” စာတစ်စောင်က ဗုံးထက်ပြင်းသတဲ့ “
” စာတစ်စောင်က ဗုံးထက်ပြင်းသတဲ့ “
“သာယာလှတဲ့ လယ်ကွင်းပြင် ပတ်ဝန်းကျင်တွင် တည်ရှိနေသော အိမ်လေးတစ်ခုတွင် နေထိုင်ဖြစ်ခဲ့ကြတယ်။
ပျော်စရာတွေ ရယ်မောစရာတွေ နဲ့ သာသာယာယာနေခဲ့ကြတဲ့ အချိန်တွေပေါ့။
ဒါပေမယ့် တစ်နေ့မှာ အဲဒီ အိမ်လေးတည်ရှိနေတဲ့ ပတ်ဝန်းကျင်ဆီ ဌက်တစ်ကောင်လို ဝေဟင်မှာပျံလာပြီး သူ့ထံကနေ အမဲရောင်လိုလို အစိမ်းရောင်လိုလို အရာကြီးတွေထွက်ကျလာတာ တွေ့လိုက်ပြီး ခဏတာ အချိန်လေးမှာဘဲ ထိုထွက်ကျလာတဲ့ အရာကြီးတွေဟာ မြေကြီးနဲ့ထိလိုက်ပြီဆိုရင်ဘဲ မြေကြီးတုန်ခါသွားပြီး မီးလျှံမီးခိုးတွေထွက်လာတယ်၊ လှမ်းမြင်မိရုံနဲ့တင် ကျောချမ်းစရာကြောက်လာပြီး အနီးနားက အုတ်ပုံကြား ဒို့တွေဝင်ပုန်းလိုက်စဉ်မှာဘဲ ဒို့အိမ်လေးပေါ်ကို ခုန အစိမ်းလိုလို အမဲလိုလို အရာကြီးတစ်ခုကျကာ ဒို့အိမ်လေး မီးစတင်လောင်ခဲ့ပြီ၊ ဌက်လိုလိုအကောင်ကြီးတွေလည်း ဝေဟင်မှာ တစ်ကောင်ပြီး တစ်ကောင် ပျံဝဲကာဆက်တိုက်သွားနေလို့ ဝပ်ပုန်းနေရာကနေ မထွက်ရဲတာနဲ့ မီးစွဲတဲ့ ဒို့အိမ်လေး မီးငြိမ်းနီုင်လိုက်ဘဲ မျက်ရည်စက်လက်နဲ့ တွေဝေကာကြည့်နေရုံမှတပါး ဘာမှမသတ်နိုင်ခဲ့ဘူးလေ၊ နောက်တော့ သတင်းတစ်ခု ကြားရပါတယ် ဂျပန်တွေ ဒို့ပြည်ကိုသိမ်းလိုက်ပြီတဲ့။ ဒါပေမယ့် ဒို့တွေအတွက် နေစရာမြေ လုပ်ကိုင်စရာလယ် တော့ ရှိစဲပေါ့။
ဘာဘဲဖြစ်ဖြစ် ဒို့နေဖို့အိမ်လေးတော့ ပြန်ကာဆောက်လို့ အရင်လိုပျော်ရွှင်စွာနေခဲ့ကြပြန်တာ နှစ်တွေတောင် ကြာလာတဲ့အခါ နောက်တစ်ခါ ဌက်လိုအကောင်ကြီးတွေ အုပ်စုလိုက်ပျံပျံသွားနေတဲ့ အချိန်တွေကို ပြန်ကြုံရပြန် တော့ တူးထားတဲ့မြေကတုတ်ထဲ ဝင်ဝင်ပုန်းရတာလဲ တစ်ခါမကပါဘဲ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဒို့တွေမြေ ကတုတ်ဝင်နေတဲ့အချိန် ဒို့အိမ်လေးပေါ် ဟိုအရင်တုန်းကလိုဘဲ အရာကြီးတစ်ခုကျပြီး ဒို့အိမ်လေး မီးလောင် ခံရကာ ပျက်စီးပြန်ပါ့ပေါ့။ နောက်တော့ သတင်းတစ်ခု ကြားရတယ် မဟာမိတ်တွေ ဂျပန်ကိုမောင်းထုတ်ပြီး သူတို့ပြန်ဝင်လာပြီတဲ့။ ဒါပေမယ့် ဒို့တွေအတွက် နေစရာမြေ လုပ်ကိုင်စရာလယ် တော့ ရှိစဲပေါ့။
ဒို့ပြည်ကြီးလွတ်လပ်ရေးကြီး ရပြီလို့ကြားရတော့ အရမ်းဝမ်းသာခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒီတစ်ခါ ပြန်ဆောက်ထားတဲ့ လယ်တောက ဒို့အိမ်လေး အရင်လို ဗုံးဆိုတဲ့အရာကြီး ပစ်ချခံရပြီး မီးမလောင်တော့ဘူး မို့လေ။ ဒါပေမယ့် ဒို့အိမ်ထဲမှာနေပြီး ဒို့တွေ အိမ်ကောင်းရင်းမအိပ်ရ စားကောင်းရင်းမစားရ အလွန်ကြာခဲ့ပေါ့၊ အိမ်တော့မီးလောင် ပျက်စီးတာမဟုတ်ပေမယ့် ဒို့ပတ်ဝန်ကျင်မှာ တဒိုင်းဒိုင်း တဝုန်းဝုန်းနဲ့ ခဏခဏ ကြားနေ ရတော့ ဘယ်အချိန်ဆင်းပြေးရမလဲပေါ့၊ အဲဒါဘာဖြစ်တာလဲဆိုတော့ ရောင်စုံသောင်းကျန်းသူနဲ့ တိုက်ပွဲတွေ ခဏခဏဖြစ်တာတဲ့လေ၊ ဒါပေမယ့် ဒို့တွေအတွက် နေစရာမြေအိမ်နဲ့ လုပ်ကိုင်စရာလယ် တော့ ရှိစဲပေါ့။
ဒီလိုနဲ့ သေနတ်ပစ်သံတွေကြားရတာလဲရှိသလို မကြားရတာလဲ အတော်ကြရှိလာတော့ ဒီအသံတွေကို ယဉ်ပါးနေခဲ့သလိုဖြစ်ကာ ဘိုးဘွားစဉ်ဆက် ပျော်ရွှင်လျှက်နဲ့ ဒို့အိမ်လေးမှာ နေခဲ့ကြတာ နှစ်ပေါင်းများစွာ မနည်းတော့ဘူးပေါ့၊ ဟိုတလောက မြို့ကိုသွားတဲ့ လယ်တောကတစ်ယောက် မြို့ကပြန်လာတော့ မြို့ပေါ်က ကြားခဲ့တာတဲ့ ဒို့တိုင်းပြည်ကြီးရဲ့ အစိုးရပြောင်းသွားပါပြီတဲ့ တစ်နိုင်ငံလုံးနီးပါး ဟိုတလောက အုံးအုံး ကျက်ကျက်သပိတ်ဖြစ်ပြီး ခုလိုဖြစ်သွားတာဆိုတာဘဲလေ သူပြောတာရှိပါသေးတယ် နဝေတိန်တောင် အစိုးရ ဟုတ်ပါဘူး ဪ သတိရပြီ နဝတ အစိုးရတဲ့လေ၊ ဘာဘဲဖြစ်ဖြစ် ဒို့ လယ်တောထဲ ဒို့နေစရာ အိမ်လေးပေါ် ဗုံးဆိုတာကြီး မကျရင်ပြီးတာဘဲ ဒို့အိမ်လေး မပျက်ရင် ပျော်စရာပါဘဲပေါ့။ သို့သော်အဲဒီပျော်ရွှင်မှုကို ကျေးရွာ အုပ်ချုပ်သူဆိုလာ ဒို့အိမ်ကို စာလေးတစ်စောင်လာပေးသွားတယ်၊ ဒို့ လယ်တွေကို စီမံကိန်းမြေအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဘယ်နေ့ဘယ်ရက်အပြီး ထွက်သွားပေးရမယ်တဲ့၊ မထွက်ဘဲ ပေကပ်ကပ်လုပ်ရင် ထောင်တွင်းအကျဉ်းချ………… ဟိုတုန်းကရာဇဝင်ကားတွေမှာပြောသလိုပေါ့ကွာ။
ဒါနဲ့ဘဲ သာယာလှတဲ့ လယ်ကွင်းပြင် ပတ်ဝန်းကျင်တွင် တည်ရှိနေသော ဒို့တွေရဲ့ အိမ်လေး ဘိုးဘွား အမွေ လည်း ဒို့မပိုင်တော့လေပြီ အင်း ကောင်ကင်းက ဘာကြီးမှန်း မသိဘဲကျလာကာ ပေါက်ကွဲတဲ့ ဗုံးထိတာမှ နေစရာမြေကျန်ကာ ဒို့အိမ်လေးပြန်ဆောက်လို့ရသေးတယ် ဒို့လယ်မှာ ဒို့အလုပ်ဆက်လုပ်လို့ ရခဲ့သေး တယ် အခုတော့ စာရွက်လေးတစ်ရွက်ကြောင့် ထာဝရ ဆုံးရှုံးကာလက်လွတ်ရလေပြီ အဲဒီစာတစ်စောင်ဟာ ဗုံးထက်ပြင်းပါလားကွယ်”
“အခုမြင်နေရတဲ့ ခေါင်းတိုင်က မီးခိုးတလူလူထွက်နေသောစက်ရုံကြီးရှိတဲ့ နေရာလား အဘိုး တို့ရဲ့ အရင်က သာယာသော လယ်တောနဲ့ အိမ် ဆိုတာလားဟင်”
“ဟုတ်တယ် ငါ့မြေးရယ် ခေတ်အဆက် လယ်လုပ်သူ လယ်ပိုင်ခဲ့ပေမယ် လယ်လုပ်သူတွေ လယ်မပိုင်ဘဲ လူလည်လုပ်သူတွေ လယ်ပိုင်သွားတဲ့ သမိုင်းတစ်ခေတ်တော့ ဒို့ပြည်မှာ ရှိခဲ့ဖူးတယ်လို့ မှတ်ပေါ့ကွာ”
ဟု ပြောရင်း စက်ဘီးလေးကို အဘိုးဖြစ်သူက စနင်းလေတော့ မြေးဖြစ်သူ ကလေးက နောက်ကလိုက်ရင် ထိုစက်ရုံကြီးကို သမင်လည်ပြန်တောင် ပြန်ကြည့်သွားတဲ့ ကလေးရဲ့ အမူရာကို ကျုပ်တစ်ယောက် ပြန်ပြီး အမှတ်ရကာ ခံစားရေးဖွဲ့မိပါတော့တယ်လေ။
ခင်ခ။
8 comments
နောင် ရိုး
August 28, 2014 at 10:30 am
လာအားပေးသွားပါတယ် ကိုခင်ခရေ့……(ဒေါ်ဇီဇီခေါ်ဇင်ထက် အရင်…)
ကိုခင်ခ ရေးလက်ကတော့ အတုယူစရာကြီးပါပဲဗျာ….
ခင် ခ
August 28, 2014 at 10:47 am
အားပေးမှုအတွက် ကျေးဇူးပါ ကိုနောင်ရိုးရေ။
Mr. MarGa (12512)
August 28, 2014 at 10:57 am
စာဗျို့…စာ..
ဟိုးး အရင်က စာမျှော်တဲ့ တစ်ခေတ် ရှိခဲ့ဖူးသပေါ့
မိတ်ဆွေတွေကြား၊ သမီးရည်းစားတွေကြား ရွှေပေလွှာ ပါးကြတာမို့ စာလာရင်ကို ပျော်ကြသူတွေမနည်း
(အဲ… စာပို့စနစ်ကလဲ အချိန်မှန်သတဲ့)
အဲ့လို အဲ့လို နေလာကြရာကနေ
မည်သို့မည်ပုံ ဖြစ်သွားသည်မသိ :a:
ကိုယ့်ဆီကို စာ လာမှာတောင် ကြောက်တဲ့ခေတ်ကို ရောက်သွား ရော..
အခု ပို့စ်ထဲကလို စာလေးတစ်စောင်ကြောင့် ဘဝတွေ ပျက်ကုန်ကြတဲ့အထိ ဖြစ်သွားလို့ လေ…. 🙁
တိမ်မည်း
August 28, 2014 at 4:03 pm
စာတစောင်က ဗုံးတင်မကဖူး… virus ထက်တောင်ပြင်းသေးတယ်….
ပိုက်ဆံတွေ ဖျက်သိမ်းတုန်းကဆိုရင် ပျက်သွားတဲ့ဘဝက ရေတွက်လို ့တောင် မရဖူး……
alinsett
August 28, 2014 at 5:59 pm
ဇာတ်လမ်းလေးကိုတော့…ဖတ်ရုံမှတ်ရုံ တွေးရုံလေးပါပဲ… ။
ဒါနဲ့ လေးခ…
ဒီစာမူကို..လေးခ အရင်ရေးနေကျ ဟန်အတိုင်းရေးရာကနေ…
နည်းနည်း ခွဲထွက်ထားတယ် ထင်မိတယ် ။
ဘာပဲဖြစ်ဖြစ်… ဖတ်လို ့ကောင်းအောင် ရေးတတ်တဲ့ ဒို့လေးခ ပါဗျာ… ။
ကိုပေါက်(မန္တလေး)
August 28, 2014 at 6:15 pm
ကျနော် ခပ်ငယ်ငယ် က လယ်လုပ်သူ သာ လယ် လုပ်ပိုင်ခွင့်ရှိရမယ်ဆိုုလို့
ကျနော်တို့ အဖိုးပိုင်တဲ့လယ်တွေကို သွားလွှဲပေးခဲ့ရတယ်။
အခုရော အဖိုးလွှဲခဲ့သူတွေမှာ လယ် မှ ရှိသေးရဲ့လား မသိ ဘူးလို့ တွေ့ မိ နေပါတယ်။
မွသဲ ( 17082011 )
August 30, 2014 at 8:44 pm
ဟုတ်ပါ့ ကိုခင်ခရယ် ခုမှပဲ တကယ့်ကို ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးမလေ ဆိုတဲ့သီချင်းလေး ဆိုစရာမရှိတော့ဘူးဖြစ်နေတယ် 😥
kai
September 1, 2014 at 2:15 am
88 ကအာဏာသိမ်းတာကလည်း..စာလေးတစောင်ကို..အသံလွင့်ရုံပို့ပြီး ဖတ်ခိုင်းလိုက်တာပါပဲ..
အဲဒီအချိန်က ရန်ကုန်ဆိုတာ..စစ်တပ်ကအာဏာမှမရှိတာ..
ထိချက်ကယ်နာ..