“သားဦးအရူး”
သားဦးအရူးတဲ့။ဒီစကားကြားဖူးကြမှာပါ။
ဘာကိုဆိုလိုတာပါလိမ့်။ သားဦးသမီးဦးတွေက တနေရာရာမှာ Crazy ရူးတတ်ကြတယ်လို့ များလား။( ဒါမှမဟုတ် )သားဦးရတဲ့မိဘ ၊ ဘိုးဘွား ၊ ဦးလေးအဒေါ်တွေ ကလေးနဲ့ပတ်သက်ပြီး အရူးအမူး ချစ်ကြတယ်လို့ ပြောချင်တာလား။
ကိုယ့်ကိုယ်တွေ့ကတော့ ဒုတိယအဓိပ္ပာယ်ပါ။
ရူးစရာသားဦးသမီးဦးကလည်း ရစရာမရှိတော့ `တူမဦး´လေးကို မွေးတုံးကရူးခဲ့ရပါတယ်။
ကျမတို့ မောင်နှမတွေထဲမှာ အကိုကအကြီးဆုံး။ သူအိမ်ထောင်ကျပြီး ယောင်းမက ကလေးမွေးဖို့ ရန်ကုန် တက်လာပါတယ်။ အဲဒီအချိန်ကျောင်းပိတ်ရက်ဆိုတော့ ကျမက နယ်မှာရှိတဲ့ အိမ်ကို ပြန်နေပါတယ်။
စက်တင်ဘာလရဲ့တနင်္လာနေ့တနေ့မှာ ယောင်းမသမီးလေးမွေးပြီဆိုတဲ့ ဖုန်းသတင်းရလိုက်ပါတယ်။ အမေကလည်း မြေးဦးလေးမွေးတာ သွားစောင့်နေတော့ အိမ်မှာ အဖေနဲ့ကျမ ၂ယောက်တည်း။ သတင်းကြားရုံနဲ့ အဲဒီတူမလေးကို ချစ်လိုက်တာ ၊ သူကလေးအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားပါတယ်။ အကျႌလေး ချုပ်ပေးရရင် ကောင်းမှာပဲဆိုပြီး အိမ်မှာရှိတဲ့ ပိတ်စလေးကို ကလေးအကျႌချုပ်ဖို့ ပြင်ပါတယ်။ ခက်တာက ကလေး သေးသေးလေးတွေကို အနီးကပ်မတွေ့ဖူးတာကြာတော့ ကလေးပေါက်စဟာ ဘယ်အတိုင်းအထွာရှိမယ် မမှန်းတတ် ပါဘူး။
ဒါနဲ့ဦးလေးကို အိမ်မှာ ကျမတို့ ငယ်ငယ်က အဖေဝယ်ပေးထားတဲ့ တတောင်လောက် ကော်ပတ်ရုပ်ကို ပြပြီး မွေးခါစကလေးဟာ အဲဒီအရုပ်ကိုယ်လုံးလောက်ရှိသလားလို့ မေးရပါတယ်။ ဦးလေးက အဲဒီအရုပ်ထက် နည်းနည်း ကြီးမယ်ဆိုတော့ မှန်းပြီး သူ့ထက်နည်းနည်းကြီး ညှပ်လိုက်ပါတယ်။ လည်ပင်းက ဝိုင်းဝိုင်းလေး ၊ လက်ကကြားဖူးနားဝ နဲ့ ဇီးကွက်အကျႌဆိုတာ ပခုံးနားလေးမှာ အတွန့်အတွန့် ထည့်ရတယ်ဆိုပြီး တပ်လိုက်တယ်။ နောက်ကွဲကလေးကို နှိပ်စေ့ ၄လုံးလောက်တပ်လိုက်တယ်။ အရုပ်မှာ ဝတ်ကြည့်ပေးတော့ အတော်လောက်ပါပဲ။ အကျႌချုပ်တာလည်း မတတ်တော့ ခပ်ရွဲ့စောင်းစောင်းလေး။ ကိုယ့်ဖာသာတော့ လှတယ်ထင်တာပဲ။ တနေ့တနေ့ အဲဒီအကျႌလေးကြည့်ပြီး တူမလေး အလာကို မျှော်ရတာအမောပါပဲ။
၂ပတ်လောက်နေတော့ အမေရယ် ၊ အကိုရယ် ၊ ယောင်းမရယ် ၊ တူမလေးရယ် သင်္ဘောကြီးစီးပြီး ပြန်လာ ကြပါတယ်။ သင်္ဘောဆိပ်မှာ ဆင်းကြိုပြီး ကလေးပေါက်စ နီတာရဲလေးကို မချီရဲဘူး။ အမေကလည်း နင်မချီတတ်ပဲ မချီနဲ့တဲ့ ၊ အမေသဲနေတာ။
အိမ်ရောက်လို့ ကိုယ်ချုပ်ထားတဲ့ အကျႌလေးထုတ်ပြတော့ အမေက ရီလိုက်တာ။ ကလေးက အကျႌထက်ကြီး နေတဲ့အပြင် ကျောမှာ နှိပ်စေ့တွေကတပ်ထားတော့ ပက်လက်ကလေးနေရတဲ့ကလေး ကျောနာမှာပေါ့တဲ့။ အနှီး ဖြူဖြူလေး ဖြည်ပြတော့ တူမလေးကို ဝတ်ပေးထားတဲ့ ဇီးကွက်အကျႌလေးက ကျောမှာကြိုးလေး ၂ချောင်းနဲ့ချည် ရတာ။ ဒါနဲ့ကိုယ့်အကျႌလေးကို ရှက်ရှက်နဲ့သိမ်းထားလိုက်ရရော။
အဲဒီနီတာရဲလေးက ဝလွန်းတော့ လည်ပင်းအရစ်အရစ်တွေ လက်မောင်းနဲ့ပေါင်က အရစ်တွေကြားမှာ အသားချင်းချင်းပွန်းပြီး နီရဲလာတယ်။ အရေပြားကလည်း စိုတိုတိုနဲ့ဆိုတော့ အနားကပ်ရင် ညှီစို့စို့အနံ့လေးရနေတယ်။ ဒါလည်းချစ်လွန်းလို့ နမ်းမဝဘူး။ သူ့အရေပြားပွန်းတာလေးတွေကို ဝိုင်အိုလက်ပေါင်ဒါပဲ ထည့်ပေးနေရတယ်။ တချို့က ကျောက်ပန်းအိုးကို သွေးပြီးလူးပေးရတယ်ပြောလို့ အဖေက ကျောက်ပန်းအိုးတခု ရှာလာတယ်။ အဲဒါကို ကျောက်ပျဉ်မှာ သွေးပြီးကလေးကို လူးပေးရတာ။(အဲဒီတုုံးက ကျမ ဆေးကျောင်းရောက်ခါစရယ်)
တူမလေးကို နာမည်ပေးဖို့လည်း တနင်္လာနံ က,ခ,ဂ,င တွေကို အဘိဓာန်ထဲက စာလုံးတွေ အကုန်ရေးချပြီး ရွေးရသေးတယ်။ မဟာဘုတ်တိုင်ကလည်း ထူရသေး။ နောက်ဆုံးတော့ သူကလေးရဲ့မျက်နှာချိုချိုလေးနဲ့ လိုက်အောင် `ချို´ လို့ ပေးခဲ့ကြပါတယ်။
ကျောင်းဖွင့်လို့ ရန်ကုန်ပြန်လာတော့ တူမလေးနဲ့ခွဲရတာ တော်တော်စိတ်မကောင်းဘူး။ ကျောင်းပိတ်တာနဲ့ နယ်ကိုပြန်ပြေးပြီး `ချို´ကလေးကို ကြည့်ရတာ။ ကလေးကလည်း ၃-၄လဆို အတော်ထွားပြီး သိပ်တတ်တာပဲ။ ကိုယ်ကလည်း အင်မတန်သင်ချင်တာနဲ့ ကလေးကလည်း ဉာဏ်ကောင်းပြီးတတ်လွယ်တာနဲ့တွေ့တော့ တနေကုန် ဆော့စရာရသလိုပါပဲ။ Cannon Camera အစုတ်လေးနဲ့ ဓာတ်ပုံလည်း ရိုက်လိုက်ရတာ တဖျပ်ဖျပ်။ အဲဒီခေတ်က Digital မဟုတ်။ Film ထည့်ရိုက်ရတာ။ Colour တော့ပေါ်ပြီ။ တခါ Film ထည့်ပြီဆိုရင် ကလေးကို ဟိုအကျႌလေး ဆင်လိုက် ၊ ဒီကစားစရာလေးကိုင်ခိုင်းလိုက်နဲ့ ဓာတ်ပုံပေါင်းကို မရေနိုင်ဘူး။
သစ်သားမြင်းရုပ်စီးတတ်ရင်လည်း ရိုက်လိုက်တာပဲ။ ပုခက်ကို ဒန်းလုပ်စီးတတ်ရင်လည်း ရိုက်လိုက်တာပဲ။ နွားနို့အိုးကြီးတူးသွားတာ ဇွန်းလေးနဲ့ မလိုင်တွေ ပြန်ခပ်ယူတုံး ကလေးက လာလုစားရင်း တခစ်ခစ်ရယ်နေတာလည်း ရိုက်လိုက်ပြန်ရော။ သင်္ကြန်ဆို ရေပူပေါင်းတွေ ပန်းကုံးတွေ ဆင်ပြီးရိုက်ရပြန်တယ်။ ကရင်နှစ်သစ်ကူးဆို ကရင်အကျႌလေးဆင်ပေးပြီး ရိုက်လိုက်ပြန်ပြီ။ မွေးနေ့ကျတော့လည်း Birthday Cake မှာ တနှစ်သမီးလေးကို ဖယောင်းတိုင်မှုတ်တတ်အောင် သင်ပေးပြီး မွေးနေ့ပုံ ရိုက်ရပြန်ရော။
သူ့အမေက နောက်တယောက်လည်း ကိုယ်ဝန်ရှိပြီဆိုရော ချို့ကို ကျမတို့ ညီအမတွေ အပိုင်ပဲ။ ကိုယ့်အိပ်ရာမှာပါ ခေါ်သိပ်လိုက်ကြတော့တာ။ ကလေးကလည်း အဒေါ်တွေနဲ့နေတာပဲ။ ဘယ်သွားသွားလည်းလိုက်တယ်။ ကိုယ်ဘာ ကျွေးကျွေးလည်း စားတာပဲ။ အဲဒီကလေးပေါက်စက ထမင်းကို လက်ဖက်နဲ့ကျွေးရင်သိပ်ကြိုက်။
ကျမတို့ အမေကလည်း သိပ်ပါးတာ။ သူ့သမီးအပျိုတွေကို အနှောင့်အယှက်ကင်းအောင် အပြင်ထွက်ပြီဆို စက်ဘီး နောက်မှာ ကလေးကို တင်ပေးလိုက်တယ်။ လူလည်း ကလေးအမေရုပ်ပေါက်ရော။ ကိုယ်တို့ကလည်း စက်ဘီးနောက် ကပါလာတဲ့ကလေးကို လမ်းမှာကဗျာလေးတွေ သင်ပေး ၊ မိုးပေါ်မှာ ငှက်တွေ့ရင် Bird ၊ သစ်ပင်တွေ့ရင် Tree ဆိုတာမျိုး တတွတ်တွတ်သင်တာပဲ။
`ချို ´က ဉာဏ်ကောင်းတော့ ဘာသင်သင် အတတ်မြန်တယ်။ အဲဒီအချိန် အောင်ကိုလတ်ရဲ့ခေါင်းလောင်းလေး တွေမြည်နေပြီ ဆိုတဲ့သီချင်းပေါ်တော့ သင်ပေးတာ ၂နှစ်သမီးလောက်မှာ ကောင်းကောင်းဆိုတတ်နေပြီ။
ဒီလိုနဲ့ မူကြိုထားတဲ့အရွယ်ရောက်တော့ မြို့ကလေးမှာ တကျောင်းတည်းရှိတဲ့မူကြိုကျောင်းမှာ ထားရတယ်။ မနက်ဆို အဖိုးက ကိုယ်တိုင်စက်ဘီးနဲ့ လိုက်ပို့ရတယ်။ ကလေးက ကျောင်းမသွားချင်ဘူး ဂျီတိုက်ရင် သူပူဆာရာ အရုပ်ဝယ်ပေး မုန့်ဝယ်ပေးရတယ်။
မူကြိုကျောင်းရဲ့ပထမဆုံးနေ့မှာ ကလေးကျောင်းက ပြန်ရောက်တော့ အဖိုးရော ၊ အဖွားရော ၊ အဖေအမေ ၊ အဒေါ်တွေရောဝိုင်းပြီး ကျောင်းမှာ ဘာသင်တုံးမေးကြတာ။ ကလေးက ဆရာမသင်ပေးတဲ့ ဘုရားရှိခိုးဆိုပြတော့ တနေရာမှာ `ယမင်းတွေနဲ့ကင်းကွိုင်´လို့ ကြားကြတယ်။ ဟာ ဆရာမဘာများသင်ပါလိမ့်လို့ နောက်တနေ့ အဒေါ်တွေ ကိုယ်တိုင်ကျောင်းလိုက်သွားမေးမှ ဆရာမက “ရန်ဘေးတွေလည်း ကင်းကွာ”လို့သင်တာပါလို့ ရှင်းပြတယ်။ အဲသလောက် သဲခဲ့ကြတာ။
ကလေးက ဆရာမသင်တဲ့ကဗျာ “မြေကြီးကို တူးကာယက် ၊ ညအခါမှာ လမ်းလျှောက်ထွက်၊လူတွေမြင်ရင် ကျနော့ကိုနှက်၊ အမြီးတန်းလန်းနဲ့ကြွက်” ဆိုပြီး လက်ကလေးကို တင်ပါးနောက်ပစ် ၊ တင်ကလေးဟိုဖက်ဒီဖက် ယမ်းပြရင် ချစ်လွန်းလို့ဆိုပြီး တယောက်တလှည့် ဝိုင်းနမ်းကြရသေးတယ်။
အဒေါ်တွေ အဲသလိုချစ်တာ ဘာဟုတ်သေးလဲ။
`ချို´ကလေး ၃လလောက်မှာ အအေးမိပြီးဖျားတယ်။နှာရည်တွေယိုပြီး နှာခေါင်းပိတ်နေတော့ ကလေးက နို့တိုက်ရင် အသက်ရှူမရလို့ နို့မစို့နိုင်တော့ပဲ ငိုတော့တာပဲ။ခမျာ ဗိုက်ဆာလို့ နို့လည်းစို့ချင်၊အသက်ရှူမရလို့ စို့မရနဲ့ သနားလွန်းလို့ ဘာလုပ်ရမှန်းကိုမသိတော့ဘူး။အဲဒီလိုဖြစ်နေတုန်း သူ့အဖေ ကျမအကိုက ဗြုန်းဆို ကလေးနှာခေါင်းဝကို ပါးစပ်နဲ့ အပ်ပြီး နှာခေါင်းထဲက နှပ်တွေကို စုပ်ယူပေးလိုက်တယ်။
ကျမဆို ဘေးကကြည့်ပြီး အော့ကနဲ ပြို့တက်မတတ်ဖြစ်သွားတာပဲ။အဒေါ်တွေ ချစ်တယ်ဆိုတာ မိဘချစ်တာကိုတော့ ဘယ်မီနိုင်ပါ့မလဲနော်။ကလေးလည်း အဲဒီတော့မှ အသက်ရှူရပြီး နို့ကောင်းကောင်းစို့နိုင်တော့တယ်။ ဒေါ်ကြည်အောင်ဆိုတဲ့ သားတို့ရုပ်ရည်ထဲက `မင့်ခူနာ မသတီလောက်စရာက ပြည်ပေါက်ခါ မြိုကာချရှာသည်´ဆိုတာကို ကြားယောင်မိတော့တာပါပဲ။
ချို ၁နှစ်ခွဲလောက်ကျတော့ နောက်ပြဿနာ တခုတွေ့ပြန်ရော။ကလေးက အမေနို့စို့ရာကနေ နို့ဘူးပြောင်းစို့တော့ ဝမ်းတွေချုပ်ပြီး ဝမ်းမသွားနိုင်ရှာဘူး။ဝမ်းတခါသွားဖို့အရေးကို ရှူရှူအိုးလေးမှာ ထိုင်ပေးရင် မျက်နှာလေးနီရဲလာအောင် ညှစ်နေရရှာတယ်။ ကွမ်းရိုးလေးနဲ့ ချူပေးတာလည်း မရဘူး။အဲဒီတုံးက ခုလို ဆပ်ပြာရည်ပူဖောင်းညှစ်ဘူးလေးတွေ မပေါ်သေးဘူး။အဲဒီအခါလည်း သူ့အဖေပဲ လက်သန်းကို ကျမတို့ မျက်နှာလိမ်းတဲ့ Nivea cream သုတ်ပြီး ကလေး စအိုထဲ အသာလေးထည့် စမြင်းတုံးကို နှိုက်ထုတ်ပေးလိုက်ရတယ်။
ဒါကြောင့် ကလေးအမေများ ကလေးတခါမွေးရင် ကလေးမစင်တဆယ်သားလောက် ပါးစပ်ထဲဝင်တယ်ဆိုလား ကြားဖူးတာပဲ။ အဲဒီကစပြီး ကျမတို့လည်း ချို့ကို နီဗီယာကျော် လို့ ဘိုနာမည်ပေးရမယ်ဆိုပြီး စကြရတယ်။
အဲဒီလို အဖိုးရော ၊ အဖွားရော ၊ အဖေအမေရော သာမက အဒေါ်ပါ ရူးခဲ့ရတာဖြစ်လို့ သားဦးအရူးဆိုတာ သားဦးကိုယ်တိုင်မဟုတ်ပဲ ဘေးကဆွေမျိုးတွေရူးတာပါလို့ ထောက်ခံချင်တာပါပဲ။
အော်…အနှစ် ၃ဝလောက်လွန်လာတဲ့ အခုချိန်မှာ တချိန်က ကိုယ်ငယ်ငယ်လေး ၊ ပိစိလေး ၊ နီတာရဲလေးလို့ ထင်ခဲ့ရ ချစ်ခဲ့ရတဲ့ ချိုကနေ နောက်ထပ် ပိစိလေး ၊ နီတာရဲသမီးလေးတယောက် မကြာခင် မွေးဖွားလာတော့မယ်။ ဒီတခါလည်း ဖွားလေးဖြစ်သွားတဲ့ကျမ ဇီးကွက်အကျႌလေးတထည် ချုပ်ရင်ကောင်းမလား ၊ ဝယ်ပေးရင်ကော်တွေနဲ့မို့ င့ါမြေးလေးယားမှာလား လို့ တွေးပြီး ရူးစပြုနေပြီဖြစ်ပါကြောင်း။
(ဒီစာကို ပုဆိုင်လေးနဲ့ သူ့ကြီးကြီးကေဇီ၊
ချစ်စရာ သားသားလေးနဲ့ ဖေဖေမင်း သုဝေ(တက်တူး)
ခွန်းချိုသဒ္ဒါလေးနဲ့ ဖေဖေ မင်းမော်တိုက်၊
မျက်မှန်လေးနဲ့မေမေ မွသဲ၊
မြတ်နိုး+သဒ္ဒါနဲ့ ဖွားဖွား မနှင်းပြုံး၊
အဖြူရောင်မီးတောက်ကလေးတွေနဲ့မေမေမှီ၊
မေမြတ်နိုးတို့မောင်နှမနဲ့ ဖေဖေဦးမိုက်၊
မီးမီးကြည်စင်နဲ့ မေမေအရီးလတ်၊
ကျန်ကျောင်းလေးနဲ့ ဖေဖေမောင်ဂီ၊
တုံလေး+ဘုံလေးနဲ့ မေမေနန်းတော်ရာသူ၊
ဂျူနိုလေးနဲ့မေမေမနိုဗွီ၊
နန္ဒာတို့မောင်နှမနဲ့ ဆူရှီလုပ်နည်းသင်တဲ့ ဖေဖေခေါင်၊
ရွှေအိမ်လေးတို့မောင်နှမနဲ့ ဖေဖေရွာစားကျော်၊
စပ်စုစိန်လေးနဲ့ ဖေဖေလုလင်၊
မှော်သားသားလေး ၂ယောက်နဲ့နှင်တံပျောက်တဲ့ ဖေဖေမှော်ဆရာ၊
မိကဲနဲ့ ပို့စ်တင်ဖို့ သမီးလွယ်အိတ်ထဲ ရည်စားစာရှာတဲ့ဖေဖေဦးပါ၊
ဒုတိယမျက်မှန်လေးတို့မောင်နှမနဲ့ ဂိုက်ပေးကြမ်းတဲ့ ဖေဖေဆာ၊
သမီးလေး ၂ယောက်နဲ့ ခိုင်ခိုင်၊
စကားတတ်တဲ့ သမီးလေးနဲ့သူရဇော်၊
မင်းစွမ်းလေးနဲ့ အလွန်ချောတဲ့ မေမေလှိုင်(The Winner)
အသံတောင်မပေးတော့တဲ့ သမီးလေးနဲ့ နွေးသီး၊
တရုပ်ပြည်က သမီးလေးတွေနဲ့ သမီးခါးသေးအောင်လှည့်ဖို့ ကြိမ်ကွင်းရှာနေတဲ့ ကိုရင်မောင်၊
ချင်ကျားပူက သားကလေးနဲ့ ငါးရိုးစူးတဲ့ မိုချို၊
သမီး၂ယောက်နဲ့ ပျောက်နေတဲ့ ထိုင်ဝမ်က ကိုအောင်၊နာမည်မသိတဲ့သမီးလေးနဲ့ကိုဝေဠု(Jonny Deer)၊
အဖေတူတယောက် အမေတူတယောက်သားကလေးများနဲ့ ဖေဖေဂျီး ကိုပီချို၊သံစဉ်ခိုင်လေးနဲ့ ဖေဖေသူကြီးတို့ကိုလည်း ရည်ညွှန်းပြီး ရေးပါတယ်)
21 comments
Ko chogyi
September 27, 2014 at 12:39 am
အပျိုကြီးက သားဦးအရူးအကြောင်းရေးတော့ ဘာပြောလို့ပြောရမှန်းတောင်မသိ
Bravo ပါအစ်မရေ အရေးအသားက မျောပါသွားတယ်
ကျွန်တော့်သားဦးလေးမွေးတုန်းကတော့
အမျိုးသမီးက မကွေးမှာပြန်မွေးတာ ကျွန်တော်က မြိတ်ကျွန်းစုထဲက ပုလဲကျွန်းမှာ
စိတ်ကူးနဲ့ပဲ ရူးခဲ့ရတယ်
အခုခေတ်လို viber တွေ Fb တွေက မပေါ်သေးတော့ ဘယ်လိုပုံလေးလည်းကိုယ်ဘာသာ
မှန်းဆလွမ်းရတာပေါ့ တယ်လီဖုန်းတွေက ရှားပါးချိန် ရေဒီယိုတယ်လီဖုန်းနဲ့ ခက်ခက်ခဲခဲသတင်းမေးရတာ
ရာသီဥတုမကောင်းရင် စက်သံအရမ်းတိုးလို့ဖုန်းချိတ်လို့မရ
သား အသက်လေးလကျော်မှပဲ သားနဲ့တွေ့ခွင့်ရပြီး ရူးခဲ့ရတယ်
နောက်ပိုင်းလည်း ရာသီဥတုရေမြေအနေအထားကြောင့် ခွဲနေရတာ
သားအသက် ၂ နှစ်ခွဲလောက်မှပြန်တွေ့တော့ စကားမပီကလာပီကလာနဲ့ သားကကျွန်တော်ကို တွေ့တွေ့ချင်းခေါ်လိုက်တာ ” ဘဘ ” တဲ့
padonmar
October 6, 2014 at 8:12 pm
ဘဘချို
အခုတော့ ကမာ္ဘပြားနေလို့ အသံလည်းကြား ရုပ်လည်းမြင်ခွင့်ရတာ တပန်းသာတာပဲနော်။
ဘဘချိုက သား၂ယောက်ဆိုတော့ ၂ခါရူးပေါ့နော။
ကေဇီ
September 27, 2014 at 7:24 am
ချစ်ဖို့ ကောင်းးးလိုက်တဲ့ အရေးး အသားးနဲ့ အာတီဒုံ…
:chit:
ဖတ်ရင်းး နဲ့ ဒင်းးဂလေးးး ကို မြင်ယောင်နေတုန်းးး
နောက်ဆုံးး စာကြောင်းးးကြည့်ပြီးးး အတော် ကြည်နူးးး သွားးးတယ်
အမျိုးထဲ ….
ပုဆိုင် မမြင်ဖူးတာဆိုလို့ ….
ကြီးချွိ ပဲ ကျန်တော့တယ် တဲ့!!
(သူ့ အဖွားက သူ့ အစား ချွဲ ပေးတာများ ပြောပါတယ်)
:kwi:
ကြီးချွိ နဲ့ တူတယ် ဆိုပြီးး ကိုယ့် မှာ ပါနေလိုက် တာများးး
၆ လ အတွက် ဝယ်ပေးးလိုက်တဲ့ ဝတ်စုံ ၃ လလောက်နဲ့ တော်တယ် ကြားးပြီးးး ကိုယ့်မယ် မမောနိုင် ထပ်ဝယ်တာ
“နင့် တူ လူပျိုပေါက် ဖြစ်ပြီ မှတ်နေလားးတဲ့”
ဇော်သန့် ထက်ကို ပိုချစ် မိသလို………
အဲလိုပြောမိလို့ သူ့ အဖေ က မမြင်ရသေးးပဲပြော သတဲ့။
ကေဇီ
September 27, 2014 at 7:32 am
ကြီးးကြီးး ဒုံ ရဲ့ ဓာတ်ပုံတွေ ကြည့် ပြီးး
အင်မတန် ဓာတ်ရိုက် ချင်တဲ့ ကြီးးချွိ အတူတွဲ မရိုက်ရသေးးတာ သူပဲ ကျန်။
:k:
စကားးမစပ်
ဒီ ပို့စ် ကို နောက် လ လောက်မှ တင် ရင် ပိုကောင်းးမယ်။
ဟိဟိဟိ
:k:
ဝင့်ပြုံးမြင့်
September 27, 2014 at 7:45 am
.မြေးဦးလေးအတွက် ရူးစပြုနေပြီပေါ့။ ဝမ်းသာပါတယ် တီဒုံရေ။ သားဦးသမီးဦးက ဘာနဲ့မှကို မတူတာနော်။ ကျမဆိုရင် ခုချိန်ထိ သမီး သူ့အဖေနဲ့ ဘယ်သွားသွား တာ့တာလို့ လက်ပြမနှုတ်ဆက်ရဲဘူး။ စိတ္တဇဖြစ်ပုံ ပြောပါတယ်။
kyeemite
September 27, 2014 at 9:26 am
.အာတီဒုံရူးတာလောက်တော့ ကြီးမိုက်က ပျင်းတောင်ပျင်းသေးတယ်လို့ပြောရမလိုပါပဲ
.သားဦးကလေးနဲ့ပတ်သက်ပြီး အရူးအမူး ချစ်ကြတယ်ဆိုတာအမှန်ပါပဲ
.မမွေးခင်ကိုယ်ဝန်ဆောင်ထားကတည်းက ကျုပ်ရူးတာ
.ကျုပ်သမီးလေးမွေးတုန်းက ရူးခဲ့ပုံများခုပြန်တွေးတော့ရီစရာ
.သားအလှည့်ကျတော့နည်းနည်းအိန္ဒြေရသွားပီဆိုပေမဲ့ ရူးတော့ရူးသေးတာပါပဲလေ
.အာတီဒုံ့အရေးအသားကိုလေးစားပါတယ်..
.ခုတစ်ခါအဖွားလေးရူးအုံးမှာကိုလည်း ကြိုမြင်ယောင်မိပါတယ် :chit:
Mr. MarGa
September 27, 2014 at 10:33 am
ကျနော်လေ
သားဦး အရူး ဆိုတာကို မယုံခဲ့ဘူးဗျ
အဲ.. ဒါပေမယ့်
ဟိုတစ်လောက အစ်ကိုတစ်ယောက် သမီးဦး ရလို့ သွားကြည့်တော့မှာ
သူတို့ ဖြစ်နေ ပျက်နေပုံကို ကြည့်ပြီး တကယ်ယုံသွားတယ်
အင်းးးး
သားသမီး ဆိုတာ ရတနာ လို့ ဆိုထားပေတော့လည်းး
ရူးလောက်ပါပေရဲ့ လို့သာ 🙂
pooch
September 27, 2014 at 10:39 am
အခု ကျမလည်း ၁၁ လသမီး မီကို နဲ့ အဒေါ်ရူးဖြစ်နေတယ်
အမေ့အတွက် မြေးဦး ဟိုဘက်ကလည်း မြေးဦး ကျမအတွက်လည်း အဦးဆုံး တူမ
တရုတ်-ဗမာ ချစ်ကြည်ရေးဆိုပြီး ကပြားမွေးထားတာ
ဖြူစွတ်လို့ တူမဆို မယုံကြဘူး 😥
ကလေးတွေက ငယ်တုန်း ပိုချစ်ကောင်းတယ်
ကြီးလို့ ပြန်ပြောတတ်ရင် ဒင်းလေးနဲ့ ရန်ဖြစ်ရအုန်းမှာ
အမေက ပြောတယ် နင်ဝဋ်လည်အုန်းမယ်တဲ့
အို ဘာပဲဖြစ်ဖြစ် လည်ကာမှ လည်ပဲ
Iris
September 27, 2014 at 10:52 am
အန်တီဒုံ ပိုစ့်ကို ဝင်ဖျက်ဦးမယ်.စိတ်မဆိုးပါနဲ့နော်။
ကိုယ်ကအလတ်ဆိုတော့..အဲ့လိုရူးတာတွေမကြိုက်ဘူး။ တစ်ယောက်ထည်းမွေးထားရင်ပြသနာမရှိပေမဲ့..ကျမတို့လို့အလတ်တွေရှိရင် မိဘတွေသတိပြုပြီးဆက်ဆံသင့်တယ်။ ငယ်ငယ်ကရင်ထဲကဒါဏ်ရာတွေကတော်တော်နဲ့မပျောက်ဘူး။ အကြီးဆုံးမို့လို့.အငယ်ဆုံးမို့လို့..အဲ့လိုခွဲခြားခံရတော့ တူမ အလတ်လေးကို စိတ်ပူနေတာ။ သူ့အဖွားနဲ့ အမေကိုတော့သတိပေးထားတာပဲ။
မြစပဲရိုး
September 27, 2014 at 2:04 pm
အရီး လဲ အလတ် ဘဲ အိုင်းရစ် ရေ့။
အဖေ့ ဘက်က အစ်ကို့ ကို အရမ်းသဲ ကြတာ။
အမေ့ ဘက်ကတော့ အရီး ကို ပိုပြီး ချစ်တယ်။
အပြင် လူ တွေ ကတော့ နီး နီး နေ တာ နဲ့ ဆိုင် မယ်ထင်ပါရဲ့။
ဦး ဦး နှောင်းနှောင်း ကိုယ့်လက်ပေါ် ကြီးလာတာလေး ကို ပိုပြီး သံယောဇဉ် ကြီးတာပေါ့။
မိဘ ဘက် ကလဲ အစ ဦး မွေး တဲ့ ဟာလေး မို့ အသစ်အဆန်း ဖြစ်ပြီး အချစ်ပို ခဲ့တာ နေမှာပါ။
နောက် ဟာလေး တွေ ကျ ရူးတာကို ခံစားဘူး သွားတော့ မဆန်းတော့တာပေါ့။
ဒါပေမဲ့ သားသမီး အားလုံး အပေါ် ညီမျှ နေအောင် ပြဖို့ အရေးကြီး တာ ကို လက်ခံပါတယ်။
တစ်ချို့ကလေး တွေ က အဲဒီ ကနေ ဆိုက်ကို ဖြစ်ခဲ့တာဘဲ။
ကိုပေါက်(မန္တလေး)
September 27, 2014 at 10:57 am
သား ဦး အရူး ဆိုတာက တော့ ပထမ ဆုံး ကလေး ရ တဲ့ အိမ်က မိသား စု ကို ညွန်းတာပါ
ကျုပ်တို့ ကတော့ အဖြစ်မရှိလို့ ကိုယ်တိုင်ကလေးမွေးမထားတော့ တူ တွေ တူ မ တွေ ကိုဘဲ ရူး ခဲ့ ရတာ။
အခု တော့ ကိုယ်ရူးခဲ့ တဲ့ ကလေးမလေးေ တွ ကိုယ်တိုင် ကလေး အမေ ဖြစ် လို့ နေပါ ပေါ့
Myo Thant
September 27, 2014 at 11:05 am
မှန်တာပြောရရင် ကလေးစ ရတော့ ဒပ်ဖရင် မွေးခန်းအဝကနေ ဘာလေးလဲ လို့ မေးလိုက်ချိန်မှာ သူနာပြုဆရာမက မိန်းကလေးလို့ ပြောလိုက်တော့ ဟင် ကနဲဖြစ်ခဲ့ဘူးတယ် ၊
ကိုယ်က သား လိုချင်တာကိုး ၊
ဒါပေမယ့် ကျနော့်အမေအတွက်တော့ တကယ့်ကို မြေးဦးအရူးပါပဲ ၊
ချွေးမနဲ့ မတည့်ပေမယ့် ကလေးကို ချစ်လိုက်တာ အမော ၊
သမီး တစ်နှစ်အရွယ်မှာ အမေက သူနဲ့အတူအိပ်ဖို့ကို ခေါ်ထားတော့တာပဲ ၊
အခု တတိယမြေး ယောကျင်္ားလေးကိုကြတော့လည်း လွန်ခဲ့တဲ့ အနှစ်သုံး – လေးဆယ်က မျက်လုံးလေးတွေဆိုပြီး သည်းပြန်ရောဗျာ ၊
Myo Thant
September 27, 2014 at 2:15 pm
( ကျနော် သားအပေါ် ဘယ်လို ရူးခဲ့တယ်ဆိုတာ သိစေချင်လို့
ဒီကဗျာလေး ပြန်တင်ပေးလိုက်ပါတယ် အာတီဒုံ ခင်ဗျား )
ဇွန်လ ၁ ရက် မိုးရေစက်တွေကြားမှာ
လူဖြစ်လာခဲ့တဲ့သားလေ
ဒေါ်စံမေရဲ့ မြေး
မျိုးသန့်လေးအတွက် ရတနာ
လောကအလယ်မှာ
အသန့်အကောင်းတွေနဲ့ စံရဖို့
အဖေတို့ကြိုးစား
၁ နှစ်သားကတည်းက
အပေါ်ထပ်မှာ အဖွားနဲ့အိပ်
တိတ်ဆိတ်ခြင်း မဲ့ခဲ့တဲ့ အဖေတို့အိမ်ထောင်ရေးကြားမှာ
သားဟာ လူကြီးလေးပမာ နေတတ်ခဲ့တယ်နော်
အရွယ်အတော်ရောက်လာပြီးတဲ့နောက်
ကျောင်းအပ်ရတဲ့အခါ Smart School မှာထား
သားကို သူများထက်သာစေချင်ခဲ့တယ်
သား စာရေးနေတဲ့အခါ
အဖေ့ခမျာ အမောတွေပျောက်
လူလားမြောက်တဲ့အထိ
အဖေ အားတွေရှိနေအောင်ဆုတောင်းမိတယ်
မင်းအမေ ဒူဘိုင်းမြေကပြန်လာတဲ့အခါ
ပါလာတဲ့လက်ဆောင်ပုံတွေကြား
ငါ့သားပျော်နေတာမြင်တော့လည်း
ဪ သူ့အမေပဲ လို့ ဖြည့်တွေး
အမေတည်းတဲ့ဟိုတယ်ဟာ
သိပ်မိုက်တာပဲအဖေရာ တဲ့
ဟိုတယ်နဲ့အိမ် ကွာခြားမှု
မိသားစုရဲ့ အဓိပ္ပါယ်
သား တစ်နေ့ နားလည်လာလိမ့်မယ်
၄ တန်းဆိုတဲ့အရွယ်ကျော်လာတော့
ICEC မှာထား
ကျောင်းလခ ငါးသောင်း ကျောင်းကားခ တစ်သောင်းခွဲ
ဘာအကြောင်းလည်း သားရယ် သားအတွက်ပဲကွယ်
အဖွားရယ် အဖေရယ်က အမေမဲ့သားအတွက်
အစစ အဆင်ပြေရေး ကြိုးစားပေးနေတယ်လေ
ညနေကို ဈေးဝင် သားစားချင်မှာလေးတွေဝယ်
အိမ်မရောက်ခင် တစ်ထောက်နား
၂ ပက်ထက် ပိုမများပါဘူးကွာ
ညစာဆိုတာစားအပြီး အဖွားကြီးနဲ့မင်းက တီဗီရှေ့
အဖေကတော့ မီးဖိုချောင်ဝင်
နောက်တစ်နေ့အတွက် ချက်ပြုတ်ထား
ကျောင်းကားလာတဲ့ ၆ နာရီ
ကဗျာကသီ နှိုးစရာမလိုတဲ့သား
မင်း ကျောင်းသွားပြီးမှ အဖေရေချိုး
သဝေထိုးစရာမရှိ ပျင်းအိအိ
၈ နာရီမှာ အိမ်ကထွက်
လှည်းတန်းဘက်မှ သံလမ်းဆီ
ရုံးမရောက်မီ လဘက်ရည်သောက်
ဒီလိုနဲ့ ညနေပြန်ရောက်ပြန်
စက်ရုပ်ဆန်တဲ့ ထူးမခြားနားနေ့တွေကြား
တောင်တောင်အီအီလည်း မစဉ်းစား
အမိမဲ့သား ရေနည်းငါး ဆိုတဲ့စကား
ငါ့သားအတွက် မဖြစ်စေရ
အချစ်တွေက သားအပေါ်
အများမော်သလို မော်စေရမှာမို့
အဖေ့သား ဘယ်တော့မှ ရေနည်းငါး ဖြစ်မလာ
အဖေ့ကိုသာ ယုံလိုက်ပါ ။
မြစပဲရိုး
September 27, 2014 at 1:53 pm
တော်ပါ့ အစ်မဒုံ။
တကယ်ဘဲ သများတို့ ကို သတိရလို့လား။ ဟွန့်။
. မြေးအနှစ် နီတာရဲ သမီး လေး နဲ့ သံယောဇဉ် အဖြူရောင်မီးတောက်လေး ကို လက်ထိုးခံဖို့ စောင့်နေပြီပေါ့။ (စီဒီ – မှီ)
ဒီတော့ စကားနာ မထိုးလိုတော့ ပါဘု။
သများတုန်းကတော့ ဆရာဝန် ကို ဘာလေးလဲ ကြို မသိချင်လို့ မပြောပါနဲ့ လို့ ပြောခဲ့တာ။
ကိုခ ရေးတဲ့ “ဖဲပွတ်” တဲ့ အရသာ ကို စွဲနေလို့။
တကယ်တော့လဲ ဘာလေးဖြစ်ဖြစ် ကိုယ့်သွေး ဘဲ။ ချစ်ရမှာကိုး လေ။
ရူးတာကတော့ ကလေးဘာလုပ်လုပ် မှတ်တမ်း တင်တော့တာဘဲ။
ဒစ်ဂျစ်တယ် အစဦး မို့ ဗီဒီယို ရော၊ ဓာတ်ပုံ တွေရော ပုံနေတာဘဲ။
ကလေးမွေးပြီးတာနဲ့ သူ့ အဖေ က ပိုပြီး ဝေးတဲ့ နေရာကို အသိုက်ပြောင်း။
ကိုယ်က ပိစိ လေးနဲ့ အမေ့အိမ် မှာ နေ။
ကလေး ၆လ မပြည့်ခင် လေး ပြန်လာခေါ်။
ပြောစရာ သမိုင်းလေး ကျန်ခဲ့တာက။
ကလေး က အတော်ရီရတယ်။
အမျိုး ဖြစ်ဖြစ်၊ တစ်စိမ်းဖြစ်ဖြစ် ယောကျာင်္းကြီး တွေ ချီဖို့ ထိဖို့ မပြောနဲ့ အသာကြည့် ရုံ နဲ့ တင်ဘဲ ဗြဲ ကနဲ ငို ရော။
မိန်းမ တွေ ကျတော့ ချီ လဲ ရ တယ်။
သူ့ အဖေ ပြန်လာခေါ်တော့ လေဆိပ် ကို သွားကြို ကြရော။
အဖေ က သူ့နာမည် ခေါ်ပြီး ချီဖို့ လဲ လုပ်ရော ပြုံး ရီ ပြီး ကို ချက်ခြင်း ထိုးလိုက်သွားတာ။
အမေ့ ကိုတောင် ပြန်မကြည့်တော့ဘူး။
အားလုံး က စိုးရိမ်နေတာ အဖေ တော့ သူ့ကို မြင်ပြီး ငို ရင် စိတ်မကောင်း ဖြစ်တော့မှာ လို့လေ။
သွေး က စကားပြောတာကိုး ဘာညာ ပြောကြတယ်။
တကယ်တော့ ဘယ်ဟုတ် မလဲ။
သများ က ကလေး ကို သူ့ အဖေ ပုံ ကို တစ်ချိန်လုံး ထိုးပြနေတာ ကိုး။ ဟိ။
နောက်ပြီး ကလေး ဗိုက် ထဲ မှာတုန်း က အဖေ က အားတိုင်း သူ့ ကို စကား ပြောနေခဲ့တာ လဲ ဆိုင်နိုင်မလားဘဲ။
ကလေး တွေ က ဗိုက်ထဲ မှာထဲ က အပြင်က အသံ တွေ ကို မှတ်မိတယ် ဆိုတာမို့ အသံ ကို နားယဉ် ပြီး နေတာလဲ ဖြစ်နိုင်ပါတယ်။
ကလေး မူကြို စတက် တဲ့ နေ့ က သူ့ကို မထားခဲ့ရက် ဘဲ အဲဒီ ကျောင်းနားမှာ တလည်လည် စောင့် နေ တဲ့ မိန်းမ တစ်ယောက်လဲ ရှိခဲ့ပါ့။
သူတို့ ကတော့ ဘယ်သိပါတော့ မလဲ။
ကိုယ်ငယ်တုန်းက လိုပေါ့။
ကိုယ့်တုန်း ကလဲ အစ်မဒုံ လို အဒေါ်အပျို ကြီး တွေ နဲ့ နေခဲ့ရတာပါ။
အဖေ အဝေးသွားတိုင်း အမေ က လိုက်သွားရင် အဖွား နဲ့ အဒေါ်တွေ ရောက်လာပြီး စောင့်ရှောက်ခဲ့တာ။
ကိုယ်ကလဲ ကျောင်းပိတ် ပြီဆို သူတို့ ဆီ သွားလည် တော့တာဘဲ။
အဲဒီမှာ အစား တွေမှ မပြတ်အောင် ကျွေးတော့တာ။
နောက် မှတ်မိသေးတယ်။
အဒေါ် တွေ အစိုးရိမ် ကြီးပုံများ။
ညဖက် ဆို သူတို့ နယ်က အိမ်နား ကင်းတဲ မှာ ဂစ်တာတီး ပြီး သီချင်းဆို တတ်ကြတယ်။
ဂစ်တာသံ စ ပြီ ဆိုတာ နဲ့ ကောင်မလေး တွေ ကို အိမ်က ရှိသမျှ အရှေ့ တံခါး တွေ ပိတ်ခိုင်း တော့ တာဘဲ။
ဘယ် သကောင့်သားမှ သူ့ရို့ တူမ ကို မိတ်ဖွဲ့ခွင့်၊ စကားပြောခွင့် မရှိရ အောင် စောင့်ပါတယ်။
တကယ်တော့ သများလဲ အဲဒီ ဂိုဏ်းဝင် ဖြစ်ခဲ့ လု ဆဲဆဲပါလေ။
သူတို့ ကို လွမ်းတောင်သွားပါ့။
အခု များ တော့ သူရို့မှာ အဝေး က မြေး တွေ ထိန်း မရတော့ အနီးက နီးစပ်ရာ ကလေး တွေ ကို ခေါ်မွေးပြီး ပျော်ရွှင်စွာ အပူရှာ နေသေးပါကြောင်း။
တော်သေးပြီ အစ်မဒုံ။
ရင်တွင်းဖြစ် တွေ များတွားတယ်။ lol:-)
ချို တစ်ယောက်သမီးလေး ကို ကျန်းမာ ချမ်းသာစွာ မွေးဖွားနိုင်ပါစေ။
လောကကြီး ကို အကျိုးပြု မဲ့ သမီးလိမ္မာလေး နောက်တစ်ယောက် တိုးလာမှာ ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆို နေကြတာ ကို ပြောပေးပါ အစ်မ ရေ့။
သတင်းလေး တွေ ဆက်ပေးပါဦး။ :))
အလင်းဆက်
September 27, 2014 at 2:24 pm
ဖွေးဖွေးရယ်…
Ma Ma
September 27, 2014 at 9:05 pm
ကိုယ့်တုန်းကတော့ တူမအကြီးဆုံးလေးမွေးတုန်းက တူမလေးက ချစ်ဖို့ကောင်းလိုက်တာလို့ တွေ့တဲ့သူတိုင်းကို လိုက်လိုက်ပြောလို့ အမေက နင့်တူမမို့ နင်ချစ်ဖို့ကောင်းတယ်လို့ ထင်တာ သူများကို လိုက်မပြောနဲ့ ရှက်စရာကြီးလို့ ပြောတယ်။
အမေပြောလို့ နောက်ထပ်မပြောရဲပေမယ့် စိတ်ထဲကတော့ လက်မခံချင်ဘူး။
ကလေးကတကယ်ပဲ ချစ်စရာကောင်းတာလား။ ကိုယ်ကပဲ ကိုယ့်တူမမို့ ချစ်တာလားလို့ အမြဲပဲတွေးမိနေတယ်။
နောက်နှစ်ပေါင်းများစွာကြာမှပဲ ကိုယ်အရူးထခဲ့တာပါလားလို့ အမြင်မှန်ရတော့တယ်။ 😀
မြစပဲရိုး
September 28, 2014 at 4:23 pm
တကယ်တော့ ကလေး တိုင်း က သူ့နည်းသူ့ဟန် နဲ့ ချစ်ဖို့ကောင်းကြတာချည်းပါဘဲ ချစ်မမ ရယ်။
ကိုယ့်သွေး ကိုတော့ ပိုပြီး ချစ်ရမှာပေါ့။
Fair Enough ပါ လေ။
:))
kai
September 28, 2014 at 2:00 am
“သားဦးအရူး”ဆိုတာနဲ့.. အဓိပ္ပါယ်လုံးဝကောက်လွဲသွားနိုင်တာတွေ.. တော်တော်များများပေါ်လာတယ်..။
သားဆိုတာ..သားယောက်ျားလေးလား..။ သားသမီးလားဆိုတာ.. တခု…။
အရူးဆိုတာ.. တကယ်ရူးတာလား..။ ရူးရူးမူးမူးဖြစ်ကြတာလား..။ တခု..
အဲဒီမှာ ပြုသူ၊ ခံရသူ မပါတာမို့.. ဘယ်သူက..ဘယ်သူ့ကို ဆိုတာကလည်းတခု..။
အဟမ်း..
တော်ကြာ ဟိုပုဂ္ဂိုလ် ကျုပ်စကားဖြတ်ညှပ်တောက်လုပ်ပြီး.. မောင်ရစ်ဆီဆောင်းပါးတခုပို့နေဦးမယ်..။
ဆိုလိုတာက..
သားသမီးအဦး(ပထမမွေး)မှာ.. ဆိုင်ရာမိသားစု.. ရုးရုးမူးမူးဖြစ်ကြပါသည်ပေါ့..။
တခြား သားဦးနဲ့ပတ်သက်တဲ့.. ဆိုရိုးလေးတွေရှိသေး…
စနေသားဦး မြေမှာလူးကြရသတဲ့. – သားဦးစနေ ဂြိုဟ်မွေ.. မီးလိုမွှေသတဲ့…။
အဲလို.. အဲလို.. ပေါက်တပ်ကရတွေလည်းရှိကြောင်း…
အဲဒါနဲ့ပါတ်သက်တဲ့.. ဆောင်းပါးတပုဒ်..
http://myanmargazette.net/77615
မှာ ရွှေအိရေးတင်ဖူးကြောင်း…
ဆိုတော့…။
သမီးပိပိ.. မွေးတော့.. ဆေးရုံမှာ ဘယ်ညီအကို.. ဘယ်အဖိုးအဖွား.. ဘယ်အမျိုးမှဘေးမှာမရှိ..
မွေးရက်စေ့တော့.. ဆေးရုံကားမောင်းသွားပြီး.. သွားမွေးလိုက်တာ..။
အခု… အရီးပဒုမ္မာစာလေးဖတ်ရတော့မှ.. သမီးလှမ်းကြည့်လိုက်တာ..
… ၆နှစ်တောင်ကျော်နေပါပေါ့…။
သွားနမ်းလိုက်ဦးမယ်.. :k:
Yae Myae Tha Ninn
September 29, 2014 at 2:59 pm
အဲလို မဖြစ်ရအောင်… အမြွှာပူးမွေးမယ်… တယောက်ထဲတော့ ငေါင်တယ်… မောင်နှမ ငတ်တယ်… ၂ယောက်မွေးတော့ ပထမ တယောက်က အချစ်ခံရတယ် ဘာညာဖြစ်တယ်… ရှုပ်တယ်… တခါတည်း အမြွှာပူး မွေးလိုက်မယ်… တွက်ခြေလဲ ကိုက်တယ်… ဟီး… အဖေနဲ့ အမေလဲ မျှသွားတာပေါ့.. တယောက်တည်းဆို သူချီမယ်.. ငါချီမယ်နဲ့ ဖြစ်နေမယ်… 🙂
Crystalline
September 29, 2014 at 3:48 pm
ကိုယ်တိုင်လည်း ဓာတ်ပုံရိုက်တယ်ဆိုတဲ့ တီဒုံတူမလေးထင်တယ်… ကိုယ်တိုင်က အထွေးဆုံးဆိုပေမယ့်.. မိဘ..မောင်နှမကို သိပ်မခင်တွယ်ခဲ့သလို.. တူတူမတွေကိုလည်း ထိုနည်းတူပဲ.. :))
padonmar
October 7, 2014 at 12:59 am
ကိုပီချို၊ကြီးကြီးချွိ ၊မလတ်၊မယ်ပု၊လီလီ၊သကြား၊ကိုမျိုးသန့်၊ဦးမိုက်၊
မျှစ်ကြော်ပြုံး၊ဆက်ဆက်၊သူကြီး၊ရေမြေ့သနင်း၊မယ်ခွစ်၊ချစ်မမ…
ပို့စ်တင်ပြီး မအားတာနဲ့ စကားမပြန်နိုင်ဖြစ်နေတာ ခွေးလွှတ်ကြပါ။
တကယ်တော့ ဒီတူမလေးက အဦးဆုံးမို့ သဲသဲလှုပ်ခဲ့ရတာပါ။ နောက်တူတွေတူမတွေကျတော့လည်း သူ့လောက် မသည်းနိုင် မရူးနိုင်တော့ပေမယ့် ချစ်ရတာပါပဲ။
ကြီးလာတော့ ပိုလိမ္မာတဲ့ ကလေးကို ပိုချစ်မိပြန်ရော။ဒါက ဘေးလူမို့လို့ ကိုယ့်ပေါ်သိတတ်လိမ္မာတာကို အမှတ်ပေးချစ်မိတာဖြစ်မှာ။
မိဘကတော့ လိမ္မာသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ၊သူချစ်ချင်တဲ့ သားသမီးကို ပိုချစ်မှာပါပဲ။
လီလီပြောသလို ရင်ထဲက ဘယ်လို ပိုချစ်သော်လည်း ကလေးတွေ စိတ်မှာ ဒဏ်ရာမရဖို့ ဆင်ဆင်ခြင်ခြင် ချစ်ကြဖို့ လိုတယ်ဆိုတာ ဝန်ခံပါတယ်။
………
မလတ်ရေ၊
မြေးဦးလေးကတော့ လူ့လောကထဲ ချောချောမောမော ရောက်လာပါပြီ။
အနားမှာ နေကြတာ မဟုတ်လို့ ပုတီးကိုချ မြေးကိုမ မလုပ်နေပါဘူး။
Viber တို့ Skype တို့ကနေ ကလေးကို မြင်ရချစ်ရတာပေါ့။
ခုခေတ်ကလေးများ တော်တော် လူဖြစ်မြန်တယ်နော်။
ဟိုတုံးက ကလေးတွေဆို တပတ်လောက်ထိ သူတို့မျက်စိက အရာဝတ္ထုကို မကြည့်တတ်သေးဘူး။အခု ကလေးလေးက မွေးပြီး ၃-၄နာရီမှာ ရိုက်ပြတဲ့ ပုံထဲ မျက်စိဖွင့်ပြီး လိုက်ကြည့်နေပြီ။
Skype video chatting မှာ ဒီဖက်က အသံပေးရင် သူက လိုက်ကြည့်နေတယ်။
ကလေးရဲ့ Middle name ကို ဧရာဝတီ လို့ ပေးထားတယ်ဆိုတာနဲ့ ဧရာဝတီ ပါတဲ့ သီချင်းတွေ စုနေတယ်။….အဟိ
တူမက Don’t post on FB ဆိုလို့ ငြိမ်နေရတယ်။
သူမကြားအာင် ကိုယ့်ရွာထဲလာအော်တာ၊ ပြောသာပြောရတယ်။သူကလည်း ရွာသူဟောင်းဆိုတော့ လာဖတ်ကြည့်ရင် တွေ့သွားမှာ။ 😀