စကားလုံးတွေ ကြက်ပျောက် ငှက်ပျောက်_သော်ဇင် ၊လွိုင်ကော်၊
(၁)
ဪ အမျိုးမျိုးအဖုံဖုံ အစုံသုပ်တွေ စားရတဲ့အဖြစ်ကို ပြန်တွေးလို့မှ မရယ်ရရင် ကလိတွေထိုးပြီး ရယ်လိုက်ချင်တော့တယ် တကယ်။ အရပ်ကတို့ရေလို့ အော်ပြီးပြောရမယ့် အကြောင်းတွေ ရင်ဘတ်ကြီးနဲ့ အပြည့်ရှိနေတော့လည်း ခက်တယ်။ မပြောပြန်ရင်လည်း လည်ဝမှာ တစ်ဆို့နေပြီး ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ့် ခေတ်။ စကားတစ်လုံးတစ်လုံးပြောဖို့ လေတောင်ခပ်ရဲရဲမရှုမရှိုက်ရဲ။ တော်တော်ကြာ လေကို ကန်ထရိုက်ဆွဲထားရင်မခက်ပါလား။ ဒါတောင် ခုအဖြစ်က လေလှိုင်းတွေကို အသုံးပြုပြီးပြောနေရတဲ့ ဆက်သွယ်ရေးကိရိယာလေးကြောင့် ပေးလိုက်ရတဲ့ ပိုက်ဆံဆိုတာ ခုနေများပြန်ရှာရင် ကြက်ပျောက် ငှက်ပျောက်။ ဟုတ်တယ် မနေ့က အောင်မင်း ဂဏာန်းပေါင်းစက်ကလေးတစ်လုံးကို တဂျောက်ဂျောက်နှိပ်မိလိုက်လို့ ဒီကနေ့ သွေးတွေတိုးချင်နေတဲ့အဖြစ်က ပြန်တွေးလိုက်ရင် ဇက်ကြောတောင် ပြန်တက်တယ်။
ဂဏာန်းပေါင်းစက်ကို ပြန်နှိပ်မိရတဲ့အကြောင်းကလည်း ရှိတယ်။ အကြောင်းရှိတော့ အကျိုးဖြစ်ပြီပေါ့။ မဟုတ်လား။ အောင်မင်းကလည်း ခုတလော အကျိုးနဲ့အကြောင်း ၊ အကြောင်းနဲ့အကျိုးကြားထဲမှာ တဝဲဝဲလည်လည်နေတတ်တာ က တမှောင့်ဆိုတော့ ခု ဘာအကြောင်းကြားကြား အကျိုးက ဘာလဲဆိုတာကိုတွေးတွေးနေရတာက တစ်ကြောင်း၊ အကျိုးက ဘာအကြောင်းတွေဖြစ်လာမှာလဲလို့တွေးတွေးနေရတာက တစ်ကြောင်း အဲဒီအကြောင်းတွေကြားထဲ ညှပ်နေတာက တစ်ကြောင်း အဲလေ အောင်မင်းတောင် ယောင်တောင်တောင် ဖြစ်ရတယ်ပေါ့။
ယောင်ဆို အောင်မင်းတို့ယောင်လိုက်ရင် အကြီးကြီးတွေချည်းပဲ။ ယောင်နေတဲ့ အနာကလည်းကြီးတယ်။ အဲဒီအနာက အရည်ပြားတစ်ထောက်စာလေးပေါ်မှာ ပေါက်နေတာမဟုတ်ဘဲ စိတ်နှလုံးပေါ် တစ်တစ်ခွခွကြီး တက်ပေါက်နေတော့ ခံရခက်လှတယ်ပေါ့။ အောင်မင်းကလည်း အောင်မင်းပါပဲလေ။ သူများတွေက အနာပေါက်ရင် အမြန်ကုသပစ်လိုက်တာပဲ။ အောင်မင်းတို့များကျတော့ သူ့ထက်ကဲတဲ့လူတစ်မျိုး။
အောင်မင်းက လက်ရှိဖြတ်သန်းနေတဲ့ ခေတ်စနစ်ကြီးကို မှတ်တမ်းတင်ချင်တဲ့စိတ်ကလည်း အပြည့်။ လူလုပ်ရုပ်ဝတ္ထု ပစ္စည်း သေးသေးမွှားမွှားကစလို့ ကြီးကြီးမားမား ပစ္စည်းပစ္စယတွေအဆုံး နောက်တစ်ချိန် ဒါ ငါတို့ခေတ်အခါက ထွက်ရှိခဲ့တဲ့ပစ္စည်းကွလို့ လက်မထောင်ချင်တဲ့ စိတ်ကလေးနဲ့ အကုန်သိမ်းထားတာပဲ။ ပြောရရင် အောင်မင်း လက်ထဲမှာ အမှိုက်ဆိုတာမရှိဘူး။ ဒီလိုဗျာ စက္ကူစလေးတစ်စဖြစ်နေဦးတော့၊ ပို့စ်ကဒ်လေး တစ်ကဒ်ဖြစ်နေဦးတော့ အိုဗျာ ကုန်ကုန်ပြောရရင် တံဆိပ်ခေါင်းလေးတွေတောင် စုထားတတ်လိုက်သေး။
(၂)
အဲဒီမှာ အောင်မင်း သွေးတက်စေမယ့် ဂဏာန်းပေါင်းစက်ကို နှိပ်ရတဲ့အကြောင်းရင်းက စတာပဲ။ စဆို တစ်နေ့ကပဲ သတင်းတစ်ခု ပြန့်လာပါရောလား။ ဘာတဲ့ တစ်လကို ကျပ်သိန်းဂဏာန်း ငွေဖြည့် ပြီး ဂျီအက်စ်အမ် ဖုန်းအသုံးပြုသူကို ဖုန်းကဒ် သုံးကဒ်ဝယ်ခွင့်ပေးမယ်ဆိုပဲ။ ကျုပ်ကလည်း ကျုပ်လေ။ ကျုပ်မြေးသုံးယောက်ကို ဖုန်းလေးတစ်လုံးဆီလောက် ဝယ်ပေးချင်နေတာ လက်တွေကိုယားနေတာ။ သူများနိုင်ငံတွေလို တယ်လီဖုန်းဆိုတာ လမ်းဘေးဈေးသယ်လို ကောက်ခါ ငင်ခါ ဝယ်လိုက်လို့ရရင်တော့ အကြောင်းလား။
အောင်မင်းတို့နိုင်ငံများ ခုတစ်မျိုး တော်ကြာတစ်မျိုး ပေါင်းနှစ်မျိုးဆိုတော့ ဖုန်းကဒ်ဝယ်ဖို့အရေး ဆင့်အဝှာ ခွေးမျှော်ဆိုတဲ့စကားလို့ လည်ပင်းညောင်ရေအိုးကိုဖြစ်လို့လေ။
ခု အောင်မင်းလက်ထဲက ဖုန်းလေးကိုကိုင်ပြီး အောင်မင်း လွန်ခဲ့တဲ့နှစ်နှစ်ခန့်က သွေးတိုးလိုက်တာ တစ်ပတ်။ ပြီးတော့ ကံတရားပါပဲလေလို့ တရားနဲ့ မဖြေချင်ဖြေချင် ဖြေလာခဲ့ရတာကလား။
အဲဒီတုန်းက အောင်မင်းကိုင်ခဲ့တာ ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ်။ အောင်မလေး အဲဒီဖုန်းလေးကိုင်ရတုန်းကဆို အောင်မင်းတို့များ ဖုန်းကို ဖုန်းလို့တောင်မမြင်ဘူး။ ငွေဆယ့်ငါးသိန်းထုပ်ကြီးကို ပလပ်စတစ်ကြိုးကြီးနဲ့ စည်းပြီး ကိုင်ပြောသလိုကို ခံစားခဲ့တာပေါ့။ ဟော် ဘာကြာလို့လဲ။ အောင်မင်းတို့ ဖုန်းကိုင်တာမှမကြာ ငါးသိန်းတန်ဖုန်းတွေ ကောက်ပေါ်လိုက်တာ ရင်နှစ်ခြမ်းကိုဗြန်းဗြန်းကွဲရုံမကဘူး ပြဲနေတာ ပြန်တောင်စေ့မရဘူး။ အောင်မင်းတို့မှာ အဲဒီဖုန်းကြီးကိုင်ပြီး တစ်ပတ်လောက်ငိုင်ခဲ့သေးတယ်။ ပြီးတော့ ဘာကြာတုန်း နှစ်သိန်းတန်တဲ့။ အဲဒီအထိ ပြဿနာမရှိသေးဘူး။ ပြဿနာရှိတာက တစ်ငါးရာတန်တယ်လီဖုန်းတွေပေါ်လာတဲ့အခါပဲ။
ဘယ့်နှယ် အောင်မင်း ကော်ဆဲပစ်မိတဲ့အထိ။ ထောင့်ငါးရာနဲ့ ဆယ့်ငါးသိန်း သိပ်မကွာပါဘူးနော်။ ဒါနဲ့အောင်မင်းက ဒီဈေးလောက်ဆိုရင်တော့ မြေးတွေအတွက်ဝယ်ပေးဦးမှလို့ရည်ရွယ်လိုက်တယ်။ ဒီလိုနဲ့လျှောက်လွှာတွေဖြည့် ရပ်ကွက်ရုံးမှာတင်ပေါ့။ စနစ်က မဲစနစ်လေ။ သိတယ်မလား။ မဲစနစ်ဆိုတာနဲ့ အောင်မင်းတို့ဆီမှာ ဘယ်ပုံ ဘယ်နည်း လိမ်ကြ ဝါကျတော့မယ်ဆိုတာ လူတိုင်းအသိဟာ။
ရပ်ကွက်ထဲ ပေါက်တာက သူ့ဝန်းကျင် ကိုယ့်ဝန်းကျင်ထဲတဝဲလည်လည်နဲ့ဆိုတော့ အောင်မင်း စိတ်သိပ်မရှည်ချင်ဘူး။ အောင်မင်းတို့လို ပြည်သူတွေကလည်း စိတ်မရှည်ဘူး။ မဲမပေါက်တော့ ဈေးပိုပေးဝယ်။ အဲဒီတော့ တစ်ထောင့်ငါးရာက သိန်းကျော်လို့ကျော် သောင်းကျော်လို့ကျော်။ ဟိုစကားတောင်အမှတ်ရတယ်။ ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် သောင်းသိုက်ကကျော် အဲသလို။ အောင်မင်းကတော့ ပေးမဝယ်ပေါင်။
(၃)
ပေးမဝယ်ဆို အကြောင်းရှိတယ်။ ပြီးခဲ့တဲ့ နှစ်က ခင်ဗျားတို့လည်း ကြားကြ မြင်ကြ ဖတ်ကြရမှာပဲလေ။ ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုကြီးများတောင် ပြည်ပကုမဏီကြီးနှစ်ခုကို လုပ်ကိုင်ခွင့်ပေးဆိုပဲ။ ဒါလည်း ဘာအရေးလဲ အောင်မင်းတို့ စောင့်ရတာပ။ စောင့်ရတာလည်း အောင်မင်းတို့မမှုဘူးလေ။ ကာလအဆက်ဆက် စောင့်ခဲ့သေးတာ တစ်နှစ်လောက်တော့ တောင်မြောက် အီးလှည့်ပေါက်ပြီးကို စောင့်နေလို့ရတယ်။ အောင်မင်းက ရေဒီယိုလေးဖွင့်လိုက်။ မြေးတွေဝယ်လာတဲ့ သတင်းဂျာနယ်တွေကို ဖတ်လိုက်။ အာမယ် မြေးအကြီးကောင် သွားသွား ထိုင်ထိုင်သုံးနေတဲ့ အင်တာနက်ဆိုင်ကနေလည်း အသစ်အသစ်သော သတင်းတွေကို ကြားခွင့်ရနေတော့ ဘယ်တော့ဖြင့် ဘယ်အော်ပရေတာက ဘာလုပ်မှာ ဆိုပြီး အိမ်နီးချင်းတွေကိုတောင် ပြောပြောဖြစ်နေသေး။
ဒီလိုဆိုတော့ အောင်မင်းက အဲဒီအော်ပရေတာနှစ်ခုကို မာကက်တင်းဆင်းပေးသလိုကိုဖြစ်လို့။ မျှော်လင့်ရင်း မြေးတွေကို အဲဒီအော်ပရေတာတွေ ဖုန်းကဒ်ရောင်းရင် မင်းတို့ကို ဆက်ဆက်ဝယ်ပေးမယ်ဆိုတဲ့ကတိကိုလည်း ပေး။ ဟုတ်လို့။ အောင်မင်းမှာတော့ မူလဈေးကြီး အဲလေ မူလ လက်ဟောင်းဖုန်းကြီးကိုင်ကိုင်ပြီး သက်ပြင်းတချချပေါ့။ ကြည့်လေ။ ဆင်းကဒ်က ဆယ့်ငါးသိန်း။ ခု ကျုပ်ထည့်ထားတဲ့ ဟန်းဆက်က တရုတ်ဖြစ် တစ်သိန်းကျော် ဟန်းဆက်။ ဆင်ဖိုးထက် ချွန်းဖိုးက ဈေးမကြီးနေဘူးလား။
ဟော ခုတော့ အဲဒီအော်ပရေတာနှစ်ခု အပြိုင်အဆိုင် ဝန်ဆောင်မှုတွေကြေငြာ၊ မကြာသေးဘူး သတင်းတစ်ခု ထပ်ထွက်လာတယ်။ အဲဒီမှာ အောင်မင်း ထအော်မိတာပဲ။
“ဟုတ်ပါ့။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်ဟ” ဆိုပြီးတော့လေ။ တကယ်တော့ အောင်မင်းတို့ တောင်ပို့ဘယ်လောက် ကြီးတယ်ဆိုတာ လူတိုင်းသိတယ်။
သိသိရက်နဲ့မော့မော့ကြည့်ပြီး ကြာကြာမကြည့်နိုင်တော့ ခေါင်းပြန်ငုံ့ထားလိုက်ကြရတာလေ။ ဘာတဲ့ အများပိုင်ကုမဏီအဖြစ် ပြောင်းလဲသွားမည်ဆိုသတဲ့။အင်းလေ စင်ပေါ်ကလူဆိုတာ ဒါမျိုးနေမှာလို့ ကျုပ်မြေးတွေကိုတောင် ခေါ်ပြောမိသေး။ မြေးတွေကလည်းမေးတယ်
“ဘိုးဘိုး ဘယ်တော့ဖုန်းဝယ်ပေးမှာလဲ“တဲ့။ ကျုပ်ကလည်း ပြန်ဖြေလိုက်ပါတယ်။ ဝယ်ပေးမယ် မင်းတို့ခဏစောင့်ကွာ။ မင်းတို့ပဲ အင်တာနက်ကောင်းကောင်းသုံးချင်တယ်ဆို။ ရရစေမယ်လို့ပြောထားရတာပေါ့။
အဲဒီမှာ အောင်မင်းတို့ ဝမ်းသာအောင် အီးနံ့ပေးလာပါရောလား။ ဘာတဲ့ ဂျီအက်စ်အမ်ဖုန်းကို အများဆုံး ငွေ့ဖြည့်အသုံးပြုတဲ့သူ ၅သောင်းခန့်ကို ဒဗလျုစီဒီအမ်အေ ဖုန်းကဒ် သုံးကဒ် ဝယ်ယူခွင့်ပြုမယ်တဲ့။ ဒီမှာ အောင်မင်းတို့ ပျော်သွားတာပေါ့။ အောင်မင်းတို့ တစ်လ တစ်လ ငွေဖြည့်အသုံးပြု စကားပြောနေတာ ဘယ် တစ်သိန်းက မလဲ။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ သာရေးနာရေး ကိစ္စအဝဝတွေအပြင် ဘာညာသာရကာနေကြာကွာစေ့ ပြောတာတွေ နည်းမှမနည်းတာပဲ။
အောင်မင်း ဒီလိုတွေးတယ်လေ။
“ဪ ငါ့စကားတွေ သိပ်တန်ဖိုးရှိပါလား“လို့။
“စကားတစ်လုံးတစ်လုံး စက္ကန့်နဲ့တိုင်းတာပြီး မိနစ်နဲ့တန်ဖိုးဖြတ်၊ နာရီနဲ့တွက်ချက် အခကြေးငွေ တနင့်တပိုးပေးပြီး ပြောနေရတာ လေတောင် ငွေကြေးဝန်ဆောင်မှုတွေကြောင့် သိပ်သည်းဆတွေမြင့်နေပါလား“လို့ပေါ့။ ကျုပ် မိန်းမကလည်း တစ်နေ့တစ်နေ့ အရောင်းအဝယ်ကိစ္စတစ်ခုတည်းပြောတာတောင် တစ်ခါပြော နာရီဝက် တစ်နာရီ အနည်းဆုံးဆိုတော့ တစ်လကို အနည်းဆုံး မရှိ တစ်သိန်းပဲ။
တတိတိဖြည့်တော့ မသိသာ၊ တစ်လပြည့်တော့မှ သိသိသာသာဖြစ်လာတာက ငွေဖြည့်ကဒ်ကလေးတွေ များများလာတာကိုပဲ။ ခု အောင်မင်း ဂဏာန်းပေါင်းစက်နဲ့ တချောက်ချောက်ပေါင်းကြည့်လိုက်တော့ အားလားလား မြတ်စွာဘုရား အောင်မင်းတို့ စကားတွေ အဲလောက်တောင် ငွေကုန်ကြေးကျခံပြီး ပြောခဲ့သတဲ့လား လို့ မျက်လုံးကြီးပြူးနေရတယ်။
နို့နေပါဦး။ ငွေတစ်သိန်းအထက်ဆိုတော့ သူဌေးတွေပဲဖြည့်နိုင်တာလည်းရှိသေးတော့ ဖုန်းကဒ်သုံးကဒ်ရဖို့ သူဌေးတွေနဲ့ပြိုင်လုဝယ်ရဦးမှာလားပေါ့။ ပြီးတော့ ဝယ်ရမှာတဲ့။ အောင်မင်းတို့ ဘယ်တုန်းကမှ အလကားမရခဲ့ဘူး။ တစ်သက်လုံးလည်းအလကားမရဖူးဘူး။ ဟုတ်တယ်လေ။
ပြောရင်းမှအမှတ်ရလာသေးတယ်။ အောင်မင်းတို့ အလကားဘာတစ်ခုမှမရဘူးဆိုတာက နေထိုင်မှုအတွက်ကစလို့ ခု တန်ဖိုးနည်းဖုန်းကဒ်အဆုံး ဘယ်တုန်းကမှ အလကားပေးတယ်လို့အောင်မင်းတို့ဆီမှာမရှိသေးဘူး။
ဆောင်ရ၊ ပေးရတာတွေကလည်း ဘောင်ချာတွေပေါင်းကြည့်မလား၊အများကြီး။ အဲနေဦး အောင်မင်းတို့ အလကား မရတာက အသာထား အခပေးထားပြီး ဝန်ဆောင်မှုကောင်းကောင်းရောရသလားဆိုတော့ မရရေးချ မရ။ ရေမလာတဲ့ရက်၊ မီးမလာတဲ့ရက်ကို လက်ချိုးရေတွက်မလား၊ အများကြီး အများကြီး။
(၄)
ခု အောင်မင်း ဂဏာန်းပေါင်းစက်နဲ့ထိုင်တွက်ပြီး သွေးတက်နေတော့ အဘွားကြီးကဘေးနားကို လက်ဖက် တစ်ပန်းကန်နဲ့ ရောက်လာပြီး ပြောတယ်။
“ရှင့်မလဲ သွေးတက်မပေါ့။ အပြင်မှာပဲ ရှင့်မြေးတွေကို ဖုန်းကဒ်ဝယ်ပေးလိုက်ပါတော့လား။ အမျိုးမျိုးဖြစ်နေတဲ့ ဆက်သွယ်ရေးဈေးကွက်ကိုများ ရှင်မို့မမောနိုင်မပမ်းနိုင် စိတ်ရှည်လက်ရှည်ထိုင်စောင့်နေသေးတယ်။ ရော့ လက်ဖက်သုပ်လေးစားလိုက်ဦး။ ရေနွေးကြမ်းလည်းသောက်။ အဲဒါ ထားလိုက်တော့“
တဲ့။ အဘွားကြီး စိတ်အေးလက်အေးရှိသလောက် ကျုပ်အောင်မင်းက မရှိ။ ကျုပ်ဘေးမှာ ပုံထားတဲ့ ငွေဖြည့်ကဒ် ကလေးတွေကိုကြည့်ပြီး လေထဲမှာပျောက်ပျောက်သွားတဲ့ စကားလုံးတွေနဲ့ အသပြာတွေကို မှန်းဆရှာနေမိတယ်။
ကျုပ်တွေးတယ်လေ။ သက်သာချောင်ချိရေးဆိုတဲ့စကားလုံး။ သက်တော့သက်သာပါတယ်။ ချောင်ချိကုန်တာတွေက အသပြာအိတ်တွေ။
ခေတ်မီဖွံ့ဖြိုးရေး ဆိုတဲ့စကားလုံး။ ခေတ်မီလာပါတယ်။ ဖွံ့ဖြိုးကုန်တာက အသုံးအစွဲတွေ။
စာမတတ်သူလျော့ချရေး ဆိုတဲ့စကားလုံး။ ဟုတ်ပါတယ် စာမတတ်သူတွေကို လျော့ချပစ်ပါတယ်။ လုံးဝ မသင်ရဆိုပြီး ပိတ်ပစ်တာမျိုးပေါ့။
အင်း ကျုပ်မြေးတွေအတွက် ဖုန်းကဒ်ဝယ်ဖို့ ကျုပ် စကားလုံးတွေ ရေပက်မဝင်အောင်ပြောခဲ့တဲ့စကားတွေ လေထဲမှကြက်ပျောက်ငှက်ပျောက်ကုန်တာက ဘာနဲ့ သဏ္ဍာန်တူသလဲဆို ပြောခဲ့သမျှ အရာမထင် လို့ပဲပြောရမလား။ စကားအမျိုးမျိုးပြောခဲ့လို့ ပြောတော့ရွှေမန်း ကတော့ ရွှမ့်သိမ့်သိမ့်လို့ပဲ ပြောရမလား။
အဲဒီ မလား မလားတွေနဲ့
မကြာမီ ထုတ်ပြန်လာဦးမယ် သတင်းစကားတွေကို ဘယ်တော့များ ဘယ်အချိန်မှာ ဘာတွေကိုများ ကြေငြာလာဦးမလဲလေလို့ မေးခွန်းလေးတွေပဲမေးပြီး အဖြေကို ဖြေချင်ရာဖြေလာမယ့် အချိန်ကိုပဲ ကျုပ်အောင်မင်း စောင့်လိုက်ဦးမယ်လေ။
တစ်ခုပဲ ကျုပ် ပါးစပ်ကထွက်ခဲ့တဲ့ စကားလုံးတွေပျောက်သွားပြီး ဈေးကြီးကြီး ပေးပြောခဲ့ရတာတွေအတွက်တော့ ခုထက်ထိ ရင်ထဲ တနုံ့နုံ့။ အင်းပြောရင်းဆိုရင်း ကျုပ် သွေးတိုးချင်လာပြီထင်ပါရဲ့လေ…။
သော်ဇင်(လွိုင်ကော်)
Date-12th-August-2014
Time-03:05pm
10 comments
ဇီဇီ ခင်ဇော်
August 12, 2014 at 7:23 pm
ကတောက်။။!
ရေးတတ်ချက်။
ဖတ်ရင်းသွေးတိုးလာသလိုပဲ။
:a:
ဆင့် အဟွာ ကို ခွေး မျှော်တတ်လို့ အစိုးရက ဆင်ဝန်ကတော်လုပ်နေတာထင်ပါ့။
ဂလိုကိုးးးး
ဟေးဟေးဟေးးး
မြန်မာပြည် ကိုးနက်ရှင်က တယ်လီဖုန်း လိုင်း ကိစ္စ မပြီးပြတ်မချင်း တည်ငြိမ်မှာ မဟုတ်သေးဘူးနော်။
ဒုက္ခဗျာ။
သော်ဇင် (လွိုင်ကော်)
August 15, 2014 at 7:01 pm
ဟုတ်တယ် ဗျို့ အဲလိုတည်ငြိမ်မှုမရှိလေ အနော်ကလည်း အသည်းတွေယားပြီး ရေးချင်လေ ဖြစ်တော့ခက်တယ်ဗျ
ခင် ခ
August 12, 2014 at 9:48 pm
ဆက်သွယ်ရေး ဆက်သွယ်ရေး
နင်အိတ်ထဲပိုက်ဆံပေး
ဆက်သွယ်ရေးက ခြူတော့ကာ
ဆယ့်ငါးနှစ်ဆယ် မနှမျောတာ
ထောင့်ငါးရာဖုန်းဝေပုံချတော့
အပြင်ပြန်ရောင်းအမြတ်ရပေါ့
နှစ်ဆယ့်ငါးကျပ်ပြောခရယ်
သုံးယောက်ပါဘဲကန့်သတ်တယ်
အခုလာပေါ့ သုံးကဒ်ပေး
အရင်ဖြည့်ဝယ်တစ်သိန်းကြေး
အစိုးရရဲ့စေတနာဗလပွ
မိဘပြည်သူအပေါင်းခံပါဗျ။
သော်ဇင် (လွိုင်ကော်)
August 15, 2014 at 7:03 pm
အစိုးရရဲ့စေတနာဗလပွ
မိုက်တယ် ဗျာ 🙂
ကိုပေါက်(မန္တလေး)
August 13, 2014 at 8:34 am
ဟိုးရှေးရှေးတုန်းကပေါ့။
ကျနော်မိတ်ဆွေ တစ်ယောက်ရှိဘူးတယ်.
သူက ရန်ကုန်မှာနေတာ။
သူက ဘတ်စကား စီးတိုင်း ရထားစီးတိုင်းလက်မှတ်ရအောင်တောင်းထားတယ်။
နောက်သိမ်းထားတယ်။
တစ်လတစ်ခါ စာရင်းတွက်တယ်။
ပြီးရင်ငါဘယ်လောက်ကုန်သွားတယ်ဆိုပြီး နှမျောနေတယ်။
အခု ဆက်သွယ်ရေးက ပို ဆိုး သပေါ့။
ကျနော်ကတော့ ဒါသုံးလိုက်လို့
ကိုယ်ဖြစ်ချင်တာ ဘယ်လောက် အတိုု်င်းအတာအထိ
ပြီးမြောက်အောင်မြင်သွားသလဲ
နဲ့ ချိန်ပြီးတွေးလိုက်တော့
နည်းနည်းတော့ စိတ်သက်သာရာ ရသလိုဘဲ။
kyeemite
August 13, 2014 at 11:08 am
-အရေးအသားကောင်းတော့ ဝတ္ထုလှလှလေးတစ်ပုဒ်ဖြစ်သွားသပေါ့ဗျာ
ကိုပေါက်ပြောသလိုပဲဗျ…ကယ်ကူလေတာနေ့တိုင်းနှိပ်ပြီး ကိုယ့်အသုံး ကိုယ်ပြန်တွက်နေရင်တော့
ဘာမှလုပ်ဖြစ်တော့မှာမဟုတ်……. :))
–
manawphyulay
August 13, 2014 at 12:56 pm
ဒါတောင် အခု ဆက်သွယ်ရေးနှင့် ELite ပူးပေါင်းပြီး SIM Card ၃ ကတ်ကို ၁၅၀ဝ ကျပ်နဲ့ ရောင်းချမည်ဆိုလားပဲ။ ခုတောင် ဟယ်….လို… ဟယ်… လို…ကြား…. လား … ကြား… လားဖြစ်နေတာ နောက်ဆို ဘာမှခေါ်လို့ရမှာတောင်မဟုတ်တော့ဘူး။
Kaung Kin Pyar
August 13, 2014 at 2:06 pm
လူမှန်း သိသိချည်းနဲ့ ကျားလား…ကျားလား လို့ မေးရတာ…တစ်ညိုးကြီး ဖြစ်ဖြစ်နေတယ်…ဟီး….ဟီးးးး
Paing Lay
August 13, 2014 at 3:22 pm
ရန်ကုန်ရောက်တုန်းက အနော့ ဒေါ်လေး ဝယ်ထားတဲ့ 15သိန်းတန်ကြီးနဲ့ ဝရံတာဘက်ထွက်လို့ထွက်ရမှန်းမသိ။ အိမ်နောက် ရေကပြင်မှာ ထွက်ပြောရမှန်းမသိနဲ့ တော်တော်ရယ်စရာကောင်းတယ်ဗျ။ ပြန်စဉ်းစားကြည့်ရင်။ :mrgreenn:
အလင်းဆက်
August 13, 2014 at 4:12 pm
အဲ့ဒီ အကြောင်းတွေ များများရေးကြရမှာ.. ။
ရသ နဲ ့… ပါးပါးလေးပုတ် မလား…
အက်ဆေး..ဆောင်းပါး နဲ ့..ဝေဖန်ရေးဆန်ဆန်..ဆော်မလား.. ။
ဘာပဲ..ဖြစ်ဖြစ်… ပြောနေဖို ့ပဲ..လိုတယ်.. ။
😆