ကူညီပါရစေ………
ကူညီပါရစေ . . . . .
@@@@@@@@@@@@@@@
“ဝယ်ပေးပါဦး အစ်ကိုရာ အကူအညီတောင်းတာပါ…။ ဘာမှမပါပဲ သက်သက်အကူအညီ တောင်းတာမျိုးဆို မကောင်းဘူးလေ…။ အခု ဒီပုံလေးတွေက အပြင်မှာဆို
တစ်ထောင်လောက်ပေးရမှာပေါ့…. ကျနော်တို့က တစ်ထောင့်ငါးရာဆိုတော့ များတော့များတာပေါ့ အစ်ကိုလေးရာ … ဒါပေမယ့် များနေတဲ့ ငွေငါးရာနဲ့ ကျနော်တို့
မိသားစုတွေကို ထောက်ပံ့ပေးတယ် ကူညီပေးတယ်လို့ တွေးပါဗျာ…။” ကျနော့်ရှေ့မှ စစ်ယူနီဖောင်း ဝတ်ထားသည့် စစ်သားမှ ကျနော့်ကို ဘုရားပုံတော်များ၊
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများကို ပြသပေးရင်း ပြောနေခြင်းပါ။ ကျနော် ဘာမှပြန်မပြောဖြစ် … ဒီလိုမျိုးတွေက ခဏခဏကြုံနေရတာ
မဟုတ်လား။ ၂၀၁ဝ ခုနှစ် မတိုင်မီကတော့ ယခုလိုပုံစံမျိုး မဟုတ်ပါချေ။ ယူနီဖောင်းဝတ် စစ်သားတွေ ရွာခံ ဥက္ကဋ္ဌ ဒါမှမဟုတ် ဆယ်အိမ်ခေါင်းကို ခေါ်ပြီး တစ်အိမ်ဝင်
တစ်အိမ်ထွက် မဝယ်မနေရဆိုတဲ့ ပုံစံမျိုးဖြင့် မျက်နှာထားခပ်တင်းတင်းနဲ့ အတင်းရောင်း အတင်းဝယ်ခိုင်းခဲ့ကြတာပါ။ မှတ်မှတ်ရရ ကျနော့်အမေနဲ့ ဒီလို ဘုရားပုံတွေ
လာရောက်ရောင်းချတဲ့ စစ်သားကြီးတစ်ဦး စကားများဘူးသည်။ ထိုအချိန်က စစ်သားကြီးက အမေ့ကို လက်ညှိုးငေါက်ငါက်ထိုးပြီး အသံခပ်မာမာဖြင့် “ဒီမှာဗျ….
ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက် ကျုပ်တို့က အသက်စွန့်ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တာ … တိုက်ပွဲမှာ ဒဏ်ရာရလို့ ခြေလက်မျက်စိတွေ
စွန့်ရသူက စွန့်ရ အသက်သေတဲ့သူကသေနဲ့ … ဒီလောက် ခင်ဗျားတို့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးခဲ့တာတောင် ခင်ဗျားတို့က ဒီလောက်လေး
ကူညီပေးရတာကို မကူညီပေးနိုင်ဘူးလား….”ဆိုပြီး ပြောသွားပါတယ်။ ပြောရက်လေခြင်း….. အခုအချိန်မှာ ပြန်တွေ့လို့ မေးခွင့်ရှိရင် မေးကြည့်လိုက်ခြင်စမ်းပါဘိ။
“ကျနော်တို့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ဟုတ်စ…. သေချာမှလည်း ပြောပါဗျာ…. ခင်ဗျားတို့ ရှေ့တန်းထွက်ရင် ပစ္စည်းတွေ သယ်ပိုးပို့ဖို့
ဘယ်သူ့တွေကို ပေါ်တာဆွဲခဲ့သလဲ… နောက်ပြီး ခင်ဗျားတို့က တိုင်းပြည်ရန်ကို ကာကွယ်နေတာရော ဟုတ်လို့လား … တိုင်းရင်းသား အချင်းချင်း
တိုက်ခိုက်နေကြတာ မဟုတ်လား …။ ခင်ဗျားတို့ကြောင့် မြေစာပင် ဖြစ်ခဲ့ကြရတာ ဘယ်သူတွေလဲ …. ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းနေစေချင်ပါတဲ့
ဆိုတဲ့ ပြည်သူတွေမဟုတ်လား…” ဆိုပြီးတော့လေ။ ကျနော်တို့ အထက်မြန်မာပြည်ဘက်က နယ်မြေတွေမှာ ပြည်သူတွေဟာ အေးအေးချမ်းချမ်း မနေခဲ့ရပါဘူး။
မငြိမ်းချမ်းတဲ့ကာလမှာ စစ်တပ်က ပေါ်တာဆွဲတယ်။ စစ်တပ် လုံခြုံဖို့အတွက် နယ်ခံတွေက စစ်တပ်ကို ခြံစည်းရိုးတွေ ကာပေးရ၊
ဝါးတွေချွန်ပြီး ညှောင့်သွားစိုက်ပေးရ… မီးရထားလမ်း ကားလမ်းလုံခြုံရေးအတွက်ဆိုပြီး ညကင်းစောင့်ရတာမျိုးတွေ လုပ်ပေးခဲ့ရတာပါ။ ပြည်သူဆိုတာက
စစ်တပ်ခြံစည်းရိုး ကာခိုင်းရင် သွားကာပေးရတာပါပဲ။ ညကင်းစောင့်ဆိုတော့လည်း စောင့်ကြရတာပါပဲ။ ပြည်သူတွေ ညကင်းစောင့်ဆို စောင့်ရုံကလွဲပြီး
ဘာလုပ်နိုင်မှာလဲ ဝေးဝေးရောက်အောင် ပစ်နိုင်တဲ့ လက်နက်ဆိုလို့ လေးခွလောက်သာရှိတဲ့ ပြည်သူတွေပါ။ တကယ်ဖြစ်လာရင် ဟိုဘက်က သေနတ်နဲ့ပစ် …
လက်ပစ်ဗုံးနဲ့ ထုလိုက်မှာလေ…။ ညကင်းစောင့်ချိန်မှာ သူတို့ စစ်သားတွေ ကင်းစစ်လာလို့ ကင်သမားတွေ အိပ်နေတာတွေ့ရင် ရိုက်နှက်ကန်ကျောက်
ဟိန်းဟောက်ဆဲဆိုခြင်းတွေလည်း ခံကြရတာပါပဲ။ ပြီးတော့ ရပ်ရွာလုံခြုံရေးအတွက် ဆိုပြီး စစ်သင်တန်းတွေ ပို့ချတော့လည်း ကိုယ့်စားဝတ်နေရေးအတွက်
ကုန်းရုန်းရှာဖွေနေရတဲ့ကြားက စစ်သင်တန်း တက်ကြရပြန်ရော။ ဪ…. ကျနော်တို့ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ သူတို့တွေ အသက်စွန့်ပြီး
တိုင်ပြည်တာဝန် ထမ်းနေကြလို့သာပေါ့….။ အသက်မစွန့်ပဲ တိုင်းပြည်တာဝန်ထမ်းနေတာဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် မတွေးဝံ့စရာပါ…။
မကူညီပေးချင်ဘူးလား…ဟုတ်စ… ကူညီပေးချင်တာပေါ့ဗျာ…. ကျနော်တို့ လူမျိုးတွေဟာ စာနာတတ်တဲ့ သနားတတ်တဲ့ သူတစ်ပါးကို ကူညီတတ်တဲ့
လူမျိုးတွေပါ….. ခက်တာက ခင်ဗျားတို့လို အကူအညီလိုနေတဲ့ လူတွေက နည်းမှမနည်းတာ တစ်ဖွဲ့ရောက်လာပြီး ဆယ်ရက် မကြာဘူး နောက်ထပ်တစ်ဖွဲ့
ထပ်ရောက်လာပြန်ရော … သူတို့ကလည်း ခပ်မာမာနဲ့ အကူအညီတောင်းပြန်တော့ … ကျနော်တို့ တောသူတောင်သားတွေ ဘယ်တတ်နိုင်ပါတော့မလဲ….
ပထမအဖွဲ့က ဘုရားပုံတွေရောင်းသွားရင် နောက်တစ်ဖွဲ့က စာအုပ်တွေ ရောင်းပြန်ရော…. ရောင်းတာတော့ ဟုတ်ပါပြီ….ဈေးနှုန်းကိုလည်း ကြည့်ပါဦး အပြင်မှာ
၂၀ဝ လောက်တန်တဲ့ စာအုပ်ကို ၁၀၀ဝ ကျပ်နဲ့ ရောင်းလိုရောင်း … အပြင်မှာ ၅၀ဝ ကျပ်လောက်ပေးရတဲ့ ဘုရားပုံတော်ကို ၁၅၀ဝ / ၂၀၀၀
ကျပ်နဲ့ ရောင်းလိုရောင်းဆိုတော့ မခက်ဘူးလားဗျ။ အကူအညီက သူတို့တွေသာ လိုနေတယ်ထင်နေကြတာ …. ကျနော်တို့ ပြည်သူတွေလည်း
အကူအညီလိုနေတာပဲဆိုတာ မတွေးမိကြပုံပါပဲ…။
တကယ်တမ်းပြောရရင် ကျနော်ငယ်ငယ် ကလေးဘဝက စစ်သားအလွန်ဖြစ်ချင်ခဲ့တာပါ။ ကြားဘူးတဲ့ သီချင်းလေးတစ်ပုဒ်တောင် မှတ်မိပါသေးရဲ့ ” မေရယ်….
အထင်တော့ မလွဲလိုက်နဲ့ ဦး စာလွှာများ မရောက်လာခဲ့ရင် မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့လေ…. အစ်ကိုလို စစ်သားဘဝက ချစ်သူကို လွမ်းဖို့ရာ တစ်ခါတစ်လေ
အချိန်တော့ မပေးနိုင်ပါ…. တောတောင်ကို ကျော်ကာဖြတ်လို့ ကျောပိုးအိတ်ကိုလွယ်ကာ ဒါတွေကို တောင်ပြာတန်းက အသိဆုံးပါ မေရယ်….” ဆိုတဲ့
သီချင်းပေါ့။ နောက်တစ်ခုက မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အားကျတာလည်း
ပါတာပေါ့လေ….။ ဒီလို ငယ်ငယ်က စိတ်ကူးတွေ ပထမဆုံး အရောင်မှိန်သွားခဲ့စေတာက ကျနော် ခြောက်တန်းကျောင်းသားနှစ်ကပါ။ ကျနော်ဟာ ကျောင်းကို ၂
မိုင်လောက်ဝေးတဲ့ နေရာကနေ စက်ဘီးလေးနဲ့ ကျောင်းတက်ရတဲ့ ကျောင်းသားပါ။ တစ်ညနေ ကျောင်းဆင်းချိန်မှာ စက်ဘီးလေးနင်းပြီး ပြန်လာတော့ လမ်းမှာ
ကျနော့်ရှေ့ကနေ စစ်သားတွေ တန်းစီပြီး သွားနေတာကို တွေ့ရတယ်။ စစ်ယူနီဖောင်း အပြည့်အစုံ၊ ကျောပိုးအိတ်တွေလွယ်ပြီး သေနတ်တွေ ထမ်းလို့ပေါ။
ကျနော်လည်း သူတို့ ဘေးနားကနေ စက်ဘီးလေးအသာနင်းပြီး ကျော်တက်တာပေါ.။
ပထမတစ်ယောက်၊ နောက်တစ်ယောက်၊ နောက်ထပ်တစ်ယောက်ကို ကျော်တက်တော့ “ဟေ့ကောင် …. ငါတို့သွားနေတာ မမြင်ဘူးလား … မင်းရပ်နေခဲ့စမ်း…”ဆိုပြီး
ကျနော့်ကို ဟောက်ပါတယ်။ ကျနော်လည်း ကြောက်ကြောက်နဲ့ စက်ဘီးပေါ်ကဆင်းပြီး ရပ်နေလိုက်ရပါတယ်။ ကြောက်ရတာပေါ့နော့။
သူတို့က သေနတ်ကြီးတွေနဲ့လေ စိတ်မထင်လို့ ပစ်လိုက်မှဖြင့် သေမှာပေါ့နော့။ အဲ့အချိန်က ကျနော့်စိတ်ထဲမှာ ဖြစ်သွားတဲ့ ခံစားလိုက်ရတဲ့ ခံစားချက်အတွေးကတော့
စစ်သားဆိုတာ ညှာတာမှု မရှိတဲ့သူတွေပါလားဆိုတဲ့ ခံစားချက်အတွေးမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်း စကား ငှားသုံးရရင် ကျနော့်စိတ်ထဲမှာ
ဆူးတစ်ချောင်း ပေါက်သွားတယ် ဆိုရမှာပါ။ နောက်ထပ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုက ကျနော် ရှစ်တန်းကျောင်းသားဘဝကပါ။ နွေရာသီ
သင်္ကြန်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ပါ။ သင်္ကြန်အတွင်းမှာ ကျနော်တို့ရွာမှာက သင်္ကြန်သီချင်းတွေ၊ ခေတ်ပေါ်သီချင်းတွေ ဖျော်ဖြေတဲ့ မဏ္ဍပ်တစ်ခုရှိပါတယ်။
သိကြတဲ့အတိုင်း တီးဝိုင်းရှိတဲ့နေရာမှာ ရန်ပွဲဆိုတာကလည်း ရှိနေကြမဟုတ်လား။ အဲ့နေ့က မဏ္ဍပ်မှာ နေ့လည်ပိုင်းမှာ ရန်ပွဲလေးတွေ ဖြစ်ပြီး ဖျော်ဖြေမှုကို
ရပ်လိုက်ရတဲ့ အထိ ဖြစ်သွားရပါတယ်။ ဒါပေမယ့် ကျနော်ဒေသမှာ တာဝန်ယူထားတဲ့ တပ်ရင်းမှူးက ဖျော်ဖြေရေးအစီအစဉ်ကို ဆက်ပြီး ဖျော်ဖြေခိုင်းပါတယ်။
သူကိုယ်တိုင်လာမယ်ဆိုတဲ့ သတင်းနဲ့အတူပါ။ ကံဆိုးချင်တော့ သူလာနေတဲ့ လမ်းကြောင်း ကျနော်တို့ အိမ်ရှေ့လမ်းမပေါ်မှာ လူသုံးယောက် စကားများပြီး
စိန်ခေါ်နေကြချိန်နဲ့ တိုက်ဆိုင်သွားပါလေရော…။ စကားများနေတဲ့ လူသုံးယောက်ကို သူနဲ့အတူပါလာတဲ့ ရဲတွေ၊
စစ်သားတွေက သေနတ်တွေမောင်းတင်သံတွေနဲ့အတူ “ဟေ့ကောင်တွေ တစ်ယောက်မှ မလှုပ်နဲ့နော် အကုန်ပစ်သတ်ပစ်မယ်”ဆိုပြီး လက်မြှောက်ခိုင်းပြီး
လမ်းမပေါ်မှာပဲ လက်တွေ ခေါင်းပေါ်တင် ဆောင့်ကြောင့် ထိုင်ခိုင်းထားပါတယ်။ နောက်ကပါလာတဲ့ အရပ်ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းနဲ့
တပ်ရင်းမှူးက လမ်းဘေးမှာ ရှိနေတဲ့ တစ်ထောင်သာသာလောက်ရှိမဲ့ အဆစ်ပိတ်ဝါးကျစ်ကိုကိုင်ပြီး “မင်းတို့လားကွ ရန်ဖြစ်တဲ့ကောင်တွေ ” ဆိုပြီး
လက်တွေခေါင်းပေါ်တင်ပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ သုံးယောက်ရဲ့ ကျောပြင်တွေကို အားရှိအားကုန် လွဲလွဲပြီး ရိုက်လိုက်ပုံများ ရွာဦးကျောင်းက စည်ကြီးကို
ကျနော်တို့ ငယ်ငယ်က သင်္ကန်းကိုကျစ်ထားတဲ့ ကြိုးကြီးနဲ့ လွဲလွဲရိုက်ရင် မြည်တဲ့အသံလိုပဲ ဗိန်းးးးဗိန်းးးးကြားရတော့တာ။ တစ်ယောက်ကို အနည်းဆုံး
ငါးချက်စီလောက်ရိုက်ပြီး ရဲစခန်းကို ခေါ်သွားခိုင်းတော့တာပါ။ ကျနော့်စိတ်ထဲမှာ တော်တော်လေး ခံပြင်းသွားပါတယ်။ စကားများရုံများနေတဲ့
လူတွေကို သေနတ်နဲ့ချိန် လက်တွေခေါင်းပေါ်တင်ခိုင်း ဘာမှမေးမြန်းခြင်းမရှိပဲ ကျောပြင်ကို ဗြောအထင်နဲ့ ရိုက်နှက်သွားတာ လွန်လွန်းတယ်လို့
ခံစားရတာပါ။ ဪ..စစ်သားဆိုတာ အကြင်နာတရားမရှိတဲ့လူတွေ တော်တော်ရက်စက်တဲ့ လူတွေပါလားဆိုတဲ့ အတွေးနဲ့အတူ ဒုတိယ
ဆူးတစ်ချောင်း ပေါက်လာရပြန်ပါတယ်။ နောက်ထပ်လည်း ကြုံတွေ့ရတာတွေရှိနေသေးပေမယ့် မရေးပြတော့ပါဘူး။ အဲ့အချိန်က သူတို့
လက်ညှိုးညွှန်ရာ ရေဖြစ်နေရတာလေ။ သူတို့က လက်ရှိ ကျနော်တို့ပြည်သူတွေက လက်မဲ့မဟုတ်လား။ သေနတ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တာ
မိုးပေါ်ထောင်မပစ်ဘူးလို့ ပြောထားတယ်လေ…။ ဒီလိုနဲ့ ကျနော်တို့ပြည်သူတွေဟာ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေခဲ့တာပါ။
၂၀၁ဝ ရွေးကောက်ပွဲကြီးပြီးလို့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်လာချိန်မှာတော့ …. ငါတို့ပြည်သူတွေ ဒီမိုကရေစီရပြီဟဲ့ ….
ဒါမျိုးတွေလွတ်ပြီ ကျွတ်ပြီဆိုပြီး တွေးထားပေမယ့် အရင်လို ခပ်မာမာ လေသံမဟုတ်ပဲ အပျော့ဆွဲလေသံနဲ့ …. “ကျနော်တို့က အကူအညီတောင်းတာပါ အစ်ကိုရာ
…ကျနော်တို့ စစ်မှုထမ်းဟောင်း မိသားစုတွေ အခက်အခဲတွေ့နေလို့ပါ ဆိုပြီး ပြောလာတာရယ် … အရင်က ဘယ်တော့မှ မရောင်းဘူးတဲ့
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေပါလာတာရယ်ကြောင့် ဪ…တတ်လည်း တတ်နိုင်တဲ့ လူတွေပါလားလို့ပဲ တွေးမိပါတယ်။ သူတို့ဘက်က
ကူညီပေးပါလို့ ပြောလာတော့လည်း ကျနော်တို့ပြည်သူတွေက ဘာသားနဲ့ ထုထားတာမို့ ခံနိုင်မှာလဲ… ဝယ်လိုက်ရပြန်တာပေါ့…. အပြင်မှာဆို သူတို့ရောင်းတဲ့ ပုံမျိုး
အလွန်ဆုံးပေးရ ၈၀ဝ ကျပ်ပေါ့…သူတို့ရောင်းတဲ့ စာရွက်သား ညံ့ညံ့နဲ့ စာအုပ်မျိုးတွေ အပြင်မှာ ပေးရ ၅၀ဝ ကျပ်ပေါ့… ဘာပဲဖြစ်ဖြစ်
သူတို့လေသံတွေ ပြောင်းသွားပျော့သွားတာ အပြောင်းအလဲပဲမဟုတ်လား။ အပြောင်းအလဲကို ကျနော်တို့ပြည်သူတွေ လိုချင်နေကြတာ မဟုတ်လား
…(သူတို့ အောက်ခြေက တပ်သားတွေရဲ့ဘဝတွေကလည်း အထက်က အဘတွေရဲ့ ဘဝနဲ့ မိုးနဲ့မြေ ကွားခြားလွန်းတယ်မဟုတ်လား) ကူညီပေးရမှာပေါ့ဗျာ…
အပြောင်းအလဲလေ…. ကျနော်တို့မျှော်လင့်နေတဲ့ အပြောင်းအလဲ…. အရင်က တပ်မတော်သာ အမိ တပ်မတော်သာ အဖတဲ့… ဟော… အခုတော့ ပြည်သူသာ
အမိ ပြည်သူသာ အဖဆိုပဲ…. အပြောင်းအလဲကို မျှော်လင့်နေတဲ့ ကျနော်တို့အတွက် ရဲစခန်းတွေရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ် ကျနော်တို့ ပြည်သူတွေရဲ့
အိမ်တွေရှေ့မှာ ပြောင်းကပ်လိုက်ရင် ကောင်းမှာပါ… ဒါလည်း အပြောင်း အလဲ တစ်ခုပဲလေ… ဘာဆိုင်းဘုတ်လည်း သိတယ်မဟုတ်လား …..”ကူညီပါရစေ…”ဆိုတဲ့
စာတန်းပါ ဆိုင်းဘုတ်လေ။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ…..
K.T.W.L
7 comments
ခင် ခ
September 13, 2014 at 12:12 am
အောင်ခြေအဆင့်သူတွေကသာ မဖြစ်မနေမို့ ပြည်သူနဲ့တသားထဲကျအောင်နေလာတာပါ။
အပေါ်အဆင့် အရာရှိနဲ့အထက်ကတော့ တပ်မတော်ကိုတောင် ကျေးဇူးတင်ပြီး ကျေးဇူးဆပ်ချင်နေတာ သူတို့ခေါင်းထဲမှာ ပြည်သူကိုကျေးဇူးတင်ပြီးကျေးဇူးဆပ်ဖို့ အပြင်မပြောနဲ့ အိမ်မက်တောင် ယောင်လို့မမက်လောက်ဘူးဗျ
kai
September 13, 2014 at 7:50 am
မြန်မာ့အစိမ်းဂိုဏ်းဟာ.. မြန်မာလူထုအပေါ် နှစ်ထောင်ချီ လွှမ်းမိုးထားနိုင်တဲ့.. အဝါဂိုဏ်းကိုသေသေချာချာ အနုလုံပဋိလုံလေ့လာပြီး.. အခုလိုနေရာယူလှမ်းဆွတ်ယူလိုက်ပုံပေါ်ပါတယ်..။
ဆိုတော့…
မြန်မာလူထုရဲ့.. မိုင်းဆက်မပြောင်းသမျှ.. ပြုတ်ပျက်ဖို့တော်မလွယ်ရေးချ… မလွယ်…။
ကွာတာက.. ဒီခေတ် အစိမ်းဂိုဏ်း ဗိုလ်အဆင့်လောက်အထိက.. ခေတ်ပညာ.. နိုင်ငံတကာအသိ.. စာတကယ်တတ်ကြတယ်ဗျ..
အနည်းဆုံးရုရှား ပညာတော်သင်သွားထားကြတာ…
နှစ်၁၀ဝ ကျိန်စာတခုစခဲ့ပြီဖြစ်ပါကြောင်း…။ :i:
ဇီဇီ ခင်ဇော် (15102012)
September 13, 2014 at 8:13 am
ငင်။
ရုရှ မှာ တကယ် နိုင်ငံတကာ အသိ ရတယ်မယ်?? 🙄
ရှိသမျှ ဟိုလိုလိုင်းတွေချည်း ကြည့်နေတဲ့ သူတွေ ဘာ အသိရလဲတော့မသိ။ 🙄
ဝတ်(ရှ) လုပ်ခံထားရတဲ့ ဘရိန်းထဲ အသိအမြင် ဘယ်လောက်ကျယ်ကျယ် ဝင်နိုင်မလဲတော့လဲ မသိ။ 🙄
အမှန်တော့ နယ်ရုပ်တွေဟာ ကွကိုယ် နယ်ရုပ် အဖြစ် အကျွေးခံနေရမှန်းသိရင်တော့လည်း ကောင်းပါရဲ့။
:a:
ခုဟာက သူတို့ အဖေကြီးတွေ သွင်းနဲ့ စကားနဲ့
အဖေကြီးတွေ ကို ထိတိုင်း နာ နေတတ်တာ ဆိုတော့လည်းးးး
:a:
အပေါင်းအသင်းထဲက စစ်ဗိုလ်တွေနဲ့ကို စကား အကောင်း ပြောမရတော့တာ ကြာပေါ့။
သူတို့စိတ်ထဲ ဟိုလူကြီးတွေကို တကယ် အကောင်းမြင်နေဆဲဗျ။
😥
kai
September 13, 2014 at 9:37 am
အသိမမှားရင်.. နောင်မကြာခင်ကာလတွေမှာ.. စစ်သားတွေယူအက်စ်မှာကျောင်းတက်ကြရလိမ့်မယ်..
အခုအာရပ်နိုင်ငံတွေက..အာဏာရှင်တွေဖြစ်ပြီးပျက်ပြီးနောက်ပိုင်း.. တိုင်းပြည်တွေရဲ့အခြေအနေနဲ့..စစ်တပ်တွေအခြေအနေကြည့်ပြီး.. ယူအက်စ်အစိုးရရဲ့ပေါ်လစီပြောင်းလာတာပဲ…
သဘောက.. ဒီမိုကရေစီနဲ့..သူ့အဓိပ္ပါယ်တွေကြား.. စစ်တပ်ဆိုတာကြီးကဘယ်နေရာကနေ.. ထိုင်ရတယ်ဆိုတာ… သင်ပေးမယ်ပေါ့..
ဖက်စစ်(ဂျပန်)တပ်ကအခြေတည်ပညာယူ.. ကွန်မြူနစ်ပြုတ်ရုရှားနဲ့စိနပြည်က..ပညာရေးထပ်ဆင့်ထားတဲ့…မြန်မာ့စစ်သားတွေ.. အနောက်နိုင်ငံစစ်တပ်ပုံစံသင်ယူကြရတော့မယ်ပေါ့..။
ဖြစ်လာမဖြစ်လာတော့မသိ..
ကျုပ်ကတော့.. ဒီမိုး..ဒီရေ..ဒီလူတွေနဲ့..
ကျိန်စာတွေချည်းပြေးပြေးမြင်မိ… :i:
Zaw Thant
September 13, 2014 at 9:47 am
.. အမှန်တော့ လူဆိုတာကောင်းတဲ့ အမျိုးမဟုတ်ဘူး.. အင်အားကြီးရင် ကိုယ့်ထက်အင်အားငယ်တဲ့လူကို အနိုင်ကျင့်ချင်တတ်တာ.. စည်းကမ်းတို့၊ ကျင့်ဝတ် တို့ မရှိလို့ကတော့ လက်နက်ရှိက လက်နက်မဲ့ကို အနိုင်ကျင့်မယ်.. အာဏာရှိက အာဏာမဲ့ကို အနိုင်ကျင့်မယ်.. မြန်မာ့စစ်တပ်တင်မကဘူး တိုင်းရင်းသား လက်နက်ကိုင်တွေဆိုလည်း ရမ်းရင် ရမ်းသလောက် လက်နက်မဲ့ပြည်သူက ခံဖို့ချည်းပဲ.. မြန်မာတွေတင်ပဲလား ဆိုတော့လည်း မဟုတ်ဘူး.. အာဏာနဲ့ လက်နက် တွဲနေတဲ့ နိုင်ငံတွေဆို ဒီလိုပဲဖြစ်မှာပဲ.. အဲ့တာကြောင့် စည်းကမ်းပြည်ဝသော (ပရော်ဖက်ရှင်နယ်) တပ်မတော် ဆိုတာကြီးကို စာပေါ်တင်မကပဲ လက်တွေ တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်..
kai
September 13, 2014 at 9:51 am
ယူအက်စ်မှာ.. အမေရိကန်စစ်ဒဇင်တွေကို.. အက်ဖ်ဘီအိုင်တို့.. ရဲတို့က.. ခေါ်ပြီး လက်နက်နဲ့လူသားအကြောင်း.. ဥပဒေအကြောင်းတွေ.. သင်တန်းပေးတယ်..
အများအားဖြင့် ကွန်မြူနတီခေါင်းဆောင်တွေဆို.. တက်လို့ရတယ်..။
သူတို့အပြောကတော့…
လူက..သေနတ်ကိုင်လိုက်ရရင်ကို.. စိတ်ပညာသဘောအရ.. “ငါကွ”ဖြစ်ပြီး.. လုပ်တာတဲ့..။
အသားကုန်ထရိန်းပေးထားတဲ့.. ယူအက်စ်ရဲတွေလည်း.. “ထစ်”ဆို.. “ချ”ထည့်လိုက်တာပဲ..
လူ့သဘာဝ…
Zaw Thant
September 13, 2014 at 10:29 am
.. ဟုတ်တယ်ဗျ.. လူ့သဘာဝ ဆိုတာထက် သတ္တဝါတွေရဲ့ သဘာဝလို့ ပြောရင်ကောင်းမလားပဲ.. သာရင်သာ သလိုလုပ်ချင်တတ်တာ..အဲ့ဒါကြောင့် ဒါတွေကို ထိန်းဖို့ ဥပဒေတို့၊ ကိုယ်ကျင့်တရားတို့ ၊ ကျင့်ဝတ် စတာတို့ကို နည်းနည်းဉာဏ်ရှေ့ရောက်သူများက ချန်ပေးခဲ့တာမှတ်တယ်..