“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၇” (သီချင်းလှိုင်းစီးသောကာလများ ………………)
“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၇”
(သီချင်းလှိုင်းစီးသောကာလများ ………………)
သေသေချာချာစဉ်းစားမိတဲ့အခါမှာတော့ ကျွန်တော်တို့ အားလုံးက
ကိုယ့်မှာရှိတဲ့အစွမ်းအစ ကို ထုတ်မသုံးကြဘူးဆိုတာသိလာပါတယ်။
အခက်အခဲ တစ်စုံ တစ်ရာပေါ်လာတဲ့အခါမှာ
“ငါမလုပ်နိုင်လောက်ဘူး ထင်တယ်” ဆိုတဲ့အတွေးက
အရင်ဆုံးခေါင်းထဲရောက်လာတတ်တယ်လို့ထင်မိပါတယ်။
အဲတော့သူများကိုအားကိုးမိပါတော့တယ်။
ကျနော်လဲ ဒီလိုဘဲပေါ့။
မသိဘူးဆိုရင် သူများမေးလိုက်ရတာဘဲဆိုတဲ့
ခပ်ပေါ့ပေါ့အတွေးနဲ့နေခဲ့မိတာကိုး။
အဲတော့သူများပညာပေးတာကိုခံလို်က်ရတာပေါ့။
ကိုယ်ညံ့တာကို တော့ မမြင်ဘဲ ပညာပေးလိုက်သူကို
စိတ်တွေလုပ်တော့တာပေါ့။
တကွေ့တော့တွေ့မယ်ဆိုတဲ့စိတ်မိုက်စိတ်ရိုင်းတွေနဲ့ပေါ့။
ဒါပေမယ့်သေချာပြန်စဉ်းစားမိတော့ကိုယ့် အလုပ် ကိုယ့်တာဝန်
ကိုယ်မကျေ လို့ ခံလိုက်ရတာဘဲလို့ သဘောပေါက်တဲ့အခါမှာတော့
သူများကို မကျေနပ်စိတ်တွေလျော့ပါးခဲ့ပါတယ်။
ဒါကလဲ ချက်ခြင်း အသိတရား ရသွားတာမဟုတ်ပါဘူး။
လပေါင်းအတော်ကြာမှ ဒီအသိတရားဝင်လာတာပါ။
ကျနော်အလုပ်ကနေအိမ်ပြန်တဲ့အခါမှာ အိမ်စာယူပြီးပြန်ပါတယ်။.
ခွေနံပါတ် (၁) ကနေ ( ၅) အထိ မှာ ပါတဲ့သီချင်းတွေကို စာအုပ်တစ်အုပ်နဲ့
ကူးသွားပါတယ်။
အိမ်ရောက်တဲ့အခါ ကလေး စာကျက်သလို အဲဒီခွေတွေမှာပါတဲ့သီချင်းနာမယ်တွေ
ကိုအလွတ်ရအောင်ကျက်ပါတယ်။
အဖိတ်နေ့ဆိုရင် ဆယ်ခွေစာယူသွားပါတယ်။
နှစ်ရက်စာအိမ်စာပေါ့။
အစကတော့ ဟုတ်နေတာဘဲ။
တစ်ရက် (၅)ခွေ။
ကြာတော့စိတ်ထဲမှာရောထွေးလာတော့ကျက်လိုက်မေ့လိုက်။
တစ်လကျော်ကျော် နှစ်လနီးပါးမှာတော့ အားလုံးကိုအလွတ်မရတောင်မှ
အတော်များများကို ကျနော်သိလို့ လာတာအမှန်ပါဘဲ။
ဒါပေမယ့် သီချင်းသာဘယ်နေရာမှာ ရှိတယ်ဆိုတာသိပေမယ့် သီချင်းကတော့
နားမထောင်ဘူးသေးလို့မသိသေးပါဘူး။
နောက်တော့ကျနော်ပုံစံတစ်ခုထပ်ပြောင်းပါတယ်။
ကျနော်တို့ သီချင်းကူး ဘို့ခွေ တွေက စင်လေးတစ်ခုပေါ်မှာတင်ထားပါတယ်။
အဲဒီခွေတွေထဲက ကိုယ်ကြိုက်တဲ့ခွေ (၂) ခွေ ရွေးချယ်ခွင့်ရှိပါတယ်။
ကျနော်တို့လိုသီချင်းကူး သမားဆိုတာကလဲ မိုနိုကြိုက်သူရှိသလို ခေတ်သီချင်း
ကြိုက်သူလဲရှိပါတယ်။
အရွယ်စုံကိုး။
အဲတော့ ကိုယ်ကြိုက်တဲ့ အဆိုတော်ပါတဲ့ ကိုယ်ကြိုက်တဲ့သီချင်းပါတဲ့ခွေ
ကို ရွေး ပြီး ကူး ကြတာပေါ့။
ကျနော်က သီချင်းခွေကို အရင်လို ကျနော်ကြိုက်တာ နားထောင်ချင်တာကိုမရွေးဘဲနဲ့
ဘယ်သီချင်း ပါ ပါ ဆိုပြီး ခွေ( ၂) ခွေကို ဒီအတိုင်းဆွဲယူလိုက်ပါတယ်။
ကိုယ်မသိသေးတဲ့သီချင်းပါတယ် ဆိုရင် ကောင်တာနားမှာချထားတဲ့
သီချင်းလာကူးသူတွေ ကြည့် ဘို့အတွက်ရေးထားတဲ့
သီချင်းကက်တလောက်စာအုပ်ကို ယူပြီးကြည့် ပါတယ်။
ပြီးမှ မာစတာခွေ ကို လိုက်ရှာပါတယ်။
ဒါပေမယ့် လဲ သူများကိုမေးတာကတော့ မလွတ်သေးပါဘူး။
ကက်တလောက်ဆိုတာက ဆီးရီစ်တွေကိုဘဲရေးထားတာကိုး။
အဲလိုပုံစံပြောင်းပြီးလုပ်လိုက်တော့ အရင်ကထက်စာရင်တော့
သူများအားကိုးရတာ နည်းပါးသွားပါတယ်။
သုံးလနီးပါးကြာတဲ့အခါမှာ တော့ ခွေအားလုံးကို ကျနော် အလွတ်ကျက်ဘူးသွားပါတယ်။
အလွတ်ကျက်ဘူးတယ်ဆိုပေမယ့် အားလုံးတော့ အလွတ်ချက်ခြင်းမရ။
ပြန်စဥ်းစားယူရတာ မေ့ နေသေးတာဆိုတဲ့ ခွေတွေလဲ ရှိပါတယ်။
အဲဒီမှာ ကျနော် က ဒုတိယ အဆင့်အနေနဲ့ ထပ်ပြီး လုပ်ပါတော့တယ်။
ကျနော်တို့ အသုံးပြုနေတဲ့ မာစတာခွေ က ဂျဒ်ဘူးခွဲလဲ ပါသလို ကော်ဘူးအမာ
တွေလဲ ပါ ပါတယ်။
ဂျဒ်ဘူးဆိုတော့ အမြဲတမ်းအထုတ်အသွင်းလုပ်တော့ စုတ်တဲ့ဘူးကစုတ်ပေါ့။
ကော်ဘူးခွံ တွေကျပြန်တော့ မစုတ်ပေမယ့် ကွဲ တဲ့ဘူးက ကွဲ
ဘူးမျက်နာပြင်မှာရေးထားတဲ့ နာမယ်တွေက ပွန်းပြီး မထင်မရှားဖြစ်လို့ဖြစ်ပေါ့။
ဒီတော့ ကျနော်က ဆရာ ကြီး ကိုခွင့်တောင်းပါတယ်။
ဘူးခွံတွေ စုတ်နေတာ ကို လဲခွင့် ပြုဘို့ရယ်။
သီချင်းနာမယ်တွေကို အခုလိုစာရွက်နဲ့ ရေးမယ့် အစား ကဒ် ပြားနဲ့
ရေးမယ်ဆိုရင် ပိုပြီး ကြာ ကြာ ခံ တယ်ပေါ့၊
စာရွက်ဆိုတာခဏနဲ့ စုတ်တတ်တယ် ကဒ်ပြားနဲ့ရေးရင်မစုတ်ဘူးပေါ့။
ဆရာကြီး က ဒါတွေကို မင်းက ဘယ်အချိန်မှာလုပ်မှာလဲမေးတဲ့အခါ
ကျနော်က အားလုံးကို ချက်ခြင်းလဲမှာမဟုတ်ဘူး။
သီချင်းကူးနေရင်း က စုတ်နေတာကို ကောင်းတာနဲ့ လဲမယ်
သီချင်းနာမယ်စာရွက်တွေကို အသစ်ရေးပြီးလဲသွားမယ်
တစ်နေ့နည်းနည်းခြင်းလုပ်သွားမှာပါ၊
နောက် မီးပျက် လို့ ထိုင်နေရချိန်မှာ ဒါတွေကိုလုပ်မယ်လို့ပြောတော့
ဆရာကြီး ကဂျဒ်ဘူးခွံ အသစ်တွေ ကဒ်ပြားတွေဝယ်ပေးပါတယ်။
ကျနော်တို့ တေးသံသွင်းလုပ်ငန်းဆိုတာ လျှပ်စစ်မီးရှိမှအဆင်ပြေပါတယ်။
မီးမလာရင်ထိုင်နေရုံပါဘဲ။
အဲဒီခေတ်က ပေါ်တဲ့ မီး စက်ကလေးတွေက လဲ
ဟွန်ဒါ မီးစက်အသေးလေးတွေပါ။
မီးစက်နဲ့ ကူး ရင် သီချင်းအသံအရည်အသွေးမကောင်းပါဘူး။
လျပ်စစ်မီး က ငြိမ်ပါတယ်။
မီးစက်အဂျင်္င်ကထွက်တဲ့မီးက မငြိမ်ပါဘူူး။
အဲတော့ မီးစက်နဲ့ ကူးတ ဲ့သီချင်းက စပိဒ် (speed)မမှန်ပါဘူူး။
သီချင်းလောက မှာ စပိဒ် မမှန်ဘူးလို့ပြောတာက
မော်တာလည်တဲ့ အပါတ်ရေ မမှန်တဲ့အတွက် နှေးတာ မြန်တာ ကိုပြောတာပါ။
စပိဒ် မှန်ရင် သီချင်းသံလေးက ကြည်ကြည်လင်လင်ထွက်မယ်။
စပိ်နှေးနေရင် ထွက်လာတဲ့ အသံ က လေးလေး ဩဩကြီးထွက်နေမယ်။
စပိဒ်မြန်နေရာင် ထွက်လာ တဲ့ အသံကကလေးသံလိုဖြစ်နေမယ် ညောင်နာနာဖြစ်နေမယ်။
အဲတော့မီးစက်နဲ့ က သိပ်အလုပ်တွေမနိုင်မှသာ အလုပ်လုပ်ပါတယ်။
မီးပျက်တယ်ဆိုရင် သီချင်းကူးတဲ့အလုပ်တွေနားပါတယ်။.
(အခုခေတ်မှာတော့ အစိုးရက ပေးတဲ့ မီးက တက်လိုက်ကျလိုက်နဲ့မငြိမ်ဘဲ
မီးစက်ကထွက်တဲ့ မီးက ငြိမ်ပါတယ်။
အဲတော့ မီးအားမမှန်ရင် မီးစက်နဲ့ အလုပ်လုပ်ကြပါတယ်.)
ခွေ ခွာ ရ ပါတယ်။
ခွေခွာတယ်ဆိုတာကလဲ သီချင်းကူး မယ်ဆိုရင် ကြိုတင်ပြင်ဆင်ရတဲ့အလုပ်တစ်ခုပါ။
မြန်မာပြည်က လူတွေ နားထောင်ဘို့ အတွက် ဂျပန်ပြည်ကလို့ စာတမ်းတတ်ထားတဲ့
တိတ်ခွေအလွတ်တွေ ယိုးဒယားဘက်ကနေ မှောင်ခို်ဝင်ပါတယ်။
ဟီတာချီ ဆိုတဲ့အမျုးိအစားကတော့ လူကြို်က်အများဆုံး အသုံးအခံဆုးံပါ။
ကွာလတီ လဲ အရမ်းကောင်းပါတယ်။
နောက်တစ်မျိုးကတော့ တိုယို တာ အမျိုးအစား။
သူကတော့ ဟီတာချီ ခွေ ထက် ဈေးသက်သာပေမယ့်
ကွာလတီ နည်းနည ်းညံ့ တဲ့အတွက် လူကြိုက်နည်းပါတယ်။
အဲဒီတိတ်ခွေ အသစ်တွေက ပလပ်စတစ်အကြည် အပျော့ နဲ့ အလုံပိတ်ထားတာပါ။
အလုံပိတ်ထားတဲ့ ပလပ်စတစ်လေးတွေ ကို
ခွေရဲ့ အပေါ်အဖုံးနားကနေ ဒါးပးါပါးလေးနဲ့ ပုံစံမပျက်အောင် ကပ်လှီးပြီးဖွင့်ရပါတယ်။
အဲတော့ ခွေ အသစ် က ပလပ် စတစ် လေးနဲ့ တစ်ထပ်အုပ်ထားပြီးသားလေးဖြစ်နေပါတယ်။
တစ်နေ့ တစ်နေ့ မှာ တရားခွေ ဇာတ်ထုတ် ပြဇာတ် သီချင်းဆီးရီးစ်က အများကြီးကူးရပါတယ်။
တစ်ခါတစ်ခါ အဲလ ို ခွေခွဲ ပြီးသားမရှိရင်အလုပ်အလျင်မမှီပါဘူး။
ဒါကြောင့် မီးပျက်တဲ့အချိန်မှာခွေ တွေ ကို ဝိုင်းပြီး ခွဲ ထားရပါတယ်။
ကျနော်ကတော့ ခွေ ခွဲ တဲ့ အဖွဲ့ထဲမှာမပါတော့ဘဲ ကဒ်ဘူးအခွံ လဲတာ
သီချင်းနာမယ် အသစ်ရေးတဲ့အလုပ်တွေဘဲ လုပ်ပါတော့တယ်။
အဲလို ရေးတဲ့ အတွက် သီချင်းတော်တော်များများကို ကျနော်သိလာပါတော့တယ်။
တစ်ရက်မှာတော့ ဆိုင်ရှေ့ခန်းမှာထားတဲ့သီချင်းကက်တလောက်စာအုပ်တစ်အုပ်ပျောက်သွားပါတယ်။
ကြည့်ချင်တဲ့ သူအတွက်ကြည့် ဘို့ခက်သွားတာပေါ့။
သီချင်းကြီးတွေ ရေးထားတဲ့စာအုပ်ပါ။
အဲဒါနဲ့ ကျနော်က စာအုပ်အသစ်တစ်အုပ်တောင်းပြီး ပျောက်သွားတဲ့သီချင်းစာအုပ်ကိုရေးပေးလိုက်ပါတယ်။
အဆင်သင့်ရေးနိုင်တာကလဲ ကျနော် က တစ်ရက် ကို ၅ခွေခြင်းကူးရေးထားတော့
သီချင်းနာမယ်တွေက အထူးတလည်ရှာစရာမလိုတော့လို့ပါဘဲ။
အဲဒီစာအုပ်ရေးရင်းကနေ ကျနော်က မပျောက်သေးတဲ့စာအုပ်အတွက်
သီချင်းစာအုပ်တစ်စုံ ကူးရေးထားလိုက်ပါတယ်။
နောက်ပြီး တော့ ကူး ဘို့ သီချင်းခွေတွေ ထားတဲ့ စင်က ကျနော့်ရှေ ့ နားမှာတင်ရှိပါတယ်။
အဲတော့ကျနော်က ခွေအားလုံးကို လိုက်ဖတ်ထားပါတယ်။
ပြီးရင် ဘယ်သီချင်းက ဘယ်ခွေထဲမှာပါတယ်ဆိုတာကို စဉ်းစားထားပါတယ်။
ကိုယ်မမှတ်မိတာ ပါ ရင် အဲဒီခွေ ကို ကျနော်မကူးပေမယ့် လိုက်ရှာထားပါတယ်။
တနည်းပြောရင် စာမေးပွဲ အစမ်းဖြေသလိုပါဘဲ။
ပြောရရင်တော့ တစ်နှစ်ဆိုတဲ့ကာလအတွင်းမှာ ဆိုင်မှာရှိတဲ့သီချင်း
တွေ ဘယ်နေရာမှာ ရှိတဲ့ဆို တာ အကုန်သိတဲ့လူဖြစ်သွားပါတယ်။
ဒီတစ်နှစ်ကာလ လွန်မြောက်သွားတဲ့အချိန်မှာ အရင် ကသူများကိုလိုက်မေးနေရ
တဲ့ အနေအထားကနေ ကျနော်က သူများ ကို ပြန်ပြောပြနိုင်တဲ့အနေအထားကိုရောက်သွားပါတယ်။
သီချင်းမရှာနိုင်တော့ဘူးဆိုရင်ကျနော်ကို သူတို့လာမေးကြရပါတယ်။
တစ်နှစ်ဆိုတဲ့ကာလအတွင်းမှာ အလုပ်ထွက်သူထွက်အသစ်ဝင်သူဝင်ဆိုတော့
လူသစ်ကျနော်က လူ ဟောင်း ဖြစ်သွားပါတယ်။
ကျနော်ကို လာမေးသူမှန်သမျှကို ကျနော်က ကောင်းကောင်းမွန်မွန်ဖြေပေးပါတယ်။
သီချင်းက ထောင်ချီ သောင်းချီ ရှိတယ်ဆိုတော့ အပုဒ်တိုင်းကို တော့ ကျနော်လဲမမှတ်မိတာ
အမှန်ပါဘဲ။
တစ်ခါတစ်ရံ သီချင်းတစ်ပုဒ် က တစ်နှစ်နေလို့မှ တစ်ခါလောက် ကူး ရတာမျိုးရှိတတ်ပါတယ်။
ကျနော်သီချင်းတွေအတော်များများသိသူဖြစ်လာတဲ့အခါမှာ မသိသူတိုင်းကို
ကူညီပြီးရှာပေးပါတယ်။
“ကို်ယ်က သူများကလုပ်ချိုးသွားလို့ စိတ်ထဲမှာနာကြင်ရတာမျုးိ
သူများလည်းကိုယ့်ကြောင့် မခံစားရပါစေနဲ့” လို့ အကိုကြီးတစ်ယောက်က
ပြောပြထားတာ ကို စိတ်ထဲက မှတ်ထားမိလို့ပါဘဲ။
နောက်တစ်ခုကတော့သူများကို ကူညီပြီး သီချင်းတွေရှာပေးနေရင်း
ကိုယ်က ပိုပို သိလာတာကြောင့် ပါဘဲ။
နောက်ကျနော်တို့ ဆိုင်မှာသီချင်းစုံတယ်ဆိုပေမယ့် ဆိုင်မှာမရှိတဲ့သီချင်းတွေလဲရှိပါတယ်။
နောက်ပိုင်းထွက်တဲ့ဆီးရိစ်တွေထဲက သီချင်းတွေရှိပေမယ့် ဟိုအရင်ခေတ်က မြန်မာအသံက
လွှင့်တဲ့သီချင်းမျုးိတွေ အချိုသောဓါတ်ပြားသီချင်းတွေဆိုရင်တော့မရှိပါဘူး။
အဲတော့ သီချင်းတစ်ပုဒ်ရှာမရတော့ဘူးဆိုရင် ဒီသီချင်းဆိုင်မှာရှိမရှိကိုလည်းပြန်ပြီး စဉ်းစားရပါတော့တယ်၊။
တစ်ခါတစ်တစ်လေမှာ ဆိုင်မှာ မရှိတဲ့သီချင်းကို ရှိတယ်မှတ်ပြီးခေါင်းပူအောင်စဉ်းစားတဲ့
အခါမျိုးလဲကြုံတတ်ပါတယ်။
မီးပျက်တဲ့အချိန်ဆိုရင် ဆရာကြီးက ကျနော်တို့ကို ဗဟုသုတတွေပြောပြပါတယ်။
ဆရာကြီးဦးဘမင်းက ကျနော်တွေ့ဘူးတဲ့သူတွေထဲမှာ မှတ်ဉာဏ်အလွန်ကောင်းပြီး
အကြောင်းအရာ တစ်ခု ကို တိတိကျကျ အသေးစိတ် ပြောပြနုိုင်ယုံမကဘဲ
နားထောင်သူစိတ်ထဲမှာ တစ်ခါထဲစိမ့်ဝင်ပြီးစွဲသွားအောင်သင်ကြားနိုင်တဲ့ဆရာကြီးဖြစ်ပါတယ်။
ဆရာကြီးပြောခဲ့လို့ သီချင်းနဲ့ပါတ်သက်တဲ့ ဗဟုသုတတွေ
ကျနော်တို့ မသိမမှီလိုက်တဲ့ခေတ် ကာလ အကြောင်းတွေကိုသိလာရသလို
ဆေးပညာနဲ့ပါတ်သက်တဲ့ အခြေခံသိသင့်တဲ့အကြောင်းတွေကိုသိလာရပါတယ်။
နောက်ဆရာကြီးက အဲဒီအချိန်ထဲက ဆိုရှယ်လစ်စံနစ်ဆိုတာကို ယုံကြည့်ပေမယ့်
ဒီဆိုရှယ်လစ်စံနစ်ကြီးကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့အကောင်အထည်ဖော်နေကြတဲ့
အုပ်ချုပ်သူတွေ ပါတီကေဒါတွေကိုလုံးဝမယုံကြည်ပါဘူး။
ဒီတော့ တက္ကသိုလ်မှာ ဆရာဖြစ်နေပေမယ့် ပါတီမဝင်ပါဘူး။
တစ်ခါက အစိုးရက ထောက်ခံပွဲတစ်ခုလုပ်ခို်င်းပါတယ်။
မန်းလေးတက္ကသိုလ် က သချင်္ာဌာန က ဆရာဆရာမတွေက
ဆရာကြီး ထောက်ခံလိုက်ရင် ကျနော်တို့ ဌာနက % ထောက်ခံပြီးသားဖြစ်ပြီလို့ပြောတဲ့အခါ
“တိုင်းပြည်ချောက်ထဲ ဆွဲ ချတဲ့ လူ ထဲ ငါ မပါ ချင်ဘူး ”လို့ပြတ်သားစွာဆန့်ကျင်ခဲ့သူတစ်ဦးလဲ
ဖြစ်ပါတယ.်။
ဆရာကြီးက တက္ကသိုလ်က သချင်္ာနဲ့ ဘွဲ့ရပြီးတဲ့အခါ အမေရိကန်နိုင်ငံက ဘာကလေတက္ကသိုလ်မှာ
နက္ခတ္တဗေဒ ကို မဟာသိပ္ပံဘွဲ့ယူဘို့အတွက် ပညာတော်သင်စေလွှတ်ခြင်းခံခဲ့ရပါတယ်။
မဟာသိပ္ပံဘွဲ့အတွက် စာတမ်းပြုစုပြီးတဲ့အချိန်မှာ ပညာသင်ဘို့ သတ်မှတ်ရက်က ပိုနေပါသေးသတဲ့။
အဲတော့ ဆရာ့ကြီးဦးဘမင်းကို တာဝန်ယူ သင်ကြားပေးနေတဲ့ ဆရာက ဒေါက်တာဘွဲ့အတွက်
ဆက်ပြီး သင်ကြားပေးပါတော့တယ်။
ဆရာ့ ကို ဒေါက်တာဘွဲ့အတွက်ဆက်လက်သင်ကြားဘို့ နိုင်ငံတော်အစိုးရ ကိုခွင့်တောင်းတဲ့အခါမှာ
ပါတီဝင်မဟုတ်တဲ့အတွက်ခွင့်မပြုဘဲ မြန်မာပြည်ကိုသာပြန်လာခဲ့ဘို့ ညွန်ကြားခဲ့ပါတယ်။
အချို့သော လုပ်ငန်းရှင်များ က ဆရာဦးဘမင်းကို ကျောင်းမပီးခင်ကတည်း က ကျောင်းပြီးတဲ့အခါ
သူတို့ ထံမှာအလုပ်လုပ်ရင် ရတယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ဆရာကြီးကတော့ မြန်မာပြည်ကိုသာ
ပြန်လာခဲ့ပါတယ်။
ဆရာပြန်လာတဲ့အခါမှာတော့ စာအုပ်မြောက်မြားစွာကိုသေတ္တာပေါင်းမြောက်များစွာနဲ့
နိုင်ငံခြားကနေသယ်လာခဲ့ပါတယ်။
နောက်တော့ တက္ကသိုလ် သချင်္ာဌာနမှာ တာဝန်ထမ်းဆောင်ပါတယ်။
ဆရာ ရောက်ခဲ့ တဲ့ တက္ကသိုလ်ကောလိပ်ပေါင်းစုံက စာသင်သားတိုင်းက
ချစ်ခင်ပါတယ်.။
လေးစားပါတယ်။
ဆရာက တပည့်များကို သချင်္ာ ပညာရပ်ကို သာ သင်ကြားပေးတာမဟုတ်ဘဲ
ဗဟုသုတတွေကိုပါထည့်သွင်းပြီး သင်ကြားပေးတာကြောင့်
ဆရာ သင်တဲ့ အတန်းတိုင်းမှာလူပြည့်ပါတယ်။်
မန်းလေးတက္ကသို်လ် တက်ဘူးသူတိုင်း ဆရာဦးဘမင်း လို့ပြောလိုက်တာနဲ့
မမှတ်မိသူ မရှိတာကတော့ သေချာပါတယ်။
ဒါပေမယ်လည်းအဲဒီခေတ်က ဆိုးဝါးတဲ့ အစိုးရ ရဲ့ မူဝါဒ အရ
ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်မဟုတ်ရင်အခွင့် အရေးတွေပိတ်ပင်ပါတယ်။
ပါတီဝင်မဟုတ်ရင် နေရာမရပါဘူူး။
အဲဒီအချက်တွေနဲ့ ဘဲ ဆရာဦးဘမင်းကို နယ်ပြောင်းခိုင်းပါတယ်။
အဲဒီမှာ ဆရာက သူ့မှာရင်ကျပ်ပန်းနာရောဂါရှိပါတယ်။်
မြန်မာပြည်ဘယ်နေရာ ပိုပို့ သူသွားမယ်။
ဒါပေမယ့် ရေငွေ့ များတဲ့ မော်လမြိုင်နဲ့ အအေးဓါတ်ကဲတဲ့မြစ်ကြီးနားကောလိပ်က
လွဲရင် ကြိုက်တဲ့ နေရာပို့ပါလို့ တောင်းဆို ပါတယ်။
မကြာခင်မှာဘဲ ဆရာ နယ်ပြောင်းမိန့်ထွက်လာပါတယ်။
မြစ်ကြီးနား ကောလိပ်ပါတယ်။
အဲလို တမင်သက်သက် ညစ်တာသိတော့ ဆရာကြီးလဲ
အလုပ်ထွက်လိုက်ပါတယ်။
နောက်တော့ ကိုလှမောင်ဆိုတဲ့ဆရာ့တပည့်တစ်ယောက်နဲ့
တွဲပြီး လှိုင်းတေးသံသွင်းထောင်ဖြစ်သွားပါတယ်။
နဂိုရ်ကလဲ ဆရာကသီချင်းဝါသနာပါလို့စုဆောင်းထားတဲ့ခွေတွေ
အများကြီးှရှိလို့လဲ ထောင်နိုင်တာပါ။
ဆိုင်ထောင်မယ်ဆိုပြီးနာမယ်ရွေးတော့
အသံဆိုတာ လှိုင်းဘဲ လို့ တွေးပြီး ကိုယ့်ဘာသာကိုယ်ပေးတဲ့
နာမယ်နဲ့ဆိုင်းဘုတ်တင်ပြီး ဆိုင်ထောင်လိုက်ပါသတဲ့။
ဆရာကြီး ဆိုင်ထောင်ခဲ့လို့ ဘဲ ကျနော်လဲဒီသီချင်းတောထဲကိုရောက်လာနိုင်တာပါ။
ကျနော်ဒီတေးသံသွင်းလုပ်ငန်းကိုရောက်တဲ့အခါမှာ
ကျနော့်ရဲ့နေမူ့ထိုင်မူ့ပုံစံပါပြောင်းလဲလို့သွားပါတယ်။
အဓိကကတော့ အစိုးရအလုပ်နဲ့ပုဂ္ဂလိကလုပ်ငန်းကွာခြားသွားတာပေါ်မှာ
အခြေခံပါတယ်။
ဘယ်လိုများကွာခြားသလဲဆိုတော့
…………………………………………………………
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
22-9-201
6 comments
aye.kk
September 29, 2014 at 9:56 am
ပုဂ္ဂလိက လုပ်ငန်းက
အစိုးရ ဝန်ထမ်း လုပ်တာနဲ့စာရင်
စိတ်သက်သာမှုကွာတာ ပေါ့နော်
လူကိုခင်ရင် မူကိုပြင်တာ
မပပျောက်သေးတာ ခက်ပါတယ်
Mr. MarGa
September 29, 2014 at 10:43 am
အမ်
ကောင်းခန်းရောက်ရင် ရပ်ထားပြီ
လေးပေါက်ကတော့ နော်
kyeemite
September 29, 2014 at 10:46 am
.ဒါပေမယ်လည်းအဲဒီခေတ်က ဆိုးဝါးတဲ့ အစိုးရ ရဲ့ မူဝါဒ အရ
.ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်မဟုတ်ရင်အခွင့် အရေးတွေပိတ်ပင်ပါတယ်။
.ပါတီဝင်မဟုတ်ရင် နေရာမရပါဘူူး။
.ကိုပေါက်ပြောတာအမှန်ပဲဗျ..အစိုးရအလုပ်မှာတော့ ပါတီဝင်မဟုတ်ရင် ရာထူးတောင်မတိုးပါဘူး
ကိုပေါက်(မန္တလေး)
September 29, 2014 at 12:23 pm
မမအေးရေ
လူခင်ရင်မူပြင်တာက နေရာတိုင်း အချိန်တိုင်းမှာပါ နော်။
မာဃလေး
ကြိုသိချင်ရင်အားတဲ့အခါ လာခဲ့ ပါးစပ်နဲ့ပြောပြမယ်
ကိုမိုက်ရေ
အဲဒီစံနစ်ဆိုးက အတွေးတွေ ကို ဆက်ပြီး သယ်မလာကြ ဘို့ အရေးကြီးပါတယ်
ကေဇီ
September 29, 2014 at 12:38 pm
လေးပေါက် ကိုယ်လုပ်တဲ့ အလုပ်မှာ ဝင်စားပြီး ကြိုးစားတဲ့ အကြောင်းတွေ ဖတ်ရတော့
နောက်ပိုင်း ကလေးတွေ ကိုယ်လုပ်တဲ့ အလုပ်မှာ စိတ်ပါ ဝင်စားမှု မရှိတာတွေ သွားမြင်တယ်။
စာအုပ် ဖတ်ဖို့ စိတ်မဝင်စားတဲ့ ကလေး စာအုပ်ဆိုင် ပိုင်တာထက်
စာအုပ် စိတ်ဝင်စားတဲ့ ကလေးမျိုး စာအုပ် အငှါးဆိုင်မှာ အလုပ်ဝင်တာက ပိုတိုးတက်နိုင်တယ် လို့ ယူဆမိတယ်။
🙂
ကိုပေါက်(မန္တလေး)
September 29, 2014 at 1:25 pm
ကျနော်ရဲ့မခံချင်စိတ်ကြောင့်လဲဖြစ်မယ်ထင်ပါတယ်
ကို်ယ် တိုင်ကလဲ ဘွဲ့ရပြီးစ မာန အခံလဲရှိမယ်
ဆယ်တန်းမအောင်သူတစ်ယောက်ကို ဆရာ တင် ရ တာ ကို မခံ ချင်စိတ်ကြောင့်
ပိုကြိုးစားမိတယ် ထင်ပါတယ်