“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၃) (ပလက်ဖောင်းအမှတ် ၂၁ လုပ်ငန်းခွင်သို့ အဝင်)
“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၃)
(ပလက်ဖောင်းအမှတ် ၂၁ လုပ်ငန်းခွင်သို့ အဝင်)
ဖောင်ကြီး သင်တန်းပြီးလို့ ရန်ကုန်ပြန်ရောက်ပေမယ့် ကျနော်က သူငယ်ချင်းတွေနဲ့
ရန်ကုန်မှာ သုံးလေးရက်အတူနေလိုက်ပါသေးတယ်။
လည်လို့ပါတ်လို့ အားရပြီဆိုမှ မန်းလေး ကို ပြန်လာပါတော့တယ်။
သွားတုံးက မဲခြောက်ခြောက် ပြန်လာတော့ ဝဝ ဖြိုးဖြိုး ဆိုတော့ အဖွားက
သဘောတွေကျနေပါတယ်။
အဘွားအတွက် ဆိုပြီး နလင်ကျော်မြစ်တွေ ကို လက်ဆောင်ပေးလိုက်တော့
အဖွားမှာဝမ်းတွေသာလို့ပေါ့။
ပြန်ရောက်လာခါ စတော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။
ဖောင်ကြီး အတွေ့အကြုံတွေပြန်ပြောပြရတာ မမောနိုင်အောင်ပါဘဲ။
ဒါပေမယ့် လည်း မနက်အလုပ်သွား ညနေစောင်းမှပြန်ဆိုတဲ့ ဘဝစက်ဝိုင်းထဲကို
ပြန်ရောက်သွားပါတယ်။
စက်ရုံရောက်ပြီး မကြာခင်မှာ စိတ်အနှောင့် အယှက်ဖြစ်စရာ တစ်ခု ကြုံရပြန်ပါတယ်။
ကျနော်ရန်ကုန်ကပြန်ရောက်တဲ့ အခါ နေ့တွက်နဲ့ ခရီးစရိတ် ထုတ်တဲ့အခါ
ကျနော်သွားတဲ့ရက်အတိုင်းအပြည့် အဝမရ ပါဘူး။
သင်တန်းဆင်းပြီး ရန်ကုန်ရောက်တဲ့အခါ ရုံးချုပ်ကို ဝင် သတင်းမပို့တဲ့အတွက်ရန်ကုန်မှာနေတဲ့
ရက်တွေ အတွက် စရိတ်မပေးနိုင်ဘူးလို့ပြောပါတယ်။
ကျနော်က လည်း ခင်ဗျားတို့ ကျနော်ကို ရုံးချုုပ်ကိုဝင်သတင်းပို့ ရမယ်လို့ ပြောသလားလို့မေးတော့
ဒါတွေက ဝန်ထမ်းဖြစ်ရင် သိနေရမယ်လို့ ပြန်ဖြေပါတယ်။
ကျနော်ကလဲရတယ် ကိစ္စမရှိဘူးထားလိုက်ပါ လို့ ပြောလိုက်တော့ပြီးသွားပါတယ်။
နောက်တစ်ခါ အိုဗာတိုင်နဲ့ပါတ်သက်ပြီး စကားထပ်များရပြန်ပါတယ်။
အဲဒီအချိန်က ဝန်ထမ်းတွေလခက နည်းပါးတော့ မစားလောက်ပါဘူး။
အားလုံးက အိုတီလို့ခေါ်တဲ့ အ ချိန်ပို်ဆင်းတာကိုဘဲအားကိုးနေရပါတယ်။
စက်ရုံက လဲ စက်အအို အဟောင်းဖြစ်နေတော့ ညမှာစက်ပြင်
နေ့မှာစက်လည်ဆိုပြီး အလုပ် လုပ်နေရတော့ အမြဲတမ်းအိုဗာတိုင်ရှိပါတယ်။
ကျနော်တို့ရုံးကဝန်ထမ်းအချို့လည်း အထူးသဖြင့်ယောကျာ်းလေးတွေက
စနေ နေ့တစ်ဝက်ပိတ်ပေမယ့်အိုဗာတိုင်ဆင်းရပါတယ်။
တကယ်အလုပ်များသလားဆိုတော့လဲမများပါဘူး။
အိုဗာတိုင်မဆင်းဘူးဆိုရင်လဲဖြစ်ပါတယ်။
ဒါပေမယ့် အပိုဝင်ငွေရအောင်စနေနေ့ဆိုရင် အိုဗာတိုင်ဆင်းတယ်ပေါ့။
အများနည်းတူကျနော်တို့လည်းအိုဗာတိုင်ဆင်းရတာပေါ့။
လကုန်တဲ့အခါမှ ကျနော်တို့ ဘယ်နေ့ဘက်ရက်က အိုဗာတိုင်ဆင်းတယ်ဆိုပြီး
စာရင်းတင်ရပါတယ်။
တစ်လမှာတော့ကျနော်တင်တဲ့အချိန်ပိုနာရီတွေကိုများတယ်ဆိုပြီး
လျော့ချလိုက်ပါတယ်။
အဲဒီလိုများတယ်လို့ပြောပြီး လျော့ချသူက သူ့ အတွက်တော့ အပြည့် ယူထားပါတယ်။
အဲဒီမှာကျနော်နဲ့စကားများကြပါတော့တယ်။
ကျနော်ကလဲ ဒဲ့ ဘဲေ ပြာလိုက်ပါတယ်။
တကယ်အလုပ်လုပ်မယ်ဆိုရင် ဒီရုံးအနေအထားနဲ့ အချိန် ပိုလုပ်စရာအကြောင်းမရှိ။
ရုံးချိန်အတွင်းမှာ ပြီးအောင်လုပ်ရင်ရတယ်။
ရုံးချိန်အတွင်းမှာတော့ အလုပ်ကိုသေချာမလုပ်ဘဲအချိန်ပိုဆင်းနေကြတာလို့ပြောထည့်လိုက်တော့
ဘာဘဲဖြစ်ဖြစ် တင်းမာ သွားကြတာအမှန်ပါဘဲ။
ကျနော်ကလဲ အမှန်အတိုင်းပြောတော့ မကြောက်ပါဘူး။
နောက်ပိုင်းမှာ အချိန်ပိုဆင်းခိုင်းရင် ကျနော်မဆင်းပါဘူး။
ဒါပေမယ့်လဲအချိန်ပို ဆင်းတဲ့လူကလဲ ခါတိုင်းလောက်တော့ အချိန်ပိုနာရီကိုမတင်
ကြတော့တာလဲအမှန်ပါဘဲ။
ကျနော်လုပ်ငန်းခွင်ကိုပြန်ရောက်ပြီးမကြာခင်မှာဘဲ စက်ရုံမှာလုပ်အားပေးအဖွဲ့ ဖွဲ့ပါတယ်။
စက်ရုံထဲက လူငယ်အတော်များများပါ ပါ တယ်။
အဲဒီအချိန်ကတော့ လုပ်အားပေးဆိုတာခေတ်စားပါတယ်။
အမိူက်ရှင်းတာ မြောင်းဆယ်တာ တွေအပြင်
တစ်ခါတစ်ခါမှာ သဘာဝဘေးအန ္တရာယ်ကြောင့် ဖြစ်လာတဲ့နေရာတွေကိုသွားပြီး
ကူညီပေးတာအကုန်လုပ်ရပါတယ်။
တကယ်ပြောရင်အဲလိုလုပ်တဲ့အလုပ်တွေက ကောင်းမွန်တဲ့လုပ်ရပ်တွေပါဘဲ။
အခက်အခဲရှိတာကိုကူညီပေးချင်တဲ့စိတ်၊
အများနဲ့ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်၊
အမြင်မတော်တာကို ကိုယ်နိုင်သလောက်ဆောင်ရွက်ပေးချင်တဲ့စိတ်တွေကို
မွေးမြူပြီးသားဖြစ်လာပါတယ်။
အဲဒီလုပ်အားပေးအဖွဲ့နဲ့အတူ ရေဘေးကယ်ဆယ်ရေးတွေလိုက်လုပ်ဘူးပါတယ်။
ဆန်ဂိုဒေါင်ထဲရေဝင်နေလို့ဆန်အိတ်တွေသွားရွှေ့တာတွေဘာတွေပေါ့။
ဖောင်ကြီးကပြန်လာတဲ့အခါ ကျနော့် နေမူ့ ထိုင်မူ့လဲပြောင်းသွားပါတယ်။
အရင်ကဆို ရုံးအလုပ်ပြီးရင် ကိုယ့်ခုံမှာကိုယ်ထိုင်ချင်ထိုင်
မထိုင်ရင်ဝတ္တုဖတ်ချင်ဖတ် အဲလို့ နေတာပေါ့။
ရုံးအလုပ် ဆိုတဲ့ စာရွက်စာတမ်းနဲ့လုပ်ရတဲ့အလုပ်ဆိုတာ တစ်နေကုန်လုပ်နေဘို့မှ မလိုတာ။
လက်နှိပ်စက် ရိုက်တတ်လာတော့ လက်နှိပ်စက်အကိုကြီးတွေမအားရင် ဝင်ကူပြီးရိုက်ပေးတယ်။
ကိုယ့် အတွက်ရိုက်ရမယ့် ရုံးစာတွေကို ကိုယ်တိုင်ရိုက်တယ်။
ကိုယ့်အလုပ်မဟုတ်ပေမယ့် အလုပ်များနေသူကို ကိုယ်တတ်သလောက်ကူညီပေးတယ်။
နောက်တစ်ချက်ကတော့ စက်ရုံထဲကို အမြဲသွားပါတယ်။
သူတို့တွေလုပ်ကိုင်နေတာကို ဝင် လေ့ လာပါတယ်။
အဲလိုစက်ရုံထဲကို သွား ဖြစ် တာကလဲ စက်ရုံ ယမ်း ခန်း က ကိုကိုလေး ဆိုတဲ့
အကိုကြီးနဲ့ကဘော်ဒါကျ သွားလို့ပါဘဲ။
သူကိုယ်တိုင်ကလဲ စာဖတ် တယ် စစ်တုရင်ကုစားတယ် ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်တယ်။
မဟုတ်မခံနဲ့စိတ်ဓါတ်မာကျောတယ်။
ကျနော့် စရိုက်နဲ့တူတော့သူနဲ့ပေါင်းဖြစ်ပါတယ်။
လူငယ်တစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေက သူ့ပေါင်းသင်းတဲ့ပါတ်ဝန်းကျင်
နဲ့သူဖတ်တဲ့ စာပေရဲ့လွှမ်းမိုးမှူ့ခံရတယ်ဆိုတာတော့ တကယ်မှန်ပါတယ်။
သူကလဲ ဖောင်ကြီးမှာကျနော်တွေ့ခဲ့တဲ့ ရေနံချောင်းသား ကိုအောင်သစ်လိုလူမျိုးပါ။
ဆန့်ကျင်ရဲသော စိတ်ဓါတ်ပိုင်ရှင်တွေပါဘဲ။
သူရော ကိုအောင်သစ်ရောပါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ထဲကို
မဝင်ဘဲပေကပ်နေခဲ့သူတွေပေါ့။
မယုံကြည်ရင် မယုံကြည်သလို နေတတ်သူပေါ့။
သူတို့နှစ်ယောက်လုံးတူညီတဲ့အချက်ကတော့ လူတန်းစားမခွဲခြားဘူးဆိုပေမယ့်
သူ့အဆင့် နဲ့ သူ လိုက်လျောညီထွေစွာရှိဘို့လိုတယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။
သူနဲ့ကျနော် စက်ရုံထဲမှာအတွဲများတော့ ကျနော့်မှာလဲသူ့စိတ်ဓါတ်တွေ
အလိုလိုကူးလာတာအမှန်ပါဘဲ။
စက်ရုံမှာဆိုရင် ယောက်ျားလေးဝန်ထမ်းတွေက ညဂျုတီစောင့်ရပါတယ်။
အဲလိုစောင့်ရတဲ့အခါမျိုးမှာ ကျနော်နဲ့ သူ အေးဆေးစကားပြောရအောင်
ဂျူတီ တွဲပြီး စောင့် ကြပါတယ်။
အဲလိုပြောနေရင်းကနေ နှစ်ယောက်သားနံရံကပ်စာစောင်လုပ်ဘို့
ဆုံးဖြတ်လိုက်ကြပါတယ်။
နံရံကပ်စာစောင်လုပ်ခွင့်ပြုဘို့ စက်ရုံမှူးကိုပြောတော့ လုပ်ခွင့်ပြုပါတယ်။
“ဘာမလုပ်နဲ့ ညာမလုပ်နဲ့တော့ မပြောဘူး ကိုယ်လုပ်ခွင့်ရတဲ့ အတိုင်းအတာကို
ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်” ပါလို့ သဘောဆောင်တဲ့စကားကိုတော့ပြောပါတယ်။
အဲလိုနံရံကပ်စာစောင်လုပ်မယ်ဆိုတော့ စာမူတောင်းရတော့တာပေါ့။
စက်ထဲက ဝန်ထမ်းတွေကလဲ စာမူတွေပေးကြပါတယ်။
အပြင်က စာမူကိုလက်မခံပါဘူး။
ကျနော်တို့ စက်ထဲကလူတွေရဲ့စာမူနဲ့ဘဲနံရံကပ်စာစောင်လုပ်ချင်လို့ပါ။
ကျနော်ကတော့ “စက်ရုံ သင်ပုန်းကြီး”ဆိုတဲ့ခေါင်းစဉ်နဲ့ အမြင်မတော်တာတွေ
ကိုထောက်ပြဘို့ တာဝန်ယူပါတယ်။
စာမျက်နှာမပြည့်ရင်တော့ ကျနော်က ဖြည့်ပြီးရေးပေးပါတယ်။
စာမူကတော့ ကျနော်နဲ ့ ကိုကိုလေး နှစ်ယောက်ဖတ်ပြီးရွေးကြတာပါ။
ပထမအကြိမ် မှာဘဲ ကျနော်သင်ပုန်းကြီး ကို အများစုက ကြိုက်ကြပါတယ်။
ဒါပေမယ့် နည်းနည်း လေးတော့ ခေါ်ပြီးသတိပေးတာခံရပါတယ်။
ကိုယ့်အချင်းချင်းတွေ စိတ်ဝမ်းကွဲကုန်မယ်ဆိုပြီးတော့ပါ။
လုပ်အားပေးသွားကြတာနဲ့ပါတ်သက်ပြီး ကလိ သလို ရိသလိုရေးလိုက်လို့ပါ။
“လုပ်အားပေးသွားကြသည်။
ဝင်ရောက်လုပ်ကိုင်ကြသူများထဲတွင်အရာရှိဆိုသူများမပါဝင်ပါ။
သူတို့ကနောက်တန်းကွပ်ကဲရေးမှူးဆိုဘဲ။
သတင်းစာထဲ ထည့်ဘို့ဓါတ်ပုံရိုက်လျင်တော့ သူတို့ ကရှေ့ဆုံးကပါချင်သူတွေဖြစ်၏”
လို့ရေးမိလို့ပါ။
ဒီနံရံကပ်စာစောင်ကလဲ သုံးကြိမ်လောက်နဲ့တင်ရပ်သွားပါတယ်။
အလုပ်များတာရယ် တကယ်ရေးကြစို့ ဆိုပြန်တော့ လဲ ရေးမယ့် သူမရှိတာရယ်ကြောင့်ပါ။
ကျနော်တို့ ကစာကြည့်တိုက်လေး လုပ်ဘို့ စဉ်းစားမိပြန်ပါတယ်။
စာကြည့်တိုက်လုပ်မယ်ဆိုတော့ စာအုပ်တွေအလှူခံရပါတယ်။
ရန်ပုံငွေရအောင်လဲရှာရပါတယ်။
စက်ရုံကလူကြီးတွေကလဲထိုက်သင့်သလောက်ပေးပါတယ်။
ဒါနဲ့ဘဲ စာကြည့်တို်က်လုပ်ဖြစ်သွားပါတယ်။
စုစုပေါင်းလူလေးယောက်နဲ့ စာကြည့် တိုက်ကို စ လုပ်ကြပါတယ်။
စာအုပ်တွေအဖုံးချုပ်၊
နံပါတ်စဉ်ထိုး။
စာအုပ်စာရင်းပြုစုတာတွေလုပ်ပါတယ်။
နေ့လည်ဆိုရင် ၁၁နာရီကနေ ၁၂နာရီထိ။
ညနေဆိုရင် လေးနာရီက နေ လေးနာရီခွဲထိ။
ကျနော်တို့ နဲ့ တွဲလုပ်ပေးတဲ့ မခင်ရီ နဲ့ မမှူးက စာအုပ်ငှားတာတွေစာရင်းမှတ်ပါတယ်။
ကျနော်က စာအုပ်ရှာပေးတာ သိမ်းတာ လုပ် ပါတယ်။
စာကြည့်တိုက်လုပ်တော့ စာအုပ်ရှာတာမြန်အောင်လို့
စာအုပ်အမည်နဲ့ နံပါတ်ကို တွဲပြီးအလွတ်ရအောင်
ကျနော်ကညည ဆိုကျက်ထားပါတယ်။
အလွတ်ရသွားတော့ စာအုပ်ထုတ်ပေးတာ သိမ်းရတာမြန်လာပါတယ်။
နောက်စာအုပ်ဝယ်တဲ့အလုပ်ကိုတော့ကျနော်နဲ့ကိုကိုလေး တိုင်ပင်ပြီးလုပ်ကြပါတယ်။
အမှတ်ရစရာလေးကတော့ စာကြည့် တို်က် အတွက်ရန်ပုံငွေရှာတဲ့ပွဲလေးကိုပါဘဲ။
ကျနော်တို့မီးခြစ်စက်ရုံဝင်းထဲမှာဘုရားလေးတစ်ဆူရှိပါတယ်။
အဲတော့ ဘုရားပွဲ နှစ်တိုင်းဖြစ်တယ်ပေါ့။
အဲဒီပွဲမှာ ကျနော်တို့ကဘောလုံးပစ်ပွဲလုပ်ပြီး ရန်ပုံငွေရှာကြတာပါ။
ကျနော်တို့စာကြည့်တိုက်အဖွဲ့ကို စက်ထဲက လူငယ်တွေကဝိုင်းကူပေးကြပါတယ်။
ဘောလုံးပစ်က တကယ်တော့ အရှုံးမရှိပါဘူး။
သုံးလုံးတစ်ကျပ်။
တစ်ခါပစ် ငါးယောက်။
အဲဒီထဲက ခွက်အများဆုံးကျအောင်ပစ်နိုင်သူကို ကျနော်တို့ကဆု ချ ပါတယ်။
ကျနော်တို့ကသုံးကျပ်တန်ပစ္စည်းကိုဆု အဖြစ် ပြန်ပေးတော့ ကျနော်တို့အတွက်
တစ်ပွဲ ကို နှစ်ကျပ် ကျန်ပါတယ်။
အဲဒီဘုရားပွဲအပြီးမှာတော့ ကျနော်တို့စာကြည့်တိုက်အတွက် ရန်ပုံငွေ
ရလိုက်တော့ စာအုပ်တွေထပ်ဝယ်ဖြစ်ပါတယ်။
အဲဒီအချိန်ကျနော်တို့ စက်ရုံမှာ ကုန်ထုတ်စွမ်းအားတိုးမြှင့်ပြီးထုတ်လုပ်ရမယ်လို့
အထက်က အမိန့်ချမှတ်ပါတယ်။
အဲ တော့ စနေနေ့ နေ့ဝက် ကို မနားဘဲ စက်ထဲကလူတွေက လုပ်ခမယူဘဲအချိန်ပိုဆင်း
ပေးကြပါတယ်။
နောက်တော့ ကျနော်တို့ လုပ်အားပေးအဖွဲ့ တွေကလဲ ဝင်ပြီး ကူလုပ်ပေးပါတယ်။
ကျနော်ကိုယ်တိုင်လဲ စက်ထဲက အလုပ်သမားတွေ နည်းတူ ကိုယ်နိုင်တဲ့ဘက်ကဝင်လုပ်
ပေးရတာပေါ့။
တစ်ခါမှာတော့ ကျနော်တို့ လူငယ်တွေကဦးစီးပြီးတော့ စနေနေ့ဝက်ကို
ကုန်ထုတ်စွမ်းအားမြင့်တင်ရေးဆိုပြီး တစ်စက်ရုံလုံးလုပ်အားပေးဘို့ စီစဉ်ပါတယ်။
ကျနော်တို့စီစဉ်တာကို လူကြီးတွေကလဲ သဘောကျတဲ့အတွက်
လုပ်အားပေးကြတဲ့ ရုံးအဖွဲ့ရော စက်ရုံထဲကလုပ်သားတွေကိုပါ
စက်ရုံက နေပြီးတော့ နေ့ လည်စာထမင်းကျွေးပါတယ်။
အတော်ကိုပျော်ဘို့ကောင်းတဲ့ နေ့ပါဘဲ။
မီးခြစ်စက်မှာက ဌာနခွဲတွေအများကြီးရှိပါတယ်။
မီးခြစ်လေးတစ်လုံးဖြစ်ဘို့အတွက်အဆင့်ဆင့်လုပ်မှဖြစ်လာတာပါ။
မီးခြစ်တစ်လုံးမှာဆိုရင် မီးခြစ်ဆံ လိုမယ်။
မီးခြစ်ဆံကို ယမ်းတို့ ရမယ်။
နောက်သူ့ ကို ထည့် ဘို့ ဗူးလိုမယ်။
ဗူူးမှာ မီးခြစ်ဆံထည့် ဘို့အိမ်ရယ် ဗူးခွံရယ်လိုမယ်။
ဗူးခွံမှာ ဘေးယမ်းသုတ်ပေးရမယ်။
ဒီပစ္စည်းတွေကို လုပ်ဘို့ အတွက် သစ်သားကို ပါးပါးလေးဖြစ်အောင်လွှာရတဲ့
ပီးလင်း ဆိုတဲ့ ဌာနက လုပ်ငန်းရဲ့ ပထမဦးဆုံး ဌာနဖြစ်ပါတယ်။
ရေစိမ်ထားတဲ့ သစ်တုံးတွေကို လွှနဲ့ဖြတ်တောက်ပြီးလွှာရတာပါ။
အင်မတန်လဲအန္တရာယ်များတဲ့ဌာနဖြစ်ပါတယ်။
သစ်လုံးကို ဆွဲမနေရင်း သစ်လုံးညှပ်တာ ရိုက်မိတာ
လွှထိတာမျိုးကမကြာခဏဖြစ်တတ်ပါတယ်။
အဲဒီဌာနကနေသစ်တွေကိုလွှာပြီးရင်
ဘူးခွံလုပ်တဲ့ဌာန ၊မီးခြစ်ဆံလုပ်တဲ့ဌာနတို့ဘက်ကိုရောက်သွားပါတယ်။
မီးခြစ်ဆံလေးတွေကို ယမ်းတို့တဲ့ဌာနကလဲ အန္တရယ်များပါတယ်။
မီးလောင်တတ်လို့ပါ။
ကျနော်အလုပ်လုပ်နေစဉ်ကာလအတွင်းမှမီးနှစ်ကြိမ်လောင်ပါတယ်။
အဲဒါကြောင့်ယမ်းစပ်တဲ့အခန်းက သံ အထူကြီးတွေနဲ့ကာထားပါတယ်။
ဘူးခွံလဲရပြီး မီး ခြစ်ဆံလဲရပြီဆိုရင် အဲဒါတွေကို သွတ်ပေးတဲ့
ဘောက်စ်ဖီလင်းဌာနကိုရောက်ပါတယ်။
မီးခြစ်ဆံလေးတွေဘူးထဲရောက်ပြီး ရင် တံဆိပ်ကပ်။
အဲဒီအဆင့်ပြီးရင် ပက်ကင်ထုပ်တဲ့ဌာနကိုရောက်။
အဲဒီဌာနက ဆယ်လုံးပါအထုပ်လေးတွေကို သေတ္တာအကြီးရအောင်ပြန်လုပ်ပါတယ်။
မီးခြစ်ဆိုတဲ့အရာက မီးလောင်ဘို့ အလွန်လွယ်ကူတော့။
မီးခြစ်သေတ္တာတွေကို သယ်တဲ့အခါ အချ အပြုမှာငြင်သာရပါတယ်။
အထူူးသဖြင့်ပူပြင်းတဲ့ရာသီဥတုမှာဆိုရင် ပိုသတိထားရပါတယ်။
တစ်ခါက မီးခြစ်သေတ္တာတွေကိုဂိုဒေါင်ထဲသိမ်းရတဲ့အလုပ်သမားလေးတစ်ယောက်က
ဘာကိုစိတ်တိုနေတယ်မသိ မီးခြစ်သေတ္တာတွေကိုသယ်တဲ့အခါ ဆောင့်အောင့်ပြီး
ပစ်ချပါတယ်။
သူ့ရဲ့အလုပ်ကြပ်က ဖြည်းဖြည်းသက်သာချဘို့ပြောပေမယ့် မရပါဘူး။
အဲလိုချရင်းကနေ သူ မီးခြစ်သေတ္တာကိုပစ်အချမှာမီးတွေထတောက်ပါတယ်။
အဲဒီ မီးတောက်က သူကို လောင်ပါတော့တယ်။
ကံဆိုးချင်တော့ သူ အဲလို ဖြစ်နေချိန်အနားမှာလူမရှိ။
မီးတောက်တွေမြင်မှ မီးလောင်နေတာကို သိကြပါတယ်။
သိလဲသိရော အဝတ်တွေနဲ့ ဝိုင်းရိုက်ပြီးမီးငြိမ်းအောင်လုပ်ရပါတော့တယ်။
မီးငြိမ်းသွားတဲ့အခါ သူ့ တစ်ကိုယ်လုံးမီးလောင်ရာတွေနဲ့ဆိုတော့ ထိလို့မရ။
ငှက်ပျောဖက်တွေကို သွားခုတ်။
သူ့ ခန္ဓာကိုယ်ပေါ်မှာပတ်ပြီး မှ ငှက်ပျောဖက်တွေခံထားတဲ့ထမ်းစင်ပေါ်ရောက်
အောင်တင်ကြရပါတယ်။
ကြည့်ရသူမြင်ရသူတောင် စိတ်ထဲမှာ အတော်ခံစားရတာ ကာယကံရှင်ကတော့
ဘယ်လောက်များခံစားရမယ်ဆိုတာမတွေးဝံ့အောင်ပါဘဲ။
တစ်ခါမှာတော့ငိုအားထက်ရီအားသန်ရတဲ့အဖြစ်တစ်ခုကိုကြုံရပါသေးတယ်။
စက်ရုံမှာသုံးဘို့ အတွက် ထင်းရူးတုံးကြီးတွေကို အများကြီးသိမ်းထားရပါတယ်။
စက်ရုံထဲမှာသစ်လုံးကြီးတွေကိုနေရာအနှံ့ပုံထားပါတယ်။
သုံးတော့မယ်ဆိုမှ တွန်းလှည်းနဲ့တိုက်ပြီး ယူ ပါ တယ်။
တစ်ရက်မှာတော့ သစ်လုံးသယ်တဲ့ကောင်လေးတစ်ယောက်
လန့်ပြီးအော်ပြေးလာပါတယ်။
သူသစ်လုံးသယ်တဲ့နေရာကိုသွားကြည့်မှ မြွေအကြီးကြီးတစ်ကောင်
တတွန့်တွန့်နဲ့သွားနေတာကိုတွေ့ရပါတော့တယ်။
စပါးကြီးမြွေကြီးပါ။
သူကလဲသွားသာသွားနေတယ် မြန်မြန်မသွားနိုင်။
မြေကြွက်တွေကို မြိုထားတယ်နဲ့တူပါတယ်။
ဝမ်းဘိုက်ကြီးက ဖောင်းကားလို့နေပါတယ်။
ဘယ်သူမှာလဲမြွေကြီး ကို မကိုင်ရဲပါဘူး။
ဒီတော့ မြွေကြီးကို သမံသလင်းပေါ်ရောက်လာက်အောင်
ဝါးလုံးတွေနဲ့ ထိုးထိုးပြီး မ ပြီးရွှေ့ရပါတယ်။
အတော်ကြာအောင် ဝိုင်းရွှေ့မှ သမံသလင်းပေါ်ရောက်လာပါတယ်။
အဲတော့မှ မြွေကြီးကို တောင်းထဲရောက်အောင်ဝိုင်းပြီး ထည့်ရပြန်ပါတယ်။
သနားစရာကောင်းတာ က ကျနော်တို့ မြွေကြိး ကို ဝါးလုံးတွေနဲ့ထိုးထိုးပြီး
ရွှေ့နေချိန်မှာ မြွေကြီးရဲ့ပါးစပ်ထဲကနေ အဝါရောင်အရည်တွေ အံ အံပြီးထွက်
လာတာပါ။
ကျနော်တို့ကလဲ သူကို့ ကိုင်ရဲတဲ့သူမရှိ။
နောက်ဆုံးတော့မြွေကြီးလဲတောင်းထဲရောက်သွားပါတယ်။
မြွေကြီးကိုတွေ့တယ်လဲအသံကြားရော အရပ်ထဲကလူတစ်ယောက်ကမြွေဝယ်ချင်တယ်ဆိုပြီးရောက်လာပါတယ်။
ဘယ်သူကမှဒီမြွေကြီးကိုမရောင်းပါဘူး။
ညနေရောက်တော့မြွေကြီးကို ရန်ကင်းတောင်မှာသွားလွှတ်လို်က်ကြပါတယ်။
ဒါပေမယ့် ရန်ကင်းတောင်နားမှာဒီစပါးကြီးမြွေကြီးရှိတယ်ဆိုတဲ့သတင်းက
တော့ မကြားမိတာအမှန်ပါဘဲ။
အဲလိုသွားလာလုပ်ကိုင်နေရင်းကနေ ကျနော်တိုက်ဖွိုက်(အူရောင်ငန်းဖျား)ဖြစ်တော့
အလုပ်နားရပါတယ်။
အလုပ်ကဆေးခွင့်ရဘို့ အတွက် လူမူ့ဖူလုံရေးဆေးခန်းမှာသွားပြီး ပြရပါတယ်။
၁၅ရက်လောက်နားပြီး အလုပ်ပြန်ဆင်းနိုင်ပါတယ်။
ဒါနဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်တာပါ။
အဲဒီတုံးကတော့ တိုက်ဖွိုက်ရောဂါ သုံးခါဖြစ်ရင်သေတယ်လို့ပြောကြပါတယ်။
ကျနော်အလုပ်ပြန်တက်ပြီးမကြာခင်မှာဘဲ ကျနော်တက္ကသိုလ်တက်ရမယ့်
အချိန်ကိုရောက်လာပြန်တယ်။
ကျနော်အလုပ်ဝင်တဲ့အချိန်ကလည်းတက္ကသိုလ် တက်ရတော့ လစာမဲ့ခွင့်ယူရပါတယ်။
အဲတော့ နှစ်တိုးလစာပေးချိန်မှာကျနော်တစ်လ နောက်ဆုတ်သွားပါတယ်။
နောက်နေမကောင်းလို့ ဆေးခွင့်ယူရပြန်ပါတယ်။
အခုတက္ကသိုလ်တက်မယ်ဆိုတော့ လဲ လုပ်သက်ခွင့်နဲ့မလောက်တော့ လစာမဲ့ခွင့်ထပ်ယူရပြန်ပါတယ်။
ဝန်ထမ်းတစ်ယောက် ဖြစ်လာရင် အလုပ် ၁၁ ရက်လုပ်ရင် တစ်ရက် ခွင့် ရပါတယ်။
အဲဒါကို လုပ်သက်ခွင့် လို့ခေါ်ပါတယ်။
တစ်နှစ်လုံး အတွက်ဆိုရင်လုပ်သက်ခွင့်က ၁လတိတိရပါတယ်။
လုပ်သက်ခွင့် က သုံးလ ထက်ပိုပြီး စုထားခွင့်မရှိပါဘူး။
အရေးပေါ်ကိစ္စဖြစ်လာရင် နားဘို့ အတွက် ရှောင်တစ်ခင်ခွင့်က တစ်နှစ်မှာဆယ်ရက်နားရပါသေးတယ်။.
နောက် အစိုးရရုံးပိတ်ရက်ကလဲ တစ်နှစ်တစ်နှစ်မှာအများကြီးပါဘဲ။
လတိုင်းမှာ ဂေဇက်တက်ဟောလီးဒေး လို့ ခေါ်တဲ့ အလုပ် ပိတ်ရက်ရှိပါတယ်။
ဇန်နဝါရီလထဲမှာဆိုရင် ကရင်နှစ်သစ်ကူးနေ့၊လွတ်လပ်ရေးနေ့
ဖေဖော်ဝါရီလမှာဆိုရင် ပြည်ထောင်စုနေ့
မတ်ချ်လမှာဆိုရင် တောင်သူလယ်သမားနေ့၊တပေါင်းပွဲ၊ တော်လှန်ရေးနေ့၊
အေပရယ်လမှာဆိုရင် သင်္ကြန်ရက်များ
မေလမှာဆိုရင် အလုပ်သမားနေ့၊ကဆုန်ညောင်ရေသွန်းပွဲနေ့
ဇူလိုင်လမှာဆိုရင် ဓမ္မစင်္ကြာနေ့၊အာဇာနည်နေ့
အောက်တိုဘာလမှာ သီတင်းကျွတ်ပွဲတော်
နိုဝင်ဘာလမှာဆိုရင် တန်ဆောင်တိုင်ပွဲတော်၊အမျိုးသားနေ့
ဒီဇင်ဘာလဆိုရင် ကရင်နှစ်သစ်ကူူးနေ့နဲ့ခရစ်စမတ်နေ့တွေအပြင်
ဒေပါဝလီနေ့နဲ့ ဘက်ဂရီးအစ်နေ့တို့မှာလဲရုံးပိတ်ပြန်ပါတယ်။
အဲတော့ အစိုးရဝန်ထမ်းတစ်ယောက်အတွက်အလုပ်ပိတ်ရက်တွေများလှပါတယ်။
ဒီလောက်ပိတ်ရက်တွေများတာကို တောင်မှ ခွင့် မလောက်တဲ့သူတွေရှိပါသေးတယ်။
ကျနော်တို့စက်ရုံမှာ ပဇင်း ရက် ၃ဝ တိတိပျက်ရင်အလုပ်ကနေ ထွက်ရပါတယ်။
အလုပ်နဲ့ပါတ်သက်ရင်ကျနော်ကိုသင်ပေးတဲ့ ဆရာတစ်ယောက်ရှိပါတယ်။
သူက တကယ့်ကိုလူတော်ပါ။
သူ့ ဘဝရဲ့လူမူ့ရေးကိစ္စကိုမကျေနပ်တာနဲ့ အရက်ဘဲသောက်နေတဲ့သူပါ။
အလုပ်နဲ့ပါတ်သက်တဲ့ နေရာမှာအတော်လေးတော်တဲ့လူလို့ပြောနိုင်ပါတယ်။
မီးခြစ်စက်ကိုရောက်တာလဲပြည်သူပိုင်မသိမ်းခင် ကတည်း ဒီမှာအလုပ်လုပ်ခဲ့တယ်
ဆိုတော့ နှစ်အများကြီးကြာနေပါပြီ။
တစ်ရက်တော့ ဒုစက်ရုံမှူူးက ကျနော်ကိုခေါ်ပြီး မင်းဆရာကို သွားပြီရှာပါ။
ဒီနေ့အလုပ်ဆင်းခိုင်းပါ။
မဆင်းရင်အလုပ်ပြုတ်ပြီလို့ ပြောလိုက်တော့ ကျနော်လဲ ဆရာရှာပုံတော်ထွက်ရပါတော့တယ်။
အဲဒီဆရာကို ကျနော်သံယောဇဉ်ရှိရတဲ့အကြောင်းက သူကလဲ
စိန်ပီတာ ကျောင်းထွက်ဖြစ်နေလို့ပါဘဲ။
ဆရာကိုမြင်မိသလားလို့ တွေ့တဲ့လူကိုမေးတော့လဲမသိကြ။
သူသွားတတ်တဲ့နေရာကိုလိုက်ရှာတော့လဲမတွေ့။
နောက်ဆုံးတော့ ကျနော် စဉ်းစားမိလိုက်တာ က သူတစ်ခါတစ်ရံ
သွားတတ်တဲ့နေရာလေးတစ်ခုကိုပါ။
အဲဒါနဲ့ဘဲ…………………………………………………………………….
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
25-8-2014
13 comments
ခင် ခ
September 7, 2014 at 10:58 pm
ကိုပေါက်က စက်ရုံသင်ပုန်းကြီး ကထဲက စာရေးနေပြီကိုး စာရေးသက်ကိုတော့ လေးစားတယ်ဗျာ
ကိုပေါက်(မန္တလေး)
September 7, 2014 at 11:06 pm
တတ်သမျှ မှတ် သ မျှ ပါ ကို ခရယ်
ဒါပေမယ့် ဝါသနာရှင်အဆက့် ထက် တော့ ထူး မလာ သေး တာသေချာတယ်
မြစာကလေး (23122011)
September 7, 2014 at 11:06 pm
ကပေါက်ကြီး
ရုပ်ရှင်တကား ကြည့်နေရသလိုပါဘဲ။
စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိုယ်ရေးရာဇဝင် ပါ။
ဆက်လာမဲ့ အပိုင်း တွေ လဲ မျှော်နေပါတယ်။
အရင်တုန်း က မြန်မာပြည်ဖြစ် တစ်ချို့ က အဆင့်မြင့်ပါတယ်။
မီးခြစ် လဲ ပါတယ်။
နတ်သမီး တံဆိပ် လေးနဲ့ ထင်ရဲ့။
ကိုပေါက်(မန္တလေး)
September 9, 2014 at 1:32 pm
ကိုလတ်ကြီး ပြောတာ မှန်ပါ
ပြည်တွင်ဖြစ် မီးခြစ်မှာ ဆိုရင် မန်းလေးက ထုတ်တဲ့ “ဥတုသုံးပါးခံသည်” ဆိုတဲ့ နတ်သမီးတံဆိပ်က အကောင်းဆုံး။
kai
September 8, 2014 at 6:33 am
အပေါ်က..ကိုပေါက်ရဲ့..” မဲခြောက်ခြောက်”ဖတ်ပြီးသကာလ.. မြန်မာစကားထဲ.. “လှလို့ဝလို့”ဆိုတာကို..ဆက်စပ် တွေးနေမိတယ်..
မြန်မာတွေ.. ပိန်ရင်..မဲရင်..မကြိုက်..
ဖြူရင်..ဝရင်..ကြိုက်တယ်…. လို့…။ :k:
တကယ်တော့…
ဝတာဟာ.. တဦးချင်းစီအတွက်ရော..တိုင်းပြည်အတွက်ရော.. အန္တရာယ်များတယ်… လို့..။
=
Obesity rates reach historic highs in more U.S. states | Reuters
http://www.reuters.com/…/2014/…/us-health-obesity-idUSKBN0GZ1D4...
Reuters
NEW YORK (Reuters) – Rates of adult obesity increased in six U.S. states and fell in none last year, and in more … NEW YORK Thu Sep 4, 2014 12:50pm EDT.
=
62 million people in China obese, sparking fears of ‘alarming’
http://www.scmp.com/…/21-billion-people-are-obes...
South China Morning Post
PUBLISHED : Thursday, 29 May, 2014, 11:46am. UPDATED : Friday, 30 … Childhood obesity in China is another issue that really needs attention. Dr Marie Ng.
=
ကိုပေါက်(မန္တလေး)
September 9, 2014 at 2:46 pm
ကိုခိုင်ရေ
သိပ်ပိန်လွန်းရင်လဲ ခံ နိုင်ရည်မရှိ။
သိပ်ဝလွန်းရင်လဲ ရော ဂါ စုံ တယ်
မပိန်မဝအနေတော်လေးက အကောင်းဆုံးပါဘဲ
ဇီဇီ ခင်ဇော် (15102012)
September 8, 2014 at 9:23 am
လေးပေါက် ပလက်ဖောင်းတွေ ဖတ်ရင်းးး
ဟို စကားလေးမှန်တာ သွားသတိရတယ်။
စုထားတဲ့ ကျောက်စရစ်လေးတွေက တစ်ချိန်မှာ စိန်တုံးလေးတွေဖြစ်သွားတယ် ဆိုတာ။
ခုပြန်ကြည့်ရင် ကြုံခဲ့ရသမျှဟာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေအဖြစ် ပြန်ပြောပြလို့ရတာပဲနော့။
🙂
ကိုပေါက်(မန္တလေး)
September 9, 2014 at 3:10 pm
လောလော ဆယ်တော့ လမ်းခင်းတဲ့ ကျောက်ခဲ့ ဘဝမှာဘဲရှိပါသေးတယ်အေ
kyeemite
September 8, 2014 at 10:00 am
ကျုပ်တို့ငယ်ငယ်က ပပက ကထုတ်ထုတ်ပေးတဲ့ သစ်သားမီးခြစ်တွေသတိရမိတယ်…
.သတင်းကျွတ်ဆို အခေါင်းပါတဲ့ သော့ချောင်းကို တုတ်တစ်ခုမှာချည်..နောက်
.မီးခြစ်ဆံကယမ်းကိုချွေ ပြီး သော့ချောင်းပေါက်ထဲထည့် …သံချွန်အနေတော်စွတ်
.ပြီးတော့ သံမံတလင်းမှာရိုက်ချလိုက်ရင် ဖြောင်းခနဲ ဗျောက်အိုးသံထွက်ပါတယ်…
.အိမ်ကလည်း သော့ချောင်းတွေခဏခဏပျောက်တာရယ်…သစ်သားမီးခြစ်တွေကုန်တာရယ်ကြောင့်
.သိရင်အဆူအရိုက်ခံရပါတယ်…အင်း..ငယ်ဘွကို လွမ်းမိပါတယ်
ဇီဇီ ခင်ဇော် (15102012)
September 8, 2014 at 10:04 am
အမေက မီးခြစ်ဘူး ဝယ်ခိုင်းလိုက်ရင် ….
ကောင်း/မကောင်း လမ်းမှာ အကုန်စမ်းခြစ်ကြည့်ခဲ့တာ မဟုတ်လားးး
:k:
ကိုပေါက်(မန္တလေး)
September 9, 2014 at 3:14 pm
ကိုမိုက်ရေ
ကျနော်တို့ ခင်ဗျား တို ့ ငယ်ဘဝ က ကိုယ့်ကစား စရာ ကို ကိုယ်တိုင်ဖန်တီးယူရတာ
အခု ခေတ်က အားလုံး အဆင့် သင့်
အဲတော့ ကိုယ့် ကို ကိုယ် အားကိုးချင်စိတ် ဖန်တီးချင်စိတ်တွေ လျော့ကျ သွားတယ်
Mr. MarGa
September 8, 2014 at 2:06 pm
.
မှန်လိုက်လေ လေးပေါက်ရယ်
ကိုပေါက်(မန္တလေး)
September 9, 2014 at 3:27 pm
မာဃ ရေ သူများအတွက် မှန် မမှန် တော့ မသိ ကျနော်အတွက် ကတော့ မှန်တယ်