစ်သားတစ်ယောက်ကမြင်ပြီး ဗိုလ်ကိုတိုင်တော့ ကားပေါ်ကလူတွေ အကုန်ဆင်း….သေချာစစ်၊
ကောင်မလေးရဲ့ ဖုန်းထဲကပုံတွေကိုလည်း ပြန်ကြည့်ပြီး နောက်ဆုံး ကျန်တဲ့ ခရီးသည်တွေကို သွားခွင့်ပြုခဲ့ပေမယ့်
ကောင်မလေးကိုတော့ ခေါ်ထားလိုက်ပါသတဲ့…။
ကားပေါ်ကလူတွေထဲမှာလည်း ကောင်မလေးနဲ့ သိသူတွေ တစ်ယောက်မှမပါတော့ ဘယ်သွားမယ့်သူမှန်းမသိ၊
ခရီးသည် စာရင်းထဲက နာမည်နဲ့မှတ်ပုံတင် နံပါတ်ရှိပေမယ့် ဒီလိုကိစ္စမျိုးမှာတော့ လက်ရှောင်တာက အကောင်းဆုံးလို့ ယူဆကြမယ် ထင်ပါရဲ့..။
အဲဒီသတင်းကြောင့် အကိုက ကျနော့်ကို တားခဲ့တာပါပဲ။
လိုင်ဇာကို ကျော်လာပြီးချိန်မှာတော့ ကျနော်တို့ မှတ်ပုံတင်တွေကို ကားသမားကပြန်ပေးပါတယ်၊
ခရီးသည် စာရင်းကတော့ ဂိတ်တွေမှာ ပေးနေရဆဲပါ။
နောက်တော့ ဒေါ့ဖုန်းယန်ကို ရောက်လာပါပြီ။
ဝိုင်းမော်ကျော်ကတည်းက မတွေ့ရတဲ့ ရဲတွေကိုလည်း ဒေါ့ဖုန်းယန်ရောက်မှပဲ ပြန်တွေ့ရပါတယ်။
ဒေါ့ဖုန်းယန်မှာ မြစ်ကြီးနား-ဗန်းမော် အတက်ကားကော၊ အဆင်းကားကော ထမင်းစားနားကြတာပါ။
သစ်သီးဆိုင်တန်းတွေ၊ ထမင်းဆိုင် ၊ ဘီယာဆိုင်၊ ဈေးဆိုင်တွေနဲ့ ဒေါ့ဖုန်းယန်က နမ်ဆန်ယန် မရှိတဲ့အတွက်ပါ ပိုစည်ကားနေသလား မသိ။
ထမင်းက အသားဟင်းကို ပန်းကန်ထဲထည့်ပေးလိုက်ပြီး အရံဟင်းတွေကတော့ ကိုယ့်စိတ်ကြိုက် ယူစားရုံပါပဲ၊ တစ်ခါစား ၁၅၀ဝ ပါ။
ဒေ့ါဖုန်းယန်က ထွက်လာချိန်မှာတော့ မြင်ကွင်းက ပြောင်းသွားပါပြီ၊ လယ်စိုက်နေသူတွေ၊ သွားလာလှုပ်ရှားနေသူ တွေနဲ့
လမ်းတစ်လျှောက်ဟာ အသက်ဝင်နေခဲ့သလို ဟိုမှာဘက်ကလို ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် တစ်ခါ တွေ့ရတဲ့ ကင်းလှည့်နေတဲ့ စစ်သားမျိုးတွေလည်း မရှိတော့ပါဘူး။
တာပိန်မြစ်ကူး ကြိုးတံတားကိုကျော်ပြီး ကုန်းထိပ်က ဂိတ်မှာ ခရီးသည်စာရင်းပေးခဲ့ရတာ နောက်ဆုံးပါပဲ။
ဗန်းမော်နဲ့ ၉ မိုင်ပဲ ဝေးတဲ့ မိုးမောက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်စည်ကားကားပေါ့….။
ဗန်းမော်မြို့ထဲကိုဝင်လာတော့နေ့လည်၁၂နာရီကျော်ပါပြီ၊
နေ့လည်ထမင်းစားချိန် ကျောင်းလွှတ်လို့ ပြန်လာကြတဲ့ ကျောင်းသားလေးတွေကို မြင်တော့…
.မျက်စိထဲ…နမ်ဆန်ယန်က အသက်ကင်းမဲ့နေတဲ့ ကျောင်းဆောင်ဖြူဖြူကြီးကို ဖျတ်ကနဲ မြင်ယောင်မိလာပါတယ်။
ဪ….ဘယ်သောအခါများမှ…အဲဒီ နမ်ယန်ဆန်မှာ…ပြန်လည် စည်ကားလာမှာပါလိမ့်…။
မိုးလေတွေကြားထဲက ဒုက္ခသည်စခန်းတွေမှာ ကျောင်းသားလေးတွေခဗျာ….သူတို့ရဲ့ ကျောင်းတွေကိုများ လွမ်းနေကြမှာလား…။
သူတို့လေးတွေ သူတို့ကျောင်းကို ပြန်တက်နိုင်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ..။
ဘယ်သူတွေကများ တာဝန်ယူပေးမှာလဲ…။
မေးခွန်းသာရှိပြီး…..အဖြေမပေးနိုင်သူတွေကတော့……ဟိုး………….အဝေးမှာ ခပ်ခွာခွာ……။
ဪ……နမ်ဆန်ယန်….နမ်ဆန်ယန်……။
11 comments
kyeemite
July 3, 2014 at 10:54 am
ကိုမျိုးဒီတစ်ခေါက် ခရီးသွားဆောင်းပါးလေးက ကျုပ်တို့ နိုင်ငံရဲ့ ညီကိုချင်းသတ်နေကြတဲ့ ပြည်တွင်းစစ်ရဲ့
သရုပ်သဏ္ဍန်ပေါ်လွင်ပါတယ်…ကိုမျိုးပြောသလို“တရားတဲ့စစ်ပဲဖြစ်ဖြစ်၊ မတရားတဲ့ စစ်ပဲဖြစ်ဖြစ်….ကြားထဲက ခံကြရတာက အပြစ်မဲ့တဲ့ ပြည်သူတွေပါပဲ။” :p:
Myo Thant
July 3, 2014 at 12:27 pm
ဟုတ်ပါ့ ကိုမိုက်ရေ
အဲဒီကျောင်းကြီးကို အခုထိ မြင်ယောင်နေတုန်းပါ ၊
Wow
July 3, 2014 at 12:02 pm
ဆက်ရေးအူးလေ အူးမျိုး
Myo Thant
July 3, 2014 at 12:30 pm
အင်းးးး
ဗန်းမော် – မန္တလေး – ရန်ကုန်ခရီးစဉ်ကို သတ်သတ်ရေးမှာပါ ၊
ရန်ကုန် – မန္တလေး – မြစ်ကြီးနား ခရီးစဉ်ရောပေါ့ ၊
ခင် ခ
September 16, 2014 at 4:06 pm
ဦးဦးပုံပြောတယ်နော်
ခုထိ……………။
kyeemite
July 3, 2014 at 3:56 pm
ဓါတ်ပုံတေါဝေဝေဆာဆာမပါတာတော့ နာသဗျာ…
Myo Thant
July 3, 2014 at 4:08 pm
ရိုက်မရလို့ ကိုမိုက်ရေ
ဇီဇီ
July 3, 2014 at 7:17 pm
ကိုယ့် တိုင်းရင်းသား အချင်းချင်း သတ်တာကို ,……
တိုင်းပြည်ကာကွယ်တယ်လို့ ထင်မြင် မာန်တက်နေတဲ့ စစ်တပ် ရှိနေသရွေ့……
😥
အရီးခင်
July 3, 2014 at 11:47 pm
ကိုမျိုးရေ
ခရီးသွားဇာတ်လမ်းလေး ဖတ်ပြီး တကဲ့ခရီးသွားခဲ့သလို ခံစားရပါတယ်။
ရထားနဲ့ သွားရရင် ပိုပြီး ပျော်ဖို့ကောင်းမယ်ထင်ရဲ့။
မတ်လ ထဲမှာ ပြခဲ့တဲ့ Jeremy Clarkson ရဲ့ Top Gear ဘီဘီစီ စီးရီး မှာတော့ ရှမ်းပြည်ကိုဖြတ် ရွှေတြိဂံ ဖက်သွားခဲ့တဲ့ဖက်တွေမှာ စစ်ပွဲတွေ မရှိဘူး လိုလို ပြောခဲ့တာ။
သူစီးရီးက ပေါက်ကရပြောတတ်တာမှန်း သိပေမဲ့ တစ်စုံတစ်ယောက် ပယောဂ မပါဘဲ ဒီစကားမထွက်ဘူး။
တစ်စုံတစ်ယောက် အကူမပါဘဲ မြန်မာပြည်ထဲ ဝင်လို့မရဘူး။
နောက်တစ်ခါ ကချင်ဘက်ကို သွားကြည့်ဖို့ကောင်းတယ်။
Myo Thant
July 4, 2014 at 10:04 am
ကေဇီ နဲ့ အရီးခင်ရေ
ကျနော်လည်း ဒီလမ်းကို ပထမဆုံး သွားဖူးတာပါ ၊
ရထားနဲ့ မြစ်ကြီးနားတက်ခဲ့တာပါ ၊
ရထားလမ်းဘက်မှာ ဘာစစ်ဒဏ်အရိပ်အယောင်မှ မရှိပါဘူး ၊
ကားလမ်းဘက်က ဒုက္ခသည်တွေအတွက် တကယ်စိတ်မကောင်းဖြစ်ရပါတယ် ၊
Choo
July 4, 2014 at 3:10 pm
အမ် :harr: