ကျနော်ဖတ်ဖူးသောပုံပြင်တစ်ပုဒ်
တစ်ခါတုန်းက လူငယ်လေးတစ်ဦးဟာ ငှက်ကလေးတစ်ကောင်ကို တွေ့ပြီးချစ်လွန်းလို့ ကောက်ယူမွေးစားခဲ့တယ်တဲ့…. ငှက်ကလေးမှာဒဏ်ရာတွေ ပါလာတော့ တတ်သရွေ့ မှတ်ရွေ့ ကုသပေးရင်း ငှက်ကလေးရဲ့ ဒဏ်ရာတွေဟာ ပျောက်သလောက်ဖြစ်လာခဲ့တယ်လေ… လူငယ်လေးကလည်း ငှက်ကလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တော့ ငှက်ကလေးကပိုပြီး သဘောကျလာတာပေါ့… သူကအဲဒီလိုဂရုစိုက်တာမျိုးကို လိုချင်ခဲ့တာတဲ့လေ…..ငှက်ကလေးက သူ့ကို တစ်ခြားစွန့်မပြစ်ပါနဲ့တဲ့ လူငယ်လေးနဲ့ပဲ သူတစ်သက်လုံးနေသွားချင်တယ်တဲ့လေ… အဲဒီစကားကိုကြားရတဲ့လူငယ်လေးမှာ ပီတိတွေဖုံး အပြုံးတွေဝေလို့ပေါ့….. ဒီလိုနဲ့ ငှက်ကလေးကလည်း လူငယ်လေးအပေါ်မှာသံယောဇဉ်ဖြစ်၊ လူငယ်လေးကလည်း ငှက်ကလေးကို သံယောဇဉ်တွေ အပြန်အလှန်ဖြစ်လာရင်း အချိန်တွေကို ဖြတ်သန်းခဲ့ကြတယ်တဲ့လေ…..
ကြာလာတော့လည်းငှက်တို့ရဲ့သဘာဝအရ အတောင်ပံလေးရှိနေတော့ ပျံသန်းချင်လာတော့ပေါ့… ငှက်ကလေးဟာ လူငယ်လေးကိုအသိမပေးပဲ တစ်ခါတစ်လေထွက်သွားတယ်တဲ့… ဒီလိုနဲ့ အကြိမ်တွေများလာတော့ လူငယ်လေးက ရိပ်မိလာတယ်လေ… ဒါပေမယ့်လည်း လူငယ်လေးက သိတယ်ဆိုတာကိုမပြောပဲ ငှက်ကလေးကို ကောင်းကင်ရဲ့ ပရိယာယ်တွေ၊ အပြင်လောကရဲ့ မာယာတွေ၊ ဖြစ်တတ်တဲ့သဘောတွေကို ငှက်ကလေးကို ပြောပြသတဲ့…..
တစ်နေ့မှာတော့ ငှက်ကလေးဟာ သူအပြင်လောကကြီးကို ပြန်သန်းခွင့်ပြုဖို့ တောင်းဆိုလာတော့တာပေါ့ကွယ်… လူငယ်လေးကလည်း ငှက်ကလေးစိတ်ဆင်းရဲမှာစိုးလို့ မတားရက်ဘူးလေ…. ဒီလိုနဲ့ ငှက်ကလေးဟာ အပြင်ကိုထွက်ပြန်လိုက် လူငယ်လေးဆီပြန်လာလိုက်နဲ့ပေါ့…. လူငယ်လေးကလည်း မတားရက်လို့သာ ခွင့်ပြုထားပေမယ့် ငှက်ကလေးထွက်သွားတိုင်း ဘာများဖြစ်နေမလည်း ဆိုပြီး တွေးပူရတာ အမောပဲပေါ့….. ငှက်ကလေးပြန်ရောက်လာရင်လည်း ဘယ်နေရာများ ဒဏ်ရာရလာမလည်း ဘာတွေများဖြစ်လာလည်း မေးရ ကြည့်ရနဲ့ အလုပ်တွေရှုပ်နေတာပေါ့…… ငှက်ကလေးကလည်း အဲဒါကိုမကြိုက်ဘူးတဲ့ ဂရုစိုက်တာကို ကြည်နူးခဲ့တဲ့ငှက်ကလေးဟာ အခုတော့ ချုပ်ချယ်တယ်လို့ မြင်လာပြီပေါ့… အဲဒါနဲ့ ငှက်ကလေးက သူ့ကိုစိတ်မပူနဲ့ သူကိုယ်သူထိန်းနိုင်တယ်တဲ့ သူဟာပြန်သန်းနိုင်တဲ့ငှက်တစ်ကောင်ဖြစ်နေပြီတဲ့…. အဲဒီစကားကိုကြားရတဲ့လူငယ်လေးဟာ ဘာမှပြန်မပြောရှာပေမယ့် ရင်ထဲမှာနာနေတာပေါ့…….
အဲဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ လူငယ်လေးဟာ ငှက်ကလေးစိတ်နဲ့ပဲ မအိပ်နိုင် မစားနိုင်နဲ့ တဖြည်းဖြည်းနှလုံးရောဂါပါ ရလာတာပေါ့ကွယ်…. ဒါပေမယ့်လည်း လူငယ်လေးဟာ ငှက်ကလေးပျော်နေတယ်ဆိုရင် သူကျေနပ်ရမှာပေါ့လို့ တွေးပြီးဖြေသိမ့်လိုက် ဒါလောကသဘာဝပါလားဆိုပြီးတွေးပြီးဖြေသိမ့်လိုက်နဲ့ အမျိုးမျိုးအဖုံဖုံ တွေးရင်းနေလာခဲ့တာပေါ့ကွယ်…. ငှက်ကလေးဟာ အပြင်လောကမှာတွေ့ရတဲ့ အတွေ့အကြုံတွေကိုလည်း လူငယ်လေးကို ပြန်ပြောပြသတဲ့… ငှက်ကလေးက တစ်ခြားငှက်တစ်ကောင်က သူ့ကိုဘယ်လိုကြင်နာတယ် ဘယ်လိုစောင့်ရှောက်တယ်ပေါ့…. အဲဒါတွေပြောရင်း ငှက်ကလေးမျက်နှာမှာ ပီတိတွေနဲ့ အပြုံးလေးကိုမြင်နေရတဲ့ လူငယ်လေးဟာ သူ့ကိုတစ်နေ့ခွဲသွားတော့မှာကို စိုးရိမ်စိတ်နဲ့ စိတ်ထဲမှာပူပင်သောကတွေရောက်နေလေရဲ့… ဒါပေမယ့်လည်း ငှက်ကေလေးပျော်နေတာပဲလေ ဆိုတဲ့ အတွေးစိတ်နဲ့ သူ့စိတ်ကိုဖြေနေလေရဲ့…….အဲဒီလိုအချိန်တွေဆို ငှက်ကလေးက အမြဲပြောလေရှိတာက တစ်နေ့မှာ သူဒီကနေထွက်သွားမှာတဲ့ အဲဒီအခါကျရင် လူငယ်လေးကိုစိတ်မကောင်းမဖြစ်ဖို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားပါတဲ့ သဘာဝမတူတဲ့ တို့နှစ်ဦးဟာ တစ်နေ့မှာကိုယ့်ဘဝနဲ့ကိုယ် ရှိကြရမှာတဲ့…. ငှက်ကလေးဆီကအဲဒီလိုစကားတွေကြားတိုင်း လူငယ်လေးမှာ ရောဂါကတိုး သူ့အတွက်ကြမ္မာဆိုးဝင်မယ့် အဲဒီလိုနေ့တွေ မရောက်ပါစေနဲ့လို့ ဆုတောင်းနေရဲ့…..
တစ်ခါတစ်လေမှာ ငှက်ကလေးဟာ အပြင်မှာအဆင်မပြေတာတွေရှိခဲ့ရင်လည်း လူငယ်လေးကိုပြောပြပြီး ငိုကြွေးနေလေရဲ့… လူငယ်လေးဟာ ငှက်ကလေးကို ထွေးပိုက်ရင်း ဖြေသိမ့်ပေးနေပေမယ့် သူ့ရင်ထဲမှာတော့ သောကမီးတွေတောက်လောင်နေတာပေါ့ကွယ်……
ဒီလိုနဲ့ပဲ နေလာခဲ့တာ အချိန်တွေကြာလာတော့ ငှက်ကလေးဟာ လူငယ်လေးနဲ့နေရတာကို ညည်းငွေ့လာပြီတဲ့… သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တာကိုလည်း မလိုချင်တော့ဘူးတဲ့လေ… သူ့မှာကိုယ်ပိုင်လွတ်လပ်ခွင့်မရှိသလိုပဲတဲ့… လူငယ်လေးကိုလည်း သူ့စိတ်ထဲမှာမရှိတော့ဘူးတဲ့လေ…. လူငယ်လေးဟာ ငှက်ကလေးပြောတဲ့စကားတွေကို နားထောင်နေရင်း ရင်ထဲကမီးတောက်တွေက မျက်ရည်တွေအပြစ်ပြောင်းလဲကျလာတာပေါ့ကွယ်…. ငှက်ကလေးပျော်မယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ငှက်ကလေးသဘောအတိုင်းဖြစ်စေရမယ်လို့ တွေးနေလေရဲ့….. သူကငှက်ကလေးကို မြတ်နိုးတာကိုး….. ဒါပေမယ့်လည်း ငှက်ကလေးဟာ တစ်ပါတ်တစ်ခါတော့ ပြန်လာခဲ့ပါ့မယ်တဲ့…. သူလည်း လူငယ်လေးအပေါ် သံယောဇဉ်ရှိခဲ့ဘူးတာဆိုတော့ မပစ်ရက်ဘူးလေ…. ဒီလိုနဲ့ပဲ ငှက်ကလေးဟာ လူငယ်လေးဘေးကနေ အဝေးကို ထွက်ခွာသွားတော့တာပေါ့ကွယ်……
ငှက်ကလေးနဲ့လူငယ်လေးဟာ ထားခဲ့တဲ့ကတိအတိုင်း တစ်ပါတ်တစ်ခါ ပြန်လာပေမယ့် ငှက်ကလေးကတော့ အရင်လိုမဟုတ်တော့ဘူးတဲ့…. ငှက်ကလေးကတော့ တစ်ဖြည်းဖြည်းပြောင်းလည်းလို့လာတာပေါ့ကွယ်….. လူငယ်လေးမှာတော့ တစ်နေ့တစ်နေ့ ငှက်ကလေးလာမယ့်ရက်တွေကို ရေတွက်ရင်း ကြာညောင်းလှတဲ့အချိန်တွေနဲ့ နေ့စဉ်ရန်ဖြစ်နေရတာပေါ့ကွယ်…. ငှက်ကလေးနဲ့တွေ့ရပေမယ့်လည်း အေးစက်တဲ့ အပြုအမူတွေ စိမ်းကားတဲ့စကားလုံးတွေ မချိုမြိန်တော့တဲ့အပြုံးတွေကို မြင်ရပြန်တော့လည်း စိတ်မကောင်းဖြစ်ရုံမကပဲ ရင်ထဲမှာဝမ်းနည်းကျေကွဲရပေမယ့် တွေ့ခွင့်ရနေတာကိုပဲ ကျေနပ်ရမှာပေါ့လို့ ဖြေသိမ့်ရင်းးးးးးးးးးးးးးးးးးးးးးးးးအရင်ကအချိန်တွေကို တမ်းတရင်း ငှက်ကလေး အပြီးတိုင်ပြန်လာမယ့် ရက်တွေကိုသာ မျှော်လင့်ရင်းနဲ့ ပြန်လာမယ့်အချိန် အသက်ရှင်နေဖို့ ဆေးတွေမှီဝဲရင်း…. စောင့်နေရှာသတဲ့ကွယ်…..
(မောင်ညီမလေးတို့ရေ.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်)
သဘာဝမတူညီတဲ့ဘဝနှစ်ခုမှာ
ဖြစ်တည်ခဲ့တဲ့ သံယောဇဉ်
ပေါင်းစပ်ခွင့်မရှိတဲ့ နှစ်ဦးကြားက
ထားရှိခဲ့တာ မေတ္တာတရား
ဘယ်အရာကများ မတရားသဖြင့်
ခွဲရစ်ခဲ့ကြသလဲလို့ မေးရင်
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
12 comments
Yae Myae Tha Ninn
October 9, 2014 at 12:46 pm
ဌက်က တကယ့် ဌက်လား ဟင်… ဌက်က ဌက်မလေးလား.. ဟင်… ????
သဘောကျပါတယ်… မျက်လုံးထဲတော့ အသီးကွဲနေတဲ့ ကောင်လေးတယောက်လိုပဲ မြင်နေတယ်… 🙂
ကေဇီ
October 9, 2014 at 12:56 pm
😥
တောင်ပေါ်သား
October 9, 2014 at 2:13 pm
ကျနော့်မှာလည်း ပျံသန်းသွားပြီဖြစ်သော
ငှက်ကလေးတစ်ကောင် ရှိခဲ့ဘူးပါသည် ၊
Phoe Myinttar
October 9, 2014 at 4:00 pm
အားပေးတဲ့အတွက် ကျေးဇူးပါ
အလင်းဆက်
October 9, 2014 at 4:21 pm
ပုံပြင်လေးကိုဖတ်အပြီးမှာပဲ….
သားသား အိပ်ပျော်သွားပါတော့တယ်….။
အိပ်မက်ထဲမှာတော့….
သားသားအနားကို….ဒဏ်ရာအနာတရတခုရထားတဲ့ ငှက်ကလေးတကောင်….
ရောက်လာပါါတော့တယ်..
ဒန်တန်းးးးးးတန်….
:k:
Phoe Myinttar
October 10, 2014 at 9:07 am
ပုံပြင်ထဲကလူငယ်လေးကလည်း ကိုအလင်းဆက်လို အိပ်ပျော်ချင်ပါသတဲ့ဗျာ….
မြစပဲရိုး
October 10, 2014 at 1:22 am
အရင်ကထဲ က တောင်ပံချိုးထားပြီးရောဟယ်။
ပြသနာက အဲ့ ငှက်လေး က မပျံနိုင်တော့ အနားမှာဘဲ နေနေရရော၊
ဒီတော့ ကြည့်ရတာ ပျင်းလာပြီး နောက် ငှက်တစ်ကောင် အသစ် လိုချင်မှ ရှိပြီး အကောင်လေး ကို စွန့် ရခက်နေဦးမယ်။
ဒီတော့ သူလဲ သူ့ဟာသူ ပျံ ၊ ကိုယ်လဲ ပျင်းလဲ နောက် တစ်ကောင်ရှာ မွေး ပေါ့။
ခက်တာလိုက်လို့ ကွယ်။
ဒါလေးများ ရောဂါ အဖြစ်ခံလို့။
jk :)) :)) ;))
Phoe Myinttar
October 10, 2014 at 9:12 am
ရွှေကြုပ်ထဲထည့်ပြီး သိမ်းထားလိုက်ရမှာနော်….
kai
October 10, 2014 at 1:29 am
အဲဒီငှက်.. လပ်စ်ဗေးဂတ်ကိုရောင်းစားလိုက်ရင်.. ကမ္ဘာတန်းအလှမယ်.. ၃ယောက်လောက်ဘေးခေါ်ထားလို့ရမယ့်.. ငွေရမှာ…။
တောက်စ်…
လူဦးနှောက်နဲ့ငှက်. :k:
မ " တတ် ပါ့ "
October 10, 2014 at 11:25 am
comments ပေးတာ မပေါ်ဘူး.. spam ထဲရောက်သွားတယ်။
ဘယ်လိုဖြစ်လဲမသိဘူး။
ခင် ခ
October 10, 2014 at 8:47 am
” သဘာဝမတူညီတဲ့ဘဝနှစ်ခုမှာ
ဖြစ်တည်ခဲ့တဲ့ သံယောဇဉ် ”
ဆိုတော့
ဘဝလွန် အချစ်လို့များ တင်စားရမလိုဘဲနော်။
မ " တတ် ပါ့ "
October 10, 2014 at 11:20 am
ကိုယ့်ကိုယ်ကို သနားရင် ဘယ်သူ့အပေါ်မှ ဘယ်အရာကိုမှ စွဲလမ်းမနေသင့်ဘူး…။
ကိုယ့်နောက်ကိုယ်ပါနိုင်တာပဲ လုပ်ပါလေ..။
ကံဆုံလို့ တွဲ.. ကံကုန်လို့ ကွဲတယ် ပဲ မှတ်လိုက်ပေါ့…။