သော်ဇင်(လွိုင်ကော်) နှင့် စာပေအင်တာဗျူး
၁။ ဆရာသော်ဇင် ရဲ့ ကလောင်နာမည် ကိစ္စက စ မေးပါရစေ ။
သော်ဇင်(လွိုင်ကော်)ဆိုတဲ့ ကလောင်ကို ယူဖြစ်ခဲ့တဲ့ အကြောင်းရင်းခံလေး သိချင်ပါတယ်။
သော်ဇင် ဆိုတာ ဆရာ့ရဲ့ နာမည်အရင်းပဲလား။ ?
အနောက်က လွိုင်ကော်ဆိုတဲ့ အထူးပြုစကားလုံးလေး ထည့်ဖြစ်တဲ့ အကြောင်းရင်း စသည်ဖြင့်ပေါ့။
ကလောင်နာမည်ကိုယူဖြစ်ခဲ့ပုံကပြောရရင် ဒီနာမည်က အမည်ရင်းမဟုတ်ပါဘူး။ နာမည်ရင်းက နေမျိုးအောင်ပါ။ ပထမရွေးချယ်ထားခဲ့တာတော့ နေသူ(လွိုင်ကော်)ဆိုတဲ့နာမည်ပါ။ ဒါပေမဲ့ အဲနာမည်နဲ့က သိပ်မရေးဖြစ်လိုက်ဘူး။
သော်ဇင် နာမည်နဲ့ပဲရေးဖြစ်ခဲ့တယ်။
မန်းဂေဇက်ထဲမှာတောင် သော်ဇင်(လွိုင်ကော်)နဲ့ပဲစရေးဖြစ်ခဲ့တာပါ။
အဲဒီအချိန်တုန်းက ဆရာမောင်သော်ကရဲ့ တိုက်ရေယာဉ်(၁၀၃)ကိုဖတ်ပြီး သိပ်ကြိုက်တဲ့အချိန်ပေါ့။
ဆရာမောင်သော်ကရဲ့အရေးအသားကိုလည်းကြိုက်တယ်။
ဒီအချိန်မှာကလောင်နာမည်ကိုယူမယ်ဆိုတော့ သော်ဆိုတဲ့စကားလုံးကိုကြိုက်တယ်။
ကျွန်တော်ကနောက်ပြီး ပန်းတွေကိုလည်းကြိုက်တယ်။
ပန်းထဲမှာမှ သော်ကပန်းရယ်၊ သဇင်ပန်းရယ်အဲနှစ်မျိုးကိုကြိုက်တယ်။
ဒါနဲ့ပဲ သော်က ပန်းဆိုတဲ့အထဲက သော်ကို ယူတယ်၊ သဇင်ပန်းဆိုတဲ့အမည်ထဲက ဇင်ကိုယူပြီး သော်ဇင်လို့အရင်ပေးတယ်။
ဒီနေရာမှာက ရှေ့မှာ ဆရာကြီး ဦးသော်ဇင်ဆိုတဲ့ ကလောင်အမည်တူရှိနေသော
စီနီယာဆရာကြီးတွေကိုလေးစားသောအားဖြင့် နာမည်ရဲ့နောက်မှာ ကွဲပြားသွားအောင် (လွိုင်ကော်)ဆိုတာလေးထည့်ဖြစ်ခဲ့တယ်။
ဒါကလည်း အကြောင်းရှိတယ် ကျွန်တော်တို့လွိုင်ကော်ကစာရေးဆရာတွေဖြစ်တဲ့
ဆရာမကြီး မဟူရာ(လွိုင်ကော်)၊ ခန့်ကျော်ထင်လှိုင်(လွိုင်ကော်)၊ မကျည်းတန်(လွိုင်ကော်)၊ စတဲ့ ဆရာ/ဆရာမကြီးတွေရဲ့စာတွေကိုဖတ်ပြီး ကြိုက်ခဲ့တော့ လေးစားအားကျတာလဲပါတယ်။
ပြီးတော့ လွိုင်ကော်က စာရေးသူ အင်မတန်နည်းတယ်။
ကျွန်တော့်မြို့လေးကို ချစ်လည်းချစ်တော့ အမည်ရဲ့နောက်မှာ အထူးပြုပြီး
ထည့်ဖြစ်ခဲ့ရာကနေ သော်ဇင်(လွိုင်ကော်)ရယ်လို့ ကလောင်နာမည် မှည့်ခဲ့တယ်ဆိုပါတော့ဗျာ။
——————-
၂ ။ ဆရာသော်ဇင် စာပေလောကထဲကို စတင် ဝင်ရောက်ဖြစ်ခဲ့တဲ့
အချိန်နဲ့ အခြေအနေလေးတွေလည်း ပြောပြပေးပါဦး။ ?
အခြေအနေလေးတွေပြောရမယ်ဆိုရင်တော့ အများကြီးပဲဗျ။
ခက်ခဲခဲ့တာတွေရှိခဲ့တယ်။
ခုချိန်မှာတော့ အဲဒီအခက်အခဲတွေရဲ့ချိုမြိန်မှုလေးတွေ စားသုံးနေရပြီဆိုတော့ အဆင်ပြေခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။
ဝင်ရောက်ဖြစ်ခဲ့ပုံကတော့ စာတွေဖတ်နေရင်း ရေးချင်စိတ်ဖြစ်လာလို့ဆိုပါတော့။
ကျွန်တော်တွေးတယ်လေ စာရေးသူတွေရေးထားတဲ့ စာတွေထဲမှာ သူတို့ရဲ့အတွေ့အကြုံလေးတွေနဲ့ယှဉ်ပြီးရေးထားတာတွေ၊
ဆင့်ပွားခံစားတင်ပြထားတာတွေ များများဖတ်လာရတော့ ကျွန်တော့်မှာလည်း
သူတို့နဲ့မတူနိုင်တဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေရှိနေတယ်။
ဒီတော့ ကျွန်တော်ရော ချရေးလို့မရဘူးလားဆိုပြီး ရေးဖြစ်လာတာပါ။
ကံကောင်းတာက ကျွန်တော်လုပ်ခဲ့ဖူးတဲ့ ကျောက်မျက်ကုမဏီတစ်ခုမှာ စာကြည့်တိုက်တစ်ခုကို ခိုဝင်ခွင့်ရလိုက်တာပဲ။
အဲဒီမှာ စာတွေဖတ်ပြီး စရေးဖြစ်တယ်။
ပြီးတော့ အင်တာနက်စသုံးချိန်ဆိုတော့ ကျွန်တော် အင်တာနက်မှာတင်ကြည့်တယ်။
ဖတ်မိတဲ့သူတွေကအားပေးကြတယ်။ ဝေဖန်ကြတယ်။ ကျွန်တော်အားရှိလာတယ်။
ပြီးတော့ ခု www.myanmargazette.netမှာ တင်ဖြစ်ခဲ့တယ်။
ဖတ်ရှုပြီး အားပေးလာကြတော့ ဆက်ရေးဖြစ်လာတယ်။
နောက်တော့ အွန်လိုင်းမှာတင်အားမရတော့ဘူး။
စာမျက်နာတွေထက်ရောက်ချင်လာတယ်။ ပုံနှိပ်မဖော်ပြခံရမီ ကျွန်တော် facebook ပေါ်က အွန်လိုင်းလင်းရောင်ခြည်မှာ ဝင်ရေးဖြစ်ခဲ့တယ်။
ပြီးတော့ ၂၀၁၃ ဧပြီလ Look Magazine မှာ “အနက်ရောင်ဘဝတစ်ခုရဲ့အခန်းတစ်”ဆိုတဲ့ ဝတ္ထုတိုလေး ဖော်ပြခံရတာကနေ ဒီလောကထဲရောက်လာတယ်။
ရေးလာတာက ၂၀၀၉ ဖော်ပြခံရတော့ ၂၀၁၃ မှာပါ။ ကြားထဲမှာ အခြေအနေအကြောင်းကြောင်းကြောင့် မဂ္ဂဇင်းတိုက်တွေကိုမပို့နိုင်ခဲ့တာကလည်း အခြေအနေတစ်ရပ်ပေါ့။
——————–
၃ ။ ဆရာသော်ဇင်အနေနဲ့ တခြားမဂ္ဂဇင်း ဂျာနယ်တွေမှာ စာမူဖော်ပြခြင်း မခံရမီမှာ. . .
ရသမဂ္ဂဇင်းအဖြစ် နာမည်ကျော်တဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ကလောင်သွေးခဲ့တယ်လို့ ကျနော် သိထားပါတယ်။
အဲဒီ မဂ္ဂဇင်းမှာ ကလောင်သွေးချိန်တုန်းက ခံစားချက်လေး. . .??
ဘယ်လိုပြောရမလဲဆိုတော့ ရွှေအမြုတေကို ကျွန်တော်ရင်းနှီးနေတာ ကြာပါပြီ။
ဖားကန့်ဘက်မှာအလုပ်လုပ်ဖြစ်တော့ တစ်လတစ်အုပ်ဝယ်ဖတ်ဖြစ်တယ်။
ရွှေအသစ်ကဏ္ဍကိုအကြိုက်ဆုံးပေါ့။
ဒီတော့ ပို့ကြည့်ချင်လာတာနဲ့ ၂၀၀၉ လောက်ကစပို့တယ်။
အဲဒီတုန်းက ပြန်ကြားချက်ကို ဖတ်ရဖို့ ၁နှစ်ခွဲလောက်စောင့်ရတယ်။
တစ်လတစ်လ ပြန်ကြားချက်ကို လွတ်သွားမှာစိုးတယ်။ စောင့်ဖတ်တယ်။
မမျှော်မှန်းရဲပေမယ့် ရင်ခုန်ခဲ့ရတာပေါ့။ မသီတာ(စမ်းချောင်း)က ဘယ်လိုပြန်ကြားမလဲ၊
ဒါမှမဟုတ် ဦးဝင်းငြိမ်းဖတ်တဲ့ ဆန်ခါတင်ထဲဘယ်တော့ပါလာလေမလဲလို့လေ။
ပို့ခဲ့တဲ့ စာမူအရေအတွက် 10 ပုဒ်ကျော်တယ်။
ဒီကြားထဲ မပို့ဖြစ်တဲ့လတွေလည်းရှိတယ်။ အရွေးခံရတာတော့ ၂၀၁၄ ဇူလိုင်၊ကျမှာပါ။
ကျွန်တော်အဲဒီအချိန်ရန်ကုန်ရောက်နေတော့ သိသိချင်း တည်းခိုတဲ့အခန်းထဲ ထခုန်မိတယ်ဗျ။
အချိန်(၅)နှစ်ကြာခဲ့တယ်လေ။ ထခုန်သင့်တယ်မဟုတ်ဘူးလား ဗျ။
——————–
၄ ။ မြန်မာ့စာပေလောကရဲ့ လက်ရှိ ရသစာပေကဏ္ဍ အနေအထားကို ဆရာသော်ဇင့်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ ?
မြင်မိတာတော့ ကျဆင်းနေတယ်ပေါ့။
ဒါပေမဲ့ ဒီနှစ်ပိုင်း လူငယ်တော်တော်များများ ပြန်ပြီး ရသစာပေဖက်ကို အားစိုက်လာတယ့်လည်းမြင်တယ်။
ခုလက်ရှိ စာရေးနေသူတွေက ငယ်ရွယ်တဲ့လူငယ်တွေများလာတယ်။
တစ်ပြိုင်တည်းဆိုသလိုပေါ့။
ရေးသူများလာပေမယ့် ဖတ်သူအပိုင်းတော့အားမရသေးဘူးလို့ ပြောချင်တယ်။
စာအုပ်တွေကတော့ တစ်အုပ်ပြီးတစ်အုပ်ထွက်လာနေတယ်။ ဒါက အရဲစွန့်ထုတ်ဝေနေကြတာ။
ပြောချင်တာက အချိန်ယူရဦးမယ်။
——————–
၅။ ရသစာပေ ကျဆုံးလုလုဖြစ်နေပြီဆိုတဲ့ ပြောဆိုမှုတွေကြားမှာ ရသစာပေသမားအဖြစ် ရပ်တည်ပြီး
ဖန်တီးအားထုတ်နေသူတစ်ယောက်အနေနဲ့
မြန်မာ့ရသစာပေအခန်းကဏ္ဍအတွက် . . .
ဆရာသော်ဇင် ဘာတွေ ရည်ရွယ်ထားပါသလဲ ?
ခုချိန်မှာ ကျွန်တော်ရည်ရွယ်နိုင်တာက နည်းနေပါသေးတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ ဘာဆက်လုပ်နေမလဲဆိုတော့ဆက်လက်ဖန်တီးနေမယ်ပေါ့။
ကျွန်တော်ကိုက ဖြစ်ချင်လို့ ဒီလမ်းကိုရအောင်လျှောက်ခဲ့တာလေ။ ရည်ရွယ်ချက်တွေကိုတော့ မပြောချင်သေးဘူးဗျ။ ပြောပြီးမလုပ်နိုင်တဲ့အခါမျိုးတွေရှိတတ်လို့ပါ။
——————–
၆။ ဆရာသော်ဇင်ရဲ့ စာပေအနုပညာဖန်တီးမှုတွေဟာသရုပ်မှန်ဝါဒ (Realism)
အငွေ ့အသက်တွေ လွှမ်းခြုံမှုထဲမှာပဲ ရှိတယ် လို့ သတ်မှတ်ရင် ဆရာ့အနေနဲ့ ငြင်းမလား ??
(ကျနော်တို့ ဖတ်ရှုမိတဲ့ ဆရာသော်ဇင့်လက်ရာတော်တော်များများကို ကြည့်ပြီး ကျနော်တို့က အဲ့ဒီလို သတ်မှတ်မယ်ဆိုရင်ပေါ့။ )
ဟုတ်ပါတယ်။ မငြင်းပါဘူး။ ကျွန်တော်နှစ်သက်တဲ့အမျိုးအစားပေါ့။
——————-
၇။ ဆရာသော်ဇင် ရေးခဲ့တဲ့အထဲမှာ ဘဝသရုပ်ဖော် ရသဝတ္ထုတိုတွေကို အကြိုက်များကြတာ
တွေ ့ရပါတယ်။ ဆရာသော်ဇင်ဟာ ဘဝသရုပ်ဖော် ရေးရာမှာ အင်မတန်ကျစ်လျစ်သန်မာတဲ့ ရေးလက်ဖြစ်ကြောင်း
ဘာသာပြန်စာရေးဆရာမ ဝင့်ပြုံးမြင့်က ဝေဖန်ဖူးပါတယ်။
ဆိုတော့ ဆရာသော်ဇင်ဟာ ဘဝသရုပ်ဖော် ဝတ္ထုတွေကိုပဲ တစိုက်မတ်မတ်ရေးသားသွားမှာလား ?
Realism မဟုတ်တဲ့ တခြားစာပေပုံစံတွေကိုရော ဖန်တီးဖို့ ရှိသလား ?
တခြားစာပေပုံစံတွေကိုတော့ လောလောဆယ် ဖန်တီးဖြစ်ဦးမယ်မထင်ဘူးဗျ။
ကြိုးစားရေးကြည့်ဖူးပါတယ်။ မအောင်မြင်ဘူး။ ကျွန်တော်ကိုယ်တိုင်က မကြိုက်တော့ ဖတ်တဲ့သူတွေလည်းကြိုက်ကြမှာမဟုတ်ဘူး။
ကျွန်တော်တစိုက်မတ်မတ်ရေးသွားမှာကတော့ လက်ရှိပုံစံပေါ့။
တစ်ခုတော့ရှိတာပေါ့ ကြိုးစားအားထုတ်ကြည့်ရမယ်ပေါ့။
ခုလက်ရှိဟန်ကိုလည်း ကြိုးစားရေးသားကြည့်လာရတာဆိုတော့ တဖြည်းဖြည်းနဲ့တော့ ကွဲပြားတာလေးတွေဖန်တီးဖြစ်လာမယ်ထင်ပါတယ်။
——————-
၈။ အကြောင်းအရာနဲ့ အဖြစ်အပျက် / ဇာတ်လမ်းတွေကို အလေးထားပြီး ဖွဲ ့တဲ့
ဘဝသရုပ်ဖော်တွေနဲ့ သီးခြားကွဲပြားတဲ့ ဇာတ်လမ်း/ဇာတ်အိမ်မဲ့ ဝတ္ထုတွေကို
ဆရာသော်ဇင် အနေနဲ့ ဘယ်လို မြင်မိပါသလဲ?
Impressionism အပေါ် အမြင်ပေါ့ ?
လောလောဆယ်တော့ ကျွန်တော်မပြောတတ်သေးပါဘူး။
——————–
၉။ ဆရာသော်ဇင်. . . မော်ဒန် ဝတ္ထုတိုနဲ့ မော်ဒန်ကဗျာတွေကို နှစ်သက်ပါသလား?
လက်ခံပါသလား ?
နှစ်သက်ပါတယ်။
လက်လည်းလက်ခံပါတယ်။
သီးခြားဆီရှိနေတယ်ဆိုပေမယ့် ကျွန်တော်ကျောင်းသားဘဝကတည်းက ဖတ်ခဲ့ဖူးပြီး ခုထက်ထိလည်း ဖတ်နေတဲ့ စာပေအမျိုးအစားတစ်ရပ်ပါ။
———————
၁၀။ စာပေအနုပညာသမိုင်းမှာ Clive Bell ပြောခဲ့ဖူးတဲ့စကား. . .
”Literature is never pure art”
”စာပေဟာ ဘယ်သောအခါမှ သန့်စင်တဲ့အနုပညာမဖြစ်နိုင်ဘူး’ဆိုတဲ့ စကားကြီးကို ဆရာသော်ဇင် ဘာပြန်ပြောချင်လဲ ?
ဒါကတော့ ခံယူတဲ့ သူရဲ့သဘောထားနဲ့ပဲ သက်ဆိုင်မယ်ထင်ပါတယ်။
ပုံစံအမျိုးမျိုးကွဲပြားတဲ့ အဆိုအမိန့်တွေကြားမှာ ကျွန်တော့်ကတော့ ကျွန်တော့်အမြင်
ကျွန်တော်ခံစားချက်နဲ့ ရောသမမွှေကြည့်လေ့ရှိတော့
ခု ကိုအလင်းဆက်ပြောတဲ့ Clive Bell ရဲ့ ”Literature is never pure art”
”စာပေဟာ ဘယ်သောအခါမှ သန့်စင်တဲ့အနုပညာမဖြစ်နိုင်ဘူး’ဆိုတဲ့စကားကိုတော့ ဘာမှမပြောချင်သေးပါဘူး။
———————————
၁၁။ သော်ဇင်(လွိုင်ကော်) ဟာ ကဗျာ ရေးခဲတယ်နော်။
ကဗျာနဲ့ ဝတ္ထုမှာ ဆရာ့ အနေနဲ့ ဘယ်ဘက်ကို အား ပိုသာပါသလဲ ?
ရသ ဖန်တီးမှုအားကောင်းတဲ့ စာရေးသူအနေနဲ့ ကဗျာစာအုပ်တွေဘာတွေ ရေးထုတ်ဖို့ အစီအစဉ် ရှိလား သိချင်ပါတယ်။
ဟုတ်ကဲ့ရေးခဲ့ပါတယ်။
ဒါပေမဲ့ နည်းတယ်ဗျ။
တကယ်တော့ ကဗျာကို ကျွန်တော်အားမသန်ပါဘူး။
စိတ်ထဲရှိတာကိုသာ ချရေးဖြစ်ခဲ့တာပါ။ တချို့အကြောင်းအရာတွေကို ဝတ္ထုတိုအဖြစ်ဖန်တီးလို့မရတဲ့အခါမျိုးတွေမှာ
ခံစားချက်အလိုက်ရေးဖြစ်ခဲ့တာပဲရှိတာပါ။
ဒါကြောင့် ကဗျာစာအုပ်ထုတ်ဖြစ်မယ့်အစီအစဉ်ရှိလားဆိုတာကို မရှိပါဘူးလို့ ဖြေပါရစေ။
———–———
၁၂။ ဒီနေ ့ ခေတ် အနေအထားအရ
စာအုပ်စာပေကဏ္ဍက မတွင်ကျယ်တော့ပဲ အွန်လိုင်းမီဒီယာအားကောင်းလာမှုအောက်မှာ စာပေလောကအရောင်မှိန်သွား တော့
ဆရာ့အနေနဲ ့ ဆရာ့စာကို ဖတ်တဲ့ပရိသတ်တွေကို နှစ်မျိုးနှစ်စား ခွဲခြားရမယ်ဆိုပါစို့. . .
ဆိုတော့ ….ဆရာ့ ဝတ္ထုတွေကို စာအုပ်အဖြစ် လက်ကကိုင် ဖတ်တဲ့ ပရိသတ်နဲ ့
အင်တာနက် စာမျက်နှာပေါ်က ဖတ်တဲ့ စာဖတ်ပရိသတ် ဘယ်ဟာ ပို များစေချင်လဲ ?
ဒီမေးခွန်းကတော့ ကျွန်တော့်ကိုအကြပ်ရိုက်စေတဲ့ မေးခွန်ပဲ ကိုအလင်းဆက်ရာ။
ဒီလိုရှိတယ်ဗျ။
ကျွန်တော်ဟာ ဘယ်ကနေစာစရေးဖြစ်ခဲ့သလဲဆိုတဲ့အချက်ကိုပဲပြန်ကြည့်ရမယ်ထင်တယ်။
ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းကတော့ ပရင့်မီဒီယာကိုလည်း ထည့်တွက်ဖို့တော့လိုသေးတယ်။
သော်ဇင်(လွိုင်ကော်)ရယ်လို့ လူမသိသေးခင်တုန်းက ကျွန်တော်က အွန်လိုင်းမှာစာတွေရေးနေခဲ့တယ်။
ဒီမှာ ကျွန်တော့်စာတွေကိုဖတ်ရှုနေတာက အွန်လိုင်းပေါ်မှာကအရင်ပဲထင်တယ်။
ပြီးတော့ အွန်လိုင်းစာဖတ်သူတွေရဲ့ တုံ့ပြန်မှုကမြန်တယ်။
ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူး မြန်မြန်သိတယ်။
ဒါကြောင့် ကျွန်တော်မြန်မြန်ပြန်ပြင်ဆင်လို့ရသွားတယ်။
ဟော ခုတော့ မဂ္ဂဇင်းတွေမှာ ကျွန်တော့်ဝတ္ထုတို်လေးတွေဖော်ပြခံလာရတဲ့အခါ ပရင့်ကိုလက်ကကိုင်ဖတ်တဲ့သူတွေလည်းရှိမယ်၊
မတွေ့လိုက်တဲ့သူတွေလည်းရှိမယ်၊ ဒါကို ကျွန်တော်မသိရဘူး။
များသောအားဖြင့် မဂ္ဂဇင်းတွေမှာ ပါလာရင်တောင် ကျွန်တော်က Facebook လိုမျိုး Social Network မှာပြန်တင်ပေးရတာမျိုးတွေရှိလာပါတယ်။
ဒါက ဘာကိုပြလဲဆိုရင် စာအုပ်ကိုလက်ကကိုင်ပြီးဖတ်ဖို့လက်လှမ်းမမီတာတွေကို ပြပါတယ်။
ဆိုတော့ အွန်လိုင်းရယ် ပရင့်ရယ်လို့တော့ မခွဲချင်ဘူး။
ဘယ်ကနေပဲဖတ်ဖတ် ကျွန်တော်ရဲ့ ဝတ္ထုတိုလေးတွေကို ဖတ်ဖြစ်သွားတယ်ဆိုရင် ကျေနပ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း မဂ္ဂဇင်းတွေမှာ တက်လှမ်းဖို့ကြိုးစားအားထုတ်ခဲ့ရတာက ပရင့်စာအုပ်ကို ကိုင်ဖတ်တဲ့သူတွေကို ဖတ်စေချင်လို့ပါ။ အွန်လိုင်းမှာချည်းအမြဲရေးနေလို့မရဘူး။
ပရင့်လောကမှာပါ တက်လှမ်းနိုင်မှ ကျွန်တော်ဖြစ်ချင်တဲ့ စာရေးသူဆိုတာဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့အတွက်ကြောင့်
ပုံနှိပ်စာမူတွေဖြစ်လာအောင် ကြိုးစားဖြစ်ခဲ့တယ်။
ဒါကြောင့် အွန်လိုင်းနဲ့ပရင့်ဆိုတာကို ဘက်မျှအောင် ကြိုးစားရေးဖြစ်နေတယ်။
တစ်ခုတော့ရှိတာပေါ့ ခုနောက်ပိုင်း www.myanmargazette.net မှာ စာတွေသိပ်မတင်ဖြစ်နေဘူး။
ဒါကလည်း အွန်လိုင်းပေါ်တင်ထားတဲ့စာမူဆိုရင် တချို့သော မဂ္ဂဇင်းတွေက မသုံးချင်ဘူး။
ဒါကြောင့် ပရင့်ဖက်ကိုသာ အရင်ပေးပို့ဖြစ်နေခဲ့တယ်။
မဂ္ဂဇင်းမှာပါလာရင်တော့ ကျွန်တော်ပြန်တင်ပေးဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်စာတွေကို ဘယ်ကပဲ ဖတ်ဖတ်ပါ။
ဖတ်နေတဲ့သူ ရှိတယ်ဆိုရုံနဲ့တင်ကျေနပ်ပါတယ်။
——————–
၁၃။ ဒီနေ ့ မြန်မာနိုင်ငံမှာ စာဖတ်နိုင်မယ့်အရွယ် လူဦးရေနဲ့
စာအုပ် ထုတ်ဝေရတဲ့ အရေအတွက်
အင်မတန် ကွာဟနေတဲ့ အခြေအနေကို
ဆရာ့အနေနဲ့ အားရကျေနပ်မှု ရှိ/မရှိနဲ့. . .ဆရာ့ ခံစားချက်လေးပြောပါဦး ?
အားရမှုတော့လုံးဝမရှိဘူးပေါ့။
ကနေ့ခေတ်လူငယ်တွေကိုစာဖတ်စေချင်တယ်။
စာမဖတ်ကြတော့ စာအုပ်ထုတ်ဝေရေးအပိုင်းကျဆင်းလာတယ်၊ စာရေးသူတွေရဲ့ ကြိုးစားအားထုတ်မှုက လျော့ရဲလာတယ်။
ရေးကြတယ် အရေအတွက်နည်းတယ်။
အရေးကျဲလာကြတယ်။ လူငယ်တွေကလည်း စာဖတ်ဖို့အချိန်မရှိလောက်အောင် လှုပ်ရှားရုန်းကန်နေရတဲ့ခေတ်လို့ပြောလို့ရတာပေါ့။ ကိုအလင်းဆက်တို့ရန်ကုန်ဆိုရင် တစ်နေ့အလုပ်သွားချိန်နဲ့အလုပ်ပြန်ချိန်ကြားမှာ စာအုပ်ဘယ်လိုဖတ်မလဲ။
အဲဒီလိုလေးပေါ့။
ပြီးတော့ IT ခေတ်ရဲ့ယဉ်ကျေးမှုလို့ပြောလို့ရမလားတော့မသိဘူး။
ခုခေတ်က ဖုန်းတစ်လုံးရှိမယ် အင်တာနက်လိုင်းရှိမယ်ဆိုရင် အဲဒီအပေါ်မှာသာ လူငယ်တော်တော်များများအချိန်ကုန်သွားကြတယ်။
အပြင်မှာ မုန့်သာဝယ်စားချင်စားပစ်လိုက်မယ် စာအုပ်တစ်အုပ် ၁၅၀ဝ -၂၀၀ဝ ဆိုတာကို များတယ်လို့ထင်လာတဲ့ခေတ်လေ။
ဖတ်တဲ့လူငယ်တွေလည်းရှိပါတယ်။ နည်းတယ်လို့ထင်တယ်။
ကျွန်တော့်ဝန်းကျင်မှာရှိတဲ့ လူငယ်လေးငါးယောက်လောက်ပဲမေးကြည့်ဦး စာမဖတ်တာကိုတွေ့ရတယ်။
စာပေအငှားဆိုင်ကိုသွားမလားဆိုတာထက် အင်တာနက်ဆိုင်လိုမျိုးကို သွားကြတယ်။ ဂိမ်းဆိုင်ကိုသွားကြမယ်။
ဒီမှာ စာပေတွေရဲ့ရပ်တည်ချက်က ယိမ်းယှိုင်ကုန်ရော။
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် စာပေတွေမှာ စာအုပ်တွေကိုအချိန်ပေး လုငှားလာခဲ့ရတာ။
ကာတွန်းတွေ၊ ရုပ်ပြတွေက အစ လက်မလည်ဘူး။
နောက်တစ်လအတွက် ဒီလကတည်းက နာမည်ပေးထားရတယ်။
အရင်တုန်းက စာအုပ်တွေနောက်ကို လူတွေလိုက်ကြတယ်။
ခုတော့ပြောင်းပြန်ပါ။
စာအုပ်တွေက လူတွေနောက်ကို အပြေးလိုက်နေရတယ်လို့ ကျွန်တော်ထင်တယ်။
——————–
၁၄။ စာရေးဆရာဆိုတာ စာဖတ်သူရှိမှ ရပ်တည်လို့ရမယ်ဆိုတဲ့ အချက်ကို ဆရာ သဘောတူပါသလား?
ဒါကတော့ အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွမ်းမှီလို့သဘောထားပါတယ်။
စာရေးသူတစ်ယောက်က တစ်သက်လုံးရေးသမျှစာတွေကို ကိုယ်ဖတ်ဖို့ပဲသိမ်းဆည်းထားတဲ့က ရှားမယ်ထင်ပါတယ်။
အဲဒီလိုမျိုးဆိုရင် ဒိုင်ယာရီအဖြစ်ပဲ သိမ်းသွားနိုင်လိမ့်မယ်လို့ထင်တယ်ဗျ။
ကျွန်တော်စာစရေးတုန်းကဆို ရေးသမျှတွေကို သူငယ်ချင်းတွေကိုလိုက်ပြပြီး ဖတ်ပေးပါ၊
ဝေဖန်ပေးပါ၊ ဘယ်လိုမြင်လဲဆိုတာကို လိုက်မေးခဲ့ရတယ်။
သူတို့တွေဖတ်ပေးခဲ့လို့လည်း ဒီလမ်းကြောင်းပေါ်ရောက်လာခဲ့တယ်ပေါ့။
၁၄-(က) သဘောတူရင် လက်ရှိ မြန်မာနိုင်ငံထဲက လူငယ်တော်တော်များများ စာအုပ်စာပေ ဖတ်ရှုခြင်း နည်းသွားပြီး
အင်တာနက် / ဂိမ်း/ Facebook / လက်ဖက်ရည်ဆိုင် စသည်ဖြင့်
စာအုပ်စာပေဘက် သိပ်စိတ်မဝင်စားကြတော့တဲ့ အခြေအနေကနေ. . .
စာအုပ်စာပေကို လူငယ်တွေ စိတ်ဝင်စားလာဖို့ . . .
စာပေလောကသားတွေအနေနဲ့ ဘာတွေ လုပ်သင့်တယ် ထင်ပါသလဲ ?
စာဖတ်ခြင်းကနေရတဲ့အကျိုးကျေးဇူးတွေကို ပြောပြဖို့လိုတယ်ပေါ့။ သိသာပါတယ်။
စာများများဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူ စကားအပြန်အလှန်ပြောရင် စာဖတ်သူကတပန်းသာနေတတ်တယ်။
စာဖတ်တဲ့သူက ဖတ်ခဲ့တဲ့စာအုပ်တွေကနေ ရတဲ့ အတွေးအမြင်တွေကို ကိုယ်နဲ့ယှဉ်ပြီး သုံးသပ်လို့ရတယ်။
အတွေးအခေါ်တွေကို change to change လုပ်လာနိုင်မယ်။
ကိုယ့်ကိုကိုယ် develop လုပ်ဖို့မြင်လာတယ်။ လုပ်သွားတယ်။
စာထဲက အကောင်းအဆိုးတွေကို တွေးဆဆင်ခြင်လာနိုင်မယ်။
မဖတ်တဲ့သူတွေကတော့ အဲဒါတွေကိုလုပ်နိုင်မှာမဟုတ်ဘူး။
ဒါကြောင့် စာဖတ်ဖို့ကို ကျွန်တော်တို့တွေက တိုက်တွန်းပေးရမယ်ပေါ့။
တိုက်တွန်းတယ်ဆိုရာမှာတစ်ဦးတစ်ယောက်အနေနဲ့ လုပ်လို့မရဘူး။
အဘက်ဘက်က ဝိုင်းဝန်းကြဖို့လို်တယ်။ ဒါက ပညာရေးစနစ်ကြီးနဲ့လည်းဆိုင်တယ်လို့ ကျွန်တော်မြင်တယ်။
ကျောင်းတွေမှာ ကျောင်းသားတွေ စာကိုစိတ်ဝင်စားလာအောင် လုပ်ဖို့ သင်ပေးဖို့လည်းလိုတယ်။
ကျောင်းမှာ စာကြောက်တဲ့ကျောင်းသားဟာ ကျောင်းစာအပြင် အပြင်စာတွေကိုပါ ကြောက်လာလိမ့်မယ်။
ကျောင်းစာကြည့်တိုက်တွေထားတာ ဘာလုပ်ဖို့လဲ ။
ဖတ်ဖို့မလား။ ဖတ်ဖို့ဆိုရင် စာပေချစ်မြတ်နိုးစိတ်ဖြစ်လာအောင် လုပ်ပေးဖို့လိုတယ်ပေါ့။
ခုရပ်ကွက်တွေမှာ မြို့နယ်တွေမှာ စာကြည့်တိုက်တွေဖွင့်ကြတယ်။
ဒါပေမဲ့ အမြဲတမ်းလိုလို ပိတ်ထားကြတယ်။
အကယ်၍ဖွင့်ခဲ့ရင်တောင် နာရီပိုင်းပဲ။ စာအုပ်များစွာတော့ရှိတယ် ဖတ်မယ့်လူမရှိတော့ စာကြည့်တိုက်က စာကြည့်တိုက်နဲ့မတူတော့ဘူး။
စာကြည့်တိုက်ဟာ စာဖတ်နေသူရှိမှ စာကြည့်တိုက်နဲ့တူမပေါ့။
နောက်ပြီးတော့ မိဘတွေ။ ကိုယ့်သားသမီးတွေကို စာဖတ်ဖို့လမ်းညွှန်စေချင်တယ်။
ခု လူငယ်တော်တော်များများ ရာဇဝတ်မှုကျူးလွန်နေတဲ့ သတင်းတွေ နားနဲ့မဆန့်အောင်ကြားရတယ်။
စာဖတ်ဖို့လိုအပ်ခဲ့ကြတယ်လို့ထင်တယ်။
သူတို့တွေ့ရဲ့ စဉ်းစားချင့်ချိန်နိုင်မယ့် ဦးနှောက်တွေကို စာပေတံခါးနဲ့ဖွင့်ပေးမှ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားလာနိုင်မယ်လို့ထင်တယ်။
မိဘတွေက ခုခေတ်မှာ သားသမီးတွေကို ဖုန်းတောင်ဝယ်ပေးနေကြသေးတာ။
စာအုပ်လေး ၂၀၀ဝ တန်လောက်တော့ တစ်လတစ်အုပ်လောက်ပဲဖြစ်ဖြစ် ဝယ်ပြီး ဖတ်သင့်တဲ့စာပေအမျိုးအစားကို ခွဲခြားဝယ်ပေးပြီး လမ်းညွှန်ပေးသင့်တယ်။
ကျွန်တော်တို့မြန်မာလူမျိုး မိဘတွေ က များသောအားဖြင့် ကျောင်းစာအပြင်အခြားစာဖတ်ရင်
ပိတ်ပင်တတ်ကြတာ အတော်များများပဲ။
ကျောင်းစာမဟုတ်ရင် အဆိပ်အတောက်ဖြစ်မယ့်အတိုင်းပဲ။
ကျွန်တော့်အမြင်ကတော့ မဆိုင်ဘူးထင်တယ်။
အပြင်စာတွေဖတ်တာ အဆိပ်အတောက်မဖြစ်ပါဘူး။ ပိုတောင်သိမြင်လာနိုင်တယ်။
ကျောင်းစာဆိုတာက သဘောတရားကိုသင်တာနဲ့တူတယ်၊
အပြင်စာပေဆိုတာ လက်တွေ့ကျင့်သုံးဖို့အသုံးဝင်တယ်လို့ ကျွန်တော်မြင်တယ်။
ခုနေ ကျောင်းစာကိုပြန်မေးလိုက်။
ကျွန်တော်ကိုတိုင်က ဘာမှမသိတော့ဘူး။
ကျွန်တော်ရဲ့ရှေ့ဘဝကြီးအတွက် အပြင်စာတွေဖတ်ခြင်းအားးဖြင့် တည့်မတ်အောင်လျှောက်လှမ်းလာနိုင်တယ်။
လက်တွေ့အသုံးချနိုင်တယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို စာများများဖတ်ဖို့တိုက်တွန်းစေချင်တယ် လမ်းညွှန်စေချင်တယ်။
ကျွန်တော်တို့စာရေးသူတွေအနေနဲ့ကတော့ ဆက်လက်ဖန်တီးသွားဖို့ အားထုတ်နေဖို့လိုတယ်။
စာရေးသူဆိုတာ ကျွန်တော်တို့ဆီမှာ အင်မတန်နည်းတဲ့ အသိုင်းအဝန်းလေးတစ်ခုဖြစ်နေတယ်။
တစ်ခု ဝမ်းသာဖို့ကောင်းတာက ခု လူငယ်စာရေးသူတွေ အများကြီးထွက်ပေါ်လာနေတယ်။
ရသစာပေအတွက်တော့ အားရစရာတစ်ခုအနေနဲ့ပေါ်ထွက်လာနေတာပါ။
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ထွက်လာနေတယ်။
ဒါကလည်း လူငယ်တွေကိုပစ်မှတ်ထားပြီး ထုတ်ဝေရေးလုပ်လာကြတာလို့ပဲမြင်ပါတယ်။
လူငယ်တွေ စာများများဖတ်လာစေဖို့ကတော့ အားလုံးနဲ့ဆိုင်ပါတယ်လို့ပဲပြောချင်ပါတယ်။
——————–
၁၅။ စာအုပ်အငှားဆိုင် ယဉ်ကျေးမှုလေး အခုဆိုရင်
တဖြည်းဖြည်း ပါးလျပျောက်ကွယ်လုလုဖြစ်လာတဲ့အပေါ်
ဆရာသော်ဇင့် ခံစားချက် ဘယ်လို ရှိပါသလဲ ?
ဘယ်ပြောကောင်းမလဲ ဝမ်းနည်းတာပေါ့။
စာအုပ်ဆိုင်တွေရှိနေသေးလို့ စာဖတ်သူတွေအတွက် အဆင်ပြေနေသေးတယ်။
စာအုပ်ဆိုင်တွေသာ မရှိတော့ရင် စာအုပ်စာပေဆိုတာလည်း မှေးမှိန်သွားပါမယ်ဗျ။
စာအုပ် အငှားဆိုင်တွေကို မပျောက်ကွယ်စေချင်ဘူး။
ကျွန်တော်ငယ်ငယ်က စာအုပ်ဆိုင်တွေရဲ့ ကျေးဇူးကြောင့် စာများစွာဖတ်ရှုခွင့်ရခဲ့တယ်။
စာအုပ်တွေ မဝယ်နိုင်တော့ အငှားဆိုင်ပေါ်ရပ်တည်ခဲ့ရတယ်။
ဒါကြောင့်လည်း ခုလမ်းကြောင်းပေါ်ရောက်ရှိ လာတာပေါ့။
ကျွန်တော်တွေူးကြည်တယ်လေ ဪ ငါစာအုပ်ဆိုင်တွေမှာ စာအုပ်မငှားဖတ်ဖြစ်ခဲ့ရင်၊ စာအုပ်ငှားဆိုင်သာ မရှိခဲ့ရင် ဒီလိုဖြစ်လာပါ့မလားပေါ့။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် စာရေးဖြစ်ပါသေးတယ်။
ပြောရရင် စာအုပ်စာပေချစ်မြတ်နိုးသူ တစ်ယောက်အနေနဲ့ အငှားဆိုင်လေးတွေ မှေးမှိန်ပပျောက်သွားမှာကိုတော့ မလိုချင်ပါဘူး။
အဲဒါ ကျွန်တော့်စိတ်ကိုအထိခိုက်ရဆုံး ခံစားချက် ကလေးတစ်ခုပါ။
——————–
၁၆။ တလောက အလင်းတန်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆရာသော်ဇင်ရဲ့ စာပေဆိုင်ရာ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
ငှား၍ဝတ်ခြင်း မဝတ်ခြင်း ကိုယ်တိုင်သိခြင်း မသိခြင်း ဆိုတဲ့ ဆောင်းပါးလေ။
အဲ့ဒီလို စာပေဆိုင်ရာ ဆောင်းပါးတွေရော ထပ်ရေးဖို့ အစီအစဉ် ရှိလားခင်ဗျ ?
ဟုတ်ကဲ့၊ ကျွန်တော်ရေးဖြစ်မှာပါ။ စိတ်ထဲမှာတေးထားတဲ့ အကြောင်းအရာတော်တော်များများရှိပါတယ်။
လောလောဆယ်တော့ မဂ္ဂဇင်းတွေကို ပို့ဖို့ ဝတ္ထုတိုတွေရေးနေတာနဲ့ အဲဒီဆောင်းပါးတွေဖက်ကိုမလှည့်ဖြစ်သေးဘူးဗျ။
——————–
၁၇။ နောက်ပြီး. . .ဆရာသော်ဇင်ရဲ့ သဘောထားတစ်ခု သိချင်တာက
လက်ရှိမြန်မာနိုင်ငံမှာ ဝတ္ထု ကဗျာရေးသားသူတွေဟာလည်း
သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းကမ်းတွေကို
အလားတူ လိုက်နာရမယ်ဆိုတဲ့ ဥပဒေကို ဘယ်လို ဆရာ သဘောရလဲ ?
ဥပဒေဆိုတာထက် ကျင့်ဝတ်လို့သုံးရင်ပိုမှန်မလားမသိဘူးဗျ။ ဒါကိုတော့ ကျွန်တော်မပြောတတ်ဘူး။
ဒီလောကထဲရောက်တာလဲမကြာသေးတဲ့အတွက် ကျင့်ဝတ်တွေက ဘာတွေလဲဆိုတာအစုံမသိဘူး။
သိသင့်သလောက်ပဲသိတယ်။
ဥပမာဗျာ ကလောင်နာမည်တူရှိတဲ့ကိစ္စ၊ ကိုယ့်ရှေ့မှာ ကလောင်တူရှိနေရင် ရှောင်ရမယ်ဆိုတာမျိုး၊ ပေါ့။
ဒီတော့ ကိုအလင်းစက်မေးတဲ့ သဘောဆိုတာကိုပြောရရ အိမ်တစ်အိမ်လုံခြုဖို့ တိကျသေသပ်တဲ့ ခြံစည်းရိုးတောင်ခပ်ထားကြရသေးတာပဲ။
လိုအပ်လို့ထုတ်ထားတဲ့ စည်းကမ်းတွေဆိုရင် လိုက်နာဖို့လိုပါတယ်။
ဒါဟာ အတွင်းအပြင်ကန့်သတ်ချက်မဟုတ်ဘူးလို့ ယူဆထားတော့ ကျွန်တော်တစ်ယောက်တည်း သဘောထားဆိုရင် လိုက်နာမိမှာပါပဲ။
——————-
၁၈။ လက်ရှိမြန်မာနိုင်ငံရဲ့ စာပေရေးသားခွင့် ထုတ်ဝေခွင့်ဆိုင်ရာ
ဥပဒေစည်းမျဉ်းတွေထဲကနေ ရေးသားနေတဲ့ကာလတလျောက်
ရေးသား/ထုတ်ဝေခွင့်ဆိုင်ရာ ဥပဒေတွေက
ဆရာသော်ဇင့် စာပေရေးသားဖန်တီးမှုကိစ္စကို အဟန် ့အတား ဖြစ်တာမျိုး ရှိမရှိ?
ရှိတာပေါ့။ ကျွန်တော်ရေးချင်ပေမယ့် မရေးလိုက်ရတဲ့အကြောင်းအရာတွေမှ အများကြီးပဲ။ ခုက အရင်ထက်စာရင် ပွင့်လင်းမြင်သာလာတဲ့ အနေအထားကိုရောက်နေပြီဆိုပေမယ့်လည်း စာပေလွတ်လပ်ခွင့်ကို အပြည့်အဝမရကြသေးပါဘူး။ စာပေလွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ စည်းလွတ်ဝါးလွတ်နဲ့ ရေးရမယ်လို့တော့မဆိုလိုပါဘူး။မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် လွတ်လပ်တဲ့ဘောင် အတွင်းမှာသာ ရေးသားဖန်တီးဖို့တော့လိုတာပေါ့။ ကို်ယ့်နိုင်ငံနဲ့ကိုက်ညီမယ့် အရေးအသားမျိုးကို လွတ်လပ်စွာဖန်တီးခွင့်ရချင်တယ်လို့ပြောလိုတာပါ။ အရင်ကထက်စာရင်ခုက ထုတ်တင်စနစ်ပါ။ တင်ထုတ်မဟုတ်တော့ဘူး။ ဒါကိုတော့ကြိုက်တယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေမဆုံးရှုံး စေချင်နေဘူး။ လောလောဆယ် ရေးခွင့်ရနေတဲ့အနေအထားကနေ ရေးနေရလို့ကျေနပ်နေပေမယ့် အပြည့်အဝတော့မဟုတ်သေးပါဘူး။
——————–
၁၉။ ဟုတ်ပါပြီ။ သော်ဇင်(လွိုက်ကော်)ရယ်လို့ မဂ္ဂဇင်းတွေမှာ နာမည်မရခင်အချိန်တုန်းက နာမည်ရဖို့ ကြိုးစားရင်းနဲ့ . . .ဆရာ ကြုံတွေ ့ရတဲ့ စာပေလောကရဲ့ အခက်အခဲတွေ. . .စိန်ခေါ်မှုတွေ ရှိရင် ပြောပြပါဦး ?
အခက်အခဲတွေလို့ဆိုလိုက်တော့ ပြန်တွေးကြည့်တဲ့အခါ နည်းခဲ့တယ်လို့ဆိုရမယ်။ စိန်ခေါ်မှုတွေကတော့ ကျွန်တော့်ရဲ့ခံယူတတ်မှု/မယူတတ်မှုနဲ့ဆိုင်ပြီး ရှိတယ်လို့မှတ်ရင် ရှိမယ် မရှိဘူးလို့မှတ်ရင် မရှိဘူးလို့ပြောရမှာပေါ့။ ဒီလောကထဲကိုမရောက်ခင် ရှိခဲ့တဲ့အခက်အခဲတွေကတော့ နယ်နဲ့ရန်ကုန်ဆိုတာ အတော့်ကိုကွာခြားတာကို။ နယ်က ကျွန်တော်တို့က ကြိုးစားရတာချင်းအတူတူတောင် ပိုကြိုးစားခဲ့ရတဲ့အပိုင်းတွေရှိတယ်။ စာမူတွေ မဂ္ဂဇင်းတိုက်ရောက်ဖို့ဆိုတဲ့နေရာမှာ အခက်အခဲတွေရှိတယ်။ တစ်ချို့တိုက်က ခုချိန်ထိ စာတိုက်နဲ့မှလက်ခံတာတွေရှိတယ်။ တစ်ချို့တိုက်တွေကတော့ အီးမေးလ်နဲ့လက်ခံနေပါတယ်။ စာတိုက်နဲ့ပို့တဲ့အခါ မရောက်တာတွေ၊ ပျောက်တာတွေရှိတော့ အဲဒီလိုမျိုုးကြုံရင် ထပ်ပို့ရတဲ့အချိန်တွေက ပိုကုန်သွားရတာပဲ။ ရန်ကုန်မှာနေရင်တော့ တိုက်တွေကိုယ်တိုင်သွားပို့လို့ရတယ်။ ဒါ နယ်နဲ့ရန်ကုန်ကွာတဲ့အချက်။ စိန်ခေါ်မှုတွေကတော့ အွန်လိုင်းကနေ ပရင့်မီဒီယာကိုကူးလာရတဲ့အတွက် ပိုကြီုးစားရတယ်။ အားထုတ်ရတယ်။ ခုချိန်ထိ အွန်လိုင်းနဲ့ပရင့်မီဒီယာဆိုတာကြီးကို ခွဲခြားနေကြတုန်းပဲ။ အဲဒီနှစ်ဖက်ကြားမှာ ဘက်မျှအောင် ၊ နေတတ်အောင် ကြိုးစားရတယ်၊ ဒါ ကျွန်တော့်ကိုယ် ကျွန်တော်စိန်ခေါ်လိုက်တာပါ။ ပုံနှိပ်စာမူဖြစ်အောင် ကြိုးစားနေရတဲ့အချိန်မှာ ကျွန်တော်တို့ကို ကမ်းလင့်တဲ့လက်တွေက အယ်ဒီတာတွေရဲ့ လက်တွေလို့ပဲပြောလို့ရမယ်ထင်တယ်။ အယ်ဒီတာတွေက ရွေူးချယ်ပေးခဲ့လို့ စာမျက်နာထက် ရောက်လာခဲ့တယ်။ အသစ်ဆိုတဲ့ ဖြစ်တည်မှုကို ကြိုဆိုကမ်းလင့်ကြတာတော့ နည်းနေသေးတယ်လို့မြင်တယ်။ ကျွန်တော်ကတော့ ခုအသစ်များဟာ နောင်တစ်ချိန် အဟောင်းဖြစ်သွားမှာပါ။ ခု နေရာရထားသူတွေဟာလည်း တချိန်ကအသစ်ပါ။ ကျွန်တော့်သဘောကတော့ ပုဂ္ဂိုလ်စွဲမရှိသလို ပွင့်ပွင့်လင်းလင်းနဲ့ စာပေထဲက ညီအစ်ကိုမောင်နှမတွေအပေါ် ရင်းနှီးခင်မင်ချင်နေတာပါပဲ။ ကျွန်တော် Rowsတွေလည်း မကြည့်ချင်ဘူး။ Columnတွေလည်း မကြည့်ချင်ဘူး။၊ အားလုံးဟာ အခန်းတစ်ခန်းထဲမှာ အတူတူနေကြတယ်လို့ပဲမှတ်တယ်။ အမြင်မတူကွဲလွဲတာတွေရှိပေမယ့် ကျွန်တော်တို့လျှောက်နေတာ လမ်းတစ်လမ်းတည်းပဲ။ ဖြောင့်ဖြောင့်ပဲသွားချင်တယ်။ ကောက်ကွေ့သွားလာနေရင် ကျွန်တော်ပဲမောမယ်။ ကျွန်တော်က အမောမခံနိုင်ဘူး။ ကျွန်တော်လျှောက်နေတဲ့ စာပေလမ်းမကြီးဟာ အများပြည်သူပိုင်လမ်းပါ။ မည်သူမဆိုတက်လျှောက်ခွင့်ရှိတယ်။ အဓိက ကိုယ်လိုရာခရီးကို လျှောက်သွားဖို့ပဲလိုတယ်။ လမ်းဆုံးရင် ပန်းတိုင်ကိုတူတူရောက်မှာပဲ။ အရင်ရောက်ချင်ဇောနဲ့လည်း ပခုံးတိုက်မသွားချင်ဘူး။ ခြေထိုးမခံချင်ဘူး။ ဖြည်းဖြည်းလေးနဲ့မှန်မှန်လေးသွားနေရတာကိုကျေနပ်တယ်။ ခု ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ စိန်ခေါ်ထားတယ်။ အရင်ကသော်ဇင်နဲ့ ခုသော်ဇင်က မင်းဘာလုပ်နိုင်မလဲ ငါဘာလုပ်နိုင်မလဲဆိုတာပဲ။
——————–
၂၀။ ဆရာသော်ဇင် စာအုပ်တွေ ထုတ်ဝေခြင်း မရှိခင်က
www.myanmargazette.net မှာ ရသစာမူတွေ အစဉ်တစိုက် ရေးသားတင်ပြခဲ့တယ်နော်။
အဲဒီ website ထဲမှာလည်း ဆရာသော်ဇင်ရဲ့ စာဖတ်ပရိသတ်တွေ အများကြီး ရှိနေတာတွေ ့ရပါတယ်။
ဆရာသော်ဇင် အခုအချိန်မှာ . ..
mandalaygazette မန်ဘာဝင်တွေ. . .စာဖတ်သူတွေကို ဘာများပြောချင်ပါသလဲ ?
အများကြီးကျေးဇူးတင်တယ်ပေါ့။ ဒီစကားနဲ့တင်မလုံလောက်ပါဘူး။ ဂေဇက်ထဲက အစ်ကိုတွေ အစ်မတွေ ညီ ညီမတွေ ဖတ်ရှုအားပေးခဲ့လို့သာ ရှေ့ကို ရောက်လာရတယ်လို့မှတ်တယ်။ ဂေဇက်က ကျွန်တော်ဘဝမှ အမှတ်တရတွေအများကြီးရှိနေတဲ့ နေရာလေးတစ်ခုပါ။ ကျွန်တော်ရဲ့ဘဝမှာ အမေနဲ့အတူ ကားအက်စီးဒင့်ဖြစ်တုန်းကလည်း ဂေဇက်က လေးပေါက်တို့ ဦးမာဃတို့ကူညီခဲ့ကြတယ်။ ဒါကိုခုထိလည်းမမေ့ဘူး။ နောင်လည်းမေ့မှာမဟုတ်ဘူး။ ကျွန်တော့်ဘက်ကပဲ တောင်းပန်ရဦးမယ်။ ဂေဇက်မှာ စာတွေပုံမှန်မတင်နိုင်တော့တဲ့အတွက် စိတ်ထဲမှာ အကြွေးတင်သလိုခံစားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဂေဇက်မန်ဘာတွေနဲ့ အစ်ကိုအစ်မတွေရဲ့ဖေးမမှုတွေကိုတော့ ကျွန်တော် အရမ်းကျေးဇူးတင်တယ်။ ဒီထဲမှာ စာရေးနေကြတဲ့ မန်ဘာတွေကိုလည်း ပန်းတိုင်ရောက်အောင် ကြိုးစားစေချင်တယ်။ အွန်လိုင်းမှာတင်မနေပဲ ပရင့်မီဒီယာမှာ ဖော်ပြခံရတဲ့အထိ ကြိုးစားစေချင်တယ်။ ဂေဇက်မှာ စာရေးကောင်းသူတွေအများကြီးရှိပါတယ်။ ကြိုးစားကြစေချင်ပါတယ်။
——————–
၂၁။ လက်ရှိမှာ ဆရာသော်ဇင်ရဲ့ စာပေလှုပ်ရှားမှု. . .
ဘာတွေ လုပ်နေလဲ. .
ဘာတွေ ဆက် လုပ်ဖို ့ ရှိသလဲ ?
လက်ရှိကတော့ စာတွေပဲရေးနေတယ်။ ဒါပေမဲ့ လက်တလောတော့ ကွန်ပျူတာပျက်လို့ နားနေတယ်ပေါ့ ( ( ၊ Note လေးတွေပဲမှတ်နေရတယ်။ ဆက်လုပ်ဖို့ကတော့ ကျွန်တော်နဲ့ ဆရာတစ်ယောက် အက်ဆေးစာအုပ်လေးပေါင်းထုတ်ဖို့ရှိတယ်၊ ပြီးတော့ ကျွန်တော့်ရဲ့တစ်ကိုယ်တော် ဝတ္ထုတိုစုစည်းမှုလေးကို ထုတ်ဝေဖို့ရှိတယ်၊ အချိန်တော့ယူရပါဦးမယ်။
———————-
၂၂။ နောက်ဆုံးမေးခွန်းအနေနဲ့ . . .
ဆရာသော်ဇင့်ရဲ့ ရသဖန်တီးမှုကို ဖတ်ရှုခံစားနေတဲ့ ပရိသတ်ကို တစ်ခုခု ပြောရမယ်ဆိုရင် . . .
အခုအချိန်မှာ အပြောချင်ဆုံးက ဘာလဲ ???
အပြောချင်ဆုံးဆိုရင်တော့ ကျေးဇူးအများကြီးတင်တယ်။ ပြီးတော့ ကျွန်တော်ရေးတဲ့ ဝတ္ထုတိုတွေထဲကနေ Message တစ်ခုခုရသွားပါတယ်ဆိုရင် ရေးသားရကျိုးနပ်ပါပြီ။ နောက်ပြီး စာများများဖတ်စေချင်ပါတယ်။ စာတွေထဲမှာ ခွန်အားတွေရှိနေပါတယ်လို့။
မေးသူ – အလင်းဆက် (Gazette)
ဖြေသူ – သော်ဇင်(လွိုင်ကော်)
34 comments
အလင်းဆက်
September 30, 2014 at 1:31 am
ကျနော် မေးတာလေးတွေရော…
ကိုသော်ဇင် ဖြေထားတာလေးတွေပါ…
အားရစရာပဲ..လို့…မြင်မိပါကြောင်း
😆
ကျနော့်အနေနဲ့…နောက်ထပ် ရွာထဲက စာရေးဆရာတစ်ယောက်ကို…
ထပ် ဗျူးထားသေးကြောင်းးး
😆
ဝင့်ပြုံးမြင့်
September 30, 2014 at 4:42 am
ဘရာဗိုပါ ။ မေးသူရော ဖြေသူရော ပြစ်ချက်တစ်ခု မရှိဘူး။ ကိုသော်ဇင်ကိုလည်း ဝမ်းသာတဲ့အကြောင်း ပြောပေးပါနော။
—
အမ မပြောဘူးလား ကိုသူရ။ လုပ်ရင်းနဲ့ အလုပ်ကသင်သွားလိမ့်မယ်လို့။ အမေးရော အဖြေရော ကောင်းလွန်းလို့ အချိန်မရတဲ့ကြားက နှစ်ပြန်တောင်ဖတ်မိတယ်။ မန်းဂဇက်ကြီးကိုလည်း ဒါတွေကြောင့် ကျေးဇူးတင်နေရတာ။
အလင်းဆက်
September 30, 2014 at 5:57 am
ကျနော့် ဘဝမှာ ဒါ ပထမဦးဆုံးသော အင်တာဗျူးပါ။
မေးခွန်းတွေ စာရေးဆရာတယောက်ကို မေးဖို့ ပထမဦးဆုံး အားထုတ်ခြင်းပေါ့။
ဒုတိယမြောက်ကတော့ ဆရာထက်ဝေး
သူ ့ကိုတော့ ရသ အနုပညာပိုင်း နဲ့ ကဗျာဖန်တီးမှုအပိုင်းပို
အတော် မေးဖြစ်ထားတယ်။
တတိယမြောက် မေးဖြစ်မယ့် စာရေးဆရာက . . .
ဝင့်ပြုံးမြင့် ဖြစ်မလားပဲ။
ဟဲဟဲ။ :k:
—–
ကိုသော်ဇင်ရေ
ဗျူးချင်ပါတယ် ဂဇက်မှာ ပိုစ့်တင်ပြီး ကိုသော်ဇင့် စာပေခရီးအတွက် အမှတ်တရ ထားပေးချင်လို့ပါ ဆိုတော့
သူက ok ဆိုတာနဲ့
ချရေးဖြစ်တဲ့ မေးခွန်းတွေပါ။
မှတ်မှတ်ရ တထိုင်တည်း ချရေးဖြစ်တဲ့ မေးခွန်း 22 ခုပါ။
မှတ်မှတ်ရရ မာလာမှတ်တိုင်မှာ bus စောင့်ရင်း ဖုန်းထဲ ချရေးခဲ့တာ။
အိမ်ရောက်တော့မှ
ငါ့မေးခွန်းတွေ အဆင်ပြေရဲ့လား
သူများမေးတာတွေနဲ့ ဘယ်လို ကွာလဲဆိုပြီး
ဝင်းငြိမ်းနဲ့ စာရေးဆရာများတို့
ဟိန်းလတ် စာပေအင်တာဗျူးတို့ကို ပြန် ဖတ်မိတာ။
😆
ချီးကျူးစကားအတွက် တကယ် အားတက်ရပါတယ် အစ်မပြုံးခင်ဗျ။
တစ်ခုရှိတယ်ဗျ။
ကျနော် အင်တာဗျူးသမား ဖြစ်ချင်တာ မဟုတ်ဘူး။
သတင်း ဂျာနယ်လစ် မဖြစ်ချင်ဘူး။
ဝါသနာ မပါပဲ ထ လုပ်နေတာ
😆
ကေဇီ
September 30, 2014 at 5:23 am
Bravo to Set Set.
Congratulations to Ko Thaw Zin
🙂
အလင်းဆက်
October 1, 2014 at 8:00 pm
မမဂျီးကိုလည်း တစ်ခုလောက်ဗျူး ပါရစေ…
အခုတလော..ငြိမ်နေသလားလို့… အဲဒါလေး.. ဂွစ်ဂွစ်စ်
:k:
manawphyulay
September 30, 2014 at 8:26 am
မေးသူနဲ့ ဖြေသူ
အပေးယူ တည့်လို့
ရေးသမျှ မှတ်တမ်းဝင်
ဂေဇက်သူ
မနောဖြူမှာဖြင့်
ဖတ်၍ မဆုံး…..
အလင်းဆက်
October 1, 2014 at 8:03 pm
မမမနောကိုလည်း မေးစရာတွေ ရှိတယ်။
မထူးပါဘူး။ ရွာသူားတွေ အကုန်လုံးကို တယောက်စီလိုက်မေးလိုက်ရင် ကောင်းမားးး
😆
ကိုပေါက်(မန္တလေး)
September 30, 2014 at 8:47 am
ကိုသော်ဇင် ရေ
ဝါသ နာ တစ်ခု ကိုအ ရင်း ပြု ပြီး ဇွဲ လုံ့လ ဝီရိယ ထပ်ပေါင်းမှ အောင်မြင်မူ့ ဆိုတာ ရ နိုင်တယ်
ဆို တာကို ကိုသော်ဇင် က သက်သေပြလိုက်တာပါဘဲ။
ရွှေအမြုတေ ရဲ့ ရွှေ အသစ်ကဏ္ဍက ကျနော်အမြဲ ဖတ် တယ်
ကျနော်ရေး တဲ့ စာတွေ အဲ ဒီကို မပို့ဖြစ်ဘူး
ဘာလို့လဲ ဆိုတော့ ကျနော် က ကိုသော်ဇင်လို့ ဇွဲရှိရှိ မစောင့် နိုင်ဘူးလေ။
( အဲဒါကျနော်ချို့ယွင်းချက်ပါဘဲ)
အဲတော့ ကျနော်က အွန်လိုင်းက စာရေး ဝါသနာရှင်အဖြစ်နဲ့ ဘဲ ရပ်တည်နေရတယ်ပေါ့
ဝမ်းသာဂုဏ်ယူပါတယ်
အလင်းဆက်
September 30, 2014 at 9:28 am
ကျနော်လည်း ရွှေကို တစ်နှစ်မက ပို့/စောင့်ခဲ့ပါရဲ့။
ရွှေရဲ့ မူနဲ့ ရသစစ်စစ်လိုလားမှုအောက်မှာ
တော်ရုံ ကလောင်သစ်လေးတွေ ပြားပြားဝပ်ဆင်းခဲ့ကြတာမနည်း
ကိုသော်ဇင်တို့လို ဒူပေဒဏ်ပေ ခံနိုင်ရည်ရှိတော့ ဇွဲဆု ရရော။
ဇွဲကောင်းတာနဲ့တော့လည်း ရွှေက မရွေးဘူးပေါ့။
ရေးတဲ့ စာမူက တကယ်လက်ရာကောင်းမှ ရွေးတာ
ဆိုတော့ ရွှေမှာ ဖော်ပြခံရရင်ပဲ စာရေးဆရာဖြစ်ပြီလို့ ကျန်တဲ့ တိုက်တွေက အသိအမှတ်ပြုနေကြရတာ
အခု ကိုသော်ဇင်က ရွှေမှာ တစ်လတည်းနဲ့ သုံးပုဒ်တောင် ဖော်ပြခံရတာ
နည်းတဲ့ အရည်အသွေးလားဗျာ. . .
:k:
kai
September 30, 2014 at 9:34 am
စာပေလောကထဲ.. အသစ်ဝင်လာတဲ့..ကလောင်ကိုမေးတဲ့မေးခွန်းတွေက.. သာမန်ထက်နည်းနည်းကျူးနေမလားပဲ..
လန့်စရာ..။ :k:
ဘာပဲဖြစ်ဖြစ်..
ရှေ့သို့လှမ်းသာသွားပါလေ…။
မကြာမတင်နှစ်တွေမှာ..မြန်မာပြည်မယ်.. တီဗီဇတ်လမ်းတွေ.. .။ ရုပ်ရှင်တိုတွေခေတ်စားလာတော့မှာမို့.. ရသစာပေ ခေတ်တခုပြန်ရောက်မယ်လို့.. ထင်…။ :k:
အလင်းဆက်
September 30, 2014 at 10:42 am
အဟဲ။
မေးခွန်းတွေထဲမယ်
နှစ်ပိုင်းကွဲနေတယ်ဗျ။
တစ်ပိုင်းက သူ ့ပရိသတ် သိချင်မယ့် မေးခွန်းတွေ
နောက်တစ်ပိုင်းကတော့ ကျနော် သူ ့ဆီက သိချင်တဲ့မေးခွန်းတွေ
အဲ့ဒီ သူ ့ဆီက သိချင်တဲ့ မေးခွန်းဟာ စာရေးသူတွေဆီက သိချင်တဲ့ အမြင်ကို ကိုယ်စားပြုပါတယ်။
:k:
ဒါကြောင့် နောက် ထပ် မေးခွင့်ရမယ့် စာရေးဆရာတွေကိုလည်း အဲဒီမေးခွန်း သုံးလေးခု
ထည့် မေးချင်နေသေးတယ်။
ဆရာထက်ဝေးလည်း ကျနော့်မေးခွန်းတွေ မြင်ပြီးကတည်းက
ဖုန်းလေးတစ်ခါ ဆက်တယ်။
မေးခွန်းတွေက ကောင်းလွန်းတယ်တဲ့။
အချိန်ယူပြီး ဖြေမယ်နော်တဲ့။
ပြောလိုက်ပါတယ်။
ဖြေချင်စိတ်မရှိတဲ့ မေးခွန်း ဖြေရခက်တာဆို အားမနာဘဲ ပယ်ချလိုက်ဖို့။
:k:
အခု ကိုသော်ဇင်ကတော့ ကျနော့် မေးခွန်းတွေကို မညည်းမညူ ဖြေထားတယ်။
ကျေးဇူးတင်ရပါတယ်။
ကျနော့် မေးခွန်းတွေထဲမှာ
ကျနော်ကိုယ်တိုင် အားနာမိတဲ့မေးခွန်းတွေ ပါတဲ့အတွက်ပါ။
သဂျီးပြောသလိုပေါ့။
သာမန်ထက် နည်းနည်း ကျူး ထားတဲ့ မေးခွန်းတွေ။
လန့်စရာတော့ ဟုတ်ပါဘူး။
ဒါတွေက ပြောတော့ ပြောသင့်တယ်ထင်တာပဲ။
:k:
ဒီအင်တာဗျူးကို ကျနော် အခေါက်ခေါက်အခါခါ ပြန်ဖတ်နေမိတယ်ဗျ။
မေးတဲ့သူရော
ဖြေတဲ့သူကပါ . . .
လူငယ်တွေ မိတ်ဆွေတွေဆိုတော့
တမျိုးလေးပဲ လို့။
လူကြီးတွေ ဗျူးခဲ့တဲ့ စာပေလောက ထဲမယ် ကျန်ရစ်တဲ့ ဗျူးတွေနဲ့ မတူတဲ့ စတိုင်လေး
ရှိနေတယ်။
:k:
သဂျီး သတင်းစာမှာ မထည့်ဘူးလား။
အတွေးလေး
September 30, 2014 at 9:41 am
ဝေဖန် နို်င်စွမ်းတော့ကျွန်တော် မရှိသေးပါဘူးခင်ဗျ
အားပေးဖတ်ရှုသွား ရင်း
ကိုသော််အတွက် Congratulation လို့ပြောပါရစေ
အလင်းဆက်
September 30, 2014 at 10:46 am
အတွေးလေးကိုလည်း ကြုံတုန်း တစ်ခုလောက် ဗျူးပါရစေ
ကဗျာလေးတွေ အရေးကောင်းတယ်
စာသားလေးတွေ ရွေးချယ်တင်ပြတတ်တယ်။
ဘာလို့ ကဗျာလောကထဲ ခြေစုံ မပစ်သေးလဲ လို့။
ကဗျာလောကသည် ဇရှိသူများကို လိုအပ်သည်။
:k:
Myo Thant
September 30, 2014 at 2:51 pm
ကျုပ်က ကချင်ပြည်နယ်သား
ရွာသားမဖြစ်ခင် ရွာထဲမှာ ဝင်ကြည့်မိတာက
ကိုသော်ဇင်ရေးတဲ့ ကချင်မြေ ဖားကန့်ဇာတ်လမ်းတွေရယ် ကိုပေါက်ဓါတ်ပုံပို့စ်တွေရယ်ပါ ၊
ဖွေးဖွေးကို ကြိုက်သူရေ ၊ အင်တာဗျူး ဂွတ်၏ ၊ 🙂
အလင်းဆက်
September 30, 2014 at 3:05 pm
ဦးမျိုးကို တစ်ခုလောက် ဗျူးချဉ်လို့ပါ။
ဒေါ်ဖွားမေကို ယူမလား။
အနော်လည်း
တောင်ယာလုပ်ငန်းလေးလုပ်ပြီး ဖွေးဖွေးနဲ့အတူ နေချဉ်ပြီလေ။
လာမယ့် ရွေးကောက်ပွဲကိုလည်း ပြည်သူတွေ ဆန္ဒရှိမှ
ဒေါ်စုကို ခေါက်ပြီး အဲ အဲ
:k:
Myo Thant
September 30, 2014 at 3:10 pm
ဪ အလင်းဆက် အလင်းဆက်
ဖွေး ကို ထွေးရတော့မယ်ဆိုတော့ ဖွားကို ထားခဲ့တော့မယ်ပေါ့လေ ၊
ကျုပ်က တစ်ပတ်ရစ် မသုံးဘူးဗျ ၊ ဟဲ ဟဲ 🙂
အလင်းဆက်
September 30, 2014 at 4:09 pm
ဂွစ်ဂွစ်စ်
ဟောင်းပေမယ့်လည်း..ကောင်းနေဆဲပါပဲ…
ဘာပေါ့ ညာပေါ့… ။
:k:
ခင် ခ
September 30, 2014 at 4:15 pm
အမေးအဖြေတွေက ကောင်းလှပါတယ်
ဒါပေမဲ့ တစ်ချို့အမေးတွေက နည်းနည်းlevel မြင့်နေသလားလို့။
အလင်းဆက်
September 30, 2014 at 4:28 pm
အမ်…
ကျနော်က ကျနော့်မေးခွန်းတွေ ကလေးကလားဆန်နေတယ်လို့ ထင်နေသေးတာဂျ ။
:k:
သော်ဇင် (လွိုင်ကော်)
September 30, 2014 at 6:27 pm
ကိုအလင်းဆက်ရဲ့ မေးခွန်းတွေရတော့ ဖြေတတ်သလိုပဲဖြေမယ်လို့တွေးလိုက်တယ်။မေးခွန်းတွေရောက်လာတော့ ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော်ဖြေလို့အဆင်ပြေတယ်ပေါ့။းးဒါနဲ့ဖြေဖြစ်ခဲ့တယ်ဗျ။ နောက်ပြီး ဂေဇက်က ဦးဦးဖျားဖျားမေးတဲ့ အင်တာဗျူး မို့ ဝမ်းလည်းသာတယ်။ အားပေးဖတ်ရှုကြတဲ့အပေါ်လည်း ကျေးဇူးအရမ်းတင်တယ်။ ဆက်လက်ကြိုးစားသွားဖို့ ခွန်အားတွေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ယောက်ချင်းစီ reply မုပန်ပေးနိုင်တာကိုခွင့်လွတ်ပါနော်။
ဂေဇက်က အစ်ကိုအစ်မ ညီ ညီမအားလုံးကို ကျေးဇူးကုဋေကုဋာပါ ဗျာ
Ma Ma
September 30, 2014 at 11:06 pm
မေးတဲ့သူရော၊ ဖြေတဲ့သူရော တော်လိုက်ကြတာ။
၂ယောက်စလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို သိလိုက်ရပြီး ၂ယောက်စလုံးကို အားပေးပါတယ်။
အောင်မြင်ကြပါစေ။ 🙂
အလင်းဆက်
October 1, 2014 at 7:58 pm
ကျေးဇူးပါ အန်တီမမရေ…
ဝင့်ပြုံးမြင့်
October 1, 2014 at 4:35 am
ကိုကြီးပေါက် says: ဘာလို့လဲ ဆိုတော့ ကျနော် က ကိုသော်ဇင်လို့ ဇွဲရှိရှိ မစောင့် နိုင်ဘူးလေ။
( အဲဒါကျနော်ချို့ယွင်းချက်ပါဘဲ)
အဲတော့ ကျနော်က အွန်လိုင်းက စာရေး ဝါသနာရှင်အဖြစ်နဲ့ ဘဲ ရပ်တည်နေရတယ်ပေါ့
—-
ဒီလိုရှိပါတယ် ကိုကြီးပေါက်- ရွှေအမြုတေမှာ ကွန်ချက် နှစ်ခုရှိတယ်။ ပေးစာကဏ္ဍရယ်၊ ရွှေအသစ်ကဏ္ဍရယ်။ ပေးစာကဏ္ဍကတော့ နာမည်ကြီးအနုပညာရှင်များ ဘက်ကနေ သိသိသာသာရော၊ မသိမသာရော၊ ကာကွယ်ထားတာမို့ ဆက်မပြောတာ ကောင်းတယ်။ ရွှေအသစ်ကဏ္ဍမှာ ဒီလို အပင်ပန်းခံ လုပ်ကိုင်ပေးတိုင်း ကောင်းတယ်လို့ သတ်မှတ်လို့ ရသလား။ သူတို့ အသိအမှတ်ပြုလိုက်လို့ စာရေးဆရာတန်းဝင် ရေးလက်ရှိတာဟာ သိသာမြင်သာတဲ့ကိစ္စ။ ဒါပေမယ့် ပိုးစိုးပက်စက်နီးပါး နှိပ်ကွပ်ခံရလိုက်လို့ စိတ်ဓာတ်ကျလက်လျော့သွားတဲ့ ရေးလက်ထဲမှာ စာရေးဆရာဖြစ်မယ့်လက် မပါဘူးလို့ အာမခံနိုင်သလား။ ဒီလိုဖြစ်သွားတဲ့ရေးလက်က ပိုတောင် များနိုင်သေးတယ်။ သူတို့ အသိအမှတ်ပြုလိုက်ပြီးမှ တစ်ပုဒ်နှစ်ပုဒ်နဲ့ တိမ်မြုပ်သွားတဲ့လူတွေ တစ်ပုံကြီး။ ဆုတစ်ခုကို ခက်ခက်ခဲခဲရတိုင်း ကောင်းပေမယ့် မလိုအပ်ဘဲ အများကြီးစတေးလိုက်ရတာတော့ မကောင်းဘူး။
—
.ကိုကြီးပေါက်တို့အနေနဲ့ အဲဒီမှာသွားပြီး အစစ်ဆေးခံစရာ မလိုပါဘူး။ ဇွဲတွေ ရှိပြစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျာနယ်ထဲမှာ နေရာခိုင်ခိုင်မာမာ ရပြီးသား နာမည်ကြီး စာရေးဆရာဖြစ်ပြီးသွားလို့ပါပဲ။ ဒါပေမယ့် သူတို့က လုပ်ပြနိုင်တယ်။ သူတို့ရွေးတဲ့လူဟာ စာရေးဆရာတန်းဝင်ပဲလို့ လုပ်ပြနိုင်တယ်။ ဒါက လူမြင်တဲ့အပိုင်း၊ အဲဒီ ကွန်ချက်အတွက် ကြွေလွင့်သွားရတာတွေက အများကြီး။ ဒီတော့ လူတွေက ရွှေကထွက်မှပဲ ဟုတ်သလိုလိုဖြစ်ကုန်တယ်။ (ဒီအပြောမှာ ပုဂ္ဂိုလ်ရေး ထည့်သွင်း မစဉ်းစားစေချင်ပါ။ ကိုသော်ဇင်(လွိုင်ကော်) ကို ထိပါးခြင်း မဟုတ်ပါ)
ကိုကြီးပေါက်တို့လိုလူက ဘာဖြစ်လို့ အွန်လိုင်းမှာ ဆက်ရေးနေသလဲဆိုတော့ သွေးကောင်းလို့ပါပဲ။ လိမ္မာတဲ့လူဆိုရင် ဒီလို ဘယ်လုပ်မလဲ။ fb လေးသာထားပြီး မိမိရရှိပြီးသား အနေအထားကို ကာကွယ်ထားမှာပေါ့။
—-
အွန်လိုင်းမီဒီယာရဲ့ အားသာချက်တွေကို ပို့စ်ထဲမှာ ဖတ်ရပြီးပြီမို့ အထူးမပြောလိုတော့ပါဘူး။ ငွေကြေးကိစ္စရှင်းတဲ့အတွက် ရိုးသားမှုအပိုင်းမှာ အွန်လိုင်းကတောင် သာဦးမယ်။ ဟိုက ငွေရှာတာ။ သူ့လူနဲ့သူ တုပ်ထားပြီးသား။ ကိုသော်ဇင်ဟာလည်း မန်းဂဇက်ကနေ တက်တာပါ။ ပရင့်မီဒီယာက အွန်လိုင်းကို တိတ်တိတ်ခိုးကြည့်နေရတာပါ။ နောက်ထပ်တစ်ခု မန်းဂဇက်က ရွှေအမြုတေထက် အပြတ်အသတ်သာတဲ့အချက်တစ်ချက်ကတော့ နိုင်ငံရေးရည်ရွယ်ချက် (ဝါ) နိုင်ငံရေးယုံကြည်ချက် ရှိတာပါပဲ လို့ မြင်ပါတယ်။
အလင်းဆက်
October 1, 2014 at 6:29 am
သဘောကျပါတယ် မျှစ်အန်တီ
:k:
ရွှေမှာ စင်ပေါ်ရောက်မလာပဲ ဇွဲဆုနဲ့ လွဲကြတဲ့ ကလောင်တွေထဲမှာ
တကယ် ကောင်းတဲ့ ကလောင်တွေအများကြီးပါတယ်ဗျ။
နောက်တချက်က တခြား မဂ္ဂဇင်းတွေမှာ ဖော်ပြခံရပြီးသား ကလောင်တွေ အနေနဲ့ . . .
ရွှေကို ပို့ရင် အပယ်ခံရတာ တွေ ့နေတယ်။
ဆရာ နော်(ကျောက်တိုင်)တို့ဆို ရွှေကို လေးနှစ်လောက် ဆက်တိုက်ပို့တယ်။
စာမူ အပုဒ်ရာချီတာပေါ့။
ဒါပေမယ့် ဘယ်တော့မဆို အပယ်ခံရတယ်။
အဲ နောက်ပိုင်း ရွှေကို လုံးဝမပို့တော့ပဲ
တခြားတိုက်တွေကို ပို့တာ
အိုကေနေတာပဲ။
နောက် သီသီဟန်(ကျိုက်ထို)
နောက် မောင်နှင်းပန်း . . . စသည်ဖြင့်
တခြားတိုက်တွေမှာ စာရေးဆရာအဖြစ် အသိအမှတ့်ပုခံနေရတဲ့အချိန်မှာ
ရွှေကို ပို့မိရင် ရွှေအသစ်အဖြစ်ကတောင် ပယ်ချခံရတာ
နည်းနည်းတော့ လွန်တယ်ထင်တယ်။
အခုနောက်ပိုင်း ရွှေအသစ်ကဏ္ဍကို
ကလောင်သစ်တွေ စိတ်မဝင်စားကြတော့ဘူး။
အဲဒါ ရလဒ်တစ်ခုပဲ။
စာမူပို့တဲ့သူ သိသိသာသာ လျော့ကျသွားတာ မျက်မြင်ပဲလေ။
အဲအဲ
လောလောဆယ် ဒါလေး ဝင်ပြောတာဗျ။
ပြီးရင် ပြန်လာမယ်
:k:
သော်ဇင် (လွိုင်ကော်)
October 1, 2014 at 6:58 pm
ဟုတ် နားလည်ပါတယ်ဗျ ၊ ကျွန်တော်ကတော့ ကြိုးစားရမှာ ကိုယ့်အပိုင်းပဲလို့သတ်မှတ်လိုက်တာလဲပါမယ်ဗျ။ အွန်လိုင်းမှာရေးနေတယ်ဆိုပြီး အားငယ်စရာလည်းမလိုပါဘူး။ တကယ့်ပရင့်မီဒီယာတွေထက် သာတဲ့သူတွေအများကြီးရှိနေပါတယ်။ အဓိကက ကိုယ်ဟာစာရေးနေရရင် ကျေနပ်နေတဲ့သူပဲလို့ တွေးထားလိုက်ပြီး ဆက်လက်ရေးသားမယ်ဆိုရင် အဆင်ပြေပါတယ်ဗျ။ 🙂
Mr. MarGa
October 1, 2014 at 12:32 pm
မေးသူက မေး
ဖြေသူက ဖြေ
ဒီမေးခွန်းတွေရဲ့ အဓိက အချက်က ရင်းနှှီးမှုလို့ ပြောရမလားမသိ
မဟုတ်ရင် ဖြေဖို့ အတော်စဉ်းစားရမယ့် မေးခွန်းလေးတွေ ပါနေလို့ လေ
ဘာပဲဖြစ်ဖြစ် အကုန်လုံးကို ဗရာဗို
အလင်းဆက်
October 1, 2014 at 2:51 pm
ညီတော်မောင် သဂျားရေ။
အင်တာဗျူးတစ်ခုမှာ မေးသူနဲ့ ဖြေသူဟာ
လူချင်းရင်းနှီးမှုရှိဖို့ထက်
အဲ့ဒီဖြေသူ ဖန်တီးတဲ့ စာပေလက်ရာကို မေးသူက ရင်းနှီးနေရမှာ
သူရေးတဲ့စာကို ရင်းနှီးအောင် လေ့လာပြီးမှ သူ ့ကို မေးခွန်းတွေ မေးလို့ရမှာ
လူကိုပဲ ရင်းနှီးပြီး စာကို မရင်းနှီးလို့ကတော့
နေကောင်းလား မနေ့က ဘာနဲ့စားခဲ့လဲ
ဘာအရောင် ကြိုက်လဲ
အကြိုက်ဆုံးအစားအစာက ဘာလဲ ဆိုတဲ့ ပေါကြောင်ကြောင်မေးခွန်းတွေပဲ ထွက်လာမှာ။
ဖတ်တဲ့သူတွေအတွက် ဘာမှ မရနိုင်တဲ့ ပေါ့ရွှတ်ရွှတ်အင်တာဗျူးပဲ ဖြစ်သွားမှာပေါ့။
နော့။
:k:
သော်ဇင် (လွိုင်ကော်)
October 1, 2014 at 7:01 pm
ဟုတ်တယ်ဗျ ဦးမာဃရ
ရင်းနှီးနွေးထွေးတော့ မေးခွန်းတွေအပေါ် ငါဖြေမှဖြေနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်မရှိနေဘူး။
ပြီးတော့ ကိုအလင်းဆက်ကလည်း မေးခွန်းတွေပြင်ဆင်တဲ့နေရာမှာ တော်တယ်ဗျ။
စိုးရိမ်စိတ်မရှိပေမယ့်လို့
နည်းနည်းတော့ဖျားချင်သလိုလိုပါပဲ
ဟဲဟဲ
ကြုံတုန်းလေးဝန်ခံသွားတာပါ
🙂 🙂
အလင်းဆက်
October 1, 2014 at 7:19 pm
ကျနော်…ဒီအင်တာဗျူးကို…
စာပေလောကထဲ ဝင်ကာစ ကလောင်သစ်ကလေးတစ်ယောက်ကို
ကျနော်လို ဘာမဟုတ်သေးတဲ့ ချာတိတ်က ဗျူးတဲ့ မေးခွန်း / ဖြေမယ့်အဖြေ အဆင့်ထက်..
အများကြီး မျှော်လင့်ပြီးမှ…
စာပေလောကအတွက် တထောင့်တနေရာ ရည်ရွယ်ပြီးမှ…
စီစဉ်မေးမြန်းခဲ့တာ ဖြစ်ပါကြောင်းးးး
😆
Mr. MarGa
October 2, 2014 at 8:54 am
အဲ့လာ.. အဲ့လာ…
တွေ့လာ ဒညင်းဝက်
ဟွန်းးး :a:
အလင်းဆက်
October 2, 2014 at 11:09 am
တွေ ့တယ်လေ… ဟဲဟဲဟဲ.ဟဲ…
:K:
kyeemite
October 1, 2014 at 2:00 pm
.အင်တာဗျူ းမေးသူက စာဖတ်များ…စာပေဝါသနာကြီး..ကိုယ်တိုင်လည်းစာပေတွေဖန်တီးနေသူဆိုတော့
.မေးခွန်းတွေကကြောက်စရာ
.ဒါပေမဲ့ ကိုသော်ဇင်ကလည်းသူ့အမြင်ကို ပွင့်ပွင့်လင်းလင်းဖြေထားတာမို့
.နှစ်ယောက်စလုံးကို ချီးကျူ းပါတယ်
အလင်းဆက်
October 1, 2014 at 2:32 pm
ဟုတ် ဦးကြီးရေ
ချီးကျူးစကားအတွက် ပီတိဖြစ်ရပါတယ်။
တကယ်တော့ အင်တာဗျူး တစ်ခုမှာ မေးသူနဲ့ ဖြေသူ ဘက်ညီပြီး လေပေးဖြောင့်ရသ် အဲ့ဒီဗျူးကို ဖတ်တဲ့သူတွေ တစ်ခုခု ရပါလိမ့်မယ်။
မေးသူ က ပရိသတိသိချင်တာကို ကြားခံမေးပေးသူ
ဖြေသူက မေးသူရဲ့ မေးခွန်းလာပုံကို ကြည့်ပြီး
သူ့ အတတ်နဲ့ ပညာပါပါ ဖြေရမယ့်သူ
အဲ့ဒီ နှစ်ယောက်မှာ မေးသူရဲ့ မေးခွန်းထက် ဖြေသူရဲ့ အဖြေက အရောင်ပိုတောက်နေရမယ်။
မေးသူဟာ ဖြေသူကို အရောင်တောက်အောင် ပို့ပေးနိုင်သင့်တယ်ပေါ့။
အခု ဒီ အင်တာဗျူးမှာ
မေးသူရော ဖြေသူပါ
ချီးကျူး အသိအမှတ်ပြုခံရတော့
ကျနော်လည်း ဒီအင်တာဗျူးကို စီစဉ်မိတဲ့အတွက် တော်တော် ကျေနပ်မိတယ်ဗျာ။
(ကြောက်စရာကောင်းတဲ့ မေးခွန်းတွေလို့တော့ ပြောကြတာပေါ့။ ဒါမယ့် ဖြေတဲ့သူကလည်း သူ ့နည်းသူ့ဟန်နဲ့ အကောင်းဆုံး ဖြေနိုင်ခဲ့တော့)
ကျနော်တို့ မိတ်ဆွေစကားဝိုင်းပဲဆိုဆို
စာပေအင်တာဗျူးပဲဆိုဆို
ဒီ ပိုစ့်လေးကို ဖတ်ရှု အားပေး ဆွေးနွေးပေးကြတဲ့
မိတ်ဆွေများကို
ကျေးဇူး အထူးတင်ပါကြောင်းးး
😆
သော်ဇင် (လွိုင်ကော်)
October 1, 2014 at 6:54 pm
ဟုတ် စိတ်ထဲရှိတာလေးတွေပဲပြောချဖြစ်ခဲ့တဲ့ မှတ်မှတ်ရရအဖြေတွေပါ ကျေးကျေး 🙂