“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၄” (ပလက်ဖောင်း ၂၁-၂၂ ကမမေ့နိုင်စရာလေးတွေ……………)
.
“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၄”
(ပလက်ဖောင်း ၂၁-၂၂ ကမမေ့နိုင်စရာလေးတွေ……………)
လောကကြီးမှာ အကြောင်းအမျုးိမျိုးကြောင့် လေလွင့် နေတဲ့
လူတော်တွေကိုမြင်ရင်ကျနော်အတော်နှမျောပါတယ်။
ကျနော်ရဲ့ လက်ဦးဆရာဆိုရင်လဲ ဒီအတိုင်းပါဘဲ။
လက်ရေးလေးတွေဆိုရင်ဝိုင်းစက်ညီညာရုံမက ဘဲ လှပသေသပ်။
ရုံးလုပ်ငန်းဆိုရင်လဲ သူမသိတာမရှိ။
စက်ရုံနဲ့ပါတ်သက်ရင်လဲ ရှေ့မှီနောက်မှီ။
စာရင်းအင်းဆိုရင်လဲအလွန်ကျွမ်းကျင်ပါတယ်။
နောက်အတွက်အချက်မှာဆိုရင်လဲ အလွယ်တွက်နိုင်တဲ့
ဖြတ်လမ်းနည်းတွေကိုလဲ သူ သိပါတယ်။
၁၉၇၉-၁၉၈ဝကာလများက အခုခေတ်မှာ ကလေးက အစ ကိုင်နိုင်တဲ့
ကာကူလေတာ ဆိုတဲ့ ဒစ်ဂျစ်တယ်ဂဏန်းပေါင်းစက်တွေ မပေါများသေးပါဘူး။
ရုံးတွေမှာဆိုရင် လက်နဲ့ လှည့် ရတဲ့ဂဏန်းပေါင်းစက်ကြီးတွေဘဲရှိပါတယ်။
ပေါင်းရင်ရှေ့လှည့် နုတ်ရင်နောက်လှည့် ဆိုတဲ့ လက်လှည့် စက်ကြီးတွေပါ။
အများ အားဖြင့် စိတ်နဲ့ ဘဲ ပေါင်းကြပါတယ်။
ကျွန်တော် ဂဏန်းပေါင်းစက်ကြီးကို တဂျစ်ဂျစ်လှည့်ပေါင်းတာကို
ဆရာက မကြိုက်ပါဘူး။
လူ့ဦးနှောက်ကိုအသုံးချပြီး တွက်တာကို သဘောကျပါတယ်။
နောက်တော့ ကျနော်လဲ ဂဏန်းကို စိတ်နဲ့လက်နဲ့တွက်ပေါင်းတာ
အကျုင့်ရသွားတော့မြန်ပါတယ်။
ဆရာ့လက်ရေးတွေ က လှပ သေသပ်ပါတယ်။
လက်ရေးလှ တဲ့အကြောင်းရင်းကို မေးတော့
စိန်ပီတာမှာကျောင်းတက်ရတဲ့အချိန်က စာတော်ရင်
လက်ရေးလှရင် အတန်းရဲ့ရှေ့ ဆုံးမှာထိုင်ခွင့်ရတယ်။
သူက စာမတော်တော့ လက်ရေးလှအောင်လေ့ကျင့်ပြီး
ရှေ့ဆုံးတန်းမှာထိုင်ခွင့်ရအောင်ကြိုးစားတယ်လို့ပြောပြပါတယ်။
(ကြုံလို့ပြောရရင် စိန်ပီတာကျောင်းထွက်( ပီတာရိုက်စ်)ဆိုတဲ့အသံကြားရင်
ကိုယ့် စိတ်ထဲမှာအလိုလိုရင်း နှီးသွားသလိုခံစားရတာတော့ အမှန်ပါဘဲ)
အဲ့ဒီအချိန်က သူက အလုပ် ခဏခဏပျက်တော့ သူနဲ့ ဘယ်သူမှအလုပ်တွဲမလုပ်ချင်။
နောက်သူနဲ့လဲ ဘယ်သူမှ ဂျူတီတွဲမစောင့်ချင်။
လကုန်ရက်နီးလို့ ဂျူတီစောင့်ရရင်ကျနော်သူနဲ့တွဲပြီး ဂျူတီစောင့်ပါတယ်။
အဲဒီအချိန်မှာလဲ သူက တော့ ရေချိန်ကိုက်နေတာများပါတယ်။
ဒါပေမယ့် ကျနော်ကိုအလုပ်တွေ သင်ပေးပါတယ်။
သူပါးစပ်ကပြောတဲ့ အတိုင်းကျနော်က လိုက်လုပ်ပေးတော့ အလုပ်တွေပြီးပါတယ်။
ဘာဘဲဖြစ်ဖြစ် ကျနော်နဲ့ ကတော့အဆင်ပြေပါတယ်။
နောက်ပိုင်းမှာသူ ပိုပြီးအရက်သောက်လာသလို ရက်ပျက်တွေလဲများများလာပါတယ်။
အိမ်တွင်းရေး မပြေလည်မူ့ကိုမဖြေရှင်းဘဲ အရက်နွံမှာနှစ်နေပါတော့တယ်။
သူအလုပ်ပြုတ်ဘို့နောက်ဆုံးတစ်ရက်ဘဲကျန်တော့တဲ့နေ့မှာ သူနဲ့နှစ်ပေါင်းများစွာ
လက်တွဲခဲ့တဲ့ ဒုစက်ရုံမှူးက သူ့ကို လိုက်ရှာပြီး အလုပ်ဆင်းခိုင်းဘို့ ကျနော်ကိုခေါ်ပြောပါတယ်။
နှစ်ပေါင်းများစွာ အတူလုပ်ခဲ့တဲ့သံယောဇဉ်ရယ် မကောင်းပေမယ့် တော် တဲ့လူတစ်ယောက်
ကို ဆုံးရှုံးမှာဆိုတဲ့စိတ်ရယ်ကြောင့် ရှာခိုင်းတာပါ။
ကျနော်လဲ သူသွားတတ်တဲ့နေရာတွေကိုမေးပြီးလိုက်ရှာတဲ့အခါ ကျောက်သပိတ်နားက အရက်ပုန်းဆိုင်မှာတွေ့တော့ စက်ဘီးနဲ့တင်ခေါ်လာခဲ့ပါတယ်။
အလုပ်ထဲရောက်တော့ ဇက်ကျိုး နေတဲ့သူ့ကို ဂျူ တီ သမားတွေထားတဲ့အခန်းထဲမှာ
သိပ်ထားလိုက်ပါတယ်။
နောက်ရက်တော့ သူက ကျနော်ကိုကျေးဇူးတင်ကြောင်းပြောတော့
ကျနော်က “ရှက်စရာကောင်းတယ်” လို့ တစ်ခွန်းအပြောမှာ သူ့မျက်နှာပေါ်က
အရောင်တွေပြောင်းသွားပါတယ်။
ထူးခြားတာတစ်ခုက နောက်ရက်က စပြီး သူအရက်လျော့သောက်သလို
ကျနော်ကိုလဲ အလုပ်နဲ့ပါတ်သက်တာတွေ ကို အရင်ကထက်ပိုပြီးသင်ပေးပါတော့တယ်။
ပင်စင်တွက်တာ အချိန်ပိုတွက်တာတွေ ကိုဖြတ်လမ်းနည်းနဲ့တွက်တတ်အောင်
သူက သင်ပေးပါတယ်။
သူကျနော့်ကို ပြော ပြ တာအများကြီးထဲ က ကျနော် ရင်ထဲစွဲနေတာ ရှိပါတယ်။
ဘယ်အရာမဆို သူများ ဆီ ကနေ သင် ယူမယ်ဆို ရင် ဘယ်လို လုပ်တယ် ဆို တာထက်
ဘာကြောင့် လုပ်တယ် ဆို တာကို ပါ သိအောင်ကြုးိစားပါဆိုတာဘဲ။
နောက်တော့ သူ အရက်ဖြတ်ဘို့ကြိုးစားပါတော့တယ်။
လွန်ခဲ့သော သုံးနှစ်က ကျနော်နဲ့တွေ့ တော့ သူက အရက်မသောက်တဲ့ လူတစ်ယောက်
ဖြစ်နေတာကို ဝမ်း သာ စရာ တွေ့ရပါတော့တယ်။
ကျနော်ကလဲ သူကို့ တကယ်ကျေးဇူးတင်ပါတယ်။
အလုပ်တစ်ခုကို စံနစ်တကျ သေသေ သပ်သပ်နဲ့လုပ်တတ်အောင်
နောက်ဘယ်လိုနည်းလမ်းသုံးပြီးအမြန်ဆုံးရောက်အောင်သွားမယ်
ဆိုတာကိုတွေးတတ်အောင်သင်ပေးခဲ့တဲ့ လက်ဦးဆရာဖြစ်လို့ပါ။
**********************************************************
မီးခြစ်စက်မှာ နေတုန်းက မမေ့နိုင်စရာလေးတွေထဲမှာ အားကစားပွဲလဲ ပါ ပါတယ်။
တစ်နှစ်တစ်ကြိမ် စက်ရုံ အလုပ်ရုံတွေ
အစိုးရဌာနတွေ ရဲ့အားကစားပြိုင်ပွဲ ကျင်းပပေးပါတယ်။
မြို့နယ်အဆင့်ပြိုင်ပွဲတွေပါ။
မီးခြစ်စက်မှာလဲ အားကစားသမားကောင်းတွေရှိပါတယ်။
ကျနော်မှတ်မိသလောက် ဘောလီဘောဆိုရင်ကိုသန်းထွန်း
အပြေးဆိုရင် ကို်မောင်မောင်တင်နဲ့ကိုခင်မောင်ဌေး။
အင်္ဂလိပ်စစ်တုရင်ဆိုရင် ကိုကိုလေး။
ကျနော်ကတော့ ပါလေရာငပိချက်။
စားပွဲတင် ပင်ပေါင်( စားပွဲတင်တင်နစ်စ်)ရိုက်တယ်။
စစ်တုရင်ဝ င်ထိုးတယ်။
အိမ်ပြည့်အောင်ဖြည့်တာပေါ့။
ဒီအားကစားပြိုင်ပွဲတွေက ကျနော်ငယ်ငယ်ကနေခဲ့တဲ့ အမှတ် (၉)အထက ထဲမှာကျင်းပတာပါ။
ကျနော်တို့ အဖွဲ့တွေကိုအခန်းသီးသန့်ပေးထားပါတယ်။
စက်ရုံကလဲ ထမင်းဟင်း လိုလေးသေးမရှိအောင် အပြည့်အစုံစီစဉ်ပေးတာပါ။
အဲဒီအားကစားပွဲ ကို ကျနော် (၂) နှစ်တိတိမှီလိုက်ပါတယ်။
မီးခြစ်စက်က ယူနီဖောင်းက အနီရောင်တီရှပ် အနီရောင်ဘောင်းဘီပါ။
အားလုံးက တက်တက်ကြွကြွ။
ကိုယ့် အဖွဲ့သားတွေပြိုင်နေပြီဆို အားပါးတရ အားပေးကြတာ။
အပြေးဆိုရင်တော့ ကျနော်တို့ စက်ရုံ က ဗိုလ်စွဲ တာများပါတယ်။
ပိုအားပေးလို့ အကောင်းဆုံးကတော့ လွန်ဆွဲပွဲပါဘဲ။
အဲဒီတုန်းက ဆိုရင်ဘီယာစက်ရုံ ရယ် သစ်စက်တွေ ရယ် နဲ့ မီးခြစ်စက်ကတော့လွန်ဆွဲပွဲမှာ
ပြိုင်ဆို်င်မူ့ ပြင်းထန်တယ်ဆိုတဲ့ အသင်းတွေပေါ့။
လွန်ဆွဲ တဲ့သူတွေကလဲ အားလုံးအားကောင်းမောင်းသန် တောင့် တောင့် တင်းတင်း။
တကယ်ကို ပျော်စရာကောင်း စိတ်လှူပ်ယှားစရာကောင်းတဲ့ပြိုင်ပွဲ ပါဘဲ။
နောက်ဂုဏ်ယူစရာကောင်းတာက မီးခြစ်စက်က စံပြလုပ်သားနှစ်တိုင်းလောက်ရပါတယ်။
အဲဒီ ဆိုရှယ်လစ်ခေတ်က စက်ရုံအလုပ်ရုံတွေထဲ က တကယ်ကြိုးစားရိုးသားတဲ့
ဝန်ထမ်းတွေကို စံပြလုပ်သားအဖြစ်ရွေးလေ့ရှိပါတယ်။
တစ်ခုတော့ ရှိပါတယ် အဲလိုစံပြလုပ်သားဖြစ်ဘို့အတွက်ကတော့
ပါတီဝင်ဖြစ်နေဘို့လည်းလိုအပ်ပါတယ်။
တစ်ချို့ ဆို နှစ်ထပ်ကွမ်းတွေ ဘာတွေတောင်ရတဲ့လူတွေရှိပါတယ်။
စံပြလုပ်သားထဲမှာဆိုရင်ကျနော်မှတ်မိတာကတော့
ဦးသိန်းအောင်ကတော့ နှစ်ထပ်ကွမ်း ရဘူးတယ်ဆိုတာပါဘဲ။
အဲဒီခေတ်က တော့ စံပြလုပ်သားဆို တာ တကယ်လုပ်တဲ့သူမှသာရတဲ့အတွက်
ဂုဏ်ယူစရာ လေးစားစရာကောင်းတဲ့ လူတွေဘဲဖြစ်ပါတယ်။
မီးခြစ်စက်က အားကစားသမားကောင်းလဲထွက်
စံပြလုပ်သားလဲထွက်သလို
နိုင်ငံရေးသမားလဲထွက်ပါတယ်။
နောက်ထပ်ဂုဏ်ယူစရာတစ်ခုလို့ပြောရင် ကျနော်တို့ မန်းလေးမီးခြစ်စက်ရုံကထုတ်တဲ့
နတ်သမီး တံဆိပ် က အရည်အသွေးတကယ်ပြည့်မှီပါတယ်။
သူ့ရဲ့ ဆောင်ပုဒ်လေးကတော့မြင်သူတိုင်းပြုံးကြရပါတယ်။
နတ်သမီးတံဆိပ်မီးခြစ် “ဥတုသုံးပါး ခံသည်” ဆိုတာလေးပါဘဲ။
(မြန်မာပြည် စက်ရုံတွေက ထုတ်လုပ်တဲ့ပစ္စည်းတွေက အရည်အသွေးပြည့်မှီတာ
တွေအများကြီးရှိပါတယ်။
ဘီပီအိုင် (မြန်မာ့ဆေးဝါး)ကထုတ်လုပ်တဲ့ အိမ်သုံးဆေး
ပက်ဆိုးဒင့်သွားတိုက်ဆေး၊ ရွှေဝါဆပ်ပြာ၊မွွှှေးဆပ်ပြာ၊
ကာဘောလစ်ဆပ်ပြာ၊ပျဉ်းမနားသကြား အစရှိတဲ့
အိမ်သုံးပစ္စည်းတွေက တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။
ဒါပေမယ့် လိုအပ်ချက်နဲ့ပြည့်မှီအောင်မထုတ်တဲ့အတွက်
အားလုံးက မလောက်မင နဲ့ ဆိုတော့မှောင်ခိုဈေးကွက်ကိုရောက်သွားပါတယ်။)
မီးခြစ်စက်မှာလုပ်ရတာ ကြာ တော့ ကျနော်ငြိီး ငွေ့ လို့ လာပါတယ်။
မနက်အစောကြီး အလုပ်လာ တစ်ခါတစ်လေ ကိစ္စရှိမှ ဂိတ်ပါတ်စ် တောင်းပြီး
အပြင်ထွက် ရ တယ်ဆိုတော့ လောကကြီးနဲ့အဆက်ပြတ်သလိုဖြစ်လာပါတယ်။
မနက်သွားညပြန် ဒီစက်ရုံကလွဲရင် ကျနော်ဘာမှ မသိတဲ့လူတစ်ယောက်ဖြစ်လို့လာပြန်ပါတယ်။
ကျနော်မီးခြစ်စက်မှာလုပ်နေစဉ်ကာလမှာ ဖောင်ကြီးသင်တန်းဆင်းတစ်ယောက်လဲဖြစ်တော့
ပါတီ အလုပ်တွေကိုပါ တွဲ လုပ်စေချင်ပါတယ်။
အဲဒီအချိန်က ပါတီယူနစ်ဥက္ကဌက ကျနော်နဲ့ရင်းနှီးတာလဲပါပါတယ်။
ကျနော်လုပ်အားပေးကျောင်းဆရာဘဝက ဥက္ကဌကြီးရဲ့ဇနီးတို့ကျောင်းမှာ လုပ်အားပေးခဲ့တာကိုး။အဲဒါကြောင့်ရင်းနှီးတာပါ။
ကျနော်စိတ်ကလဲ ပါတီရဲ့ဝါဒ သဘောထားတွေကို ကြိုက်တာ မကြိုက်တာထက်
အဲဒီအချိန်က လုပ်ကိုင်နေတဲ့လူတွေရဲ့ စိတ်နေသဘောထားကို မကြိုက်တာပါ။
စစ်ဦးထုပ်ဆောင်း တိုက်ပုံဝတ် အခန်းအနားအထိမ်းအမှတ်ပါတဲ့အိတ်ကြီးဆွဲ ပြီး
ဥက္ကဌကြီးတို့ လမ်းညွန်မူ့ တို့ အညမည တို့ သဘောထားရေးရာ တို့
ဆိုတဲ့ စကားလုံးတွေ တွင်တွင်သုံးတတ်တဲ့ သူတွေကိုလဲ
ရွှံ့မုန်း စပြုနေတဲ့အချိန်လဲဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက ဘာလုပ်လုပ် ဘောင်ဝင်အောင်ဆောင်ရွက်တာတွေ
အမှန်အတိုင်းပြောတဲ့သူဆိုရင်ပြဿနာရှာ တယ်လို့ သတ်မှတ်တာတွေကို
ကျနော်က လက်မခံချင်တာလဲ ပါ ပါတယ်။
နောက်ပြီး တကယ်လက်တွေ့ဖြစ်နေတဲ့ အဖြစ်မှန်တွေကိုဖုံးကွယ်ပြီး
အထက်အဆင့်ဆင့်ကို လိမ်ငြာ ပြီး အစီရင်ခံစာတင် တာကိုလဲတွေ့
နေရတာတွေကလဲ စိတ်ပျက်စရာပါ။
အဲဒီခေတ်က တကယ်ပြောရရင်တော့ရွေးချယ်ခွင့်ဆိုတာလုံးဝမရှိတာအသေအချာ။
သူတို့ရွေးချယ်ပေးထားတဲ့လူကိုဘဲ သဘောတူ ပေးရတာပါ။
မကြိုက်ဘူးဆိုလဲ လူပြောင်းမပေးပါဘူး။
သူတို့စိတ်တိုင်းကျရွေးချယ်သူကိုဘဲ လက်ခံကြရတာပါ။
ဒါပေမယ့် အများရဲ့စိတ်ထဲမှာကိုယ်ကြိုက်တဲ့လူကို ကိုယ်ရွေးတယ်ဆိုတဲပုံစံရောက်အောင်ဖန်တီးထားပါတယ်။
ဒီလိုပုံစံဖြစ်အောင်လဲ ဖန်တီးထားပါတယ်။
တစ်ခါမှာတော့ လူကြီးအသစ်တင်မြောက်ပွဲကျင်းပပါတယ်။
အဲဒီပွဲမတိုင်ခင်မှာ အခုတင်မယ့်လူကြီးကိုမကြိုက်ဘူးကန့်ကွက်မယ်ဆိုတဲ့
အသံတွေထွက်လာပါတယ်။
အဲဒီနေ့လဲရောက်ရော ကန့်ကွက်မယ်လို့ အသံပေးထားတဲ့သူတွေ
ဒီပွဲကိုတက်ခွင့်မရအောင်ပိတ်ထားလိုက်ပါတယ်။
နောက်ပြီးတော့ ရွေးချယ်ထားတဲ့လူကို သဘောတူ မတူ ကိုပါးစပ်ကဘဲအော်ပြီး
ထောက်ခံခိုင်းပါတယ်။
အခန်းအနားမှူးလုပ်တဲ့လူနဲ့လဲ ညှိ ထားပါတယ်။
“သဘောတူပါသလား” ဆိုတာကို သုံးကြိမ်မေးရမှာဖြစ်တော့ သူတို့ စီးဝါးကိုက်ထားတဲ့
လူတွေက”သဘောတူပါတယ်”လို့ ဝိုင်းအော်ပြီးတာနဲ့” ကန့် ကွက်ပါတယ်”ဆိုတဲ့
အသံထွက်မလာခင် နောက်တစ်ကြိမ်မြန်မြန်မေးရမယ်လို့ ညွန်ကြားထားပါတယ်။
ဒီတော့ လဲ ကန့် ကွက်သူမရှိဘဲ လူကြီးရွေးချယ်ပွဲက ပြီးသွားခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်တွေက လဲ ကျနော် ကို စိတ်ပျက်စေခဲ့တာအမှန်ပါဘဲ။
နေရာတိုင်းဌာနတိုင်းရပ်ကွက်တိုင်းမြို့တိုင်း ရဲ့ ရွေးကောက်ပွဲတွေအားလုံး
ကဒီပုံစံတွေချည်းပါဘဲ။
ရွေးကောက်တယ်လို့ ပြောပေမယ့် တကယ့်ဓမ္မစစ်က တော့
အထက်က စိတ်တိုင်းကျရွေးထားသူကို ဇွတ်ထောက်ခံခို်င်း
ဇွတ်သဘောတူခိုင်းတာ ပါ။
ဒါပေမယ့် လည်း ကျေနပ်သည်ဖြစ်စေ
မကျေနပ်သည်ဖြစ်စေ ကျနော်တို့ အားလုံး က လက်ခံခဲ့ကြရတာပါဘဲ။
အဲဒီရလဒ်ရဲ့အကျုးိဆက်က ကျနော်တို့ မှာ စစ်မှန်သောခေါင်းဆောင်ကို
ရွေးချယ်တတ်တဲ့ အကျင့် ပျောက်ဆုံး သွား တာ အခုထိပါဘဲ။
**********************************************************
ပလက်ဖောင်း (၂၀)(၂၁) ကိုနေ့စဉ်အပြောင်းအလဲမရှိသော သာမန်အလုပ်တွေနဲ့ ထူးထူးခြားခြားမရှိဘဲဖြတ်သန်းလာခဲ့ရပါတယ်။
တက္ကသိုလ်စာပေးစာယူနောက်ဆုံးနှစ်ကိုလဲ အောင်မြင်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ် မကြိုးစားခဲ့ လို့ တက်လမ်းလေးတစ်ခု
လက်လွှတ်သွားတာလေးက မမေ့နိုင်စရာ တစ်ခုလိုစိတ်ထဲမှာ ခိုအောင်းနေခဲ့တာပါဘဲ။
ကျနော်တို့ တက္ကသိုလ် နောက်ဆုံးနှစ်ရောက်တဲ့အခါမှာ သတင်းတစ်ခုကြား
လာရပါတယ်။
ကျနော်တို့ စာပေးစာယူ သင်တန်းနောက်ဆုံးနှစ်စာမေးပွဲမှာ
ဘာသာရပ်အားလုံးပေါင်းရဲ့ အမှတ်က (၁၆)မှတ်ပြည့်ခဲ့ရင်
ဂုဏ်ထူးတန်းတက်ဘို့ဖြေခွင့်ရှိတယ်ဆိုတာလေးပါ။
ကျနော်တို့နောက်ဆုံးနှစ်မှာဘာသာရပ် (၄)ခုထဲဘဲဖြေရတာပါ။
ဒါပေမယ့်စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့မှာ ရှားရှားပါးပါးဂုဏ်ထူးတစ်ခု
ပါပေမယ့် အမှတ်စရင်းထွက်တဲ့နေ့မှာတော့ ဝမ်းနည်းစရာကြုံခဲ့ရပါတယ်။
တက္ကသိုလ် လေးနှစ်စလုံးမှာ သင်ရိုးညွန်းတမ်းစာအုပ်ဖတ်
မသိရင် ကိုယ်နဲ့ခင်တဲ့ တက္ကသိုလ်က ဆရာတွေကိုမေး
သူများတွေကိုစာပြန်ရှင်းပြ ရင်းနေလာခဲ့တာပါ။
ပထမနှစ်ဂုဏ်ထူးမထွက်။
ဒုတိယနှစ်နဲ့ တတိယနှစ်မှာ ဂုဏ်ထူး (၂)ခုစီ။
နောက်ဆုံးနှစ်မှာတော့ ဂုဏ်ထူးတစ်ခု။
နောက်ဆုံးနှစ်မှာတော့ မန်းလေးတိုင်းအတွင်းကဆိုရင်ရူပဗေဒမှာ
ဂုဏ်ထူးထွက်သူ နှစ်ယောက်ထဲဘဲရှိပါတယ်။
ရီရီဓါတ်ပုံတိုက်က ကိုထွန်းနဲ့ကျနော်ပါ။
ကျနော်တို့ နှစ်က ဂရိတ်တွေနဲ့ပေးတာပါ။
တစ်ဘာသာက ဂရိတ် ၅ တစ်ဘာသာက ဂရိတ်၄
နောက် ဂရိတ် ၃ က တစ်ဘာသာ နဲ့ ၃.၅ ကတစ်ဘာသာဆိုတော့
အောင်စာရင်းထွက်ချိန်မှာတော့ လေးဘာသာပေါင်း
အမှတ်က ၁၅.၅မှတ်ဘဲရပါတယ်။
ဂုဏ်ထူးတန်းတက်ဘို့နဲ့ဝေးခဲ့ရပါတယ်။
ဂုဏ်ထူးတန်းတက်နို်င်ခဲ့ရင် တက္ကသိုလ်မှာ ဆရာပြန်ဖြစ်နိုင်တယ်
ဆိုတဲ့အိပ်မက်လဲ ပျက်ပြယ်လို့ သွားပါတယ်။
တကယ်တော့ ကျနော်အဖြစ်ချင်ဆုံးက တက္ကသိုလ်ကျောင်းဆရာဘဝကိုပါ။
ကျောင်းသားတွေစာသင်.
အားလပ်ချိန်မှာစာဖတ်။
ကိုယ်ဝါသနာပါတဲ့ စာရေးတဲ့အလုပ်ကိုလုပ် ။
အဲလိုအေးအေးချမ်းချမ်းနေချင်ခဲ့တာပါ။
ဒါကတော့ငယ်ငယ်က ရူးခဲ့တဲ့စိတ်ကူးဆိုဆို
ဘဝမျှော်လင့်ချက်ဆိုဆို
ရင်ထဲမှာကိန်းအောင်နေခဲ့ဘူးတဲ့မျှော်လင့်ချက်လို့ဆိုနို်င်ပါတယ်။
အဲဒီအချိန်မှာဘဲ မန်းလေးဒေသကောလိပ်မှာ
ကျောင်းစာရေးဝင်လုပ်နေတဲ့သူငယ်ချင်းက လဲ ဘွဲ့ရသွားတဲ့အချိန်
တက္ကသိုလ်မှာနည်းပြ ဖြစ်သွားပါတယ်။
သူတို့ဌာနထဲက ဘွဲ့ရပြီးသားသူတွေကိုဦးစားပေးခန့်လို်က်ပါတယ်။
အဲဒီအချိန်ရောက်တော့ ကျနော် ဒေသကောလိပ်မှာ
ကျောင်းစာရေးသာ ဝင်လုပ်ခဲ့ရင် တက္ကသိုလ်မှာဆရာဖြစ်ခွင့်ကြုံအုံးမယ်လို့လဲ
တွေးမိပြန်ပါတယ်။
ကျနော်ရွေးချယ်မူ့ မှားခဲ့တယ်လို့ဆိုနိုင်ပါတယ်။
အဲဒီက စပြီး ကျနော် တက္ကသိုလ်ဆရာဖြစ်ချင်တဲ့စိတ်ကို အပြီးသတ်မေ့ထားလိုက်ပါတယ်။
ဒါပေမယ့် ကျနော်ကျောင်းပြီး လို့ သုံးလေးနှစ်ရှိနေတဲ့အချိန်ထိ အိပ်မက်ထဲမှာ
ကျနော်တက္ကသိုလ်စာမေးပွဲ ကို ဖြေနေတုန်းပါဘဲ.။
ဖြေတိုင်းလဲ တလွဲတချော်တွေဖြစ်နေတုန်းပါဘဲ။
ကျနော်တို့စက်ရုံအလုပ်ရုံတွေမှာ စာရေးဝန်ထမ်းနဲ့ ကျွမ်းကျင်ဆိုပြီး
နှစ်ခုခွဲထားပါတယ်။
စာရေးဝန်ထမ်းကတော့ ဖွဲ့ စည်းပုံအတိုင်း ရာထူးအဆင့်ဆင့်တက်ပါတယ်။
ကျနော်တို့ရုံးမှတော့
ရုံးအုပ် ၁ နေရာ
ဌာနခွဲစာရေးကြီး ၁နေရာ
အထက်တန်းစာရေး ၂နေရာ နဲ့ အောက်တန်းစာရေး ၂ နေရာပါ။
ကျွမ်းကျင်လုပ်သားအပိုင်းကတော့
ကျွမ်းကျင် အဆင့် ၁
ကျွမ်းကျင်အဆင့် ၂
ကျွမ်းကျင်အဆင့် ၃ ဆိုပြီးခွဲခြားထားပါတယ်။
အဲဒီဘက်အပိုင်းကတော့ ရာထူးတက်ဘို့ အတွက်ဖွဲ့စည်း့ပုံမလိုပါဘူး။
သူ့နှစ်သက်အလိုက်သူတက်သွားမှာဖြစ်ပါတယ်။
ကျနော်တို့ရုံးထဲမှာလည်းဖွဲ့စည်းပုံတွေပြောင်းတဲ့အခါ
ကျနော်ကတော့ စီမံခန့်ခွဲရေး ဌာနအောက်မှာစာရေးအဖြစ်ကျန်နေခဲ့ပါတယ်။
ကျနော်နုဲ့့အတူလုပ်ကြတဲ့ အကိုကြီးအမကြီးတွေ ကတော့ကျွမ်းကျင်ဘက်ရောက်
သွားကြပါတယ်။
ကျနော်အလုပ်လုပ်နေစဉ်ကာလအတွင်းမှာရုံးအုပ်ကြီး (၂)ယောက်အပြောင်းအလဲ
ဖြစ်ပါတယ်။
ပထမ ဘကြီးလှရွှေကတော့ သက်ပြည့်ပင်စင်ယူသွားပါတယ်။
နောက်တစ်ယောက်ကတော့ အန်ကယ်ကြီးဦးသိန်းအောင်ပါဘဲ။
ကျနော်တွက်ကြည့်လိုက်တယ်အဲဒိအချိန်မှာကျနော်အသက် ၂ဝကျော်။
ကျနော်ဌာနမှာအမြင့်ဆုံး ရုံးအုပ်ကြီး ဖြစ်ဘို့ ကျနော်နှစ်ပေါင်းများစွာ
စောင့်ပြီးမှ ရမယ် ဆိုတာကိုတွေးမိလာပါတယ်။
အဲဒီ နှစ်ထဲမှာဘဲ ကျနော်တို့ရုံးအတွက်စာရေးတွေထပ်ခေါ်မယ်ဆိုတာသိရပါတယ်။
ဘွဲ့ရပြီးသားသူတွေကိုခေါ်မယ် ကျွမ်းကျင်ရာထူးပေးမယ်ပြောပါတယ်။
ကျနော်ဒီရာထူးကိုဝင်လျောက်မယ်ဆိုတော့ မရ ဘူးလို့ပြောပါတယ်။
ဒါဆိုအလုပ်ထွက်ပြိးလျောက်မယ်ပြောတော့
“သူ့လူနဲ့ သူရှိပြီးသား ၊နင်ဘယ်လို လုပ်ပြီး ဒီအလုပ် ရလာတယ်ဆိုတာပြန်စဉ်းစား၊
အရူးမထ နဲ့” လို့ပြောတာနဲ့ ကျနော်လဲငြိမ်နေလိုက်ပါတယ်။
သိပ်မကြာခင်ဘဲ ဝန်ထမ်းအသစ် ၄ယောက်ကျနော်တို့ဘက်ကိုရောက်လာပါတယ်။
ကျွမ်းကျင်အဆင်နဲ့ သူတွေပါ။
သူတို့ကကျနော်ထက်အသက်နည်းနည်းလေးကြီးပါတယ်။
နောက်တော့လဲသူတို့နဲ့ကျနော် တို့ထမင်းအတူပေါင်းစားကြတော့
ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်သွားပါတယ်။
၁၉၈ဝ နှစ်အစပိုင်းလောက်ထင်ပါတယ် ကျနော်တို့အထက်ကဒုတိယစက်ရုံမှူး
အသက်၆ဝပြည့်လို့အ နားယူပါတယ်။
သူနေရာကို ဘဏ္ဍာရေးဌာနမှူးဦးကျော်မြင့်ကဆက်ခံပါတယ်။
ဦးကျော်မြင့်ကတရုတ်တန်းမှာနေတော့ သူဒီရာထူးကိုဆက်ခံတဲ့အချိန်ကစပြီး
မနက်အလုပ်သွားရင် ရုံးကဖယ်ရီ နဲ့ ဝင်ဝင်ခေါ်ပါတယ်.။
ဒုတိယစက်ရုံမှူး အနားယူခါနီးအချိန်လေးမှာ ကျနော်မြင်လိုက်ရတာလေးက
ကျနော်စိတ်ထဲမှာအမှတ်ထင်ထင်ရှိနေပါတယ်။
ကျနော်တို့စက်ရုံမှာ ဒုတိယစက်ရုံမှူး ဦးမောင်မောင်အေးက
ဟိုအရင် ကုမ္ပဏီလက်ထက်ကတည်းက အလုပ် လုပ်လာခဲသူ.။
လုပ်ငန်းလုပ်တာကိုင်တာကျွမ်းကျင်သေသပ်သလို စည်းစနစ်လဲကြီးပါတယ်။
ရုံးချိန်အတွင်းမှာ ကျားထိုးတာ ချက်စ်ထိုးတာ မျိုးကို ခွင့်မပြုပါဘူး။
ဝတ္တုဖတ်နေတာမျိုးလဲမကြိုက်ပါဘူး။
သူနောက်ဆုံး အလုပ်မနားခင်အချိန်လေးမှာ
အချို့ဝန်ထမ်းတွေက သူ့ရှေ့မှာ စာအုပ်လှန်တမ်းကစားနေကြပါတယ်။
ဆယ်ပြားကြေးပါ။
သူဝင်လာတာမြင်ပေမယ့် အဲဒီလူတွေက စာအုပ်လှန်တာမရပ်ဘဲဆက်လုပ်နေကြပါတယ်။
သူက တော့ ဘာမှ မပြောဘဲ တစ်ချက်လှမ်းကြည့်ပြီး ပြန်ထွက်သွားပါတယ်။
သူ့မျက်နှာမှာ ဝမ်းနည်းသလိုလို စိတ်မကောင် းသလိုလို လေးဖျပ်ကနဲ့ကျနော်တွေ့လိုက်ရပါတယ်။
အရင်တုန်းကဆိုရင်သူဝင်လာတာနဲ့တွေ့ ကရာစာအုပ်ကောက်လှန်ပြီး
အလုပ်လုပ်ချင်ယောင်ဆောင်ခဲ့သူများက သူလဲအလုပ်နားတော့မယ်လဲဆိုရော
အရေးမစိုက်ဘဲ လုပ်ချင်ရာ လုပ်နေတာကိုမြင်ရတော့ကျနော်လည်း သံဝေဂ ရမိပါတယ်။
“လူဆိုတာ ကိုယ့်ကိုဒုက္ခပေးနိုင်တယ် ထင်ရ တဲ့သူကိုမှကြောက်ကြ တယ်”ဆိုတဲ့သီအိုရီလေးပါဘဲ.။
ကျနော်က ဆက်သာလုပ်နေရတယ် ကျနော်ဒီအလုပ်ကို စိတ်မပါတော့ပါဘူး။
အပွင့်လင်းဆုံးပြောရင် အလုပ်ကထွက်ချင်နေပြီ။
အဖေ့ ကို အလုပ်ထွက်မယ် ဈေး ထဲမှာလုပ်ချင်တယ်ပြောကြည့်တယ်
မရ ပါဘူး၊
အဖေတို့ကတော့ အစိုးရဝန်ထမ်းအလုပ်ကို ဘဲ ယုံကြည်တဲ့လူတန်းစားတွေပါ။
အစိုးရအလုပ်ကသာ ဘဝ အာမခံချက်ရှိတယ်လို့ သတ်မှတ်ထားသူတွေပါဘဲ။
ထွက်မယ်သာပြောတယ် ကိုယ့် မှာ ဘာလုပ်ရမယ်ဆိုတာလဲမသိသေး။
နောက်ကျနော်က အခု နောက်ပိုင်းမှာ ပါတီက အလုပ်တွေကိုလဲ လုပ်ပေးနေရပါတယ်။
လုပ်အားပေးအဖွဲ့ ဆိုလဲ ကျနော်က အမြဲပါနေရသလို။
ဟိုပွဲဒီပွဲ ဆိုရင်လဲ အကုန်လိုက်လုပ်ပေးနေရတာကို စိတ်ကုန်လှပါတယ်။
ရုူံးမှာအစည်းအဝေးရှိတယ် ဘာညာ ဆို ဧည့်ခံဘို့မုန့်ဝယ်တာဘာညာာကအစ
ကျနော်ဘဲလုပ်ပေးနေရပါတယ်။
ကျနော်ကတော့အဲလိုမျုးိဝယ်ခိုင်းရင်အမြဲ ပိုဝယ်ပါတယ်။
ကျနော်တို့ရုံးလူတွေ စားဘို့ ပါ ခပ်တည်တည်နဲ့ပိုဝယ်တာပါ။
လူကြီးတွေက ကျနော်လုပ်တာသိပေမယ့်ဘာမှ တော့မပြော။
အဲဒီအချိန်မှာဘဲ ကျနော် ဘဝ ရဲ့ ဒုတိယ တစ်ဆစ်ချုးိပြောင်းလဲ
ဘို့အတွက်အကြောင်းတရားတစ်ခုဖန်လာပါတယ်။
ကျနော့်သူငယ်ချင်းညီက ဆယ်တန်းအောင်သွားပါတယ်။
သူက ဆယ် တန်းကို မဖြေဘဲ နေရာကနေ ညကျောင်းတက်ပြီးဖြေတော့
ဂုဏ်ထူး ၂ဘာသာနဲ့အောင်သွားပါတယ်။
အဲတော့သူအိမ်က သူ့ကိုနေ့ကျောင်းတက်စေချင်ပါတယ်။
ဒါပေမယ့်သူ အလုပ်လုပ်နေတဲ့ အလုပ် ပိုင်ရှင်က
အလုပ်ထွက်ချင်ရင်လူစားရှာပေးခဲ့ပ ါလို့ ဆိုလာပါတယ်
အဲတော့ သူက ကျနော်ကို “အကို လုပ်မလား “လို့
ကမ်းလှမ်းပါတယ်။
သူလုပ်နေတဲ့အလုပ်က တေးသံသွင်းဆိုင်မှာ အလုပ်လုပ်တာပါ။
အဲဒီဆိုင်ပိုင်ရှင်ကလဲ ကျနော်နဲ့ ရင်းနှီးတဲ့အပြင်
ကျနော်လေးစား တဲ့ ဆရာတစ်ဦးလဲဖြစ်ပါတယ်။
အလုပ်အသစ်က လုပ်ရမယ့် အလုပ်
ရမယ့် လ စာတွေချိန်ထိုးပြီး ကျနော်အလုပ်ထွက်သင့် မသင့်
တိုင်ပင်ရပါတော့တယ်။
စက်ရုံထဲက ဌာနမှူးအမကြီးတစ်ယောက်ကတော့
“ဘာလို့ထွက်မှာလဲ
နောက်ဆိုလခတွေလဲတိုးတော့မှာ၊
လူကြီးတွေကလဲမင်းကိုဦးစားပေးနေတာဘဲဟာ” လို့ပြောခဲ့ပေမယ့်
နောက်အကိုကြိး တစ်ယောက်နဲ့တိုင်ပင်တော့
“လူဆိုတာ အခွင့်အရေး ရတုံးရုန်းထွက်ရတယ်။
စက်ရုံ ဆို တာ ထောင်အသေးစား။
မျက်စေ့ပိတ်နားပိတ် ဘောင်ပိတ်
ထွက်သာထွက်” လို့ အားပေးပါတယ်။
ကျနော်အတွက် အဆုံးဖြတ်ရခက်ခဲ့တဲ့ဘဝ လမ်းခွဲတစ်ခုဖြစ်နေပါတယ်။
ကျနော့် အမ ကြီး မမ နု ကို တိုင်ပင်တော့
“သေချာစဉ်းစားပါ။
ဗမာစကားပုံတွေအလကားထားတာမဟုတ်
သေချင်တဲ့ကျားတောပြောင်းတို့
တရွာမပြောင်းသူကောင်းမဖြစ်တို့ဆိုတာလေ။
ကိုယ်ပြောင်းမယ့်အလုပ်နဲ့လက်ရှိအလုပ်
အားသာချက် အားနည်းချက်တွေကို စာနဲ့ချရေး
ပြီးရင်ပြန်ဖတ်
ဘာကိုရွေးရင်ကောင်းမလဲ ဆိုတာ ဆင်ခြင်မူ့ နဲ့
စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချ
သူများတွေလိုက်မမေးနဲ့
ယောကျာ်းဆိုတာကိုယ်လုပ်ချင်တာကို ကိုယ်တိုင်ဆုံးဖြတ်ရဲရမယ်”
အဲလိုလေးသိပြီးတဲ့အခါမှာတော့
………………………………………………….
ဆက်လက်ဖော်ပြပါမယ်
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
8-9-2014
4 comments
ခင် ခ
September 11, 2014 at 9:49 am
” ဘယ်အရာမဆို သူများ ဆီ ကနေ သင် ယူမယ်ဆို ရင် ဘယ်လို လုပ်တယ် ဆို တာထက်
ဘာကြောင့် လုပ်တယ် ဆို တာကို ပါ သိအောင်ကြုးိစားပါဆိုတာဘဲ။ ”
ဒီစကားရပ်လေးတော့ မှတ်သွားပြီဗျာ။
ကိုပေါက်(မန္တလေး)
September 11, 2014 at 11:25 am
ကိုခ ရေ
ကျနော် ဒီပိုစ်တွေ ရေး တဲ့ ရည်ရွယ်ချက် က ဒီလို စကား စု လေးတွေကိုပြန်ဝေမျှ ချင်တာရယ်
ခေတ်ရဲ့ပြောင်းလဲပုံတွေကို ကျနော်မှတ်မိသလောက်လေးပြန်ပြောချင်တာ ကြောင့် ရေးဖြစ်သွားတာပါ
kyeemite
September 11, 2014 at 3:26 pm
.“လူဆိုတာ ကိုယ့်ကိုဒုက္ခပေးနိုင်တယ် ထင်ရ တဲ့သူကိုမှကြောက်ကြ တယ်”ဆိုတဲ့သီအိုရီလေးပါဘဲ.။
.ဒါ့ကြောင့်ပေါ့..“ဝန်ကတော်သေတော့တစ်ကျပ်၊ ဝန်မင်းသေတော့တစ်မတ်” ဆိုတဲ့စကားလေးဖြစ်လာတာ :))
ကိုပေါက်(မန္တလေး)
September 11, 2014 at 9:15 pm
ကိုမိုက်ရေ
ကျနော်တို့နိုင်ငံကလူတွေက အကြောက်တရား နဲ့ အသား သေ နေတာ ကြာ ပေါ့
အခု ထိ လဲ ကြောက်နေကြတုံးပါဘဲ