” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ “
” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ “
ရထားကြီး ဥဩနှစ်ချက်ဆွဲလို့ ဘီးစတင်လှိမ့်ကာ ဘူတာစင်္ကြန်ကနေ ထွက်ခွါလေပြီ။
ဘူတာစင်္ကြန်မှာ ခြေစုံရပ်ကာ ကောင်လေးတစ်ယောက်က လက်တစ်ဖက်မြှောက်ပြီး လက်ဝှေ့ရမ်းကာ လက်ပြ နုတ်ဆက်နေသည်
ရထားတွဲတစ်ခု၏ ပြူတင်းပေါက်ကနေ လက်ကိုင်ပဝါလေးကိုင်ထားတဲ့ လက်ကလေးနဲ့လည်း ကောင်မလေး တစ်ယောက်က လက်ဝှေ့ရမ်းပြန်ပြ နုတ်ဆက်နေကြလေရဲ့
ခဏအကြာမှာ
လက်ကိုင်ပဝါကိုင်ထားပြီး ပြူတင်းပေါက်အပြင်ဘက် လက်ထုတ်ကာဝှေ့ရမ်းပြနေတဲ့ လက်ကိုဘူတာစင်္ကြန် အလွန်မှာ ပေါက်နေတဲ့သစ်ပင်တစ်ခု၏ သစ်ကိုင်းခတ်လေးက သူ့လက်ကိုရိုက်သလိုဖြစ်တော့ လက်ကိုင် ပဝါလေး လက်က လွှတ်ပြီး လွှင့်ကျသွားလေရဲ့
အဲဒီလို လက်ကိုင်ပဝါလေးလွှင့်ကျတဲ့ဆီကို ကောင်းလေးက အပြေးလေးသွားပြီး ကောက်လိုက်ကာ လက်ကိုင် ပဝါလေးကိုကိုင်ပြီး လက်ဝှေ့ရမ်းမြှောက်ပြလိုက်တာကို ကောင်မလေး မြင်လိုက်ပြီ ရထားက ကွေ့သွားသဖြင့် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးမြင်ရတဲ့ မြင်ကွင်းပျောက်သွားခဲပြီ
လက်ကိုင်ပဝါလေးကို ကောင်လေးသေချာကြည့်မိတော့ လက်ကိုင်ပဝါလေးရဲ့ ထောင့်နားမှာ “ပန်းအိ” လို့ အပ်ချည်ပန်းရောင်လေးနဲ့ ထိုးထားတာတွေ့လိုက်တယ်
” နင် လက်ကိုင်ပဝါလေးတွေမှ ဘာဖြစ်လို့ နင် နာမည်လေး ထိုးထားတာလဲ ”
” အဲဒါ ငါမေမေ ထိုးထားပေးတာ၊ အကယ်လို့ မေ့ကျန်တဲ့အခါ ကိုယ့် လက်ကိုင်ပဝါ ဟုတ်မဟုတ်သိ အောင်ရယ်၊ ကောက်ရတဲ့သူကလည်း ငါ့လက်ကိုင်ပဝါမှန်းသိရင် သူငယ်ချင်းချင်း ပြန်ပေးအောင်လို့တဲ့ ”
” ဟင် အကယ်လို့ ကောက်ရတဲ့သူက နင် နာမည်ထိုးထားမှန်းတွေ့ပေမယ့် ပြန်မပေးဖြစ်ရင်ကော ဘယ့်နဲ့လုပ်မလား ”
” ဘာလုပ်လို့ ရမှာလဲဟ သူပြန်မပေးတော့လည်း မေမေဆီက အသစ်တထည်ထပ်တောင်းရုံပေါ့ ”
” နင် နာမည်ကို နင်ထိုးတတ်အောင် လုပ်လေဟာ ”
” ငါလည်း အဲလိုစဉ်းစားထားပါတယ် အခုနွေကျောင်းပိတ်ရင် မေမေ့ဆီက နာမည်ထိုးတတ်အောင် သင်မလို့ စဉ်းစားထားတယ်၊ ငါထိုးတတ်တဲ့အခါ နင်လက်ကိုင်ပဝါမှာလည်း ဖိုးဝေ လို့ထိုးပေးမယ်လေ ”
” ငါက လက်ကိုင်ပဝါမှမကိုင်တဲ့ဉ္စာ နင် ငါ့အပေါ်အဲလို စေတနာရှိရင်ဘဲ ကျေနပ်ပါတယ်ဟာ”
ပန်းအိ နဲ့ ဖိုးဝေ တို့ မိသားစုအခြေအနေ အဆင့်ကကွာခြားတယ်လို့ပြောရမလားဘဲ ဖိုးဝေဘဝ က
” သားရေ ကောင်းညှင်းအိုးလေးမီးအုံနေလို့ လေမှုတ်လိုက်ပါအုံးကွယ် အမေ ဒီဘက်ဖိုမှာ အကြော်တွေ တန်းလှမ်းနဲ့မို့ ခဏကြည့်ပေးအုံး ပြီးမှာ စာပြန်ကျက်နော် ”
” ဟုတ်လုပ်လိုက်မယ်အမေ စာတွေကရပြီးသားပါ ပြန်နွေးနေတာပါ၊ ကောက်ညှင်းအိုးပြီး ရေနွေးအိုး တည်လိုက်မယ်လေ ဓာတ်ဗူးတွေထဲထဲ့ပြီး ရေနွေးကြမ်းနပ်ထားရအောင် ”
” အေး အေး သေချာလည်းမိမိထိထိကိုင်အုံးနော် အပူလောင်အုံးမယ်”
“ဟုတ်ကဲ့ပါ အမေ စိတ်ချပါ”
အဲဒီလို ကောက်ညှင်းပေါင်း အကြော်ကို မိုးလင်းတာနဲ့ ရောင်းရဖို့ မနက်စောစောထ လုပ်ရတဲ့ဘဝ။
ပန်းအိ တို့ အဖေနဲ့အမေက လားရှိုးကောလိပ်က နည်းပြဆရာတွေလေ သူက သူတို့နေတဲ့ ကျောင်းဝင်းထဲ ကနေ အခြားအဲဒီက သူငယ်ချင်းတွေနဲ့အတူ အလယ်တန်းကျောင်းကို စက်ဘီးနဲ့ကျောင်းတက်တဲ့အခါ ဖိုးဝေ ကိုတော့ အကြော်သည်တဲမှာ ဝင်ခေါ်ကြတယ်၊ အဲဒီကျရင် ဖိုးဝေ က
” အမေ သားကျောင်းသွားပြီ ”
ဆိုပြီး ဖိုးဝေ ကခြေချင်လျှောက်တော့ သူတို့ကလည်း ခြေချင်လျှောက်က ဘီးတွန်းပြီးလိုက်ကြတော့ သူငယ်ချင်းတွေက
” ဖိုးဝေ နင်က စက်ဘီးစီးတတ်တယ်မလား”
“စီးတတ်တယ်လေ ဘာလို့လဲဟ”
“အဲဒါဆို နင်အမေကို စက်ဘီးတစ်စီးလောက် ဝယ်ခိုင်းပါလား အဲဒါမှ ငါတို့တွေ အားလုံး စက်ဘီးစီးပြီး တစ်ညီထဲကျောင်းသွားလို့ရတာပေါ့”
“ဟုတ်တယ်ဟ နင်စက်ဘီးနဲ့ဆို နင်လည်းလမ်းမလျှောက်ရတော့ဘူး အခုဟာက နင်က လမ်းလျှောက်တော့ ငါတို့က နင်အားနာပြီး စက်ဘီးတွေရှိလျက်နဲ့ လမ်းလျှောက်နေရတယ်”
“အဲဒါဆိုလည်း နင်တို့ စက်ဘီးစီးပြီးသွားနင့်ကြဟာ ကျောင်းကြမှတွေ့ကြမယ်လေ ငါအမေကို စက်ဘီးတစ်စီး ဝယ်ခိုင်းဖို့က အမေမှာငွေပိုငွေလျှံပိုက်ဆံမရှိလောက်ဘူးဟ”
အဲဒီမှာ ပန်းအိ က အခုလို ဝင်ဆုံးဖြတ်ပေးလိုက်တယ်
“ဒီလိုလုပ်ရင်ရတယ်လေ ဖိုးဝေဆီရောက်ရင် ဖိုးဝေက ငါ့စက်ဘီးကိုနင်း ငါက နောက်ကထိုင်လိုက်မယ် အဲဒါဆို ငါ့တို့အားလုံး လမ်းမလျှောက်ရတော့ဘူး ဖိုးဝေ လည်း သူ့အမေကို စက်ဘီးပူဆာစရာမလိုတော့ဘူးပေါ့”
“အေး ပန်းအိဖြိုး နင်ပြောတဲ့ အကြံကောင်းတယ် ဖိုးဝေ ပန်းအိဖြိုး စက်ဘီးနင် နင်းပြီး ပန်းအိဖြိုးကို နောက်ကစီး ခိုင်းလိုက်”
အဲလိုနဲ့ ကျောင်းသွား ကျောင်းပြန် ဖိုးဝေ စက်ဘီးဝယ်စရာမလိုဘဲ ကျောင်းတက်ခဲ့ရတယ်။
တစ်ခါတုန်းက ပန်းအိဖြိုး အိမ်မှာ ဝါဆိုသင်္ကန်းကပ်တဲ့ အလှုလုပ်လို့ သူငယ်ချင်းတွေကိုဖိတ်တာနဲ့ ဖိုးဝေ သွားစားခဲ့ရသေးတယ်။
ဖိုးဝေ အမေက သူငယ်ချင်းအလှုအတွက် ဘူးသီးကြော် ပဲကပ်ကြော်တွေပို့ခိုင်းလို့ မနက်အစော ဘုန်းကြီးပွဲ အမှီသွားပို့ပေးခဲ့ရသေးတယ်။
အဲဒီအလှုမှာ သူငယ်ချင်းတွေ အုန်းနို့ခေါက်ဆွဲစားနေရင်း ပန်းအိရဲ့ အမေ စားတဲ့ပွဲနားရောက်လာပြီး
“ဖိုးဝေ မင်းအမေ့အတွက် အန်တီဂျိုင့်နဲ့ထဲ့ထားတယ် အပြန်ကျရင်ယူသွားလိုက်အုံးနော် ဂျိုင့်က မနက်ဖြန် သမီးကျောင်းပြန်မှ ပြန်ထဲ့ပေးလိုက်သိလား”
“ရပါတယ်အန်တီ မပေးလည်းရပါတယ်”
“ဘယ်ဟုတ်မလဲ ယူသွားပါ၊ မင်းအမေက မနက်အစောကြီး အကြော်တွေကြော်ပြီးပို့ထားတဲ့ စေတနာကိုလည်း အန်တီတို့က အသိပြုတဲ့အနေနဲ့ပေါ့ ဒါနဲ့ ဖိုးဝေက စာတော်တယ်လို့ပြောတယ် အခု ခုနှစ်တန်း အတန်းတွေ ကြီးလာတော့ အန်တီအိမ်မှာ ပန်းအိနဲ့ဒီကျောင်းဝန်းထဲက သူငယ်ချင်းတွေကို ညနေဖက် အန်တီ စာပြပေးတယ် ဖိုးဝေ လည်း လာတက်ပါလား”
“ဟုတ် အန်တီ ကျေးဇူးတင်ပါတယ် ကျွန်တော်တက်ဖြစ်အောင်ကြိုးစားပါ့မယ်”
အဲဒီနေ့အလှုက အပြန်ခရီးမှာ ဖိုးဝေ တစ်ယောက်ပျော်ခဲ့မိတယ် ညနေဖက်သူစာသင်ခွင့်ထပ်ရခဲ့လို့လေ၊ အိမ်ရောက်လို့ ဖိုးဝေ တစ်ယောက် အမေကိုပြောပြလိုက်တော့လည်း ဖိုးဝေ အမေခဗျာ သူ့သားဝမ်းသာလို့ ကိုကျုရှင်တောင်မထားနိုင်တာ ခုလိုဆိုလို့ မျက်ရည်တောင်ဝဲခဲ့မိတယ်။
ဒါပေမယ့် အဲလိုအခြေအနေဟာ သုံးလတာကာလလေးလွန်ပြီး မိုးတွေရွာတဲ့ တစ်နေ့ညနေခင်းမှာတော့
” အမေကြီး ပြောမယ် ပြောမယ်နဲ့ စကားမစပ်မိလို့ ”
” ဘာများလဲ အဖေကြီး ”
” ဖိုးဝေကို စာခေါ်သင်တာလေ သင့် မသင့် မစဉ်းစားဘူးလား ”
” အိုတော် ကျုပ်တို့က ဆရာတွေ ဆရာမတွေဘဲ ဘယ်သူ့ဖြစ်ဖြစ် စာသင်ရတာဘဲလေ ပတ်ဝန်းကျင်က ဘာများကြားလို့လဲ ဖေကြီးက ”
” ပတ်ဝန်းကျင်ကလည်း ဆရာတွေ စာသင်တာ ဘာပြောမှာလည်း အခုဟာက မင်း သမီးက ငယ်တော့ တဲ့အရွယ်မဟုတ်ဘူး အရွယ်လေးရောက်လာလို့ အမြဲတွေ့နေရရင်မကောင်းဘူးလားလို့ ”
“ဖေကြီးကလည်း ဖိုးဝေ တို့မိသားစုက ဆင်းရဲရှာပါတယ် ဖိုးဝေ ကိုကျုရှင်တောင်မထားနိုင်လို့ ကျုပ်က သနားလို့ပါ ပြီးတော့ သမီးကလည်း လိမ္မာပါတယ်လေ ဖေကြီး စိတ်ပူလို့နေမှာပါ”
“စိတ်ပူလို့ အမေကြီး စဉ်းစားလို့ရအောင်ပြောတာပေါ့”
အဲဒီနေ့က အခုလိုပြောနေတဲ့စကားတွေကို အိမ်အပြင်မှာရောက်နေတဲ့ ဖိုးဝေ တစ်ယောက်ကြားခဲ့ပြီး ပန်းအိ တို့အမေဆီမှာ စာမသင်တော့ဘူးလို့ ဆုံးဖြတ်ကာ ဖိုးဝေ ပြန်လာခဲ့တာကိုတော့ ဘယ်သူမှမသိဟန်မပေါ် ဘူးလေ။
နောက်တစ်နေ့ကျောင်းအသွားမှာတော့ ပန်းအိက
“ဖိုးဝေ နင်မနေ့က မိုးတွေရွာနေလို့ ငါတို့ဆီစာလာမသင်တာမလား ဒီနေ့လာမှာ မလား”
“မိုးရွာတာလဲပါသလို ငါ့က နင်တို့ဆီမှာ စာလာသင်ရင် ငါ့ အမေတစ်ယောက်ထဲ မနက်ဈေးရောင်းဖို့ လုပ်နေ တာ ကူမယ့်သူမရှိဘူးဖြစ်နေလို့ ငါ့ အမေကို ကူဖို့ နင်တို့အမေဆီမှာ ငါ စာလာသင်ဖြစ်တော့မယ်မထင်ဘူး ဟာ၊ နင် အမေကို ပြောပေးပါ ကျေးဇူးလည်းအရမ်းတင်ပါတယ်လို့”
“နင် ကလည်း ဟာ ”
လို့သာ ပန်းအိ ဆီက စကားသံထွက်ခဲ့ပြီး အဲဒီနေ့က ကျောင်းသွားလမ်းတစ်လျှောက် ပြန်လှန်စကားပြော သံတွေတိတ်ခဲ့ကြတယ်။
ဒီလိုနဲ့ ခုနှစ်တန်းအောင်စာရင်းထွက်ပြီးတစ်ရက် ပန်းအိ နဲ့ အခြားသူငယ်ချင်းတစ်ယောက် နေ့ခင်းဘက် ဖိုးဝေ ဆီကို စက်ဘီးနဲ့ရောက်လာကြတယ် ဖိုးဝေက အိမ်ရှေ့မှာ ပဲထောင်းနေတုန်း
“ဟာ ပန်းအိ တို့ဘာလား”
“အေး ငါ နင်ဆီကိုလာခဲ့တာ ပြောစရာရှိလို့”
“ဘာပြောမလို့လဲဟ”
“ငါတို့ မန္တလေးတက္ကသိုလ်ကိုပြောင်းရမယ့် ငါ့အဖေကရာထူးတိုးသွားပြီးပြောင်းရမှာ ငါ့အမေကလည်း လိုက် ပြောင်းရွှေ့ပေးဖို့စာတင်တာ ရပြီးတဲ့လေ အဲဒါ ဒီအပတ်စနေနေ့ ရထားနဲ့ သွားတော့မှာမို့ နင်ကိုလာအသိပေး တာ ပြီးတော့ ငါ လက်ကိုင်ပဝါလေးတွေမှာ နာမည်ထိုးတတ်လို့ ဒီလက်ကိုင်ပဝါလေးမှာ ဖိုးဝေ လို့နင်နံမည် လေးထိုးထားတယ် ရော့ယူထားလိုက်”
“ဟုတ်လား ဒါဆို နင် ရှစ်တန်းကို မန္တလေးမှာတက်ရတော့မှာပေါ့နော်”
“အေးပေါ့ဟ ငါတို့မိသားစုအားလုံးပြောင်းမှာဆိုတော့ ဟိုမှာကျောင်းတက်ရမှာပေါ့ ငါ နင်တို့ဆီ စာရေးမှာ ပါဟာ မန္တလေးလာဖြစ်ရင်လည်း ငါဆီလာလည်ပေါ့ဟာ”
“ပန်းအိ နင်သွားတဲ့နေ့ ငါ ဘူတာကိုလာပြီး နုတ်ဆက်ပါမယ်ဟာ လက်ကိုင်ပဝါလေးမှာ ငါနာမည်ထိုးပြီးပေးတဲ့ အတွက်လည်း ကျေးဇူးတင်တယ်ဟာ”
“အေး ဘူတာကို နင်ဆက်ဆက်လာခဲ့နော်”
လို့ပြောပြီး စက်ဘီးလေးနင်းကာ ပြန်သွားတဲ့ ပန်းအိ ကို ဖိုးဝေ အဲဒီတုန်းက မျက်စ်တစ်ဆုံးငေးကြည့်နေ မိတယ်။
ဘူဘော်……………ဘူဘော်ာ်ာ်ာ်ာ်ာ်ာ်ာ………………
ရထားတစ်စီးဘူတာထဲဝင်လာရင်း ဥဩဆွဲသံကြားလိုက်တော့မှ ဖိုးဝေ ရဲ့ လက်ကိုင်ပဝါလေးကိုကိုင်ရင်း အတွေးတွေရပ်ပြီး ဖိုးဝေ တစ်ယောက် ဘူတာစင်္ကြန် ကနေ ပန်းအိ စီးနင်းလိုက်ပါသွားတဲ့ရထားသွားရာဘက်ကို တစ်ချက်ကြည့်မိလိုက်ပေမယ့် ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။
( ဆက်လက်တင်ပြပါအုံးမည်)
ခင်ခ။
16 comments
kyeemite
August 11, 2014 at 2:37 pm
ကျုပ်ကိုယ်ကျုပ်ပြန်မြင်ရသလိုပဲ ကိုခရေ :k:
ခင် ခ
August 11, 2014 at 3:00 pm
ဒါဆို ဆြာမိုက်က အလွမ်းတွေရှိပုံဘဲဗျ။
ကနဦးလာရောက်အားပေးမန့်လို့ကျေးဇူးပါ၊
ဇတ်လမ်း အဆက်လေး ရေးတင်တဲ့အခါလည်း လာအားပေးအုံးနော်။
kyeemite
August 11, 2014 at 3:58 pm
ဟဲဟဲ…၅တန်းလောက်ကတည်းက ကျောင်းကပြန်လာတာနဲ့ အမေစီစဉ်ပေးတဲ့ အကြော်နဲ့ ဟင်းတွေ
-တပ်ကစားရိပ်သာမှာသွားသွားရောင်းခဲ့ရတာလေး အမှတ်ရသွားလို့ပါဗျာ 🙂
-ငယ်အလွမ်းတွေလည်းရှိသပေါ့
အလင်းဆက်
August 11, 2014 at 4:11 pm
ထွက်သွားတဲ့ရထားဆိုတာ…
ပြန်ခေါ်ဖို ့…
မလွယ်ဘူးနော်… ။
နောက်ဆုံးရထားဆို… ပိုဆိုးသေးတယ်.. ။
😆
ခင် ခ
August 11, 2014 at 4:15 pm
မှန်တာပေါ့ ကိုအလင်းဆက်ရေ ထွက်သွားမှတော့ ပြန်ခေါ်လို့ဘယ်လွယ်ပေမယ့်…………
ဇီဇီ ခင်ဇော်
August 11, 2014 at 4:16 pm
ငယ်က ချစ်တဲ့ ငယ်ချစ်ဆွေ
တို့ ငယ်ကျွမ်း ဆွေ။
:a:
အဟင့်။
ငိုချင်လိုက်တာ။
ဘာလို့တုန်း ဆို ကောက်ညှင်းပေါင်းနဲ့ အကြော်စားချင်လို့။
😥
အလင်းဆက်
August 11, 2014 at 4:24 pm
ဒေါ်ဖွားမေ ဆီက..တောင်း ကျွေးမယ်…
( အကြော် တောင်းကျွေးမယ်လို ့ဆိုလိုတာ… ။
တောင်းကြီး.ကျွေးမယ်လို ့မဆိုလိုဘူး.. ။ မြန်မာစာနှယ်…ပြောရတာ.. လက်ပေါက်ကပ်လိုက်တာ.. ။)
ဂစ် ဂစ်
TNA
August 11, 2014 at 7:17 pm
ခံစားချက်တွေလား ကိုခင်ခရေ
black chaw
August 11, 2014 at 8:33 pm
အေးအေးဆေးဆေး ဖတ်ပြီးမှ မန့်မယ် ကိုခင်ခရေ။
ဝတ္ထုတိုလေး ထင်ပါရဲ့။
ကြိုဆိုပါတယ် ဗျာ။
ရေးရကြိုးနပ်အောင် သေချာ ဖတ်မယ်ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော။
ခင် ခ
August 11, 2014 at 10:27 pm
ဟုတ်ဝတ္တုုတိုဆန်ဆန်လေးရေးကြည့်တာပါ ကိုဘလက်ရေ
အပိုင်း ၃ ပိုင်းလောက်ရှိပါ့မယ်ဗျ
lu lu
August 11, 2014 at 9:08 pm
ရထားစီးရင်းလွမ်းရတဲ့အရသာ က ဘာနဲ ့မှ မတူ ဘူး
အိပ်လိုက်စားလိုက်ငေးလိုက် လွမ်းလိုက် နဲ ့ပေါ့
မကြာခင်မှာရထားစီးရတော့ မယ် အခုလို ့ ရထားအကြောင်း
စာတစ်ပုဒ် ဖတ်လိုက်ရတော့ အခုကတည်းက ကြိုပြီး လွမ်းနေရပါပြီ
🙁
ခင် ခ
August 12, 2014 at 1:27 pm
ဒါဆို ရထားလွမ်းတေးတစ်ပုဒ်တော့ ရေးမှပေါ့ lu lu ရာ။
pooch
August 12, 2014 at 7:07 am
လက်ကိုင်ပုဝါကို အခုသိပ်မသုံးကြတော့ဘူး
တစ်သျှူးခေတ်ရောက်နေလို့
ပထမနှစ်တုန်းကတော့ လက်ကိုင်ပုဝါတွေကိုင်ဖြစ်သေးတယ်
လက်ကိုင်ပုဝ်ရုပ်ရှင်ဝတ္ထုတွေလည်း အရင်ကဆို များမှများ
ခင် ခ
August 12, 2014 at 9:21 am
ရေးသားထားတဲ့ထဲမှ ဘယ်ခေတ်ကာလလည်းဆိုတာကို အခုလိုလေးဖော်ခဲ့ပါတယ်
( ပန်းအိ တို့ အဖေနဲ့အမေက လားရှိုးကောလိပ်က နည်းပြဆရာတွေလေ )
အခုအချိန်မှာတော့ လားရှိုးက ကောလိပ်အဆင့်မက တော့ဘူးလေ။
ကိုပေါက်(မန္တလေး)
August 12, 2014 at 12:23 pm
ကိုခ ရဲ့ ပထ မဆုံး သော ရင် တွင်းဖြစ် ထင်ပါရဲ့
ဂွတ်တယ်
ခင် ခ
August 12, 2014 at 1:18 pm
ရှေ့ဆက်တဲ့အပိုင်းတွေကျရင်လည်း လာဖတ်ပေးပါအုံေးနာ်