“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၅” (သီချင်းပန်းခင်းမှာ ခိုနားခြင်း……………)
“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၅”
(သီချင်းပန်းခင်းမှာ ခိုနားခြင်း……………)
ကျနော်အလုပ်ပြောင်းသင့်မပြောင်းသင့် ကိစ္စက အတော်လေးကို
ခက်ခဲ တဲ့ ဆုံးဖြတ်ခန်း ဘဲဖြစ်ပါတယ်။
အစိုးရအလုပ်က တစ်လ ကို ၁၈၅ကျပ်ရပါတယ်။
တစ်လကို ဆန် ၁ဝပြီ အစိုးရ ဈေး နဲ့ဝယ်ခွင့်ရပါတယ်။
အဲဒါက အိမ်ကိုပေးရပါတယ်။
နောက်ပြီးအိမ်ကို တစ်လ ငါးဆယ်ပေးရပါတယ်။
တစ်ပါတ်ကို စနေ နေ့ဝက်နဲ့တနင်္ဂနွေနေ့ နားရပါတယ်။
ဂျုတီစောင့်ပြီးရင်နောက်ရက်ကအလုပ်နားခွင့်ရပါတယ်။
ဂေဇက်တက်ပိတ်ရက်မှန်သမျှ အလုပ်ပိတ်ပါတယ်။
အပြင်အလုပ်ကတော့
ဥပုဒ်နေ့တစ်ရက်ဘဲအလုပ်ပိတ်ပါတယ်။
ကျန်တဲ့ရက်မှာ သင်္ကြန်ကာလ နဲ့ တရုပ်နှစ်ကူးနေ့ ကလွဲရင်
အလုပ်ဖွင့်ပါတယ်။
မနက် ၈နာရီတိတိလာပြီးညနေ ငါးနာရီတိတိမှာအလုပ်ပြီးပါတယ်။
နေ့လည်မှာအိမ်ပြန်ထမင်းစားဘို့ တစ်နာရီတိတိ အနားပေးပါတယ်။
တစ်ရက်ကို ၁ဝကျပ်စရပါမယ်။
၁၅ရက်တစ်ကြိ်မ်ပိုက်ဆံရှင်းပေးပါတယ်။
ခွင့်ပျက်ရင် ပျက်သလောက် ဖြတ်ပါတယ်။
တစ်လလုံးအလုပ်မှန်ရင်ပိတ်ရက် ၄ရက်အတွက်
၄ဝကျပ်ထပ်ရပါတယ်။
အဲတော့ တစ်လ လုံး ခွင့်မယူဘူးဆိုရင် ၃၀ဝ ကျပ်တိတိရပါတယ်။
နောက်ပြီး အပိုဆောင်းအနေနဲ့
သင်္ကြန် သီတင်းကျွတ်နဲ့ တရုပ်နှစ်ကူးနေ့တွေမှာ
အဝတ်အစား တစ်စုံ လက်ဆောင်ပေးပါတယ်။
အဲတော့ တစ်နှစ်သုံးစုံရတဲ့အတွက် အဝတ်အစားဝယ်စရာမလိုပါ။
နောက်အဲဒီနေ့တွေမှာ ဘောနပ်စ်သဘောမျုးိ နဲ့ မုန့် ဘိုး လဲ ပေးပါတယ်။
ကျနော်အတွက်အဆင်ပြေတဲ့ တစ်ချက်ကလဲ
အလုပ်နဲ့အိမ်နဲ့တစ်ပြဘဲ ဝေးတော့ အလုပ်သွားရလာရတာ အဆင်ပြေပါတယ်။
လမ်းလျောက်သွားရင် ရတယ်ဆိုတော့ ဘတ်စကားခလဲသက်သာမယ်။
နောက်ဝင်ငွေကလဲ အများကြီးပိုလာတယ်ဆိုရပါမယ်။
အဲတော့ အစိုးရအလုပ်ကိုထွက်ဘို့ဆုံးဖြတ်လိုက်ပါတယ်။
အခုလိုုဆုံးဖြတ်လိုက်တဲ့ အခါမှာ အဓိက အကျ ဆုံးအချက်ကတော့
မြို့ထဲမှာနေရတဲ့အတွက်ကျနော်မျက်စေ့ပွင့်နားပွင့်ဖြစ်မယ်။
အလုပ်အသွားအပြန်အချိန်မကုန်တဲ့အတွက်စာဖတ်ချိန်ပိုလာမယ်။
နောက် သီချင်းဆိုတာက ကျနော်အင်မတန်နှစ်သက်တဲ့အရာတစ်ခုလဲဖြစ်တယ်။
မီးခြစ်စက်မှာက နေ့ ည မနက် ဒီလူတွေနဲ့ဘဲ တွေ့နေရတော့အပြောင်းအလဲ
အသစ်အဆန်းမရှိ။
ဒီတေးသံသွင်းလုပ်ငန်းက တော့ နေ့စဉ်နဲ့အမျှ သီချင်းအသစ်တွေထွက်
နေတော့ အမြဲ ဆန်းသစ်ပြောင်းလဲ လို့ နေပါတယ်။
ဒါပေမယ့် သူငယ်ချင်းတွေအကြံပေးတာက ရုံးကခွင့်ယူလိုက်။
အစမ်းတစ်လ လုပ်ကြည့်လိုက်။
အဆင်ပြေရင်ဆက်လုပ်။
အဆင်မပြေရင်မူလ အလုပ်ပြန်လုပ်လို့ ပြောပါတယ်။
ကျနော် စက်ရုံကခွင့်ယူမယ်ပြောတော့ ခွင့်မပေးပါဘူး။
အစကတော့ ကျနော်ကို သက်သက်မဲ့ ကပ်တယ်ထင်မိပါတယ်။
တကယ်တော့အစိုးရဝန်ထမ်းတစ်ယောက်က အခြားနေရာကို
သွားပြီးအလုပ်လုပ်ခွင့် မရှိပါဘူး။
အဲဒါနဲ့ ၁၉၈ဝခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့ကစပြီး ကျနော်စက်ရုံကို
မသွားတော့ဘဲ တရုပ်တန်းလမ်း၈ဝမှာရှိတဲ့
“လှိုင်းတေးသံသွင်း”မှာအလုပ်စဆင်းပါတော့တယ်။
အလုပ်စဆင်းပြီးတစ်ပါတ်လောက်နေတော့ ဒုတိယစက်ရုံမှူး ဦးကျော်မြင့် က
ကျနော်အလုပ်လုပ်တဲ့ဆိုင်ကိုလိုက်လာပါတယ်။
လှိုင်းတေးသံသွင်းက ဆရာကြီး ဦးဘမင်းနဲ့ဦးကျော်မြင့်က ငယ်သူငယ်ချင်းတွေ
ဖြစ်နေတာကိုး။
ကျနော်ကို အလုပ်ပြန်ဆင်းဘို့ ပြောတဲ့ အခါ
မျက်နှာပူပူ နဲ့ အလုပ်ထွက်မယ့်အကြောင်းပြောလိုက်ပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်က ဒီ သီချင်းကူးရင်း သီချင်းနားထောင်ရတာကို
ပျော်နေပါပြီ။
အလုပ်သွားအလုပ်ပြန်အချိန်မကုန်တော့
ညနေငါးနာရီအလုပ်ဆင်းတာနဲ့သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်
ထိုင်လို့ရတယ်။
စာဖတ်နေလို့ရတယ်။
အဲဒီအချိန်က
လက်ဖက်ရည်တစ်ခွက် ၁ကျပ်
(သက်သာဆိုင်ဆိုရင် ပြား ၅ဝ အရည်ကျဲကျဲ သိပ်တော့မကောင်းပါ)
ထပ်တစ်ရာပလာတာ တစ်ချပ် ၁ကျပ်
(သက်သာဆိုင်မှာ တစ်ချပ်ပြား ၅ဝ သေးသေး ပါးပါးပေါ့)
ရှမ်းခေါက်ဆွဲ ပွဲသေး တစ်ပွဲ ၃ကျပ် ပါ။
ငွေကြေးဖောင်းပွမှူ့နည်းသေးတယ်လို့ဆိုနိုင်ပါတယ်။
ဒါတောင်မှ ကျနော်တို့ အဖွားတွေ အဒေါ်တွေက အစစ ဈေးကြီးတယ်တို့
ပိုက်ဆံကအသုံးမခံဘူးတို့
ငြီးနေတာကို မကြာခဏကြားနေရပါတယ်။
အစိုးရအလုပ်ကတော့ ဟိုဖြတ်ဒီဖြတ်နဲ့လခအပြည့်မပါ။
အဲတော့မလောက်။
အခု တစ်လ ၃၀ဝကျပ် ရတာက အိမ်ကို ၁၅ဝပေးရင်
ကျနော်သုံးဘို့ ၁၅ဝ ကျန်ပါသေးတယ်။
အဲတော့ ရုပ်ရှင် ကြည့်ဘို့ လက်ဖက်ရည်သောက်ဘို့ စာအုပ်ငှားဖတ်ဘို့အတွက်
က လုံလောက်တော့ စိတ်ချမ်းသာပါတယ်။
လူတစ် လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာအလုပ်လုပ်နိုင်ဘို့အတွက်
သူရ တဲ့ လခ က သူ့ အတွက်လုံလောက်စွာသုံးစွဲနိုင်တဲ့
ငွေဖြစ်ဘို့ တော့ လိုအပ်လှပါတယ်။
ကျနော်အလုပ်ပြောင်းပြီး တစ်လ ပြည့်ခါနီးမှာ စက်ရုံကနေ
အလုပ်ထွက်စာတင်ဘို့ပြောပါတယ်။
ထွက်စာမတင်ရင်ထုတ်မယ်ပြောတော့ ကျနော်စိတ်တိုသွားပါတယ်။
လုပ်ချင်သလိုသာလုပ်လိုက် ရတယ် ပြောပြီးထွက်စာသွားမတင်ပါဘူး။
ပြီးသွားတဲ့ စိတ်ဖြတ်ထား တဲ့အလုပ်ကို ကျနော်ခေါင်းထဲမှာမထည့်။
အခု လုပ်နေတဲ့ အလုပ်အသစ်က အရင်အလုပ်နဲ့ကွဲပြားခြားနားတဲ့
အလုပ် ဖြစ်ပြီး ကျနော်အတွက် စိတ်ဝင်စားစရာတွေအပြည့်
သင်ယူစရာတွေအပြည့်ဖြစ်နေပါတယ်။
အဲတော့ အရင်ကလုပ်ခဲ့ ကိုင်ခဲ့တာတွေကို ကျနော်ခေါင်းထဲက ဖယ်ပြီး
မေ့ထားလိုက်ပါတယ်။
************************************************************
ဟိုအရင်က သီချင်းဆိုတာနားဆင်ခံစားစရာထက်ပိုပြီးမသိပါဘူး။
အခုတော့ သူများ နားထောင်ချင်တဲ့သီချင်းတစ်ပုဒ်ကို ကိုယ်က
ပြန်ပြီးကူး ပေး ရ တာပါ။
တေးသံသွင်းလုပ်ငန်းကို စ ရောက် ကတည်းက သင်ယူစရာတွေဘဲဖြစ်နေပါတယ်။
အရင်အလုပ်ကတော့ မနက်မိုးလင်းတာနဲ့ အလုပ်သမားတွေ
စာရင်းအင်းတွေနဲ့ ဘဲ နေ့စဉ် ထိတွေ့ နေရတာပါ။
ဒီအလုပ်ကတော့ သီချင်းခွေ တွေနဲ့ စက်တွေနဲ့ နပန်းလုံးရတာပါ။
ကျနော်လုပ်ရတဲ့အလုပ်က သီချင်းလက်ရွေးစဉ် ကူူးပေးရတဲ့အလုပ်ပါ။
သီချင်းလာကူး သူတစ်ယောက်က သူလိုချင်တဲ့သီချင်းတွေရေးလာမယ်၊
အဲဒီသီချင်းတွေကို တိတ်ရကော်တာ(tape recorder)အကြီးထဲကနေ
ကက်ဆက်ခွေ(cassette tape) ထဲကိုပြောင်းပြီးကူူးပေးရတာပါ။
အဲဒီကစပြီး လုပ်ငန်းဆိုင်ရာ အခေါ်အဝေါ်တွေသင်ရပါတော့တယ်။
ရီးခွေ (Reel)ဆိုတာက ရီကေ်ာဒါ တိပ်ခွေကြီးကိုခေါ်တာ။
ခွေသေး ဆို တာ ကက်ဆက်တိပ်ခွေကိုခေါ်တာ။
စီခြောက်ဆယ်ဆိုတာက တိမ်ခွေ တစ်ခြမ်းကို နာရီဝက် ကြာအောင်ဖွင့်ရတယ်။
တိတ်ခွေနှစ်ဖက်ဆိုတော့ မိနစ်ခြောက်ဆယ် ဖွင့်လို့ရတယ်ဆို တာ ကိုညွှန်းတာ။
အဲဒီ စီခြောက်ဆယ် တစ်ခွေ မှာ မြန်မာဓါတ်ပြားသီချင်း ဆိုရင်
တစ်ဖက်ငါးပုဒ် ဆိုတော့ စုစုပေါင်း သီချင်းဆယ်ပုဒ်ဆန့်တာ။
စတီရီယို သီချင်းဆိုရင် သီချင်းတွေက တိုတော့
စီခြောက်ဆယ်တစ်ခွေ ဆိုရင် ၁၄ပုဒ်လောက် ဆန့်တယ်ဆိုတာတွေကို
အရင်မှတ်ရပါတယ်။
အရမ်းတိုတဲ့သီချင်းတွေဆိုရင် ၁၆ပုဒ် ၁ရပုဒ်လောက်ဆန့်ပါတယ်။
သီချင်းလာကူး တဲ့ လူက
“ကျုပ်တို့ ကကျောက်စက်နဲ့ ဖွင့်မှာနော်”-လို့ပြောရင်သူက
မြန်မာပြည်လုပ် အမ်ပလီဖိုင်ယာတွေနဲ့ တွဲ ဖွင့်မှာပြောတာပါ။
“အလုံးလိုက်ဖွင့်မှာနော်” လို့ပြောရင် ကက်ဆက်နဲ့ဖွင့်မှာလို့ဆိုလိုတာပါ။
ကျနော်တို့ သီချင်းသွင်းအခါမှာ Deck လို့ခေါ်တဲ့ ကက်ဆက်အကြီးတွေနဲ့
သွင်းရပါတယ်။
စက်ပြားပြားကြီးတွေပါ။
အဲဒီစက်က စပီကာမပါ ပါဘူး။
ဆောင်းဘောက်စ်နဲ့တွဲဖွင့်ရပါတယ်။
အဲဒီစက်ကိုအမ်ပလီဖိုင်ယာ လို့ ခေါ်တဲ့ အသံညှိစက်နဲ့တွဲပြီး သီချင်းကူးရတာပါ။
ကျနော်တို့ သီချင်းကူးမယ်ဆိုရင် တိတ်ရီကော်ဒါကြီးကို အမ်ပလီဖိုင်ယာနဲ့တွဲ။
အမ်ပလီဖိုင်ယာကို ကက်ဆက်နဲ့တွဲ။
ပြီးမှ နားကြပ် နဲ့ သီချင်းကို နားထောင်ပြီး ကို်ယ်လိုချင်တဲ့သီချင်းရှာရပါတယ်၊
အမ်ပလီဖိုင်ယာမှာ
ဘော်လွမ်း volume(အသံအတိုးအကျယ်)
ရှပ် sharp ဆိုတဲ့ အသံ အစူး အရှ(ချွင်ချွမ်ချွမ်ချွမ်)
ဘေစ့် bassဆိုတဲ့ အသံနက်ရှိုင်းမူ့ (တဒုန်းဒုန်းထု)
တွေကို ချိန်တတ်အောင်သင်ရပါတယ်။
နားထောင်သူတွေ ပြော တာလဲ မှတ်ထားရပါတယ်။
“ကျုပ်တို့က အုန်းအုန်းထမှာ ကြိုက်တာ်နော် ဘစ်သံများများထည့်”
ဆိုရင် ဘေစ်သံ များများ ပါတာကိုကြိုက်တယ်။
“ရွှမ်းရွှမ်းနဲ့နေမှာနားထောင်ရတာအရ သာ ရှိ တာ “ လို့ပြောရင်
အသံစူးစူးလေးဖြစ်အောင် ခို်င်းတာ။
ရှပ်သံများများထည့်ပေး။
“ကျုပ်တို့ ကအသံစွာနေမှ အားရတာ “ ဆိုရင် အသံကျယ်ကျယ် ကူးခိုင်းတာ။
ဆိုတာတွေ ကိုပေါ့။
သီချင်းကူး ပြီဆိုတော့ ကို်ယ့်ရှေ့က ဆရာတွေ က လုပ်ပြတာကို လိုက်မှတ်။
သူတို့ က အသံနမူနာချိန်ပြတာကိုကြည့်။
ကိုယ့်ဘာသာကိုယ်ပြန်ချိန်။
ပြီးရင် သီချင်းကိုနည်းနည်းအစမ်းသွင်း။
ကိုယ်သွင်းထားတဲ့အသံကိုပြန်ဖွင့်နားထောင်။
စိတ်တိုင်းမကျသေးရင် ပြန်ချိန်နဲ့ အလုပ်တွေရှုပ်ရပါတယ်။
သီချင်းလက်ရွေးစဉ်ကူး တယ်ဆိုတာက တကယ်လက်ဝင်တဲ့အလုပ်ပါ။
သီချင်းလာကူးတဲ့သူက သူနားထောင်ချင်တဲ့ သီချင်း တစ်ခွေစာရေးယူလာတာပါ။
အဲ တော့ သူ့ စိတ်ကြိုက်အစုံပါဘဲ။
တစ်ချို့ကလဲ အဆိုတော်တစ်ယောက်ထဲ
တစ်ချို့ကလဲ အဆိုတော်ပေါင်းစုံ။
အဲတော့လဲ သီချင်းအားလုံးကို သိနေအောင်ကြိုးစားရပါတယ်။
ခွေတစ်ခွေကူးတော့မယ်ဆိုရင် ပထမဆုံးလုပ်ရတာက အသံထည့်မယ့်
ကက်ဆက်ခွေ ကို သံလိုက်တုံးပေါ်တင်ပြီး အသံဖျက်ရ ပါတယ်။
အသံသွင်းတိတ်ခွေ ဆိုတာ အလွယ်မြင်သာအောင်ပြောရင် ကော်ပြားပေါ်မှာ
သံမူန့်လေးတွေ လောင်းထားတာပါဘဲ။
သံမူန်တွေပါတဲ့ တိပ်ပြားကို ဟက် (head) လို့ခေါ်တဲ့သံလိုက်တုံးလေးနဲ့ပွတ်ပေး ပြိး
အသံ ဆိုတာဖြစ်လာတာပါ။
သံလိုက်စွမ်းအင် သတ္တိပြပြီး အသံအဖြစ်ပြောင်းလဲယူတာဖြစ်ပါတယ်.။
တိတ်သားမျက်နှာပြင်နဲ့ဟက်လို့ခေါ်တဲ့ အတုံးလေးထိပြီး ပွတ်တိုက်မိတဲ့အခါမှာ
noise ဆိုတဲ့တရှပ်ရှပ်အသံလေးတွေ ထွက်လာတတ်ပါတယ်။
အဲတော့တိတ်သားမျက်နှာပြင်ကြီးလေလေ noise နည်းလေလေ
အသံပီသကြည်လင်မူ့ကပိုကောင်းလေလေပါဘဲ။
တိတ်သားမျက်နှာပြင်သေးလေလေ noise များလေလေဖြစ်ပါတယ်။
နောက်တစ်ချက်က မူရင်း တိတ်ခွေကြီး ထဲက နေ သီချင်းကူးတာ
အကောင်းဆုံးပါဘဲ။
မူရင်းခွေ လို့ခေါ်တဲ့ Master reel (မာစတာခွေ)ကနေထပ်ပွားပြီးကူးလိုက်တဲ့ခွေက
ထွက်လာတဲ့ အသံအရည်အသွေး(ကွာလတီ)က မူရင်းခွေလောက်
မကောင်းပါဘူး။
မာစတာခွေက နေ နောက်ထပ် ခွေကြီးထဲကို ကူးထည့်လိုက်ရင်
အသံအရည်အသွေးက နည်းနည်းတော့ကျသွားပါတယ်။
မူရင်းမာစတာခွေကို မမှီတော့။
မာစတာခွေက နေ ကက်ဆက်ခွေထဲ ကူး။
ကက်ဆက်ခွေက နေ တစ်ဆင့်ပြန်ကူးတယ်ဆိုရင် အသံအရည်အသွေးက
အတော်လေးကိုကျ ဆင်းသွားတတ်ပါတယ်။
ကက်ဆက်ခွေ ကနေ နောက်ထပ်ကက်ဆက်ခွေ ထဲကို ပြန်ကူးမယ်ဆိုရင်အသံ
ကကြည်ကြည်လင်လင်မရှိတာအမှန်ပါဘဲ။
ဒါကြောင့်လဲရှေးတုန်းက ခိုးကူးခွေ တွေကို လူတွေက အားမပေးကြတာပါဘဲ။
ရီစရာပြန်စဉ်းစားရင်တော့ ခေတ်ကြီးက တစ်ဆင့်ဆင့်ပြောင်းလဲရင်း
မူရင်း အတိုင်းပြန်ဖြစ်သွား တာကိုတွေးမိလို့ပါ။
သီချင်းအသံထွက်တဲ့ ဓါတ်လုံးခေတ်တော့ ကျနော်မမှိလိုက်။
ရှိတယ်ဆို တာ ကို ကြားဘူးရုံလောက်ပါဘဲ။
အပ်သွားနဲ့ခြစ်ပြီးအသံထွက်ရတဲ့ဓါတ်ပြားခေတ်ကို ကောင်းကောင်းမှီလိုက်ပါတယ်။
ဓါတ်စက်နားထောင်ချင်ရင် အပ်သွေးပေးရခဲ့တာကိုလဲမှတ်မိနေပါတယ်။
အပ်ဖျားနဲ့ဓါတ်သွားထိတော့ ဓါတ်ပြားက ကြာကြာမခံပေါက်သွားတတ်သလို
ဂျစ်ဂျစ်ရှဲ ရှဲ အသံတွေကိုပါ အဆစ် နားထောင်ရပါတယ်။
ခေတ်တစ်ဆင့်ပြောင်းတော့
ဓါတ်ပြားကနေ တိတ်ခွေအကြီးကြီး နဲ့ ဖွင့်ရတဲ့ တိတ်ရီကော်တာ ခေတ်ကိုရောက်လာပါတယ်။
အဲဒီတိတ်ခွေ ကြီး ခေတ်ကတော့ အသံကွာလတီမြင့်လာတယ် လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် လဲ noise ဆို တဲ့ ဆူညံသံလေးကတော့ မဆိုစလောက်ပါ ပါသေးတယ်။
အဲနောက်မှာတော့
တိတ်ခွေအကြီးကြီးခေတ်ကနေ တိတ်ခွေ သေးသေးလေးနဲ့ဖွင့်ရတဲ့ ကက်ဆက်ခေတ်ကိုပြောင်းပြန်ပါတယ်။
တစ်ခါ ကက်ဆက်ကနေ စီဒီ(CD) ဓါတ်ပြားခေတ်ကိုရောက်လာပြန်ပါတယ်။
နောက်တော့ ဒီဗီဒီ(DVD)
အဲတော့ဓါတ်ပြားက စလာ လိုက်တာဟိုပြောင်းဒီပြောင်းနဲ့ နောက်ဆုံး
ဓါတ်ပြား ပြန်ဖြစ်သွားပါတော့တယ်။
(အခုနောက်ပိုင်းမှာတော့ memory stick ဆို တဲ့ ကြေးပြားသေးသေးလေး
ပေါ်မှာ သီချင်းတွေ ဓါတ်ပုံတွေ ရုပ်ရှင်တွေ သိမ်းထားလို့ရတဲ့ အထိ ပြောင်းလဲသွားပြန်ပါပြီ)
စီဒီခေတ်မှာတော့ လေဆာခေတ်ဖြစ်တဲ့အတွက် တိတ်သားမျက်နှာပြင်နဲ့ပွတ်တို်က်မှူ့
မရှိတဲ့ အတွက် noise လုံးဝ ကင်းစင်ပြီးအသံထွက်ကောင်းလာပါတယ်။
အဲလို အသံ ထွက်ကောင်းရုံ တင်မကဘဲ ပြန်ပြီး ကော်ပီကူးရင်လဲအသံအရည်အသွေးက
မူရင်းအတိုင်းပြန်ထွက်လာပါတယ်။
အဲတော့ စီဒီ-ဒီဗွီဒီ ကေ န ဘယ်လိုဘဲ ထပ်ပွားပွား ထပ်ကူး ကူး မူရင်းအသံအတိုင်းပြန်ရပါတယ်။
ဒီလို အသံ အရည်အသွေးမပြောင်းတဲ့ အတွက်လဲ “ခိုးကူးခွေ”ဆိုတာကို ရှင်သန်ကြီးထွား
လာတာအမှန်ပါဘဲ။
************************************************************
အသံဖမ်းတယ်ဆိုရာမှာလဲ dead recording နဲ့ life recording ဆိုပြီး နှစ်မျုးိရှိပါတယ်။
ကျနော်တို့အသံကူးသလို ခွေ တစ်ခွေ ကနေ နောက်ခွေ ကို စက်တစ်လုံးနဲ့တစ်လုံး
ကြုးိတွေနဲ့ချိတ်ဆက်ပြီး ကူးတာကို dead recording (အသေကူး) လို့ခေါ်ပြီး
တီးဝိုင်းတွေ က တီးတာ အဆိုတော်က ဆို နေတာကို တိုက်ရိုက်အသံဖမ်းယူတာကိုတော့
Life recording (အရှင်ကူး)လို့ ခေါ်ပါတယ်။
ပြောရရင်တော့ တိုက်ရိုက်အသံဖမ်းရတာက ပိုပြီး ရှုပ်ထွေးသလို ပိုပြီးတော့လဲ
ပညာ ပါ ပါ တယ်။
ကျနော်တို့ ကူး တာ ကတော့ တိတ်ခွေထဲ က ရှိပြီးသားအသံကို
နည်းနည်းလေးပိုကောင်းအောင် အတိုးအကျယ် ညှိပေးရတာလောက်ဘဲရှိတော့
သိပ်ပညာပါလှတယ်လို့တော့ မဆို နိုင်ပါဘူး။
ဒါပေမယ့်လဲ စာရင်းအင်းတွေ နဲ့ သာ အလုပ်လုပ် လာခဲ့တဲ့ ကျနော့် အဘို့ တော့
လည်း အသစ်အဆန်း ဆိုတော့ စမ်း တဝါးဝါးဖြစ်မိတာအမှန်ပါဘဲ။
ပညာမပါဘူးဆိုပေမယ့် လည်း အချိန်အဆ တွက်ချက်မူ့ကတော့လိုပြန်ပါတယ်။
သီချင်းခွေ ဆိုတာက ထုတ်လုပ်တဲ့ နေရာတွေ မတူ သလို အသံအရည်အသွေးက
လဲမတူပါဘူး။
မူရင်းခွေ ကို က
ကျယ်တဲ့ခွေ ရှိမယ် တိုးတဲ့ခွေ ရှိမယ်
စူးတဲ့ခွေ ရှိ မယ် ထုံတဲ့ခွေ ရှိမယ်၊
အမျိုးမျုးိပေါ့.။
သီချင်းကူူးသူဆိုတာ ကလဲ ဟိုခွေ ဒီခွေ ထဲက သူကြိုက်တာကို လက်ရွေးစင်
ကူးတတ်တာများပါတယ်။
အဲတော့ ကျနော်တို့က ပြန်ကူးပေးတဲ့ခွေ မှာတော့ တတ်နိုင်သမျှ အသံ ကိုညီအောင်
ကူးပေးရပါတယ်။
မူရင်းသီချင်းခွေက အသံကျယ်နေရင်အနေတော်လောက်ဖြစ်အောင်အသံတိုး။
တိုးနေရင်အသံကိုချဲ့ပြီးကူးပေါ့။
ကက်ဆက်ခွေ တစ်ခွေထဲမှာ ရှိနေတဲ့သီချင်းတွေက အသံ အတိုးအကျယ် ညီနေမှ
နားထောင်လို့ အဆင်ပြေမှာကိုး။
ဒါက အသံကူးတဲ့အပိုင်း ပါ။
သီချင်းကူးပြီဆိုတော့ သီချင်းသိအောင်ကြိုးစားရပြန်ပါတယ်။
သီချင်းလွဲ ပြီး ကူးပေးလိုက်ရင် ပြဿနာကြီးပါတယ်။
သီချင်းအပြည့်အစုံမပါဘဲ ကူးပေးလိုက်ရင်လဲ ပြဿနာကြီးပါတယ်။
တစ်ခါမှာတော့ ကျနော် ကူးပေးလိုက်တဲ့သီချင်းခွေလေး က
နောက်နေ့ မှာ ပြန်လာပြီး ကွိုင်ပူပါတော့တယ်၊
ဖြစ်ပုံကတော့
…………………………………………
…………………………………………
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
12-9-2014
12 comments
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 11:25 am
ဟယ်။
ဒီ အပိုင်း အကြိုက်ဆုံးး
သများ ရ တန်း ၈ တန်းလောက်မှာ ဆို မန်းလေးသွားတဲ့သူကို ဘာမှ မမှာဘူးး
သီချင်းတွေ ရွေးပြီး ကူးခိုင်းတာ။
မှား ပါလာရင်လည်း စိတ်အရမ်းစိုးတတ်တာရယ်။
မန်းသီရိမှာပဲ ကူးတာများတယ်။
ဆိုတော့ မှီလိုက်တယ် ခေါ်မပေါ့။
ခုလို အသေးစိတ် လုပ်ပုံကိုင်ပုံတော့ ခုမှ ဖတ်ဖူးတယ်။
ကျေးကျေးပါ။
🙂
ကိုပေါက်(မန္တလေး)
September 15, 2014 at 12:15 pm
ဇီဇီရေ
မန်းလေးမှာတော့ မန်းသီရီရယ်လှိုင်းရယ်က နာမယ်အကြီးဆုံးနဲ့အကောင်းဆုံးပါဘဲ
အခုဆိုရင်ရန်ကုန်မှာတောင် ဆိုင်ခွဲတွေသွားဖွင့်ထားကြပါတယ်။
မန်းသီရိက တိုင်းရင်းသား သီချင်းတွေနဲ့ ခေတ်ပေါ်သီချင်းတွေစုံတယ်။
လှိုင်းကတေ့ ာ ဇာတ်ထုတ် ဇာတ်လမ်း ဆိုင်း တီးလုံး နဲ့ ရှေး က ရှားပါးသီချင်းတွေ ပိုစုံပါတယ်
ဒါနဲ့
သေတမ်းစာလေးစိတ်ဝင်စားတယ်နော်
Yae Myae Tha Ninn
September 15, 2014 at 11:37 am
ကူးတဲ့အခါ မာစတာထဲကို ဟာကို ဘေ့စ်များများထည့် ကူးပေးလိုက်ရင် ကူးခွေထဲမှာ များသွားရောပေါ့.. အဲလိုလား.. ဒါဆို မူရင်းအရသာပျက်သွားမှာပေါ့နော်… ကိုယ်ဘာသာ အိမ်မှာ ချိန်ဖွင့်လဲ ရတာကို… သိဘူးနော်… စိတ်ထင်တာ ပြောပြတာပါ… 🙂
ကိုပေါက်(မန္တလေး)
September 15, 2014 at 12:20 pm
ပြည့်ရှင်းမင်းကြီး ပြောတာ လဲ မမှားပါဘူး။
အခုခေတ်အမြင်နဲ့ပြောတာကိုး
အဲဒီခေတ်က ပြောတဲ့ အလုံးလိုက်ဖွင့် မှာနော်ဆိုတာက only cassett နဲ့ ဖွင့် မှာကို ဆို လိုတာပါ။
အဲဒီကက်ဆက်တွေက အသံအတိုးအကျယ်ကလွဲ ပြီး ဘာမှ လုပ် လို့ မရ ဘူးလေ။
ဒီတောာ့ စ ကူး ကတည်း က အဆစ် နည်းနည်းထည့် ကူးပေးလိုက်တာပေါ့။
နောက်အရင်ခေတ်က အသံဖမ်းစံနစ်က အခုခေတ်လောက်မကောင်းဘူးလေ။
အဲတော့ ရှေး ရှေး တုံးက ပုံ ပြင်လေး လို့ သာမှတ်လိုက်ပေတော့
ခင် ခ
September 15, 2014 at 11:46 am
အခွေကူးပုံလေးအဘေကာင်းတော့ ဗဟုသုတရတယ်ဗျ
ဒါနဲ့ ဘာလို့အဆိုတော် မလုပ်ခဲ့ပါလိမ့် ကိုပေါက်ရေ။
ကိုပေါက်(မန္တလေး)
September 15, 2014 at 12:21 pm
ကိုခ ရေ
အဆို တော် မလုပ် ဆို
ဆိုမှ မဆို တတ်တာကိုး
kyeemite
September 15, 2014 at 2:55 pm
.ကိုပေါက်အနုပညာလုပ်စဉ်အခါက အတွေ့အကြုံလေးတွေဖတ်ရတော့သတိရသဗျာ..
.ကက်ဆက်ပေါ်ခါစက အိမ်တိုင်းမရှိသေးတော့..အရပ်ထဲရှိတဲ့အိမ်က တရားနာဖိတ်..ကက်ဆက်ကို
.ကုလားထိုင်ပေါ်မှာတဘက်ခင်းတင်…လူတွေကအောက်ကတရိုတသေထိုင်ပြီးတရားနာကြ…
.ခုပြန်တွေးတော့ရီစရာ :k:
ကိုပေါက်(မန္တလေး)
September 15, 2014 at 3:51 pm
ကိုမိုက် အဲဒီကက်ဆက်တွေအကြောင်းက နောက်ပိုစ်မှာ ပါ မယ်
Yae Myae Tha Ninn
September 15, 2014 at 3:18 pm
ခွိ… လှောင်ခြင်းမဟုတ်ပါ.. ပြန်တွေးပြီး ရီစရာကို.. မျက်လုံးထဲ မြင်ပြီး… သဘောကျတာ… ဦးကြီးမိုက်ရော.. အဲလို လုပ်ဖူးလား… ????
ကိုပေါက်(မန္တလေး)
September 16, 2014 at 12:00 pm
အော် ရှေ း ခေတ် က အစစ ရှားပါးတော့
ဘောလုံးပွဲ ဆို လဲ ရေဒီယို ရှိတဲ့အိမ်သွားနားထောင်
သီချင်းဆိုလဲသူများ အိမ် က ဖွင့်ထားရင်နားထောင်
ကက်ဆက်ဇာတ်လမ်း ဘုရင် ကော်လိပ်ဂျင်နေဝင်းရဲ့ ဇာတ်လမ်းတွေ ဆို လဲ
ကက်ဆက်ရှိတဲ့အိမ်မှာ တစ်ရပ်ကွက်လုံး စု နားထောင်ကြရတာလေ
အမှတ်ရ စရာတွေပေါ့
လှောင်တယ်လို့ မထင်မိပါဘူး
Mr. MarGa
September 16, 2014 at 1:52 pm
ကက်ဆက်ခွေ ကိုတော့ နားထောင်ဖူးသေးတယ်
ခွေကူးပုံကတော့ လုံးဝ ကို မသိတာ
အခုမှ ရေရေရာရာသိတော့တယ်ဗျို့
ကိုပေါက်(မန္တလေး)
September 16, 2014 at 9:56 pm
အခု ခေတ်မှာ တော့ အဲ လို လုပ်စရာမလိုတော့ ဘူးလေ
ကွန်ပြူတာထဲ ထည့် ပြီး ကော်ပီလုပ်လို်က် ရင်ပြီးသွားရော