၁၉ ဇူလိုင်၊ မမေ့နိုင်

ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။}

"၁၉ ဇူလိုင်၊ မမေ့နိုင်"
“၁၉ ဇူလိုင်၊ မမေ့နိုင်”

လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။

ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ မျက်ရည်မိုး သွန်းဖြိုးခဲ့ကြရသည်။ မသမာသူ လူတစ်စု၏ ယုတ်မာလှသော လုပ်ရပ်အတွက် ဒေါသ ချောင်းချောင်း ထွက်နေသည့် မီးလျှံများသည်လည်း ဝမ်းနည်း မျက်ရည်များ ကြားမှပင် အတိုင်းသား တွေ့မြင်ခဲ့ကြရသည်။

ဆီးနှင်းများ ပိတ်ဖုံးလာသော အခါ အနီးအပါးမှ အရာများအား ခပ်ဝါးဝါးသာ မြင်လာရ သကဲ့သို့ မြန်မာပြည် တစ်ဝှမ်းလုံး ဝမ်းနည်းမှု တည်းဟူသော ဆီးနှင်းများ ပိတ်ဖုံးမှုကြောင့် ဆူညံပွတ်လောရိုက်နေသော မြန်မာပြည် အရပ်ရပ်တွင် အသံဗလံတို့ ခပ်တိုးတိုး ခပ်ပါးပါးသာ ဖြစ်ကုန်တော့၏။

အချို့ကလည်း မချိတင်ကဲ လေသံဖြင့် “ဖြစ်ရလေ ဗိုလ်ချုပ်တို့ရယ်” ဟူ၍၊ အချို့ကလည်း “ခွေးမသားတွေ .. ခေါင်းဆောင်ကြီးတွေ သတ်မယ့်အစား ငါ့သာ လာသတ်ကြပါတော့လား” ဟူ၍။ မြန်မာပြည် ပတ်ဝန်းကျင်တွင် မျက်ရည်စက်တို့သာ မင်းမူနေပြီး တစ်ချက်တစ်ချက် ငိုရှိုက်သံ သဲ့သဲ့တို့သည် တိတ်ဆိတ်သော ဝန်းကျင်တွင် ပေါ်ထွက်၍ လာတတ်သေးတော့သည်။

x x x x x x x x x x x x

၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်သည် မြန်မာနိုင်ငံ၏ မိုးတွင်း အချိန်ကာလ ဖြစ်သည့်အပြင် နေရာဒေသမှာ ရန်ကုန်မြို့ ဖြစ်သောကြောင့် ထိုနေ့ ထိုရက်က မိုးသည် ခပ်ပါးပါး ရွာလိုက်၊ တဝုန်းဝုန်း ရွာလိုက်ဖြင့် မိုးရွာနေမည်ဟု ထင်မိပါသည်။

မည်သို့ပင် မိုး ရွာစေကာမူ တိုင်းပြည် အရေးကိစ္စသာ ရှေ့တန်းတင်တတ်သော အာဇာနည် ခေါင်းဆောင်ကြီးများ အဖို့မူကား ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် အစည်းအဝေး ကျင်းပရန် ရှိနေသည်။ ယင်းအစည်းအဝေးကား ရိုးရိုး အစည်းအဝေး မဟုတ်။ အထူးအစည်းအဝေး ဖြစ်လေသည်။ ယင်း အထူးအစည်းအဝေးအား နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်တွင် ကျင်းပရန် စီစဉ် ထားခြင်း ဖြစ်သည်။

အစည်းအဝေး ကျင်းပရာ ဗိုလ်ချုပ်ရုံးခန်း
အစည်းအဝေး ကျင်းပရာ ဗိုလ်ချုပ်ရုံးခန်း

နံနက် ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် ဗိုလ်ချုပ်အောင်ဆန်း ရောက်လာသည်။ ယင်းနေ့တွင် ထူးထူးခြားခြား ဗိုလ်ချုပ် ဝတ်ဆင်လာသည်မှာ မန္တလေး ပိုးလုံချည်နှင့် တိုက်ပုံကို ဝတ်ဆင်လာခြင်း ဖြစ်သည်။ ယင်းနောက်တွင် မူကား ဦးရာဇတ်၊ ရဲဘော်ကိုထွေး၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဖွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးအုန်းမောင်တို့ ရောက်လာကြသည်။

ယင်းနေ့က အတွင်းဝန်များရုံးသို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်မလာမီ နံနက် ၁ဝ နာရီခန့်၌ သတင်းထောက် တစ်ယောက်မှာ အရင် ရောက်နှင့်၍ နေခဲ့၏။ ၎င်းကား ထိုအချိန်အခါက အသက် ၂၂ နှစ် အရွယ်သာ ရှိသေးသည့် မြန်မာ့အလင်းဦးသန်းညွန့် ဖြစ်လေသည်။

အထူးအစည်းအဝေး ရှိသည်မို့ စောစီးစွာ သတင်းယူရန်အတွက် ဦးသန်းညွန့် သည် ဗိုလ်ချုပ် အခန်းနှင့် တစ်ခန်းကျော်တွင် ရှိသော သတင်းထောက်များ အခန်းထဲ၌ ရောက်နှင့်၍ နေခဲ့ခြင်း ဖြစ်လေသည်။ ဗိုလ်ချုပ် ရောက်လာတော့ ဦးသန်ညွန့်သည် ဦးညွတ်နှုတ်ဆက်သည်။ ဦးရာဇတ် ရောက်လာသော အခါတွင် ဦးရာဇတ်၏ သက်တော်စောင့် ဖြစ်သူ ကိုထွေး၏ အခန်းတွင်းသို့ လိုက်ပါသွားပြီး ကိုထွေးမှ ဦးသန်းညွန့်အား ညပိုင်းကြည့်ရှုခဲ့သည့် ရုပ်ရှင်ဇာတ်ကား အကြောင်း ပြောပြနေခဲ့ပါလေ၏။

အစည်းအဝေး ကျင်းပမည့် နေရာမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း “ဂငယ်” ပုံစံ စားပွဲကြီးတွင် ဖြစ်လေ၏။ ယင်းကြောင့် ရောက်ရှိလာကြသော ခေါင်းဆောင်ကြီးများသည် အစည်းအဝေး ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း ရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ နေရာယူကြလေသည်။

ဗိုလ်ချုပ်ကား ဂငယ်ပုံစံ စားပွဲကြီး၏ ထိပ်တွင် နေရာယူထားသည်။ ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် ထိုင်နေသည်။ ၎င်းနောက် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဖွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး တို့ ရှိလေသည်။ ဗိုလ်ချုပ်၏ လက်ယာဘက် အခြမ်းတွင်ကား သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင် တို့ ရှိလေ၏။

ဗိုလ်ချုပ်၏ လက်ယာဘက် ဘေးတွင် ရှိနေသော ထိုင်ခုံတွင်ကား ဝန်ကြီးဌာန၏ အတွင်းဝန် တစ်ဦး ဖြစ်သူ ဦးအုန်းမောင် ရှိလေသည်။ မသမာသူ လူတစ်စု ဝင်ရောက်လာမည့် ဘက်ကား ဦးရာဇတ်တို့ ကျောပေးထားသော ဘက်ဖြစ်လေသည်။

ယခု နေရာတွင် ဦးအုန်းမောင်၏ အကြောင်းကို အနည်းငယ် ဖော်ပြလိုပါသည်။ ယင်းနေ့ အစည်းအဝေး၏ အစီအစဉ်အရ ဦးအုန်းမောင်၏ တာဝန်ချိန်မှာ ၁ဝ နာရီ မိနစ် ၃ဝ မှသာ စတင်ရမည် ဖြစ်၏။ ယင်းအချိန် မတိုင်မီကား သံအမတ်ဟောင်း (အတွင်းဝန်) ဦးကြင်၏ အလှည့် ဖြစ်လေသည်။

သို့ရာတွင် ဦးအုန်းမောင်မှာ ၎င်းတွင် အရေးကြီးသော ကိစ္စတစ်ခု ရှိကြောင်း ဦးကြင်ထံတွင် ပြောပြ ခွင့်ပန်ပြီးနောက် အစည်းအဝေးသို့ ဦးစွာလာ၍ ၎င်းရေးသားထားသော သယ်ယူပို့ဆောင်ရေး စီမံကိန်း အကြောင်း တင်ပြထားခြင်း ဖြစ်လေသည်။ ထိုအချိန်က ဝန်ကြီးများ တိုင်းပြည်အလုပ်အား မည်မျှ အရေးထားကြောင်း ဦးအုန်းမောင်၏ ဖြစ်ရပ်က ဖော်ပြနေလေ၏။ ယင်းသို့သော ခေါင်းဆောင်များ ဆုံးရှုံးရခြင်းကား နှမြောဖွယ် ကောင်းစွတကား။

ဝန်ကြီးများလည်း စုံနေပြီ ဖြစ်သည့်အတွက် အစည်းအဝေးကြီးအား ၁ဝ နာရီ မိနစ် ၃ဝ ခန့်တွင် စတင်ခဲ့ပါ၏။ အစည်းအဝေး စ,သည်နှင့် ရုံးစေပြာတာ သည်လည်း အစည်းအဝေး ခန်းမ တံခါး (ဗိုလ်ချုပ် ရုံးခန်း တံခါး) ကို ပိတ်၍ တံခါး စောင့်နေချေပြီ။

အစည်းအဝေး စတင်ပြီး မိနစ်ပိုင်း အတွင်းမှာပင် တံခါး ပွင့်လာလေသည်။ တံခါးဖွင့်သူများကား စစ်ဝတ်စုံ ယူနီဖောင်းများနှင့် ဖြစ်လေ၏။ ၎င်းတို့သည် သေနတ်များအား ကိုင်စွဲထားကြသည်။ တံခါးတွင် ရပ်စောင့်နေသော ရုံးစေပြာတာအား ဖယ်ရှားပြီး ရင့်သီးစွာပင် ဝန်ကြီးများ အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြ၏။

၎င်းတို့သည် စစ်ယူနီဖောင်းများ ဝတ်ဆင် ထားကြသည့် အတွက် အများကပင် ဗိုလ်ချုပ် လူများဟု ထင်မှတ်ထားကြ၏။ ယင်းကြောင့် တံခါးစောင့် နေသော ရုံးစေပြာတာ သည်လည်း ၎င်းတို့အား အကြောင်သား ကြည့်ကာ အံ့အား သင့်နေစဉ်မှာပင် တွန်းထုတ် ဖယ်ရှားခြင်း ခံလိုက်ရ၏။

ဗိုလ်ချုပ် ရုံးခန်းအတွင်း ဝင်ရောက် လာသော အခါတွင်လည်း အစည်းအဝေး ထိုင်နေကြသော ဝန်ကြီးများမှာ အဆိုပါ စစ်ယူနီဖောင်းဝတ် များအား ဗိုလ်ချုပ်၏ စစ်သားများဟုပင် ထင်မှတ်ထားကြပြီး အရေးကြီး ကိစ္စကြောင့် ဗိုလ်ချုပ်ထံ ရောက်လာကြခြင်း ဖြစ်သည်ဟူ၍သာ ထင်မှတ်ထားကြလေ၏။

အချို့သော ဝန်ကြီးများကမူ ၎င်းတို့၏ စိတ်ထဲတွင် “ဒီစစ်သားများ အတော် ရိုင်းပြလှပါလား၊ ဗိုလ်ချုပ်ကို ပြောထားဦးမှပါပဲ” ဟူ၍ ဗိုလ်ချုပ်အား အပြုအမူ ရိုင်းပြလှသော စစ်ယူနီဖောင်းဝတ် များအား ဆုံးမပေးထားရန် ပြောဦးမည်ဟု တေးမှတ်လိုက်သည်များလည်း ရှိနေချေသေး၏။ သို့ရာတွင် အဆိုပါ စစ်ယူနီဖောင်း ဝတ်များကား ၎င်းတို့ တွေးထင်ထားသကဲ့သို့ မဟုတ်ပါချေ။ ၎င်းတို့၏ အသက်ဇီဝိန်အား ခြွေချတော့မည့် ယုတ်မာလှသော မသမာလူတစ်စုသာလျှင် ဖြစ်ချေ၏။

အဆိုပါ စစ်ယူနီဖောင်းဝတ် လူစုသည် အစည်းအဝေးခန်းမ အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဂငယ်ပုံစံ စားပွဲရှေ့သို့ (ဗိုလ်ချုပ်နှင့် မျက်နှာချင်းဆိုင်) သွားရောက်ကာ ရှေ့ဆုံးမှ လူမှာ ဘာမပြော ညာမပြော ပါလာသော သေနတ်ဖြင့် ဗိုလ်ချုပ်အား စတင် ပစ်ခတ်ပါတော့၏။

ယင်းသို့ ပစ်ခတ်လိုက်သည့် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ ထိုင်ရာမှ ဝုန်းခနဲ ထ၍ လက်ကာပြကာ တစ်ခုခု အော်ဟစ်၍ ပြောလိုက်သေး၏။ သို့ရာတွင် အချိန်ကား နှောင်းခဲ့ချေပြီ တကား။
သေနတ် သမားတို့သည် ဗိုလ်ချုပ်အောင်ဆန်း အား မဲ၍ သေနတ်ဖြင့် တရစပ် ပစ်ခတ်နေကြ၏။ တိုင်းပြည်အရေး ဆွေးနွေးနေသော စကားသံတို့ဖြင့် စတင်ခဲ့သော အခန်းအတွင်းတွင် သေနတ်သံတို့ဖြင့် ဆူညံသွားခဲ့ပြီး ယမ်းငွေ့များလည်း လွှမ်း၍ သွားခဲ့ချေပြီ။

ယင်းသို့ သေနတ်သမားများက ဦးစွာပထမ ဗိုလ်ချုပ်အောင်ဆန်းအား မဲ၍ ပစ်ခတ် နေကြစဉ်တွင် ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင် ရှိနေသော ဦးရွှေဘော်နှင့် ၎င်း၏ နှစ်ယောက်ကျော်တွင် ရှိနေသော ပျော်ဖွယ်ဦးမြ တို့မှာ အစည်းအဝေး ခန်းမနှင့် ကပ်လျှက် ရှိသော ဦးရွှေဘော်၏ အခန်းသို့ အစည်းအဝေး ခန်းမ ပြတင်းပေါက်မှ ခုန်ကူး၍ ထွက်ပြေး လွတ်မြောက် သွားခဲ့လေ၏။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်

ဗိုလ်ချုပ်သည် သေနတ်ဒဏ်ကြောင့် သွေးသံရဲရဲ ဖြစ်နေသော ခန္ဓာကိုယ်ဖြင့်ပင် ၎င်း၏ လက်ယာဘက် ခပ်လှမ်းလှမ်းတွင် ရှိနေသော ရုံးစားပွဲသို့ သွားရောက်သေး၏။ သို့ရာတွင်ကား စားပွဲသို့ မရောက်မီမှာပင် အသက်ဆုံးရှုံး ခဲ့ရလေသည်။

မည်သည့် အတွက်ကြောင့် ဗိုလ်ချုပ်သည် သေနတ်ဒဏ်ရာ ဗရပွ ကြားမှပင် သူ၏ စားပွဲဆီသို့ သွားရောက်ခဲ့လေသနည်း။ ၎င်း၏ သေနတ်ကို ယူဆောင်ရန် အတွက်လော။ မည်သည့် အတွက်ကြောင့်နည်း ဟူမူကား ကျွန်ုပ် မသိတတ်ပါချေ။

သေနတ် သမားများမှာ ဗိုလ်ချုပ်အား အားရအောင် ပစ်ခတ်ပြီးနောက် ထိုင်နေသော ဝန်ကြီးများဘက်သို့ ပစ်ခတ်ပြန်လေသည်။ ဗိုလ်ချုပ်အား ပစ်ခတ်နေစဉ်တွင် လက်ဝဲဘက်တွင် ထိုင်နေသော ဦးဘဂျမ်းမှာ ဦးအောင်ဇံဝေ၏ လက်ကို ဆွဲ၍ ခန်းမ၏ ကြမ်းပြင်ပေါ်သို့ လှဲချလိုက်လေ၏။ ယင်းသို့ လှဲချလိုက်ခြင်းကိုပင် သေနတ် သမားများမှာ သေနတ်မှန်၍ သေသွားပြီ မှတ်ထင် သွားသောကြောင့် ထိုနှစ်ယောက်မှာ များများ အပစ်မခံလိုက်ကြရချေ။

ထိုင်နေသော ဝန်ကြီးများအား အားရအောင် ပစ်ခတ်ပြီးသွားပြန်သော အခါ သေနတ်သမားများမှာ ဂငယ်ပုံစံ စားပွဲအတွင်း ဒူးထောက်လျှက် အနေအထားဖြင့် လဲကျနေသော ဝန်ကြီးနှစ်ယောက် ဘက်သို့ လှည့်ပတ် ပစ်ခတ်လိုက်သေး၏။ ယင်းကြောင့် ဦးဘဂျမ်း၏ လက်ယာဘက် လက်သူကြွယ်ထိပ်အား သေနတ်ကျည်ဆံ ထိမှန်ခဲ့လေသည်။

ထိုအချိန်၌ မိုးသည် တဖွဲဖွဲ ကျနေရာမှ တဝုန်းဝုန်း ရွာလိုက်သော အချိန်ခဏ ဖြစ်မည် ထင်ပါ၏။ ယင်းအတွက် ကြောင့်ပင် ရဲဘော်ကိုထွေး၏ အခန်းမှနေ၍ သေနတ်သံများအား မိုးသံနှင့် ရောနှော၍ တအုန်းအုန်း မြည်သံသာ ကြားရပြီး သေနတ်သံ ဖြစ်ကြောင်း ရှင်းလင်း ပြတ်သားစွာ မကြားလိုက်ရခြင်းပင် ဖြစ်ဟန် တူပါပေသည်။

နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့် ကတည်းက မြန်မာ့အလင်းဦးသန်းညွန့်နှင့် ရုပ်ရှင်ဇာတ်ကား အကြောင်း စကားလက်ဆုံကျနေသော ရဲဘော်ကိုထွေးမှာ မိုးသံနှင့် ရောနှောနေသော တအုန်းအုန်း အသံများကြောင့် အခန်းပြင်သို့ ထွက်၍ ကြည့်ရှုခဲ့လေသည်။ ရဲဘော်ကိုထွေးနှင့် မလှမ်းမကမ်းတွင်လည်း မြန်မာ့အလင်း ဦးသန်းညွန့် လိုက်ပါလာလေ၏။

နိုင်ငံတော် လုပ်ကြံမှုကြီးအား ကျူးလွန်အပြီး ထွက်လာသော လူယုတ်မာ သေနတ်သမားများနှင့် ရဲဘော်ကိုထွေးတို့ တိုးမိလေတော့သည်။ ရဲဘော်ကိုထွေး မှ တစ်စုံတစ်ခုကို အော်ဟစ် ပြောဆိုနေဆဲမှာပင် သေနတ်သမားများမှ လက်ဦးသွားချေပြီ။ မြန်မာ့အလင်း ဦးသန်းညွန့်ကိုမူကား “မင်းနဲ့ ဘာမှမဆိုင်ဘူး။ သွားသွား” ဟူ၍ သေနတ်သမားများက အော်ဟစ် ငေါက်ငမ်း လွှတ်လိုက်လေ၏။
ယင်းသို့ သေနတ်သမားများမှ အော်ဟစ်လိုက်သော အခါ ဦးသန်းညွန့်လည်း လှေကားမှ တရောသောပါး ပြေးဆင်းရလေ၏။ လှေကား တစ်ဝက်လောက် အရောက်မှာပင် “မြန်မြန်ဆင်း” ဟူ၍ ထပ်မံ အော်ဟစ်သောကြောင့် မထူးစိတ်နှင့် ၁ဝ ပေခန့် အကွာ လှေကားပေါ်မှ ခုန်ချကာ လှေကားအောက် ဝင်နေလိုက်လေသည်။

ဒီအချိန်မှာပင် စစ်ရောင် ဂျစ်ကားတစ်စီး ဆင်ဝင်အောက်သို့ ထိုးရပ်လိုက်လေ၏။ ယင်းနောက် သေနတ်သမားများလည်း စစ်ကားပေါ်သို့ တက်သွားပြီး စစ်ရောင် ဂျစ်ကားလည်း မောင်းထွက်သွားလေသည်။ သေနတ်သမား များ၏ စစ်ဝတ်စုံ လက်မောင်းတွင် အင်္ဂလိပ်စစ်တပ် ၁၂ နံပါတ် တပ်မ တံဆိပ် တပ်ဆင်ထားသည်ကို မြန်မာ့အလင်း ဦးသန်းညွန့် မြင်တွေ့လိုက်ရလေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း (တစ်နည်းအားဖြင့်) အစည်းအဝေး ခန်းမ အတွင်းတွင်ကား မြူနှင်းများ ပိတ်ဖုံးနေသည့်နှယ် ယမ်းငွေ့များ လှိုင်နေသည်။ သေနတ် ကျည်ဆံများသည်လည်း ကြဲပြန့်၍ နေလေ၏။ ဗိုလ်ချုပ်သည် အစည်းအဝေး စားပွဲနှင့် ၎င်း၏ ရုံးစားပွဲ အကြားတွင် သေနတ်ဒဏ်ရာ ဗလပွဖြင့် ငြိမ်သက်၍ နေချေပြီ။

ဝန်ကြီး အများစုမှာ ၎င်းတို့၏ ထိုင်ခုံတွင်ပင် ထိုင်နေလျှက် စားပွဲပေါ်သို့ မှောက်ရက်ကျကာ ငြိမ်သက် နေချေပြီ။ သခင်မြမှာလည်း စားပွဲအောက်သို့ မှောက်ရက်လဲကာ ငြိမ်သက်နေချေပြီ။ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့မှာ အခန်းအပြင်ဘက်သို့ အချိန်မီ ထွက်လိုက်နိုင်သဖြင့် အသက်ဘေးမှ လွဲနိုင်ခဲ့ပေ၏။ ကြမ်းပြင်ပေါ် လှဲချခဲ့သော ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေ တို့မှာလည်း အသက်ဘေးမှ သက်သာခွင့် ရခဲ့လေသည်။

၁၉၄ရ ခုနှစ်၊ ဇူလိုင် (၁၉) ရက် လုပ်ကြံမှုကြီးတွင် ကျဆုံးခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ

၁။ ဗိုလ်ချုပ်အောင်ဆန်း (ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၊ ဒုတိယ သဘာပတိ (ဝန်ကြီးချုပ်) )
၂။ သခင်မြ (ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန၊ ဝန်ကြီး)
၃။ ဒီးဒုတ်ဦးဘချို (ပြန်ကြားရေး ဝန်ကြီး)
၄။ ဦးဘဝင်း (ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး)
၅။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း (တောင်တန်းဒေသ ဝန်ကြီး)
၆။ ဦးရာဇတ် (ပြန်ကြားရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီး)
၇။ မန်းဘခိုင် (စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီးဌာန)
၈။ ဦးအုန်းမောင် (အတွင်းဝန်)
၉။ ကိုထွေး (ဦးရာဇတ်၏ သက်တော်စောင့်)

 

19-july (8)
19-july (4)
19-july (6)
19-july (7)
19-july (5)

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးမှု သတင်းသည် မြန်မာနိုင်ငံ အဝှမ်းသို့ တောမီးထက် ပိုမိုမြန်ဆန်ကာ ပျံ့နှံ့သွားခဲ့လေသည်။ နိုင်ငံတကာ သို့လည်း ထိုနည်းတူပင် ပျံ့နှံ့၍ သွားခဲ့ပေ၏။ ယင်းသတင်းကြောင့် မြန်မာပြည်သူ ပြည်သားတို့ မျက်ရည်မိုး သွန်းဖြိုးခဲ့ရလေသည်။

ဖခင် သေဆုံးစဉ်က မငိုခဲ့သူများ၊ ရွှေမန်းတင်မောင် ငိုချင်းဆိုစဉ် ခပ်တည်တည် မျက်နှာထားဖြင့် ကြည့်ရှုနေနိုင်ခဲ့သူများ၊ ချစ်သူတစ်ယောက် ရုတ်တရက် သေဆုံးခဲ့စဉ် မျက်ရည် မကျခဲ့သူများမှာ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ သေဆုံးသည့် သတင်းကို ကြားသိရသည့် အခါ အလိုလို မျက်ရည်များ ဝဲတက်လာခဲ့ရလေသည်။ ယင်းမျက်ရည်များသည် ယင်းအာဇာနည် ခေါင်းဆောင်များနှင့် ထိုက်တန်လှပါပေ၏။

19-july (3)

နိုင်ငံတကာမှလည်း ဝတ်ကျေတမ်းကျေ မဟုတ်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာများအား ဦးနုထံသို့ ပေးပို့ခဲ့ကြလေသည်။ ဗိုလ်ချုပ်တို့၏ ရန်သူတော်အဖြစ် သတ်မှတ်ခံရဖူးသည့် ဗြိတိသျှ နန်းရင်းဝန် ကလီမင့်အက်တလီနှင့် ဗြိတိသျှ အထက်လွှတ်တော် အမတ်များမှ သတင်းကြားကြားချင်းမှာပင် ဝမ်းနည်းကြောင်း စကား ပြောကြားခဲ့ပေ၏။

အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီနှင့် ပဏ္ဍစ်ဂျဝါလာဟာ နေရူး တို့မှလည်း ဝမ်းနည်းကြောင်း စကား ပြောကြားခဲ့လေသည်။ ယင်းတို့မှာ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများအား မြန်မာပြည်သာ မက ကမ္ဘာမှပါ လေးစားကြောင်း သတ်သေများပင် မဟုတ်ပါလော။

Historical Events on 19th July
1947 – Prime Minister of shadow Burma government, Bogyoke Aung San and 6 of his cabinet and 2 non-cabinet members assassinated by armed paramilitaries.

ဇူလိုင် ၂၆ တွင် ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခြင်းအတွက် ဝမ်းနည်းတသသည့် နေ့အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အလုပ်များ ရပ်နားထားခဲ့ကြလေသည်။ ရုံးများ၊ ကျောင်းများ ပိတ်ထားခဲ့သည်။ အစိုးရ အဆောက်အအုံးများနှင့် လူနေအိမ်များတွင် အလံများ တိုင်တစ်ဝက် လွှင့်ထူပြီး ဝမ်းနည်းကြောင်း ပြသခဲ့ကြသည်။

ဩဂုတ်လ ၁၇ တွင် တိုင်းပြု၊ ပြည်ပြု လွှတ်တော် အမတ်များမှ ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ထားရှိရာ ဂျူဗလီဟောသို့ သွားရောက် ဂါရဝ ပြုခဲ့ကြသည်။ ပြည်သူလူထု ထောင်ပေါင်းများစွာ သည်လည်း နေ့စဉ်နှင့်အမျှ လာရောက်၍ ဂါရဝ ပြုခဲ့ကြလေသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့တွင် အင်္ဂလိပ် ဘုရင်ခံ ဆာဟူးဘတ် ရန့်ဇ် ကိုယ်တိုင် ခေါင်းဆောင်ကြီးများအား ပန်းခွေချ အလေးပြုခဲ့လေသည်။

၁၉၄၈ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် (၁၀) လ နီးပါးကြာ ထားရှိခဲ့သော ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်အား သံဃာ အပါး (၁၀၀) ဆွမ်းကပ်ပြီး သရဏဂုံ တင်ခဲ့လေသည်။ ယင်းနေ့ ညနေ ၄ နာရီ ၃၅ မိနစ် အချိန်တွင် ရုပ်ကလာပ်များအား ရွှေတိဂုံ ဘုရား၏ မြောက်ဘက်ခြေတော်ရင်း မြေနေရာတွင် ဂူသွင်းမြှပ်နှံ ခဲ့ကြလေသည်။ ထိုနေရာမှာ အာဇာနည်ဗိမာန် ဖြစ်၍ လာခဲ့ပါ၏။

19-july (9)

နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း နံနက် ၁ဝ နာရီ ၃ရ မိနစ် အချိန်တွင် ရထားများမှ ဥဩ ဆွဲခဲ့ကြလေသည်။ ကားများမှ ဟွန်းတီးခဲ့ကြလေသည်။ သင်္ဘောများမှ တဘော်ဘော်နှင့် ဥဩ ဆွဲခဲ့ကြလေသည်။ ယင်းအသံများ ကြားသည့်အခါ လူတိုင်းလူတိုင်း တစ်မိနစ်ခန့် ရပ်တန့်ပြီး ဝမ်းနည်းကြောင်း ပြခဲ့ကြလေသည်။ ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သခဲ့ကြလေသည်။

ရန်နိုင်ဆွေ ရေးစပ်သီးကုံးထားပြီး မေလှမြိုင် သီဆိုခဲ့သော “အာဇာနည်နေ့ မမေ့သင့်ပေ” ဟူသော သီချင်းစာသားကိုလည်း သတိရမိပါသေးတော့သည်။

 

x x x  ကမ္ဘာတည်သရွေ့ x x x အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ x x x
ယနေ့ခေတ် မြန်မာတွေ x x x  ဪ … မမေ့သင့်ပါသလေ x x x
ဗမာ့သားကောင်း ဇာနည်တွေ x x x  ဗိုလ်ချုပ်အောင်ဆန်းလို ထွန်းပေါက်ကြပါစေ x x x

 

>>>  အာဇာနည်နေ့ သီချင်းများအား သွားရောက် နားဆင်လိုပါက ဒီနေရာကို နှိပ်ပါ။ <<<

 

ရေးသူ – မဟာရာဇာ အံစာတုံး
ဓာတ်ပုံနှင့် မှီငြမ်း ။     ။ အင်တာနက် စာမျက်နှာများ။

20 comments

  • ဇီဇီ

    July 17, 2014 at 8:37 am

    ငယ်ငယ်က……..
    *ထိန်လင်း တောင့်တခဲ့တဲ့* ပြဒါးရှင်လုံး
    ကျွန်တော် အခု လိုချင်ပြီ အမေ။

    အမေကလည်း အမေပီပီ ……..
    အဖိုးရဲ့သွေးတွေ ရဲနေအောင်ပန် စိန်ခေါ်သံတွေညံလို့ ။

    ပြန်ပြောပြီး နားမထောင်တဲ့ခေတ်/စစ်ကြီးကတော့….
    ဗုံးတွေ တစ်လုံးပြီးတစ်လုံး ထောင်နေတုန်းပဲ
    ဆပ်ပြာသည် လင်ပျောက်သလို…
    ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှာဖွေပစ်ချပေးနေဆဲလေ….
    ဒီ စစ်ကြီး ခေတ်ကြီးက။

    အသံတိတ်ဆန္ဒလည်းမရ…
    အသံဖွင့်ဆန္ဒလည်းမရ …
    အကောင်သေးသေး အကောင်ကြီးကြီး…
    ဘာမှပြန်မပြောနဲ့ နောက်တစ်ခါဖြတ်လျှောက်ဆိုလျှောက်…
    ဒီ ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးကြီးရဲ့ ဥပဒေကြိုးတန်းပေါ်က။
    အနေကြာလာတော့….
    နေကြာပန်းတွေတောင် ဘယ်ဘက်လှည့်ပွင့်ရမလဲမသိဘူးဖြစ်လာတယ်အမေ။

    ကိုယ့်ရှေ့ကျနေတဲ့အမှိုက်တောင်ကောက်လို့မရ….
    ကောက်လို့မရတဲ့အမှိုက်တွေ ကောက်ဖို့ဆိုတာ ပိုမခက်ဘူးလားမေမေ။

    ဒီနေ့မှာ …..
    ချစ်သူနဲ့ဆယ်သက်ဆယ်ကမ္ဘာဝေးတာထက်
    ပိုပြီး ကျွန်တော်အသည်းကွဲချင်တယ် …
    အမေရေ မိုးရေထဲ ရေညှိတက်နေတဲ့အဖိုးရဲ့ရုပ်ထုကြီးက….
    ခုထိ လက်ညှိုးညွှန် ဆုံးမနေတုန်းဗျ….
    ဒီလက်ညှိုးကိုဖြတ်ဖို့ ဓားတွေလည်းအပြိုင်အဆိုင်သွေးနေကြပေါ့ဗျာ။

    ရွာချမယ့်မိုးကိုအဝသောက်ပြီး…
    မဖူးလိုက်ရတဲ့ဘုရားကိုမှန်းပြီး ကြည်ညိုရသလို….
    မမြင်လိုက်ရတဲ့သူ့ကျေးဇူးကို အထူးအောက်မေ့ အအေးပတ်လိုက်ချင်တယ်…

    ဒီည ကျွန်တော်ပြန်မလာရင် ….
    ပျံလာတဲ့လိပ်ပြာလေးဟာ ကျွန်တော်ပါပဲအမေ….
    အနည်းဆုံး ပန်းကလေးတစ်ပွင့်လောက်နဲ့လိုက်ဖက်အောင်တော့ ….
    ကျွန်တော်နေခဲ့ချင်တယ် ဒီကမ္ဘာမြေကြီးပေါ်မှာပေါ့။

    တစ်ကိုယ်လုံး….
    အချက်ပေါင်း နှစ် ၆ဝ ကျော်ချုပ်ထားရတဲ့ ဒဏ်ရာနဲ့ လူနာတဲ့။
    တစ်ပြည်လုံး….
    သန်း ၆ဝ ကျော်ကုတင်ဆန့် ဆေးရုံကြီးနဲ့တိုင်းပြည်တဲ့။
    ကြည့်စမ်းပါမေမေ….
    လိုက်ပွဲတစ်ထပ်ကြီးနဲ့ အကုသိုလ်စားပွဲကြီးမှာ…
    တစ္ဆေပွဲတော်ကြီးကျင်းပနေသလို…
    သွေးလန့်ဖွယ်စားသောက်နေတဲ့ ၂၀၀၈ များ။

    မေတ္တာပို့လို့လည်း မကြား…
    ကျိန်စာတိုက်လို့လည်း မပြေး…
    သခင်အောင်ဆန်းလို…
    လှေကလေးစီးပြီးတော့လည်း ဘယ်မှ စစ်ကူသွားတောင်းလို့လည်းမရ။

    ပရိတ်ရွတ်ပြီး ရှင်းမယ်ဆိုတာတောင်…
    ကျွန်တော်တို့မှာ ဘုန်းကြီးမရှိတော့။
    ကမ္မဝါဖတ်ပြီးမောင်းမယ်ဆိုတာတောင်…
    ကျွန်တော်တို့မှာ သံဃာမရှိတော့။
    ကျွန်တော်တို့မှာ ပေးစရာငွေမရှိ ပြေးစရာမြေမရှိ…
    ကျွန်တော်တို့မှာ သိမ်မရှိ ကျောင်းမရှိ တရားဥပဒေစိုးမိုးမှုဆိုတာမရှိ။

    မရှိတဲ့အရှက်ကိုထုတ်ပြဖို့မှာတောင်၊….
    ကျွန်တော်တို့မှာအရှက်မရှိ…
    တစ်ကိုယ်လုံးချွတ်ပြထားတဲ့ ဒီမော်ဒယ်မလေးမှာတောင် …
    သူ့နိုင်ငံအတွက်မှာ အဓိပ္ပါယ်တွေအပြည့်နဲ့ပါအမေ။

    ကျွန်တော်တို့ တစ်ကိုယ်လုံးအချွတ်ခံထားရတယ်….
    ထုတ်တန်းပေါ်မှာတောင် ….
    အသက်ကလေးတွေ တင်ပြီးဖွက်ထားရတဲ့အဖြစ်နဲ့….
    ထရံကြားမှာတောင် လက်ကျံဘဝလေးတွေကို ဟိုရွေ့ဒီရွေ့ ညှပ်ထားရ။
    ဒီလိုပါမေမေ…
    ကြားသုံးကြားလုံး သူတို့ဝင်စီးခဲ့ပြီဆိုပါတော့။

    ပျောက်ချက်သားကောင်းလှတဲ့ အမှန်တရားဆိုတာရယ်…
    အမှားတွေ အမှန်လိုအသားကျခဲ့တဲ့ ဒီမြေမှာ…
    ခင်ဗျားပြန်ရောက်လာရင်တောင် …
    ကျွန်တော်မှတ်မိလိမ့်မယ်မထင်တော့ဘူး။

    ဒီစကားအမေမကြိုက်ဘူးဆိုရင်တောင် ဒါ ခေတ်စားကဗျာပါအမေ။

    တကယ်ပါ…
    ထိန်လင်းလိုလေ…
    ပြဒါးရှင်လုံးတစ်လုံး ဘယ်ဈေးနဲ့ရရ ….
    အမြန်လိုချင်ပါတယ်ဆိုတဲ့စိတ်ကြီး ကျွန်တော့်မှာ ကြီးထွားလာနေလို့။ ။

    ခရမ်းပြာထက်လူ
    ဇူလိုင် ၊ ၂ ဝ ၁ ၄

    ထိန်လင်း = ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်။
    ပြဒါးရှင်လုံး = အဂ္ဂိရတ်အတတ်ဖြင့်စီရင်ထား၍ သိဒ္ဓိအမျိုးမျိုးရှိသည်ဆိုသော ပြဒါးလုံး။

  • ဇီဇီ

    July 17, 2014 at 9:00 am

    သူရိယနေဝန်း
    ☆ အကယ်၍များ ☆

    အကယ်၍များ •••
    ၁၉၀ဝ ပြည့်နှစ် မေ ၁၆ ရက်နေ့တုန်းက သာယာဝတီခရိုင် အုတ်ဖိုဆိုတဲ့ မြို့လေးမှာ မြေပိုင်ရှင်ဦးဖိုးကြူနဲ့ဇနီးဒေါ်ပန်း တို့ နောင်တွင် မြန်မာ့သမိုင်းကိုအမည်းရောင် ခြယ်မှုန်းမယ့် ဂဠုန်ဦးစောလောင်းလျာလေးကို မမွေးဖွားခဲ့ပါလျှင် —

    အကယ်၍များ •••
    ၁၉၄၆ခုနစ် စက်တင်ဘာလ ၂ ရက်နေ့ ပြည်လမ်းပေါ်မှာ ဦးစောကားနောက်ကို ဂျစ်ကားနှင့်လိုက်ပြီး
    လုပ်ကြံကြသော ပြည်သူရဲဘော်ယူနီဖောင်းဝတ်ထားတဲ့အထဲက ရန်ကုန်ဘဆွေရဲ့ပစ္စတိုပစ်ချက် ဦးစောနဖူးကိုရှပ်မမှန်ပဲ ပစ်မှတ်ဖြစ်သော နောက်စေ့တည့်တည့်သာမှန်ပြီး အကြံအစည်အောင်ခဲ့ပါလျှင် —

    အကယ်၍များ •••
    ၁၉၄ရ ခုနစ် ဇွန်လအတွင်း ဘရင်းဂန်း ၆ဝ ပျောက်ဆုံးသွားပြီးနောက် ထိုအချိန်က ပုလိပ်တပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး မိုက်ကယ်ဘတ်စ်ခ် ( Michael Busk )က အတွင်းဝန်ရုံး လုံခြုံရေးပိုချထားဖို့နှင့် ဦးစောနေထိုင်ရာ အေဒီလမ်း ခြံအမှတ် ( ၄ ) ကို ရှာဖွေရန် ဝရမ်းတောင်းခဲ့ခြင်းအား နိုင်ငံရေးအကြောင်းပြချက်နှင့် မပယ်ချခဲ့ပါလျှင် —

    အကယ်၍များ •••
    မေဂျာဒိန်းက မင်္ဂလာဒုံပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရုံမှ ဗိုလ်ချုပ်ကိုပစ်ခဲ့သော လက်နက်များကို ဦးစောတို့အား မထုတ်ပေးခဲ့ပါလျှင် —

    အကယ်၍များ •••
    ကပ္ပတိန်ဗီဗီယန်း၊ မေဂျာဒိန်း၊ မေဂျာယန်း အစရှိတဲ့ ဗြိတိသျှစစ်အရာရှိများ ဦးစောအား မည်သည့်အကူအညီမျှ မပေးခဲ့ပါလျှင် —

    အကယ်၍များ •••
    လွှတ်တော်ကော်မတီအစည်းအဝေးနဲ့ EC အစည်းအဝေး ( ဝန်ကြီးများအဖွဲ့အစည်းအဝေး ) တစ်ရက်ထဲ မတိုက်ဆိုင်ခဲ့ပဲ မူလအစီအစဉ်အတိုင်း ဇူလိုင် ၁၆ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ )တွင် EC အစည်းအဝေးကျင်းပဖြစ်ခဲ့ပါလျှင် —

    အကယ်၍များ •••
    ပျော်ဘွယ်ဦးမြက လုံခြုံရေးစိတ်မချရတဲ့အတွက် အစည်းအဝေးကျင်းပရာ အတွင်းဝန်ရုံအနီး လက်နက်ကိုင်ရဲတပ်စိတ်တစ်စိတ်ချထားခြင်းကို ဗိုလ်ချုပ်မြင်ပြီး ရုပ်သိမ်းဖို့မပြောခဲ့ပါလျှင် —

    အကယ်၍များ •••
    အစည်းအဝေးကျင်းပရာ အတွင်းဝန်ရုံးပေါ်တက်ရသည့် လှေကားထစ်တွင် မြန်မာရဲတပ်ဖွဲ့အတူချထားသော ဗြိတိသျှအကြပ်တပ်သားနှစ်ဦးအား အခင်းမဖြစ်ပွားရက်ပိုင်းအတွင်း မရုတ်သိမ်းခဲ့ပါလျှင် —

    အကယ်၍များ •••
    ဗိုလ်ချုပ်တို့ အစည်းအဝေးကျင်းပရာ အတွင်းဝန်ရုံးအဝင်ပေါက်တွင်စောင့်ရသော မင်းစေကလေး သောင်းစိန်တစ်ယောက် လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူခွင့်ရှိခဲ့ပါလျှင် —

    အကယ်၍များ •••
    ဖော်ကောင်ဘညွှန့်တစ်ယောက် နိုင်ငံတော်လုပ်ကြံမှု့ကြီးမဖြစ်ပွားမှီ အမြင်မှန်စောစီးစွာရပြီး သက်ဆိုင်ရာကို ဦးစော၏အကြံအစည်များအား ဦးစွာ ဖော်ထုတ်ခဲ့ပါလျှင် —

    အကယ်၍များ •••
    ဗိုလ်ချုပ်တစ်ယောက် ပြည်သူအားလုံးမေတ္တာနှင့်လုံခြုံနေသည်ဟူသော အယူအဆကိုဖယ်ပြီး လုံခြံရေးကိုအလေးထားကာ သူယုတ်မာများကိုလျှော့မတွက်ခဲ့ပါလျှင် —

    ကျွှန်တော်တို့နိုင်ငံသမိုင်းမှာ တစ်နှစ်တစ်ခါကြေကွဲရသော အမှောင်ဖုံးတဲ့နေ့တစ်နေ့ဆိုတာ ဘယ်တော့မှရှိခဲ့မှာမဟုတ်သလို ဗိုလ်ချုပ်ကိုယ်တိုင် အသက်သွေးချွေးတို့နဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ တပ်မတော်က တိုင်းပြည်ကိုချနင်းနှိပ်စက်ကာ ပြည်သူကိုဘယ်တော့မှ မနှိပ်စက်ဘူးဆိုတာ ကျွှန်တော် အသက်နဲ့ရင်းပြီး ယုံကြည်နေပါတယ် —။ ။ ။

    ၁၉ ဇူလိုင် အမှတ်တရ

    Credit-to>>>တို့ဗမာ Dobama

  • black chaw

    July 17, 2014 at 9:33 am

    “ဗိုလ်ချုပ်အောင်ဆန်းကို ဘာလို့ ချစ်တာလဲ ကဲ ပြော။
    နှလုံးသားလှလို့ ချစ်တာ…
    ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဒီမှာ
    တပ်မတော် အရာရှိတွေရော ပြည်သူ့ရဲတွေရော
    ကျွန်တော်လည်း အစိုးရဝန်ထမ်း။
    ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တာက
    သူ့ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရတာ ကျွန်တော် စိတ်မဝင်စားဘူး။
    ဒီလူကြီး စိတ်ထား…။
    ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊
    စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်၊ ရိုးသားတယ်၊
    ကျွန်တော် ဒါကို ချစ်တာ၊ အောင်ဆန်းကို ချစ်တာ။ စိတ်လှတာကိုး။
    ကျွန်တော်တို့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ
    အောင်ဆန်းထက် သာတဲ့ ကောင်တွေ အများကြီးပဲ။
    ဒေါက်တာ ဘမော် ဆိုတာ အင်္ဂလန်က ပြန်လာတဲ့လူ။
    မင်း ရူးသွားမယ် အောင်ဆန်း။
    ဒေါက်တာ ဘဟန်၊ လန်ဒန်ကပြန်လာတာ၊
    မင်း နတ်မောက်က ၁ဝ တန်းအောင်တဲ့ကောင်ကို ဆောင့်တောင်ကန်လိုက်ဦးမယ်၊ နတ်မောက်သားလောက်ကို။
    သို့သော် သို့သော် ကျွန်တော်ပြောမယ် အဲဒီလူတွေကို ကျော်ပြီးတော့
    နတ်မောက်သားအောင်ဆန်းက မြန်မာနိုင်ငံ မိုးကောင်းကင်ယံ အမှောင်ထဲမှာ လင်းလင်းချင်းချင်းကြီးနဲ့ စတားကြီးတစ်ခုနဲ့ အောင်ဆန်း ကွ အောင်ဆန်း၊
    အတောက်ပဆုံး ဘာလို့ ဖြစ်တာလဲ။
    အသည်းနှလုံးကိစ္စဗျ။ “
    (ဆရာမောင်သာချို ၏ အောင်လံ စာပေဟောပြောပွဲမှ)

  • kyeemite

    July 17, 2014 at 9:53 am

    အာဇာနည်နေ့အကြောင်းကို အတော်ပြည့်စုံအောင် စုဆောင်းရှာဖွေထားတာပဲ
    ကောင်းလှပါပေ၏….ကျုပ်လည်းကူးထားလိုက်ပါမယ်…သင့်ခရုပါအံစာတုံး
    —————————————————-
    ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ
    ဆိုတာလေးလည်း ဒီပို့စ်နဲ့တွဲဖတ်သင့်လို့ညွှန်းပေးလိုက်ချင်တယ်…
    ဟုတ်နိုင်မဟုတ်နိုင်တော့ မိမိဉာဏ်ဖြင့်သာဆင်ခြင်ကြပါကုန်…
    http://burma.irrawaddy.org/article/2014/07/16/61882.html

  • ရွှေတိုက်စိုး

    July 17, 2014 at 10:09 am

    ကျုပ်တော့ မောင်မောင်အံ့ ပို.စ်ဖတ်ရင် မျက်ရည်တစမ်းစမ်းနဲ. ဖြစ်ရပါလေတယ်ဗျာ….. ဒီအကြောင်းကို ကြားတိုင်း ဖတ်မိတိုင်း….. ကိုယ်တောင်မမွေးသေးပေမယ့်.. ရင်ထဲ တကယ်ကို လှိုက်ခနဲ လှိုက်ခနဲ ဝမ်းနည်းလာမိတယ်ဗျာ….. တကယ်….
    ခေါင်းဆောင်ကောင်း ဆုံးရှုံးလိုက်ရတာ……… အခုထိကို ဖြည်မဆည်းနိုင်ပါပဲ….

  • kyeemite

    July 17, 2014 at 10:22 am

    ကိုယ်မရေးတတ်လို့ ရေးတတ်သူရေးထားတာလေးရှယ်ရင်း…..အလေးပြုလိုက်ပါတယ်
    ————————————————————–

    ကျောနံပါတ် 13
    မသေမချင်းမှတ်ထား
    ငါတို့ဗိုလ်ချုပ် 1915 ဖေဖေါ်ဝါရီ 13မှာ မွေးတယ်
    အဘယ်သမိုင်းကြောင်းကများ သူ့လောက်ခမ်းနားဖူးပါသလဲ။
    13 ဂဏန်း အောင်ဆန်း
    ထောင်နှုတ်ခမ်းလမ်းလျှောက်
    နယ်ချဲ့မကြောက်တရား ဟောခဲ့သူ။
    သမဂ္ဂအမှုဆောင်
    အိုးဝေအယ်ဒီတာဘဝနဲ့
    ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်ပြခဲ့သူ။
    တိုင်းရင်းသား လူမျိုးစုတို့ရဲ့ စည်းလုံးမှုပြယုဂ်အဖြစ်
    ရင်ခုန်အသက်ဝင်စေတဲ့ ပင်လုံပန္နက်မြေ စိုက်ထူပေးခဲ့သူ။
    ဝိတိုရိယဘုရင်မကြီးအတွက်
    ကံဆိုးစေတဲ့ နတ်ဆိုးလေး 13 က
    သပေါက်ကျွန် ဝေဒနာခရီးမှာ
    ဒေသနာမငြီးနိုင်တဲ့ သံဃာတော်တွေအတွက်
    ဆေးဖြစ်ခဲ့တဲ့ သွေးသစ် တစ်စက်။
    စတုတ္ထမြန်မာနိုင်ငံတော်ကို
    ပြည်သူ့စိတ်ကြိုက် ပုံဖေါ်ထုဆစ်
    ဒါဟာ …. သူ့လက်ရာစစ်စစ် ဖြစ်တယ်။
    အရပ်ပုပု
    မှုန်ကုပ်ကုပ် ညှင်းသိုးသိုး
    အညာသား အရိုးခံ
    အဖိုးတန်တဲ့ 13။
    ပကတိလွတ်လပ်ရေးကိုသာ သူတောင့်တ
    တစ်ပြားသားမှ အလျှော့မခံ
    အဖြည့်ခံ 13။
    အခုတော့ ….
    ခေတ်တွေ ပြောင်းတယ်၊ စနစ်တွေ ပြောင်းတယ်
    ကာလကြာတော့ အမေ့ခံ 13 ဖြစ်ခဲ့ရပေါ့။
    မြန်မာ့နား ရိုင်းရိုင်းပြောမှဝင်တယ်
    ဒါ့ကြောင့် အဖြူထည်သက်သက်နဲ့ ရိုင်းပြခဲ့သူ။
    လူငယ်ဘဝ လူ့လောကစည်းစိမ်ကို
    လွတ်လပ်ရေးနဲ့ လဲခဲ့သူ။
    နိုင်ငံရေးလုပ်သက် 13 နှစ်
    ဖိနှိပ်သူနဲ့ ရုန်းထွက်ပြသူ
    ဘယ်သူအင်အားကြီးကြောင်း လှစ်ဟပြခဲ့သူ။
    အဲဒီ 13 ဂဏန်းက
    နေမဝင်အင်ပါယာကို ကိုင်လှုပ်ခဲ့ဖူးတယ်။
    အဲဒီ 13 ဂဏန်းက
    ဆိုးညစ်တဲ့ ဖက်ဆစ်စနစ်ကို ထိုးစစ်ဆင် တိုက်ထုတ်ခဲ့ဖူးတယ်။
    အဲဒီ 13 ဂဏန်းက
    `ရရင်ရ မရရင်ချ´ ဝါဒနဲ့ နယ်ချဲ့စနစ်ဆိုးကို မျိုးဖြုတ်ခဲ့ဖူးတယ်။
    `ကျုပ်တို့ဘဝမှာ ဗိုလ်ချုပ်ဆိုတာ တစ်ယောက်တည်းရှိတယ်´ လို့
    ရဲရဲတောက် ကြွေးကြော်ရဲလောက်အောင်
    လူထုရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်တော်
    တိုင်းချစ် ပြည်ချစ် 13 ဖြစ်ခဲ့တယ်။
    1947 ဂျူလိုင် 19 မှာ
    အာဏာကို အာသာငမ်းငမ်း မက်မောတဲ့
    အာဏာရူးဦးစော လက်ချက်ကြောင့်
    ကျည် 13 ချက်နဲ့
    ကျဆုံးကြွေလွင့်ခဲ့ရတဲ့ ငါတို့ဗိုလ်ချုပ်။
    အဲဒီ 13 ဂဏန်းပေါ့
    သူယူပေးခဲ့တဲ့ဖလား
    သူ့လက်နဲ့ ကိုင်မြှောက်ပြခွင့် ရမသွားရှာခဲ့ဘူးဗျာ။

    မြူငှက် (ဆင်ဖြူကျွန်း)

  • weiwei

    July 17, 2014 at 10:28 am

    ငယ်ငယ်တုန်းက အာဇာနည်နေ့နီးလာတိုင်း သတင်းစာထဲက ဆောင်းပါးတွေဖတ်၊ ဖြတ် ညှပ် ကပ်နဲ့ ကိုယ့်အိုင်ဒီယာနဲ့ပေါင်းပြီး စာစီစာကုံးပြိုင်ပွဲတွေဝင်ပြိုင်ပြီး ဆုတွေ ဘာတွေ ရခဲ့ဖူးတာလေး လွမ်းမိသွားတယ် ..
    ဘင်ခရာအဖွဲ့ထဲပါပြီး အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချပွဲ အခမ်းအနားတွေမှာ မိုးတွေကြားထဲ တက်တက်ကြွကြွပါခဲ့ဖူးတာလဲ လွမ်းမိတယ် ..

    အာဇာနည်နေ့ရဲ့ ခံစားချက်က တစ်မျိုးပဲ .. ငိုချင်သလိုလို .. လွမ်းသလိုလို .. နှမြောသလိုလိုနဲ့ …

  • TNA

    July 17, 2014 at 12:06 pm

    တနေရာထဲတထိုင်တည်းစုံသွားတာပဲ အံစာရယ်။ ကျေးကျေးပါ။ သိမ်းထားရမဲ့ပိုစ့်မို့သိမ်းလိုက်ပြီ။ သားကိုပြရမယ်

  • Crystalline

    July 17, 2014 at 1:26 pm

    ဒီပို့စ်နဲ့ပဲ နီအရင်က လူလည်ကျသမျှခွင့်လွှတ်လိုက်ပြီ အသင်အံဇာ.. :))

  • ဦးကျောက်ခဲ

    July 17, 2014 at 1:54 pm

    မျက်မြင်ကိုယ်တွေ့ ဆယ်စုနှစ် ၄ခုကျော်…
    ဂျူလိုင်လ တတိယပတ်ဆို အုံးအုံးကျွတ်ကျွတ် တက်တခေါက်ခေါက်…
    ပြီးတော့လည်း … နေမြဲ ဖြစ်သွားကြတာချည်းပါပဲ…
    လွန်ခဲ့တဲ့ ၂၅နှစ်… ဒီလိုနေ့တွေကတော့… လမ်းပေါ်မှာစစ်ကားတွေနဲ့…
    ရန်ကုန်မြို့ကြီးဟာ မိုးတစိမ့်စိမ့်အောက်မှာ ပေါက်ကွဲဖို့ဖြစ်ခဲ့ဖူးတယ်…

  • ဇီဇီ

    July 17, 2014 at 2:18 pm

    ၁၉ ဇူလိုင်
    *********

    ( ၁ ) ဦးဘဝင်း *

    လောကမှာ ကျွန်တော်မနာလိုဆုံးပုဂ္ဂိုလ်က ခင်ဗျားပဲ
    ဗိုလ်ချုပ်နဲ့ မွေးချင်းတော်စပ်ခွင့်ရတယ်
    ဗိုလ်ချုပ်ကို အင်္ဂလိပ်စာသင်ပေးခွင့်ရတယ်
    နောက်ဆုံး ဗိုလ်ချုပ်နဲ့အတူ သေဆုံးခွင့်ရတယ်
    ထူးလိုက်တယ့်ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်
    ကျွန်တော်တို့ ခံစားရခက်နေတုန်းပဲ


    ( ၂ ) ဦးအုန်းမောင် *

    ကံဆိုးတာလား ? ကံကောင်းတာလား ?
    တိုင်းပြည်အရေးအတွက် ငါးမိနစ်စောဝင်ခဲ့ပေမယ့်
    ကျည်ဆန်တွေက ခင်ဗျားကိုယ်ထဲကို နစ်ဝင်ခဲ့ရပြီ
    ခင်ဗျားရဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်း စာရွက်ကြီး
    သွေးကွက်တွေထဲမှာ ခုထက်ထိ . . .


    ( ၃) ဦးရာဇာတ် *

    အပစ်ခံရတာချင်းအတူတူ
    ဗိုလ်ချုပ် နဲ့ သခင်မြကိုအရင်ကြည့်ပါ
    ကျွန်တော်က အရေးမကြီးပါဘူးတဲ့လား !
    ခင်ဗျားစကားတစ်ခွန်းက ခင်ဗျားဘယ်လောက်အရေးကြီးကြောင်းပြောသွားတယ်
    တောင်းပန်ပါတယ်
    ကျွန်တော်တို့ အားလုံးဗိုလ်ချုပ်ကိုအသက်မမှီလိုက်ဘူး


    ( ၄ ) ရဲဘော်ကိုထွေး *

    ရာထူးမရှိပေမယ့် သွေးမနည်းပဲ
    အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်တာဝန်ကို
    ရရာထောင့်က ကူညီခဲ့တယ့်သူ
    နောင်လူငယ်တွေ ပြောပြရမယ်
    အသက် ၁၈ လည်း အာဇာနည်ဖြစ်နိူင်တယ်ဆိုတယ့်အကြောင်း


    ( ၅ ) မိုင်းဘွန်စော်ဘွာကြီး စပ်စံထွန်း *

    သိပ်ခန့်တယ့် ရှမ်းစော်ဘွားကြီး
    ငယ်ငယ်က ပေါင်ပေါ်မှာကြောင်ရုပ်ထိုးမိကာ အခုရှက်နေရလို့
    လူငယ်တွေ ဆေးမှင်မထိုးပါနဲ့ဆိုတဲ့စော်ဘွား
    ကျွန်တော်တို့ နှလုံးသားမှာ သူ့နာမည်တက်တူးထိုးသွားပြီ


    ( ၆ ) ဒီးဒုတ်ဦးဘချို *

    ကလောင်နဲ့ကော လူကိုယ်တိုင်ကော
    တိုင်းပြည်ကို ရှိသမျှခွန်အားနဲ့ ကယ်ဆယ်ခဲ့တဲ့ဆရာ
    အဲ့သည့်ဦးနှောက်ကို ကျည်ဆံတွေဖောက်ခဲ့တယ်
    တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမူ့ကြီး
    ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိူင်တ့ လူသားစစ်စစ်တစ်ယောက်


    ( ရ )
    မန်းဘခိုင် *

    ဗမာတွေ လက်အောက်ရောက်တာဟာ
    တိုင်းတပါးလက်အောက်ရောက်တာထက် အများကြီးသာသေးပါတယ်လို့
    ကရင် – ဗမာ ချစ်ကြည်ရးပျက်ပြားအောင်
    သွေးထိုးတဲ့ အင်္ဂလိပ်တွေစကားကို တစ်ခွန်းတည်းနဲ့ ဖြေရှင်းခဲ့တဲ့ ဖထီး


    ( ၈ )
    သခင်မြ *

    1947 july 19 ဒီနေ့မှ ထမင်းခပ်သုတ်သုတ်စားတာ ထူးဆန်းချည်ရဲ့ဆို
    အိမ်အထွက် ခြံတံခါးနဲ့ ဂျစ်ကားညှိတော့
    ဇနီးက မသွားပါနဲ့လား ဆိုုတာကို
    တချက်ပြုံးလို့
    ” ဗိုလ်ချုပ်စောင့်နေလိမ့်မယ် ”
    တစ်ခွန်းတည်းနဲ့ တစ်သက်တာလုံးနူတ်ဆက်သွားခဲ့တယ့်သူ
    ကျွန်တော်တို့အခု …
    ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမလဲဗျာ … … … …

    ( ၉ )
    ဗိုလ်ချုပ်အောင်ဆန်း *

    တစ်မျိုးသားလုံးအရေးကို ရင်ထဲထည့်ခဲ့တယ့်ဗိုလ်ချုပ်
    ငါပြည်သူအနွေးထည်မဝတ်နိူင်တာဟာ ငါ့အပြစ်လို့ဆိုတဲ့ဗိုလ်ချုပ်
    သားကိုတွေ့ချင်လွန်းလို့လာတဲ့ မိခင်ကို
    တိုင်းပြည်အရေးကြောင့် မချစ်ချင်ယောင်ဆောင်
    မိခင်အိမ်အပြန်ရထားထွက်တော့မှ
    စင်္ကြန်မှာ ဒူးထောက်ရှိခိုးရင်း ငိုတဲ့ဗိုလ်ချုပ်
    သူ့နှလုံးကို အကျဉ်းချပြီး
    တစ်တိုင်းပြည်လုံး လွတ်လပ်ဖို့ကြိုးပမ်းခဲ့တယ့်ဗိုလ်ချုပ်
    တစ်ဘဝလုံး စတေးခဲ့ပေမယ့်
    ဇူလိုင် ၁၉ မှာ ပြန်ရခဲ့တာ ကျည်ဆန် ၁၃ ချက် . . .

    မေးပါရစေ . . .
    တန် … လို့ … လား … ဗိုလ်ချုပ် … … … ?

    Credit to Ulay Kyi (ကိုလင်း)

  • alinsett (gazette)

    July 17, 2014 at 2:56 pm

    အဲဒီ အတိတ်ကြီး…
    ငါ့ကိုပြန်ပြန် တူးဆွလေ့ရှိတယ် ။

  • အရီးခင်

    July 17, 2014 at 11:42 pm

    အမယ် ရှေ့ နောက် ဆင့် Post တင်လို့ ပါလား။

    ပုံလေးတွေ ကြည့်ပြီး စာလေးတွေ ဖတ်ပြီး မျက်ရည်ဝဲပါတယ်။
    ကိုယ့်ပြည်သူတွေ ကို ဆင်းရဲမှာ ချို့တဲ့ မှာ စိုးလွန်းတဲ့ မိဘလို ခေါင်းဆောင်ကောင်း။

    အရီးတို့ ငယ်တုန်းက ဒီရက်တွေမှာမှ ဖွင့်တဲ့ ဗိုလ်ချုပ်ပြတိုက် ကို နှစ်တိုင်း သွားတယ်။
    အာဇာနည်ကုန်းမှာ နှစ်တိုင်း အလေးပြုတယ်။
    အိမ်မှာ အောင်ဆန်း ပုံ အကြီးကြီး ရှိတယ်။

    တော်ရုံ မျက်ရည်မကျတတ်ဘူး။ ရှက်လို့။
    ဒါပေမဲ့
    ဒီလို လူမျိုး အတွက် မျက်ရည်ကျ ရတာ မရှက်ပါဘူး။
    တန်ပါတယ်။

    Post လေးအတွက် ဘရာဘို ပါ မောင်အံ ရေ။
    မှတ်ချက်နဲ့ ဝင်အားဖြည့် ပေးသူ တွေ ရဲ့ စာတွေ ကလဲ တန်ဖိုးရှိပါတယ်။
    ကျေးဇူးအထူးတင်ပါတယ်။ :-))

    http://www.aungsan.com/

  • kai

    July 18, 2014 at 5:42 am

    မတူတဲ့အတွေးနဲ့.. “ရက်ရက်စက်စက်တွေး”ပြရရင်ဖြင့်…

    ကမ္ဘာမှာ.. အာဇာနည်နေ့ကျင်းပတဲ့နိုင်ငံထဲ.. ပထမကမ္ဘာနိုင်ငံတွေထဲ….. တကယ့်ကိုရှားပါတယ်…..။ အစ္စလမ်မစ်နိုင်ငံတွေများတယ်..။ (အောက်ဆုံးမှာ စာရင်းကြည့်ပါ)
    မြန်မာပြည်မယ်တော့.. အာဇာနည်တွေ… များတဲ့မက.. များများလာဦးမယ်ထင်…။
    =

    ရိုက်ပွဲ၊ အဓိကရုဏ်းနှင့်ပြည်တွင်းစစ်

    ပထမမြန်မာအင်ပါယာဖြစ်သော ပုဂံသည် “ညီသား နောင်မယ်”စကားအကြောင်းပြု၍ အနော်ရထာမင်းမှ စုက္ကတေးမင်းကိုလုပ်ကြံကာနန်းတက်ခဲ့သည်။ ထိုမှအစမှသည် မွန်၊ရှမ်း၊ရခိုင်၊ကသည်း၊စိန(ဂန္ဓလရာဇ်)၊ အယုဒ္ဓယသားများနှင့်လှည့်ပတ်စစ်ဖြစ်လာခဲ့ကြပါသည်။ မြန်မာတို့သည် ရခိုင်တို့၏ ကိုးကွယ်ရာ မဟာမုနိဆင်းတုတော်ကြီးကိုလည်း အတင်းသိမ်းယူလာခဲ့ဖူးသလို မွန်တို့နှင့်စစ်ဖြစ်ချိန်တွင် မွန်ရဟန်းသံဃာထောင်ချီကို ဆင်နှင့်နင်းစေ၍သတ်ခဲ့ဖူးသည်။ ကနောင်မင်းသားသည်လည်း နန်းတွင်းတွင်ပင်လုပ်ကြံခံရဖူးပြီး နောက်ဆုံးမင်းဖြစ်သော သီပေါမင်းသည်လည်း ညီဘွားနောင်ရင်းများကို လည်မျိုတုတ်နှင့်ရိုက်သတ်ကာ နန်းတက်ခဲ့ခြင်းဖြစ်ပါသည်။
    မြန်မာ့အင်ပါယာတည်ထောင်သည့်အဆင့်တိုင်း အလွန်ကြီးမားသော ပြည်တွင်းစစ်ကြီးနှင့်တို့နှင့်သွားခဲ့ကြ၍ အင်္ဂလိပ်တို့အုပ်ချုပ်သော ခေတ်တွင် ကုလား-ဗမာရိုက်ပွဲဖြစ်ဖူးသည်။ ချစ်တီးဟိန္ဒူတို့နှင့်ချဖူးသည်။ တော်လှန်ရေးကောင်စီလက်ထက်တွင်တရုတ်-ဗမာအဓိဂရုဏ်းဖြစ်ဖူးသည်။

    ကရင်တို့နှင့်လည်းတိုက်ခဲ့ကြသည်။ မြန်မာ့လူထုသွေးသား ကျောင်းသားများကိုလည်း သတ်ခဲ့ကြဖူးလေသည်။ ကချင်၊ရှမ်းတို့နှင့်စစ်ဖြစ်နေဆဲတည်း။
    လွတ်လပ်ရေးအတူတိုက်ခဲ့သော စစ်တိုက်ဖေါ် သွေးသောက်အချင်းချင်းကိုပင် ထောင်သွင်းခြင်း သတ်ပစ်ခြင်းအထိ ရာဇဝင်ရိုင်းခဲ့သည်များကို ချင့်လျှင် ယခုဖြစ်နေသော မွတ်စလင်-မြန်မာပြဿနာ “လက်မည်း”သည်မည်သည်နည်း သိသာရန်ရှိ၏။
    မွတ်စလင်သားချင်းများ မြင်ကြည့်ကြစေချင်သည်။ ခရစ်ယန်ညီနောင်များ သဘောပေါက်ကြစေချင်သည်။ ဟိန္ဒူသွေးသားများ နားလည်စေချင်သည်။
    မြန်မာတို့၏ အတွင်းပဋိပက္ခသည် တိုင်းပြည်အုပ်ချုပ်သော အစိုးရမင်း၊သူ၏စနစ်တို့နှင့် တိုက်ရိုက်သက်ဆိုင်ဖြစ်ပျက်နေခဲ့သည်ကားမဟုတ်။ သက်ဦးဆံပိုင်အောက်တွင်လည်းဖြစ်သည်။ အင်္ဂလိပ်လက်ထက်တွင်လည်းပေါ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင်လည်း ထင်ရှားသည်။ ယုတ်စွ မြန်မာ့ကွန်မြူနစ်တို့တွင်လည်း အချင်းချင်း ဖြစ်ပါသည်။ စစ်အုပ်ချုပ်ရေးခေတ်တွင်ကား အားလုံးမျက်မြင် “ဘီလူးသွားကိုလဖြဲပြသလိုတည်း”။

    သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းစာအရကောက်၍ မြန်မာတို့၏မူလဘူတမှာ စစ်ကိုခုံမင်လှသော စစ်တိုက်ကျွမ်းကျင်သည့် မြင်းပေါ်နေလူမျိုးစုများမှလာသည်ဟုယူလျှင် ပဋိပက္ခဖြစ်ခြင်းသည် သွေးထဲမှဗီဇဟုဆိုရမည်လော။ အမုန်းတရား လက်စားချေမှု များဟူသည် လူသား၏မူလဗီဇတွင် အထူးသင်ယူလေ့ကျင့်ရန်မလို။ ပါစေမြဲ၏။ မြန်မာတို့တွင် “ထူး-ရှယ်” ဖြစ်နေပါသလော။
    မူလဇာတိ၊ ယဉ်ကျေးမှုနှင့်ကိုးကွယ်ရာဘာသာတွင် အဖြေရှာ အစဆွဲထုတ်ကြည့်ရမည်ဟု ထင်သည်။
    (ဩဂုတ် အယ်ဒီတာ့သင်ပုန်းမှ..
    http://myanmargazette.net/200285)

    =
    http://en.wikipedia.org/wiki/Martyrs%27_Day
    Martyrs’ Day is an annual day observed by nations to salute the martyrdom of soldiers who lost their lives defending the sovereignty of the nation. The actual date may vary from one country to another. Here is a list of countries and Martyrs’ Days.

    Contents

    1 Afghanistan
    2 Armenia
    3 Azerbaijan
    4 Bangladesh
    5 Burma
    6 India
    7 Lebanon
    8 Libya
    9 Malawi
    10 Pakistan
    11 Panama
    12 Syria
    13 Togo
    14 Tunisia
    15 Turkey
    16 Vietnam
    17 Uganda
    18 References

    • နှူးဘာ မိဂီ

      July 18, 2014 at 6:35 am

      နံပါတ် ၁၈ ရီဖရန့်စ် ဆိုတာ တိုင်းပြည်လားဟင်င်င်င်
      ငိငိ

  • kai

    July 18, 2014 at 5:47 am

    ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးစကားက.. “နေဦး.. ကျုပ်”လို့ပြောလိုက်တာလို့.. မှတ်မိတယ်..
    ဘယ်မှာဖတ်မိသလည်းတော့မမှတ်မိ..
    may be.. နိုင်ငံတော်လုပ်ကြံမှုကြီးဆိုတဲ့..စာအုပ်ထင်တာပဲ..။

    အမှတ်တရ..။

    • surmi

      July 18, 2014 at 7:06 am

      လက်ဝါးတစ်ဖကမတောင်ကာပြရင်းပြောလိုက်တယ်ဆိုလားး
      .
      .
      .
      မောင်အံရေ
      အကြိမ်ကြိမ်ဖတ်ဖူးသိခဲ့ဖူးပေမယ့်
      ပြန်ဖတ်တိုင်းလည်း အသစ်ပါပဲကွာ
      ဒို့ငယ်ငယ်ကတော့ ဒီအကြောင်းတွေကို စာစီစာကုံးပြိုင်ပွဲတွေမှလက်စွမ်းပြခွင့် ရခဲ့သေးရဲ့
      အခုတော့………
      နှစ်ကာလများစွာ ထိန်ချန်ထားတာခံနေရတဲ့
      သမိုင်းတခုပါလေ
      ဒါကြောင့် ကျုပ်က သမိုင်းကို ဘယ်တော့မှမယုံဘူး 🙂

  • Yae Myae Tha Ninn

    July 18, 2014 at 3:20 pm

    ခေါင်းစဉ်ပေးပို့စ်တင်ပြီးမှ ချွတ်စွပ်တူမှန်းသိတော့တယ်.. အတွေ့အကြုံရယ်.. ဒါလေးရယ်လိုတယ်ဆိုတာ တကယ်ပါပဲ… ခေါင်းစဉ်ပဲတူပြီး.. အနှစ်တွေက ကွာနေတာ.. ရှက်တောင် ရှက်မိတယ်… လေးစားပါတယ်.. အံစာတုံး… 🙂

  • Paing Lay

    July 18, 2014 at 4:00 pm

    ပို့စ်နဲ့ ကောမန့်ကို မြင်မှ ဂျာနယ်ထဲက တစ်ကွက်ကာတွန်းကို မြင်ယောင်မိတယ်ဗျာ။ “ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရ” ဆိုတဲ့ စည်းကမ်းချက်ကို ဆရာမက ဖတ်ပြတဲ့ အခါ ကျောင်းသားတစ်ယောက်က “ ဒါဆိုရင် သမိုင်းကို မသင်ပါနဲ့လားဟင်” တဲ့ ကောင်းရော 🙂

  • မဟာရာဇာ အံစာတုံး

    July 19, 2014 at 12:37 am

    ကျနော့်ရဲ့ အာဇာနည်နေ့ ပို့စ်လေးမှာ ဝင်ရောက်ပြီး သကာလ
    အားပေးဖြည့်ကြတဲ့ အကိုတို့၊ အမတို့ အားလုံးကို
    ကျေးဇူး အထူးပဲ တင်ရှိလှပါတယ် ခင်ဗျာ။

    အကိုတို့၊ အမတို့ ဝင်ရောက် အားဖြည့်လိုက်တဲ့အတွက်ကြောင့်
    ကျနော့်ရဲ့ ပို့စ်လေး ပိုပြီး ပြည်စုံလာလို့ ကျေနပ်မိပါတယ်ဗျာ။

    အားလုံးကို ကျေးဇူးပါ …။

Leave a Reply