ပုဂံမြေပေါ်က ကမ္ဘာကျော် သရပါ- ၃ စားသောက်ဆိုင်ကို ပဲ့ကိုင်ပေးသူ သင်းသင်းလဲ့

အာဂSeptember 30, 20142min62919

• ဆိုင်နာမည်လေးက သရပါ -၃ ဆိုတော့ မသိတဲ့လူတွေက
ဆိုင်ကြီးကနားကြီးမှတ်ကောင်းမှတ်နေပါလိမ့်မယ်။
အမှန်တော့ သရပါဟော်တယ်ကို သရပါ ၁ လို့
အရပ်ကနာမည်ပေးထားပြီး အဲဒီအနီးပတ်ဝန်းကျင်က
စားသောက်ဆိုင်တစ်ဆိုင်ကို သရပါ ၂ လို့ နာမည်ပေးပြီးတဲ့အချိန်မှာတော့
မူလလက်ဟောင်း မန်ကျည်းပင်အောက်က ထမင်းဆိုင်လေးကိုတော့
သရပါ ၃ လို့ စားသောက်သူတွေကနာမည်ပေးထားတာ ဖြစ် ပါ တယ်။
ဒီဆိုင်လေးက ကိန်းကြီးခန်းကြီးမရှိ၊ မန်ကျည်းပင်ရိပ်အောက်တွင်
တာလဘက်မိုးထားပြီး ခွေးခြေခုံလေးများနှင့်သာ။
ဒါပေမဲ့ မနက် ၆း၃ဝ လောက်ကတည်းက ညနေ ၂းဝဝ လောက်အထိ
လူပြတ်တယ်လို့မရှိပေ။ အဆိုပါဆိုင်လေး နာမည်ကြီးလာတာက လည်း
အမျိုးမျိုးသောအကြောင်းလေးတွေ ရှိနေပါတယ်။ ပထမအချက်က
အဆိုပါ ဆိုင်လေးရဲ့ လက်ရာကောင်းမှုကြောင့်
လာရောက်အားပေးကြတဲ့ ဧည့်လမ်းညွှန်တွေကြောင့် ဖြစ်ပြီး
အဲဒီဧည့်လမ်းညွန်တွေကြောင့် နိုင်ငံခြားသားများပါ
လာရောက်စားသောက်ရင်း ကမ္ဘာကျော်ခရီးသွားမဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေရေးသားခဲ့တာကြောင့်လည်းပါပါ တယ်။
အခုနောက်ပိုင်းတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါ လာရောက်စားသောက်တယ်ဆိုတော့
ဆိုင်လေးရဲ့ နာမည်က အတိုင်းထက်အလွန် နာမည်ကြီးလာတာပါပဲ။
ဒီတော့ သရပါ -၃ စားသောက်ဆိုင် ကို လမ်းညွှန်ပဲ့ကိုင်ပေးသူ
မသင်းသင်းလဲ့ ဘဝဇာတ်ကြောင်းလေးနဲ့ ဆိုင်လေးအကြောင်း
တစ်စေ့တစ်စောင်းကို င်္သသိ မဂ္ဂဇင်းပရိသတ်ကြီးအတွက်
ပုဂံမြေသို့ အရောက်သွားပြီး တွေ့ဆုံမေးမြန်း တင်ဆက် ပေးလိုက်ပါတယ်။

အာဂ

• မသင်းသင်းလဲ့ ကိုယ်ရေးအကျဉ်း

– ကျွန်မနာမည်ကတော့ မသင်းသင်းလဲ့ပါ။ အဖေကတော့ ဦးစောဖေ
ကျွန်မ၈နှစ် သမီးလောက်မှာပဲဆုံးသွားပါပြီ။ အမေကတော့ ဒေါ်သန်းတင်ပါ။
မွေးချင်းကတော့ ငါးယောက်ပါ။ အစ်မရဲ့အထက်မှာတော့ အစ်ကို၂ ယောက်ရှိပါတယ်။
အစ်မတို့က ပုဂံမြို့ဟောင်း တောင်ချီရွာလေးမှာနေပါတယ်။
ပထမတော့ အစ်မတို့က တောသူတောင်သား လက်လုပ်လက်စား ဆင်းရဲခဲ့ပါတယ်။
အဲဒီမှာ အစ်မတို့ ဆွေမျိုးနီးစပ်ဆိုင်လေးထွက်မယ် လိုက်မလားလို့ပြောပါတယ်။
အစ်မလည်း ဆင်းရဲတော့ လိုက်မယ်၊ လုပ်မယ်ဆိုပြီးတော့ ဆိုင်လေးကို
သူတို့စပြီးတော့ ရောင်းဖြစ်သွားတာပါ။ ပထမစရောင်းတော့ အစ်မ သူတို့ ဆိုင်မှာ
ချက်ပြုတ်ခဲ့ပေးပြီး အစ်မရဲ့ ညီမ မကြည်နဲ့ထားခဲ့ကာ တောထဲ၊တောင်ထဲပြန်
အလုပ်လုပ်တယ်။ အဲဒီကနေ စလုပ်ဖြစ်ခဲ့တာပါ။ နောက်ပိုင်း
အကြောင်းကြောင်းကြောင့် အဲဒီဆိုင်က နေ ခွဲထွက်ဖြစ်ခဲ့ပါတယ်။
အချက်အပြုတ်က တော့ ဝါသနာအပါကြီးတော့ မဟုတ်ပါဘူး။
ငယ်ငယ်ကတည်းက ကျွန်မကအိမ်မှာ မိသားစုအတွက်
ငယ်ငယ် လေးတန်းကျောင်းသူ အရွယ်ကတည်းက ချက်ပြုတ်ပေးနေရတာပါ။
ဆိုင်အနေနဲ့ဆို ရင်တော့ အသက် ၂၈နှစ်လောက်မှ စပြီးတော့ ချက်ပြုတ်ဖြစ်တာပါ။
စချက်တုန်းကတော့ အိမ်က မိဘတွေ ချက်ခိုင်းတော့ မချက်တတ်ချက်တက်နဲ့ ချက်တော့
လိုအပ်ချက်တွေ တော့ရှိမှာပါပဲ။ ပထမဆုံး ၂ဦးစပ်ဆိုင်လေးဖွင့်ဖြစ်တုန်းကတော့
အစ်မကိုယ်တိုင် ချက် ခဲ့တာပါပဲ။ အမှန်တိုင်းပြောရရင် အချက်အပြုတ်ကို
သိပ်ပြီးတော့ လေ့လာတာတွေတော့ မရှိခဲ့ပါဘူး။ အစ်မဒီအတိုင်း
မိသားစုကိုချက်ကျွေးသလိုလုပ်ပြီးတော့ ရောင်းတာပါပဲ။

………………………………………………………………………………………..
• နှစ်ဦးစပ်ကနေ ခွဲထွက်ပြီးတော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖြစ်ပုံ။

– လက်လုပ်လက်စားအလုပ်ထက် ဈေးရောင်းရတာမိသားစုစားဝတ်နေရေးက
ပိုအဆင်ပြေတယ်လေ။ နှစ်ဦးစပ်ရောင်းနေရာကနေ ခွဲထွက်ပြီးတော့
အခုဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းမဘေးမှာ ကိုယ်ဘာသာကို
ဆိုင်လေးဖွင့်ပြီးတော့ ရောင်းမယ်လို့ ကျွန်မကပြောတော့
အစ်မညီမလေးက မရောင်းချင်ဘူး။ မရောင်းချင်ရင် နင် တောထဲ တောင်ထဲမှာ
ဆင်းရဲတဲ့အလုပ်လုပ်နိုင်လားပေါ့။ သူကလုပ်နိုင်တယ်ပဲ ထားဦး ။
ကျွန်မ လက်တွေ့ဒီလိုပင်ပန်းတဲ့အလုပ်ကို ဆင်းဆင်းရဲရဲလုပ်လာတဲ့အခါကျတော့
စိတ်ထဲ မဖြောင့်ဘူးလေ။ ကိုယ့်လိုလည်း ဆင်းရဲဒုက္ခတွေကို သူတို့ကိုမခံစားစေချင်ဘူး။
ဆင်းရဲတာချင်း အတူတူတောင်မှ ဈေးရောင်းလို့ ဆင်းရဲတာမှ
ကိုယ်ဝတ်ချင်တာ၊စားချင် တွေကို ဝယ်နိုင်သေးတယ်။ တောထဲမှာကျတော့ရတဲ့
ပိုက်ဆံနဲ့ ဝတ်ချင်တာလည်း မဝတ်ရဘူး။ စားချင် တာလည်း မစားရဘူးလေ။
ဒီတော့ ကိုယ်ပိုင်ဆိုင်လေးကို စပြီးတော့ ခွဲထွက်ပြီး ဖွင့်ဖြစ်ခဲ့ပါတယ်။

………………………………………………………………………………………..
• ကိုယ်ပိုင်ဆိုင်လေးအစ။

– ဆိုင်စဖွင့်တော့လည်း ငွေကြေးအနေအထားကိုလည်း ရင်းနှီးတဲ့လူတွေဆီကနေ
အကူညီတော့ တောင်းခဲ့ရတာပေါ့။ အခုထက်ထိဦးကျော်တင့်၊
ဒေါ်မြင့်တို့ရောင်းတဲ့ဈေးဆိုင်မှာ ကျွန်မတို့ ဒီလိုထမင်းဆိုင်လေး ဖွင့်ချင်တယ် ။
လိုအပ်တာလေး တွေကို ကူညီဖြည့်ဆည်းပေးပါဆိုတော ့သူတို့ကလည်းကူညီခဲ့ပါတယ်။
သဘောက ဒီနေ့သူတို့ဆိုင်က လိုအပ်တဲ့ပစ္စည်းတွေကို မနက်ပိုင်းယူတယ်။
ညနေပိုင်းကျတော့ ယူထားတာကို ပိုက်ဆံရှင်းတယ်။ စဖွင့်တော့ အခက်ခဲကတော့
သိပ်ပြီးတော့မရှိပါဘူး။ အတိုက်အခိုက်ဆိုတာလည်း ရှိချင်ရှိမယ်။
ကျွန်မတို့ကတော ့ စိတ်ထဲသိပ်မထားဘူး။ ကိုယ့်လုပ်စရာရှိတာပဲ ကိုယ်လုပ်တာပါပဲ။
စဖွင့်တုန်းကတော့ အခုမန်ကျည်းပင်လေးရှေ့က တမာပင်လေးအောက်မှာ
စဖွင့် ခဲ့တာပါ။ အမိုးအကာလည်း မရှိပါဘူး။ တမာရိပ်လေးကိုပဲ
အားကိုးပြီးတော့ ဖွင့်လာခဲ့ တာပါ။ အမိုးမရှိတော့ မနက်အစောကြီးမိုးရွာရင်တော့
ဆိုင်မဖွင့်ဖြစ်ပါဘူး။ နောက်ပိုင်း ကျတော့ လူတွေကလည်းများလာတယ်။
လမ်းမတန်းနဲ့ကပ်နေတော့ လူကြီးတွေက ပြောလာကြတာနဲ့
သူတို့ဆီကခွင့်ပြုချက်ယူပြီးတော့ ဘယ်လိုပဲရောင်းရရောင်းရ
နောက် ဆုတ်ရောင်းပေးပါမယ်။ တစ်နေရာစာလေးရရင်ပဲ ကျေနပ်ပါပြီဆိုပြီးတော့
အခုမန်ကျည်းပင်အောက်ကို ပြောင်းဖွင့်ခဲ့တာပါ။ အစကတော့မနက်ပိုင်းပဲ
ထမင်းဆီဆမ်း နဲ့အကြော်အလှော်လေးတွေနဲ့ ရောင်းတယ်။ မုန့်ဟင်းခါးရောင်းတယ်။
စရောင်းတုန်းက ထမင်းဆိုရင်လည်း ၄ပုံးလောက်ပဲ ချက်ရဲတယ်။
မုန့်ဟင်းခါးဆိုရင်လည်း ၁ပိဿာလောက်ပဲ။ အဲဒီမှာ သရပါဟော်တယ်ကိုလာတဲ့
ကားသမား၊ ဂိုက်တွေက ဟင်းချက်လေး ချက်ရောင်းပါလား။
ဝက်သားဆီပြန်လေး ချက်ပါလား။ စသဖြင့်သူတို့ပြောတာ၊
လိုအပ်တာလေးတွေကို တစ်စတစ်စချက်ရင်းနဲ့ အခုလိုဆိုင်လေးအထိ
ဖြစ်လာ တာပါ။ နောက်ပိုင်း တော်တော်လေးလည်း ရောင်းရလာတဲ့အခါမှာ
စားတဲ့လူတွေ မနက်ပိုင်းနဲ့တင် အရှိန်မသေတော့ဘဲ နေခင်းဘက်အထိပါ
ဖွင့်ဖြစ်ခဲ့တာပါ။ အစ ကတော့ တိုးဂိုက်နဲ့ကားသမားတွေ အစားများတာပါ။
နောက်ပိုင်းကြတော့ ခရီးသွားတွေ ပါစားလာကြပါတယ်။

………………………………………………………………………………………..
• ကိုယ့်ဆိုင်ရဲ့လက်ရာစားသုံးပြီးချီးမွမ်းခံရတဲ့ခံစားချက်။

– ချီးမွမ်းတာကတော့ ဘယ်လိုပြောရမလဲ။ ကိုယ့်ဆိုင်မှာစားပြီး
ကောင်းတယ်လို့ ပြောတာလည်းရှိတယ်။ အဆင်မပြေဘူးလို့
ပြောသွားတာမျိုးလည်း ကြုံ ခဲ့ဘူးပါတယ်။အများဆုံးကတော့ နိုင်ငံခြားသားတွေက
စားပြီးကောင်းတယ်လို့ ပြောသွားတာမျိုးကြုံခဲ့ဖူး ပါတယ်။
အဲဒီကျရင်တော့ ပီတိအရမ်းဖြစ်ရပါတယ်။ စစဆိုင် ဖွင့်ခါစ က ချီးမွမ်းရင်တော့
ကျွန်မတို့က အရမ်းဝမ်းသာရတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့
အရိုင်းလိုစဖွင့်တာကိုး၊ ဒီလိုလည်း အများကြီးရောင်းတာ မဟုတ်ဘူး လေ။
နည်းနည်းလေးရောင်းတာကို စားတဲ့ လူက ကောင်းတယ်လို့ ပြောလို့လည်း
အခုလိုလေးရပ်တည်နေနိုင်တာပါ။

………………………………………………………………………………………..
• သရပါ-၃ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်။

– ကျွန်မတို့ဆိုင်မှာ လာစားကြတဲ့ လူတွေကို ဟင်းအရသာ
ဘယ်လိုနေလဲလို့မေး တယ်။ ပေ့ါရင်ပေါ့တယ်လို့ပြောပါ။
ငန်တယ်ဆိုရင် ငန်တဲ့ အကြောင်းပြောပါ။ စားသုံးသူ ကျွန်မတို့ရဲ့ ဆရာပါပဲ။
သူတို့လိုတာလေးတွေဆိုရင် ကျွန်မတို့ကပြန်ပြင်တယ်။
အမှန် ပြောရရင် စားသုံးသူတွေသင်ပေးခဲ့လို့ အခုလို
ရောင်းကောင်းတဲ့ဆိုင်လေး ဖြစ်နေတာပါ။ကျွန်မက စားသုံးသူကို စားပြီး
စိတ်ထဲမှာ မကြိုက်တာမျိုး၊ စိတ်ခုသွားတာမျိုးလုံးဝ မဖြစ် စေချင်ဘူး။
မကောင်းရင်လည်း မကောင်းတဲ့အကြောင်းလေး ပြောပြစေချင်တယ်။
ဒီလိုပြောမှလည်း အစ်မပြင်ဆင်လို့ရမှာလေ။ ကျွန်မစိတ်ထဲမှာ စားသုံးသူကို
အရမ်း အဆင်ပြေစေချင်တယ်။ တစ်ခါတလေလူကြရင် ကျွန်မတို့ကမအားဘူး။
အဲဒီအချိန် စားသုံးသူက ဂွေးသီးထောင်းလေးတွေ၊
မန်ကျည်းရွက်ထောင်းလေးတွေ စားချင်တယ်။အဲဒီကျရင် ကျွန်မတို့က
တစ်အားကို မအားတဲ့ကြားထဲကနေပြီးတော ့မဖြစ်ဖြစ်အောင် လုပ်ပေးရတယ်။
စားသုံးသူက အခြားသားငါးထက် ဒီလိုပေါ်ပင်အညာစာလေးတွေကို
ပိုပြီးတော့ သဘောကျတယ်။ နောက်စားသုံးသူတွေ
ကျန်းမာရေးဘေးဥပဒ်ရောက်မယ့် သား၊ငါးတွေကိုမသုံးပါဘူး။
ဥပမာ – ဒီနေ့ ဒီသားငါးက မကောင်းဘူးထင်ရင် အဲဒီသားငါးကို
ဒီနေ့ လုံးဝချက်မရောင်းပါဘူး။ ဟင်းတွေဘာတွေကျန်တာလည်း မထားပါဘူး။
မနက် ပိုင်းရောင်းလိုက်ရင် လာစားတဲ့လူအနေအထားကို တွက်လိုက်ပြီး
ဧည့်သည်များရင် နေလယ်ကျရင် တိုးချက်တယ်။ နည်းရင်လျော့ချက်လိုက်ပါတယ်။
ချက်ပြုတ်တဲ့နေရာမှာ လည်း ရှောင်သင့်တာလေးတွေ ရှောင်ပြီးချက်ပါတယ်။
ဟင်းတွေ အများစုကိုလည်း ကျွန်မတို့ တောဓလေ့အတိုင်းပဲချက်တာပါ။

………………………………………………………………………………………..
• သရပါ-၃ ထမင်းဆိုင်ရဲ့ ရောင်းချမှုပုံစံခပ်ဆန်းဆန်း။

– ကျွန်မတို့ဆိုင်က ထမင်းတစ်ပွဲကို ၅ဝဝယူပါတယ်။
ကြက်သားကြော်ကို ၆ဝဝ ယူ ပါတယ်။ ပုစွန်တစ်ပွဲကိုတော့
၁၅ဝဝ ကျန်တဲ့ ဝက်သား၊ ဆိတ်သား၊ ငါးတွေကိုတော့ တစ်တုံး ၃ဝဝယူပါတယ်။
ထမင်းတစ်ပွဲမှာလိုက်ရင် ဥပမာ ဝက်သားဆို၃တုံး ပန်းကန်ထဲမှာ
ထည့်ပေးထားပါတယ်။ စားတဲ့လူက တစ်တုံးပဲစားရင် တစ်တုံးဖိုးပဲ ယူပါတယ်။
ထမင်း တစ်ပွဲနဲ့ သားတစ်တုံးဆိုရင် ၈ဝဝလောက်ပဲကြမှာလေ။
အဲဒီလိုစိတ်ကူးမိတာကလည်း ကျွန်မတို့ဆိုင်ကို ပျံကျဈေးသည်ကအစ
လူတန်းစားမရွေး စားသောက်နိုင်အောင် တစ်တုံးခြင်းရောင်းမယ်ဆိုပြီတော့
စဉ်းစားရင်း လုပ်ဖြစ်သွားတာပါ။ စားသုံးသူလည်း အဆင်ပြေအောင်ရယ်၊
ကျွန်မတို့မိသားစု စားဝတ်နေရေး အဆင်ပြေအောင်လို့ပေါ့။
အခုအနေထားကျတော့ တစ်နေ့ကို ၃သိန်းခွဲဖိုးလောက် ရောင်းရပါတယ်။
အခုကျတော့ သား၊ ငါးဈေးတွေ ကြီးလာတယ်။
ဒါကြောင့် ထမင်းတစ်ပွဲကို ၅ဝဝယူတာပါ။ အရင်ကဆို ၃ဝဝပဲယူတယ်။

………………………………………………………………………………………..
• ကမ္ဘာလှည့် ခရီးသည်များလာစားကြတဲ့အချက်။

– ကျွန်မတို့ဆိုင်မှာ စားနေတဲ့ရန်ကုန်က ဂိုက်တွေက ဧည့်သည်ကိုခေါ်လာတယ်။
အဲဒီ ထဲကမှ ဧည်သည်တစ်ယောက်ပေါ့၊ နာမည်တော့ အစ်မမခေါ်တတ်ဘူး။
သူကကျွန်မ တို့ဆိုင်အကြောင်း နာမည်ကြီး ခရီးသွားလမ်းညွှန်စာအုပ်မှာ
ထည့်ရေးပေးတယ်။ အဲဒီ နောက်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေက
အဲဒီစာအုပ်ကိုဖတ်ပြီး ကျွန်မတို့ဆိုင်ကို လာစားဖြစ်ကြတာပါ။
အဲဒီလို ကိုယ့်ဆိုင်အကြောင်း စာအုပ်မှာရေးပေးတာကိုလည်း
စားသုံးသူ ဂိုက်တွေက ပြန်ပြောလို့မှသိရတာပါ။ တချို့ကလည်း
ကိုယ့်ဘာသာကိုကျွန်မတို့ဆိုင်ကိုရှာပြီး လာတာရှိသလို၊ တချို့ကလည်း
ဂိုက်ကိုမေးပြီးတော့ လာကြတာတွေ ရှိပါတယ်။

………………………………………………………………………………………..
• ငယ်စဉ်ဘဝနဲ့ဖြစ်ချင်တဲ့ဆန္ဒ။

– ငယ်ငယ်တုန်းက ကျွန်မက အမှန်တိုင်းပြောရရင် တအားဆင်းရဲတယ်။
အရမ်းကြီးချမ်းသာချင်တာမျိုးရယ်တော့ ကျွန်မလောဘမကြီးခဲ့ဘူး။
ဒါပေမဲ့ မိသားစုစားဝတ် နေရေးအဆင်ပြေပြေလေးနဲ့
နေချင်တဲ့ စိတ်ကူးပဲရှိခဲ့တယ်။ ငယ်ငယ်ကတော့ ပညာ တတ်ဖြစ်ချင်တာပေါ့။
ကျောင်းလည်းအရမ်းလိုက်ချင်(ကျောင်းတက်ချင်)တာ။
အခု ခေတ်လို ကျောင်းတက်ဖို့ အတွက်ကလည်း မလွယ်ကူဘူး။
အိမ်မှာမိသားစု ၅ ယောက် ရှိရင် အကုန်အလုပ်လုပ်မှအဆင်ပြေမှာလေ။
ဒီတော့ ကျွန်မက လေးတန်းနှစ် ကတည်း ကထွက်ပြီးတော့
အလုပ်မျိုးစုံကို လုပ်ခဲ့ရပါတယ်။ အလုပ်တွေကတော့ တောထဲ၊ တောင်ထဲ၊
ကျွန်းတွေထဲ နေပူပူ၊ မိုးရွာရွာ ပင်ပင်ပန်းပန်းလုပ်ခဲ့ရတယ်။
ကိုယ်က ဒီလိုလုပ်ခဲ့ရတော့ ကိုယ့်အောက်လူတွေကိုလည်း
ကိုယ့်လိုမျိုးမဆင်းရဲစေချင် ဘူး။ဒါကြောင့် ဈေးရောင်းမှဖြစ် မယ်ဆိုပြီး
အရဲစွန့်ပြီး လုပ်ခဲ့ရတာ။ နဂိုက ကျွန်မတို့က တော်တော်ကို ဆင်းရဲခဲ့ရတာပါ။
ဘယ်လိုဆင်းရဲခဲ့ရလည်း ဆိုတာကိုတော့ ကျွန်မပြန် မပြောချင်တော့ပါဘူး။

………………………………………………………………………………………..
• မိသားစုဝင်များအတွက်ပံ့ပိုးပေးမှုများ။

– ကျွန်မကတော့ အခုကိုယ့်မိသားစုထဲက တူသားနောင်မယ်
ကျောင်းသားတွေကို ကျောင်းစရိတ်တွေ ထောက်ပံ့ပေးတယ်။
အစ်မရဲ့အမေ မုဆိုးမကိုလည်း သူစိတ်ချမ်း သာအောင်
အစစပံ့ပိုးပေးရတာပေါ့။ အစ်မတို့မောင်နှမ ၅ ယောက်ရဲ့
လိုအပ်ချက်တွေ ကိုတော့ တတ်နိုင်သလောက်တော့ ပံ့ပိုးပေးနေတာပါပဲ။

………………………………………………………………………………………..
• မသင်းသင်းလဲ့ရဲ့ ရောင့်ရဲတင်းတိမ်မှုစိ်တ်ထား။

– အခုဒီဆိုင်လေးကိုတော့ တိုးချဲဖို့ကတော့ အစီအစဉ်ကိုမရှိပါဘူး။
ဒီလိုလေးရောင်းနေရရင်ပဲ အစ်မကကျေနပ်နေပါပြီ။
ဒီလိုရောင်းရင် မိသားစုစားဝတ် နေရေးက အဆင်ပြေပါတယ်။
ချမ်းသာဖို့ဆိုတာလည်း မမျှော်လင့်ထားပါဘူး။ အခုလိုရောင်းရ လည်း
အမြတ်ကသိပ်အကျန်ကြီးလည်း မဟုတ် ပါဘူး။ သူများဆီမှာ
တစ်နေကုန်လုပ်လို့ ၂ဝဝဝလောက်ရတာထက်စာရင်တော့ပိုရတာပေါ့။
ဥပမာ ၁ သောင်းလောက် ကျန်မယ်။၂ သောင်းလောက်ကျန်မယ်ဆိုရင်လည်း
သူများဆီမှာ စာရင်းငှားလုပ်ရတာ ထက်စာရင် မဆိုးဘူးလေ။
ဒီနှစ်တွေက ကုန်ဈေးနှုန်းတက်တော့ အများကြီးတော့ မကျန်ပါဘူး။
ကုန်ဈေးနှုန်းမြင့်တဲ့အတိုင်း စားသုံးသူအပေါ် လိုက်တိုးယူလို့ကလည်း
မရဘူးလေ။ စားသုံးသူလည်း စားနိုင်အောင ်ပြန်ပြီးတော့
တွက်ရသေးတယ်။ဆိုင်ခွဲတွေခွဲထွက်ဖို့လည်း အစီအစဉ်မရှိပါဘူး။
အခုညီမနှစ်ယောက်မှာ ကိုယ်ကခွဲထွက် လိုက်ရင်
ညီမတစ်ယောက်တည်းထားဖို့ကျတော့လည်း စိတ်မချဘူး။
တချို့ဆိုရင် ရန် ကုန်မှာ ဆိုင်လိုက်ဖွင့်ဖို့တောင် ပြောကြတယ်။
ဒါပေမဲ့မဖွင့်ပါဘူး။ အခုအနေအထား လေးကို အရမ်းစိတ်ချမ်းသာမိပါတယ်။
လောလောဆယ်လည်း ချမ်းသာတာ၊ မချမ်းသာ တာထက်
မိသားစုစားဝတ်နေရေး အဆင်ပြေနေတာလေးကိုပဲ အရမ်းကျေနပ်နေမိပါတယ်။

………………………………………………………………………………………..
• မသင်းသင်းလဲ့ရဲ့စားသုံးသူအပေါ်ထားရှိမှုစိတ်ထား။

– စားသုံးသူကြောင့် အခုထက်ထိ ပုဂံမှာနေပြီးတော့
အခုထိစွယ်တော်လေးဆူကိုဖူးချိန် မရသေးဘူး။ ဒါကလည်း
ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုအားပေးဖို့လာကြ တဲ့အခါမှာ
ကိုယ်ကဆိုင်မထွက်နိုင်ရင် သူတို့ ဒီအတိုင်းလှည့်ပြန်ရမှာလေ။
ဒီတော့ ဒီအသက်၊ ဒီအရွယ်အထိ ဘယ်မှခရီးတွေမသွားဖူးဘူး။
မိုးရာသီဆို တစ်ရက်၊ နှစ်ရက် လောက်နားမိလို့ရှိရင်
ကျွန်မတို့ဆိုင်ကိုလာစားဖို့ အဝေးကလာကြတဲ့လူတွေရှိတယ်။
မထွက်တဲ့အခါကျတော့ အားနာမိတယ်။ သွားတော့သွားချင်တာပေါ့။
ဒါပေမဲ့ ဘယ်မှ မသွားဖြစ်တော့ပါဘူး။ လူခွဲထားပြီးတော့
နေရင်တော့ရတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ် မရှိရင်
ကိုယ့်ဆိုင်မှာတစ်ခုခု ဖြစ်မှာအရမ်းကြောက်တယ်။
ကိုယ်ရှိတဲ့အချိန် မှားရင်တော့ ဘယ်လိုကိုင်၊ ဘယ်လိုလုပ်ဆိုပြီတော ့
ပြင်ဆင်ပေးလို့ ရသေးတယ်။ ကိုယ် မရှိတဲ့အခါကျတော့
အမှားမှားအယွင်းယွင်းဖြစ်မှာ အရမ်းကြောက်တယ်။
အဲဒီစိတ်နဲ့ တော်ရုံ ဘယ်မှမသွားဖြစ်တော့ပါဘူး။

………………………………………………………………………………………..
• မသင်းသင်းလဲ့ရဲ့စားသောက်မှုပုံစံခပ်ဆန်းဆန်း။

– ကျွန်မက မနက်စာရော၊ နေ့လယ်စာပါမစားဖြစ်ပါဘူး။
အမှန်အတိုင်းပြောရရင်ဒီချက်တာ၊ပြုတ်တာတွေကို မြင်နေရတာရယ်။
ချက်ထားတာလေးတွေ အရသာမြည်း မြည်းနေရတာနဲ့
ဗိုက်ကဝနေသလို ဖြစ်နေတယ်။ ဒီတော့ ထမင်းကို စားကိုမစားချင် တော့ဘူး။
ဒီတော့ညဘက်ရောက်မှ ပဲစားဖြစ်တော့တယ်။ ညဘက်ကျတော ့
အမေအိမ် မှာချက်ကျွေးတဲ့ ဟင်းလေးနဲ့ပဲစားလိုက်တာပါ။
အမေချက်တဲ့ဟင်းဆိုရင်တော့ ချက် သမျှ အကုန်ကြိုက်နေတာလည်းပါမှာပေါ့။

………………………………………………………………………………………..
• မသင်းသင်းလဲ့ရဲ့စိတ်အပန်းဖြေမှုပုံစံ။

– ကျွန်မရဲ့ အားလပ်ချိန်ဆိုရင်တော့ ညဘက်ပဲရှိပါတယ်။
မနက် ငါးနာရီလောက်ကနေ ဆိုင်ထွက်လိုက်တာ ညရနာရီလောက်မှ
အိမ်ပြန်ရောက်တယ်။ အဲဒီကျမှ ရေမိုးချိုး၊ ထမင်းစားပြီး
ည ၁ဝနာရီခွဲလောက်မှ အိပ်တယ်။ စိတ်ဖီစီးမှုကတော့
လူတိုင်းရှိသလို ကျွန်မမှာလည်း ရှိပါတယ်။ ဒါပေမဲ့ စိတ်ဖြေချိန်ကတော့
သိပ်မရပါဘူး။ သို့သော်အပန်း ဖြေတာကိုပြောရမယ်ဆိုရင်တော့
ကိုရီးယားကားကြည့်ပြီး အပန်းဖြေတာပါပဲ ရှိပါတယ်။

………………………………………………………………………………………..
• မသင်းသင်းလဲ့ရဲ့ ဆိုင်ဝန်ထမ်းတွေအပေါ် ထားရှိတဲ့သဘောထား။
– ကျွန်မကတော့ ဆိုင်ဝန်ထမ်းရယ်လို့တော့ မသတ်မှတ်ထားပါဘူး။
မိသားစုဝင် တွေလိုပဲသဘောထားတော့ အားလုံးကလည်း
ကိုယ့်အလုပ်ကို၊ ကိုယ့်အသိစိတ်လေးနဲ့ပဲ လုပ်ဆောင်သွားကြတာလေ။
ဒါပေမဲ့ သူတို့လုပ်တာကို မှားရင်တော့ ထောက်ပြပေးတယ်။
မှန်တယ်ထင်ရင်တော့ ဘာမှမပြောပါဘူး။

………………………………………………………………………………………..
• မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လာစားတုန်းက။

– အမေစုလာစားတုန်းကဆိုရင် အမှန်ပြောရရင် အစ်မမြင်တောင်မ မြင်လိုက်ရဘူး။
ဘာလို့လည်းဆိုတော့ အမေစုပရိသတ်က များတယ်လေ။ အဲဒီတုန်းက
ကားကြီးတွေ တန်းစီဝင်လာတာကို ဘာကားဝင်လာလည်းဆိုပြီးတော့
ကြည့်နေတုန်း ပရိသတ်က အမေစုအမေစုလို့ အော်မှသာ
ကျွန်မ အဝေးကတစ်ချက်ကြည့်လိုက်ရတယ်။ အမေစုလိုလူမျိုးလည်း
လာစားလိမ့်မယ်လို့ ထင်ကိုမထင်မိဘူး။ အမေစုနဲ့ ပါလာတဲ့အဖွဲ့ကလည်း
လာစားကြတော့ အမေစုကို ကျွန်မရဲ့ ညီမ မကြည်ကသွားပြီးတော့
သေချာဂရုစိုက် ဧည့်ခံရတယ်။ ကျွန်မက အခြားဧည့်သည်တွေကို
ဧည့်ခံနေတာနဲ့ သေချာမတွေ့ခဲ့ရပါဘူး။

………………………………………………………………………………………..
• သရပါ ၃လို ဆိုင်ဖွင့်ချင်တဲ့လူတွေအတွက်အမှတ်တရစကား။

– စိတ်ကောင်း၊ နှလုံးကောင်းရှိရင်တော့ ဖြစ်မယ်လို့ထင်ပါတယ်။
ကိုယ့်ရဲ့ အတွင်း စိတ်စေတနာပေါ်မှာပဲ မူတည်တာကိုး။
ကိုယ့်ရဲ့ ပါးစပ်ပေါ်မှာလည်း မူတည်နေတယ်လေ။
ကောင်းတာပြောလည်း ဒီပါးစပ်၊ဆိုးတာပြောလည်း
ဒီပါးစပ်ဆိုတော့လေ။ဆိုလိုတာ စေတနာပေါ်မှာပဲ
မူတည်နေပါတယ်လို့ ပြောချင်ပါတယ်။

19 comments

  • ကေဇီ

    September 30, 2014 at 4:57 pm

    Envy her ..!

    :chit:

    • အာဂ

      September 30, 2014 at 5:08 pm

      မနာလိုမဖြစ်ပါနဲ့ မမရယ်…။ မမလည်း ဒီမှာလာပြီးဖွင့်ပါလားခင်ဂျာ…။အောင်မြင်မှာသေချာတယ်။ ဥကျောက့် မနှင်းတို့ မွသဲ တို့ ပါရှယ်ရာဝင်ခိုင်း။ ကိုကမ်းကြီးဆိုရင်လည်းရခိုင်လက်ရာပိုင်တယ်။

      • လာစီဖူ

        September 30, 2014 at 5:19 pm

        ဖွင့်ဖြစ်ရင် လက်တို့လိုက် အလကားလာစား..အဲလေ..လာအားပေးမယ်

      • ကေဇီ

        September 30, 2014 at 6:59 pm

        မီနာလိုတာဟုတ်ဘူးလီ
        အားကျတာ။
        ခိခိ။

        :kwi:

  • လာစီဖူ

    September 30, 2014 at 5:15 pm

    ထမင်းပွဲလေးကို သရေယိုသွားတယ်။
    ဗိုက်ဆာနေတဲ့ အချိန်ကြည့်မိတာ ဗိုက်ပိုဆာသွားပြီ။
    ပုဂံရောက်ရင် သွားဖို့တစ်နေရာ တို့ထားလိုက်ပြီ။

  • ခင် ခ

    September 30, 2014 at 5:26 pm

    ပုဂံမှာ မြန်မာဘူးဖေးလိုမျိုးဆိုင်တွေ အလွန်စားကောင်းတယ်ဗျ။
    အခု တစ်ဆိုင်တိုးတာပေါ့လေ။

  • Mr. MarGa

    September 30, 2014 at 5:54 pm

    ဟင်းခွက်တွေ ကြည့်ပြီး ဗိုက်ဆာလာပြီ ဂလုစ်

  • ဂဂ ရေ

    ဒီလို ဆိုင်လေးတွေအကြောင်းကို များများ ရေး စေချင်ပါတယ်။

    ဒါမှ ကိုယ်ပိုင်လုပ်ငန်းရှင်လေးတွေ ပေါ်ထွက်လာနို်င်မယ်

  • Crystalline

    October 1, 2014 at 7:11 am

    မိုက်တယ်.. ကိုအာဂရေ.. အဲ့ဒီဆိုင်လေးအကြောင်း ပြန်လာသူတွေပြောတာ စားဖူးကတည်းက စိတ်ဝင်စားနေတာ.. ကျမတို့သွားတုန်း
    စားခဲ့တာက တိုးတိုးဝင်း :))
    ဆိုင်ရှင်က မနက်စာ နေ့လည်စာမစားပဲနဲ့တောင် ဂလောက်ပြည့်နေတာ စားများစားရင် :mrgreenn:
    မြန်မာဘူဖေးကိုသဘောကျပါတယ်.. ဒါပေမယ့် အင်းဂလိပ်ဘူဖေးလို ကိုယ့်ပန်းကန်ထဲ ကိုယ်စားနိုင်သလောက်ခပ်ထည့်တာမျိုးကို
    ပိုသဘောကျတယ်.. စားပွဲပေါ်စားစားမစားစားချပေးပြီး ပြန်သိမ်း အိုးထဲပြန်ထည့်တာကိုတော့ မကြီးကျယ် စိတ်ညစ်တယ်..
    ဟင်းချိုတွေ ဘာတွေဆိုပိုဆိုး.. တချို့လူတွေက ချောင်းတွေဘာတွေဆိုးလည်း ပါးစပ်မပိတ်..မျက်နှာမလွှဲ.. အာ့ပြောမိလို့ အစ်မက
    နင်အိမ်မှာပဲပြန်စားတဲ့ :mrgreenn:

    • အဲဒီဆိုင်​​လေးမှာ စားဖူးတယ်​.. အရံဟင်​း​လေး​တွေနဲ့တင်​ စား​ကောင်​းတယ်​.. ​နေ့လယ်​ဘက်​သွားတာဆို​တော့ လူအရမ်​းများတယ်​… ဂိုက်​ဦး​လေးက သရပါ ၃ ကို လာခဲ့ဆို​တော့ ဟိုတယ်​နားမှာ ဆိုင်​နာမည်​လိုက်​ရှာတာ မ​တွေဘူး.. 🙂 ဆိုင်​ထဲက လှမ်​း​ခေါ်မှ သ​ဘော​ပေါက်​​တော့တယ်​.. ​ရွှေမြန်​မာဘူ​ဖေးလည်​း စား​ကောင်​းတယ်​..

  • kyeemite

    October 1, 2014 at 12:17 pm

    .ကြားရတွေ့ရတာကြည်နူးသဘောကျစရာလေးပါ
    .ရောက်မှရှာပြီးစားအုံးမယ်
    .ခုတင်ထားတဲ့ဟင်းပွဲလေးကကိုသွားရည်ယိုစရာကွာ..သင့်ခရုပါကိုရင်ဂ :))

  • Ma Ei

    October 1, 2014 at 12:48 pm

    သရပါ ၃ ရဲ့ ပဲ့ကိုင်ရှင် မသင်းသင်းလဲ့ အဖြေလေးတွေ အင်မတန် ရိုးသားကြောင်း ချီးကျူးချင်ပါတယ်…
    ဖတ်နေကျ အင်တာဗျူးအဖြေတွေဆို… ဒီဆိုင်အတွက် ဘယ်လိုကျိုးစားထားကြောင်း၊စေတနာထားကြောင်း ၊ အချက်အပြုတ်ကို ငယ်တဲက ဝါသနာပါကြောင်း ဘယ်လို..ဘယ်ဝါ…စသည်ဖြင့် ကိုယ်ရည်သွေး ကြွားလုံးတွေ များလှပါတယ်…
    ခုသူဖြေထားပုံလေးက ရှင်းပါတယ်…အမှန်တိုင်းဘဲ…သဘောကျတယ်…
    အစားအသောက်တွေကတော့ ဆီများတယ်..ငရုတ်သီး အရောင်တင်မှုန့်တွေသုံးတာများတယ်…
    ပန်းကန်ထဲထည့်ပေးထားပြီး..စားသလောက်ဘဲတွက်ယူတယ်ဆိုတော့ ပိုတာတွေ ပြန်သိမ်း နောက်ဝိုင်းပြင်တာကိုး…
    တစ်ပွဲဘယ်လောက် ဆိုတာမျိုးနဲ့ ယူရင် ပိုကောင်းမှာနော်…
    ချက်ပြုတ်တဲ့ နေရာလဲ ဒီထက်ပိုသန့်သန့်လေးနဲ့ ဝန်ထမ်းတွေလဲ သပ်သပ်ရပ်ရပ်လေး…
    အစားအသောက်ရောင်းတာဆိုတော့ စေတနာတွေအပြင် သန့်ရှင်း သပ်ရပ် လှပတာလေးတွေလဲ ပါစေချင်ပါတယ်…

  • အာဂ

    October 1, 2014 at 4:14 pm

    ဒေါ်ရွှေအိ ပြောသလို သူကတော့ ရိုးရိုးသားသားပါပဲ။ အခြားလူတွေလာဗျူး ရင် မသင်းသင်းလဲ့က သူဆိုင်ရှင်ဆို တာမပြောပါဘူး။သူညီမကိုပဲ ဆိုင်ရှင်လို့ပြောပါတယ်။နောက်ပြီးတော့ သူဆိုင်က အချိုမှုန့် သုံးတယ်လို့လည်း ပြောပါတယ်။နောက်ပြီး ၃တုံးထည့်ထားတယ်။ ကျန်တာပြန်ယူတဲ့အခါ ပြန်ရောတယ်ထင်တယ်။အဲဒါလေးဆင်ခြင်လိုက်ရင်တော့ကောင်းမယ်ထင်တယ်။ နောက်ပြီးသူတို့ ဒီလိုလေးရောင်း ပြီး ဒီလိုနေနေရတာကိုပဲကျေနပ်ရောင့်ရဲနေတဲ့ပုံပါပဲ။

  • manawphyulay

    October 1, 2014 at 4:38 pm

    အဲဒီဆိုင်တော့ ဘယ်သူဖွင့်မှန်းမသိပါဘူး။ မနှစ်က ပုဂံသွားတုန်းက သူတို့က ထနောင်းရိပ်ထမင်းဆိုင်က အရမ်းစားလို့ကောင်းတယ်လို့ ပြောတော့ သွားစားတော့ ထနောင်းရိပ်မဟုတ်ပဲ မန်းကျည်းပင်ရိပ်ဖြစ်နေတယ်။ ထမင်းတစ်ခါစားဖို့တော့ မနည်းစောင့်ရတယ်။ လူများနေတော့ ကိုယ်တိုင်သွားယူမှ စားလို့ရတယ်။

  • မြစပဲရိုး

    October 1, 2014 at 11:02 pm

    ဟင်းရံ တွေ နဲ့ ဘဲ စားလို့ရတယ်။
    အဲဒါတွေက ကြည့်ရတာ ဆီလွတ် တဲ့ ပုံ။
    တကဲ့ ဟင်း တွေက ဆီ တွေ နစ် နေတာ။
    ဆီ လျှော့ ချက်ရင် စားလို့လဲကောင်း၊ ဆီဖိုးလဲ သက်သာ၊ ကျန်းမာရေး နဲ့လဲ ညီညွတ်။
    အဲလို လေး လှမ်းပြီး အကြံပြု ပေးပါလား။
    သူ့ အကြောင်း ကို ရေးပြီး Feedback ပြန်ပေး တော့ ပိုကောင်းတာပါ့။ :))

    Interview အတွက် Well Done ပါ ဂဂ ရေ။

  • pooch

    October 2, 2014 at 4:13 pm

    မန်းကျီးရွက်သုပ်ရယ် ပုန်းရည်ကြီးသုပ်ရယ် ချက်ချင်းကြော်ပေးတဲ့ ကြက်သားကြော်ရယ် အတော်စားကောင်းတယ် အဲ့ဒီ အစင်းကျားနဲ့ ဦးလေး ကြော်ပေးတာ အိုးက ချချခြင်းကုန်တာပဲ
    တဒယ်ပြီး တဒယ် လောက်တောင် မလောက်ဖူး အကုန် အားပေးတာ
    ကြက်ကိုက နုပြီး ချိူနေတာပဲ အကောင်တော့ သေးတယ်

    မြန်မာဘူဖေးက ပြန်ရောတာ တခု ဆိုးတာပဲ စစ်ကိုင်းလမ်းကြောကမြန်မာဘူဖေးတွေလည်းအဲ့လိုပဲ
    လက်ရာကောင်းသော်ငြား ပြန်ရောတာသီးမခံနိုင်လို့ စားခဲတယ်
    ဒါပေမဲ့ ပုဂံဘူဖေးတွေကတော့ အဲ့လောက်မဆိုးဘူး ချပေးရင် တပွဲစာအနေတော်လေးတွေဆိုတော့ အကုန်ကုန်ကြတာ များတယ် အမှန်က တပွဲစာသတ်မှတ်ပြီး ရောင်းရင် ပိုကောင်းမယ် ပန်းကန်ထဲ အများကြီး မပေးပဲ

  • uncle gyi

    November 16, 2014 at 10:40 pm

    အားလုံးကိုခြုံလိုက်ရင်
    လုပ်ချင်စိတ်ရှိဖို့ရယ်
    တကယ်လုပ်ဖို့ရယ်
    ကြိုးစားဖို့ရယ်
    အလုပ်အပေါ်စေတနာထားဖို့ရယ်
    ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ရယ်
    ၅ချက်ပြည့်စုံရင်ဘယ်သူမဆို
    ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်တယ်လို့မြင်ကြောင်းပါ
    ကိုအာဂါးရေ

    • kai

      November 17, 2014 at 1:55 am

      စမောဘစ်ဇနက်.. အလတ်စားနဲ့အငယ်စားစီးပွားရေးလုပ်ငန်းဆိုတာ.. တိုင်းပြည်ရဲ့အဓိကမောင်းနှင်အားတွေပါ…။
      အောင်မြင်နေတဲ့နိုင်ငံအစိုးရတွေက.. အဲဒီအသိုင်းအဝိုင်းကို.. ထွက်လာအောင်..မြင့်လာအောင်.. ငွေကြေးထောက်ပံ့.. ငွေချေး.. ထရိန်နင်ပေးတယ်ဗျ…

      မြန်မာပြည်မတော့.. အစိုးရက..ငွေ.. ထောက်ပံ့ပေးမပေးတော့မသိ..။
      ကမ္ဘာကသိနေတဲ့.. ဆိုင်အပြင်အဆင်လေးကြည့်… စိတ်မကောင်း..

  • CharTooLan

    November 17, 2014 at 12:45 pm

    တိဒယ် နှိုင်းကျိပီး တခုခုနဲ့ညိတော့မယ်ဆိုဒါ 😀
    မန်ကျီးရွက်သုတ်နဲ့ ပုဇွန်ထုပ်နဲ့ ငပိချက်နဲ့ ကြိုက်သဗျို့
    ဈေးလဲတန်တယ် မှတ်တယ် 🙂

Leave a Reply