“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၂) (ဖောင်ကြီးက သင်တန်းဆင်းတဲ့အခါ )

 

“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၂)

           (ဖောင်ကြီးက သင်တန်းဆင်းတဲ့အခါ )

 

ဖောင်ကြီး ဘက်ကမိုးများတဲ့အရပ်ဖြစ်ပါတယ်။

ရွာရင်လဲမိုးလုံးမိုးပေါက်ကကြီးပါတယ်။

အဝါရောင်မိုး ကိုဖောင်ကြီးရောက်မှဘဲကြုံဘူးတာပါ။

အဲလိုမိုးများတော့ ကျနော်တို့အဝတ်တွေက မခြောက်တော့ပါဘူး။

ဒိုဘီကလဲအလျင်မှီအောင်မလျော်နိုင်တော့ဘူးပေါ့။

ချွေးစိုလို့မခြောက်တာ မိုးစိုလို့မခြောက်တာတွေကြောင့်

စိုထိုင်းထိုင်းတွေပြန်ပြန်ဝတ်ရပါတယ်။

အဲလိုဝတ်တော့ကျနော်တို့မှာ ညှင်းတွေပေါက်လာပါတယ်။

ညှင်းပေါက်တာက ယားတာယံတာမရှိပေမယ့် အရေပြားပေါ်မှာ

အကွက်အကွက်တွေထနေတော့အကြည့်ရဆိုးပါတယ်။

အဲဒီမှာတစ်ယောက်က နည်းပေးပါတယ်။

ညှင်းကွက်နေရာကို အဝတ်ကြမ်းနဲ့ နီရဲနေအောင်ပွတ် ပြီးရင်သံပုရာသီးနဲ့ပွတ်လို့ပြောပါတယ်။

ကျနော်တို့လဲ လုပ်တာပေ့ါ စပ်လိုက်တာမှ အရမ်းပါဘဲ။

ဒါပေမယ့် တစ်ကယ်ပျောက်သွားပါတယ်။

ညှင်းဆိုတာက အသားနဲ့အရေပြားကြားမှာ မိူကပ်တာပါတဲ့။

နောက်ထပ်ခံရတာတစ်ခုက တော့ ခြေထောက်တွေမှာသဲဝဲစားတာပါ။

ဘွတ်ဖိနပ်တွေက အကောင်းစားမဟုတ်။

အောက်ကပေါက်တဲ့ဖိနပ်ကပေါက်နေပါတယ်။

မိုးရွာတော့ သဲရောရေ ရောဖိနပ်ထဲမှာဝင်နေတော့ခြေထောက်တွေကသဲဝဲစားကုုန်ပါတယ်။

သဲဝဲစားရင်ခြေထောက်က နည်းနည်းတော့ နာပါတယ။်

ခြေဖဝါး က အရေပြား မှာ အပေါက် အပေါက်လေးတွေဖြစ်လာတာပါ။

အဲဒါကတော့ဆေးခန်းက ဆေးနီရည်ထည့်ပေးတော့ပျောက်သွားပါတယ်။

 

မိုးများတဲ့ဒေသဖြစ်တော့ မျှစ်ကတော့ပေါပါတယ်။

ကျောင်းဆင်းလို့ အားနေရင်အနီးအနားကတောထဲကို မျှစ်ချိုးထွက်ကြပါတယ်။

စားဖိုဆောင်က ဓါးတွေငှားပြီးသွားတူးကြတာပေါ့။

ဝါးပင်ခြေရင်းမှာပေါက်နေတဲ့မျှစ်စို့ပေါက်ကြီးတွေကိုတူးရတာပါ။

ဝါးပင်အုပ်တွေကလဲအများကြီးဆိုတော့ တစ်ခါသွားတူးရင်

မျှစ်သုံးလေးပိသာလောက်ကတော့အေးဆေးရပါတယ။်

စားဖိုးဆောင်က ကျနော်တို့တူးလာတဲ့မျှစ်တွေကို အစိမ်းသုတ်ပေးတာ

အတော်စားလို့ကောင်းပါတယ.်။

တစ်ခါတော့မျှစ်တူးရင်း ငိုအားထက်ရီအားသန်ခဲ့ရပါတယ်။

ဝါးပင်ခြေရင်းမှာအလုံးကြီးတစ်လုံးတွေ့တော့ ဘောလုံးရပြီ ကန်မယ်ဆိုသွားကောက်

တဲ့လူ က လန့်အော်ပြီးပြေးလာပါတယ်။

အဲဒါနဲ့အဲဒီအလုံးကြီးကိုသွားကြည့်တော့မှ လက်သန်းလုံးလောက်ကြီးတဲ့ တီကောင်အထွေးလိုက်ကြီးဖြစ်နေပါတယ်။

အဲဒီဘက်က တီကောင်ကြီးတွေကအကြီးကြီးတွေပါ။

(ဒေသခံတွေကိုမေးကြည့်တော့မှ မိုး အရမ်းများ ရင် တီကောင်တွေကအဲလို

အလုံးကြီးဖြစ်အောင်နေတတ်ကြတယ်။

မိုးရေနဲ့မျောပါသွားမှာ ကို ကာ ကွယ်တာလို့ပြောပါတယ်)

မိုးရွာပြီးရင်သဲမြေပေါ်မှာလက်သန်းလုံးလောက်စွတ်ကြောင်းကြီးတွေဖြစ်နေတာ

တီကောင်သွားထားတဲ့အရာတွေမှန်း အဲ ဒီ အကောင်တွေ မြင်တော့ သိရပါတယ်။

အဲဒီအချိန်ကစပြီး မုန့်တီနန်းကြီးသုတ်ဆိုရင်ကျနော်မစားတော့တာအခုချိန်ထိပါဘဲ။

နောက်မျှစ်လဲသွားမတူးတော့ပါဘူး။

 

ဒါပေမယ့် ကျနော်တို့စာသင်ဆောင်နားမှာတော့

လောက်သေရွက်ပင်တွေရှိပါတယ်။

ခရမ်းရောင်အပွင့်လေးတွေနဲ့ပဒတ်စာ

ပင်လေးတွေရှိပါတယ်။

ပဒတ်စာလေးတွေကိုတော့ရေနွေးနဲ့ဖျောပြီးတို့စရာဖြစ်ခူးကြပါတယ်။

လောက်သေရွက်ကတော့ အခြောက်ခံပြီးလက်ဖက်ခြောက်လိုသောက်ရင်

အဆုပ်ရောဂါပျောက်တယ်ပြောတဲ့အပြင်ငပိအိုးထဲ ထည့် ထားရင်လောက်သေ

တယ်ပြောတော့ ခူးခူးပြီးအခြောက်လှမ်းထားကြပါတယ်။

ကျနော်တို့အိပ်တဲ့ခေါင်းရင်းမှာသီဟိုဠ်သီး ပင်ရှိပါတယ်။

သီဟိုဠ်သီးတွေကိုလဲကောက်ကြတာပေါ့။

သီဟိုဠ်သီးအသားတော့မကြိုက်ပါ ဖန်တွတ်တွတ်နဲ့

အသီးကိုတော့စားဖိုဆောင်ကိုသွားလှော်ခိုင်းပြီးစားကြပါတယ်။

နောက်တောထဲ ဆင်းရတဲ့ ရက်ဆိုရင် ကတ္တီပါအရွက်ဆိုတာလေးတွေကိုခူးကြပါတယ်.။

အရွက်ကလေး ကခပ်ညိုညိုလေးပါ။

အစိုတုံးကဘာမှ မသိသာပေမယ့် စာအုပ်ကြားထဲညှပ်ထားလို့

ခြောက်သွားရင် သစ်ရွက်ကလေးကအရောင်တွေတောက်ပြီးကတ္တီပါလေးနဲ့တူလာပါတယ်။

ဖောင်ကြီးကပြန်လာရင်အမှတ်တရပေးလေ့ရှိတဲ့လက်ဆောင်ပါဘဲ။

 

ဖောင်ကြီးနေတုန်းအမှတ်ရစရာ တစ်ရက်ကတော့ ကောက်စိုက်ရတဲ့နေ့ပါဘဲ။

ကျနော်တို့ဆယ်ယောက်တစ်ဖွဲ ့ကိုလယ်တစ်ကွက်တာဝန်ယူရပါတယ်။

ပျိုးထုံးတွေကိုလယ်ကွင်းထဲမှာချထားပေးပါတယ်။

ပြီးတော့ကြိုးတန်းပေးထားတဲ့အတိုင်းကောက်ပင်တွေကိုထိုးထုးိစိုက်ရတာပါ။

ကျနော်တို့နံဘေးကနေဘယ်လိုလုပ်ရမယ်ဆိုတာနည်းပြပေးသူရှိပါတယ်။

ခါးကုန်းကုန်းပြီးစိုက်ရတော့ ခါးတွေညောင်းကိုက်လာပါတယ်။

ရေစွက်စွက်ရှိတဲ့ဗွက်ထဲမှာရပ်ရတော့ ခြေထောက်တွေက ယားလဲယားကိုက်လဲကိုက်ပါဘဲ။

ပျိုးထုံးတွေကို လက် နဲ့ ကိုင်ရတော့လက်တွေမှာလဲ ရှပြီး စပ်ဖျဥ်းဖျဉ်းနဲ့။

အဲတော့မှ လယ်သူမတွေရဲ့ ဘဝကို တကယ် ကိုယ်ချင်းစာမိပါတယ်။

အဲဒီကောက်စိုက်ပြီးအပြန်ညမှာ ကိုယ်တွေလက်တွေနာပြီး တကျွတ်ကျွတ်နဲ့အော်နေရပါတယ်။

တေဇောဘမ်းတွေ တစ်ယောက်တစ်လှည့် လူး ပြီး မှ အိပ်နိုင်ပါတယ်။

 

အဲဒီမှာတုန်းက စနေ နေ့ ဆိုရင်ဖက်ထိပ်(သန့်ရှင်းရေးလုပ်ရတာ)ရှိပါတယ်။

တစ်ရက်ကတော့ ကျောင်းဝင်းထဲမှာရှိတဲ့ကန်ဟောင်းကြီးကိုဆယ်ပေးရတာပါ။

ကန်ကြီးကညစ်ပတ်နံစော်နေပါတယ်။

အဲဒီကန်ကြီးကိုရွွှံညွန်တွေ  အမိူက်တွေဒိုက်တွေ ကို ဆယ်ရတာပါ။

ကန်ထဲမှာ မျှော့တွေအပြည့်ပါ။

တစ်ယောက်တစ်လဲ ကန် ထဲ ဆင်း မျှော့တွယ်ရင် ဆွဲခွာချ။

အင်မတန်မှ ကို စိတ်ဆင်းရဲခဲ့ရတဲ့ တစ်နေ့ဖြစ်ပါတယ်။

မပြီးမချင်းလုပ်ရမယ်လို့ အမိန့်ပေးထားတော့ ရေထဲဆင်းလိုက်

မျှောတွယ်ရင်ပြန်တက်ပြီးခွာလိုက်နဲ့

နောက်ဆုံးတော့ပြီးသွားပါတယ်။

 

ကျနော်တို့ သင်တန်းမဆင်းခင်မှာ စစ်ရေးလေ့ကျင့်ခန်းတစ်ခုဖြေရပါတယ်။

အဖွဲ့လိုက်ဖြေရတာပါ။

ကျနော်တို့အကြိမ်ကြိမ်လေ့ကျင့်ခဲ့ရတဲ့ အခက်အခဲတွေကိုလုပ်ရတာပါ။

အဖွဲ့သားထဲကတစ်ယောက်မှကျန်နေခဲ့လို့ မရပါဘူး။

အဲတော့ကျနော်တို့လူငယ်တွေက အသက်ကြီးတဲ့လူတွေရဲ့ပစ္စည်းတွေကိုဝိုင်းသယ်

သူတို့ကို ကျနော်တို့ကတွဲခေါ်ပြီးအခက်အခဲတွေကိုကျော်ဖြတ်နိုင်အောင်ကြိုးစားရပါတယ်။

နောက်ဆုံးစခန်းအပိတ်မှာတော့ အသင့်ထိုးထည့်ပေးထားတဲ့ရိုင်ဖယ်သေနတ်နဲ့ပစ်မှတ်ကို နှစ်ချက်

တိတိပစ်ခတ်ရပါတယ်။

အဲဒါလဲပြီးရော ကျနော်တို့လဲခြေကုန်လက်ပန်းကျ ပြီးပက်လက်တွေလန်ကုန်ပါတော့တယ်။

အဖွဲ့ဝင်အားလုံး လိုရာ ဌာနကိုရောက်တော့ စာမေးပွဲအောင်တယ်လို့ ဆိုနိုင်ပါတယ်။

ဖောင်ကြိးသင်တန်းတက်တဲ့အတွက် သေနတ်အစစ်နဲ့ကျည်ဆန်ငါးတောင့်တိတိပစ်ဘူးတယ်လို့

ကြွားလို့ ရသွားပါတယ်။

 

သင်တန်းမဆင်းခင်မှာ ကျနော်တို့ရဲ့ကြံ့ခိုင်ရေးကိုပြန်စစ်ဆေးပါတယ်။

ကိုယ်အလေးချိန်တိုးလာပါတယ်။

မီတာတစ်ရာကို ရောက်စကထက်မြန်အောင်ပြေးနိုင်ပါတယ်။

တန်းကိုခိုပြီးဆွဲတင်တာ ရောက်စကထက် အကြိမ်ရေပိုပြီးလုပ်နိုင်ခဲ့ပါတယ်။

တနည်းပြောရင်ခန္ဓာကိုယ်ကြံ့ခိုင်မူ့ပိုကောင်းလာတယ်ဆိုနိုင်ပါတယ်။

ဒါတောင်မှ ကျနော် က သင်တန်းတက်နေတုန်းဖျားလို့ နှစ်ရက်ခွင့်ယူရပါသေးတယ်။

ကျောင်းပိတ်တဲ့ တစ်ရက်မှာ ကျနော်တို့ နှစ်ဖွဲ့ခွဲပြီးဘော့လုံးကန်ကြတာပါ။

လောင်းကြေးလဲပါတာပေါ့။

ဘုရားလေးဈေးမှာ မုန့်တစ်ခုနဲ့လက်ဖက်ရည်တစ်ခွက်ကြေးပါဘဲ.။

တကယ်လဲကစားကြရော တစ်ဖက်တစ်ဂုးိစီနဲ့သရေကျတော့ကိုယ့်ပို်က်ဆံနဲ့ကိုယ်စားပြီး ပြန်ကြရပါတယ်။

အပြန်မှာကျနော်က ချွေးစိုနေတဲ့ အကျီကိုမလဲဘဲ အိပ်လိုက်မိတာ ချွေးငုတ်ပြီး ဖျား ပါတော့တယ်။

ကျနော်ဖျားတော့ အဆောင်က အကိုကြီးတွေက စားဖိုဆောင်က ထမင်းတွေကို အဆောင်ထဲယူလာ

ပြီး ဘုရားလေးဈေးကဝယ်လာတဲ့  နွားနို့ နဲ့ရောပြီးသောက်ခိုင်းပါတယ်။

ကျောင်းဆေးခန်းကိုလဲသွားပြီး ဆေးထိုးရပါတယ်။

ည အိပ်တဲ့အခါ ချွေး တွေ ထွက်လာတော့ ချွေး သုတ်ပေး အဝတ်လဲပေးနဲ့

အတော်လေးကို ဂရု စိုက်ကြတာပါ။

အဲလို ခွင့်ယူ လိုက်လို့ လဲ ကျောင်းဆင်းတဲ့ အခါမှာ ကျနော်ရဲ့ အမှတ်စာရင်းက နောက်ရောက်သွားပါတယ်။

ကျနော်တို့ သင်တန်းတက်သူတိုင်းက

အကောင်းဆုံးကျောင်းသားဆု

စာပေပညာဆု

စစ်ရေးပြအကောင်းဆုံးဆုကို ရ ချင် ကြ ပါတယ်။

အကောင်းဆုံးဆု တို့ စစ်ပညာ ဆု တို့ ကို မရ နို်င်မှန်းသိပေမယ့်

စာပေပညာဆု ကို ရ ချင်တော့ ကျနော် စာေ ကာင်းကောင်းကျက်ပါတယ်။

အဲဒီအချိန် က ကျနော် တက္ကသိုလ်စာပေးစာယူ တတိယနှစ်ကိုတက်နေပါပြီ။

ရန်ကုန်သားဖြစ်ပြီး မန်းလေးမှာနေတဲ့ ကျနော်သူငယ်ချင်းက ကျောင်းစာအုပ်တွေကို

ဖောင်ကြီး အထိယူလာပြီး ပေးပါတယ်။

အဲတော့ကျနော်ကျောင်း စာဖတ်ခွင့် ရတယ်ပေါ့၊

စာစဉ်တွေကိုတော့ မန်းလေး မှာ ရှိနေတဲ့ သူငယ်ချင်းတွေက ဝိုင်းပြီး ဖြေပေးထားကြပါတယ်။

ကျနော်ဖောင်ကြီးတက်နေတုန်းမှာ မန်းလေးက နေပြီး RIT လာတက်နေတဲ့သူငယ်ချင်းကလဲ

ဖောင်ကြီးအထိရောက်အောင်လာပြီး ကျနော်ကို လာတွေ့ပါတယ်။

ငယ်တုန်းကအတော်ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေ က အခု တော့နိုင်ငံရပ်ခြားမှာ။

ကျနော်ကသာ ဒီနိုင်ငံမှာကျန်နေခဲ့တာပါ။

 

***************************************************

 

ဒီလိုနဲ့ဘဲ သင်တန်းဆင်းဘို့ ရက်က နီးသထက်နီးလာပါတယ။်

အဲတော့သင်တန်းဆင်းဘို့အတွက် စစ်ရေးပြလေ့ကျင့်ရပါတော့တယ်။

ဇူလိုင်လဖြစ်တဲ့အတွက်မိုးကနေ့တိုင်းရွာပါတယ်။

မိုးရွာရင်ခဏ ခို မိုးတိတ်တာနဲ့ ပြန်ပြီးလမ်းလျောက်လေ့ကျင့်ရပါတယ။်

လူတွေလဲပင်ပန်းလိုက်တာမှ မတ်တပ်တောင်မရပ်နိုင်လောက်အောင်။

သေနတ်ထမ်းထားရတာကလဲကြာတော့ လေးလာတာ လွှင့်ပစ်ချင်စိတ်ပေါက်လာပါတယ်။

သေနတ်တင် သေနတ်ချ မှာ အသံတွေတညီတညာထဲဖြစ်အောင်

အလေးပြုဆိုချိန်မှာသေနတ်ဒင်ကိုလက်နဲ့ရိုက်ပြီး ဖြောင်းကနဲ တညီတညာထည်း

အသံထွက်အောင် ရိုက်ရတာ လက်တွေ နီရဲပြီး ယောင်ကိုင်းလာတယ်တောင်ထင်ရပါတယ်။

အဲဒီအချိန်မှာတော့ ပြန်ရတော့မယ်ဆိုတဲ့ အသိကြောင့် အားတင်းပြီး မညီညီအောင်ကြိုးစားပြီး

လုပ်ကြပါတယ်။

အကြာကြီးမတ်တပ်ရပ်နေချိန်မှာတော့ ခြေထောက်မညောင်းအောင် ဖိနပ်ထဲကခြေချောင်းလေး

တွေကို အသာလေးလှုပ်ပြီး နေတတ်တော့ တော်သေးတယ်ဆိုနိုင်ပါတယ်။

ဒီလိုဘဲမိုးရွာထဲနေပူထဲမှာ ဆရာအာဠာဝက အော်သံကိုနာခံရင်း

ကျနော်တို့ တပ်ခွဲကြီးကလမ်းလျောက်တာ ညီ သထက်ညီလာသလို။

သေနတ် အတင်အချ တွေ မှာ ဗြောင်းကနဲဗြောင်းကနဲ အသံအကျယ်ကြီး

တညီတညာထဲထွက်အောင် သေနတ်ဒင်ကိုရိုက်နိုင်

သေနတ်လက်ကိုင် ကို အသံမြည်အောင် လက်နဲ့အားထည့်ပြီးဆုပ်လာနို်င်ပါတယ်။

ကျနော်တို့ရဲ့တပ်ခွဲ မှာ စစ်တက္ကသိုလ် ကနေ ကျောင်းမပြီးဘဲကျောင်းထွက်ခဲ့ရသူ

တစ်ယောက်ပါလာပါတယ်။

နောက်ဆုံးနှစ်ရောက်မှထွက်လာရတယ်ပြောပါတယ်။

ရန်ကုန်သား ကို စိုးသိမ်းပါ။

လမ်းလျောက်တာ လက်လွှဲတာအင်မတန်မှ အချိုးအစားကျနပြီး

စက်ရုပ်လေးတရုပ် လမ်းလျောက်နေသလိုပါဘဲ။

သူအမိန့် ပေးတဲ့ အသံက တိကျ ပြတ်သားပြီး အောင်မြင်တဲ့အတွက်

သူက ကျောင်းဆင်းပွဲမှာ တပ်ခွဲမှူးလုပ်ရပါတယ်။

(သူနဲ့မန်းလေးမှာတစ်ခါပြန်ဆုံကြပါတယ်။

အဲဒီအချိန်မှာသူကအလုပ် ထွက်ပြီး ရှေ့ နေလောကထဲကိုရောက်နေပါပြီ။)

 

ဒီလိုနဲ့ဘဲကျနော်တို့ကျောင်းဆင်းပွဲကြီးအောင်မြင်စွာ လှပစွာပြီးဆုံးခဲ့ပါတယ်။

ကျောင်းဆင်းပွဲမတိုင်ခင်ညမှာတော့ အဆောင်ထဲမှာနုတ်ဆက်ပွဲလေးကျင်းပကြပါတယ်။

တစ်ယောက်ချင်းစီထပြီး ကိုယ့်အကြောင်းကို ပြန်ပြောကြ ရပါတယ်။

နုတ်ဆက်စကားတွေပြောကြရင်း မျက်ရည်တွေဝဲနေခဲ့ကြပါတယ်။

ဝယ်ထားတဲ့လက်ဖက်ရည်တွေ မုန့် တွေ ကိုတောင်စား ဘို့ သတိမရသလိုပါဘဲ။

သွေးမတော်သားမစပ်ပေမယ့် မရှိအတူ ရှိအတူ ၄လ နီးပါးနေခဲ့ ကြသူတွေ

ဆိုတော့ လည်း ခွဲရမယ်ဆိုတဲ့အချိန်မှာ စိတ်မကောင်းကြပါဘူး။

 

အဲဒီနောက်ဆုံးညကစပါယ်ရှယ်ဒင်နာလုပ်ပေးပါတယ်။

ကျနော်တို့ ရဲ့ သင်တန်းဆရာတွေ သင်တန်းမှူးတွေက နုတ်ဆက်စကားပြောကြပါတယ်။

ပြီးတော့ ဆရာကိုစိုးလှိုင်ကို သီချင်းဆိုဘို့ဇွတ်တောင်းဆိုကြတော့ သူက

“အချော့ကြိုက်မလေး”သီချင်းကိုဆိုပြတော့ ကျနော်တို့အားလုံးကဝိုင်းဆိုပါတယ်။

နောက်ဆုံး အပြီးမှာတော့ ကျနော်တို့ အားလုံးက အဲဒီအချိန်မှာခေတ်စားနေတဲ့

ဘိုဘိုဟန် ရဲ့”ပွမ်ပွမ်မြည်တဲ့ ကားကလေး”သီချင်းကို ဆိုကြပါတယ်။

စစချင်းတော့ “အမှတ်တမဲ့နဲ့တွေ့ရှိ ရီးစားဟောင်းလေးကို”ပေါ့ နောက်ဆိုရင်းဆိုရင်းနဲ့

“အမှတ်တမဲ့ နဲ့ ………ပုရွက်ဆိတ်ကိုက်လို့အော်”ဖြစ်သွားကြပါတော့တယ်။

နောက်ရက် ကျနော်တို့ကို ကားနဲ့ ရန်ကုန်ကမ္ဘာအေးကုန်းမြေထိ ပြန်ပို့ပေးပါတယ်။

အဆောင်ကထွက်ကားပေါ်တက်ခါနီးမှာ နုတ်ဆက်ကြ ကျနော်တို့လူငယ်တွေ

တစ်ယောက်နဲ့တစ်ယောက်ဖက်ရမ်းပြီးပါးကိုနမ်းကြနဲ့ဆိုတော့

တကယ့်ကိုဝမ်းသာဝမ်းနည်းကြီးပါ။

ကျနော်တို့ သင်တန်းမှာမြန်မာပြည်အနှံ့ကလာကြတာပါ။

ဖျာပုံက မြန်အောင်က ဖားအံ့က ပြည်က ပန်းတောင်းက ရန်ကုန်က မန်းလေးကစစ်ကိုင်းက

ရွှေတောင်က မင်းလှ က စစ်တွေ သံတွဲ ကျောက်တော် တကယ့်ကိုနယ်စုံပါဘဲ။

ကျောင်းပြိးသွား တဲ့အချိန်မှာ အတော်များများကပြန်မတွေ့ ကြတော့တာအခုထိပါဘဲ။

ကျနော် နဲ့ကတော့ ပြန်တွေ့ သူတွေရှိပါတယ။်

ကိုစိုးသိန်း ၊ဆန်နီ နဲ့ ကိုမြဇင်ကတော့ သူတိုမန်းလေးလာတော့တွေ့ဖြစ်ကြတယ်။

ကိုကြည်ဝင်းကိုတော့ ကျနော် ရန်ကုန်ရောက်တဲ့အခါသူ့ အိမ်ကိုသွားတွေ့တယ်။

သူ့အိမ်မှာထမင်းစားခဲ့ တယ် မှတ်မှတ်ရရ။

ကျနော့် အတွက်ဆိုပြီး လက်ဆောင်ပေးလိုက်တဲ့ ဘုရားစာအုပ်လေးက ခုထိရှိနေပါသေးတယ်။

ကျန်တဲ့သူတွေကိုတော့အခုချိန်ထိ ပြန်မတွေ့တော့ဘူး။

လက်ရှိအလုပ်မှာဘဲရှိသေးလား။

အသက်ရှိထင်ရှားရောရှိသေးလား။

ကျန်းမာကြပါရဲ့လား လို့ စိတ်ထဲကဘဲ မေးမိပေမယ့် အဆက်အသွယ်တွေမရှိကြတော့

ပြန်မဆုံနိုင်ကြတော့ပါဘူး။

**************************************************

ကျနော်တို့တက်ရောက်ခဲ့တဲ့ဗလ(၁၆)မှာ အမှတ်ထင်ထင်ဖြစ်ရပ်ကလေးတွေရှိခဲ့ပါတယ်။

သင်တန်းကိုဆက်လက်ပြီးမတက်နိုင်လို့ သင်တန်းမပြီးဘဲပြန်သွားသူက

ကျားတစ်ယောက်မတစ်ယောက်။

အမြင့်ခုန်ချတဲ့အခါမှ ဘေးချော်ပြီးခုန်ချမိလို့ခြေထောက်ကျုးိသူတစ်ယောက်။

ဒါတွေကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ပြောချင်ပါတယ်။

သင်တန်းကာလမှာအသက်ဆုံးပါးသွားသူကတစ်ယောက်ရှိပါတယ်။

ကျနော်တို့သင်တန်းမှာပိုပြီးဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။

အခက်အခဲကျော်ဖြတ်ခြင်းသင်ခန်းစာမှာ ကားတာယာဘီးကြီးကိုခိုစီးပြီး တစ်ဖက်ကို

ကျော်ထွက်ရတဲ့လေ့ကျင့်ခန်းတစ်ခုပါ ပါတယ်။

ကျနော်တို့သင်တန်းမှာ ပေါင်၂၀ဝနီးပါးရှိတဲ့လူဝကြီးတစ်ဦးပါ ပါတယ်။

သူက အဲဒီကားတာယာကြီးကိုဆွဲခိုစီးလိုက်ပါတယ်။

သူ့အလှည့်ပြီးလို့နောက်တစ်ယောက်အလှည့်မှာအဲဒီတာယာကွင်းကြီးကပြုတ်ကျသွားပါတယ်။

နှစ်ပေါင်းများစွာကြာတော့ ဆွေးနေ တဲ့ သံချိတ်ကြီးကို အားကောင်းကောင်းနဲ့ ဆွဲ နှဲ့သလိုဖြစ်သွားလို့ပါ။

ထိပ်မှာ တပ်ထားတဲ့သံဘရက်ကက် က ပြုတ်ကျသွားသူရဲ့ခေါင်းကို တူနဲ့ထုသလိုဖြစ်သွားပါတယ်။

သတိမေ့သွားတော့သင်တန်းဆေးရုံကနေ တစ်ဆင့်ရန်ကုန်ကိုညတွင်းချင်းပို့လိုက်ရပါတယ်။

နောက်ကျောင်းဆင်းပြီး တဲ့အခါ ကြားရတဲ့သတင်းကတော့စိတ်မကောင်းစရာ။

အသက်မသေပေမယ့် ဘာကိုမှ လှူပ်လှူပ်ရှားရှားလုပ်လို့မရ ဘာမှမလုပ်နိုင်တဲ့လူဘဝကို

ရောက်လို့သွားပါသတဲ့။

နည်းနည်းလေးလှူပ်တာနဲ့ ခေါင်းတွေမူးလို့ လာတယ် လို့ သတင်းကြားရပါတယ်။

နောက်တော့လဲသူ့ သတင်းမကြားရတော့ပါဘူး။

 

အဆိုးတွေရှိရင်အကောင်းတွေလဲရှိတတ်ပါတယ်။

ကျနော်တို့သင်တန်းမှာ မျက်မှန်အထူကြီးတပ်ထားတဲ့ကျောင်းသားတစ်ယောက်ရှိပါတယ်။

သူကအတန်းထဲမှာအမြဲအိပ်ငိုက်လို့နေတတ်ပါတယ်။

သူကခေါင်းမူးလို့ ဘာမှကြာကြာအာရုံစိုက်မရဘူးလို့ပြောပါတယ်။

အဲဒီသူက ဘုရားလေးဈေးက အလှ ဆုံးဆိုတဲ့ကောင်မလေးကို ကျောင်းအပြီးမှာ

လက်ထပ်ခွင့်ရသွားပါတယ်။

 

နောက်ကျနော်တို့သင်တန်းမှာစာရေးဆရာမတစ်ယောက်ပါလာပါတယ်။

မကျည်းတန်(လွိုင်ကော်)ပါ။

ကျနော်တို့သင်တန်းအကြောင်းကို “မတိုင်မီအကြိုညမှ မတိုင်မီအကြိုညသို့”

ဆိုတဲ့စာအုပ်  ကိုရေးပြီး စာပေဗိမ္မာန်စာမူဆုကိုရသွားပါတယ်။

အပျော်လေးတွေနဲ့အဆုံးသတ်တယ်လို့လဲပြောနိုင်ပါတယ်။

ကျနော် ဒီစာကိုရေးနေချိန်မှာ ဗလ(၁၆) ကမိတ်ဆွေအားလုံးကို သတိရ နေပါတယ်။

ပြန်တွေ့ခွင့်လဲကြုံချင်ပါတယ်။

ကဲကျနော်ဘယ်သူလဲဆိုတာ လဲ သိချင်ကြမယ်ထင်ပါတယ်။

ကျနော်ရဲ့ ကသအမှတ်က (၂၀၉)ပါ။

မန်းလေးမီးခြစ်စက်ကလာတဲ့အတွက် မီးခြစ်လို့ဘဲခေါ်ကြပါတယ်။

နေရာတကာပါ  အဆောင်တကာရောက် ပေါက်ကရလုပ်တဲ့

ကျောင်းပိတ်ရက်တွေမှာဆိုရင် အသားမဲမှာကြောက်လို့မျက်နှာတစ်ခုလုံးကို

သနပ်ခါးလိမ်းထားလို့ ခဏခဏ အနမ်းခံရတဲ့အသားမဲမဲနဲ့ကောင်လေး

တစ်ယောက်ဆိုရင်မှတ်မိကြမယ်ထင်ပါတယ။်

ဒီစာကိုရေးနေချိန်မှာ အားလုံးကို သတိရနေမိ ဝမ်းနည်းနေမိတာအမှန်ပါဘဲ။

တကယ်လို့များ ကျနော် နဲ့ သင်တန်းတစ်ပါတ်ထဲမှာ

အတူတက်ခဲ့သူ ကိုယ်တိုင် ဖြစ်စေ

သူ့ ရဲ့ ညီ ညီမ ဖြစ်စေ သူ့သားသမီး ဖြစ်စေ

သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်စေ တစ်ဦးဦးက

ကျနော်ကိုဆက်သွယ်လာမယ်ဆိုရင်ကျနော်အတော်ပျော်မိမှာ

အမှန်ဘဲဖြစ်ပါတယ်။

 

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

19-8-2014

IMG_0530 [1024x768]

မှတ်ချက်။

 

ကျနော်တို့ သင်တန်း မှာပါ တဲ့ လူတွေ ရဲ့ လိပ်စာ တွေပါတဲ့

စာအုပ်လေး တစ်အုပ်  ထုတ်ဖြစ်ခဲ့ကြပါတယ်။

ကသ ၁၅ရ ဦးစီးပြီး စီစဉ်ပေးတာပါ။

အဲဒီအထဲမှာအော်တိုတွေအပြန်အလှန်ရေးခဲ့ကြတာပေါ့။

ကျနော်အဲဒီစာအုပ်လေးကို အခုပြန်ရှာတာလုံးဝ ရှာမတွေ့။

မီးလောင်တုန်းကမပါ တာ လဲ သေချာတယ်။

တကယ်လို့ သာ ဒီစာအုပ်လေးကိုပြန်တွေ့ ရင် အခုထက်အသေးစိတ်ပိုရေးပြနို်င်မှာသေချာပါတယ်။

အခုကျနော်ရေးနေတာတွေက ကိုးကားစရာ စာအုပ်စာတမ်းမရှိဘဲ ကျနော်မှတ်ဉာဏ်ကိုအားကိုးရေး

ထားတာဖြစ်တော့ ကျနော်အမှတ်မှားတာတွေလဲရှိချင်ရှိနိုင်ပါတယ်။

မှားတာပါခဲ့ရင် ခွင့် လွှတ်ဘို့ ကြိုတင်တောင်းပန်ပါတယ်။

IMG_0528 [1024x768]

 

ကိုပေါက်(မန္တလေး)

 

 

 

5 comments

  • kyeemite

    September 2, 2014 at 9:22 am

    .အင်း..တကယ့်ကိုလွမ်းမောစရာ..အမှတ်ရစရာ အတွေ့အကြုံလေးပါပဲဗျာ…
    .တက်တုန်းကသာ မတက်ချင်ခဲ့ ..ငြင်းမရလို့တက်ခဲ့ရပေမဲ့ …တကယ့်အတွေ့အကြုံကောင်းလေးပါပဲ

  • ခင် ခ

    September 2, 2014 at 10:17 am

    ငယ်ငယ်တုန်းက အဖေဖောင်ကြီးဆင်းပြီးပြန်ရောက်တော့
    ” အဖေ ဖောင်ကြီးဆင်းတော့ ဘာဖြစ်မှာလဲဟင် ” မေးမိတဲ့အခါ အဖေက ပြန်ပြောခဲ့တဲ့ စကားကို အခုပြန်သတိရမိတယ်ဗျာ အဖေကျွန်တော်ကိုချီရင်းပြောလိုက်တာက
    ” ဖောင်ကြီးဆင်း ဖင်ကြီးစောင်းပေါ့ကွာ ” တဲ့။

  • weiwei

    September 3, 2014 at 9:13 am

    ဖောင်ကြီးသင်တန်းက ကြံခိုင်ရေးအတွက် အရမ်းကောင်းတာ လက်တွေ့ပါ .. သင်တန်းတက်ဖို့သွားတုန်းက ၉၂ ပေါင်ပဲရှိတဲ့ ပိန်ပိန်သေးသေးလေးကနေ ၁၄ ပါတ်ပြီးတော့ ပေါင် ၁၀ဝ ဖြစ်သွားတယ် .. ကျန်းမာရေးကောင်းလာတယ် …
    ကိုပေါက်ရေးထားသလိုပါပဲ .. ပျော်စရာ ဝမ်းနဲစရာ ဇာတ်လမ်းအစုံ ကြုုံခဲ့ရသလို မိတ်ဆွေတွေလဲ တိုးခဲ့တယ် .. ဒါပေမယ့် ပြန်တွေ့ဖို့ကတော့ တစ်နယ်စီဖြစ်နေကြလို့ရယ် ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေပြောင်းကုန်တာရယ်ကြောင့် မတွေ့ဖြစ်ကြတော့ဘူး ..
    ဒီပို့စ်ကိုဖတ်ရင်း သင်တန်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူတွေကို လွမ်းနေမိတယ် ..
    မှတ်မှတ်ရရ အချစ်ဇာတ်လမ်းတစ်ပုဒ်ကတော့ အကောင်အထည်ဖော်ဖြစ်သွားလို့ မင်္ဂလာပွဲတက်လိုက်ရသေးတယ် ..
    တိုက်ဆိုင်တာကတော့ အကြိုဇေယျသင်တန်းတုန်းက သင်တန်းမှူးက မနှစ်က အလယ်အလတ်သင်တန်းသွားတက်တုန်းကလဲ သင်တန်းမှူးပဲဖြစ်နေတယ် .. အကြိုတုန်းက သင်တန်းသူတစ်ယောက်ကလဲ အလယ်အလတ်သင်တန်းမှာ အတူပြန်တက်ရတယ် …
    ကျွန်မတို့ ၃ ယောက် ရေစက်ကတော့ ဆန်းတယ် ..
    ဖောင်ကြီးကို ၂ ကြိမ်တက်ခဲ့ရပေမယ့် ပထမတစ်ကြိမ်ကိုပဲ စိတ်ထဲမှာအမှတ်ရနှစ်သက်မိပြီး ဒုတိယအကြိမ်ကိုတော့ ဘယ်လိုမှ ခံစားလို့မရဖြစ်ခဲ့ပါတယ်။ နံမည်ကိုက အလယ်အလတ်ဆိုတော့ ဘယ်လိုမှမကောင်းနိုင်တော့ဘူး ..

Leave a Reply