ဘွဲ့လွန်ပညာရေး (သို့) မြေကြွက်ကြီးရဲ့ ဆရာ့ဝဋ် …
“ဂွဒ် မောနင်း ကလပ်စ်”
“ဂွဒ် မောနင်း မစ္စတာကျောက်စ်”
ဘုံဘဝမှာ အခုတခါကြုံရတာက ကျောင်းဆရာဆိုတော့ ကျနော်မောင်ကျောက်ခဲလည်း ပါလာတဲ့ အထုပ်ကလေးကို စားပွဲပေါ်တင် ၊ လည်ပင်းက ကြောင်လျှာသီးလို့ မြန်မာလို နာမည်ပေးထားတဲ့ နက်ခ်တိုင် ကို နေရာချရင်း ဟန်ပါပါနဲ့ ချောင်းကလေးဟန့်လိုက်ရတာပေါ့ဗျာ ။ အမှန်ပြောရရင် အခုလို ဟန်ကြီးဂွကျ ဟန်မူပိုရတဲ့ အလုပ်မျိုးကို မောင်ကျောက် မလုပ်ချင်ပါဘူး ။ ကြမ်းကြမ်းရမ်းရမ်း အလုပ်သမား အင်ဂျင်နီယာ တရုန်းရုန်းနဲ့ တောထဲ ဆိုက်ထဲက ပရောဂျက်အင်ဂျင်နီယာ ဘဝမှာပဲ ပျော်ရှာတာပါ ။ ဒါပေမယ့် စီမံကိန်းပြီးသွားလို့ နောက်ထပ်အလုပ်သစ်ကလည်း မရသေး ၊ ကျောင်းတော်ဟောင်းကဆရာ ပရော်ဖက်ဆာကလည်း သူ့လက်အောက်မှာ သူ့ကိုကူဖို့ အလုပ်ကမ်းလှမ်းတော့ ပရိယေန ဝမ်းရေးရှိပြန်တာမို့ ဒီအလုပ်ကို လက်ခံလိုက်ရတာပါ ။
တကယ်တော့ စာသင်တဲ့အလုပ်ဆိုတာ မောင်ကျောက်နဲ့ သိပ်တော့ မစိမ်းလှပါဘူး ။ ၁ဝတန်းအောင်ပြီး ကျောင်းတွေပိတ်ထားလို့ တက္ကသိုလ်မတက်ရသေးခင် ဂိုက်လို့အခုအလွယ်ခေါ်ကြတဲ့ စာပြန်ရှင်းပြ စာစစ်ကြပ်မတ်ရတဲ့အလုပ်ကို မြန်မာနိုင်ငံမှာတုန်းက လုပ်ခဲ့ဖူးပါတယ် ။ ကြုံလို့ကြွားရရင် မောင်ကျောက် ကြပ်မတ်စာသင်ပေးရတဲ့ ချာတိတ်တွေက အချဉ်တစ်ကောင်မှ မပါပါဘူး ။ မိမဆုံးမ ဖမဆုံးမ ၊ ရပ်ကွက်အော့ကြောလန် ၊ ဆေးသမားလူထွက် ၊ ၁ဝတန်းအောင်ရင်တော်ပါပြီဆိုတဲ့ကလေးတွေပါ ။ အဲသည့်တော့လည်း ဘိန်းစားလက်ဟောင်း မောင်ကျောက်ခဲအဖို့ ထိန်းကျောင်းစာသင်ရတာ သိပ်မခဲယဉ်းလှပါဘူး ။ သင်းတို့ထက် ပို မိုက်ပြလိုက်တာ ဦးကျိုးသွားပြီး အကုန် ၁ဝတန်းစာမေးပွဲအောင်လို့ ၂ယောက်ဆို လက်ရှိတပ်ထဲမှာ တပ်ရင်းမှူးတောင် ဖြစ်နေပါပြီ ။ အောင်မှာပေါ့ခင်ဗျာ… မောင်ကျောက်က သေချာပေါက်မေးမှာတွေကို အပိုင်သင်ပေးလိုက်တာကိုး ။ ဒါပဲလားဆိုတော့ … မဟုတ်သေးပါဘူး ၊ ဉာဏ်နီဉာဏ်နက် အရေးပေါ် စာခိုးချဖို့ လက်နက်ပုန်းတွေတောင် ပြင်ပေးလိုက်ပါသေးတယ် ။
အဲသည့်လို ဗရုတ်သုက္ခ မောင်ကျောက်ခဲက အခု ဘွဲ့လွန်တက္ကသိုလ်မှာ ဆရာပေါက်စပြန်လုပ်ရတာ သိပ်မနိပ်လှပါဘူး ။ အာရှကျောင်းသား အများစုနဲ့ နိုင်ငံတကာက စာကြမ်းပိုးတွေ ပညာရှာမှီးရာအရပ်ဆိုတော့ နေ့ခင်းပိုင်းဆို စာသင်ခန်းမှာ ၊ ညနေစောင်းရင် လက်တွေ့ခန်း နဲ့ ညပိုင်းဆို စာကြည့်တိုက်မှာ ကျောင်းသူကျောင်းသားတွေ အပြည့်ပါ ။ ဒီကြားထဲ မောင်ကျောက်ဆရာ ပရော်ဖက်ဆာက ရုံးချိန်ပြီးရင် မြို့ထဲက သူ့အိမ်သူပြန်တာဆိုတော့ ၊ ညဦးပိုင်း ကျောင်းသူကျောင်းသားတွေ စာနားမလည်လို့မေးချင်ရင် တက္ကသိုလ်ဝင်းထဲက ဝန်ထမ်းအိမ်ယာမှာနေတဲ့ ဆြာကျောက် တာဝန်ကျပါတယ် ။ အော်သာ ငိုလိုက်ချင်တာပေါ့ဗျာ… ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီအောင် နေရတာ တကယ်တမ်း မလွယ်လှပါဘူး ၊ ဘီယာလေး ဂလုချင်ရင်တောင်မှ ကျောင်းသားတွေ မမြင်အောင် အခန်းကိုမှောင်ချပြီး တိတ်တိတ်လေးသောက်ရတဲ့ ဘဝပါ ။
ဒီနေ့လည်း စာမေးပွဲခန်း စောင့်ရမယ်ဆိုတော့ ၊ ဆြာကျောက်လည်း ပါလာတဲ့ မေးခွန်းနဲ့ အဖြေလွှာစာထုပ်တွေချလို့ ရှေးရှေးက ဆရာကြီးတွေရဲ့ လေသံကိုနင်းပြီး ထုံးစံအတိုင်း ဖြီးဖြန်း ဩဝါဒခြွေရတယ်ခင်ဗျ ။
“ကဲ… အမောင်တို့အမိတို့လည်း ဘွဲ့လွန်တန်းတောင် ရောက်လာပြီဆိုတော့ စာမေးပွဲတွေ အများကြီးဖြေဖူးပြီးခဲ့ပြီမို့ စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ်ရှင်းပြစရာ မလိုတော့ဘူးလို့ ယုံကြည်ပါတယ် ။ အဲသည်တော့ စားပွဲခုံပေါ်မှာ စာရေးကိရိယာ ၊ ကကူလတ္တာ နဲ့ မှီငြမ်းကိုးကားဖို့ ပုံသေနည်းစာရွက် တစ်ရွက်ကလွဲရင် အားလုံး အတန်းရှေ့ကို လာပုံထားပါခင်ဗျား”
ကျောင်းသားဆိုတာ ကျောင်းသားစိတ်မို့ ထုံးစံအတိုင်း ဆူဆူညံညံနဲ့ အတန်းရှေ့မှာ စာအုပ်နဲ့အိတ်တွေသွားပုံနေတဲ့ အချိန် ၊ ဆြာကျောက်လည်း သူတို့ မှီငြမ်းကိုးကားမည့် ပုံသေနည်းစာရွက်တွေအပေါ်မှာ ခွင့်ပြုမထားတာတွေ ပါမပါ တစ်ရွက်ချင်း စစ်ရတာပေါ့ခင်ဗျာ ။
“မှီငြမ်းကိုးကားမည့် ပုံသေနည်းစာရွက်” ဆိုလို့ ပြောပြရဦးမယ်…။ ဒီလိုပါ… အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားမယ်ဆိုရင်ဖြင့် သချင်္ာနဲ့ ပုံသေနည်းတွေက ပြေးလို့မလွတ်ပါဘူး ။ ဆရာ့ဆရာ ဉာဏ်ကြီးရှင် ပရော်ဖက်ဆာကြီးတွေက တစ်ယောက်တစ်မျိုး ပုံသေနည်းတွေ ထုတ်သွားတာမို့ ၊ ဦးနှောက်နဲ့သာ လိုက်မှတ်ရရင်တော့ အကြောင်းမသင့်ရင် ရူးဖွယ်ရာသာ ရှိပါတယ် ၊ နောက်ပြီး အလုပ်ခွင်ရောက်လို့ မသေချာရင် စာအုပ်လှန်ကြည့်လို့ ရတယ်လေ (အဲဒါက… အလုပ်ဝင်စ မှာပါ) ။ ဒီတော့လည်း ကိုယ်သိပ်မမှတ်မိတဲ့ ပုံသေနည်းကို လက်ရေးနဲ့ A-4 စာရွက် ဟိုဘက်သည်ဘက် ၂မျက်နှာ ကူးပြီးယူလာခွင့် ပေးထားပါတယ် ။ တယ်ဟုတ်ပါလားလို့ အပြောမစောပါနဲ့ခင်ဗျ… ကူးလာခဲ့တဲ့ အထဲက ၃ခုလောက် မှီငြမ်းလို့ရရင် အတော်ဟုတ်ပြီလို့ ကိုယ့်ကိုယ်ကို လက်ခမောင်းခတ်နိုင်လောက်အောင် မေးခွန်းက ထောင့်စေ့မေးထားတာပါ ။
အကုန်လုံးစစ်ဆေးပြီးတော့ ကျောင်းသူကျောင်းသားတွေကို နေရာယူခိုင်းရတာပေါ့ ။ ဒါလည်း ပညာပါတယ် ခင်ဗျ ။ နိုင်ငံတူ ၊ လူမျိုးတူကျောင်းသားတွေကို နေရာခွဲပြီး ထိုင်ခိုင်းရပါတယ် ။ မဟုတ်ရင် သူလည်းလေ လောကီသားပေမို့ တိုးတိုးတိတ်တိတ် တိုင်ပင်နှီးနှောပြီး စာမေးပွဲဖြေသွားရင် အခြားကျောင်းသားတွေ နစ်နာလှပါတယ် ။ အားလုံးကို စိတ်တိုင်းတကျ နေရာချထားပြီးတော့မှ ဆြာကျောက်လည်း အဖြေလွှာနဲ့ မေးခွန်းတွေကို ဝေငှရင်း သူတို့ရဲ့ ကိုယ်ပိုင် ကကူလတ္တာတွေကိုသိမ်းပြီး ဋ္ဌာနပိုင် ကကူလတ္တာတွေကို ထုတ်ပေးလိုက်တယ်ဆိုရင်ပဲ… အစ္စရေးက အာရပ်တွေကို အလစ်အငိုက်ဝင်တိုက်လိုက်သလို ကျောင်းသားအားလုံး ဟင်ကနဲ ဟာကနဲ ပွဲသိမ်းကုန်ကြပါလေရောခင်ဗျာ…။ ညှင်း ညှင်း… ဆရာဆိုတာ တခါကတုန်းက ကျောင်းသားမို့လို့ သင်းတို့ရဲ့ အကွက်တွေလောက်တော့ ရယ်တာပေါ့… အဟိ ။ ဟုတ်ပါတယ် … အခုခေတ်လို နည်းပညာ မမြင့်သေးတာတောင်မှ အနှီ ကျောင်းသူကျောင်းသားများက ပုစ္ဆာတစ်ပုဒ်လုံးကို မှတ်ပြီးသိမ်းထားလို့ရတဲ့ ကကူလတ္တာတွေနဲ့လေ ။
ဆြာကျောက်လည်း ချောင်းဟန့်လို့ လည်ချောင်းကိုရှင်းရင်း…
“အမောင်တို့ အမိတို့ … ဒီမေးခွန်းမှာ မင်းတို့ရဲ့ စွမ်းအားမြှင့်ကကူလတ္တာကြီးတွေ သုံးရလောက်အောင် ခက်ခက်ခဲခဲတွေ မေးမထားပါဘူး ၊ ရိုးရိုးသာမန် ပုစ္ဆာတွေပါ ။ ဆရာတို့ လိုချင်တာက စာသင်ထားတာတွေကို မင်းတို့ ဘယ်လောက်နားလည်တယ် ၊ သီအိုရီတွေကို ဘယ်လောက် သဘောပေါက်တယ်ဆိုတာပါပဲ ။ ဆေးဆရာမှားရင် အသက်ဘယ်နှစ်ချောင်း ပေးရတယ် ၊ အင်ဂျင်နီယာမှားရင် အသက်ဘယ်နှစ်ချောင်း ပေးဆပ်ရတယ်ဆိုတာ မင်းတို့ သဘောပေါက်ကြမယ်လို့ ယုံကြည်ပါတယ် ။ အဲသည်တော့ နိုင်ငံကြီးသားပီပီ အရှိကိုအရှိအတိုင်း ကိုယ့်ကိုယ်ကို မလိမ်ပဲ ဖြေကြလိမ့်မယ်လို့ ဆရာမျှော်လင့်ပါတယ်” ဆိုပြီး ချွေးသိပ်ရတာပေါ့ဗျာ ။
သိပ်မကြာခင်မှာပဲ အတန်းထောင့်မှာ နေရာချထားတဲ့ သီရိလင်္ကာကျောင်းသားဆီက စာရွက်ကို တဗျင်းဗျင်းလှန်နေသံ ကြားရတယ်ခင်ဗျ ။ အနားသွားပြီး စူးစမ်းလိုက်တော့ ပုံသေနည်းတွေကို များများဆန့်အောင် လက်ရေးသေးသေးနဲ့ ရေးလာတာမို့ သူ့ဟာသူ ဖတ်မရတော့ပဲ ချွေးပျံနေပြီလေ ။ ရှေ့တန်းက ဂျာမန်ကျောင်းသားကတော့ နှာခေါင်းနီနီကိုပွတ်လိုက် ကကူလတ္တာကို ခပ်ကြမ်းကြမ်းနှိပ်လိုက်နဲ့ အကြံအိုက်နေပုံရသဗျ ။ အဲ … ထိုင်းကျောင်းသားတွေကတော့ မျက်နှာတွေနီပြီး မေးခွန်းကို ပေါက်ထွက်မတတ် ကြည့်နေလေရဲ့ ။ ထိုင်းကျောင်းသူတစ်ယောက်ကတော့… အနှီ “ဖမာ့ ခွန်ဒမ်” (အသားမဲဗမာ) သည် အတော် ဒုက္ခပေးလေခြင်းဆိုတဲ့ အကြည့်တွေနဲ့ ဘုရှိုး ရှိုးတော့တာပဲဗျို့ ။ ဆြာကျောက်လည်း မတတ်နိုင် ၊ ကိုယ့်တာဝန် ကိုယ်ကျေအောင် ဆရာကြီးမှာထားတဲ့အတိုင်း လုပ်ရတာမို့ မေးခွန်းနားမလည်တာကို ရှင်းပြရုံမှတပါး အသည်းမာမာ ထားရတာပေါ့ဗျာ ။
တကယ်တမ်းတော့ ဆြာကျောက်ခဲတို့ကျောင်းက မကြာခဏ စာမေးပွဲစစ်သလို (Grading System) ကျင့်သုံးတာမို့ ၊ မေးခွန်းတွေကို အကုန် မဖြေနိုင်ရင် Grade မကောင်းလို့ အောင်စာရင်းမှာ နည်းနည်းပြသနာရှိပါတယ် ။ ယျေဘုယျအားဖြင့် ပြောရရင်တော့… အတန်းသားအားလုံးလည်း မဖြေနိုင် ၊ ကိုယ်လည်းမဖြေနိုင်ဆိုရင် ရှော့မရှိ ၊ ဒါပေမယ့်… အတန်းသားအားလုံးလည်း ဖြေနိုင် ၊ ကိုယ်လည်းဖြေနိုင်ဆိုရင်တော့ သတိထားရပြီး ၊ တတန်းလုံးဖြေနိုင် ကိုယ်မဖြေနိုင်ဆိုရင်တော့ ဂိ ပြီလို့ မှတ်ရပါတယ် ။ ဒါပေမယ့် ပါရဂူတန်းဆက်တက်မည့် ကျောင်းသားတွေဆိုရင်တော့ Grade A ကနေ ဆင်းလို့ မဖြစ်ပါဘူး ။
Grading System မှာ အမြင့်ဆုံး A+ က ၄.ဝ ပါခင်ဗျာ ။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ၊ ဆြာကျောက်တို့ကျောင်းရဲ့ ရမှတ်အပေါ် မူတည်ပြီး အဆင့်ဆင့် ခွဲတာကို အောက်မှာ ဇယားနဲ့ ပြထားပါတယ် ။ အတန်း တစ်တန်းမှာ ဘွဲ့လွန်ကျောင်းသား ၂၅ယောက်ဝန်းကျင်ပဲရှိတာမို့ သိပ်ပြီး အသေးစိတ် ခွဲမထားပါဘူး။ စာမေးပွဲမှာ ရထားတဲ့ Grade ကို ယူထားတဲ့ဘာသာရပ် တစ်ခုချင်းစီရဲ့ Credit နဲ့ ပြန်မြှောက်ပြီး ဘာသာစုံကို ပျမ်းမျှ ပြန်တွက်တာပါ ။ အဲဒါကို စာသင်နှစ် တစ်နှစ်ရဲ့ Grade Point Average (GPA) လို့ခေါ်ပါတယ် ။ Credit ဆိုလို့ ရှင်းပြပါရစေ ။ ဘာသာရပ် တစ်ခုကို သင်ယူရမှာ သီအိုရီချည်းပဲဆိုရင် 2 Credit ၊ သီအိုရီအပြင် လက်တွေ့လေ့ကျင့်ခန်းပါ ပါရင် 3 Credit ၊ သီအိုရီနဲ့ လက်တွေ့လေ့ကျင့်ခန်းတင်မက လုပ်ငန်းခွင်အထိ လေ့လာရေးသွားပြီး သင်ယူရမယ်ဆိုရင် 4 Credit ဆိုပြီး အဆင့်ဆင့် ခွဲထားတာပါ ။ ကျောင်းပြီးလို့ စာသင်နှစ်အားလုံးရဲ့ Grade နဲ့ ယူထားတဲ့ Credit တွေကို ပျမ်းမျှတွက်တာကိုတော့ Cumulative Grade Point Average (CGPA) လို့ခေါ်ပြီး ၊ ပညာရေးကို ရှေ့ဆက်ချင်ရင်တော့ CGPA ကောင်းဖို့ အတော်လေး အရေးကြီးလှပါတယ် ။
အဲသည်တော့ အနှီကျောင်းသားများလည်း ဘာသားနဲ့ထုထားတာမှတ်လို့ ၊ သူတော်စင်လည်းမဟုတ်လေတော့ အခွင့်အရေးရရင် စာခိုးချတတ်သလို ၊ ဆရာများကလည်း သင်းတို့ကို ရက်ရက်စက်စက် နှိပ်ကွပ်လို့မရပါဘူး ၊ “မြွေခြောက်” ကိုက်သွားပါလိမ့်မယ် ။ ဟုတ်ကဲ့… တစ်တန်းလုံး A+ တွေရနေရင်ပဲဖြစ်ဖြစ် ၊ C ဝန်းကျင်မှာပဲဖြစ်ဖြစ်ဆိုရင် ဆရာတွေခမြာလည်း မေးခွန်းကို အရမ်းလွယ်အောင် ၊ ဒါမှမဟုတ် အရမ်းခက်အောင် ထုတ်ထားသလားဆိုပြီး မေးခွန်းဟောင်းတွေနဲ့တကွ ကျောင်းအုပ်ချုပ်မှုကော်မတီမှာ အစစ်ခံရပါတယ် ။ ဟုတ်တယ်လေ… ပရော်ဖက်ဆာဆရာကြီးက သူ့ပညာကို အစွမ်းကုန်သုံးပြီး မေးခွန်းထုတ်လိုက်ရင် အဘယ်ကျောင်းသားက ဖြေနိုင်မှာမှတ်လို့ …။ အဲသည့်တော့လည်း ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ၊ သင့်တင့်ရုံလောက်ပဲ မေးခွန်းထုတ်ရတာပေါ့ ။
အဟဲ… ဆရာတွေကချည်းပဲ အပေါ်စီးကနေ အနိုင်ရနေသလားဆိုတော့ … မဟုတ်ပါဘူး ၊ ကျောင်းသားကပြန်ပြီး နှိပ်ကွပ်လို့ရတဲ့ အချိန်လည်းရှိပါသေးတယ် ။ စာရွက်ဝါလို့ မောင်ကျောက်တို့ကျောင်းမှာ အလွယ်ခေါ်ကြတဲ့ “Instructor Evaluation Form” နဲ့ ဆရာတွေကို ကျောင်းသားက ပြန်ပြီး အကဲဖြတ်ရတဲ့ အချိန်ပါ ။ အနှီဆရာသည် စာသင်ကောင်း မကောင်း ၊ ပညာရတာတွေကို သင် မသင် ကနေစပြီး အပြုအမူ အနေအထိုင်အထိ အကဲဖြတ်ခိုင်းတာမို့ ဆရာတွေခမြာလည်း ရင်တထိတ်ထိတ်နဲ့ပါ ။ အဲသည့် အကဲဖြတ်စာရွက်မှာ အခြေအနေကောင်းပါမှ နောက်စာသင်နှစ်တွေအတွက် ကျောင်းက အလုပ်ကန်ထရိုက်တိုးပြီး ဆက်ခန့်မှာကိုး ။ ကျောင်းသားဘက်မှာလည်း Credit တစ်ခုကို ဒေါ်လာ ၅၀ဝ ဝန်းကျင်ပေးပြီး သင်ရတာဆိုတော့ “အာစရိယဂုဏော အနန္တော” ဆိုတာမရှိ ၊ “ဩကာသ” ဖို့ဆိုတာ ဝေလာဝေးလို့ စာသင်တာမကောင်းရင် မမျှတရင် သမလွှတ်လိုက်တာပဲခင်ဗျ ။
အဲသည်တော့ ဆရာတပည့် ဆက်ဆံရေးက အလုပ်သဘော အရမ်းဆန်သွားသလို တစ်ဦးကိုတစ်ဦး နယ်ကျော်ဖို့ မလွယ်တော့တာမို့ ၊ နှစ်ဘက်စလုံးက ချွတ်ယွင်းချက်မရှိအောင် ၊ အမြဲတိုးတက်နေအောင် အရည်အချင်းမြှင့်ရတာပဲခင်ဗျ ။ နောက်ပြီး အဲသည့်လိုကျောင်းမှာ ဆရာလုပ်ရတာ စိတ်အပင်ပန်းဆုံးက တပည့်တွေ ကိုယ့်ထက်ပိုပြီး သာ နေမှာစိုးလို့ အချိန်တိုင်း စာဖတ် ၊ သုတေသနလုပ်နေရတာပါပဲ ။ သင်ရိုးညွှန်းတမ်းဆိုတာ ဟောင်းနွမ်းသွားရင် ဘယ်သူမှ တပည့်ခံ ပိုက်ဆံပေးပြီးသင်မှာ မဟုတ်လေတော့ ၊ ကိုယ့်ရဲ့ ရောင်းကုန်တစ်ခုလို သဘောထားပြီး အမြဲဆန်းသစ် ခေတ်နဲ့မီအောင် လိုက်နေရတာပါ ။ ပြောရရင်တော့ “ဆရာထက် တပည့်က လက်စောင်းထက်” ဆိုတာထက် “ဆရာလက်စောင်းထက်မှ တပည့် လက်စောင်းထက်တွေကို မွေးထုတ်နိုင်မယ်” ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ် ။
ဆြာကျောက်ခဲလား… အဲသည့် အနေကျဉ်းကြပ်တဲ့ဘဝမှာ ဘယ်လိုမှ မပျော်ပိုက်တာမို့ ၊ ၁နှစ်ကျော်အကြာမှာ ဆရာကြီးက ပါရဂူတန်းဆက်တက်ခိုင်းတာကို ငြင်းဆန်ပြီး ကမ်းလှမ်းလာတဲ့ မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကိုပြန်ဆင်း ၊ ရွှံ့တောထဲကို တိုးလိုက်တာ ဟောင်ကောင် မြေကြွက်ကြီးဘွဲ့ကို ရပါလေရော ခင်ဗျ ။
ဟုတ်တယ်လေ… ရွှံထဲတိုးတဲ့ ငါး ၊ မှန်အိမ်ထဲမှာ ဘယ်လို ပျော်ပိုက်နိုင်ပါ့….။
အကြမ်းဖျင်းရေးထားတာပါ… သည့်ထက်ပိုသိချင်ရင် ဖြေပေးပါ့မယ် ခင်ဗျား…။
ဒါပေသည့် ဆြာကျောက်စ် C.G.P.A ဘယ်လောက်ရခဲ့လဲတော့ မမေးရ… အားဟိ
45 comments
ခင်ဇော်
July 25, 2014 at 9:06 am
အဟိဟိ။
:mrgreenn:
G.P.A က ဂလိုကိုးးး ဒီလိုတွက်တာကိုးးး
ကျောင်းက ထုတ်ပေးသမျှ စာရွက်တွေသာ ယူလာတယ်။ စေ့စေ့မကြည့်မိပေါင်ဗျာ။
အိမ်ရောက်မှ ပြန်ကြည့်ဦးမယ်….
scientific calculator ကိုလည်း ခု ပြန်စဉ်းစားလိုက်ရင် အပေါင်းအနှုတ် အမြှောက်အစားကလွဲရင် ဘာမှ မမှတ်မိတော့ဘူးဗျ။
😀
ဦးကျောက်ခဲ
July 25, 2014 at 3:32 pm
အဟိ… ကျောက်စ်ကတော့ ကျောင်းပြီးကတည်းက…
အဲသည့်စာရွက်တွေကို လှည့်တောင် မကြည့်တော့ဘူး…
အလုပ်ထဲမှာ ရာထူးတိုးဖို့က G.P.A နဲ့မဆိုင်… C.E.O နဲ့ဆိုင်၏…အားဟိ
😀
Nyo Win
July 25, 2014 at 10:02 am
ဟေးးးးးး ဆကျောက်စ်ပြန်ပေါ်လာပြီ….
ဒီတခါတော့..အာစရိယဂုဏ်နဲ ့ပေါ့နော်….ကျနော်လည်းသူငယ်ချင်းရဲ ့ညီလေးတစ်ယောက်ကို
ဂိုက်လုပ်ဖူးတယ်..ကျောင်းသားကလိမ္မာပါရဲ ့ဗျာ ဆရာကဆိုးတာ….
ညီလေးရေအကို မူးနေလို ့ဒီနေ ့အချိန်ဖျက်တယ်…ဟီဟိ အိုက်လို
အမယ် ဓာတ်တော့တည့်သား အမောင်ကျောင်းသားအဲ့ဒီနှစ် အောင်တယ်…:)
ဦးကျောက်ခဲ
July 25, 2014 at 3:37 pm
အာစရိယဂုဏ်ဆိုလို့ ပွါးရဦးမယ် ဆြာညိုရဲ့ …
စေတနာထား အားသွန်ခွန်စိုက် စိတ်နှစ်ပြီးစာသင်ရင် အရမ်းပင်ပန်းတယ်ဗျ…
ငယ်ငယ်တုန်းက ဆရာဆရာမတွေကို ကိုယ်တိုင်ကြုံမှ နားလည် သနားမိတယ်…
🙂
ခင် ခ
July 25, 2014 at 10:06 am
ဪ ဆရာ ဆရာ
ဆရာဆိုတဲ့အမျိူးက ဆရာ ဘဲလုပ်ချင်ကြတာမျိုးဗျ သူတို့ကို ပြန်ပြီး ပြန်လှန်မေးခွန်းထုတ်ရင် သိပ်ကြိုက်လှတာဟုတ်ဘူး ဆိုပြီး ခင်ခတို့ ငယ်ငယ်က အချင်းချင်းပြောခဲ့ လက်ခံခဲ့တဲ့ သီအိုရီ ပေါ့ဗျာ။
အခုအရွယ်လွန်လေတော့ ဒီသီအိုရီကို မေ့မေ့ပျောက်ပျောက်ရှိနေခဲ့တာ ဆြာကျောက် စာကို နောက်တစ်ခါထပ်ဖတ်တော့မှ ခင်ခ တို့လက်ခံထားတဲ့ သီအိုရီ မှန်နေစဲလို့ ယူဆမိလိုက်ပြီ။
အဲဒီ သီအိုရီမှန်ကြောင်း သာဓကအဖြစ် ဒီစာလေးကို ညွှန်းပါ့မယ်။
( အကြမ်းဖျင်းရေးထားတာပါ… သည့်ထက်ပိုသိချင်ရင် ဖြေပေးပါ့မယ် ခင်ဗျား…။
ဒါပေသည့် ဆြာကျောက်စ် C.G.P.A ဘယ်လောက်ရခဲ့လဲတော့ မမေးရ… အားဟိ )
ဦးကျောက်ခဲ
July 25, 2014 at 3:44 pm
အဟိ… ဆရာကို သင်ခဲ့တဲ့စာအကြောင်းမေးရင်တော့ ရပါတယ် ဆရာခရဲ့ …
ဒါပေသည့် ဆရာပါးဝလာတော့ ၊ ကိုယ့်ကိုလာမေးရင် အရင်ပြန်မေးခွန်းထုတ်ရတယ်…
အဲဒါမှ စာသင်ခန်းထဲမှာ အိပ်ငိုက်နေလို့ သင်ရဲ့သားနဲ့ မကြားတာလား…
တကယ် နားမလည်တာလား… လို့… မေးတိုင်းဖြေရရင် သေရောပေါ့… အားဟိ
😀
•*¨နန်းတော်ရာသူ •*¨
July 25, 2014 at 10:18 am
ဪ ဘွမျိုးစုံနဲ့သမားဂုဏ်ပါလား
ကျောက်ဆရာလည်းခုပ်ဖူးတာကိုး
ဆြာခေါင်ကိုမီတော့မယ်
🙂
်
ဦးကျောက်ခဲ
July 25, 2014 at 3:46 pm
အဟိ… ကျန်သေးတာ အများကြီး… ဥပမာ… ဆိုက်ကား မနင်းဖူးဘူး…
ဆရာခေါင်ကတော့ မှီဖို့မလွယ်… သူက ဝါရင့် သမ႓ာရင့်လေ…
😀
naywoon ni
July 25, 2014 at 10:37 am
ကောင်းလေ၏ ။ ဆရာ တပြည့် ဆက်ဆံရေးကို ပြောတာပါ။ ကျုပ်တို့ မြန်ကျန့်ပြည်နယ်ကတော့ တောမရောက်တောင်မရောက် ။ ဘာတဲ့ အနန္တော အနန္တ ဆိုလား အဲ့ ဂိုင်းကိုလဲဝင်ချင်ရဲ့ ။ ပိုက်ဆံတောင်းတော့လဲ သောက်သောက်လဲ ။ ဒါတွေကို ၆၃ နှစ်မှပင်စင်ပေးမယ်လဲပြောနေကြတယ် ။ နောက်ထပ်သုံးနှစ် ထပ်ဆောင်းဖျက်ဆီးခွင့်ပေးလိုက်တယ်နဲ့ တူရဲ့ ။
ဦးကျောက်ခဲ
July 25, 2014 at 3:55 pm
ပြောရရင်တော့ ဆရာနဲ့ တပည့်ကြားမှာ စည်းတားပြီးသားပဲ… ဆြာနေရဲ့
အနန္တော အနန္တ ဝေးလို့ ဆရာလာရင် ဘယ်ကျောင်းသားမှ ကိုင်လာတဲ့အိပ်ကို ကူ မဆွဲသလို…
ဆရာကလည်း ဘယ်ကျောင်းသားကိုမှ အိပ်တောင် ပေးမကိုင် ၊ တခြားဟာဆို ဝေလာဝေးပါပဲ…
ပိုက်ဆံရလို့ သင်တဲ့သူနဲ့ ပိုက်ဆံပေးပြီးသင်တဲ့သူ ၊ ဘယ်သူမှပိုပြီး မသာပါဘူး…
စာသင်တာ စေတနာပါရင် ကျောင်းသားသဘောကျတယ် …
အသစ်အဆန်းသင်နိုင်ရင် ကျောင်းသားများတယ် … ဓားလို အမြဲသွေးနိုင်မှ နာမည်ရတာ ခင်ဗျ…
😀
Shwe Ei
July 25, 2014 at 11:25 am
ကျျောင်းသားလေ့လာသလောက်ထက် ဆရာကပိုလေ့လာရတယ်ဆိုတာမျိုးကျ ဒီကဆရာတေနဲ့မဆိုင်သလို 😛
Shortcut သင် Shortcut ဖြေစနစ်အလုပ်ဖြစ်လိုက်ပုံများ စာဖတ်ဖို့ဆိုတာ ကျောင်းသားအလုပ် ဆရာအလုပ်မဟုတ်တော့သလိုဘဲ
Day တက်လို့ စာသင်မယ် မထင်နဲ့ အချိန်မရှိဘူး ပြောလိုပြော
ကျူရှင်မတက်လို့ကတော့ အောင်ရုံအဆင့်ထက်မပို :-/
မေးခွန်းတေများများမေးမိရင် မဖြေတတ်လို့ မျက်နှာပျက်တာနဲ့တင်ကိုလဲ ဆက်မမေးရဲ ခက်စ်တယ်
ဆယ်ယောက်မှာတယောက် Discussion လုပ်တဲ့စနစ်ကို ကောင်းကောင်းအသုံးချတာတွေ့ဖူးပါရဲ့ သို့သော် ကျောင်းမှာ အချိန် မရ ကျူရှင်မှာသာအချိန်ရအိ 😀
ဦးကျောက်ခဲ
July 25, 2014 at 4:00 pm
စံနစ်လို့ပဲပြောပါရစေတော့ မရွှေအိရယ်…
ကျောင်းသားကို ဗဟိုပြုပြီးသင်တဲ့ စံနစ်နဲ့ ဆရာကို ဗဟိုပြုပြီးသင်တဲ့ စံနစ်… ကွာတယ်လေ
ဆရာအလုပ်ကိုလုပ်ပြီး ကျောင်းသားမေးတာ မဖြေနိုင်တာလောက် အရှက်ကွဲတာမရှိ…
အနောက်နိုင်ငံက ကျောင်းသားတွေဆို အဲဒါမျိုးကို ချက်ချင်း စောဒကတက်တယ်…
😀
TheWinner Getprize
July 25, 2014 at 11:50 am
လေးကျောက်ရေ..
B ကနေကို မတက်ပါဘူး… စိတ်ဓါတ်တွေလည်း ကျပါတယ်… စာလုပ်ရမယ့်အစား… နေ့မအိပ်၊ ညမအိပ် အလုပ်လုပ်ဆို လုပ်လိုက်ချင်ပါရဲ့… ဒါကြောင့်ဒါကြောင့်… အားကျအတုယူပြီး ကြိုးစားရအောင် CGPA လေးလည်း ပြောပြပါဦး…
ဆရာကသာ B ပဲပေးပေမယ့်… သူတို့ကိုတော့ စာရွက်ဝါကြီးမှာ အမြဲတမ်းပဲ… Excellent ပေးနေမိတုန်းပဲ… ဒီတခါမှ B က မတက်ရင်တော့… ဆရာတွေအားလုံးကိုလည်း ပညာပြတော့မယ်…
ဦးကျောက်ခဲ
July 25, 2014 at 4:15 pm
မ TheWinner Getprize ရေ… (အမယေး နာမည်ခေါ်ရတာ မောလိုက်တာ)
စာသင်ရတာ ဆရာလည်း မလွယ်သလို ကျောင်းသားလည်း မလွယ်ပါဘူး…
တစ်ခါတလေ Grading က နိုင်ငံရေး အရမ်းဆန်ပါတယ် …
ဆရာဘဝမှာ ကျောင်းသား ၂မျိုးကိုပဲ သတိထားမိတတ်ပါတယ်…
အရမ်းတော်တဲ့ ကျောင်းသားရယ် … အရမ်း ကွိုင်ရှာတဲ့ကျောင်းသားရယ်ပါ…
အဲသည့်တော့ ဆရာသတိထားမိအောင် အတန်းထဲမှာ စာသင်ရင် တက်တက်ကြွကြွရှိပါ …
Group Discussion တွေမှာ တတ်နိုင်သလောက် ဦးဆောင်ပါ…
စာရွက်ဝါဖြည့်ရင် ဆရာကို ဝယ်ရမည့် ပစ္စည်းလိုသဘောထားပြီး စေ့စေ့ကြည့်ပါ…
ကျောင်းသားပါးဝနည်းကို တတ်ချင်ရင်တော့ ဆြာကျောက်စ်ဆီမှာသင်တန်းတက်ပါ…
CGPA ကို မေးမယ်ဆိုရင်တော့ ၊ အသေသာသတ်… အရှက်ကွဲခံပြီး မပြောပါ… အားဟိ
😀
Crystalline
July 25, 2014 at 1:16 pm
ဦးကျောက်စ်ကတော့ ဖိုးသမားဖြစ်လောက်တယ်.. အဲ့..မွှားသွားလို့ C.G.P.A 4 ဖြစ်လောက်တယ်.. ပါရဂူတန်းဝင်ခွင့်ရလျက်မတက်ဘူးဆိုလို့.. :)) ဦးကျောက်စ်က တော်လည်းတော်.. တော်ကီကောင်းတယ်လည်းကြားဖူးတော့ စာအသင်အပြလည်းအလွန်တော်မယ့်ပုံ.. တချို့တွေတွေ့ဖူးတယ်.. ကိုယ်တိုင်အရမ်းတော်ပြီး စာမသင်တတ်တာမျိုး.. :))
ဦးကျောက်ခဲ
July 25, 2014 at 4:24 pm
အဲဒါပြောတာပေါ့… လောကကြီးက မတရားဘူး Crystalline ရဲ့ …
ဘိန်းစားလက်ဟောင်း ဖိုးသမားက ကျောင်းတက်တော့ C.G.P.A 4 မရဘူး… စိတ်နာဒယ်…
တော်ကီလည်း မညက်ရပါဘူး… သူလိုကိုယ်လိုပါပဲ ခင်ဗျ…
ထိမ်းမြားလက်ထပ်ဖို့ မြန်းရတာတောင် ဒယ်ဒီပါပါးချစ်ဖေဖေကို ကိုယ်တိုင်ပွါးရတာ… ဟီ ဟိ
😀
နှူးဘာ မိဂီ
July 25, 2014 at 4:33 pm
အာဟိ…
ကြံ့ဖွတ်ကို လူ့ပေါင်တစ် က နိုင်ငံရေးဘော်ဒီတိုက်တဲ့အကြောင်း
ဖွလိုက်ရမား အူးလေးးးး…
😛
ဦးကျောက်ခဲ
July 25, 2014 at 4:44 pm
လာဘီ… ခီဗျားနဲ့ ကကြောင်ဂျီးကတော့ဖွဘီ…
အဲဒါ နှလုံးသားရေးရာအတွက်… ငြိမ်းချမ်းရေးယူလိုက်တယ် မှတ်ပါ…
😀
ခင်ဇော်
July 27, 2014 at 12:53 pm
ဟမ်မငေးးး!!!
တော်ကီညက်
ကွက်ကြိုမြင်
သိလွန်းအားကြီးး
ပါးနပ် လွန်းလို့ နာ သူ့ကို ဆရာတင်ထားရတာ ခွစ်။
:s:
kyeemite
July 25, 2014 at 2:39 pm
အော်..ဆြာကျောက်စ်…..ဆြာကျောက်စ်
တော်ပါပေရဲ့…မာစတာတန်းကို ဘိုလိုသင်ရတာဆိုတော့ တယ်မလွယ်တဲ့အလုပ်ပဲနော…
အဲ့ဒါမှစံနစ်မှန်ပေါ့ဆြာကျောက်စ်ရယ်….ဒီမှာလည်းအဲ့လိုဖြစ်ရမှာ…. :p:
ဦးကျောက်ခဲ
July 25, 2014 at 4:29 pm
မထင်နဲ့ အကိုမိုက်ရေ… မာစတာတန်းကိုသင်ရတာ ပိုလွယ်ပါတယ်…
၏ သည် မရွေး ရှင်းပြစရာမလိုပါဘူး … သဘောတရားနဲ့ အနှစ်ချုပ်ကို ရှင်းပြပြီး…
စာကြည့်တိုက်က အကျယ်တဝင့်ရေးထားတဲ့ မှီငြမ်းစရာစာအုပ်ကို ဖတ်ခိုင်းလိုက်တာပါပဲ…
လက်သည်ကိုချည်း အားကိုးလို့ ဘယ်ရမလဲခင်ဗျ… ဆရာ အာပေါက်လို့ သေရောပေါ့…အဟိ
😀
Iris
July 25, 2014 at 4:43 pm
ဦးကျောက်တို့လိုဆြာတွေကြောင့် မီးတို့ GPA နဲရတာ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြုံတုန်းဝင်ဆော်ထားမှ။ သင်တော့လွယ်တဲ့ ပုဒ်ဆာတွေဥပမာပေးတယ်။ စာအုပ်လည်းကိုယ့်ဘာကိုယ်ဘာကိုယ်ရှာခိုင်းတယ်။ မေးလိုက်တဲ့ပုဒ်စာ က စာအုပ်တစ်လုံးကိုလှန်လျောဖတ်ထားမှဖြေနိုင်မယ်။ ဆြာညစ်တွေ။ ကက်ကူလိတ်တာ တော့ကိုယ့်ဟာကိုယ်သယ်လို့ရတယ်။ သူတို့စာရင်းထုတ်ထားတဲ့ထဲမှာပါရင်။ ဒါပေမဲ့ ရက်ဂျစ်စတာ တော့လုပ်ရတယ်။ ကျောင်းကိုစိတ်နာလို့ စာတွေမဖတ်တော့တာ အခုထိ။ ရသ စာတွေတောင်မကိုင်ချင်လောက်အောင်ဖြစ်သွားရော။
ဦးကျောက်ခဲ
July 25, 2014 at 4:51 pm
အဟိ… အဲဂလိုမှ ပညာခန်းမပြရင် မီးတို့က ဖုတ်လေတဲ့ ဒညင်းသီး ဟိုသင်းစော်နံတယ်ဆိုပြီး စာကြည့်တိုက်မှာ ကွာစေ့စားရင်း ကိုရီးယားမင်းသားတွေအကြောင်း ပြောနေမှာပေါ့ ။ စာကျေတယ်လို့ သဘောထားပါ… မယ် Iris ရယ် ။ စိတ်မနာနဲ့ … စာမသင်ရဲလောက်အောင် လက်စင်ပေးလိုက်တယ်လို့ သဘောထား… ဟီ ဟိ
😀
မဟာရာဇာ အံစာတုံး
July 25, 2014 at 3:16 pm
ဥငေးကျောက်စ် လို စွယ်စုံရ ပုပ်ဂိုကြီးကို
ပလော်ဖက်ဆာ ဒေါက်တာ ကျောက်စ် ဆိုတဲ့ ဘွဲ့ဂျီး ပေးရမှာ …
ကျော်ကတော့ဖြင့် ….
တစ်ခါတစ်ခါ ကာကူလေတာ ထဲမှာ
အစားနဲ့ အမြှောက်တောင် ပျောက်နေတတ်တာ ဆိုဒေါ့ကာ …
အဲ့ဒါတွေနဲ့ ပတ်သက်လို့ ဘာမှ တိဘူးဂျာ …
ဦးကျောက်ခဲ
July 25, 2014 at 4:32 pm
အဟမ်း… ကျောက်စ် ခင်ဗျားကို လှော်ထားပေးပြီးပြီလေ … အဟိ
ကကူလတ္တာဆိုလို့ အချဉ်မမှတ်နဲ့ ကိုအံစာရေ့ … အထဲမှာ ဂရပ်တွေပါ ကူးထည့်လာတာ…
😀
alinsett (gazette)
July 25, 2014 at 3:22 pm
မမေးရ ဆိုတာတွေ…ပါလာရင်…အဲဒါလေးပါ..သိချင်လာရောဗျာ…
အဟီးး
ဦးကျောက်ခဲ
July 25, 2014 at 4:34 pm
ခက်တာပဲ ဒညင်းဝက်ရယ်… မမေးပါနဲ့ဆို… ဟီ ဟိ 😀
Mr. MarGa
July 25, 2014 at 3:56 pm
ဆရာဘဝ မလွယ်မှန်းသိလို့ စောစောစီးစီးပဲ လက်လျှော့လိုက်တယ်
အဲ.. ဒါပေမယ့် ဆရာလုပ်ချင်တဲ့အကျင့်ကတော့ ခုထိကပ်ပါလာတုန်း :mrgreenn:
ဦးကျောက်ခဲ
July 25, 2014 at 4:36 pm
အဟတ်… ဆရာလုပ်ဖူးရင် မြင်မြင်သမျှ တပည့်ချည်းထင်ရောတဲ့… ဟုတ်လေသလားမသိ
😀
kai
July 26, 2014 at 1:05 am
အနန္တော အနန္တငါးပါးကျေးဇူးတွေနဲ့.. သူရဲ့ Side Effects များပေါ့…
သမိုင်းမှာ.. ဘယ်သူချွန်တွန်းလုပ်ခဲ့သလဲတော့.. မသိ..
အရီးခင်
July 26, 2014 at 3:20 am
ဒီလို ပါရင် ဒီလိုလာတော့မယ် ဆိုတာ ကြိုမြင်ထားကြစမ်းပါ ကွယ်တို့။ ;-)))
ဦးကျောက်ခဲ
July 28, 2014 at 12:36 pm
သဂျီးကတော့ ဘယ်လိုရေးရေး လွတ်ကို မလွတ်ဘူး…
ဒီအလုပ်ကို လုပ်ခဲ့မှတော့ ဒီအကျင့်ပါတာ မထူးဆန်းဘူးလေ…
သဂျီးတောင် အကျင့်ပါလို့ အဲသည့်ဘူတာပဲ ပြန်ဆိုက်နေတာ…
အဟိ… 😀
အရီးခင်
July 26, 2014 at 3:18 am
ကျောက်စ် ရယ်
လေသံလေး စကြား လိုက်ကထဲ က အရွှီး ကောင်း တဲ့ မင်းသား ဆိုတာ သိပြီးသားပါ။
သို့ပေသည့်
ဆရာဘဝ တုန်းက မှာ ဘယ်လောက် တင်း ခဲ့ တင်းခဲ့
လုပ်ငန်းခွင်ထဲ ဘယ်လောက် ဟောက်ခဲ့ ဟောက်ခဲ့
အခုချိန်မှာများ တော့
နှင်းနှင်း ရေ။ Well Done!
ဒါနဲ့
မောင်ကျောက်စ် ကို နှင်းနှင်း ဆရာမက ဂရိတ် ဘယ်လောက် ပေးထားလဲ တော့ သိချင်မိရဲ့။
:-)))
ဦးကျောက်ခဲ
July 28, 2014 at 12:44 pm
အရီးရယ်… ကျောက်စ် အရွှီးမကောင်းရပါဘူး…
တသက်လုံး ဟောက်စားလုပ်လာတာ အခုမှ ဝဋ်လည်တာပဲ…
အို အသင်လောက… လိုချင်တာမိဘုရား ညားတော့ဘုရင်မ ဆိုတဲ့ ဘိုထီးရဲ့သီချင်းကို
ကျောက်စ် ကောင်းကောင်းကြီး သဘောပေါက်ပါပြီ … အာဟိ
😀
pooch
July 31, 2014 at 1:09 pm
မနှင်းကတော့ 5 stars ပေးထားမှာမလွဲ။
အမယ် ဘုရင်မဆိုတာ လူတိုင်းပိုင်ဆိုင်နို်င်တာမှတ်လို့ ။ နည်းတဲ့ ကုသိုလ်လား
ဦးကျောက်က စာသင်ကောင်းမှာပါ။ စာသင်ပေးတာက လွယ်မယောင်နဲ့ ခက်တယ်။ တိမ်မယောင်နဲ့ နက်တယ်။
ဦးကျောက်ခဲ
July 31, 2014 at 4:54 pm
အဟိ… 5 stars ဘယ် က လိမ့်မလဲ…
မိနှင်း စိတ်ပေါက်တိုင်း ဆိတ်ထားတာ ပွလို့… ခွိ
စာသင်ရတာ အမှန်တော့ မလွယ်လှဘူး ၊ ပင်ပန်းတယ်…
ကွန်မန့်ပေးတာ ကျေးဇူးပါ နန်းမတော်မယ်ပုချ်ရယ်… အားဟိ
Hnin Hnin
July 31, 2014 at 8:08 pm
အမှတ်ပြည့် မပေးရဲသေးပါဘူး..အရီးကျိကျိရယ်…စောပါသေးတယ်… စောင့်ကြည့်ရပါအုန်းမယ်.. :mrgreenn:
ဦးကြောင်ကြီး
July 27, 2014 at 3:28 am
ကိုယ်တိုင် ရေးသယ်ခွင့်ပေးတဲ့ ပုံသေနည်း စာရွက်ကို cheat sheet လို့ကျောင်းသားတွေ ခေါ်တယ်။ သေချာ ဘယ်သူမှ မစစ်နိုင်ဘူးလေ။ တခါက စာကလဲ သိပ်မရ၊ စာမေးပွဲက ညနေဖြေရတော့မယ်။ ဒါနဲ့ cheat sheet အားကိုးနဲ့ မထူးရှော့လျှော့ပြီး ယူအီးအက်ဖ်အေဖလားပွဲ ကြည့်လိုက်တယ်။ စာမေးပွဲမစစ်ခင် ပရော်ဖက်ဆာကိုယ်တိုင် စစ်တော့ အတော်များများ အသိမ်းခံရသဗျ။ ဆရာလည်း ရှူ းရှူ းရှဲရှဲနဲ့ စာမေးပွဲခန်း ကိုယ်တိုင်စောင့်တယ်။ ကျောင်းသားဆိုတာကလဲ ချိရှိ အားကိုးနဲ့ ရိုးရိုးရှင်းရှင်း ဖော်မြူလာတောင် ခေါင်းထဲမှတ်မထားလေတော့ ကြောင်ကံကောင်း ငါးကြော်ဟပ်မိတာပေါ့။ ဦးကျောက်စ်ပြောသလို အားလုံးဖြေနိုင်ရင် သတိထား၊ အများစု မဖြေနိုင် ကိုယ်ဖြေနိုင်ရင် ပွိုင့်ကောင်းဖို့ သေချာပြီလေ။
ဦးကျောက်ခဲ
July 28, 2014 at 12:52 pm
အဟိ… ထီထိုးရင် ပေါက်မယ်ထင်ရဲ့ …
ကကြောင်ဂျီး ကြောင်စိတ်ပျောက်ပြီး အမှန်အကန်မန့်သွားတယ်…
စာမေးပွဲက တစ်ခါတလေလည်း Luck နဲ့ဆိုင်လားမသိ…
ကျောက်စ် ဘော်ဘော်တစ်ယောက်ဆို တော်လည်းတော် အလွန်လည်းကြိုးစားတာ…
ဒါပေသည့် စာမေးပွဲဆိုရင် သူ ဘယ်တော့မှ ဂရိတ်အကောင်းကြီး မရဘူး…
စကားမစပ်…. စာမေးပွဲထဲမှာ Open Book ကို အကြောက်ဆုံးပဲ…
manawphyulay
July 28, 2014 at 10:00 am
ဂလိုကိုး။ ဆရာတွေရဲ့ နည်းပညာတွေလည်း အတော်သိထားမှ သူများကို ဆရာလုပ်လို့ရမှာကိုး။
ဆရာ့ဆရာတွေဖြစ်ဖို့ ကံပါခဲ့ဟန် မတူပါဘူး။ မဟာတန်းဝင်တာတောင် ပိုက်ဆံမတတ်နိုင်လို့ ဆက်မတက်ဖြစ်ခဲ့ပါဘူး။ နောက်ခံဘက်ဂရောင်းလည်းမရှိနဲ့ဆိုတော့ ဒီတွင် တစ်ခန်းရပ်ဆိုသလို ရပ်ခဲ့ရတယ်။
ဦးကျောက်ခဲ
July 28, 2014 at 12:56 pm
စိတ်မကောင်း မဖြစ်ပါနဲ့ မနောဖြူရယ်… စာကျက်ရသက်သာတယ်လို့ သဘောထား…
ဘဝအတွက်တော့ ပညာထက်စာရင် အသိဉာဏ် သညာက ပိုအရေးကြီးသလားလို့…
TNA
July 30, 2014 at 8:26 pm
ဆြာကောင်းတပည့်ပန်ကောင်းပန်တဲ့။ အနှီဆယ်တန်းကျောင်းသား များပန်းကောင်းပန်သွားတာပေါ့ ဆြာကျောက် လဲ အတော်လိုင်းစုံတာကိုး။သားလေးကိုအပ်ရင်ကောင်းမား 😀
ဦးကျောက်ခဲ
July 31, 2014 at 9:23 am
အဟိ… ကျောက်စ်က ငပေငတေပဲလက်ခံတာ မွသဲရဲ့…
သည့်ထက်တိုးပြီး နာမည်ပျက်စရာမရှိတော့ဘူးလေ… အားဟိ
ကိုရင်စည်သူ
July 30, 2014 at 8:40 pm
ကပ်ပတိန် ဂျက်ကျောက်ပဲရိုး ရေနဂါး တုန်းက Arabian ပင်လယ်ပြင်ထဲ ကြမ်းခဲ့တာလေးလဲ မျှပါဦးနော်…
ရေအောက်တော်လှန်ရေးပါ.. ထည့်ပေးပါ.. ဆရာကျောက်စ်.. 🙂
ဦးကျောက်ခဲ
July 31, 2014 at 9:26 am
အလိုလေး… ပေါ်တော်မူ မနောမယ ကစီသွတ်ပါလား…
ဆြာ့အခါပေးနဲ့ အိမ်ထောင်ပြုလိုက်တာ ၆လရှိသွားပြီဗျ…
Seabed Survey ဆင်းတာလေးကို နောင်အကြောင်းသင့်တော့ ရေးတာပေါ့ဗျာ..